Tuesday, February 21, 2012
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ
Friday, October 21, 2011
ကမ်းဆင့် လှမ်းလင့်လိုက်တဲ့ လက်များ
ဒီနေ့ မဒမ်ရေချမ်းတစ်ယောက် ထူးဆန်းနေသည်။ ရေချမ်းကို မနက်စောစောထဲက အင်္ကျီလဲခိုင်းထားပြီး ဒီနေ့ ရေချမ်းတွင် သွားစရာ အစီအစဉ်မရှိရင် သူ့နောက်လိုက်ဖို့ မှာထားသည်။
ရေချမ်းတစ်ယောက်လဲ မဒမ်ရေချမ်း ခေါ်ဆောင်ရာသို့ ဘာမသိညာမသိနဲ့ ကန့်လန့်ကန့်လန့်သာ လိုက်လာရသည်။သူမ ဘယ်ကိုသွားမည်။ ဘာကို လုပ်မည်ကိုမသိ။ သူမလမ်းညွှန်ရာကိုသာ ကားစတီယာတိုင်လေး ကိုင်ရင်းမောင်းနှင်နေရသည်။ စိတ်ထဲမှာတော့ သို့လောသို့လော အတွေးများဖြင့် မဒမ်ရေချမ်းတစ်ယောက် ဘာတွေများ လုပ်လေဦးမလဲ။ ဟိုတခါကလဲ ဘာမပြောညာမပြောနဲ့ လမ်းလျှောက်ထွက်မယ်ပြောပြီး လမ်းရောက်မှ ရုပ်ရှင်ရုံထဲ ရောက်သွားသည်။
အခုလဲ ရေချမ်းတစ်ယောက် ကားကို ရွှေတိဂုံဘုရားလမ်းပေါ်သို့ ဦးတည်လိုက်ရသည်။ အတွေးထဲမတော့
“အင်း၊ ဒီမိန်းမ စကော့ဈေးမောင်းခိုင်းပြီး ဘာပူဆာဦးမလဲမသိဘူး။”
ယခင် လေဟာပြင်ဈေးအရှေ့သို့အရောက်တွင် -
“ဟိုမှာတွေ့လား။ အဲဒီအဆောက်အဦးဆီကို မောင်း။” သူပြရာ အဆောက်အဦးက အရင်က သွားကောလိပ်နေရာကိုပင်။
ဆေးရုံဝင်းထဲရောက်တော့ ရေချမ်းအတော်ပင် အံ့သြသွားသည်။ ရေချမ်း ဒီနေရာမရောက်တာ အတော်ပင်ကြာခဲ့ပြီ။ ငယ်ငယ်တုန်းကတော့ သွားနှုတ်ဖို့ဆိုပြီး ဒီသွားကောလိပ်ကို အမြဲတစေ လာရလေ့ရှိသည်။ အခုတော့ ဒီသွားကောလိပ်ကြီးပင် ခေတ်စနစ်တွေကြောင့် ပြောင်းလဲသွားခဲ့ရရှာပေပြီ။
“အမျိုးသားသွေးဌာန” ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ရေချမ်းကို ကြိုဆိုနေသည်။ ရန်ကုန်မရောက်ဖြစ်တာလဲကြာပြီ၊ ရောက်ပြန်တော့လဲ ဒီနေရာကို ဖြတ်သွားဖြတ်လာသာ လုပ်ခဲ့တာ ယောင်လို့လှည့်ပင်မကြည့်ခဲ့။ ရေချမ်း၏ ငယ်သွားလေးများ ထိုနေရာမှာပင် အတော်များများ ဆုံးရှုံးခဲ့တာကြောင့် ထိုအဆောက်အဦးကိုမြင်လျှင် ရေချမ်း အတော်စိတ်နာသည်။
သင်္ခါရအပြောင်းအလဲများကြောင့် သွားကောလိပ်မှ အမျိုးသားသွေးဌာန ပြောင်းလဲသွားသော ထိုအဆောက်အဦးဆီရောက်မှ ရေချမ်းလဲ မဒမ်ရေချမ်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လာသည်။
“ဒီတစ်ခါ ရန်ကုန်ရောက်ရင် သွေးလှုဖြစ်အောင်ကို လှုကြမယ်လေ။”
လွန်ခဲ့သော လေးလလောက်က မဒမ်ရေချမ်းပြောခဲ့သည့် စကားများကို ရေချမ်း ပြန်လည်သတိရလာသည်။ အဲဒီတုန်းကတော့ ဘာလိုလိုညာလိုလိုနှင့်သာ ခေါင်းညိမ့်ခဲ့ရသော်လည်း တကယ်မဟုတ်သေးသဖြင့် ရေချမ်း ခပ်မေ့မေ့ဖြစ်နေခဲ့သည်။
တကယ့်တကယ်တမ်း ရောက်လာပြီဆိုတော့ ရေချမ်း ခေါင်းနပန်းကြီးသွားသည်။ အမှန်ပြောရလျှင် ရေချမ်းသွေးမလှုချင်။ တခါဘူးမျှလဲ မလှုခဲ့ဘူး။ ရေချမ်းငယ်ငယ်ကဆို အပ်နှင့် ဆေးထိုးခံရမည်ကို ကြောက်သဖြင့် ဘယ်လောက်ဖျားနာနာ ဆေးခါးခါးကြီးများကိုပင် ကြိတ်မှိတ်မြိုချခဲ့သည်။
ကြီးလာပြန်တော့လဲ သွေးလှုတန်းတယ်ဆိုတာ သတင်းစာတွေမှာ တွေ့ဖူးတာသာရှိခဲ့သည်။ ရေချမ်းနေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သွေးအလှုခံတာတို့၊ သွေးလှုဖူးတဲ့လူဆိုတာတို့ မမြင်ခဲ့၊ မဆုံခဲ့ပေ။
မဒမ်ရေချမ်းသာ သူအရင်အလုပ်မှာ သွေးလာအလှုခံတုန်းက သွားလှုခဲ့ဖူးသည်။ သူကတော့ အမြဲတမ်း ရေချမ်းကို သွေးသွားလှုမယ်လို့သာ ပြောပြောနေတာ ရန်ကုန်ရောက်တိုင်း အခြားကိစ္စတွေနှင့် သွေးလှုဖို့ကို မလှည့်ဖြစ်ခဲ့ကြပေ။ ရေချမ်းကလည်း ဆေးရုံဆေးခန်းဆို သိပ်မသွားချင်ဆိုတော့ ဒီအကြောင်းကို သူမဖာသာ မေ့မေ့ပြောက်ပြောက် နေပါစေသဘောမျိုးနဲ့ အစမဖေါ်ပေးခဲ့။
ရေချမ်းတစ်ယောက် အဆောက်အဦးအဝင်ဝမှာတင်
“ငါ သွေးမလှုချင်ဘူးနော်၊ နင်ဘဲလှု၊ ငါက နင်ကုသိုလ်ရအောင် လိုက်ပို့ပေးတာ။”
“ အင်းပါ….. ကျမ ဘာသာ လှုမှာပါ။ ရှင်သာ သားအကြီးနဲ့ စောင့်နေခဲ့။”
အမျိုးသားသွေးဌာနထဲသို့အဝင် ရေချမ်း အဝလေးမှာ ငုတ်တုတ်ထိုင်နေကြတဲ့ မိန်းမနှစ်ယောက်နဲ့ ကောင်ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဘာရယ်ကြောင့်မှန်းတော့မသိ ရေချမ်း သူတို့ကို သေချာသတိထားမိသွားသည်။ သတိထားမိတာက သူတို့ရဲ့ တစ်ခုခုကို စိုးရိမ်နေတဲ့ မျက်နှာတွေ။ အဝတ်အစားလေးတွေကလည်း ခပ်နွမ်းနွမ်းလေးတွေ။ သူတို့ပုံစံက ဂျီအီးစီမှာ ဆန်ထုတ်ထုတ်ဖို့ စောင့်နေသူလို မျက်နှာမျိုးလည်းမဟုတ်၊ ရုပ်ရှင်လက်မှတ်မရမှာစိုးလို့ တန်းစီးစောင့်နေကြတဲ့သူလိုလဲ မဟုတ်၊ တခုတခုကို စောင့်နေတာတော့ သေချာသည်။ အသက်ကြီးကြီး အမျိုးသမီးကြီးက ခဏနေ ထိုင်လိုက်၊ ခဏနေ ထလိုက်နှင့်။
“အမေကလည်း ခဏစောင့်လို သူတို့ကပြောထားတယ်လေ။”
“ဟဲ့ သူတို့ခဏလည်း သေချာလား၊ မသေချာလားမသိ။ ဟိုက ဆရာဝန်ကြီးကလည်း ဒီနေ့လည် ထမင်းစားချိန် မကျော်မှီ ရရမယ်လို့ ပြောတယ်မဟုတ်လား။”
“အင်းပါ အမေရယ်။ ကျမတို့လဲ ဒီကို မနက်စောကြီးထဲက လာစောင့်နေတာပဲ။ အခုလဲ သူတို့က ကျမတို့လိုတဲ့သွေး မနေ့က ကုန်သွားလို့ တပြင့်သွေးဌာနတွေဆီ ရမရ ဖုန်းဆက်မေးနေတာပဲ။ ”
ရေချမ်းလဲ သားအကြီးကောင်ကို ထိန်းရင်း ထိုအမျိုးသမီးနှစ်ယောက် ပြောဆိုနေတာကို တစွန်းတစကြားလိုက်ရသည်။ သူတို့အပြောအရ သူတို့နှစ်ယောက် သားအမိဆိုတာရယ်၊ သွေးအိတ်လာ စောင့်နေတာရယ် သိလိုက်ရသည်။ သူတို့က ဘာကြောင့် ဒီလောက်တောင် စောင့်နေရတာလည်းဟု ရေချမ်း သိချင်သွား၍…..
“ဒီက အမတို့က ဘာကိုစောင့်နေကြတာလဲ။ သွေးက လိုချင်တိုင်းမရဘူးလား။”
“ဒီမှာကလည်း သွေးကို လိုသလောက်မရဘူး။ တနေ့မှ နှစ်ပုလင်းထဲ ရနိုင်တာ။ အဲဒီနှစ်ပုလင်းကလည်း သူတို့မှာ ရှိဦးမှ။ ကျမယောင်္ကျားက ရန်ကုန်ဆေးရုံးကြီးမှာ သွေးကင်ဆာနဲ့ ရောက်နေတာ။ ကျမတို့က သူ့အတွက်သွေးကို ဒီမှာအမြဲလာယူရတယ်။”
“အပြင်မှာကော ဝယ်လို့မရဘူးလား။”
“ရပါတယ်ကွယ်။ အပြင်မှာက သွားဝယ်ရင် ဈေးကြီးတယ်။ ဒီမှာ အမတို့က သွေးတစ်အိတ်ကို သုံးထောင်ပဲပေးရတာ။ ယောင်္ကျားကလည်း သွေးသွင်းဖို့ ဘယ်လောက်ကုန်ဦးမလဲ မသိဘူး။ အရင်နေ့တွေက ငွေမပေးနိုင်ရင်တောင် သွေးလှုမယ်သူကို ကိုယ်တိုင်ရှာလာပေးရင် သူတို့က သွေးထုတ်ပေးတယ်။ အခုဟာကလည်း ကျမတို့က နယ်ကဆိုတော့ သွေးလှုပေးမယ့်အသိတွေကလည်း သိပ်များများစားစားမရှိတာရယ်။ အပြင်မှာ ဝယ်ဖို့ဆိုတာကလည်း သွေးအိတ်ဈေးက ကြီးကကြီးနဲ့ဆိုတော့ သူတို့ အမျိုးသားသွေးဌာနက ပေးတာကိုပဲ ကျမတို့လည်း မျော်နေကြရတာ။”
“အမ ယောင်္ကျားက ဘာသွေးအမျိုးအစားမို့လို့လဲ။ သူတို့မှာကော အမျိုးသားသွေးဌာနဆိုပြီး သွေးမရှိတော့လို့လား။”
“ကျမယောင်္ကျားသွေးက ‘အို’ သွေးပါ။ သွေးက မနေ့ညနေတုန်းကတည်းက ကုန်ခါနီးနေပြီလို့ ပြောနေတာ။ သူတို့က တခြားနေရာတွေကနေ ရမရ ဖုန်းဆက်မေးနေတယ် ပြောတာပဲ။ အဲဒါကျမတို့လည်း မနက်ကတည်းက သွေးနှစ်အိတ်အတွက် စောင့်နေတာ။ အခုထိတောင် ကျမတို့တတွေ မနက်စာတောင်မစားခဲ့ရသေးဘူး။”
ရေချမ်း သူတို့မိသားစုလေးကို ကြည့်ပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။ လောကမှာ အရာရာတိုင်းကို ငွေရှိတာတောင် ဝယ်လို့မရ၊ ဝယ်ချင်လို့ ငွေရှိပေမယ့်လည်း ဝယ်မည့်အရာက ရှိနေဦးမှပါလား။ သူတို့လိုတာ ‘အို’ သွေးတဲ့။ ရေချမ်း မိမိကိုယ်မိမိ မလုံသလို ခံစားလိုက်ရသည်။ ရေချမ်း သွေးအမျိုးအစားကလည်း ‘အို’ သွေးပဲမဟုတ်လား။
တချို့တွေက သူတို့သွေးတွေကို အကြိမ် ရာထောင်မက လှုတန်းနေကြတဲ့ အချိန်မှာ ရေချမ်းလိုမျိုးကျတော့လည်း ကိုယ့်သွေးကို ကိုယ်နှမြောတာလား၊ သွေးလှုရမှာကို တွန့်ဆုတ်နေတာလား ဝေခွဲမရဖြစ်နေတယ်။ ကိုယ်ကိုတိုင်ကရော အမှန်တကယ် သွေးသွင်းဖို့ လိုအပ်လာတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့သွေးမရနိုင်တာ၊ မရှိတာဆိုတဲ့ အဖြစ်မှ ရေချမ်း မကြုံဘူးတာ။ ငွေရှိရင် သွေးဆိုတာ ဝယ်ဖို့ လွယ်လွယ်လေးပဲဟု ရေချမ်း ထင်နေမိခဲ့တာ။
တကယ်လို့သာ ထိုမိသားစုလေးလို အခြေအနေဆိုရင်ကော သွေးလှုတန်းနေကြသူတွေ အများအပြား ရှိနေကြပါလျှက်၊ သွေးဝယ်လို့ရနိုင်တဲ့ နေရာတွေ ပေါများပါလျှက်၊ ဘဝပေးအခြေအနေအရကော၊ တိုက်ဆိုင်မှုတွေအရကော အလွယ်တကူ သွေးမရရှိနိုင်ခဲ့ပါလျှင် ရေချမ်း ဘာလုပ်ရမလဲဟု တွေဝေစဉ်းစားမိသွားသည်။
ရေချမ်းလဲ သားကို သူ့အဖိုး ရေချမ်းအဖေနဲ့ အပြင်မှာထားခဲ့ပြီး မဒမ်ချမ်းရှိရာ အမျိုးသားသွေးဌာနထဲသို့ လိုက်ဝင်သွားသည်။ မဒမ်ချမ်းတစ်ယောက် သွေးအလှုခံဌာနအဝရှိ Reception စားပွဲတွင် ဖောင်တစ်စောင်ဖြည့်နေရင်း အလုပ်ရှုပ်နေသည်။ သူမနောက်ကနေ ရေချမ်း မရောင်မလည်နှင့် စောင့်နေပြီး သူမဖောင်ဖြည့်ပြီးနောက် သွေးရည်ကြည်စစ်တဲ့နေရာကို လိုက်သွားသည်။
ထိုနေရာလေးမှာ တာဝန်ကျ ဆရာဝန်မလေးနဲ့ အကူအမျိုးသမီးက စားပွဲလေးမှာထိုင်စောင့်ရင်း မဒမ်ချမ်းရဲ့ လက်ချောင်းထိပ်ကလေးကို တခါသုံးအပ်ကလေးနဲ့ ဖောက်လိုက်ပါတယ်။
“အရင်တုန်းကရော သွေးလှုဖူးလားရှင့်။”
“ ဟုတ်။ ကျမအရင်တုန်းက လှုဖူးပါတယ်။ ဒီမှာတော့ မဟုတ်ဘူး။ အလုပ်မှာ သွေးအလှုခံအဖွဲ့ လာတုန်းကပါ။”
လက်ဖျားပေါ်မှာ သွေးစက်လေး စို့ထွက်လာတော့ သူတို့စားပွဲပေါ်မှာ တင်ထားတဲ့ အပြာရောင်ပုလင်းထဲကို မဒမ်ချမ်းရဲ့ သွေးစက်ကလေးကို ညှစ်ချလိုက်ပါတယ်။ သွေးစက်ကလေးက အပြာရောင်အရည်ပေါ်မှာ အောက်မကျပဲ ပေါလောပေါ်နေပါတယ်။ ဆရာဝန်မလေးက မဒမ်ချမ်းမျက်နှာကို ကြည့်ပြီး
“အမ သွေးလှုလို့ မရဘူးရှင့်။ အမသွေးက အောက်ကျမသွားပဲ အခုလို ပေါ်နေလိုရှိရင် သွေးလှုလို့မရနိုင်သေးရှင့်။ အမမှာ ဟေမိုဂလိုဘင် ခေါ်တဲ့ သံဓာတ် အားနည်းနေပါတယ်။”
“ ဟင်… ဒါဆို ကျမ သွေးလှုလို့မရသေးဘူးပေါ့။ ဘယ်တော့လောက်ရမှာလဲ။”
“မပူပါနဲ့။ ကျမတို့ အမကို သံဓာတ် အားကောင်းလာမယ့်ဆေး ပေးလိုက်ပါ့မယ်။ ဒီဆေးသောက်ပြီး နောက်နှစ်ပတ်လောက် ကြာရင် ကျမတို့ဆီ ပြန်လာခဲ့ပါ။ နောက်ပြီး အမ ဒီကြားထဲ အစားမှန်မှန်၊ အအိပ်မှန်မှန် နေပါ အမ။”
မဒမ်ချမ်း မျက်နှာလေး ညှိုးသွားပြီး ရေချမ်းဆီသို့ ဖြစ်မှဖြစ်ရလေ ဆိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါတယ်။
“ ခဏ…. အမ။ သူ့သွေးလှုလို့မရနိုင်ဘူးဆိုရင် ကျွန်တော်ဆီကရော…..”
ရေချမ်း လက်ကို ဆရာဝန်မလေးဆီကို လှမ်းပေးလိုက်ပါတယ်။ ရုတ်တရက်ကြီး ရေချမ်း အပြုအမူကို မဒမ်ချမ်းကတော့ အံ့သြတဲ့ အမူအရာနဲ့ကြည့်ရင်း သူပဲ အရင်ကတော့ သွေးမလှုဘူးဆိုပြီး အဝင်ဝမှာတောင် ကပ်ကျန်နေခဲ့တဲ့လူ အခုကျတော့လဲ …. ဆိုတဲ့ မျက်နှာပေးနဲ့ ပျော်ရွှင်ကြည်နူးတဲ့ အမူအရာများ မဒမ်ချမ်းမျက်နှာပေါ် လွှမ်းခြုံသွားပါတယ်။
ဆရာဝန်မလေးကလည်း သူရှေ့ရောက်လာတဲ့ ရေချမ်းလက်ဖျားကို တခါသုံးအပ်ကလေးနဲ့ ဖောက်ပြီး အပြာရောင်အရည်ထည့်ထားတဲ့ ခွက်ကလေးထဲ သွေးစက်များကို ထည့်လိုက်ပါတယ်။ အံ့သြဖို့ကောင်းတာက မဒမ်ချမ်းတုန်းက သူမသွေးစက်တွေကို အတော်လေး ညှစ်ယူလိုက်ရပေမယ့် ရေချမ်းအလှည့်ကျတော့ သွေးစက်လေးတွေ လက်ဖျားပေါ်မှာ စီးလာပြီး ခွက်လေးထဲ ကျသွားပါတယ်။
ရေချမ်းသွေးစက်တွေဟာ အပြာရောင်ခွက်ကလေးထဲလဲ ကျသွားရော ခွက်အောက်ခြေအထိကို နစ်ဆင်းသွားပါတော့တယ်။ သွေးစစ်တဲ့ ဆရာဝန်မလေးကလည်း ပြုံးပျော်တဲ့ မျက်နှာနဲ့
“ဒီက အကိုသွေးက လှုလို့ရပါတယ်။ ကျမတို့ အကိုကို ဖောင်ပေးလိုက်မယ်။ သွားဖြည့်ပေးပါနော်။ ပြီးရင် ဟိုဘက်က ကွန်ပြူတာစာရင်းသွင်းတဲ့ နေရာလေးကို သွားပေးပါ။”
“ အို.. သူကျတော့ရပြီး ကျမ ကျတော့…..”
“ဒီလိုဖြစ်တတ်ပါတယ် အမရယ်၊ အမက သံဓာတ်များတဲ့ အစားအစားများများ စားပေးပေါ့။ နောက်ပြီး လာမလှုခင် အိပ်ရေးမဝဘူး ဆိုရင်လည်း ဖြစ်တတ်တယ်။ ဒီမှာ ကျမတို့ အမကို သွေးမလှုခင် ဘာတွေလိုအပ်တယ်၊ ဘာတွေ လုပ်ရမည်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ပေးလိုက်မယ်။ လိုရမယ်ရပေါ့။”
ဆရာဝန်မလေးက မဒမ်ချမ်းကို အမျိုးသားသွေးဌာနက ထုတ်တဲ့ လက်ကမ်းစာစောင်လေးရယ်၊ ဟေမိုဂလိုဘင်(Haemoglobin) အားကောင်းစေမယ့် ဆေးပြားလေးတွေ ထည့်ထားတဲ့ အထုတ်နှစ်ထုတ်ရယ် ပေးလိုက်ပါတယ်။
“ကျမ မလှုလိုက်ရပေမယ့်လည်း ကုသိုလ်ရအောင် ရှင့်ဖောင်ကို ကျမ ကူဖြည့်ပေးမယ်”
ဟုဆိုကာ မဒမ်ချမ်းတစ်ယောက် ရေချမ်းဆီက ဖောင်ကိုယူပြီး သူမကိုယ်တိုင် ဖြည့်ပေးပါတယ်။
“ခုနတုန်းကတော့ မလှုဘူးဆိုပြီး အခုကျတော့ ဘာစိတ်ကူပေါက်သွားတာလဲ။”
“ငါလဲ မင်းမလှုလိုက်နိုင်သေးလို့ ငါသွေးဆိုရင်ကော ရမလားလို့ပါ။ ပေးပါ ငါဖောင်ငါ ကိုယ်တိုင်ဖြည့်ကြည့်ဦးမယ်။”
ရေချမ်းတစ်ယောက် မဒမ်ချမ်းကိုသာ ပြောနေတယ် သူ့မျက်လုံးများကတော့ အစောက အဝင်ဝမှာ တွေ့ခဲ့တဲ့ မိသားစုကို ရှာဖွေမိသေးတယ်။ သူတို့တွေကော လိုအပ်တဲ့သွေးအိတ် ရသွားကြပြီလားလို့။ သူတို့သုံးယောက် သွေးမရသေးဘူးထင်တယ် အပေါက်ဝလေးမှာ ထိုင်စောင့်နေကြတုန်းပဲ။
ရေချမ်း ဖောင်ဖြည့်တော့ မေးထားတာ အစုံပါပဲ။ အရင်က သွေးလှုဖူးလား။ ဆေးထိုးဖူးလား။ မူးယစ်ဆေးဝါးသုံးစွဲ ဖူးလား။ အပျော်အပါးလိုက်စား ဖူးလား။ ဆေးမှင်ကြောင်ထိုးဖူးလား။ နားကပ်ဖောက် ဖူးလား။ သွေးသွင်း ဖူးလား စသည်ဖြင့် မေးခွန်းပေါင်းများစွာရယ်၊ ကိုယ့်နေရပ်လိပ်စာရယ် ဖြည့်လိုက်ရတယ်။
ဖောင်ဖြည့်ပြီးတာနဲ့ စာရင်းသွင်းတဲ့ နေရာကို ဖောင်လေးယူသွားတော့
“အကို မှတ်ပုံတင်လေး တဆိတ်လောက်”
“ဟိုက်…” ဒုက္ခပဲ။ မှတ်ပုံတင်က အိမ်မှာ ကျန်ခဲ့ပြီ။ အရေးထဲကျမှ အရာပေါ်နေပြီ။ မှတ်ပုံတင်လိုမလို သိမှမသိပဲကို။ အစကတည်းကလည်း မဒမ်ချမ်းပဲ သွေးလှုမှာဆိုတော့……
“ မပါလာဘူး ခင်ဗျာ့။”
“ ရှင်ကလည်း မြန်မာပြည်မှာနေပြီး။ မှတ်ပုံတင်မပါရင် ကားလိုင်စင်ထုတ်ပြ လိုက်လေ။ အတူတူပါပဲ။”
မဒမ်ချမ်းက အနောက်မှ လှမ်းသတိပေးသည်။ ဟုတ်ပါရဲ့။
“ ကားလိုင်စင်ကော ရမလား။”
“ဟုတ်ကဲ့ ရပါတယ်။”
တော်ပါသေးတယ်။ ကျေးဇူးတင်လိုက်မိပါရဲ့ မဒမ်ချမ်း ဖြတ်ထိုးဥာဏ်ကို။
“အစ်ကို ပထမဆုံးသွေးလှုတာလား။”
“ဟုတ်ကဲ့”
စာရင်းသွင်းနေသည့် ကောင်မလေး၏အမေးကို ဖြေလိုက်ရင်း ပထမဆုံး သွေးလှုဖူးတယ်ပြောရတာ ကိုယ်ဘာသာ ရှက်သလိုလို စိတ်မလုံမလဲ ဖြစ်လာသည်။ စာရင်းသွင်းတာကို စောင့်ရင်းနဲ့မှ
“အစ်မ ဟိုလေ…. ဟိုအပေါက်ဝက အမျိုးသမီး နှစ်ယောက်က သူတို့ သွေးဝယ်ဖို့ စောင့်နေကြတယ်ပြောတယ်။ အဲဒါ ကျွန်တော့်သွေးကို သူတို့အတွက် လှုရင်ရမလား။”
“ကျမတို့က စာရင်းလက်ခံတာဆိုတော့ သေချာမသိဘူး။ အစ်ကို သွေးလှုပြီးသွားမှ သွေးထုတ်တဲ့ဌာနမှာ သွားပြီး ပြောပြလိုက်လေ။ သူတို့က အစ်ကို ပြောသလို ဆောင်ရွက်ပေးပါလိမ့်မယ်။ အခု အစ်ကို ဟိုဘက်အခန်းထဲက ဆရာဝန်ကြီးရဲ့ လက်မှတ်ယူလိုက်ပါဦးရှင့်။ ပြီးရင် ကျမတို့ဆီကိုပဲ ပြန်လာခဲ့ပါ။”
သူပြန်ပေးလိုက်တဲ့ ဖောင်လေးကိုယူရင်း သူမညွှန်ပြလိုက်တဲ့ အခန်းဘက်ကို သွားရပါတယ်။ အခန်းအဝရောက်တော့ ဆရာဝန်ကုတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေပါတယ်။ ရေချမ်းလဲ ဝင်ခွင့်တောင်းတဲ့ အမူအယာပြရင်း ဆရာဝန်မကြီး စားပွဲဘေးက ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
“အရင်က သွေးလှုဖူးလား။”
“ဟင့်အင်း…. ဒါ… ပထမဆုံးအကြိမ်ပါ”
ဆရာဝန်မကြီးက ရေချမ်းလှမ်းပေလိုက်သော စာရွက်ပေါ်မှ အချက်အလက်များကို သေချာချာဖတ်ကြည့်နေရင်းမှ
“အရင်က အသားဝါဖြစ်ဖူးတယ်လို့ ရေးထားတယ်။ ဘယ်တုန်းကလည်း။ အခုရော ဘာဆေးဝါးတွေများ မှီဝဲနေသလဲ။”
“ငယ်ငယ်တုန်းကပါ။ အတိအကျပြောရရင် ကျွန်တော်မွေးမွေးခြင်းတုန်းက အသားဝါပါလာတာပါ။ အခုကြီးမှတော့ တခါမှပြန်မဖြစ်တော့ပါဘူး။”
“သြော်…. ဒါလား။ အဲဒါဆို မိဘနှစ်ပါးလုံးက အိုသွေးတွေပေါ့။ အဲဒါကြောင့်ပါ။ အခုမရှိရင် သွေးလှုလို့ရပါတယ်။ ကျမတို့ဆိုလိုတာက အသည်းရောင် အသားဝါရောဂါကို ဆိုလိုတာပါ။”
ဆရာဝန်မကြီးက ရေချမ်းကို သွေးပေါင်ချိန်စစ်ဆေးခြင်း ပြုလုပ်ပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ရေချမ်းလဲ ဖောင်ပေါ်မှာ လက်မှတ်လဲရရော စာရင်းလက်ခံတဲ့နေရာကို ပြန်သွားပြီး သူတို့ထုတ်ပေးတဲ့ သွေးထုတ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သွေးလှုမှတ်တမ်းကတ်ပြားလေး ထုတ်ပေးပါတယ်။
“ဒီကတ်ပြားလေးက နောက်တခါလာလှုရင် ယူလာခဲ့ပါ။ ဒီပစ္စည်းတွေ ယူသွားပြီး ဟိုဘေးက အခန်းထဲ ဝင်သွားလိုက်ပါ။”
သူမညွှန်ပြလိုက်တဲ့ အခန်းဝရောက်တော့ အခန်းတံခါးလေးစေ့ထားပါတယ်။ အခန်းဝမှာတော့ သွေးလှုခန်းမလို့ ရေးထားတော့ ရေချမ်းလည်း စိတ်နဲနဲ လှုပ်ရှားသွားပါတယ်။စေ့ထားတဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အေးမြရှင်းသန့်နေတဲ့ လေအေးတချို့က ရေချမ်းမျက်နှာကို ဖြတ်သန်းဆီးကြိုလိုက်တယ်။
အထဲမှာတော့ ဆေးရုံကုတင်တွေလို ရှစ်လုံးလောက်ရှိမယ်ထင်တယ်။ နောက်ထူးခြားတာက သွားဆေးခန်းတွေကလို ဆိုဖာနဲ့ ဆုံလည်ကုလားထိုင် တစ်လုံးလည်းတွေ့ရတယ်။ ရေချမ်းဝင်သွားတော့ အနီဝတ် သူနာပြုဆရာမလေး တစ်ယောက်က ရေချမ်းဆီကို လျှောက်လာပြီး ရေချမ်းလက်ထဲမှ သွေးလှုရန်သုံးမည့် သွေးအိတ်အလွတ်ကို လှမ်းယူရင်း နဘေးက ကုတင်အလွတ်ပေါ် လှဲဖို့ အချက်ပြလိုက်ပါသည်။
ရေချမ်းလဲ အတွေ့အကြုံသစ်ကို ရင်ဖိုနေသူမို့ ဘာစကားမှတောင်မပြောနိုင်ပဲ သူနာပြုဆရာမလေး ညွှန်ပြတဲ့ ကုတင်ပေါ် တက်ရင်း ပက်လက်လှန် အိပ်လိုက်ပါတယ်။ ဘယ်ဘက်လက်ဖျံကို ဆန့်ပေးလိုက်ရင်း မျက်လုံးကို အသာမှိတ်ထားလိုက်ပါတယ်။ သူနာပြုဆရာမလေးက လက်မောင်းကို ဂွမ်းစလေးနဲ့ ပွတ်လိုက်တာ၊ လက်မောင်းရင်ကို ရာဘာကြိုးပြော့လေးနဲ့ စီးနှောင်လိုက်တာ၊ အသားထဲကို ဆေးထိုးအပ်ကလေး ထိုးစိုက်ဝင်လာတာတို့ကိုတော့ ရေချမ်း မျက်စိမှိတ်ထားပေမယ့် အတွေ့တို့က သိနေပါတယ်။
ရေချမ်းကိုယ်ထဲက သွေးတွေ ဘယ်လိုအပြင်ကို ရောက်သွားသလဲတော့ မသိ။ (အလွန်ဆုံးရှိမှ ငါးမိနစ်လောက်ပင် ရှိမည်ထင်တယ်) ခဏကြာတော့ ဆရာမလေး ပြန်ရောက်လာပြီး
“ကဲ…. ပြီးသွားပြီ၊ မျက်စိမဖွင့်နဲ့ဦး၊ ငါးမိနစ်လောက် မျက်လုံးမှိတ် အနားယူလိုက်ဦး။ သွေးလှုလှုပြီးခြင်း ရုတ်တရက်ထရင် မူးတတ်လို့။”
“ဆရာမ ဒီတခါလှုပြီးသွားရင် ဘယ်တော့လောက် နောက်တခါ လာလှုလို့ရပြီလဲ။”
“နောက်လေးလလောက်ဆိုရင် လာလှုလို့ရပြီ၊ လူတစ်ယောက်က တစ်နှစ်မှာ သွေးသုံးကြိမ်ကနေ၊ လေးကြိမ်လှုလို့ရတယ်။”
ရေချမ်း မျက်စိလေး အသာပြန်မှိတ်ထားရင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်နေလေရဲ့။ မလှုခင်တုန်းက စိတ်လှုပ်ရှားမှုတွေ ဘယ်ဆီဘယ်ရောက်မှန်း မသိ၊ ကြက်ပျောက်ဌက်ပျောက် ဖြစ်ကုန်သည်။ နောင်လဲ သွေးလာလှုရဦးမယ်ဆိုတဲ့ အသိစိတ်လေးကတော့ သိသိသာသာ ပေါ်လာသည်။ အရင်တုန်းက ဒီလိုလွယ်ကူမယ်၊ ဒီလိုလှုလို့ရတယ်များ သိရင်ခဲ့ရင်လေ ဆိုသောအသိများ၊ မိမိလို သွေးလှုရမှာကို မသိတဲ့သူ၊ စိတ်မဝင်စားတဲ့သူ၊ သိရက်နဲ့ မလှုတန်းတဲသူ၊ သွေးလှုရမှာကို အထင်မှား အမြင်မှားတွေနဲ့ ကြောက်နေသူများကိုပါ သွေးလှုဖို့ အသိလေးရသွားခဲ့ရင် ဆိုတဲ့ စိတ်တွေသာ ရေချမ်းစိတ်မှာ ဆက်တိုက်ဖြစ်ပေါ်နေလေသည်။
နောက်ပြီး ငါ့သွေးနဲ့ တကယ့်ကို သွေးလိုနေတဲ့ ရောဂါသည်တွေ၊ အမျိုးသားသွေးဌာန အဝင်ဝမှာတွေ့ခဲ့တဲ့ မိသားစုလို သွေးအရေးပေါ် လိုနေတဲ့သူတွေ၊ သွေးလွန်တုတ်ကွေးကြောင့် အမှန်တကယ် သွေးသွင်းဖို့လိုအပ်လာတဲ့ အချိန်တွေမှာ အသုံးချနိုင်ခဲ့မယ်ဆိုတဲ့ အတွေးပီတိတွေ ရေချမ်းကိုယ်ထဲ စီးဝင်လာပါတယ်။
ဒီလိုအခြေအနေတွေ၊ ဒီလိုအချိန်တွေမှာဆိုရင် တကယ့်ကို သွေးလိုအပ်နေသူတွေရဲ့ ဒုက္ခအဖြစ်သနစ်တွေကို နားလည်သဘောပေါက်မိရင် ရေချမ်း အရင်က သွေးမလှုချင်ခဲ့တဲ့ ကိုယ့်စိတ်ကိုကိုယ် နောင်တရ ဝေဖန်နေမိတော့တယ်။
ငါးမိနစ်လောက်ကြာတော့ ရေချမ်းမျက်စိဖွင့်ပြီး ကုတင်ပေါ် ထထိုင်လိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ အရင်က ရေချမ်းဝင်လာခါစက တစ်ယောက်ထဲ အခု ရေချမ်းကုတင် ခပ်လှမ်းလှမ်းမှာ နောက်ထပ် သွေးအလှုရှင် နှစ်ယောက်လောက်ကို ထပ်တွေလိုက်ပါတယ်။
“ခေါင်းမူးလား။ ဘာမှမဖြစ်ဘူးဆိုရင် သွားလို့ရပါပြီ။ နောက်ပြီး ဒီအဆောင်ရဲ့အနောက်မှာ ကန်တင်းရှိတယ်။ အဲဒီမှာ သွေးအလှုရှင်တွေကို အဟာရဖြစ်အောင် ဆေးနဲ့ အစားအသောက်တွေ ကျွေးတယ်။ သွားစားလိုက်ပါဦး။”
ရေချမ်းတစ်ယောက် အစာဆိုတဲ့ အသံကြားလိုက်ရတော့ စိတ်ဝင်စားသွားသည်။ “ဒီကိုလာခဲ့သမျှ ဒီအစီအစဉ်တော့ အကြိုက်ဆုံးပဲ။” စိတ်ထဲမှာလဲ ကန်တင်းဆိုတော့ ရှယ်ပဲနေမှာလို့။ ရေချမ်းခြေလှမ်းများက ပေါ့ပါးသွက်လက်စွာ အစားအသောက် ကျွေးမွေးရာ အဆောင်အနောက်ဘက် ကန်တင်းဆီ ဦးတည်လိုက်ပါသည်။
ရေချမ်းတို့များ အစာဟေ့ဆိုတာနဲ့ ပါရမီဖြည့်ဖက် မဒမ်ချမ်းကိုတောင် မေ့မလိုဖြစ်သွားတယ်။ ဆော်ရီးပါ။ သွေးလှုခန်းက ရေချမ်းထွက်လာတာနဲ့ မဒမ်ချမ်းက
“အို…. မြန်လိုက်တာ။”
“ဟုတ်တယ်။ သွေးထုတ်လိုက်တာ ခဏလေးပဲ။ ဒါတောင် ဆရာမက သွေးလှုလှုပြီးခြင်း ခဏလောက် မှိန်းနေရမယ်ဆိုလို့ လှဲနေတာ။”
“ဟုတ်လား။ သွေးအားကောင်းလို့ထင်တယ် မြန်တာ။ ကျမအရင် သွေးလှုတုန်းကဆို ဆယ်ငါးမိနစ်လောက်တောင်ကြာ သွားတယ်။ ပြီးတော့ အလုပ်ထဲမှာ သွေးလှုပြီးတဲ့သူတွေကို အဟာရပြန်ပြည့်အောင်ဆိုပြီး ဘူဖေးကျွေးသေးတယ်။”
“ဟုတ်တယ်။ ဒီမှာလဲ ကျွေးတယ်ပြောတယ်။ လာ…လာ”
ရေချမ်းလဲ အနောက်ဘက် ကန်တင်းဆီသို့ မဒမ်ချမ်းအားခေါ်ပြီး ဦးတည်လိုက်သည်။
ကန်တင်းတဲ့။ ရေချမ်း ထင်သမျှ ကန်တင်းတကာ့ ကန်တင်းထဲမှာ ဒီကန်တင်းအသေးဆုံး ဖြစ်မည်။ ဆက်တီတစ်စုံသာရှိပြီး ကောင်တာပေါ်မှာလည်း ဘာစားစာရာမျှ မယ်မယ်ရရ မတွေ့။ ကော်ဖီခွက်အလွတ်တချို့သာရှိသည်။ ရေချမ်းလဲ ပြန်လှည့်ရနိုး ထိုင်ရနိုးနဲ့
“သွေးအလှုရှင်လား”
ရေချမ်း ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်တာမှ အမျိုးသမီးက သိပ်အလုပ်ရှုပ်နေပုံရသည် ထိုင်ခုံမှ ဖြေးညင်းစွာထပြီး ရေချမ်းကို အရှေ့ဆက်တီမှာ ထိုင်ဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းဆတ်ပြလိုက်သည်။ သူပုံကတော့ အဝယ်မလိုက်တဲ့ ဈေးဆိုင်က အရောင်းစာရေးမလိုပါပဲ။ ဝယ်သူလာရင်တောင် သူတို့အတွက် ရှားပါးပစ္စည်း တစ်မျိုးလိုမျိုး။
ကောင်တာမှ အမျိုးသမီးက ကော်ဖီတစ်ခွက်ရယ်၊ ကိတ်မုန့်တစ်ချပ်ရယ်၊ ကြက်ဥ အစိမ်းတစ်လုံးရယ်၊ နောက် မဒမ်ချမ်းရခဲ့တဲ့ ဖျုရာမင်းဘီစီလို သွေးကောင်းဆေးတစ်ထုပ်ရယ် လာချပေးသည်။ ရေချမ်းလဲ လာချပေးသမျှ အားတောင့်အားနားစွာနဲ့ အပြတ်စားလိုက်ရင်း။
“ဒီမှာ သွေးလာလှုတဲ့လူ များလား အဒေါ်”
“တခါတလေလဲများတယ်။ အမြဲတမ်းသွေးအလှုရှင်တွေ၊ အဖွဲလိုက် သွေးလာလှုတဲ့သူတွေ လာရင်တော့ များပါတယ်။ ကျန်အချိန်တွေမှာတော့ အခုလို မနက်အစောပိုင်းဆို သွေးအလှုရှင် သိပ်မရှိတတ်ဘူး။”
“ကျွန်တော် စာစောင်တွေ သတင်းစာတွေမှာတော့ သွေးအလှုရှင်တွေ အများကြီးတွေ့တွေ့နေတာပဲ။”
“ဒီလိုမောင်ရင်တွေတာ များပေမယ့်လည်း တကယ်သွေးအလှုရှင်စာရင်းက သိပ်များတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး လူဦးရေနဲ့ တွက်ကြည့်မှ ငါးရာခိုင်နှုန်း လောက်ပဲရှိတာ။”
“သြော်… ဒါဆို အတော်နဲသေးတာပေါ့နော်။”
“ဟုတ်တယ်။ ဒီ အမျိုးသားသွေးဌာနကလည်း မကြာမကြာ နယ်တွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ လိုက်ပြီး သွေးအလှုခံရတယ်။ ဒီမှာ လာလှုကြတာတွေကတော့ သိတဲ့လူတွေပဲများပါတယ်။ တချို့တွေက သိရက်နဲ့ လာမလှုနိုင်တာတွေ၊ လာလှုခွင့်မရှိတာတွေ၊ လာလှုရက်နဲ့ သွေးက လက်ခံလို့မရတာတွေ၊ အခြေအနေ အမျိုးမျိုးပေါ် မူတည်တာပေါ့လေ။”
-----------------------------------
ရေချမ်းလည်း အမျိုးသားသွေးဌာန အပေါက်ဝရောက်လာတော့ ခုနကစောင့်နေတဲ့ မိသားစုကို မတွေ့တော့ပါဘူး။ ရေချမ်းစိတ်ထင် သူတို့လိုတဲ့သွေး ရသွားပြီထင်တယ်။ သေချာအောင် သွေးထုတ်ပေးတဲ့ ဌာနထဲသွားပြီး မေးတော့ သူတို့လိုတဲ့သွေး တခြားမှာရလို့ သွားထုတ်ကြတယ်တဲ့။ ရေချမ်းက ခုနက သူလှုခဲ့တဲ့သွေးကို သူတို့အတွက် လှုမယ်ဆိုရင်ကောဆိုတော့
“သွေးကို ကျမတိုဌာနက သေချာအောင် ဓာတ်ခွဲစမ်းသပ်ပါသေးတယ်။ ရှင်တို့လှုထားတဲ့သွေးတွေ တဆင့်ပြန်လှုလို့ရပြီဆိုတော့မှ ကျမတို့ဆီက ပြန်ထုတ်ပေးပါတယ်။”
ဘာပဲဖြစ်ဖြစ်လေ ရေချမ်းတစ်ယောက် အမျိုးသားသွေးဌာနလေးမှအထွက် သွေးလိုလို့စောင့်နေတဲ့ မိသားစု သွေးရသွားလို့ စိတ်ပျော်သွားသလို၊ လာတုန်းက မလှုချင်ပေမယ့်လဲ သူတို့မိသားစု ဖြစ်အင်လေးကို အမှတ်တမဲ့ သိရှိလိုက်ရာမှ သွေးလှုချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ကြိုတင်စီစဉ်မှု မရှိထားတဲ့ကြားက မွန်မြတ်တဲ့ အလှုတစ်ခုကို ကမ်းဆင့်လှမ်းလင့်လိုက်ရလို့ ထိုမိသားစုလေးကိုရော၊ အမျိုးသားသွေးဌာနကို လမ်းပြခေါ်ဆောင်လာတဲ့ မဒမ်ချမ်းကိုရော ဤစာစုလေးနဲ့ ကျေးဇူးတင်ပါတယ်။
ချမ်းလင်းနေ
www.chanlinnay.blogspot.com
Tuesday, April 5, 2011
နဖူးမှာမတို့လိုက်တဲ့ ပြာတစ်တို့ရဲ့ နောက်ကွယ်
အရာအားလုံးပြီးသွားပေမယ်လို့ တစ်ချို့က အခုမှစတယ်။ သွားနှင့်တဲ့သူကို အကောင်း ဆုံး လိုက်ပါပို့ဆောင်လို့ ပြန်လာတဲ့သူတွေက ပြန်လာကြတယ်။ တစ်ချို့အတွက်တော့ ဇာတ်လမ်းက အခုမှစတယ်။
(၂)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက် ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့် နှက်လို့နေတယ်။ နောက်ဆုံးမျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင် တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။
မနက်မိုးလင်းချိန်မှာတော့ မဒေါနက သူ့လုပ်ငန်းစဉ်ကို စတင်တယ်။ လူနိုင်ဖြစ်တဲ့ အစ်မလတ်ရဲ့ယောက်ျားခဲအို ကိုမောင်နိုင်နဲ့ တူအငယ်ကောင်ခေါ်ပြီး သေလို့မှရက်မ လည်သေးတဲ့ အစ်မကြီးအိမ်ကို သွားတယ်။ အိမ်လည်းရောက်ရော၊ တံခါးခေါက်ကြည့် တော့ အတော်ပဲဖြစ်သွားတယ်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်နေတဲ့ အစ်မကြီးရဲ့ ယောက်ျားက အိမ်မှာရှိမနေဘူး။ တူအကြီးကောင်ကပဲ တံခါးလာဖွင့်ပေးတယ်။ တူတွေ ကတော့ အကြီးကောင်ကကိုးတန်း၊ အငယ်ကောင်က ခုနှစ်တန်းပဲရှိသေးလို့ သူပြောသမျှနာခံရမှာပဲ။ ဒီလိုနဲ့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်နဲ့ပဲ မဒေါနက သူ့အလုပ်ကိုသူစတယ်။
ပထမဦးဆုံးအိပ်ခန်းထဲဝင်တယ်။ သော့ခတ်ထားတဲ့ဗီဒိုကို တူအကြီးကောင်ဆီက သော့ယူပြီးဖွင့်တယ်။
ထမိန်တွေတွေ့တော့။ သားတို့မိန်းမယူရင်ဝတ်ဖို့ အဒေါ်ကြီးသိမ်း ထားပေးမယ်ဆိုပြီး ယူလာတဲ့ ဆာလာအိတ်ထဲထည့်တယ်။
“ဖိနပ်တွေကော။”
“သားတို့ မိန်းမယူရင်ပြန်ပေးမယ်။”
“ခြေထောက်က တစ်ယောက်တစ်ယောက် ဆိုဒ်မှမတူတာ။”
“ဪငါတူတွေနဲ့ တုံးလိုက်တာ ခြေထောက်ကကြီးနေတော့ ခြေထောက်ကို လှီးပေါ့၊ ဖိနပ်ကကြီးတော့လည်း ဖိနပ်ပေါ့။ ဒါများဘာခက်တာလိုက်လို့။”
“ဒါက သြကြီး(သေသွားတဲ့အစ်မကြီးနဲ့ မဒေါနတို့ရဲ့မောင် အငယ်ဆုံး) မင်္ဂလာဆောင်တုန်းက အဖွားက သူ့သမီးလေးယောက်ဝတ်ဖို့ဆိုပြီး တစ်ယောက်တစ်ထည် ဆင်တူ ဝယ်ပေးတဲ့ ချိတ်လုံချည်တွေမှတ်လား။”
“အေးလေ။ နင်တို့၊ ဖိုးစည်(အစ်မလတ်နဲ့ အခုခေါ်လာတဲ့ ကိုမောင်နိုင်တို့ရဲ့သား)တို့ မိန်းမယူရင် ပြန်ပေးမှာပေါ့။ ကိုယ့်အဒေါ်က မတရားလုပ်ပါ့မလား။ နောက် အိသဲ(မဒေါ နရဲ့ နောက်ထပ်အစ်မလတ်တစ်ယောက်က မွေးတဲ့သမီး) ကြီးလာရင်လည်း တစ် ထည်ပေးရဦးမှာ။”
“ပုသိမ်ထီး၊ ပုသိမ်ထီး။ ဒါကရော ကျွန်တော်တို့မိန်းမအတွက်ပဲလား။ ကျွန်တော်တို့ မိန်း မတွေက ပုသိမ်ထီးတော့ ဘယ်ဆောင်းမှာတုန်း။”
“ဟဲ့… ဒါက အိသဲအတွက်ဟဲ့။”
“ဟင်… အိသဲက အခုပဲ ၆တန်း၊ ၇တန်းရောက်နေပြီ။ နောက်ပြီးတော့ ဒေါ်ကြီးတူမက ပဲကလည်း ခပ်များများနဲ့။ ဒါကြီးဆောင်းပါတော့မလား။ အိမ်မှာတောင် ဘယ်သူမှမ ဆောင်းလို့ ဒီအတိုင်းအလှထား ထားတာကို။”
“ဆောင်းဆောင်းမဆောင်းဆောင်း သိမ်းတာတော့ သိမ်းထားရမှာပဲ။”
“မိတ်ကပ်ဘူးတို့၊ ရေမွှေးတို့၊ အလှပြင်ပစ္စည်းတို့ဗျာ။”
“ဒါလည်းနင်မိန်းမ ယူရင်ပြန်ပေးမှာပေါ့။”
“အင်္ကျီတွေကရော၊ မိန်းမယူရင်ပဲလား။”
“ဟုတ်တယ်၊ အနွေးထည်တွေကောပဲ။”
“နာရီတို့၊ မျက်မှန်တို့ကော။”
“အဲဒါတွေလည်းပါတယ်။”
“တခြားလက်ဝတ် လက်စားတွေကတော့ ထားပါတော့။ အမေဆေးကုတာနဲ့ပဲ ကုန်သ လောက်ရှိနေပါပြီ။ ဒါပေမယ့် အမေသေတုန်းက ဝတ်ထားလို့ ပါရဂူဆေးခန်းမှာ အ လောင်းကနေ ချွတ်ပေးလိုက်ရတဲ့ နားကပ်ကော။ အဲဒီတုန်းက အဖေကြီးတို့တောင် ပူ ထူနေပြီး သတိမရကြလို့ ဆေးခန်းက နပ်စ်မကလေးက ချွတ်ပြီးပေးလိုက်တာလေ။”
“အဲဒါလည်း ငါကနင်တို့အဖွားအိမ်မှာ သိမ်းပေးထားတယ်။ နင်တို့မိန်းမယူရင် နင်တို့ မိန်းမတွေကို ပေးမှာပဲ။”
“ဒါပေမယ့် နားကပ်က တစ်ရံတည်းလေ။ တစ်ယောက်တစ်ဖက်ဆီ ပန်လို့မှမရတာ။”
“အေးလေ ရောင်းပြီး နင်တို့ညီအစ်ကိုနှစ်ယောက် ပြန်ခွဲပေါ့။”
“ဟောဗျာ ကျွန်တော်တို့က နားကပ်တစ်ရံအတွက်နဲ့ မယူမနေရမိန်းမယူရမလို ဖြစ်နေ ပြီ။”
“မရဘူး နင်တို့မိန်းမယူမှ ငါကပြန်ပေးမှာ။ အခု ငါသိမ်းထားမယ်။”
ဒီလိုနဲ့ပဲ ညနေလည်းစောင်းရော ဆာလာအိတ်သုံးအိတ်အပြည့် အဝတ်အစားတွေနဲ့ တိုလီမုတ်စတွေ ပြည့်သွားပါတယ်။ အဲဒါတွေကိုသယ်ပြီး ဘတ်စ်ကားစီးပြီးတော့ အိမ် ပြန်လာကြတယ်။ ပစ္စည်းတွေကိုတော့ ကိုမောင်နိုင်ကထမ်းပေါ့။ ည၈နာရီ၊ ၉နာရီလည်း ရောက်ရော၊ တူအကြီးကောင်က အိမ်ကိုပေါက်ချလာတယ်။ အိမ်အပေါ်ထပ် ထပ်ခိုးကို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ပဲ တစ်ခါတည်းတန်းပြီးတော့ တက်သွားတယ်။ အဖွားအိမ်ပဲ။ သူက လည်းဒီလိုပဲလာနေကြမို့လို့ လူကြီးတွေက သိပ်တောင်ဂရုမစိုက်မိကြဘူး။ နောက်မှ ထပ်ခိုးပေါ်ကနေ တဟီးဟီးနဲ့ငိုသံကြားလို့ အိမ်မှာရှိတဲ့သူအားလုံးက ထပ်ခိုးပေါ်ကို လိုက်တက်သွားကြတယ်။ အပေါ်ထပ်ရောက်လို့ ကြည့်လိုက်တော့ အကြီးကောင်ကြီး က တရှုံ့ရှုံနဲ့ငိုနေတာတွေလို့ မဒေါနမောင်အငယ်ဆုံးကပဲ၊
“သားကြီးရေချမ်း၊ ဘာဖြစ်တာလဲ၊ သြကြီးကိုပြော”
လို့ မေးပေမယ့်လို့ ဘာမှပြန်မဖြေဘူး။ ငိုပဲငိုနေတယ်။ နောက်ဆုံးတော့ ဖွားအေလုပ်တဲ့သူကပါ မနေနိုင်လို့ ဝင်မေး တော့မှ
“မနက်ကအဒေါ်ကြီးက အိမ်ကအမေ့ပစ္စည်းတွေကို ယူချသွားတယ်။ အဖေကြီးလည်း ပြန်ရောက်လာရော၊ မင်းတို့အမေပစ္စည်းတွေဘယ်ရောက်ကုန်လဲလို့ မေးတော့ အဒေါ် ကြီးယူသွားတယ်လို့ သားတို့ကပြန်ဖြေတာကို အဖေကြီးက ကျန်တဲ့ပစ္စည်းတွေကို သူနဲ့ ဘာမှမဆိုင်ပဲနဲ့ ယူသွားပေမယ့်လို့ ငါခွင့်လွှတ်တယ်၊ ဒါပေမယ့် အမေကြီးကိုင်နေကြ ဆလင်းဘတ်အိတ်ကို ယူသွားတာတော့ အမေကြီးမသေခင်က တမြတ်တနိုးသုံးခဲ့တဲ့ပစ္စည်းမို့လို့ မကျေနပ်ဘူး။ ယူတဲ့သူကို ငါသတ်မယ်လို့ ဓါးကြိမ်းကြိမ်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဆူနေလို့ ကျွန်တော်အိမ်ကနေ ထွက်လာတာ”လို့ ဖြေရှာတယ်။
ဒါနဲ့ပဲ မဒေါနရဲ့မောင်က မဒေါနကိုဆူပါလေရော။
“အပျိုကြီးရယ်၊ နင်ကလည်း ဦးဏှောက်မရှိတာ၊ သူ့မိန်းမပစ္စည်း သူ့မိန်းမသေရင် ယောက်ျားလုပ်တဲ့သူက ပိုင်တာပဲ။ သူ့စိတ်တိုင်းကျ သူ့ဖာသာသူစီစဉ်မှာပေါ့။ နင်က မမေးမမြန်းပဲနဲ့လုပ်တာကို။ သွားပြန်ပေးလိုက်။”
မဒေါနကတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ ငြိမ်ပြီး နားထောင်နေရတယ်ပေါ့လေ။ သူကလည်း အမှားလုပ်ထားတာကိုး။ ဒါပေမယ့်လည်း ပစ္စည်းတွေကတော့ ပပထူတာတောင် မထချင်တဲ့ပုံနဲ့ နေရာမရွေ့ပဲ မဒေါနရဲ့ဗီဒိုထဲမှာ ခန့်ခန့်ကြီးနဲ့ဆန့်ဆန့် ကြီး နေနေကြတော့တယ်။
(၃)
မောင်နှမငါးယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ အစ်မကြီးအမိရာနဲ့ စောင့်ရှောက်ခဲ့တဲ့သူ လည်းဖြစ်၊ ဆွေတွေမျိုးတွေကြားထဲမှာလည်း သမာသမတ်မျှတတဲ့ ဦးစီးဦးဆောင် ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အားလုံးကချစ်ခင်လေးစားကြတဲ့ အစ်မကြီး ကွယ်လွန်သွားခြင်း လေးနှစ်ပြည့်တဲ့အတွက် အစ်မကြီးအတွက် ရည်စူးပြီး ဆွမ်းကျွေးအလှူ လုပ်ကြတယ်။ ကိုယ့်အိမ်ရှိ မိသားစုတွေနဲ့ပဲ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းလိုက်ကြတယ်။ အဲဒီ အလှူကို အစ်မလတ်နဲ့ သူ့အမျိုးသားကိုမောင်နိုင်တို့လည်း လာတယ်။ ဆွမ်းကျွေးပြီးတော့ လူတွေအလှည့်ပေါ့။ အားလုံးလည်း စားပြီးသောက်ပြီးရော ပြန်တဲ့သူတွေက ပြန် ကုန်ကြတယ်။ ပန်းကန်တွေ၊ ခွက်တွေဆေးရင်းကြောရင်းနဲ့ ကျန်ခဲ့တဲ့အစ်မလတ်ကိုတော့ သူ့အမျိုးသားက စောင့်ကျန်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ မုဆိုးဖိုဖြစ်နေတဲ့ ဦးချစ်ကပဲ အိမ်ရှေ့ဝရံတာကို ခေါ်သွားပြီးတိုင်ပင်တယ်။
“မောင်နိုင်ရာ၊ ငါလည်းပဲ။ အသက်မငယ်တော့ဘူး။ မင်းတို့အစ်မကြီးလည်း ဆုံးတာ လေးနှစ်လောက်ရှိပြီ။ ငါ့မှာလည်း ဆေးပေးမီးယူ အဖော်တစ်ယောက်တော့ လိုတယ်ကွာ။ ကလေးတွေလည်း မအေမရှိတော့ အနည်းအများဆိုသလို စိတ်လေပြီး ပျက်စီးတာတော့ရှိတာပဲ။ အိမ်မှာလည်း ငါတို့သားအဖတွေအတွက် ချက်ဖို့ပြုတ်ဖို့၊ လျှော်တာ ဖွတ်တာလုပ်ဖို့ ကူဖော်လောင်ဖက် မိန်းမသားတစ်ယောက်တော့လိုတယ်ကွာ။ အဲဒါနဲ့ ငါလည်း မယားညီအစ်ကိုဖြစ်ရုံတင်မက၊ မင်းတို့အစ်မကြီးရှိတုန်းကတည်းက ညီအစ်ကိုလိုဖြစ်နေလို့ မင်းကိုထုတ်ပြီး တိုင်ပင်တာပါ။”
“အင်း......ဟုတ်တာပေါ့၊ ဦးချစ်ရာ။ ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုလည်း အပြစ်ပြောစရာ ကျွန်တော့်အနေနဲ့တော့ မရှိဘူး။ နောက်ဦးချစ် အစ်မကြီးရှိစဉ်က အိမ်ထောင်ဦးစီး တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့တာပဲ။ ကျွန်တော်မှတ်မိတယ်။ အစ်မကြီးနဲ့ ကလေးတွေက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြတာ၊ ကလေးတွေက ရုပ်ရှင်ကြည့်နေပေမယ့်၊ ဦးချစ်က ခုံပေါ်မှာထိုင်ရက်ကြီး အိပ်ပျော်ရင်းနဲ့ ဟောက်နေတယ်။ အဲဒီလောက်အထိ မိန်းမနဲ့ကလေးတွေကို အပင်ပန်းခံပြီး ရှာဖွေကျွေးမွေးလာခဲ့တာပဲ။ နောက်တစ်ခုက အခု ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဒါဖောက်ပြန်တာမှ မဟုတ်တာ။ တစ်ပင်လဲလို့တစ်ပင်ထူတာပဲ။ ကျွန်တော်တော့ အပြစ်ပြောစရာမရှိပါဘူး။ ဦးချစ် တွေ့ထားတာရှိလို့လား။”
“ငါတော့ မျက်စိထဲ မဒေါနကို မြင်မိတာပဲ။ မောင်နိုင် မင်းကော ဘယ်လိုထင်သလဲ။”
“အဲဒါတော့ ဦးချစ်နဲ့ ကျွန်တော်နဲ့ အမြင်ခြင်းတူတယ်။ ဟုတ်တယ်၊ ကျွန်တော်လည်း မဒေါနကို ဦးချစ်နဲ့သဘောတူတယ်။ ဦးချစ်အနေနဲ့လည်း အဆင်ပြေပြေ ကိုယ့်လူရင်းထဲကပဲ အိမ်ထောင်ဖက်ရမယ်။ သူစိမ်းဆို သူ့အကြောင်း ကိုယ့်အကြောင်း မသိတာနဲ့။ နောက်ကျွန်တော်တို့ ယောက္ခမကြီးဆုံးရင်လည်း အမွေကိစ္စတွေဘာတွေမှာ ဦးချစ်နဲ့ ကလေးတွေအတွက် အခက်အခဲမရှိတော့ဘူး။ ညီအစ်မအချင်းချင်းကိုး။ နောက်ကလေးတွေအတွက်လည်း သူစိမ်းမိထွေးဆိုတာထက်စာရင် အမေညီအစ်မအရင်း၊ ကိုယ့် အဒေါ်အရင်းပဲ။ သူစိမ်းထက်တော့ သာမှာပါ။ သူတို့ချင်းလည်း ပိုရင်းနှီးတာပေါ့။ နောက်ဦးချစ်သေရင်လည်း ကလေးတွေ အမွေကိစ္စတို့ဘာတို့က ပိုစိတ်ချရမယ်။ သူစိမ်းဆိုရင်တော့ ကလေးတွေရဖို့က မသေချာတော့ဘူး။ မဒေါနဖက်က ကြည့်ရင်လည်း ဦးချစ်က မုဆိုးဖိုဆိုပေမယ့် မိသားစုအပေါ်ကောင်းတဲ့သူ၊ လင်ကောင်းသားကောင်းလို့ ပြောလို့ရပါတယ်။ ပစ္စည်းဥစ္စာလည်း အသင့်အတင့်ရှိတဲ့ သူပဲ။ ကျန်မိသားစုဖက်က ကြည့်တော့လည်း ကိုယ့်လူအချင်းချင်းဆိုတော့ သူစိမ်းဝင်မပါတော့ဘူးပေါ့။ အသိုက်အမြုံလည်း မပျက်တော့ဘူး။ ပတ်ဝန်းကျင်အပြောအဆိုလည်း သူစိမ်းကိုယူတာထက် စာရင်တော့ နည်းတာပေါ့။ ဘာလို့လည်းဆိုတော့ ဒီလိုအစ်မသေလို့ ညီမကိုဆက်ယူ တာတွေလည်း အများကြီးကို။ အားလုံးအဆင်ပြေမယ့်ကိစ္စပဲ ကျွန်တော်တော့ အားပေးပါတယ်။”
“အေးကွာ၊ ငါလည်း မဒေါနကိုတော့ ဆောင်းပါးရိပ်ခြေပြောထားတယ်။ ဘယ်လိုတုံ့ပြန် မယ်တော့မသိသေးဘူး”
“အဆင်ပြေမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဦးချစ်ရယ်။”
(၄)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက်ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့်နှက်လို့နေတယ်။ နောက်ဆုံး မျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင်တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။
မနက်လည်းရောက်ကော မဒေါနက သူ့အမေကို ပြောတယ်။
“အမေ ဒီနေ့နေ့လည်ကျရင် ဦးချစ်မောင်အိမ်ကိုလာလိမ့်မယ်။ အမေသိတယ်မှတ်လား ဘာလို့လာတယ်ဆိုတာကို။ သူနဲ့ယူလိုက်ရင်၊ ကလေးတွေက သမီးကို မိထွေးခေါ်ကြမှာပေါ့။ သမီးအတွက်လည်း မကောင်းဘူး၊ ကလေးတွေအတွက်လည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း သမီးတို့ကို ဘယ်လိုပြောမလဲ။ အဲဒီတော့ အမေက ဦးချစ်မောင်လာလို့ သမီးကိုမေးရင် သမီးမရှိဘူးလို့ပြောလိုက်၊ သမီးက အပေါ်ထပ်မှာပုန်းနေမယ်။”
(၅)
ဒီလိုနဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကိုရေချမ်းနဲ့ သူ့အမျိုးသမီးတို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောကြရင်းနဲ့ ကျွန်တော့်အိမ်မှာရှိတဲ့ အမေစိုက်ထားတဲ့ ဒန်းစင်းလေဒီပန်းအိုးကိုတွေ့တာနဲ့ ကျွန်တော်က......
“ဒါအစ်ကိုကြီးအမေက အမေ့ကိုမျိုးခွဲပေးလိုက်တဲ့အပင်တွေလေ။ အသက်တွေသိပ် ကြီးလို့ ပန်းတောင်မပွင့်နိုင်တော့ဘူး။ ဒါပေမယ့်အမေက ငါ့အစ်မကြီးပေးသွားတဲ့အပင် တွေဆိုပြီး အမြတ်တနိုးနဲ့ ရေလောင်းပေးနေတုန်း”လို့ ပြောရင်းသူတို့ကို ပြရတယ်။
အစ်မက “ငါနဲ့နင့်အစ်ကို ရန်ဖြစ်ကြသေးတယ်”လို့ ပြောလို့ ကျွန်တော်က သူတို့ကိုပျော် စေချင်တာနဲ့ စပါတယ်။
“အစ်မကလည်း ဖြစ်မှာပေါ့။ အစ်ကိုကြီးက အစ်မကို ချစ်လို့ယူတာမှ မဟုတ်တာ။ အ ဒေါ်ကြီးဗီဒိုထဲက သူ့အမေပစ္စည်းတစ်ခုတွေ့လိုက်ရင်း အဒေါ်ကြီးက နင်တို့ညီအစ်ကို မိန်းမယူရင် နင်တို့မိန်းမတွေကို ပေးမယ်လို့ ပြောလိုက်ရင်းနဲ့။ အဲဒီလိုဆိုတော့ အစ်ကို ကြီးက အဒေါ်ကြီးဆီက အမွေကိုလိုချင်တာနဲ့ မိန်းမရပြီးရောကွာဆိုပြီးတော့ အစ်မကို ယူလိုက်တာ”လို့ စဖြစ်ပါတယ်။ တကယ်ထင်သွားမှာစိုးလို့လည်း “စတာနော်အစ်မ”လို့ ကိုယ့်စကား ကိုယ်ပြန်ဖာရသေးတယ်။
“အေးကွာ၊ အမေ့ပစ္စည်းတွေမှာ ကျန်တာတော့မမက်ပါဘူး။ အမေ့နားကပ်ကလေးပဲ။” လို့ ကိုရေချမ်းက နှမြောတသသနဲ့ ပြောပါတယ်။ ဒီတော့မှအစ်မက အလန့်တကြားနဲ့
“အမလေး၊ မောင်ရယ်၊ နင့်အဒေါ်ပစ္စည်းတွေတော့ မယူပါရစေနဲ့။ တော်ကြာသူသေရင် မကျွတ်ပဲနဲ့။ ငါတို့ကို လာခြောက်နေပါဦးမယ်။”
အစ်မက သတ္တိခဲပါ။ အိပ်ရင်တောင် တစ်ယောက်ယောက်ရဲ့အသားနဲ့ ထိမနေရင် မ အိပ်တတ်ပါဘူး။ ဗန္ဓုလသွေးပါတာပေါ့။
“ဒီလိုဆိုရင် အစ်ကိုကြီးရာ၊ ကြီးမေနားကပ် အဒေါ်ကြီးဆီမှာရှိသေးလားလို့ အဒေါ်ကြီး ကိုမေးလိုက်၊ မရှိရင်လည်းဆုံးပေါ့။ ရှိသေးတယ်ဆိုရင်တော့လည်း၊ အဲဒီနားကပ်ကို ရောင်းပြီး သုံးလိုက်တော့၊ သားတို့ညီအစ်ကိုက ကြီးမေအတွက်ရည်စူးပြီး အဒေါ်ကြီး ကိုလှူတယ်လို့ ပြောလိုက်။ သူလည်းအခုအဖွားလည်းမရှိတော့ အပျိုကြီးတစ်ယောက် တည်းနေနေရတာ။ တော်တော်လေး ငွေရေးကြေးရေးကျပ်တည်း နေတယ်ဆိုတော့။ သူသုံးချင်ရင်လည်းသုံးပေါ့။ မသုံးပဲနဲ့ ငါလှူမယ်ဆိုလည်း၊ အဒေါ်ကြီးအိမ်မှာပဲ ကြီးမေကိုရည်စူးပြီး ဘုန်းကြီးဆွမ်းကပ်လိုက်တာပေါ့။ နားကပ်ကလည်း မက်လောက်စရာမှမရှိတာ။ ကျောက်တွေဘာတွေထုတ်ပြီး ပြန်ရောက်လိုက်ရင်၊ အခုရွှေဈေးနဲ့ သုံးသိန်း ကျော်ကျော်ပေါ့။ ဘာတန်တာမှတ်လို့။ မဟုတ်ရင်သူလည်း သူများပစ္စည်း ခိုးတယ် တော့မဟုတ်ဘူးပေါ့လေ ဒါပေမယ့်လည်း ပိုင်ရှင်သဘောမတူပဲနဲ့ ယူတာဆိုတော့လည်း။ သူလည်း အကုသိုလ်ဖြစ်မယ်။ အဲဒီတော့ဘာမဟုတ်တာနဲ့ ဇယားအရှုပ်မခံပဲနဲ့ အခုတည်းက ရှင်းလိုက်တာကောင်းတယ်။”လို့ ကျွန်တော်ကဝင်ပြီး ဆရာလုပ်တာနဲ့
“အေးကွာ၊ မင်းပြောတာမဆိုးပါဘူး၊ ငါကြည့်ပြီးစီစဉ်လိုက်ပါမယ်။ အဒေါ်ကြီးနဲ့အဖေနဲ့ ကိစ္စအဆင်ပြေသွားခဲ့ရင်လည်း ကောင်းသားကွာ။ ငါတို့လည်း သားအဖတွေ အခုလို တကွဲတပြားမဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း သားအဖအချင်းချင်း စိတ်ဆိုးရတာ၊ ဒေါသထွက်ရတာတွေ မရှိတော့ဘူး။ အဖေလည်း ဟိုမိန်းမနှိပ်စက်တာ တွေ၊ အဲဒီမိန်းမနဲ့ရတဲ့ ပုစုခရုတွေကြောင့် စိတ်ညစ်ရတာတွေမရှိတော့ဘူး။ အခုကြတော့ ငါတို့အဖေလည်း အသက်ကြီးမှ ဒုက္ခရောက်နေရတယ်။ အခုဆို စံရိပ်ငြိမ်ကအိမ်လည်း ရောင်းလိုက်တော့ အမေနဲ့လက်ထပ်ပွားဆိုတာ မရှိတော့ပဲနဲ့ ငါတို့အတွက် မိဘအမွေအနှစ်ဆိုတာ မကျန်တော့ဘူး။ အဖွားဆုံးတုန်းကလည်း ငါတို့အတွက် ဘာမှမယ် မယ်ရရ မရလိုက်ဘူး။”လို့ အစ်ကိုကြီးကိုရေချမ်းက ငြီးငြီးငြူငြူနဲ့ပြောပါတယ်။
“ဒါတော့အစ်ကိုကြီးရယ် အဒေါ်ကြီးအနေနဲ့က ပြာလောက်ကိုတော့ နဖူးမှာဘယ်တို့ ထားချင်ပါ့မလဲ။”
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
Wednesday, January 26, 2011
ကျွန်တော်စာအုပ်ကလေးပျောက်နေပါတယ်
ကျွန်တော်ညီရဲ့ ဝတ္ထုတိုပါ။ မူရင်းစာသာများ အတိုင်း တင်ပေးထားပါတယ်။ ဖတ်ပြီးရင်လည်း ထင်ကြေးအချို့ ပေးခဲ့ပါဦး။
© ချမ်းလင်းနေ
Sunday, January 2, 2011
ကြေကွဲဖွယ် ဈာပနပွဲ
Tuesday, December 14, 2010
တာတီးနှင့်မဲတူ
Thursday, November 18, 2010
စနေချစ်သူ

စနေချစ်သူ - သုမောင်
စနေနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄
“နာမည်ကလေး သိပါရစေ”
“......................”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့....”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်....”
“ပဲ့ပါသွားတာကျနေတာပဲ...”
“နာမည်သိတော့ ဘာလုပ်မှာတုံး...”
“သိချင်လို့ပေါ့”
“သိပြီးတော့ကော ဘာလုပ်မှာတုံး...”
“ခေါ်ချင်လို့ပေါ့”
“ခေါ်ပြီးတော့ ဘာလုပ်မှာတုံး...”
“ `ဒီကကို´စကားပြောချင်လို့ပေါ့”
“ဒီကလို့ မပြောပါနဲ့ နာမည်ရှိတယ်...”
“ဘယ်သူကလေးတဲ့တုံးကွယ်”
“သိဘူး...”
“ဟယ်.... ဆန်းတယ်နော်၊ နာမည်က သိဘူးတဲ့၊
ဒီတစ်ခါပဲ ကြားဖူးသေးတယ်”
တနင်္ဂနွေနေ့
လှည်းတန်းဈေး
“ဟေ့- သိဘူး”
“အို- ဘယ်လိုလဲ”
“ `သိဘူး...´ဆိုလို့၊ `သိဘူး´ခေါ်တာပဲ”
“ဘယ်သူက ပြောလို့လဲ”
“မနေ့က နာမည်မေးတော့`သိဘူး´ဆို”
“ကြောင်လိုက်တာ”
“ဒါဖြင့်... မဟုတ်ဘူးပေါ့”
“ဘယ်လိုလဲ ဒါဈေးလယ်ကောင်ရှင့်...”
“သူများတွေလည်း ဒီလိုပါပဲ”
“တခြားစီပဲ”
“အတူတူပါပဲ...”
“သွားစမ်းပါ”
“ဘယ်ကိုလဲ”
“ငရဲပြည်...”
“အတူလိုက်မှာလား ”
“၀ိုင်းကြည့်နေကြတယ်”
“သူတို့ကတော့ ထင်ကြမှာပဲ”
“ရှက်စရာကောင်းတယ်။ ပြန်တော့မယ်”
“ဘယ်ကိုလဲ”
“အဆောင်ကိုပေါ့”
“လိုက်ပို့မယ်လေ”
“လိုပါဘူး”
“အဲဒါဖြင့် အဲ့ဟိုစာအုပ်ကြားထဲ ညှပ်ထားတဲ့ ဒေါနခက်ကလေး
အမှတ်တရပေးခဲ့ပါလား”
“ဟီဟိ...”
“ဘာရယ်တာလဲ”
“ယူချင် ယူထားလေ၊ အဲ့ဒါ ဒေါနခက် ဟုတ်ဘူး...၊ တို့စားဖို့ ၀ယ်လာတာ၊ နံနံပင် တွေရှင့်...”
“မထူးပါဘူး။ အဲဒီနံနံပင်တွေပဲ ပေးခဲ့ပါတော့”
တနင်္လာနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄
“မအေးမယ်”
“ဟဲ့-ပလုတ်တုတ်”
“လန့်သွားသလား”
“တို့နာမည် သူဘယ်လိုလုပ်သိလဲ”
“ဒီလိုဒီလိုပေါ့”
“မကျေနပ်ပါဘူး”
“ဘာလို့လဲ”
“မသိစေချင်ဘဲ ဘာလို့သိရတာလဲ...”
“မြားနတ်မောင်က ပြောပြလို့”
“အော့... အော်...”
မြားနတ်မောင်ရှိတာ သူလည်းသိသားပဲ၊ လတ်စသတ်တော့”
“အကျအနကောက်လိုက်တာ...၊ ကဲပါ ပြော... တို့နာမည်ဘယ်လိုလုပ်သိလဲ...”
“မနေ့က ဒေါနခက်ညှပ်ထားတဲ့”
“နံနံပင်တွေပါ ဟီဟိ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနံနံပင်တွေ ညှပ်ထားတဲ့ စာအုပ်မှာ ရေးထားတာ တွေ့လို့ပေါ့”
“မျက်စိကလည်း ကျီးကန်းလိုပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်က... အရုပ်ဆိုးတယ်နော်”
“မဆိုးပါဘူး။ ခပ်လှမ်းလှမ်းက ကြည့်ရင် ဇော်ဝမ်းလိုလို ဘာလိုလိုနဲ့”
“ဟုတ်လား၊ ကိုယ်က ဇော်ဝမ်းလိုပဲ အသံကောင်းလား”
“ဒါပေမဲ့ အဝေးက နားထောင်ရင် ပိုကောင်းတယ်”
“နောက်ကို သီချင်းမဆိုတော့ဘူး”
“ဘာလို့လဲ”
“အဝေးကြီးမှ မသွားချင်ဘဲ”
“အလဲ့”
အင်္ဂါနေ့
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်
“မအေးမယ်က စာဖတ်ဝါသနာပါသလား”
“..............”
“စိတ်ဝင်စားနေလိုက်တာ ဘာစာအုပ်လဲ”
“စံရွှေမြင့်ပါ”
“အပြင်က ငှားလာတာထင်တယ်”
“အကြောင်းမရှိ အကြောင်းရှာပြီး လိုက်လာတာ မသိဘူး မှတ်သလား”
“အကြောင်းရှိတာပေါ့”
“ဘာလဲ”
“သိသားနဲ့”
“သိပါဘူး”
“မအေးမယ်ဟာ.... လူတော်ပဲ၊ အပွေးမြင် ဒီအပင် ဘာအသုံးကျတယ်ဆိုတာ သိရမှာပေါ့”
“သူ့ကို မေးစရာတစ်ခုရှိတယ်...”
“အဲဒါသိလို့ လိုက်လာတာပေါ့”
“ဖောက်ပြီ အကောင်းပြောမလို့ဟာ”
“ဘာကိုလဲ”
“သူ့နာမည်လည်း သိထားချင်လို့ပါ...”
“နက်ဖြန်မှ ပြောမယ်”
“ဘာဖြစ်လို့...”
“ရှက်လို့”
“သူကများ...”
နာမည်သိချင်ရင် နက်ဖြန် ယုဒသာန် လမ်းထိပ်က အုတ်ခုံလေးမှာစောင့်”
“ဟေ့ တို့လည်း အဖြေမပေးဘဲ အနိုင်နဲ့ မပိုင်းနဲ့။ ဟေ့... အို...သိပ်ဆိုးတဲ့ ကောင်လေး ...”
ဗုဒ္ဓဟူးနေ့
မန္တလေးဆောင်
အခန်း- M ၁၀၂
“ဒီမယ် မင်း မအေးမယ်ရဲ့ သူငယ်ချင်း မဟုတ်လား”
“ဘာကိစ္စရှိလို့လဲ”
“မအေးမယ် ကျောင်းမတက်ဘူးလား”
“တက်သားပဲ”
“မတွေ့လို့ပါ”
“ကျွန်မနဲ့ အမြဲတမ်းတွဲလျက်ပဲ”
“ကျွန်တော်နဲ့ ချိန်းထားတာက တစ်နေရာပဲ”
“ချိန်းထားတဲ့နေရာမှ ကျွန်မ မသိဘဲ”
“ခင်ဗျားကို ချိန်းတာမှ မဟုတ်တာ”
“ရှင်နဲ့ သူနဲ့သိလို့လား”
“မသိဘဲ ချိန်းပါ့မလား”
“သူ ရှင်နဲ့ မတွေ့ချင်လို့ နေမှာပေါ့....”
“မဖြစ်နိုင်တာပဲ”
“ကိစ္စရှိလား.....”
“ကျွန်တော့်နာမည်ကို သူသိချင်တယ် ဆိုလို့ပါ၊ ခု....သူဘယ်သွားလဲ”
“အဆောင်ပြန်သွားပြီ။ ယူ့နာမည် ပြောခဲ့လေ.....”
“မောင် လို့ ပြောပေးပါ”
“ဘာရယ်”
“သြော် “မောင်” လို့ပါ”
ကြာသပတေးနေ့
ဘွဲ့နှင်းသဘင်ရှေ့
“ဟေ့ ဟေ့....”
“ကိုယ့်ကို ခေါ်တာလား”
“သူ့ကိုပေါ့...”
“ဆန်းတယ်နော်”
“ဘာကိုလဲ”
“ချိန်းမထားလည်းပဲ တွေ့တတ်လို့ပါ”
“မခနဲ့ပါနဲ့ .... မနေ့က တို့နေမကောင်းလို့ မလာတာပါ....”
“ကိုယ်နဲ့တွေ့ရင် ပိုနေမကောင်းမှာ စိုးလို့လား”
“အင်း... ဟုတ်တယ်”
ကိုယ်ကတော့ မအေးမယ်ကို မတွေ့လို့ ရင်ပူလိုက်တာ”
“လွန်တယ်ကွာ- တကယ်ပဲ”
“ခုကော တွေ့ချင်စိတ်ရှိရဲ့လား”
“သူကကော”
“မအေးမယ်က ... အတွေ့မခံမှာ စိုးနေတာ”
“မနေ့က သူ့ကိုသတိရနေပါတယ်”
“ဘာဖြစ်လို့”
“ချိန်းထားတဲ့နေရာမှာ သူစောင့်နေမှာကို သနားလို့ပေါ့”
“သူ သူလို့ မခေါ်ပါနဲ့၊ နာမည် ပြောခဲ့သားပဲ”
“သူပေးတဲ့နာမည်လား”
“အင်းပေါ့”
“ခု ဘယ်ခေါ်လို့ ဖြစ်ပါမလဲ”
“မနက်ဖြန်မှ ခေါ်မယ်လေ”
“ဒီတစ်ခါ `မအေးမယ်´က စချိန်းတာနော်”
“ဘာလဲ၊ သူက ကလဲ့စား ချေမလို့လား ရှောင်နေမှာလား...”
“မအေးမယ်နဲ့ဆို ဘယ်ကို သွားရသွားရပါ”
“နက်ဖြန်လာခေါ်လေ”
“ဘယ်ကိုလဲ”
“တို့အဆောင်ကိုပေါ့”
“ပြီးတော့ ဘယ်သွားကြမလဲ”
“ဗိုလ်ချုပ်ဈေးကိုပေါ့လို့”
သောကြာနေ့
ဗိုလ်ချုပ်ဈေး
“ရေခဲရေ သောက်ချင်သေးတယ်...”
“ဟင်... ကျောက်ကျောဆိုင်မှာလည်း သောက်ခဲ့သေးတယ် မဟုတ်လား..”
“သူ့ကိုတောင် လက်တို့ရသေး၊ ရေတွေက မသန့်လို့...”
“ဟုတ်လား”
“ဒီမှာက အ၀သောက် ငါးပြား၊ ရောင်းတဲ့ ကောင်ကလေးကလည်း သနားစရာ..”
“ဘဝဆိုတာ ဒီလိုပေါ့၊ ဟိုဥစ္စာ အင်း”
“လွန်တယ်ကွာ.. တကယ်ပဲ..”
“ဘယ်သွားချင်သေးလဲ”
“ပေါင်ချိန်ကြည့်ချင်သေးတယ်..”
“ရော့ ဆယ်ပြားစေ့ အလေးစေ့”
“ဟော့တော့...”
“ဘာဖြစ်လို့လဲ”
“ကိုးဆယ်ငါးပေါင်တဲ့ နှစ်ပေါင်တောင်မှ တိုးလာတယ်...”
“ဗေဒင် ကတ်ပြားလည်း ရတယ် မဟုတ်လား၊ ဘာတဲ့လဲ”
“ဟီဟိ”
“ရှက်ရပြန်ပြီ၊ ကဲ တိုးတိုးလေးပြော”
“မျက်စိမှိတ်ထားမှ”
“ကဲပါဗျာ... မှိတ်ပါပြီ”
“အင်း... အဟမ်း ဘာတဲ့ မိမိအား တစ်ဖက်သတ် ပိုးပန်းနေသူအား မချစ်လိုက်ပါနှင့်တဲ့”
“အလကား ဗေဒင်ကို ကိုယ်မယုံဘူး”
“တို့တော့ ယုံပါတယ်..”
“ကဲ.. ဘယ်သွားချင်သေးလဲ”
“သိဘူးလေ ခုဘယ်နှနာရီလဲ..”
“သုံးနာရီခွဲတော့မယ်..”
“သူကော ဘယ်သွားချင်လဲ”
“သုံးနာရီခွဲဆိုတော့ ... ဟေ့... သုံးဘီး ဟေ့...”
“ကားဆရာ ဝိဇယရုံကို မြန်မြန်မောင်းပါ နော်...”
“ဝိဇယရုံမှာ (Show Down) ပြနေတာ သေချာတယ်နော်”
စနေနေ့
အင်းလျားကန်စောင်း
“ငိုပါနဲ့ မအေးမယ်ရယ်”
“.........................”
“မအေးမယ်ကို မောင်ချစ်ပါတယ်”
“တို့ ကြိုးစားပါတယ်ကွယ်.. ဒါပေမဲ့ ငိုချင်တယ်”
“မောင့်ကို မအေးမယ် ချစ်တယ်မဟုတ်လား”
“မောင်ဟာလေ”
“တိတ်ပါ အေးရယ်”
“အမြတ်တနိုးထားအပ်တဲ့ ဘဝတစ်ခု ဆုံးရပြီမောင်”
“မောင့်မှာ.... အပြစ်မကင်းပါဘူး....၊ မောင် တောင်းပန်ပါတယ်”
“တို့ကိုယ်တိုင်ကလည်း မစောင့်စည်းတာပါ”
“အေးလေးရယ်”
“အို.. မောင်ရယ် ...”
တနင်္ဂနွေနေ့
အင်းလျားကန်စောင်း
“မောင်ရေ”
“ဗျာရေ”
“နက်ဖြန်ကျရင်လေ”
“လက်မှတ်ဝယ်ထားပြီးပါပြီဗျာ”
“ဟယ် မောင်ရယ် လိမ္မာလိုက်တာကွယ်”
“ချစ်တော့ အလိုက်သိရတာပေါ့”
“လွန်ပြီဟေ့... အို..”
“ရှေးလူကြီးတွေ သိပ်တော်တာပဲ၊ ပင်လယ်ရေသောက်ရသလိုပဲ”
“ဟေး.. သနပ်ခါးတွေ ပျက်ကုန်ပြီကွာ ..”
“ပျက်လက်စနဲ့ မလှဘူး။ အကုန်ဖျက်ပစ်မှပေါ့......”
“မရဘူး...မရဘူး၊ ဖယ်ကွာ... မွန်းတယ် ...”
“အို... သိပ်စကားများတဲ့ ပါးစပ်ကလေး”
“...........................”
တနင်္လာနေ့
သမ္မတရုပ်ရှင်ရုံ
“မင်းသားက ချောလည်း မချောဘူး”
“အမူအရာ ကောင်းသားပဲ ”
“နက်ဖြန်ကျရင်လေ”
“လှမှတို့က ကြိုက်တာ”
“မောင်ကျတော့ကော”
“မောင်က ချောပါတယ်”
“ဟေ့...တော်တော့... ကဲ ဘယ်သွားချင်သေးလဲ...”
“သိဘူးလေ...ဘယ်နှနာရီလဲ”
“သုံးနာရီခွဲတော့မယ်..”
“မောင်ကော.. ဘယ်သွားချင်လဲ..”
“ဟေ့...သုံးဘီး၊ ဟိုး..ဟိုး...”
“ဗိုလ်ချုပ်ဈေးမှာ ခေါက်ဆွဲ ဝင်ဝယ်ရအောင်”
“ဒီမှာ... ကားဆရာ၊ မကြာပါဘူးဗျာ၊ ဗိုလ်ချုပ်ဈေးကို အရင်သွားရအောင်”
“ပိုပေးပါ့မယ်ရှင်”
“ပြီးတော့ အင်းလျားဂျူးဘန်းကို သွားမယ်လေ”
အင်္ဂါနေ့
တိုက်ခန်းတစ်ခု (ဝင်ဒါမီယာ)
“ဒါနဲ့ ချစ်တယ်ဆို...”
“ဒီနေ့တော့ တောင်းပန်ပါတယ်....”
“မရဘူး မရဘူး....”
“ဟင်း... မောင်နော်...
ဘို့တစ်ဘို့တည်း မကြည့်နဲ့နော်ကွာ-”
“ချစ်လို့ပေါ့”
“နက်ဖြန်ကျမှကွယ်...”
“ခုမှပဲ... ခုမှပဲ...”
“တော်ပြီမောင်... မောင့်ကိုမုန်းတယ်..”
“တကယ်လား...”
“တကယ်..”
“ကောင်းပါပြီ အေးရယ်..”
“ဟင်း ... သူ့စိတ်ကြီးပဲ...”
“မောင် ဝမ်းနည်းတယ်...”
“ဟယ် မောင်မျက်ရည်တွေနဲ့..”
“............................”
“မောင်ရယ် ခက်ပါလားကွယ်...”
“............................”
“မငိုပါနဲ့ကွယ်... တို့ပါငိုမိလိမ့်မယ်...”
“....................”
“ကဲ... တိတ်တော့နော်”
“အေးကို ချစ်လို့ပါ”
“မောင့်ကို ချစ်လို့သာပေါ့”
ဗုဒ္ဓဟူးနေ့
အနုပညာအသင်းရှေ့
“ဒီမယ်”
“ဆိုလေ”
“မအေးမယ်နဲ့ မတွေ့ဘူးလား..”
“သူ ကျောင်းမတက်တာ ကြာပြီ...”
“ကျေးဇူးပါပဲ...”
ကြာသပတေးနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄
“ဒီမယ်... မအေးမယ်ရဲ့ သူငယ်ချင်း”
“အေးအကြောင်း မေးမလို့လား...”
“ဒါပေါ့”
“ညနေကျရင်၊ အရင်နေရာကို လာခဲ့ပါတဲ့ ...”
“ကျေးဇူးပါပဲ..”
“လိုပါဘူး”
သောကြာနေ့
ဗဟိုစာကြည့်တိုက်
ဒီမယ်... အေးရဲ့သူငယ်ချင်း”
“မနေ့က အေးနဲ့မတွေ့လို့ မဟုတ်လား”
“ခင်ဗျား.. နောက်လိုက်တာလား”
“အို့ ရာရာစစ ”
“ဒါဖြင့် ဘာလို့ အေးက စောင့်ခိုင်းတာလို့ ပြောသေးလဲ...”
“မနေ့က သူဒီအတိုင်းမှာသွားလို့ပေါ့”
“ဒီနေ့ကော - ဘာမှာလိုက်သေးလဲ”
“နောက်ကို မတွေ့ကြပါစို့နဲ့တဲ့၊ သူ့ကို မေ့လိုက်ပါတဲ့၊ သူကလည်း မေ့လိုက်တော့ မယ်တဲ့..”
“သူ စိတ်ပြောင်းပြီပေါ့..”
“စိတ်တစ်ခု... ရုပ်ကိုးဆယ်တဲ့....ရှင်”
“ခုလိုကူညီတာ ကျေးဇူးများစွာပါပဲ...”
“လိုပါဖူး”
စနေနေ့
မန္တလေးဆောင်
အခန်း- M ၁၀၄
“ဒီမယ်...အေးရဲ့သူငယ်ချင်း”
“ဘာလဲ.. အေးအကြောင်း မေးဦးမလို့ လား...”
“ဟုတ်ပါဘူး”
“ဒါ့အပြင် ဘာကိစ္စမှ မရှိပါလား”
“ရှိတာပေါ့”
“ဘာကိုလဲ”
“မေးစရာ ရှိသေးလို့ပေါ့”
“ဘာကိုလဲ”
“သြော်... နာမည်လေးသိပါရစေ”
“....................”
“ပြောလေ... နာမည်လေးက ဘာတဲ့လဲ ကွယ်...”
“သိဘူး”
“ဟယ်.ဆန်းလိုက်တာနော်၊ ဒီနာမည်မျိုး ဒီတစ်ခါပဲ ...ကြားဖူးတယ်`သိဘူး´ တဲ့”............................။
`စနေချစ်သူ’ဝတ္ထုတိုကိုတော့ ရည်းစားများတဲ့ လူငယ်တွေ အကြောင်းဖွဲ့တာပါ။ ကိုယ်တွေ့ မဟုတ်ပါဘူး။ သူငယ်ချင်း ကဗျာဆရာ မောင်သင်းအောင် (မုံရွာ) (ယခု မြင့်ဆောင်)ရေးတဲ့ ဝတ္ထုတိုလေးကို ရေးဟန်ပုံစံသဘောကျတာနဲ့ သူ့ဆီက ခွင့်တောင်းပြီး ပြန်ရေးခဲ့တာပါ။
သုမောင်
မှတ်ချက်။
ဒီဝတ္ထုတိုကလေးကို Perfect မဂ္ဂဇင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ သိမ်းထားတာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် မူလတင်ထားတဲ့ ပိုင်ရှင်အား ခွင့်မတောင်းပဲ တဆင့်ပြန်လည်တင်ပြခြင်းကို နားလည်မည်ဟု ထင်ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။
Thursday, September 9, 2010
တို့လို့တွဲလောင်း ဘဝများ

လိုင်းကားတွေပေါ်မှာ တို့လို့တွဲလောင်းနဲ့ လိုက်ပါသွားတဲ့ သူတွေကိုတွေ့တိုင်း ဒီလူတွေ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်လို့ ကျွန်တော် အမြဲတွေးမိတယ်..။ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ကို ရောက်နိုင်ပြီလို့ ယုံကြည်လို့ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုဆိုရင်... အဲဒီလိုလူတွေရဲ့ ဘဝပန်းတိုင်တွေ ဆိုတာကရော... အဲလိုပဲ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ ရောက်နိုင်ပြီလား...
စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာချည်းပဲ....
တွေးမယ်ဆိုရင်လည်း တွေးစရာချည်းပဲ...
ပြောမယ်ဆိုရင်လည်း ပြောစရာချည်းပဲ...
မေ့ပစ်မယ်ဆိုလည်း မေ့ပစ်စရာချည်းပဲ...
မနေ့ညက တာမွေအဝိုင်းကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို သွားဖြစ်တယ်...၊ စီးသွားဖြစ်တဲ့ လိုင်းကားက ဘီအမ်လေးပါ။ ကားက လူချောင်တယ်...၊ ခုံအလွတ်တွေချည်း တော်တော်များများရှိနေလို့ ကျွန်တော်လည်း ထိုင်ခုံရတယ်ပေါ့ဗျာ...။ ကျွန်တော့်ဘေးမှာလည်း အသက် (၂၇)နှစ်လောက်ရှိတဲ့ အစ်ကိုတစ်ယောက် ထိုင်တယ် ဗျ..။ ထမင်းချိုင့်နဲ့ ဘာနဲ့ဆိုတော့ အလုပ်ကနေ ပြန်လာတာဖြစ်မယ်။ ဒီလိုနဲ့ ကားခပေးကြတယ်၊ ကားခက နှစ်ရာ တဲ့...။ ကျွန်တော်ပေးလိုက်တယ်၊ ကျွန်တော့်ဘေးက အစ်ကိုကတော့ တစ်ရာတန်တစ်ရွက်ပဲ ထုတ်ပေးတယ်ဗျ။ ကားစပယ်ရာက "မရဘူး၊..နှစ်ရာ" လို့ ပြန်ပြောတယ်။ အဲဒီ အစ်ကိုက မပါတော့ဘူးလို့ ပြောလိုက်ပုံရတယ်...။ ကားစပယ်ရာက မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြန်ပြောလိုက်တယ်ဗျ...
"တစ်ရာဆို မတ်တပ်ထစီး...."
အဲဒီလိုပြောလိုက်ပေမယ့် ဟိုအစ်ကိုက မျက်နှာ တစ်ချက်ပျက်မသွားဘူး၊ အေးအေးဆေးဆေးပဲ မတ်တပ်ရပ် စီးရှာတယ်၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာနဲ့ သူ့ပုံစံအရ ကျွန်တော်က ထပြီး စိုက်ပေးလိုက်မယ်ဆိုရင်လည်း သူ့ကို စော်ကားရာရောက်မယ့် အခြေအနေမျိုး ဖြစ်နေ တယ်။ သူ့မျက်နှာမှာ သိမ်ငယ်မှု မရှိဘူး၊ ဘာပဲပြောပြော ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် အဲဒီအစ်ကိုရဲ့ ပုံစံကို သဘောကျလေးစားသွားတယ်။ နောက် တစ်ဆက်တည်း ဒါ ယောကျာ်းတစ်ယောက်ရဲ့ အတ္တနဲ့ မာန ပဲ...လို့လည်း တွေးလိုက်မိတယ်။
ဒါပေမယ့် ဒါ သိပ်တော့ သဘာဝမကျလှဘူး၊ ကားထဲမှာ ထိုင်ခုံအလွတ်တွေရှိနေပါရဲ့နဲ့ လူတစ်ယောက် မတ်တပ် ရပ်စီးနေရတယ်...။ ကားစပယ်ယာရဲ့ အတွေးအခေါ်နဲ့ လုပ်ပုံကပဲ ကျွန်တော် စဉ်းစားမရနိုင်လောက်အောင် လက်တွေ့ ကျနေတာလား၊ ဒီကနေ ဟိုကိုသွားမယ့်ခရီးမှာ...ကားပေါ် လူတစ်ယောက် ထိုင်နေလို့ ကားပိုလေး သွားမှာလား...။ ထိုင်စီးရင်လည်း ဒီခရီး၊ ထစီးရင်လည်း ဒီခရီး...အတူတူ။ ထိုင်ခုံအလွတ်တွေကို ဒီအတိုင်းထား ပြီး ငွေတရာမရှိလို့ ဆိုပြီး လူတစ်ယောက်ကို ညှဉ်းပန်းတာမျိုးလား....။
အဲဒီအဖြစ်လေးကိုကြည့်ပြီး ကျွန်တော် ဆက်တွေးမိတယ်...၊ ပိုက်ဆံတစ်ရာ မပေးနိုင်လို့ ထစီးနေတဲ့ အစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုရုန်းကန်နေရတဲ့ ခေတ်လူငယ်တွေကိုများ ကိုယ်စားပြုနေသလား...၊ ဘာဖြစ်လို့လဲ ဆိုတော့ ငွေအားကိုး၊ လူကပ်အားကိုးနဲ့ ဘလိုင်းကြီး ကျော်တက်ခံရတဲ့အပြင် တစ်ခါတစ်ခါ မတ်တပ်ရပ်စီးဖို့ပါ အမိန်ပေးခံရတာတွေ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်များများ ကြုံတွေ့ခဲ့ရပြီးပြီလဲ...
ဒါပေမယ့်လည်း... ကိုယ့် ရည်ရွယ်ရာပန်းတိုင်လေးတွေဆီ ရောက်ဖို့အတွက်တော့...လက်တစ်ဖက်ကိုင်စာရရင် လက်တစ်ဖက်စာနဲ့၊ ခြေတစ်ဖက်ရပ်စာရုံလေးရရင် ခြေတစ်ဖက်စာနဲ့ ဘဝကို တို့လို့တွဲလောင်း လိုက်ပါဖြတ်သန်း ရင်း ခရီးဆက်နေကြရဦးမှာပါပဲလေ....
Wednesday, December 30, 2009
ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်

အမေက ချောတယ်။အမေမှာ နှစ်လိုဖွယ် သွားတက်တစ်စုံရှိတယ်။ ကျွန်တော်အမွေမရတဲ့ ပါးချိုင့်လေးလဲရှိတယ်။အဖေနဲ့တူတဲ့ ကျွန်တော်ကို ဘာလိုများအမေရယ်၊ အမေလို အသားဖြူအောင် မမွေးတာလဲလို့လဲ မကြာခဏ အပြစ်တင်မိတယ်။ ကျွန်တော်ဂုဏ်ယူမိတာကတော့ အမေရဲ့ နူးညံ့ပျော့ဆင်းပြီး ပိတုန်းရောင် ဆံနွယ်ရှည်ရှည်တွေလေ။ ဆံပင်လျှော်ပြီးတိုင်း ခြေဖျားအထိ ဖျာဆင်းကြနေလိုက်တာ အမေဖဝါးနုနုတွေပေါ်ကို သက်ဆင်းနေလေရဲ့။အမေက နူးညံသိမ်မွေ့ပေမယ့် အားမာန်ပြည့်တဲ့ အရောင်လက်နေတဲ့ မျက်ဝန်းနက်နက်တစ်စုံကိုလဲ ပိုင်ဆိုင်တယ်။
အမေက ရိုးသားတယ်။သူက ပီကာဆိုကို မသိဘူး။ဒါပေမယ့် အိမ်ကို ဘယ်လိုလှအောင် ဖွဲ့တည်ရမယ်ဆိုတာသိတယ်။ အမေ လေးဖြူရဲ့ ကန္တာရလမင်းကိုလဲ မသိဘူး။သူသိတာ မနက်မနက်ဖွင့်နေကြ တောင်တန်းသာသနာပြု ဆရာတော် ပရိတ်ခွေ။အမေက ဂီတကိုမသိဘူး။ ဒါပေမယ့် ကျွန်တော်အတွက်တော့ ဆိုနီကက်ဆက်လေး ဝယ်ပေးတယ်။ သီချင်းနားထောင်ဖို့တဲ့။အမေက ကဗျာတွေ၊ ကာရံတွေ မသိဘူး။ ကျွန်တော့်ကဗျာတွေ ဖတ်ပြီးတိုင်း ငတ်ချင်နေတဲ့အကောင်တဲ့။ သူသိတာ ကျွန်တော်ပညာရှိကြီး ဖြစ်ရေးကိုး။ အမေက ကမ္ဘာ့ဈေးကွက် ဆိုတာမသိဘူး။ သူသိတာ မနက်ဖြန် ကုန်ဈေးနှုန်းမတက်ဖို့ပဲ။ အမေက ဟမ်ဘာဂါတွေ၊ ပီဇာတွေ မလုပ်တတ်ဘူး။အမေ့လက်ရာ ချည်ရည်ဟင်း တခွက်ကတော့ ကျွန်တော့်အတွက် နတ်သုဒ္ဒါပဲ။
အမေက သဘောကောင်းတယ်။အမေ့ကို ကျောင်းမှာ လောကတ်သန်ကျကွဲတယ်ဆိုပြီး မုန့်ဖိုးလိမ်တောင်ဖူးတယ်။ အမေက ဟက်ဟက်ပက်ပက်ကို ရီပြီး မုန့်ဖိုးတွေ ကုန်သွားပြီလား ဆိုပြီး ပိုက်ဆံထုတ်ပေးတယ်။သားက လောကတ်သန်ကြီးကိုများ ဘယ်လိုချခွဲလိုက်တာများလဲသားရယ်တဲ့။ကျွန်တော် မုန်ဖိုးရဖို့သာ သိတာ အမေက ဘီအီးဒီဆရာမ ဆိုတာ ကျွန်တော်မေ့သွားတယ်။အဘွားက ပြောတယ်။နင့်ကိုယ်ဝန်နဲ့ ကျောင်းအုပ်ဆရာမအဖြစ်နဲ့ ပူတာအိုကို ရွှေ့ရမှာ သူ့ကလေးလေး ဗိုက်ထဲမှာ ရှိနေတာ ဝေးလံခေါင်ဖျားတဲ့နေရာမှာ မွေးရင် ဒုက္ခရောက်မယ်ဆိုပြီး အလုပ်က ထွက်လိုက်တယ်တဲ့။ ကျွန်တော် မှတ်မိတဲ့ အရွယ်ထဲက မေမေက အိမ်မှာနေပြီး ကျွန်တော်တို့ ညီအကို နှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်ပြန်မပေးနိုင်တဲ့ အရာအားလုံး အမေက ကျွန်တော်အတွက် စွန့်လွှတ်ခဲ့လေရဲ့။
အမေက မိုးငွေ့တွေဝေနေတဲ့ စက်တင်ဘာထဲမှာ ကျွန်တော်ကို ထားခဲ့တယ်။ထိုနေ့က အမြဲမက်တဲ့အိမ်မက်ရှည် တစ်ခုပါပဲ။အခုထိတောင် အေးခဲစွာ အမှတ်ရမိနေတုန်းပဲ။ အဲဒီနေ့က ကျွန်တော်ကျောင်းမှာ ကိုးတန်း အတန်းတင် မြန်မာစာဖြေရတဲ့နေ့။ မိုးလေးတဖွဲဖွဲနဲ့ ကျောင်းသားတွေ အကြိုက် အေးအေးလူလူ စာမေးပွဲဖြေကြရတယ်။ ဖြေပြီးလို့ ကျောင်းကဆင်းတော့ ကျောင်းအုပ်ကြီး ရုံးခန်းက ကျွန်တော်ကို လာခေါ်တယ်။ ရုံးခန်းထဲမှာ အဖေရယ်၊ အမေ့မောင် ဦးလေးရယ် စောင့်နေကြတယ်။သူတို့မျက်နှာတွေက အပြင်မှာ ရွာနေတဲ့မိုးတိမ်တွေလို ပြိုဆင်းညိုမှောင်နေတယ်။အဖေကတော့ ကျွန်တော့်လက်ကို ခပ်တင်းတင်းကိုင်ရင်း သား စာမေးပွဲဖြေနိုင်လား။ ကြိုးစားနော်။ သူအသံတွေက တိမ်ဝင်လာတယ်။အဖေနဲ့ အိမ်ပြန်တော့ ကျွန်တော်တို့နေတဲ့ အိမ်ကိုမဟုတ်ဘူး။အမေ့အမေ အဖွားအိမ်ကို။
ကျွန်တော် အဖွားအိမ်ရှေ့လဲရောက်ရော ဆီမြင်ရတာက အနက်ရောင်ဘုတ်ကြီးပေါ်က အဖြူရောင်စာသားတွေ။အပေါ်ဆုံးက အမေ့နာမည်နဲ့ အသက်လေ။ကျွန်တော်မျက်စိတွေ ဘာမှမမြင်စွမ်းနိုင်တော့ဘူး။ မျက်ရည်တွေက ပိတ်ကားတားဆီးလိုက်ပြီလေ။ဒါဆိုရင် အမေက ကျွန်တော်ဆီက ထွက်သွားပြီပေါ့။ချန်ရစ်သူနဲ့ ကျန်ရစ်လေသူ ကြားမှာ သေခြင်းတရားကြီးက သွင်သွင်ကြီး စီးခြားနေပြီလေ။လွတ်ကျသွားတဲ့ အသံက အခုမှ ပဲတင်ရိုက်နေတယ်။ဆရာဦးသုခတို့လို အမေဆိုပြီး တမ်းတမ်းတတ ရွတ်ဆိုရင်း အမေကဗျာတွေ ဖွဲ့ဆိုရတော့မယ်လေ။ငါသေရင်မငိုရဘူးနော် အမေရဲ့မှာတမ်းထဲကနေ မျက်ရည်တွေ သွင်သွင်စီးထွက်ခွင့်ပြုပါအမေ။ သားငိုချင်နေတယ်။တုန်ရီတဲ့ လက်တွေနဲ့ အမေကိုဖွဲ့ဆိုတဲ့ ကဗျာတွေ စပ်ဆိုခွင့်ပြုပါအမေ။
မဆုံးခင် ခြောက်လလောက်ကတည်းက အမေက ကျွန်တော်တို့နဲ့ မနေတော့ဘူး။ အဖေဆီခွင့်တောင်းပြီး အဖွားဆီပြန်နေတယ်။နောက်ပြီး အရင်ထဲက တရားထိုင်နေတဲ့ အမေ အဲနောက်ပိုင်း ပိုပြီး စိတ်လာတယ်။အကြာကြီး ထိုင်နေတယ်။ တရားဓမ္မသံတွေကြားထဲမှာပဲ အမေပျော်မွေ့တော့တယ်။ အသိတရားနဲ့ သူ့သားတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားခဲ့တယ်။သူဖြေနေတဲ့ အဘိဓမ္မာ ပထမပိုင်းကိုလဲ ဝေဒနာတိုက်ပွဲတွေကြားကနေ ခဲရာခဲဆစ် အောင်မြင်အောင် တိုက်သွားနိုင်ခဲ့တယ်။ သားယုံကြည်ပါတယ်အမေ အမေ ကောင်းရာဘုံဘဝရောက်နေတယ်ဆိုတာကို။
အမေက ကျွန်တော့်ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်တစင်းပါ။ ကြွေသာကျသွားပေမယ့်လဲ အလင်းရောင်တန်းအဖြစ်နဲ့ ဆက်လက်လင်းနေဆဲပါလေ။
အမေ.....
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။
ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။
ဒီပိုစ်လေးနဲ့ပဲ ၂၀၀၉ ခုနှစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။လာမည့် ၂၀၁၀ မှာ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေဗျာ။
ဓာတ်ပုံကို အမေဘလောခ့်မှ ကူးယူဖော်ပြပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။
Tuesday, December 22, 2009
ကျဆုံးခြင်း
မထင်မှတ်တဲ့ မြင်ကွင်းတွေကြောင့် ရင်ထဲက သာယာကြည်နူးမှုလေးတွေ လွင့်စင် ပျောက်ကွယ်သွားတယ်။ငါချစ်နေတဲ့သူက အခြားသူရင်ငွေ့မှာ သာယာကြည်နူး နေလေရဲ့။ငါဒီမြင်ကွင်းကို ဘယ်လိုရင်ဆိုင်ရမှာလဲ၊ မြင်ရက်နိုင်မှာလဲ။ ရင်ထဲဆိုနစ်လာတဲ့ ငါ့ဝေဒနာ ဘယ်သူများသိနိုင်မှာပါလဲ။ဒီကမ္ဘာမှာ ငါရှင်သန်လျှက်နဲ့ပင် ကျဆုံးခဲ့ရပြီ။
တစိုက်မတ်မတ် ကြည်နူးမှုတွေနဲ့ ဆိုက်ရောက်လာတဲ့ ငါ့ကို တခြားသူရင်ခွင်ထဲက မင်းပုံရိပ်တွေနဲ့ စီချင်းထိုးလိုက်တာများ သေကောင်ပေါင်းလဲ မတတ်ပဲ။ ငါ့နယ်ရုပ်ကလေး မင်းက ဧကရာဇ်မင်းမှ ချစ်လို့ ဘုရင်မအဖြစ်နဲ့ ငါ့ကို စားသွားပြီကို။ အချစ်ကစားပွဲမှာ ငါ့နှလုံးသားတွေ အတုံးအရုံး ကျရှုံးခဲ့တာ မြေကြီးပေါ်ရပ်တည်နေတဲ့ ခြေလှမ်းတို့ ယိမ်းယိုင်ပြိုလဲ သွားမလားပဲ။
ကိုယ်ချစ်သူ တခြားရင်ခွင်မှာ နစ်ဝင်နေတဲ့ အမြင်အောက်က ငါလှည့်ထွက်လာမိတယ်။ ငါ့ကိုယ်ငါရှင်သန်လိုစိတ်လဲမရှိတော့ဘူးလေ။ဘာများထူးဦးမှာလဲ။ဟိုင်းဝေးလမ်းမကြီးပေါ် ငါ့ခြေလှမ်းတို့ ဦးတည် ပြေးလွှား။အားလုံးထားခဲ့ပစ်လိုက်ခဲ့ပြီ အချစ်လေး။သေချာတာ သိပ်ချစ်လို့၊ မခံနိုင်အောင် ရူးသွတ်လို့၊ လိုချင်တာ ရှုံးနိမ့်လို့ ငါအဝေးဆုံးကိုပြေး ......ပြေးသွားမိပြီ။
မျက်စိတွေမှိတ် မေ့ပျောက်ဖို့ ကြိုးစားလဲ ထင်လာခဲ့ မင်းတို့ပုံရိပ်တွေငါ့မျက်ဝန်းတွေထဲမှာ မိတ္တူပွားသလို ပွားများကုန်ပြီ။ဖျောက်ဖျက်နိုင်စွမ်းမဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ အတိတ်ပုံရိပ်တွေ မှေးမှိန်ပျောက်ကွယ်ဖို့ နည်းလမ်းတစ်ခုကတော့...............
ငါ့ခေါင်းကို ငုံ၊ ခြေအစုံမြှောက် အရှိန်အဟုန်ဖြင့် တလကြမ်း ဖြတ်သန်းမောင်းနှင် နေကြတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ကားတွေကြား အတင်းတိုးဝင် ဖြတ်ကူးခဲ့ပြီပေါ့။
မျက်စိကိုမှိတ် နောင်ဆက်ကူးမည့် ဘဝအသစ်ကိုတွေးရင်း ငါ့ထံသို့ ဦးတည်လာနေသော ကားတန်းဆီးသို ဦးလှည့်လိုက်မိတော့သည်။
ဒီကားလေးကို ကြည့်ရင်း ခွေးလေးတစ်ကောင်ရဲ့ အဖြစ်ကလေးက သနားဖွယ်၊ ပြုံးရယ်ဖွယ် ရိုက်ကူးထားတဲ့ Bridgestone ကားဘီးကြော်ငြာလေးတစ်ခုပါ။ဒီအတိုင်း ဗီဒီယိုဖိုင်ကြီးပဲ တင်လိုက်တာထက် ခွေးကလေးရဲ့ နေရာဝင်ပြီး ခံစားကြည့်ရင်း စာဖွဲ့လိုက်တာပါ။မူရင်းဗီဒီယိုက www.kewego.com ကရတာပါ။
နောက်ထပ် Bridgestone ကြော်ငြာလေးတွေပါ။စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတွေရဲ့ idea ကို ချီးကျူးမိပါတယ်ဗျာ။ဒီကားလေးတွေ ကြည့်ရင်း အားလုံးပဲ ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။
Tuesday, December 8, 2009
နေဝင်ချိန် ဇရာအို၏စိတ်ကူး
♥ အချစ်စတင်ပေါက်ဖွားရာမှသည် ခိုင်မာသော သစ္စာဖြင့် ယှက်နွယ်ရင်း တွဲလက်တွေခိုင်မြဲဖို့ဆိုတာ အလွန်တရာမှ ခက်ခဲပါသည်။အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ စိတ်သဘောထား ကွဲလွဲသွားကြတဲ့ အတွဲတွေ ကမ္ဘာမြေမှာ ထုနဲ့ထေး။ ကွယ်ဝှက်နေတဲ့ သံယောဇဉ်အမျှင်ကြောင့် ရတုအဆက်ဆက် ဖြတ်သန်းလာခဲ့ကြတဲ့ နေဝင်ခါနီး ဇရာအိုမောင်နှံတွေကလည်း သိန်းနဲ့သန်း။အိုမင်းမှုရဲ့ နောက်ဆက်တွဲရလာဒ်က ဇရာအိုရဲ့ သူငယ်ပြန်စိတ်ကူးလေးတွေပါ။
❇ ဒီဇင်ဘာ ဆောင်းတွင်းရက်စွဲ အချို့မှာပေါ့။ နှင်းမှုန်တွေ ပြေးကပ်လာတဲ့ ပြတင်းပေါက်မှ အပြင်သို့ ငေးရင်း သိုးဆောင်းဘိုးဘိုးတစ်ယောက် မနက်ဖြန် မင်္ဂလာသက် နှစ်ငါးဆယ် ရွှေရတုကို တွေးရင်း ပျော်နေမိသည်။ထိုလာမည့်နေ့သည် သူအတွက် ပျော်စရာလဲ ကောင်းနိုင်သည်။ရင်ခုန်စရာလဲ ဖြစ်နိုင်သည်။ကြည်နူးစရာလဲ ဖြစ်တန်ချေရှိသည်။ စိတ်ပျက်ညီးငွေ့ဖွယ် မရှိမှာတော့ အမှန်ပေ။
နှစ်တို့၏ သဘောသည် တရွေ့ရွေ့ကုန်ဆုံး လွင့်ပါးလာသလို သိုးဆောင်းဘိုးဘိုး၏
အသက်လဲ တစ်ဖြေးဖြေး ယိုင်နဲ့လာသည်။အသက် ခုနှစ်ဆယ်တန်း သိုးဆောင်းဘိုးဘိုးအတွက် အရာရာသည် အားအင်ချည့်နဲ့လာသည်။သို့ပေမယ်
မနက်ဖြန်ကား ဘိုးဘိုးအတွက် ငယ်မူပြန် အောက်မေ့ဖွယ်ရာ ငယ်ဘဝအရိပ်တွေ
ထင်ဟပ်စေလာနိုင်သည်။
သားသမီးတွေ အတောင်စုံ၍ သီးခြားခွဲထွက်ကာ နေရစ်ခဲ့သူ သူ့အတွက် ထိုအချင်းအရာသည် နှမြောစရာ နတ္ထိ။ လွမ်းဆွတ်မှု ဗလာအတိပေမယ့် ရွှေရတုကို
သိုးဆောင်းဘွားဘွားနှင့် ပျော်ရွှင်စွာ မဖြတ်သန်းရမှာကိုတော့ စိုးရိမ်မိသည်။
ကျန်ရစ်ခဲ့ကြသော သက်ငယ်အနမ်းများ၊ နုနုရွရွ မေတ္တာစကားများ၊ မဟောင်းနွမ်းသော အကြင်နာများ၊ ပျိုမြစ်တဲ့ ဂရုဏာများကို စမြုံပြန်နေသည်။
သိုးဆောင်းဘိုးဘိုးက အရင်နှစ်ဟောင်းက ကျင်းပခဲ့သော မင်္ဂလာရက်တွေနဲ့မတူသော အသွင်ဆန်းမည့် ရွှေရတုကို နေဝင်တော့မည့် ဇရာအို သူတို့မောင်နှံအတွက် အလွမ်းတွေကျန်ရစ်အောင် ဖြတ်သန်းချင်မိသည်။ သူတို့နှစ်ဦးရဲ့ ရည်းစားဦးကာလ ရင်ခုန်ခဲ့ရာ ပန်းခြံထဲမှ ခုံတန်းလေးမှာ ဖြတ်သန်းချင်မိသည်။
ဒီနှစ်ဆောင်းသည် ခါတိုင်းဆောင်းများနှင့် ကွဲလွဲစွာ နှင်းထူထပ်မှုမရှိခြင်းက သူ့အတွက် ဘုရားသခင်ပေးသော ရွှေရတုလက်ဆောင် ဖြစ်လေသည်။ ဒီရွှေရတုကိုလဲ ပုံမှန်သားသမီးတွေကို လှမ်းဖိတ်နေကြ။သူတို့တွေကပဲ သိုးဆောင်းဘိုးဘွား မောင်နှံအတွက် နှစ်စဉ် မင်္ဂလာနှစ်ပတ်လည်ပွဲများ ဖန်တီးကာလက်ဆောင်ပေးနေကြ ဖြစ်သော်လည်း ထိုအစဉ်အလာကို သိုးဆောင်းဘိုးဘိုး ညီးငွေ့လာသည်။
❇ " အချစ်ရေ၊ မနက်ဖြန် မင်းနဲ့တို့ ငယ်ငယ်က တွေ့နေကြ ခုံတန်းလေးမှာ တွေ့ရင်း တို့ရွှေရတုကို အမှတ်တရ ဖြတ်သန်းရအောင်ကွာ။အဲဒီမှာ နေခင်းတွေ့ပြီး ညမှ ညစာစားပွဲ လုပ်ကြတာပေါ့။ငါလဲ ငယ်ငယ်ကလို အဝတ်သစ်တွေဝတ်ပြီး စောင့်နေမယ်။ မင်းလဲ ငယ်ငယ်ကလို ပြင်ဆင်ပြီး လာခဲ့လေ။"
"ဒါဆို ကျမက ရှင်နဲ့စတွေခါစ ၁၆နှစ်သမီးတုန်းကလို ပြင်လာရမှာပေါ့။ဟုတ်လား။"
❇ ရွေရတုနေ့ရောက်တော့ သိုးဆောင်းဘိုးဘိုးက သူစီစဉ်ထားတဲ့ အတိုင်း ၁၆နှစ်သားတုန်းကလို ရှိုးစမိုးနှင့် ပြင်ဆင်ပြီး သက္ကလတ်အနွေးထည်ကြီးခြုံကာ
ပန်းခြံထဲသို့ နေ့လည်လောက်မှာ ထွက်လာခဲ့တယ်။ဘွားဘွားကတော့ မိန်းမသဘာဝ
ငယ်ငယ်ကလို ပြင်ဆင်နေရဦးမှာဆိုတော့ နောက်မှ လိုက်လာလိမ့်မည်။ပန်းခြံထဲက ခုံတန်းလေးမှာ ထိုင်ရင်း ရည်းစားဦးဘဝ စတွေ့ခဲ့ကြစဉ်က ပေးနေကြ ပန်းစည်းလေးကို လက်ထဲကိုင်ကာ စိတ်ရှည်စွာ ဘွားဘွားကို မျှော်နေမိသည်။
ဤနေရာလေးမှာပဲ သူတို့ အကြင်နာတွေ ဝေမျှခဲ့သည်။ဘဝမှာ လက်တွဲပြီး အရာရာကို ရင်ဆိုင်ဖို့ သန္ဓိဌာန်တွေချခဲ့ကြသည်။သူတို့ဘဝရဲ့ တစိတ်တဒေသ ဒီနေရာလေးကို ပြန်လည်ရောက်လာပြန်တော့ ကုန်လွန်သွားတဲ့ အိမ်မက်တွေ ရှင်သန်လာသလိုပင် ခံစားရသည်။နေ့အလင်းရောင်တို့ ကုန်ဆုံးစပြုလာသော်လဲ သိုးဆောင်းဘွားဘွား မရောက်လာခဲ့ပေ။ရွှေရတုကာလလည်း တဖြေးဖြေး ကုန်ဆုံးလာခါနီး၍ သိုးဆောင်းဘိုးဘိုးလဲ သို့လောသို့လော အတွေးများဖြင့် အိမ်သို့ပြန်လာခဲ့သည်။
❇ သိုးဆောင်းဘိုးဘိုး အိမ်ရှေ့အရောက်တွင် အိမ်အဝမှာ ငယ်စဉ် ၁၆နှစ်သမီးတုန်းကလို ပြင်ဆင်ထိုင်စောင့်နေသည့် ဘွားဘွားကိုတွေ့တော့
"မင်း ဘာလို့ ချိန်းထားတဲ့နေရာကို ရောက်မလာတာလဲ။"
ဘွားဘွားက နှုတ်ခမ်းနီရဲရဲများ ဆိုးထားသော နှုတ်ခမ်းစူစူဖြင့် ငယ်တုန်းကလို
ချွဲနွဲ့ပြောလိုက်သည်။
"မေမေဆူမှာ စိုးလို့ပါ ကိုကို။" ☺☺☺
✍ ဖတ်ခဲ့ဘူးတဲ့ အင်္ဂလိပ်ဟာသလေးကို အခြေပြုရင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကျွန်တော့် ဘိုးဘိုးနဲ့ ဘွားဘွားတို့ရဲ့ မဖြတ်သန်းနိုင်ခဲ့ရတဲ့ သူတို့ရဲ့ ရွှေရတုလေးကို အမှတ်ရစွာဖြင့် ရေးချယ်သီကုံးလိုက်ပါတယ်။လွမ်းဆွေးမှုတို့ကို ပြုံးပျော်ရယ်မောခြင်းဖြင့် အဆုံးသတ်နိုင်ကြပါစေ။
ဆက်လက်ကြိုးစားပါဦးမည်။
Sunday, November 29, 2009
☣ နှစ်ချို့ဘလက်ကော်ဖီ ☣
နှစ်ချို့ဘလက်ကော်ဖီ
အိုက်စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည်လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့်ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။
ဆက်လက်ကြိုးစားပါဦးမည်။
Friday, November 6, 2009
ရှန်ဘဲလားအိပ်မက်
.jpg)
++++++++++++++++++++++++++++++++++++++++++++++++++++++++
“ဧဒင်ဥယျာဉ်”တဲ့ အဝင်ဝဆိုင်းဘုတ်က ရေးထားတာကိုဖတ်ပြီး သူရဲ့ခြေလှမ်းတွေက အဲဒီဘက်ကို ဦးတည်ပြီးသွားချင်နေတယ်။အထဲမှာ ဘာတွေရှိနေလိမ့်မလဲဆိုတာကို သူဘာကြောင့်များ သိချင်နေမိပါလိမ့်။ကမ္ဘာဦးလူသား အာဒံနဲ့ ဧဝကိုပဲတွေ့မလား။ဒါမှမဟုတ် ပန်းသီးပင်လိုခေါ်ဝေါ်သမုတ်ထားတဲ့ ကမ္ဘာဦးအဆိပ်ပင်တွေကိုပဲတွေ့မလား။ဒိုင်နိုဆော၊ ထရိုင်နိုဆောဆိုတဲ့ ရှေးဦးအကောင်ကြီးတွေပဲရှိနေလိမ့်မလား။ ကျောက်ခေတ်လို့ လက်ရှိ အီးခေတ်လူသားတွေ အမည်နာမပြုထားတဲ့ ပရိုင်းမိတ်တွေချည်းပဲ ရှိနေကြမလား။ဒီလို သို့လောသို့လောအသိနဲ့ လက်မှတ်မဝယ်လိုက်ရပဲ သူအလိုလို ဝင်ပေါက်တံခါးမှ ဖြတ်သန်းသွားပါသည်။အထဲရောက်တော့လဲ ဘယ်အချင်းအရာကိုမှ သဲသဲကွဲကွဲ မမြင်တွေ့ရပဲ ပိန်းပိတ်အောင်ဖြစ်နေတဲ့ မြူခိုးငွေ့တွေကိုသာ တွေ့ရတယ်။(မျက်မှန်တတ်ထားတော့ ရေငွေ့ရိုက်ပြီး မမြင်ရတာကို။:P)
“ဟိတ်၊ ရပ်စမ်း။ မင်းက ဘယ်သူခွင့်ပြုချက်နဲ့ ဒီအထဲ ရောက်လာတာလဲ။”
ကြီးမားထည်ဝါသော အသံတစ်သံက သူ့အနောက်ကနေ ဝင်ရောက်လာပြီး နားစည်ထဲသို့ ကျယ်လောင်စူးရှစွာဖြင့် လာရောက်ရိုက်ခတ်သွားတယ်။အသံရှင်ရှိရာဘက်သို့ လှည့်ပြီးကြည့်လိုက်တော့
“အိုး....လာ......လား”(ကုလားသံလေးဖြင့်) အလင်းရောင်တွေဖြာဆင်းနေတဲ့ အနီရောင်အလင်းတန်းကြီးက သူဆီကိုထိုးဆင်းလာတာကိုတွေ့ရတယ်။သူတောင် ဒီအနီအလင်းရောင်ဟပ်ပြီး ကိုယ်ရောင်တောက်ပလာတာတယ်လို့ သူဘာသာ ကောက်ချက်ချလိုက်တယ်။ အနီရောင်ကြီးက သူအနားရောက်လာတော့ ပုံပန်းသဏ္ဍာန်က သူငယ်ငယ်က ကြည့်ဖူးတဲ့ဇာတ်ပွဲတွေထဲက ဇော်ဂျီလိုလိုပါပဲ။
“ဒါနဲ့ ခင်ဗျားကကော ဘယ်သူလဲ။ကျုပ်က အပြင်ဘက်က ဆိုင်းဘုတ်နာမည်ကြောင့် ဝင်လာတာ။(အိမ်နားက လက်ဖက်ရည်ဆိုင်နာမည်လိုလိုနဲ့ :P)စိတ်ဝင်စားစရာကောင်းလို့၊နောက်ပြီး ဒီအထဲမှာ ဘာတွေ ရှိနေလိမ့်မလဲဆိုတာလဲ သိချင်လို့ ဝင်လာတာပါ။”
“ငါ မင်းကိုမေးနေတာ မင်းကို ဘယ်သူက ခွင့်ပြုလို့ ဒီအထဲထဲရောက်လာတာလဲ မေးနေတာ။ဟိုဟိုဒီဒီလျောက်ပြောမနေနဲ့။”
(စိတ်ထဲတွေးမိလိုက်တာက ရုံးက အပေါက်စောင့် လေသံမျိုးနဲ့။:P)
“ကျုပ် ဒီအဝမှာတော့ ဘယ်သူမှလဲမတွေ့ခဲ့ဘူး။နောက်ပြီး အခုချိန်ထိ ကျုပ်ခြေလှမ်းတွေ တစ်ချက်မှ မလှမ်းရသေးဘူး။သူ့အလိုလိုကို ရွှေ့လာတာ။”
“ဘာ….ဘာပြောတယ်။သူအလိုလိုရောက်လာတာ။မင်းက ဘာမို့လို့ ဒီကိုရောက်လာတာလဲ။”
(အမေးအမြန်းအတော်ထူတယ်။ဧကန်န ဂျာနယ်လစ်ဖြစ်ခဲ့ဖူးပုံပဲ။)
“ကျုပ်လား။ကျုပ်က သက္ကရာဇ် ၂၀၀၉ ခု လူသားပါ။ကျုပ်နေတဲ့ခေတ်က အီလက်ထရောနစ်လို့ခေါ်တဲ့ အီးခေတ်ကပါ။အခု ကျုပ်က အဝင်ဝမှာရေးထားတဲ့ ကမ္ဘာဦးခေတ်က ဧဒင်ဥယျာဉ်ရဲ့နာမည်လို ရေးထားတာတွေ့လို့ဝင်လာတာပါ။”
“မင်းပြောတဲ့ ဧဒင်လားဘာလားတော့မသိဘူး။မင်းအခုရောက်နေတာက ဂမ္ဘီရမှော်ဝင်နေတဲ့ မဟာမြိုင်တောကြီးပဲ။ရှမ်းဘဲလားလို့လဲခေါ်တယ်။”
“ဒါဆိုရင် ဧဒင်ဥယျာဉ်မဟုတ်တော့ ပြန်ဘူးပေါ့။"
"အဲဒါလဲ ဟုတ်တယ်။အဲဒါအရင်တုန်းက နာမည်။အခုတော့ ရှမ်းဘဲလားလို့ မြန်မာဆန်ဆန်ပြောင်းလိုက်တာ။"
"'ဒါဆို ကျုပ်အခုရောက်နေတာ ရှမ်ဂရီလာလို့ခေါ်တဲ့ ရှမ်းဘဲလားပေါ့။ဒါနဲ့ ခင်ဗျားက ဘာလဲ ဇော်ဂျီလား။ဆေးကြိတ်တဲ့တောင်မွေးလဲ မတွေ့ဘူး။ဘယ်ရောက်သွားလဲ။”
“ငါက ဇော်ဂျီမဟုတ်ဘူးကွ။ငါက လောကပါလနတ်မင်းကြီးပဲ။ဒီနေရာက သူတော်ကောင်းတွေ တရားအားထုတ်မွေလျော်တဲ့ နေရာကွ။မင်းလို အီးခေတ်က ကောင်တွေ လာရတဲ့နေရာမဟုတ်ဘူး။”
“ဒီမှာ နတ်မင်းကြီး၊ ခင်ဗျားပြောသလို အီးခေတ်က ကျုပ်တို့ကရော ဒီနေရာကို မလာရတော့ဘူးလား။ဘာလဲအဆင့်ခွဲတဲ့ သဘောလား။”
“ငါပြောတာ အဲဒီလိုမဟုတ်ဘူးကွ။ဒီနေရာကိုရောက်လာတဲ့ သူတော်ကောင်းအသစ်တွေ မရောက်လာတာ ငါတို့ နတ်သက်နဲ့တောင် အတော်ကြာနေပြီ။အခုလို မင်းရောက်လာတော့ အတော်ကို အထူးအဆန်းဖြစ်နေတာ။”
“ကျုပ်ကလဲ ဒီနေရာကို လာချင်လွန်းလို့ ရောက်လာတာမဟုတ်ဘူး။ဥယျာဉ်ဆိုလို့ရောက်လာတာ။အထဲမှာ ဘာမှလဲ မရှိဘူး။ဒါနဲ့ စကားမစပ် ခင်ဗျားတို့ဆီမှာ အင်တာနက်လေးဘာလေးမရှိဘူးလား။အခုဆို လူလောကမှာ နက်ကဖီးတွေမှ ခဲပစ်ရင်တောင် မလွဲနိုင်တော့ဘူး။ဘာဂိမ်းတွေ ခင်ဗျားတို့ဆော့လဲ။ကျုပ်ဆီမှာက ဂိမ်းဆိုင်တွေကလဲ မှိုလိုပေါက်နေတာ။ပရီးမီးယားလိဒ်ကြည့်ရအောင် ဆလောင်းလိုင်းတွေရော ဘာလိုင်းတွေရသလဲ။တိုက်တွေပေါ် ဆလောင်းချိတ်ထားလိုက်ကျတာများ မိုးပြဲဒယ်တွေ ပက်လက်လှန်ထားသလိုပဲ။”
“ငါတို့ဆီမှာ မင်းပြောတဲ့ အရာတွေတော့ ဘာမှမရှိဘူး။လိုလဲမလိုအပ်ဘူး။”
“ခင်ဗျားတို့ဆီမှာ ကပွဲတွေရော၊ မော်ဒယ်ရှိုးတွေရော၊ ဖျော်ဖြေမှုတွေရော မရှိဘူးလားဗျ။”
“မင်းပြောတဲ့ အပျော်အပါးတွေက တို့နေရာမှာတော့ မရှိဘူး။လိုလည်းမလိုလားအပ်တဲ့ အရာတွေပဲလေ။ဒါတွေကလဲ တဒင်္ဂ ပျော်ရွှင်မှုကိုပဲ ပေးစွမ်းနိုင်တာ။သူနောက်ကနေ တက်မက်မှုတို့၊ မလိုလောဘတို့၊ တဏှာတို့၊ ရာဂတို့ ဒါတွေက လိုက်ပါလာမှာပဲကွ။ငါတို့နေရာက ဒီဟာတွေနဲ့ ကင်းကွာသထက်ကင်းအောင် နေနေကြသူတွေဆိုတော့ ဒီလိုအကြောင်းအရာတွေ ကပ်ပါလာမှာကို မလိုလားကြဘူးလေ။ဒီနေရာမှာက စစ်မှန်တဲ့ငြိမ်းချမ်းမှုပဲ ရှိတယ်။မေတ္တာတရားရှိတယ်။ တရားမျှတမှုရှိတယ်။အေးချမ်းစိတ်ငြိမ်တဲ့နေရာလေးပါ။”
“ခင်ဗျားပြောတဲ့ ဒါတွေက ကျုပ်တို့ဆီမှာလဲရှိတာပဲ။အခုလောလောဆယ် ကျုပ်မြင်နေရတော့ ဒီနေရာမှာ ဘာမှလဲမတွေ့ရဘူး။ မြင်မြင်သမျှအရာတွေကလည်း မြူခိုးတွေဝေနေတာပဲ။ စီးပွားရေးလဲမရှိဘူး။နောက်ဘာတွေ လုပ်ကိုင်စားသောက်နေကြလဲ။ကျုပ်တို့လောကကြီးနဲ့ယှဉ်ရင် အတော့်ကိုပျင်းစရာကောင်းတဲ့ ခြောက်သွေ့နေတဲ့ နေရာတစ်ခုလို့ပဲ ကျုပ်မြင်တယ်။”
“ဒါက မင်းအမြင်ကိုကွ။မင်းမှာက အခုလောလောဆယ်မှာ မင်းနဲ့အတူ လောဘ၊ မောဟ၊ ဒေါသ၊ တဏှာစတဲ့ အရာတွေက ကပ်ပါလာသေးတော့ မင်းက ဒီနေရာမှာ ငါတို့မြင်သလို၊ ငါတို့ခံစားရသလို ဘယ်လိုလုပ်မြင်မှာလဲ။ဘယ်လိုလုပ်ပြီး တွေ့မြင်ရဦးမှာလဲ။မင်းအနေနဲ့ အရာရာဟာ မြူတွေအုပ်မိုးထားသလိုပဲ မြင်တွေ့ခံစားရဦးမှာပေါ့။မင်းတို့ လောကဓာတ် သိပ္ပံပညာတွေလိုတော့ ဒီနေရာမှာ ဘာမှအရှိကိုအရှိအတိုင်း မြင်တွေ့ခံစားရမှာ မဟုတ်ဘူး။မင်းတို့လောကမှာလို အသည်းအသန်ကို လုပ်ကိုင်ရှာဖွေစားသောက်စရာလဲ မလိုဘူး။ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အဝတ်အစားတွေလဲ ဝတ်စရာမလိုဘူး။ဟိရိသြတ္တပကင်းအောင် လုံခြုံတဲ့အဝတ်တွေပဲ ဝတ်တယ်။အရာရာကို သင့်တင့်မျှတစွာရှိဖို့ပဲ လိုအပ်တာ။”
“ကျွန်တော်အနေနဲ့ကတော့ ဒီလိုမျိုးနေရာကြီးမှာ နေရရင်တော့ပျင်းစရာကြီှးဗျာ။အရာရာ အေးစက်စက်နဲ့ ရိုမာန်တစ်မဆန်လိုက်တာဗျာ။ဒီလိုနေရာမျိုးနဲ့ ရီနေဆန့်လောကမျိုးရွေးဆို ဘယ်လိုနည်းမှ ဒီနေရာမျိုးရွေးစရာအကြောင်းမရှိဘူး။”
“ဟကောင်လေးရ မင်းကအခုလောလောဆယ်တော့ မင်းအခုရပ်တည်နေနေခဲ့တဲ့ လူသားလောကကြီးမှာတော့ မင်းအတွက် အံဝင်ဂွင်ကျနေတဲ့ အကြောင်းအရာတွေကြောင့် မင်းကဒီလိုပြောတာပေါ့ကွ။မင်းအသက်အရွယ်ရလာလို့ ဘာမှမလုပ်ကိုင် မသန်စွမ်းနိုင်တော့တဲ့အခါကျရင်လဲ မိမိကိုယ်မိမိအလိုမကျမှုတွေနဲ့ပဲ ပြီးဆုံးသွားမှာ။အဲဒီအခါကျမှ မင်းတို့လိုလူသားတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းမှုတွေ တွေ့လိမ့်နိုးနဲ့ တောင့်တလာကြလိမ့်မယ်။ရှာဖွေလာကြမယ်။အဲဒီအချိန်ရောက်ရင် မင်းအတွက် စစ်မှန်တဲ့တရားတွေနိုင်ပါစေကွာ။”
လောကပါနတ်မင်းဆိုသူက သူ့ကို ကျောခိုင်းလှည့်ထွက်သွားပြီး အနီရောင်အလင်းရောင်တွေလဲ တဖြေးဖြေးမှေးမှိန်သွားပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ပူနွေးသောခံစားမှုကြောင့် မျက်စိကိုဖွင့်လိုက်တော့ စူးရှတောက်ပတဲ့နေရောင်က ဦးခေါင်းတဲ့တဲ့မှာ တည်နေတာပြီ။ဟိုမြူခိုးတွေဝေနေတာ ဘယ်ရောက်သွားပါလိမ့်။ခုနက မျက်ခင်းပေါ်လှဲအိပ်ပြီး ကောင်းကင်ကိုမော့ကြည့်နေရင်း အိပ်ပျော်သွားတာပြီး အိပ်မက်မက်နေတာကို။အခုတော့ ရှန်ဘဲလားအိပ်မက်တွေကနေ နိုးထွက်လာပြီး လူလောကထဲပြန်ရောက်လာတာပဲ။ လောလောဆည်တော့ တကျော့ပြန်လည် အသက်ဝင်လာတဲ့ ဒီရီနေဆန့်လောကမှာပဲ ပျော်လိုက်ပါဦးမယ်။
(ဖော့ဖော့လေးတွေးပြီး ပေါ့ပေါ့လေး ပြုံးနိုင်ကြပါစေ.............................။:P)
ဆက်လက်ကြိုးစားပါဦးမည်။
Tuesday, October 27, 2009
ဇက်ပေါ်ကဇီးသီး (နီကိုရဲ)

ဇက်ပေါ်ကဇီးသီး
ကျွန်တော်တို့ရှုတင်အဖွဲ့ ချောင်းသာက နေ့ကားရိုက်ပြန်လာကြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ဟာ ချောင်းသာမှာ အားလုံးဆယ့်တစ်ရက် နေခဲ့ကြရပါတယ်။ချောင်းသာဆိုတာက အပန်းဖြေတဲ့နေရာပါ။ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျတော့ အလုပ်သွားလုပ်ရတဲ့နေရာ ဖြစ်နေတယ်။
ဒီတော့ ချောင်းသာသွားရတဲ့ခရီးမှာ ကျွန်တော်တို့နဲ့အတူသွား ခရီးသည်တွေဟာ ခံစားချက်ပြောင်းပြန်ဖြစ် နေလေ့ရှိပါတယ်။ သူတို့က ချောင်းသာကိုအသွားမှာ ပေါ့ပါးလွတ်လပ်နေပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာကြီးကို ခရီးသွားတဲ့အရသာ ခံစားနေကြတာကို သူတို့မျက်နှာမှာ အတိုင်းသားကို မြင်နေရပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လောက် မပေါ့ပါးနိုင်ဘူး။ မပျော်ရွှင်နိုင်ကြပါဘူး။ ဟိုကိုရောက်ရင် အလုပ်လုပ်ရမှာကိုး။ ချောင်းသာမှာ ကျွန်တော် ဇာတ်ညွှန်းရေးခဲ့တဲ့ ဇာတ်ကား(၁၀) ကားမှာ ကိုးကားကလမ်းမှာ ဇာတ်အိမ်တည်တာများပါတယ်။ မင်းသား နဲ့မင်းသမီးတို့ လမ်းမှာ ခရီးစကတည်းက အဆင်ပြေမှု၊ မပြေမှုကလေးနဲ့ စတွေ့ကြတယ်ပေါ့လေ။ထားပါတော့လေ။
ကျွန်တော်ပြောချင်တာက ရုပ်ရှင်ရိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ချောင်းသာက အပြန်လမ်း မှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးအကြောင်းပါ။
ချောင်းသာကမ်းခြေကနေဆင်းလာပြီး (အဲဒီအချိန်က) ရှောပြာဇက်ဆိပ်မှာ ဟိုတစ်ဖက်(ပုသိမ်ဘက်)ကို ကူးဖို့ ဇက်စောင့်နေရတာပါ။ဇက်ကတစ်စင်းတည်းမို့ ဒီဘက်က လူနဲ့ ကားကိုတင်၊ ဟိုဘက်က လူနဲ့ကား တွေကို တင်ပြီးပြန်လာ၊ အဲဒီလို လွန်းထိုးဆွဲရတာပါ။ ဒီဘက်ဇက်ဆိပ်မှာရော ဟိုဘက်ဇက်ဆိပ်မှာပါ တစ်နာရီ စောင့်လေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ရှုတင်ကား ရှောပြာဆိပ်ကိုရောက်တော့ ဇက်က ငဝန်မြစ်အလယ်မှာ လှမ်းမြင်နေရပါတယ်။ ၁၀-မိနစ်လောက် နောက်ကျသွားတယ်ဆိုပါတော့..။
ဟိုဘက်ပြန်လာမယ့် ဇက်ကိုစောင့်ရင်း ဇက်ဆိပ်က ဆိုင်လေးတွေမှာ ထိုင်သူကထိုင်ပါတယ်။ ကျွန်တော်ကတော့ ငဝန်မြစ်ကိုကြည့်ဖို့ လေကလေးတဖြူးဖြူးတိုက်နေတဲ့ ကမ်းစပ်က သစ်ပင်ရိပ်မှာ သွားရပ်ရင်း ငဝန်မြစ်ထဲမှာ ပိုက်ချတဲ့လှေကလေးတစ်စင်းကို ငေးနေမိတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော်ရပ်နေတဲ့ သစ်ပင်ရိပ်ကို သံလင်ပန်းလေးခေါင်းမှာရွက် သစ်သားခုံကလေးကို လက်မှာကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ဝင်လာပါတယ်။
ပြီးတော့ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ လက်ထဲကခုံကိုချပြီး ခုံပေါ်ကိုခေါင်းပေါ်က ဗန်းကလေး တင်ပါတယ်။ ဗန်းထဲမှာပါလာတာ ဂေါ်လီလုံးအရွယ် တောဆီးသီးကလေးတွေရယ်၊ မည်းတူးနေတဲ့ဝိုင်အိုလက်ပေါင်ဒါဘူး လေးတစ်ဘူးရယ်၊ ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့အထုပ်ရယ်၊ ဆားနဲ့ငရုတ်သီးအစိမ်းမှုန့် စပ်ထားတဲ့ကော်ခွက် ကလေးရယ်ပါ။
ကလေးမလေးက ပိန်ပိန်ပါးပါးလေးပါ။ သူဝတ်ထားတဲ့ ဂါဝန်ကလေးက အရောင်လွင့်လို့၊ အင်္ကျီကတော့ ဘာအရောင်ရယ်လို့တောင် အတိအကျပြောလို့မရတော့လောက် အောင်ပါပဲ။ ကျွန်တော်တို့ခရီးသွားရင် လမ်းဘေးတို့၊ ကားဂိတ်တို့မှာ တွေ့နေကျ ဈေးသည်မကလေး ဆိုပါတော့။ ထုံးစံအတိုင်း ဖိနပ်ကလည်းမပါဘူး ။
ကလေးမလေးက အမောဖြေရင်းနဲ့ ဗန်းထဲက ဆီးသီးတွေကို တောင်ပူစာကလေးတစ်ခုဖြစ်အောင် စုပုံနေတယ်။ သူ့ဗန်းထဲက အမြင်ကောင်းတယ်လို့ ထင်ရတဲ့ဆီးသီးတွေကို အပေါ်မှာတင်နေတာပါ။ ငဝန်မြစ်ကို ငေးဖို့လာတဲ့ကျွန်တော်ဟာ ကလေးမလေးကိုငေးရင်း ရင်ထဲမှာ သနားသွားတယ်။
ကျွန်တော့်သနားစိတ်က ထူးထူးဆန်းဆန်းရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ပုံမှန်ကရုဏာစိတ်ရှိတဲ့သူတိုင်း ရင်ထဲမှာဖြစ်လေ့ရှိတဲ့ သနားစိတ်ပါ။ ကျောင်းမနေရရှာဘူး ထင်ပါရဲ့၊ သူ့ဘဝရှေ့ရေးအတွက် ဘာလုပ်မှာလဲ၊ အမိအဖရောစုံရှာရဲ့လား စသည်ဖြင့်အတွေးတွေပါ။
ကျွန်တော်ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတယ်။ ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သိရတော့ ရင်မောသွားတယ်။ ကျွန်တော့်ရင်ထဲမှာ ကရုဏာတရားရှိပါတယ်။ ဒါပေမဲ့ အဲဒီကရုဏာက မာသာထရီဆာရဲ့ကရုဏာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ရင်ထဲက ကရုဏာက ဆရာကြီးဦးရွှေအောင်စကားနဲ့ပြောရရင် ပါရမီထိုက်တဲ့ကရုဏာ မဟုတ်ပါဘူး။ သာမန်ကရုဏာမျိုးပါ။
ကျွန်တော် သူ့ကို ဘာကူညီနိုင်သလဲဆိုတော့ သူ့ဆီက ဆီးသီးလေးတွေ ဝယ်စားရင်းနဲ့ကူညီနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်တာ ဒါပဲမဟုတ်လား။
“ဆီးသီးဘယ်လိုရောင်းတုံးဟ လုပ်စမ်းပါဦး”
“တစ်ဘူးတစ်ဆယ်”
“အင်း..ဒါဆို..ငါးဆယ်ဖိုး ငါးဘူးထားလိုက်”
ကျွန်တော်နောက်တာက ရိုးလွန်းလို့ ဘယ်သူမှ မနောက်တော့တဲ့ပြက်လုံးပါ။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး၊ ပါးစပ်က ထွက်သွားတာ။ ဒါပေမဲ့ကောင်မလေးက တစ်ချက်တွေသွားတယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးမွဲကလေးနဲ့ မော့ကြည့်ရင်း..
“မရပါဘူးဦးရယ်၊ မေမေက သူပြောတဲ့ဈေးအတိုင်းမရောင်းရင် ရိုက်လိမ့်မယ်”
သူ့အကြည့် သူ့စကားသံကြောင့် ကျွန်တော်ဘာမှမပြောနိုင်ဘဲ ရင်ထဲဆို့သွားတယ်။ ဒုက္ခပဲ စာလည်း မတတ်ဘူးထင်ပါရဲ့လို့ စိတ်ထဲတွေးရင်း မှတ်ထားဟဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်ပါတယ်။
“ဦးက စတာပါ သမီးရယ်။ တစ်ဘူးတစ်ဆယ်ဆို ငါးဘူးငါးဆယ်ပေါ့ မဟုတ်ဘူးလား”
ကလေးမလေးက တစ်ချက် စဉ်းစားပြီးတော့ ခေါင်းညိတ်ရှာပါ တယ်။
“ဦးက အလကားနောက်တာ ပါ။ ကဲ တစ်ရာဖိုးပေး”
ကလေးမလေးက ဝမ်းသာအားရ ကျွန်တော့်ကိုမော့ကြည့်တယ်။ ပြီးတော့ ထိုင်နေရာကထရပ်ရင်း
“ဦး ခဏစောင့်နော်”ဆိုပြီး ကုက္ကိုပင်နောက်ကို ပြေးထွက်သွားတယ်။ ဘာကြောင့်မှန်းမသိတော့ ကျွန်တော်လည်း ကြောင်ပြီး ကြည့်နေရုံပါပဲ။
ကျွန်တော် ဆီးသီးများများဝယ်တာက အကြောင်းရှိပါတယ်။ ပထမ တစ်ခုကတော့ သူ့ကိုအားပေးချင်တာပါ။ ဒုတိယတစ်ချက်က ဟိုဘက်ကမ်းရောက်လို့ ပုသိမ်ကနေ ရန်ကုန်ကို မောင်းတဲ့လမ်းတစ်လျှောက်မှာ လူတွေငိုက်ကြမှာပါ။ အဲဒီတော့မှ တောဆီးသီးကလေးတွေကို ဆားနဲ့ တို့စားပြရင် အေးသီတာတို့၊ ဖြူဖြူလွင်တို့ စတဲ့ဇာတ်ပို့အုပ်စု သွားရည်ကျကြမှာအမှန်ပဲ။ သူတို့တောင်းစားရင် ကျွန်တော်က သွားရည်ကျတံတွေးမျိုစတဲ့ ဣနြေ္ဒတော်တော်ပျက်မှ ကျွေးမယ်လို့ စိတ်ကူးပြီး ဝယ်တာပါ။ အခုတော့ ကလေးမလေးက ဘယ်ကိုပြေးပြီး ဘာလုပ်မှန်း မသိတော့ ကျွန်တော်အူကြောင်ကြောင်နဲ့ စောင့်နေရတာပေါ့ဗျာ။
ခဏကြာတော့ပြန်ရောက်လာတယ်။ မျက်နှာမှာလည်းပျော်လို့ လက်ထဲမှာ နို့ဆီခွက်တစ်လုံးနဲ့ ..။
“အမေက ပြောတယ်၊ တစ်ရာဖိုးဆိုရင် ဒါနဲ့ငါးခွက်တဲ့”
နို့ဆီခွက်ကို မြှောက်ပြရင်းပြောတော့ ကျွန်တော်ဘာမှပြန်ပြော မနေတော့ပါဘူး။ သူက ဆီးသီးလေးတွေကို သေသေချာချာထည့်ပေးပါတယ်။
“မင်း ကျောင်းမနေတော့ဘူးလား။”
သူက ခေါင်းကို ခါပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာအရိပ်မှမရှိဘူး။
“ဘယ်နှတန်းအထိနေဖူးလဲ”လို့ ဆက်မေးတော့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ဟာ သူ့ဘဝနဲ့ဘာမှ မဆိုင်တာတွေကို လျှောက်မေးသလို ဖြစ်နေတယ်ထင်ပါရဲ့။
“ဆားကို သပ်သပ်ထုပ်ပေးနော်။”
“ဟုတ်ကဲ့”
“နင့်အမေက ဈေးမရောင်းဘူးလား။”
“ဖျားနေတယ်။”
“ဘာဖြစ်လို့ ဖျားတာလဲ။”
“ဟို ခြေထောက်ကို သစ်စစူးတာ။”
“ဆေးခန်းမပြ...”
ကျွန်တော်စကားကို ရပ်ပစ်လိုက်တယ်။ မလိုအပ်တဲ့စကားကို ဘာဖြစ်လို့မေးနေမှာလဲ။ သူ့ကို ဆီးသီးဖိုး ပိုက်ဆံပေးရင်း ပိုက်ဆံထပ်ပေးဖို့ စိတ်ကူးလိုက်မိပေမယ့် ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဇက်မောင်းတဲ့ဘကြီး ပြောတဲ့စကားကို ပြန်သတိရတယ်။
“မောင်ရင်တို့ကတော့ စေတနာနဲ့သနားလို့ ပေးပေးသွားတာပဲ။ ဒါပေမဲ့ ကြာတော့ ကလေးတွေက အကျင့်ပါပြီး ရောင်းမစားတော့ဘူး တောင်းစားကုန်ရော။”တဲ့။
ဒါနဲ့ ကျွန်တော်ဆီးသီးထုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း ရှုတင်ကားဆီပြန်လာရတယ်။ အိတ်တွေအောက် တော်တော်ရောက်နေတဲ့ ကျွန်တော့်အိတ်ကိုရအောင်ထုတ်ပြီး ကျွန်တော်ဆောင်လာတဲ့ ကိုယ်ပူကျဆေးရယ်၊ အကိုက်အခဲပျောက်ဆေးရယ်၊ ဘာမီတွန်ရယ် ယူလာပြီး သူ့ဆီသွားပေးရတယ်။
“အစာစားပြီးရင် ဒါတစ်လုံး ဒီဟာ တစ်လုံးသောက်ရမယ်။ အစာမစားဘဲ၊ အစာမရှိဘဲနဲ့ မသောက် ရဘူး ကြားလား။ လေးနာရီခြား တစ်ခါသောက်ရမယ်။ ဟောဒီပန်းရောင် အလုံးလေးကိုတော့ အိပ်ခါနီးမှ သောက်ရမယ်။ ကဲ ပြန်ပြောစမ်း”
သူက သွက်သွက်လက်လက်ပဲ ပြန်ပြောပြပါတယ်။ မှားနေတာကို နှစ်ခါပြင်ပေးပြီး မှန်သွားတော့မှ သူ့အမေဆီ သွားပေးခိုင်းရတယ်။ သူ ပြေးထွက်သွားတော့ ကျွန်တော်တို့ ကူးရမယ့်ဇက်က ရေလယ်ကို ရောက်နေပါပြီ။
ဇက်ပေါ်ကားရောက်တော့ ထုံးစံအတိုင်း ဆူဆူညံညံပေါ့လေ။ ကျွန်တော်ကတော့ နောက်ကျိနေတဲ့ငဝန်မြစ်ရေကို ဇက်လက်တန်းကိုကိုင်ရင်း ငေးကြည့်နေမိတယ်။
သတိရလို့ ကျောပိုးအိတ်ထဲက ဆီးသီးကလေးတစ်လုံးထုတ်စားတော့ စားလို့ကောင်းသားခင်ဗျ။ ကြွပ်ကြွပ်နဲ့ချိုလို့ မချဉ်သလောက်ပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ခံတွင်းတွေ့ပြီး ထုတ်စားနေမိတယ်။ ဆားလေးနဲ့တို့ စားတော့ အိုကေပဲ။
မြစ်လယ်ရောက်တော့ ကျွန်တော်လည်း ရှုတင်ကားပေါ်ထိုင်လိုက်ရင်း ဆီးသီးစားရင်းပေါ့လေ။ ကျွန်တော်ထင် တဲ့အတိုင်း ဟိုအငတ်တွေကလည်း တောင်းစားတာပါပဲ။ ကျွန်တော်က ဆီးသီးသည်ကလေးအကြောင်း ပြောပြတော့ သူတို့စိတ်ဝင်စားကြပါတယ်။ ကျွန်တော့်ဆီက ဆီးသီးစားကောင်းအောင်ဟန်ဆောင်တာလား၊ ဘာလားတော့ မသိဘူး ပေါ့လေ။
မြစ်လယ်ရောက်တော့ ကျွန်တော့်ဆီးသီးလည်း ကုန်ရောပေါ့လေ။ တစ်ယောက်တစ်လက်ဆိုတော့ ဘယ်ခံနိုင်မှာတုံး၊ အဲဒီအချိန်မှာပဲ “ဆီးသီးချိုချိုလေး”ဆိုတဲ့ ကောင်မလေးရဲ့အသံကို ကျွန်တော်ကြားရတော့ ဝမ်းသာသွားတယ်။ ခေါ်လိုက်ရင် ဒီကောင်မလေး ကျိန်းသေရောင်းရတော့မှာ မဟုတ်လား။
“ကြားလား၊ အဲဒါသူ့အသံပဲ ခဏနေဦး။”
စောင့်ကြည့်တော့ သူဖြစ်နေတာနဲ့ လှမ်းခေါ်ရတယ်။ ကားပေါ်က ဇာတ်ပို့တွေကလည်း ကျွန်တော်က ပူပူနွေး နွေးဇာတ်ပို့ထားတော့ ကောင်မလေးကို စိတ်ဝင်စားပြီးဝိုင်း ဟိုမေးဒီမေးပေါ့။ သူကလည်း ရုပ်ရှင်ထဲက အစ်မကြီးတွေဆိုပြီးပျော်လို့။
“ကဲ နင့်ဆီးသီးတွေကို ငါတို့ အကုန်ဝယ်မယ်။ ဟုတ်ပြီလား၊ ကဲ အားလုံးကို ငါးရာယူ”
“ဟင့်အင်း မရဘူးအစ်မ၊ အမေ ဆူလိမ့်မယ် မရဘူး။”
သူ့စကားကြောင့် ငတိမတွေ အံ့ဩသွားကြတယ်။ နို့ဆီဘူးတစ်ဘူးမှ နှစ်ဆယ် သူ့ဗန်းထဲကဆီးသီးက ဘယ်လိုမှ ငါးရာဖိုးမရှိဘူး။
“အံမယ်မရွှေစာ..ညည်းဟာက တစ်ဘူးမှနှစ်ဆယ်၊ ငါးရာဆိုတာ ငါတို့က နင့်ကိုပိုပေးထားတာ။”
“ဟင့်အင်း ခြင်ကြည့်မယ်လေ အစ်မရယ်... နော်။”
“ကဲ.. ကဲ ခြင်မယ်ဆိုလည်း ခြင်ခြင်။”
သူက ဇက်ပေါ်မှာ ထုံးစံအတိုင်း ဒူးကလေးထောင်ပြီး ထိုင်ပါတယ်။ ပြီးတော့ နို့ဆီခွက်ထဲ ဆီးသီးတွေထည့်၊ လွတ်တဲ့နေရာမှာပုံ၊ နောက်တစ်ခါထပ်ထည့်တုန်း ပထမဆီးသီးတွေကရောကုန်နဲ့ ဒုက္ခများနေရှာ တယ်။ ဇက်ကလှုပ်နေတော့ ဟိုဘက်ဒီဘက် ပုံထားတဲ့ဆီးသီးတွေက ဘယ်ငြိမ်ပါ့မလဲ။
နောက်ဆုံးတော့ ကောင်မလေး စိတ်တိုလာပုံရတယ်။ ဒူးခေါင်းထောင်ထားတဲ့ သူ့စကတ်ထဲ ဗန်းထဲက ဆီးသီးတွေ အကုန်လောင်းထည့်ပစ်လိုက် တော့ ရှုတင်ကားပေါ်က ငတိမတွေ အော်လိုက်ကြတာ ဆူညံကုန်တာပဲ။ သူ့စကတ်က ညစ်လည်းညစ်ပတ်ရ တဲ့ထဲ ဒူးခေါင်းထောင်ထားတဲ့ထဲ ထည့်တော့ဘယ်ဟုတ်တော့မှာလဲ။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။
အားလုံးခြင်ကြည့်တော့ တစ်ရာ့ လေးဆယ်ဖိုးပဲရှိတာပေါ့။ ဒါပေမဲ့ သူ့ကိုငါးရာပဲ ပေးလိုက်ပါတယ်။ဇာတ်ပို့ငတိမ တွေက ကျွန်တော့်ကို ဆီးသီးတစ်အိတ်ပြန်အစားပေးတယ်။ ဒါပေမဲ့ကျွန်တော်က ဘယ်စားမလဲ။အဲဒီအဖြစ်ကို မသိတဲ့လူလာရင် ဆီးသီးထုတ်ကျွေး။ စားရင်ဝိုင်းရယ်ကြနဲ့ ကျွန်တော်လုပ်တာထက်တောင်မှ ပျော်စရာကောင်းနေသေးတယ်။ ငှက်ပျောကြော်တို့ ၊ကင်းကောင်တို့လည်း အဲဒီဆီးသီးနဲ့ခံရပါတယ်။ဇက်ဆိပ်ရောက်လို့ ကားပေါ်တက်တော့ ကောင်မလေးက ဆီးသီးဗန်းကလေးကိုင်ပြီး ကျွန်တော်တို့ကို ငေးလို့..။
အိမ်ရောက်လို့ ၃၊ ၄ရက်ကြာ တော့ ကျွန်တော့်ဇနီးက ခရီးဆောင် အိတ်လျှော်ဖို့လုပ်တော့..။
“ဟင် ဒီမှာ ဆီးသီးထုပ်ကြီးပါလား။ ဘယ်တုန်းက ဆီးသီးလဲ”
“ချောင်းသာကအပြန်ဇက်ပေါ်က ဆီးသီးပါကွာ၊ မကောင်းတော့ပါဘူး။ လွှင့်ပစ်လိုက်ပါတော့..”
ကျွန်တော်တစ်ချက်သတိရမိသွားတယ်။ ဒီအချိန်ဆို ကောင်မလေးဆီးသီးရောင်းနေမှာပဲ။ သူ့အမေရော နေကောင်းသွားပြီလားလို့ပါ။
နီကိုရဲ
ဆရာနီကိုရဲကို ဤစာမူဖြင့် နှုတ်ဆက်ပါသည်။
PDF နဲ့ဖတ်ချင်သူများအတွက် ဒီမှာ ဖတ်ပါ။
Friday, October 23, 2009
မေတ္တာပဓာန
မေတ္တာတရားရဲ့ အင်အားကြီးမားပုံကိုတော့ လူတွေအတော်များများ သိရှိခံစားနားလည်ဖူး ကြပါလိမ့်မည်။မေတ္တာတရားဟာ လူသားတွေတင်ပဲလား၊ ဒီသတ္တလောကကြီးပေါ်မှ အခြားခြားသော သက်ရှိသတ္တဝါတွေ အပေါ်မှာလဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန်သက်ရောက်မှုတွေကို ဖြစ်ရပ်မှန်သတင်းတွေ၊ ရုပ်ရှင်တွေ၊ မျက်မြင်ကိုယ်တွေ့တွေ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ မြင်ကြ၊ တွေ့ကြ၊ သိမြင်ခံစားဖူးကြမှာပါ။
+++++++++++++++++++++++++++++++++++++++++++++++++++++++
အချိန်ဆိုတဲ့ကာလတွေဟာ သက်တမ်းနှင့် အမျှကို ဝေးကွာသွားတတ်ကြပေမယ့်လဲ ဖြစ်ပျက်ခဲ့ကြတဲ့ အမှတ်တရ ရှိမှုလေးတွေကတော့ စိတ်နှလုံးသားသဏ္ဍာန်ကနေ ဘယ်နည်းဘယ်ပုံနည်းနှင့်မျှ ရွှေ့ရှားပျောက်ကွယ် သွားလေ့မရှိကြပါဘူး။တခါတရံမှာသာ မေ့ပျောက်ကောင်း မေ့ပျောက်သွားတတ် ကြပေမယ့်လည်း အလားတူ ဖြစ်ပျက်မှု၊ တိုက်ဆိုင်မှုလေးတွေကို ပြန်လည်တွေ့ရှိရတိုင်း မိမိတို့ခံစားဖူး၊ ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်အပျက်ကလေးတွေဟာ ပြန်လည်မှတ်မိလာတတ် စမြဲပါပဲ။
တနေ့ ရေချမ်း ရုံးထဲမှာ အလုပ်ပါးလို့ နက်ထဲဝင်ကြည့်ရင်း ကိုပီတာတင်ပြထားတဲ့ လူသားသခင်က အလွန်တရာမှ ဆိုးရွားလွန်းလို့ သေဒဏ်ပေးထားတဲ့ သူရဲ့ခွေးကြီးကို ကာကွယ်လိုတဲ့ မေတ္တာအကြောင်းလေးဖတ်ရတော့ ရေချမ်းတစ်ယောက် ဟိုးအတိတ်ငယ်စဉ်က သူနှင့် ကောက်ရတို့ ပုံရိပ်လွှာလေးကို မြင်မိရင်း……………………………………………………………။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
“တယ် ဒီခွေးမ သတိထားဟေ့ ….လူတွေကိုလဲ လိုက်ကိုက်နေတယ်။ဟဲ့ကလေးတွေ အနားမကပ်ကြနဲ့နော်။ဒီခွေးမကြီးက သားကျထားတာ၊ သူ့ကလေးတွေနားကပ်မှာဆိုးလို့ လမ်းသွားလမ်းလာ လူတကာကို လိုက်ဟပ်နေတာ။”
အထက်ပါ မအေးသန်းရဲ့ ခုနှစ်အိမ်ကြား သူ့အသံပြဲကြီးနဲ့ လမ်းသွားလမ်းလာများ၊ ကလေးများကို အော်ပြောပြီး သားကျပြီးကာစ ခွေးမကြီးရဲ့ လူတကာကို ရန်လိုနေမှုကို အော်ပြောရှင်းပြနေတာကို ရေချမ်းတစ်ယောက် အိမ်ပေါ်မှ အတိုင်းသားကြားနေရသည်။ဒီခွေးမကြီးကလဲ သူအရင်စံပျော်ရာ ရေချမ်းအိမ် မျက်စောင်းထိုးလောက်က ညောင်ပင်ကြီးအောက်မှာပင် သူ့ကလေးတွေကို မွေးခဲ့တာ ရက်ပိုင်းလေးပဲ ရှိဦးမည်ထင်သည်။
ဒီညောင်ပင်ကြီးက လမ်းနှစ်ခွဆုံထိပ်လေးတွင်ရှိပြီး ထိုနှစ်လမ်းလုံးမှလဲ ဈေးဘက်ကို သွားလို့ရ၍ ဒီလမ်းဆုံလေးသည် ဘယ်အချိန်ကြည့်ကြည့် ဈေးသွားဈေးလာဖြင့် ကင်းလှသည်မရှိလှပေ။ နောက်ပြီး တစ်ချို့ဈေးသွားသူတွေကလဲ ဈေးအသွားကို ဈေးထိပ်အမှိုက်ပုံကြီးမှာ ပြစ်ရန် အမှိုက်ထုပ်လေးတွေကို ဈေးခြင်းထဲထည့်လာတတ်ကြသည်။သူတို့တွေက ညောင်ပင်ကြီးအောက်နားက ဖြတ်သွားတိုင်း ဒီခွေးမကြီးက သူတို့ရဲ့ စားကျွင်းစားကျန် အနံအသက်ကြောင့် သူတို့နောက်က ကောက်ကောက်လိုက်ပြီး အစာတောင်းလေ့ရှိသည်။ဒါကို တချို့ ခွေးကြောက်သူ၊ သူတို့နောက်ခွေးလိုက်တာ မကြိုက်သူတချို့ကတော့ ခွေးမကြီးကို ဟိန်းလွှတ်ကြ၊ ခြောက်လွှတ်ကြသည်။ သနားဓာတ်ခံရှိသူတွေကတော့ ညက ဟင်းကျန်ကျွေးကျန်လေးများကို ကျွတ်ကျွတ်အိတ်လေးတွေနှင့် ထုတ်လာပြီးချကျွေးတတ်ကြသည်။
ရေချမ်းကတော့ ညဘက် ဒီခွေးမကြီးအတွက် ထမင်းကြမ်းအချို့နဲ့ ဟင်းကျန်ကလေးများ နယ်ဖတ်ပြီး ခြံထောင့်မှာ သူအတွက် စာခွက်လုပ်ပေးထားသည်။ဒါကြောင့်လဲ ဒီခွေးမက ညနေပိုင်းဆို ရေချမ်းတို့ အိမ်ဝန်းကျင်မှာ တဝဲလည်လည်ရှိနေတတ်သည်။ရေချမ်းက ဒီခွေးမကြီးကို “ကောက်ရ”လို့ သူ့ဘာသာ အမည်ပေးထားသည်။ ခွေးမကြီးကလဲ သူ့နာမည်ကိုသိသည်။အစာကျွေးခါးနီး “ကောက်ရရေ” ဟုခေါ်လိုက်ရုံဖြင့် အမြီးလေးတနှံနှံဖြင့် ပြေးလာတတ်ပြီး သူ့အစာကို မစားသေးမှီလဲ ရေချမ်းကို ကျေးဇူးတင်ကြောင်း သူ့မျက်လုံးတွေဖြင့် ကြည့်ပြောတတ်သည်။
တခါတုန်းကလဲ ကောက်ရကြောင့် ရေချမ်းတို့အိမ်ကို သူခိုးကပ်တာမိသွားခဲ့ရဘူးသည်။ မနက်လင်းအားကြီး လူတွေအိပ်ကောင်းချိန်ပေါ့ ကောက်ရတစ်ကောင် တခါဘူးမျှ အူသံရှည်ရှည်မဆွဲဘူး။ ဟောင်လဲ တစ်ချက်နှစ်ချက်လောက်ဟောင်ပြီး တိတ်သွားတတ်သည်။အဲဒီနေ့မှ ရေချမ်းအဖေကလဲ “ဒီခွေးမ သူ့လလဲမဟုတ်သေးပဲ ဘာကြောင့်အူနေတာလဲမသိဘူး”ဟု သတိထားပြောသည်။နောက်သူ့အသံက အူယုံတင် မဟုတ်သေး တစ်ချက်တစ်ချက် ရေချမ်းတို့အိမ်ရှေ့တဲ့တဲ့ကြီးမှာ လာဟောင်သေးတယ်။အဖေလဲ ထူးခြားတယ်ဆိုပြီးထကြည့်တာ ကိုရွှေငတက်ပြားက ခြံထောင့်က စံပယ်ရုံကြီးထဲမှာ ရှေ့ထွက်မရ နောက်ထွက်မရပဲ ဖြစ်နေတာ အဖေကတွေ့သွားပြီးမိသွားသည်။သူက ဘယ်ရှေ့တိုးထွက်နိုင်မလဲ ကောက်ရမက သူအရှေ့က ပိတ်ပြီးဟောင်နေတာ။သူခိုးက အဲဒီမှာ ဂိမ်တာပဲ ရှေ့တိုးရင်လဲ ခွေးမပါးစပ်က ဖြဲဖြဲကြီးနဲ့အဆင်သင့်၊ နောက်ဆုတ်ရင်လဲ ရေချမ်းအဖေက ကိုးသင်းချိုင်းဓားကြီး တဝင့်ဝင့်နဲ့ မတတ်သာတဲ့အဆုံး စံပါယ်ရုံထဲမှာပဲ တဟင့်ဟင့်နဲ့ ရှိုက်ငိုရတဲ့ အဆင့်ရောက်သွားပါတယ်။ (ကိုးသင်းချိုင်းဓားဆိုတာက ရေချမ်းတို့ရပ်ကွက်က ချိုင်းရောင်တဲ့ကိုသင်း လာအပေါင်ခံထားတဲ့ ကိုသင်း(ချိုင်း)ရဲ့ဓားမပါ။အခုတော့ သူလဲ လာမရွေးနိုင်တော့လို့ ရေချမ်းအဖေလက်ထဲ ရောက်လာတာပါ။:P)
ကောက်ရနဲ့ ရေချမ်းတို့အဖေ မျက်လုံးချင်းဆုံပြီး အပြန်အလှန် ကျေးဇူးသက်ကာရတွေ တင်လိုက်ကြသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အဲဒီနောက်ပိုင်းမှာ ကောက်ရလဲ သူ့ညောင်ပင်အောက်ကနေ အတော်လေးကြာအောင် ပြောက်သွားသည်။ရေချမ်းတို့မိသားစုလဲ သူလာနေကြ ညနေတိုင်းအစာလာမစားတော့လဲ သူကိုမေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြသည်။အစာခွက်ထဲမှာတော့ အစာတွေထည့်မြဲတိုင်းတော့ ထည့်ထားပေးသည်။ကောက်ရကြီး ပြန်ရောက်လာလို့ ဗိုက်ဆာရင်စားလို့ရအောင်တဲ့ သူမဟုတ်လဲ အခြားကောင်တွေ စားကြစေဆိုတဲ့ သဘောနဲ့ ညတိုင်းရေချမ်းကို အဖေက ကောက်ရရဲ့အစာခွက်ကို သွားဖြေ့ခိုင်းလေ့ရှိသည်။
တနေ့ ရေချမ်းအစာခွက်ဖြည့်နေရင်း ဟဲဟဲနဲ့ မောဟိုက်တဲ့ အသံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ ကောက်ရပြန်ရောက်လာသည်။လျာတန်းလန်းနဲ့ အဝေးကြီးက လာပုံလဲရသည်။သူကြည့်ရတာ အစာလည်း ဝဝလင်လင် မစားရခဲ့ဟန် ပိန်လှီခြောက်သွေ့နေသည်။ရေချမ်းလဲ “ကောက်ရ လာ…လာ”လို့ လက်ယက်ခေါ်လိုက်တော့ ထိုင်နေရာမှ ရေချမ်းနားထလာသည်။ရေချမ်းက သူနားခေါင်းလေးပွတ်ပြီး ဘယ်ပျောက်နေတာလဲမေးတော့ နားလည်ဟန်ဖြင့် မေးငေါ့ရင် မျက်လုံးအဝိုင်းသားဖြင့် ရေချမ်းကို မော့ကြည်နေသည်။နောက်ရေချမ်း သူ့အတွက် အစာကို အစာခွက်ထဲတည့်ပေးတာ ပြီးအောင်ထိုင်စောင့်နေသည်။ အစာထည့်ပြီးပြီဆိုမှ အစာခွက်နားလာပြီးစားသည်။
နောင်လအတန်ကြာတော့ ရေချမ်းအဖေက “ကောက်ရမမှာ ဇီးရှိလာပြီ ဧကန်န ဒီကောက်ရမ အရင်ပျောက်သွားတာ ချစ်သူအသစ်တွေ့သွားလို့ လိုက်သွားတာထင်တယ်”လို့ ရေချမ်းအဖေက ကဗျာဆန်ဆန် ကောက်ချက်ချလိုက်သည်။မကြာပါဘူး ကောက်ရမမှာ ခွေးပေါက်ကလေး လေးကောင် ပေါက်လာပြီး လမ်းပေါ်က ဈေးသွားဈေးလာတွေ သူ့ကလေးတွေ လာကြည့်မှာစိုးလို့ထင်တယ် တွေ့သမျှလူကို လိုက်ဟောင်နေသည်။ရေချမ်းတို့သွားကြည့်တော့ သူက ဘာမှမပြောဘူး ခပ်လှမ်းလှမ်းလေးမှာ သူရှေ့ခြေနှစ်ချောင်းကိုဆင်းပြီး မေးလေးတင်ကာ ဝပ်တွားပြီးကြည့်နေလိုက်သေးတယ်။ရေချမ်းအမေက
“သားရေ ကောက်ရတို့မိသားစု ညကြရင်အေးနေမှာ နွေးသွားအောင် ခွေးလေးတွေအောက်ကနေ ဂုံနီအိတ်ခွံတွေ ခင်းပေးမှထင်တယ်။နောက်ပြီး သူတို့မိသားစုအတွက် လမ်းထိပ်ထမင်းဆိုင်က ထမင်းဟင်းအကျန်တွေ အမေသွားတောင်းလိုက်ဦးမယ်”။
ဒါကိုကောက်ရက ရေချမ်းအမေပြောသွားတာ သူနားလည်တယ်ထင်တယ် “အူ”ဆိုပြီး ကျေးဇူးစကား တိုးတိုးလေးပြောလိုက်သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ရက်အတန်ကြာလာတော့ ကောက်ရရဲ့ကလေးတွေ လမ်းစလျောက်တတ်လာပါပြီ။ဟိုစမ်းတဝါး ဒီစမ်းတဝါးနဲ့ သူတို့ကလေးတွေ ဒယိမ်းဒယိုင် လမ်းလျောက်နေတာကိုကြည့်ရင်း ကောက်ရမကြီးရဲ့ မိခင်မေတ္တာအပြည့်ဖြင့် သူ့ကလေးတွေ ကာကွယ်စောင့်ရှောက်နေတဲ့ မြင်ကွင်းဟာ ရေချမ်းစိတ်ထဲ ဝမ်းသာကြည်းနူးနေမိတယ်။ ကောက်ရမချစ်သူက အကောင်လှတယ်ထင်တယ်။လေးကောင်လုံးက သူတို့အမေလိုမဟုတ်ပဲ အမွေးနုရှည်ရှည်လေးတွေ ရှိတယ်။ဈေးသွားဈေးလာတွေက ခွေးကလေးတွေကိုချစ်လို့ ကိုင်ရင်တောင် ကောက်ရမက သူ့ကလေးတွေကို ခေါ်သွားမှာဆိုးလို့နဲ့တူတယ် ဂီးဂီးနဲ့ မာန်ဖီလိုက်ရော ကိုင်ထားတဲ့သူတွေက ခွေးလေးတွေချပြီး လန့်ပြေးသွားကြတယ်။
ညနေ အစာစာဖို့သူတို့မိသားစုကို လှမ်းခေါ်လိုက်ရင် ဒီကောင်လေးလေးကောင်က လုံးလုံး လုံးလုံးနဲ့ သူအမေရှေ့ကနေ အပြေးလေးတွေလာကြပုံက ချစ်စဖွယ်လေးတွေ။ပြီးတော့ ရေချမ်းထည့်ပေးတဲ့ အစာခွက်ထဲက အစာတွေကို လေးကောင်သားအလုအယက်နဲ့ကို စားနေလိုက်ကြသေးတယ်။ရံဖန်ရံခါများ သူတို့အသံသေးသေးလေးတွေနဲ့ အစာမာန်ဖီနေလိုက်ကြသေးတယ်။ကောက်ရမကြီးကတော့ သူကလေးတွေ အစာဝလင်အောင်စားနေတာကိုပဲ အနောက်ကနေ ထိုင်ကြည့်နေတယ်။သူကလေးတွေ ဝသွားပြီဆိုတော့မှ သူကကျန်ခဲ့တဲ့အစာကိုဆက်စားတယ်။
တနေ့နံနက်စောစော အိမ်ရှေ့တံခါးမှာ တဂျစ်ဂျစ်နဲ့ တစ်ခုခုခြစ်သံကြားလိုက်ရတော့ ဘုရားရှိခိုးနေတဲ့ ရေချမ်းအမေက ထပြီးတံခါးသွားဖွင့်ကြည့်လိုက်တော့ ကောက်ရလေ သူ့ကလေးတွေကို ဂုတ်ကနေကိုက်ချီပြီး တကောင်ချင်းစီ တံခါးရှေ့လာချနေတာကို တွေ့လိုက်ရတယ်။နောက်ပြီး သူတစ်ကိုယ်လုံးလဲ သွေးတွေပေကြံလို ဒဏ်ရာတွေကလည်း ဗလပွနဲ့။နောက်ပြီး သူပါးစပ်မှာလဲ အမြုပ်တွေတစီစီနဲ့ အပြင်ကိုလျှံကြနေတာကို ရေချမ်းအမေကတွေလိုက်ရတော့ “လာကြပါဦး၊ ဒီမှာကောက်ရမ ဘယ်လိုဖြစ်နေလဲမသိဘူး။” ဟု လှမ်းအော်လိုက်တော့ ရေချမ်းနဲ့ သူ့အဖေ အပြေးလေး ထွက်လာကြည့်ကြတယ်။
“ဟာ ဒီပုံအတိုင်းဆို ကောက်ရမ အဆိပ်တုံးမိသွားပြီထင်တယ်။သူ့ကို ဘယ်သူတွေက ရိုက်လွှတ်လိုက်လဲမသိဘူး၊ ဒဏ်ရာတွေနဲ့”ဆိုပြီး ရေချမ်းအဖေက အိမ်အောက်ဆင်းသွားပြီး ကောက်ရမကို သွားကြည့်လိုက်တယ်။ကောက်ရမခမြာလည်း ဘယ်လောက်တောင်မှ အားတင်းပြီးထားရလဲ မသိဘူး သူ့ကလေးတွေ အားလုံးကို အိမ်ရှေ့လှေကားခြေရင်းနားမှာချထားပြီးတာနဲ့ သူလဲ ဘုန်းဘုန်းလဲကျသွားတယ်။နောက်ပြီး သူ့ဆီကို ပြေးဆင်းလာတဲ့ ရေချမ်းအဖေကို အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး နောက်ဆုံးနှုတ်ဆက်သွားရှာတယ်။ခွေးကလေးတွေကတော့ သူတိုမိခင်ကြီး ဘာဖြစ်မှန်းတောင်မသိရှာကြဘူး ခွေးကလေးတို့ ဘာသာဘာဝ သူတို့အမေ အလောင်းဘေးမှာ လှည့်ပတ်ပြေးဆော့နေကြတယ်။
ရေချမ်းတို့သားအဖလဲ ကောက်ရရဲ့နောက်ဆုံးခရီးအတွက် သူနေခဲ့တဲ့ ညောင်ပင်အောက်မှာပဲ မြုပ်နှံသင်္ဂြိုလ်လိုက်ကြတယ်။ခွေးကလေးတွေကိုတော့ ရေချမ်းတို့ အိမ်အောက်မှာပဲ သူတို့အတွက် နွေးထွေးအောင် နေရာလေးတစ်နေရာလုပ်ပေးထားလိုက်တယ်။ညဘက်ညဘက်ဆိုရင်တော့ ရေချမ်းတို့အိမ်အောက်က ခွေးကလေးတွေ သူတို့စို့နေကြ ကောက်ရမနို့ကို တောင်းတလို့ ညီးနေသံတွေကိုကြားရတိုင်း ရေချမ်းတစ်ယောက် သူတို့လေးတွေရဲ့ ဖြစ်အင်ကို သနားနေမိတယ်။
ကောက်ရမဟာ သာမာန်ခွေးမတစ်ကောင်ဖြစ်ပေမယ့်လဲ သူ့အပေါ် ကျေးဇူးရှိတဲ့သူတွေ၊ မေတ္တာထားတဲ့သူအတွက် ကျေးဇူးတုံ့ပြန်မှုရှိတယ်။မိခင်ပီသတဲ့မေတ္တာစိတ်နဲ့ အရင်းခံ၍ သူကလေးတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောင့်မှုလဲရှိတယ်။သူသေဆုံးခါးနီးတိုင်အောင်တောင် သူ့ဝေဒနာကို လှစ်လျုပြုပြီး သူ့ကလေးတွေ နောင်ရေးအတွက် နားခိုစရာစီစဉ်သွားပေးသေးတယ်။ အခုဆိုရင် သူကလေးလေးကောင်ဟာ ရေချမ်းတို့အိမ်မှာ လုံခြုံရေးအတွက် အရမ်းကို အားကိုးရတဲ့ ခွေးကြီးလေးကောင် ဖြစ်နေပါပြီ။သူတို့အမေ ကောက်ရမတစ်ကောင် ကောင်းရာသုဂတိလားပါစေ။
ဆက်လက်ကြိုးစားပါဦးမည်။

