ဒီနေ့ မဒမ်ရေချမ်းတစ်ယောက် ထူးဆန်းနေသည်။ ရေချမ်းကို မနက်စောစောထဲက အင်္ကျီလဲခိုင်းထားပြီး ဒီနေ့ ရေချမ်းတွင် သွားစရာ အစီအစဉ်မရှိရင် သူ့နောက်လိုက်ဖို့ မှာထားသည်။
ရေချမ်းတစ်ယောက်လဲ မဒမ်ရေချမ်း ခေါ်ဆောင်ရာသို့ ဘာမသိညာမသိနဲ့ ကန့်လန့်ကန့်လန့်သာ လိုက်လာရသည်။သူမ ဘယ်ကိုသွားမည်။ ဘာကို လုပ်မည်ကိုမသိ။ သူမလမ်းညွှန်ရာကိုသာ ကားစတီယာတိုင်လေး ကိုင်ရင်းမောင်းနှင်နေရသည်။ စိတ်ထဲမှာတော့ သို့လောသို့လော အတွေးများဖြင့် မဒမ်ရေချမ်းတစ်ယောက် ဘာတွေများ လုပ်လေဦးမလဲ။ ဟိုတခါကလဲ ဘာမပြောညာမပြောနဲ့ လမ်းလျှောက်ထွက်မယ်ပြောပြီး လမ်းရောက်မှ ရုပ်ရှင်ရုံထဲ ရောက်သွားသည်။
အခုလဲ ရေချမ်းတစ်ယောက် ကားကို ရွှေတိဂုံဘုရားလမ်းပေါ်သို့ ဦးတည်လိုက်ရသည်။ အတွေးထဲမတော့
“အင်း၊ ဒီမိန်းမ စကော့ဈေးမောင်းခိုင်းပြီး ဘာပူဆာဦးမလဲမသိဘူး။”
ယခင် လေဟာပြင်ဈေးအရှေ့သို့အရောက်တွင် -
“ဟိုမှာတွေ့လား။ အဲဒီအဆောက်အဦးဆီကို မောင်း။” သူပြရာ အဆောက်အဦးက အရင်က သွားကောလိပ်နေရာကိုပင်။
ဆေးရုံဝင်းထဲရောက်တော့ ရေချမ်းအတော်ပင် အံ့သြသွားသည်။ ရေချမ်း ဒီနေရာမရောက်တာ အတော်ပင်ကြာခဲ့ပြီ။ ငယ်ငယ်တုန်းကတော့ သွားနှုတ်ဖို့ဆိုပြီး ဒီသွားကောလိပ်ကို အမြဲတစေ လာရလေ့ရှိသည်။ အခုတော့ ဒီသွားကောလိပ်ကြီးပင် ခေတ်စနစ်တွေကြောင့် ပြောင်းလဲသွားခဲ့ရရှာပေပြီ။
“အမျိုးသားသွေးဌာန” ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ရေချမ်းကို ကြိုဆိုနေသည်။ ရန်ကုန်မရောက်ဖြစ်တာလဲကြာပြီ၊ ရောက်ပြန်တော့လဲ ဒီနေရာကို ဖြတ်သွားဖြတ်လာသာ လုပ်ခဲ့တာ ယောင်လို့လှည့်ပင်မကြည့်ခဲ့။ ရေချမ်း၏ ငယ်သွားလေးများ ထိုနေရာမှာပင် အတော်များများ ဆုံးရှုံးခဲ့တာကြောင့် ထိုအဆောက်အဦးကိုမြင်လျှင် ရေချမ်း အတော်စိတ်နာသည်။
သင်္ခါရအပြောင်းအလဲများကြောင့် သွားကောလိပ်မှ အမျိုးသားသွေးဌာန ပြောင်းလဲသွားသော ထိုအဆောက်အဦးဆီရောက်မှ ရေချမ်းလဲ မဒမ်ရေချမ်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လာသည်။
“ဒီတစ်ခါ ရန်ကုန်ရောက်ရင် သွေးလှုဖြစ်အောင်ကို လှုကြမယ်လေ။”
လွန်ခဲ့သော လေးလလောက်က မဒမ်ရေချမ်းပြောခဲ့သည့် စကားများကို ရေချမ်း ပြန်လည်သတိရလာသည်။ အဲဒီတုန်းကတော့ ဘာလိုလိုညာလိုလိုနှင့်သာ ခေါင်းညိမ့်ခဲ့ရသော်လည်း တကယ်မဟုတ်သေးသဖြင့် ရေချမ်း ခပ်မေ့မေ့ဖြစ်နေခဲ့သည်။
တကယ့်တကယ်တမ်း ရောက်လာပြီဆိုတော့ ရေချမ်း ခေါင်းနပန်းကြီးသွားသည်။ အမှန်ပြောရလျှင် ရေချမ်းသွေးမလှုချင်။ တခါဘူးမျှလဲ မလှုခဲ့ဘူး။ ရေချမ်းငယ်ငယ်ကဆို အပ်နှင့် ဆေးထိုးခံရမည်ကို ကြောက်သဖြင့် ဘယ်လောက်ဖျားနာနာ ဆေးခါးခါးကြီးများကိုပင် ကြိတ်မှိတ်မြိုချခဲ့သည်။
ကြီးလာပြန်တော့လဲ သွေးလှုတန်းတယ်ဆိုတာ သတင်းစာတွေမှာ တွေ့ဖူးတာသာရှိခဲ့သည်။ ရေချမ်းနေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သွေးအလှုခံတာတို့၊ သွေးလှုဖူးတဲ့လူဆိုတာတို့ မမြင်ခဲ့၊ မဆုံခဲ့ပေ။
မဒမ်ရေချမ်းသာ သူအရင်အလုပ်မှာ သွေးလာအလှုခံတုန်းက သွားလှုခဲ့ဖူးသည်။ သူကတော့ အမြဲတမ်း ရေချမ်းကို သွေးသွားလှုမယ်လို့သာ ပြောပြောနေတာ ရန်ကုန်ရောက်တိုင်း အခြားကိစ္စတွေနှင့် သွေးလှုဖို့ကို မလှည့်ဖြစ်ခဲ့ကြပေ။ ရေချမ်းကလည်း ဆေးရုံဆေးခန်းဆို သိပ်မသွားချင်ဆိုတော့ ဒီအကြောင်းကို သူမဖာသာ မေ့မေ့ပြောက်ပြောက် နေပါစေသဘောမျိုးနဲ့ အစမဖေါ်ပေးခဲ့။
ရေချမ်းတစ်ယောက် အဆောက်အဦးအဝင်ဝမှာတင်
“ငါ သွေးမလှုချင်ဘူးနော်၊ နင်ဘဲလှု၊ ငါက နင်ကုသိုလ်ရအောင် လိုက်ပို့ပေးတာ။”
“ အင်းပါ….. ကျမ ဘာသာ လှုမှာပါ။ ရှင်သာ သားအကြီးနဲ့ စောင့်နေခဲ့။”
အမျိုးသားသွေးဌာနထဲသို့အဝင် ရေချမ်း အဝလေးမှာ ငုတ်တုတ်ထိုင်နေကြတဲ့ မိန်းမနှစ်ယောက်နဲ့ ကောင်ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဘာရယ်ကြောင့်မှန်းတော့မသိ ရေချမ်း သူတို့ကို သေချာသတိထားမိသွားသည်။ သတိထားမိတာက သူတို့ရဲ့ တစ်ခုခုကို စိုးရိမ်နေတဲ့ မျက်နှာတွေ။ အဝတ်အစားလေးတွေကလည်း ခပ်နွမ်းနွမ်းလေးတွေ။ သူတို့ပုံစံက ဂျီအီးစီမှာ ဆန်ထုတ်ထုတ်ဖို့ စောင့်နေသူလို မျက်နှာမျိုးလည်းမဟုတ်၊ ရုပ်ရှင်လက်မှတ်မရမှာစိုးလို့ တန်းစီးစောင့်နေကြတဲ့သူလိုလဲ မဟုတ်၊ တခုတခုကို စောင့်နေတာတော့ သေချာသည်။ အသက်ကြီးကြီး အမျိုးသမီးကြီးက ခဏနေ ထိုင်လိုက်၊ ခဏနေ ထလိုက်နှင့်။
“အမေကလည်း ခဏစောင့်လို သူတို့ကပြောထားတယ်လေ။”
“ဟဲ့ သူတို့ခဏလည်း သေချာလား၊ မသေချာလားမသိ။ ဟိုက ဆရာဝန်ကြီးကလည်း ဒီနေ့လည် ထမင်းစားချိန် မကျော်မှီ ရရမယ်လို့ ပြောတယ်မဟုတ်လား။”
“အင်းပါ အမေရယ်။ ကျမတို့လဲ ဒီကို မနက်စောကြီးထဲက လာစောင့်နေတာပဲ။ အခုလဲ သူတို့က ကျမတို့လိုတဲ့သွေး မနေ့က ကုန်သွားလို့ တပြင့်သွေးဌာနတွေဆီ ရမရ ဖုန်းဆက်မေးနေတာပဲ။ ”
ရေချမ်းလဲ သားအကြီးကောင်ကို ထိန်းရင်း ထိုအမျိုးသမီးနှစ်ယောက် ပြောဆိုနေတာကို တစွန်းတစကြားလိုက်ရသည်။ သူတို့အပြောအရ သူတို့နှစ်ယောက် သားအမိဆိုတာရယ်၊ သွေးအိတ်လာ စောင့်နေတာရယ် သိလိုက်ရသည်။ သူတို့က ဘာကြောင့် ဒီလောက်တောင် စောင့်နေရတာလည်းဟု ရေချမ်း သိချင်သွား၍…..
“ဒီက အမတို့က ဘာကိုစောင့်နေကြတာလဲ။ သွေးက လိုချင်တိုင်းမရဘူးလား။”
“ဒီမှာကလည်း သွေးကို လိုသလောက်မရဘူး။ တနေ့မှ နှစ်ပုလင်းထဲ ရနိုင်တာ။ အဲဒီနှစ်ပုလင်းကလည်း သူတို့မှာ ရှိဦးမှ။ ကျမယောင်္ကျားက ရန်ကုန်ဆေးရုံးကြီးမှာ သွေးကင်ဆာနဲ့ ရောက်နေတာ။ ကျမတို့က သူ့အတွက်သွေးကို ဒီမှာအမြဲလာယူရတယ်။”
“အပြင်မှာကော ဝယ်လို့မရဘူးလား။”
“ရပါတယ်ကွယ်။ အပြင်မှာက သွားဝယ်ရင် ဈေးကြီးတယ်။ ဒီမှာ အမတို့က သွေးတစ်အိတ်ကို သုံးထောင်ပဲပေးရတာ။ ယောင်္ကျားကလည်း သွေးသွင်းဖို့ ဘယ်လောက်ကုန်ဦးမလဲ မသိဘူး။ အရင်နေ့တွေက ငွေမပေးနိုင်ရင်တောင် သွေးလှုမယ်သူကို ကိုယ်တိုင်ရှာလာပေးရင် သူတို့က သွေးထုတ်ပေးတယ်။ အခုဟာကလည်း ကျမတို့က နယ်ကဆိုတော့ သွေးလှုပေးမယ့်အသိတွေကလည်း သိပ်များများစားစားမရှိတာရယ်။ အပြင်မှာ ဝယ်ဖို့ဆိုတာကလည်း သွေးအိတ်ဈေးက ကြီးကကြီးနဲ့ဆိုတော့ သူတို့ အမျိုးသားသွေးဌာနက ပေးတာကိုပဲ ကျမတို့လည်း မျော်နေကြရတာ။”
“အမ ယောင်္ကျားက ဘာသွေးအမျိုးအစားမို့လို့လဲ။ သူတို့မှာကော အမျိုးသားသွေးဌာနဆိုပြီး သွေးမရှိတော့လို့လား။”
“ကျမယောင်္ကျားသွေးက ‘အို’ သွေးပါ။ သွေးက မနေ့ညနေတုန်းကတည်းက ကုန်ခါနီးနေပြီလို့ ပြောနေတာ။ သူတို့က တခြားနေရာတွေကနေ ရမရ ဖုန်းဆက်မေးနေတယ် ပြောတာပဲ။ အဲဒါကျမတို့လည်း မနက်ကတည်းက သွေးနှစ်အိတ်အတွက် စောင့်နေတာ။ အခုထိတောင် ကျမတို့တတွေ မနက်စာတောင်မစားခဲ့ရသေးဘူး။”
ရေချမ်း သူတို့မိသားစုလေးကို ကြည့်ပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။ လောကမှာ အရာရာတိုင်းကို ငွေရှိတာတောင် ဝယ်လို့မရ၊ ဝယ်ချင်လို့ ငွေရှိပေမယ့်လည်း ဝယ်မည့်အရာက ရှိနေဦးမှပါလား။ သူတို့လိုတာ ‘အို’ သွေးတဲ့။ ရေချမ်း မိမိကိုယ်မိမိ မလုံသလို ခံစားလိုက်ရသည်။ ရေချမ်း သွေးအမျိုးအစားကလည်း ‘အို’ သွေးပဲမဟုတ်လား။
တချို့တွေက သူတို့သွေးတွေကို အကြိမ် ရာထောင်မက လှုတန်းနေကြတဲ့ အချိန်မှာ ရေချမ်းလိုမျိုးကျတော့လည်း ကိုယ့်သွေးကို ကိုယ်နှမြောတာလား၊ သွေးလှုရမှာကို တွန့်ဆုတ်နေတာလား ဝေခွဲမရဖြစ်နေတယ်။ ကိုယ်ကိုတိုင်ကရော အမှန်တကယ် သွေးသွင်းဖို့ လိုအပ်လာတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့သွေးမရနိုင်တာ၊ မရှိတာဆိုတဲ့ အဖြစ်မှ ရေချမ်း မကြုံဘူးတာ။ ငွေရှိရင် သွေးဆိုတာ ဝယ်ဖို့ လွယ်လွယ်လေးပဲဟု ရေချမ်း ထင်နေမိခဲ့တာ။
တကယ်လို့သာ ထိုမိသားစုလေးလို အခြေအနေဆိုရင်ကော သွေးလှုတန်းနေကြသူတွေ အများအပြား ရှိနေကြပါလျှက်၊ သွေးဝယ်လို့ရနိုင်တဲ့ နေရာတွေ ပေါများပါလျှက်၊ ဘဝပေးအခြေအနေအရကော၊ တိုက်ဆိုင်မှုတွေအရကော အလွယ်တကူ သွေးမရရှိနိုင်ခဲ့ပါလျှင် ရေချမ်း ဘာလုပ်ရမလဲဟု တွေဝေစဉ်းစားမိသွားသည်။
ရေချမ်းလဲ သားကို သူ့အဖိုး ရေချမ်းအဖေနဲ့ အပြင်မှာထားခဲ့ပြီး မဒမ်ချမ်းရှိရာ အမျိုးသားသွေးဌာနထဲသို့ လိုက်ဝင်သွားသည်။ မဒမ်ချမ်းတစ်ယောက် သွေးအလှုခံဌာနအဝရှိ Reception စားပွဲတွင် ဖောင်တစ်စောင်ဖြည့်နေရင်း အလုပ်ရှုပ်နေသည်။ သူမနောက်ကနေ ရေချမ်း မရောင်မလည်နှင့် စောင့်နေပြီး သူမဖောင်ဖြည့်ပြီးနောက် သွေးရည်ကြည်စစ်တဲ့နေရာကို လိုက်သွားသည်။
ထိုနေရာလေးမှာ တာဝန်ကျ ဆရာဝန်မလေးနဲ့ အကူအမျိုးသမီးက စားပွဲလေးမှာထိုင်စောင့်ရင်း မဒမ်ချမ်းရဲ့ လက်ချောင်းထိပ်ကလေးကို တခါသုံးအပ်ကလေးနဲ့ ဖောက်လိုက်ပါတယ်။
“အရင်တုန်းကရော သွေးလှုဖူးလားရှင့်။”
“ ဟုတ်။ ကျမအရင်တုန်းက လှုဖူးပါတယ်။ ဒီမှာတော့ မဟုတ်ဘူး။ အလုပ်မှာ သွေးအလှုခံအဖွဲ့ လာတုန်းကပါ။”
လက်ဖျားပေါ်မှာ သွေးစက်လေး စို့ထွက်လာတော့ သူတို့စားပွဲပေါ်မှာ တင်ထားတဲ့ အပြာရောင်ပုလင်းထဲကို မဒမ်ချမ်းရဲ့ သွေးစက်ကလေးကို ညှစ်ချလိုက်ပါတယ်။ သွေးစက်ကလေးက အပြာရောင်အရည်ပေါ်မှာ အောက်မကျပဲ ပေါလောပေါ်နေပါတယ်။ ဆရာဝန်မလေးက မဒမ်ချမ်းမျက်နှာကို ကြည့်ပြီး
“အမ သွေးလှုလို့ မရဘူးရှင့်။ အမသွေးက အောက်ကျမသွားပဲ အခုလို ပေါ်နေလိုရှိရင် သွေးလှုလို့မရနိုင်သေးရှင့်။ အမမှာ ဟေမိုဂလိုဘင် ခေါ်တဲ့ သံဓာတ် အားနည်းနေပါတယ်။”
“ ဟင်… ဒါဆို ကျမ သွေးလှုလို့မရသေးဘူးပေါ့။ ဘယ်တော့လောက်ရမှာလဲ။”
“မပူပါနဲ့။ ကျမတို့ အမကို သံဓာတ် အားကောင်းလာမယ့်ဆေး ပေးလိုက်ပါ့မယ်။ ဒီဆေးသောက်ပြီး နောက်နှစ်ပတ်လောက် ကြာရင် ကျမတို့ဆီ ပြန်လာခဲ့ပါ။ နောက်ပြီး အမ ဒီကြားထဲ အစားမှန်မှန်၊ အအိပ်မှန်မှန် နေပါ အမ။”
မဒမ်ချမ်း မျက်နှာလေး ညှိုးသွားပြီး ရေချမ်းဆီသို့ ဖြစ်မှဖြစ်ရလေ ဆိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါတယ်။
“ ခဏ…. အမ။ သူ့သွေးလှုလို့မရနိုင်ဘူးဆိုရင် ကျွန်တော်ဆီကရော…..”
ရေချမ်း လက်ကို ဆရာဝန်မလေးဆီကို လှမ်းပေးလိုက်ပါတယ်။ ရုတ်တရက်ကြီး ရေချမ်း အပြုအမူကို မဒမ်ချမ်းကတော့ အံ့သြတဲ့ အမူအရာနဲ့ကြည့်ရင်း သူပဲ အရင်ကတော့ သွေးမလှုဘူးဆိုပြီး အဝင်ဝမှာတောင် ကပ်ကျန်နေခဲ့တဲ့လူ အခုကျတော့လဲ …. ဆိုတဲ့ မျက်နှာပေးနဲ့ ပျော်ရွှင်ကြည်နူးတဲ့ အမူအရာများ မဒမ်ချမ်းမျက်နှာပေါ် လွှမ်းခြုံသွားပါတယ်။
ဆရာဝန်မလေးကလည်း သူရှေ့ရောက်လာတဲ့ ရေချမ်းလက်ဖျားကို တခါသုံးအပ်ကလေးနဲ့ ဖောက်ပြီး အပြာရောင်အရည်ထည့်ထားတဲ့ ခွက်ကလေးထဲ သွေးစက်များကို ထည့်လိုက်ပါတယ်။ အံ့သြဖို့ကောင်းတာက မဒမ်ချမ်းတုန်းက သူမသွေးစက်တွေကို အတော်လေး ညှစ်ယူလိုက်ရပေမယ့် ရေချမ်းအလှည့်ကျတော့ သွေးစက်လေးတွေ လက်ဖျားပေါ်မှာ စီးလာပြီး ခွက်လေးထဲ ကျသွားပါတယ်။
ရေချမ်းသွေးစက်တွေဟာ အပြာရောင်ခွက်ကလေးထဲလဲ ကျသွားရော ခွက်အောက်ခြေအထိကို နစ်ဆင်းသွားပါတော့တယ်။ သွေးစစ်တဲ့ ဆရာဝန်မလေးကလည်း ပြုံးပျော်တဲ့ မျက်နှာနဲ့
“ဒီက အကိုသွေးက လှုလို့ရပါတယ်။ ကျမတို့ အကိုကို ဖောင်ပေးလိုက်မယ်။ သွားဖြည့်ပေးပါနော်။ ပြီးရင် ဟိုဘက်က ကွန်ပြူတာစာရင်းသွင်းတဲ့ နေရာလေးကို သွားပေးပါ။”
“ အို.. သူကျတော့ရပြီး ကျမ ကျတော့…..”
“ဒီလိုဖြစ်တတ်ပါတယ် အမရယ်၊ အမက သံဓာတ်များတဲ့ အစားအစားများများ စားပေးပေါ့။ နောက်ပြီး လာမလှုခင် အိပ်ရေးမဝဘူး ဆိုရင်လည်း ဖြစ်တတ်တယ်။ ဒီမှာ ကျမတို့ အမကို သွေးမလှုခင် ဘာတွေလိုအပ်တယ်၊ ဘာတွေ လုပ်ရမည်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ပေးလိုက်မယ်။ လိုရမယ်ရပေါ့။”
ဆရာဝန်မလေးက မဒမ်ချမ်းကို အမျိုးသားသွေးဌာနက ထုတ်တဲ့ လက်ကမ်းစာစောင်လေးရယ်၊ ဟေမိုဂလိုဘင်(Haemoglobin) အားကောင်းစေမယ့် ဆေးပြားလေးတွေ ထည့်ထားတဲ့ အထုတ်နှစ်ထုတ်ရယ် ပေးလိုက်ပါတယ်။
“ကျမ မလှုလိုက်ရပေမယ့်လည်း ကုသိုလ်ရအောင် ရှင့်ဖောင်ကို ကျမ ကူဖြည့်ပေးမယ်”
ဟုဆိုကာ မဒမ်ချမ်းတစ်ယောက် ရေချမ်းဆီက ဖောင်ကိုယူပြီး သူမကိုယ်တိုင် ဖြည့်ပေးပါတယ်။
“ခုနတုန်းကတော့ မလှုဘူးဆိုပြီး အခုကျတော့ ဘာစိတ်ကူပေါက်သွားတာလဲ။”
“ငါလဲ မင်းမလှုလိုက်နိုင်သေးလို့ ငါသွေးဆိုရင်ကော ရမလားလို့ပါ။ ပေးပါ ငါဖောင်ငါ ကိုယ်တိုင်ဖြည့်ကြည့်ဦးမယ်။”
ရေချမ်းတစ်ယောက် မဒမ်ချမ်းကိုသာ ပြောနေတယ် သူ့မျက်လုံးများကတော့ အစောက အဝင်ဝမှာ တွေ့ခဲ့တဲ့ မိသားစုကို ရှာဖွေမိသေးတယ်။ သူတို့တွေကော လိုအပ်တဲ့သွေးအိတ် ရသွားကြပြီလားလို့။ သူတို့သုံးယောက် သွေးမရသေးဘူးထင်တယ် အပေါက်ဝလေးမှာ ထိုင်စောင့်နေကြတုန်းပဲ။
ရေချမ်း ဖောင်ဖြည့်တော့ မေးထားတာ အစုံပါပဲ။ အရင်က သွေးလှုဖူးလား။ ဆေးထိုးဖူးလား။ မူးယစ်ဆေးဝါးသုံးစွဲ ဖူးလား။ အပျော်အပါးလိုက်စား ဖူးလား။ ဆေးမှင်ကြောင်ထိုးဖူးလား။ နားကပ်ဖောက် ဖူးလား။ သွေးသွင်း ဖူးလား စသည်ဖြင့် မေးခွန်းပေါင်းများစွာရယ်၊ ကိုယ့်နေရပ်လိပ်စာရယ် ဖြည့်လိုက်ရတယ်။
ဖောင်ဖြည့်ပြီးတာနဲ့ စာရင်းသွင်းတဲ့ နေရာကို ဖောင်လေးယူသွားတော့
“အကို မှတ်ပုံတင်လေး တဆိတ်လောက်”
“ဟိုက်…” ဒုက္ခပဲ။ မှတ်ပုံတင်က အိမ်မှာ ကျန်ခဲ့ပြီ။ အရေးထဲကျမှ အရာပေါ်နေပြီ။ မှတ်ပုံတင်လိုမလို သိမှမသိပဲကို။ အစကတည်းကလည်း မဒမ်ချမ်းပဲ သွေးလှုမှာဆိုတော့……
“ မပါလာဘူး ခင်ဗျာ့။”
“ ရှင်ကလည်း မြန်မာပြည်မှာနေပြီး။ မှတ်ပုံတင်မပါရင် ကားလိုင်စင်ထုတ်ပြ လိုက်လေ။ အတူတူပါပဲ။”
မဒမ်ချမ်းက အနောက်မှ လှမ်းသတိပေးသည်။ ဟုတ်ပါရဲ့။
“ ကားလိုင်စင်ကော ရမလား။”
“ဟုတ်ကဲ့ ရပါတယ်။”
တော်ပါသေးတယ်။ ကျေးဇူးတင်လိုက်မိပါရဲ့ မဒမ်ချမ်း ဖြတ်ထိုးဥာဏ်ကို။
“အစ်ကို ပထမဆုံးသွေးလှုတာလား။”
“ဟုတ်ကဲ့”
စာရင်းသွင်းနေသည့် ကောင်မလေး၏အမေးကို ဖြေလိုက်ရင်း ပထမဆုံး သွေးလှုဖူးတယ်ပြောရတာ ကိုယ်ဘာသာ ရှက်သလိုလို စိတ်မလုံမလဲ ဖြစ်လာသည်။ စာရင်းသွင်းတာကို စောင့်ရင်းနဲ့မှ
“အစ်မ ဟိုလေ…. ဟိုအပေါက်ဝက အမျိုးသမီး နှစ်ယောက်က သူတို့ သွေးဝယ်ဖို့ စောင့်နေကြတယ်ပြောတယ်။ အဲဒါ ကျွန်တော့်သွေးကို သူတို့အတွက် လှုရင်ရမလား။”
“ကျမတို့က စာရင်းလက်ခံတာဆိုတော့ သေချာမသိဘူး။ အစ်ကို သွေးလှုပြီးသွားမှ သွေးထုတ်တဲ့ဌာနမှာ သွားပြီး ပြောပြလိုက်လေ။ သူတို့က အစ်ကို ပြောသလို ဆောင်ရွက်ပေးပါလိမ့်မယ်။ အခု အစ်ကို ဟိုဘက်အခန်းထဲက ဆရာဝန်ကြီးရဲ့ လက်မှတ်ယူလိုက်ပါဦးရှင့်။ ပြီးရင် ကျမတို့ဆီကိုပဲ ပြန်လာခဲ့ပါ။”
သူပြန်ပေးလိုက်တဲ့ ဖောင်လေးကိုယူရင်း သူမညွှန်ပြလိုက်တဲ့ အခန်းဘက်ကို သွားရပါတယ်။ အခန်းအဝရောက်တော့ ဆရာဝန်ကုတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေပါတယ်။ ရေချမ်းလဲ ဝင်ခွင့်တောင်းတဲ့ အမူအယာပြရင်း ဆရာဝန်မကြီး စားပွဲဘေးက ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
“အရင်က သွေးလှုဖူးလား။”
“ဟင့်အင်း…. ဒါ… ပထမဆုံးအကြိမ်ပါ”
ဆရာဝန်မကြီးက ရေချမ်းလှမ်းပေလိုက်သော စာရွက်ပေါ်မှ အချက်အလက်များကို သေချာချာဖတ်ကြည့်နေရင်းမှ
“အရင်က အသားဝါဖြစ်ဖူးတယ်လို့ ရေးထားတယ်။ ဘယ်တုန်းကလည်း။ အခုရော ဘာဆေးဝါးတွေများ မှီဝဲနေသလဲ။”
“ငယ်ငယ်တုန်းကပါ။ အတိအကျပြောရရင် ကျွန်တော်မွေးမွေးခြင်းတုန်းက အသားဝါပါလာတာပါ။ အခုကြီးမှတော့ တခါမှပြန်မဖြစ်တော့ပါဘူး။”
“သြော်…. ဒါလား။ အဲဒါဆို မိဘနှစ်ပါးလုံးက အိုသွေးတွေပေါ့။ အဲဒါကြောင့်ပါ။ အခုမရှိရင် သွေးလှုလို့ရပါတယ်။ ကျမတို့ဆိုလိုတာက အသည်းရောင် အသားဝါရောဂါကို ဆိုလိုတာပါ။”
ဆရာဝန်မကြီးက ရေချမ်းကို သွေးပေါင်ချိန်စစ်ဆေးခြင်း ပြုလုပ်ပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ရေချမ်းလဲ ဖောင်ပေါ်မှာ လက်မှတ်လဲရရော စာရင်းလက်ခံတဲ့နေရာကို ပြန်သွားပြီး သူတို့ထုတ်ပေးတဲ့ သွေးထုတ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သွေးလှုမှတ်တမ်းကတ်ပြားလေး ထုတ်ပေးပါတယ်။
“ဒီကတ်ပြားလေးက နောက်တခါလာလှုရင် ယူလာခဲ့ပါ။ ဒီပစ္စည်းတွေ ယူသွားပြီး ဟိုဘေးက အခန်းထဲ ဝင်သွားလိုက်ပါ။”
သူမညွှန်ပြလိုက်တဲ့ အခန်းဝရောက်တော့ အခန်းတံခါးလေးစေ့ထားပါတယ်။ အခန်းဝမှာတော့ သွေးလှုခန်းမလို့ ရေးထားတော့ ရေချမ်းလည်း စိတ်နဲနဲ လှုပ်ရှားသွားပါတယ်။စေ့ထားတဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အေးမြရှင်းသန့်နေတဲ့ လေအေးတချို့က ရေချမ်းမျက်နှာကို ဖြတ်သန်းဆီးကြိုလိုက်တယ်။
အထဲမှာတော့ ဆေးရုံကုတင်တွေလို ရှစ်လုံးလောက်ရှိမယ်ထင်တယ်။ နောက်ထူးခြားတာက သွားဆေးခန်းတွေကလို ဆိုဖာနဲ့ ဆုံလည်ကုလားထိုင် တစ်လုံးလည်းတွေ့ရတယ်။ ရေချမ်းဝင်သွားတော့ အနီဝတ် သူနာပြုဆရာမလေး တစ်ယောက်က ရေချမ်းဆီကို လျှောက်လာပြီး ရေချမ်းလက်ထဲမှ သွေးလှုရန်သုံးမည့် သွေးအိတ်အလွတ်ကို လှမ်းယူရင်း နဘေးက ကုတင်အလွတ်ပေါ် လှဲဖို့ အချက်ပြလိုက်ပါသည်။
ရေချမ်းလဲ အတွေ့အကြုံသစ်ကို ရင်ဖိုနေသူမို့ ဘာစကားမှတောင်မပြောနိုင်ပဲ သူနာပြုဆရာမလေး ညွှန်ပြတဲ့ ကုတင်ပေါ် တက်ရင်း ပက်လက်လှန် အိပ်လိုက်ပါတယ်။ ဘယ်ဘက်လက်ဖျံကို ဆန့်ပေးလိုက်ရင်း မျက်လုံးကို အသာမှိတ်ထားလိုက်ပါတယ်။ သူနာပြုဆရာမလေးက လက်မောင်းကို ဂွမ်းစလေးနဲ့ ပွတ်လိုက်တာ၊ လက်မောင်းရင်ကို ရာဘာကြိုးပြော့လေးနဲ့ စီးနှောင်လိုက်တာ၊ အသားထဲကို ဆေးထိုးအပ်ကလေး ထိုးစိုက်ဝင်လာတာတို့ကိုတော့ ရေချမ်း မျက်စိမှိတ်ထားပေမယ့် အတွေ့တို့က သိနေပါတယ်။
ရေချမ်းကိုယ်ထဲက သွေးတွေ ဘယ်လိုအပြင်ကို ရောက်သွားသလဲတော့ မသိ။ (အလွန်ဆုံးရှိမှ ငါးမိနစ်လောက်ပင် ရှိမည်ထင်တယ်) ခဏကြာတော့ ဆရာမလေး ပြန်ရောက်လာပြီး
“ကဲ…. ပြီးသွားပြီ၊ မျက်စိမဖွင့်နဲ့ဦး၊ ငါးမိနစ်လောက် မျက်လုံးမှိတ် အနားယူလိုက်ဦး။ သွေးလှုလှုပြီးခြင်း ရုတ်တရက်ထရင် မူးတတ်လို့။”
“ဆရာမ ဒီတခါလှုပြီးသွားရင် ဘယ်တော့လောက် နောက်တခါ လာလှုလို့ရပြီလဲ။”
“နောက်လေးလလောက်ဆိုရင် လာလှုလို့ရပြီ၊ လူတစ်ယောက်က တစ်နှစ်မှာ သွေးသုံးကြိမ်ကနေ၊ လေးကြိမ်လှုလို့ရတယ်။”
ရေချမ်း မျက်စိလေး အသာပြန်မှိတ်ထားရင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်နေလေရဲ့။ မလှုခင်တုန်းက စိတ်လှုပ်ရှားမှုတွေ ဘယ်ဆီဘယ်ရောက်မှန်း မသိ၊ ကြက်ပျောက်ဌက်ပျောက် ဖြစ်ကုန်သည်။ နောင်လဲ သွေးလာလှုရဦးမယ်ဆိုတဲ့ အသိစိတ်လေးကတော့ သိသိသာသာ ပေါ်လာသည်။ အရင်တုန်းက ဒီလိုလွယ်ကူမယ်၊ ဒီလိုလှုလို့ရတယ်များ သိရင်ခဲ့ရင်လေ ဆိုသောအသိများ၊ မိမိလို သွေးလှုရမှာကို မသိတဲ့သူ၊ စိတ်မဝင်စားတဲ့သူ၊ သိရက်နဲ့ မလှုတန်းတဲသူ၊ သွေးလှုရမှာကို အထင်မှား အမြင်မှားတွေနဲ့ ကြောက်နေသူများကိုပါ သွေးလှုဖို့ အသိလေးရသွားခဲ့ရင် ဆိုတဲ့ စိတ်တွေသာ ရေချမ်းစိတ်မှာ ဆက်တိုက်ဖြစ်ပေါ်နေလေသည်။
နောက်ပြီး ငါ့သွေးနဲ့ တကယ့်ကို သွေးလိုနေတဲ့ ရောဂါသည်တွေ၊ အမျိုးသားသွေးဌာန အဝင်ဝမှာတွေ့ခဲ့တဲ့ မိသားစုလို သွေးအရေးပေါ် လိုနေတဲ့သူတွေ၊ သွေးလွန်တုတ်ကွေးကြောင့် အမှန်တကယ် သွေးသွင်းဖို့လိုအပ်လာတဲ့ အချိန်တွေမှာ အသုံးချနိုင်ခဲ့မယ်ဆိုတဲ့ အတွေးပီတိတွေ ရေချမ်းကိုယ်ထဲ စီးဝင်လာပါတယ်။
ဒီလိုအခြေအနေတွေ၊ ဒီလိုအချိန်တွေမှာဆိုရင် တကယ့်ကို သွေးလိုအပ်နေသူတွေရဲ့ ဒုက္ခအဖြစ်သနစ်တွေကို နားလည်သဘောပေါက်မိရင် ရေချမ်း အရင်က သွေးမလှုချင်ခဲ့တဲ့ ကိုယ့်စိတ်ကိုကိုယ် နောင်တရ ဝေဖန်နေမိတော့တယ်။
ငါးမိနစ်လောက်ကြာတော့ ရေချမ်းမျက်စိဖွင့်ပြီး ကုတင်ပေါ် ထထိုင်လိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ အရင်က ရေချမ်းဝင်လာခါစက တစ်ယောက်ထဲ အခု ရေချမ်းကုတင် ခပ်လှမ်းလှမ်းမှာ နောက်ထပ် သွေးအလှုရှင် နှစ်ယောက်လောက်ကို ထပ်တွေလိုက်ပါတယ်။
“ခေါင်းမူးလား။ ဘာမှမဖြစ်ဘူးဆိုရင် သွားလို့ရပါပြီ။ နောက်ပြီး ဒီအဆောင်ရဲ့အနောက်မှာ ကန်တင်းရှိတယ်။ အဲဒီမှာ သွေးအလှုရှင်တွေကို အဟာရဖြစ်အောင် ဆေးနဲ့ အစားအသောက်တွေ ကျွေးတယ်။ သွားစားလိုက်ပါဦး။”
ရေချမ်းတစ်ယောက် အစာဆိုတဲ့ အသံကြားလိုက်ရတော့ စိတ်ဝင်စားသွားသည်။ “ဒီကိုလာခဲ့သမျှ ဒီအစီအစဉ်တော့ အကြိုက်ဆုံးပဲ။” စိတ်ထဲမှာလဲ ကန်တင်းဆိုတော့ ရှယ်ပဲနေမှာလို့။ ရေချမ်းခြေလှမ်းများက ပေါ့ပါးသွက်လက်စွာ အစားအသောက် ကျွေးမွေးရာ အဆောင်အနောက်ဘက် ကန်တင်းဆီ ဦးတည်လိုက်ပါသည်။
ရေချမ်းတို့များ အစာဟေ့ဆိုတာနဲ့ ပါရမီဖြည့်ဖက် မဒမ်ချမ်းကိုတောင် မေ့မလိုဖြစ်သွားတယ်။ ဆော်ရီးပါ။ သွေးလှုခန်းက ရေချမ်းထွက်လာတာနဲ့ မဒမ်ချမ်းက
“အို…. မြန်လိုက်တာ။”
“ဟုတ်တယ်။ သွေးထုတ်လိုက်တာ ခဏလေးပဲ။ ဒါတောင် ဆရာမက သွေးလှုလှုပြီးခြင်း ခဏလောက် မှိန်းနေရမယ်ဆိုလို့ လှဲနေတာ။”
“ဟုတ်လား။ သွေးအားကောင်းလို့ထင်တယ် မြန်တာ။ ကျမအရင် သွေးလှုတုန်းကဆို ဆယ်ငါးမိနစ်လောက်တောင်ကြာ သွားတယ်။ ပြီးတော့ အလုပ်ထဲမှာ သွေးလှုပြီးတဲ့သူတွေကို အဟာရပြန်ပြည့်အောင်ဆိုပြီး ဘူဖေးကျွေးသေးတယ်။”
“ဟုတ်တယ်။ ဒီမှာလဲ ကျွေးတယ်ပြောတယ်။ လာ…လာ”
ရေချမ်းလဲ အနောက်ဘက် ကန်တင်းဆီသို့ မဒမ်ချမ်းအားခေါ်ပြီး ဦးတည်လိုက်သည်။
ကန်တင်းတဲ့။ ရေချမ်း ထင်သမျှ ကန်တင်းတကာ့ ကန်တင်းထဲမှာ ဒီကန်တင်းအသေးဆုံး ဖြစ်မည်။ ဆက်တီတစ်စုံသာရှိပြီး ကောင်တာပေါ်မှာလည်း ဘာစားစာရာမျှ မယ်မယ်ရရ မတွေ့။ ကော်ဖီခွက်အလွတ်တချို့သာရှိသည်။ ရေချမ်းလဲ ပြန်လှည့်ရနိုး ထိုင်ရနိုးနဲ့
“သွေးအလှုရှင်လား”
ရေချမ်း ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်တာမှ အမျိုးသမီးက သိပ်အလုပ်ရှုပ်နေပုံရသည် ထိုင်ခုံမှ ဖြေးညင်းစွာထပြီး ရေချမ်းကို အရှေ့ဆက်တီမှာ ထိုင်ဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းဆတ်ပြလိုက်သည်။ သူပုံကတော့ အဝယ်မလိုက်တဲ့ ဈေးဆိုင်က အရောင်းစာရေးမလိုပါပဲ။ ဝယ်သူလာရင်တောင် သူတို့အတွက် ရှားပါးပစ္စည်း တစ်မျိုးလိုမျိုး။
ကောင်တာမှ အမျိုးသမီးက ကော်ဖီတစ်ခွက်ရယ်၊ ကိတ်မုန့်တစ်ချပ်ရယ်၊ ကြက်ဥ အစိမ်းတစ်လုံးရယ်၊ နောက် မဒမ်ချမ်းရခဲ့တဲ့ ဖျုရာမင်းဘီစီလို သွေးကောင်းဆေးတစ်ထုပ်ရယ် လာချပေးသည်။ ရေချမ်းလဲ လာချပေးသမျှ အားတောင့်အားနားစွာနဲ့ အပြတ်စားလိုက်ရင်း။
“ဒီမှာ သွေးလာလှုတဲ့လူ များလား အဒေါ်”
“တခါတလေလဲများတယ်။ အမြဲတမ်းသွေးအလှုရှင်တွေ၊ အဖွဲလိုက် သွေးလာလှုတဲ့သူတွေ လာရင်တော့ များပါတယ်။ ကျန်အချိန်တွေမှာတော့ အခုလို မနက်အစောပိုင်းဆို သွေးအလှုရှင် သိပ်မရှိတတ်ဘူး။”
“ကျွန်တော် စာစောင်တွေ သတင်းစာတွေမှာတော့ သွေးအလှုရှင်တွေ အများကြီးတွေ့တွေ့နေတာပဲ။”
“ဒီလိုမောင်ရင်တွေတာ များပေမယ့်လည်း တကယ်သွေးအလှုရှင်စာရင်းက သိပ်များတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး လူဦးရေနဲ့ တွက်ကြည့်မှ ငါးရာခိုင်နှုန်း လောက်ပဲရှိတာ။”
“သြော်… ဒါဆို အတော်နဲသေးတာပေါ့နော်။”
“ဟုတ်တယ်။ ဒီ အမျိုးသားသွေးဌာနကလည်း မကြာမကြာ နယ်တွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ လိုက်ပြီး သွေးအလှုခံရတယ်။ ဒီမှာ လာလှုကြတာတွေကတော့ သိတဲ့လူတွေပဲများပါတယ်။ တချို့တွေက သိရက်နဲ့ လာမလှုနိုင်တာတွေ၊ လာလှုခွင့်မရှိတာတွေ၊ လာလှုရက်နဲ့ သွေးက လက်ခံလို့မရတာတွေ၊ အခြေအနေ အမျိုးမျိုးပေါ် မူတည်တာပေါ့လေ။”
-----------------------------------
ရေချမ်းလည်း အမျိုးသားသွေးဌာန အပေါက်ဝရောက်လာတော့ ခုနကစောင့်နေတဲ့ မိသားစုကို မတွေ့တော့ပါဘူး။ ရေချမ်းစိတ်ထင် သူတို့လိုတဲ့သွေး ရသွားပြီထင်တယ်။ သေချာအောင် သွေးထုတ်ပေးတဲ့ ဌာနထဲသွားပြီး မေးတော့ သူတို့လိုတဲ့သွေး တခြားမှာရလို့ သွားထုတ်ကြတယ်တဲ့။ ရေချမ်းက ခုနက သူလှုခဲ့တဲ့သွေးကို သူတို့အတွက် လှုမယ်ဆိုရင်ကောဆိုတော့
“သွေးကို ကျမတိုဌာနက သေချာအောင် ဓာတ်ခွဲစမ်းသပ်ပါသေးတယ်။ ရှင်တို့လှုထားတဲ့သွေးတွေ တဆင့်ပြန်လှုလို့ရပြီဆိုတော့မှ ကျမတို့ဆီက ပြန်ထုတ်ပေးပါတယ်။”
ဘာပဲဖြစ်ဖြစ်လေ ရေချမ်းတစ်ယောက် အမျိုးသားသွေးဌာနလေးမှအထွက် သွေးလိုလို့စောင့်နေတဲ့ မိသားစု သွေးရသွားလို့ စိတ်ပျော်သွားသလို၊ လာတုန်းက မလှုချင်ပေမယ့်လဲ သူတို့မိသားစု ဖြစ်အင်လေးကို အမှတ်တမဲ့ သိရှိလိုက်ရာမှ သွေးလှုချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ကြိုတင်စီစဉ်မှု မရှိထားတဲ့ကြားက မွန်မြတ်တဲ့ အလှုတစ်ခုကို ကမ်းဆင့်လှမ်းလင့်လိုက်ရလို့ ထိုမိသားစုလေးကိုရော၊ အမျိုးသားသွေးဌာနကို လမ်းပြခေါ်ဆောင်လာတဲ့ မဒမ်ချမ်းကိုရော ဤစာစုလေးနဲ့ ကျေးဇူးတင်ပါတယ်။
ချမ်းလင်းနေ
www.chanlinnay.blogspot.com
ဂုဏ်ယူပါတယ်အကိုရေ... ညီမလေးကတော့ သွေးလှူချင်ပေမယ့် အမြဲတမ်းသွေအားနည်းနေလို့ ဆေးသောက်နေရတဲ့ သူမို့ လှူလို့မရဘူးတဲ့ ... အကို..:(
ReplyDeleteကြုံတောင့်ကြုံခဲ သွေးလှုခွင့်ရတာ တကယ်ဝမ်းသာပါတယ် အကိုချမ်းရေ.. အနော်တော့ သွေးလှုဖို့ ခဏ ခဏ ကြံဖူးပေမဲ့ တခါမှ သွေးလှုခွင့်မရဘူး.. မင်္ဂလာဗျူဟာမှာ သွေးလှုဖို့သွားတော့ အမချမ်းလိုပဲ သွေးက သွေးအားမပြည့်လို့ လှုခွင့်မကြုံဘူးလေ.. အလှုဆိုတာမျိုးကလဲ အလှုခံပုဂ္ဂိုလ်ကလဲ လိုအပ်တဲ့အချိန်.. လှုမယ့်သူကလဲ ပေးလှုဖို့အဆင်သင့်ဖြစ်နေချိန်ဆို အကျိုးထူးတယ် ပြောတယ်.. အကို ကုသိုလ်တွေ အများကြီးရမှာပါ..
ReplyDeleteမွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်သလို ကုသိုလ်လည်းရ တစ်ဖက်သားအတွက်လည်း အကျိုးရှိတဲ့အလုပ်မို့ လေးစားပါတယ်ကွယ်။
ReplyDeleteစိတ်ဓတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
မွတ်မြတ်တဲ့အလုပ်ဖြစ်တဲ့အတွက်
ReplyDeleteလေးစားဂုဏ်ယူပါတယ်
ကိုယ်ကမလှူနိုင်လို့ မလုပ်နိုင်လို့
လှူနိုင်လုပ်နိုင်တဲ့သူတွေကို အားကျမိပါတယ်
မွန်မြတ်တဲ့ အလုပ်ပါ...။ ပြီးခဲ့တဲ့ လေးငါးလတုန်းက သွေးလှူဖို့ အကြောင်းဖန်သေးတယ်...အကြောင်းကြောင်းကြောင့် မလှူဖြစ်လိုက်ဘူး...။
ReplyDeleteဖြောင်းဖြောင်း(လက်ခုတ်တီးအားပေးသွားတယ် အစ်ကိုရေ)
ReplyDeleteဂုဏ်ယူပါတယ်ဗျာ
ကျွန်တော်လည်းမလှူဖူးသေးဖူး ဟီး သတ္တိမွေးအုံးမှ
မွန်မြတ်တဲ့အလှူအတွက် လေးမြတ်စွာ သာဓုခေါ်ခဲ့ပါတယ်။ သွေးလှူတဲ့အတွေ့အကြုံကလည်း ဗဟုသုတရစေပါတယ်။
ReplyDeleteလာအားပေးသွားပါတယ်..
ReplyDelete