Thursday, November 18, 2010

စနေချစ်သူ


စနေချစ်သူ - သုမောင်

စနေနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“နာမည်ကလေး သိပါရစေ”
“......................”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့....”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်....”
“ပဲ့ပါသွားတာကျနေတာပဲ...”
“နာမည်သိတော့ ဘာလုပ်မှာတုံး...”
“သိချင်လို့ပေါ့”
“သိပြီးတော့ကော ဘာလုပ်မှာတုံး...”
“ခေါ်ချင်လို့ပေါ့”
“ခေါ်ပြီးတော့ ဘာလုပ်မှာတုံး...”
“ `ဒီကကို´စကားပြောချင်လို့ပေါ့”
“ဒီကလို့ မပြောပါနဲ့ နာမည်ရှိတယ်...”
“ဘယ်သူကလေးတဲ့တုံးကွယ်”
“သိဘူး...”
“ဟယ်.... ဆန်းတယ်နော်၊ နာမည်က သိဘူးတဲ့၊
ဒီတစ်ခါပဲ ကြားဖူးသေးတယ်”

တနင်္ဂနွေနေ့
လှည်းတန်းဈေး

“ဟေ့- သိဘူး”
“အို- ဘယ်လိုလဲ”
“ `သိဘူး...´ဆိုလို့၊ `သိဘူး´ခေါ်တာပဲ”
“ဘယ်သူက ပြောလို့လဲ”
“မနေ့က နာမည်မေးတော့`သိဘူး´ဆို”
“ကြောင်လိုက်တာ”
“ဒါဖြင့်... မဟုတ်ဘူးပေါ့”
“ဘယ်လိုလဲ ဒါဈေးလယ်ကောင်ရှင့်...”
“သူများတွေလည်း ဒီလိုပါပဲ”
“တခြားစီပဲ”
“အတူတူပါပဲ...”
“သွားစမ်းပါ”
“ဘယ်ကိုလဲ”
“ငရဲပြည်...”
“အတူလိုက်မှာလား ”
“၀ိုင်းကြည့်နေကြတယ်”
“သူတို့ကတော့ ထင်ကြမှာပဲ”
“ရှက်စရာကောင်းတယ်။ ပြန်တော့မယ်”
“ဘယ်ကိုလဲ”
“အဆောင်ကိုပေါ့”
“လိုက်ပို့မယ်လေ”
“လိုပါဘူး”
“အဲဒါဖြင့် အဲ့ဟိုစာအုပ်ကြားထဲ ညှပ်ထားတဲ့ ဒေါနခက်ကလေး
အမှတ်တရပေးခဲ့ပါလား”
“ဟီဟိ...”
“ဘာရယ်တာလဲ”
“ယူချင် ယူထားလေ၊ အဲ့ဒါ ဒေါနခက် ဟုတ်ဘူး...၊ တို့စားဖို့ ၀ယ်လာတာ၊ နံနံပင် တွေရှင့်...”
“မထူးပါဘူး။ အဲဒီနံနံပင်တွေပဲ ပေးခဲ့ပါတော့”

တနင်္လာနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“မအေးမယ်”
“ဟဲ့-ပလုတ်တုတ်”
“လန့်သွားသလား”
“တို့နာမည် သူဘယ်လိုလုပ်သိလဲ”
“ဒီလိုဒီလိုပေါ့”
“မကျေနပ်ပါဘူး”
“ဘာလို့လဲ”
“မသိစေချင်ဘဲ ဘာလို့သိရတာလဲ...”
“မြားနတ်မောင်က ပြောပြလို့”
“အော့... အော်...”
မြားနတ်မောင်ရှိတာ သူလည်းသိသားပဲ၊ လတ်စသတ်တော့”
“အကျအနကောက်လိုက်တာ...၊ ကဲပါ ပြော... တို့နာမည်ဘယ်လိုလုပ်သိလဲ...”
“မနေ့က ဒေါနခက်ညှပ်ထားတဲ့”
“နံနံပင်တွေပါ ဟီဟိ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနံနံပင်တွေ ညှပ်ထားတဲ့ စာအုပ်မှာ ရေးထားတာ တွေ့လို့ပေါ့”
“မျက်စိကလည်း ကျီးကန်းလိုပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်က... အရုပ်ဆိုးတယ်နော်”
“မဆိုးပါဘူး။ ခပ်လှမ်းလှမ်းက ကြည့်ရင် ဇော်ဝမ်းလိုလို ဘာလိုလိုနဲ့”
“ဟုတ်လား၊ ကိုယ်က ဇော်ဝမ်းလိုပဲ အသံကောင်းလား”
“ဒါပေမဲ့ အဝေးက နားထောင်ရင် ပိုကောင်းတယ်”
“နောက်ကို သီချင်းမဆိုတော့ဘူး”
“ဘာလို့လဲ”
“အဝေးကြီးမှ မသွားချင်ဘဲ”
“အလဲ့”

အင်္ဂါနေ့
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

“မအေးမယ်က စာဖတ်ဝါသနာပါသလား”
“..............”
“စိတ်ဝင်စားနေလိုက်တာ ဘာစာအုပ်လဲ”
“စံရွှေမြင့်ပါ”
“အပြင်က ငှားလာတာထင်တယ်”
“အကြောင်းမရှိ အကြောင်းရှာပြီး လိုက်လာတာ မသိဘူး မှတ်သလား”
“အကြောင်းရှိတာပေါ့”
“ဘာလဲ”
“သိသားနဲ့”
“သိပါဘူး”
“မအေးမယ်ဟာ.... လူတော်ပဲ၊ အပွေးမြင် ဒီအပင် ဘာအသုံးကျတယ်ဆိုတာ သိရမှာပေါ့”
“သူ့ကို မေးစရာတစ်ခုရှိတယ်...”
“အဲဒါသိလို့ လိုက်လာတာပေါ့”
“ဖောက်ပြီ အကောင်းပြောမလို့ဟာ”
“ဘာကိုလဲ”
“သူ့နာမည်လည်း သိထားချင်လို့ပါ...”
“နက်ဖြန်မှ ပြောမယ်”
“ဘာဖြစ်လို့...”
“ရှက်လို့”
“သူကများ...”
နာမည်သိချင်ရင် နက်ဖြန် ယုဒသာန် လမ်းထိပ်က အုတ်ခုံလေးမှာစောင့်”
“ဟေ့ တို့လည်း အဖြေမပေးဘဲ အနိုင်နဲ့ မပိုင်းနဲ့။ ဟေ့... အို...သိပ်ဆိုးတဲ့ ကောင်လေး ...”

ဗုဒ္ဓဟူးနေ့
မန္တလေးဆောင်
အခန်း- M ၁၀၂

“ဒီမယ် မင်း မအေးမယ်ရဲ့ သူငယ်ချင်း မဟုတ်လား”
“ဘာကိစ္စရှိလို့လဲ”
“မအေးမယ် ကျောင်းမတက်ဘူးလား”
“တက်သားပဲ”
“မတွေ့လို့ပါ”
“ကျွန်မနဲ့ အမြဲတမ်းတွဲလျက်ပဲ”
“ကျွန်တော်နဲ့ ချိန်းထားတာက တစ်နေရာပဲ”
“ချိန်းထားတဲ့နေရာမှ ကျွန်မ မသိဘဲ”
“ခင်ဗျားကို ချိန်းတာမှ မဟုတ်တာ”
“ရှင်နဲ့ သူနဲ့သိလို့လား”
“မသိဘဲ ချိန်းပါ့မလား”
“သူ ရှင်နဲ့ မတွေ့ချင်လို့ နေမှာပေါ့....”
“မဖြစ်နိုင်တာပဲ”
“ကိစ္စရှိလား.....”
“ကျွန်တော့်နာမည်ကို သူသိချင်တယ် ဆိုလို့ပါ၊ ခု....သူဘယ်သွားလဲ”
“အဆောင်ပြန်သွားပြီ။ ယူ့နာမည် ပြောခဲ့လေ.....”
“မောင် လို့ ပြောပေးပါ”
“ဘာရယ်”
“သြော် “မောင်” လို့ပါ”

ကြာသပတေးနေ့
ဘွဲ့နှင်းသဘင်ရှေ့

“ဟေ့ ဟေ့....”
“ကိုယ့်ကို ခေါ်တာလား”
“သူ့ကိုပေါ့...”
“ဆန်းတယ်နော်”
“ဘာကိုလဲ”
“ချိန်းမထားလည်းပဲ တွေ့တတ်လို့ပါ”
“မခနဲ့ပါနဲ့ .... မနေ့က တို့နေမကောင်းလို့ မလာတာပါ....”
“ကိုယ်နဲ့တွေ့ရင် ပိုနေမကောင်းမှာ စိုးလို့လား”
“အင်း... ဟုတ်တယ်”
ကိုယ်ကတော့ မအေးမယ်ကို မတွေ့လို့ ရင်ပူလိုက်တာ”
“လွန်တယ်ကွာ- တကယ်ပဲ”
“ခုကော တွေ့ချင်စိတ်ရှိရဲ့လား”
“သူကကော”
“မအေးမယ်က ... အတွေ့မခံမှာ စိုးနေတာ”
“မနေ့က သူ့ကိုသတိရနေပါတယ်”
“ဘာဖြစ်လို့”
“ချိန်းထားတဲ့နေရာမှာ သူစောင့်နေမှာကို သနားလို့ပေါ့”
“သူ သူလို့ မခေါ်ပါနဲ့၊ နာမည် ပြောခဲ့သားပဲ”
“သူပေးတဲ့နာမည်လား”
“အင်းပေါ့”
“ခု ဘယ်ခေါ်လို့ ဖြစ်ပါမလဲ”
“မနက်ဖြန်မှ ခေါ်မယ်လေ”
“ဒီတစ်ခါ `မအေးမယ်´က စချိန်းတာနော်”
“ဘာလဲ၊ သူက ကလဲ့စား ချေမလို့လား ရှောင်နေမှာလား...”
“မအေးမယ်နဲ့ဆို ဘယ်ကို သွားရသွားရပါ”
“နက်ဖြန်လာခေါ်လေ”
“ဘယ်ကိုလဲ”
“တို့အဆောင်ကိုပေါ့”
“ပြီးတော့ ဘယ်သွားကြမလဲ”
“ဗိုလ်ချုပ်ဈေးကိုပေါ့လို့”

သောကြာနေ့
ဗိုလ်ချုပ်ဈေး

“ရေခဲရေ သောက်ချင်သေးတယ်...”
“ဟင်... ကျောက်ကျောဆိုင်မှာလည်း သောက်ခဲ့သေးတယ် မဟုတ်လား..”
“သူ့ကိုတောင် လက်တို့ရသေး၊ ရေတွေက မသန့်လို့...”
“ဟုတ်လား”
“ဒီမှာက အ၀သောက် ငါးပြား၊ ရောင်းတဲ့ ကောင်ကလေးကလည်း သနားစရာ..”
“ဘဝဆိုတာ ဒီလိုပေါ့၊ ဟိုဥစ္စာ အင်း”
“လွန်တယ်ကွာ.. တကယ်ပဲ..”
“ဘယ်သွားချင်သေးလဲ”
“ပေါင်ချိန်ကြည့်ချင်သေးတယ်..”
“ရော့ ဆယ်ပြားစေ့ အလေးစေ့”
“ဟော့တော့...”
“ဘာဖြစ်လို့လဲ”
“ကိုးဆယ်ငါးပေါင်တဲ့ နှစ်ပေါင်တောင်မှ တိုးလာတယ်...”
“ဗေဒင် ကတ်ပြားလည်း ရတယ် မဟုတ်လား၊ ဘာတဲ့လဲ”
“ဟီဟိ”
“ရှက်ရပြန်ပြီ၊ ကဲ တိုးတိုးလေးပြော”
“မျက်စိမှိတ်ထားမှ”
“ကဲပါဗျာ... မှိတ်ပါပြီ”
“အင်း... အဟမ်း ဘာတဲ့ မိမိအား တစ်ဖက်သတ် ပိုးပန်းနေသူအား မချစ်လိုက်ပါနှင့်တဲ့”
“အလကား ဗေဒင်ကို ကိုယ်မယုံဘူး”
“တို့တော့ ယုံပါတယ်..”
“ကဲ.. ဘယ်သွားချင်သေးလဲ”
“သိဘူးလေ ခုဘယ်နှနာရီလဲ..”
“သုံးနာရီခွဲတော့မယ်..”
“သူကော ဘယ်သွားချင်လဲ”
“သုံးနာရီခွဲဆိုတော့ ... ဟေ့... သုံးဘီး ဟေ့...”
“ကားဆရာ ဝိဇယရုံကို မြန်မြန်မောင်းပါ နော်...”
“ဝိဇယရုံမှာ (Show Down) ပြနေတာ သေချာတယ်နော်”

စနေနေ့
အင်းလျားကန်စောင်း

“ငိုပါနဲ့ မအေးမယ်ရယ်”
“.........................”
“မအေးမယ်ကို မောင်ချစ်ပါတယ်”
“တို့ ကြိုးစားပါတယ်ကွယ်.. ဒါပေမဲ့ ငိုချင်တယ်”
“မောင့်ကို မအေးမယ် ချစ်တယ်မဟုတ်လား”
“မောင်ဟာလေ”
“တိတ်ပါ အေးရယ်”
“အမြတ်တနိုးထားအပ်တဲ့ ဘဝတစ်ခု ဆုံးရပြီမောင်”
“မောင့်မှာ.... အပြစ်မကင်းပါဘူး....၊ မောင် တောင်းပန်ပါတယ်”
“တို့ကိုယ်တိုင်ကလည်း မစောင့်စည်းတာပါ”
“အေးလေးရယ်”
“အို.. မောင်ရယ် ...”

တနင်္ဂနွေနေ့
အင်းလျားကန်စောင်း

“မောင်ရေ”
“ဗျာရေ”
“နက်ဖြန်ကျရင်လေ”
“လက်မှတ်ဝယ်ထားပြီးပါပြီဗျာ”
“ဟယ် မောင်ရယ် လိမ္မာလိုက်တာကွယ်”
“ချစ်တော့ အလိုက်သိရတာပေါ့”
“လွန်ပြီဟေ့... အို..”
“ရှေးလူကြီးတွေ သိပ်တော်တာပဲ၊ ပင်လယ်ရေသောက်ရသလိုပဲ”
“ဟေး.. သနပ်ခါးတွေ ပျက်ကုန်ပြီကွာ ..”
“ပျက်လက်စနဲ့ မလှဘူး။ အကုန်ဖျက်ပစ်မှပေါ့......”
“မရဘူး...မရဘူး၊ ဖယ်ကွာ... မွန်းတယ် ...”
“အို... သိပ်စကားများတဲ့ ပါးစပ်ကလေး”
“...........................”

တနင်္လာနေ့
သမ္မတရုပ်ရှင်ရုံ

“မင်းသားက ချောလည်း မချောဘူး”
“အမူအရာ ကောင်းသားပဲ ”
“နက်ဖြန်ကျရင်လေ”
“လှမှတို့က ကြိုက်တာ”
“မောင်ကျတော့ကော”
“မောင်က ချောပါတယ်”
“ဟေ့...တော်တော့... ကဲ ဘယ်သွားချင်သေးလဲ...”
“သိဘူးလေ...ဘယ်နှနာရီလဲ”
“သုံးနာရီခွဲတော့မယ်..”
“မောင်ကော.. ဘယ်သွားချင်လဲ..”
“ဟေ့...သုံးဘီး၊ ဟိုး..ဟိုး...”
“ဗိုလ်ချုပ်ဈေးမှာ ခေါက်ဆွဲ ဝင်ဝယ်ရအောင်”
“ဒီမှာ... ကားဆရာ၊ မကြာပါဘူးဗျာ၊ ဗိုလ်ချုပ်ဈေးကို အရင်သွားရအောင်”
“ပိုပေးပါ့မယ်ရှင်”
“ပြီးတော့ အင်းလျားဂျူးဘန်းကို သွားမယ်လေ”

အင်္ဂါနေ့
တိုက်ခန်းတစ်ခု (ဝင်ဒါမီယာ)

“ဒါနဲ့ ချစ်တယ်ဆို...”
“ဒီနေ့တော့ တောင်းပန်ပါတယ်....”
“မရဘူး မရဘူး....”
“ဟင်း... မောင်နော်...
ဘို့တစ်ဘို့တည်း မကြည့်နဲ့နော်ကွာ-”
“ချစ်လို့ပေါ့”
“နက်ဖြန်ကျမှကွယ်...”
“ခုမှပဲ... ခုမှပဲ...”
“တော်ပြီမောင်... မောင့်ကိုမုန်းတယ်..”
“တကယ်လား...”
“တကယ်..”
“ကောင်းပါပြီ အေးရယ်..”
“ဟင်း ... သူ့စိတ်ကြီးပဲ...”
“မောင် ဝမ်းနည်းတယ်...”
“ဟယ် မောင်မျက်ရည်တွေနဲ့..”
“............................”
“မောင်ရယ် ခက်ပါလားကွယ်...”
“............................”
“မငိုပါနဲ့ကွယ်... တို့ပါငိုမိလိမ့်မယ်...”
“....................”
“ကဲ... တိတ်တော့နော်”
“အေးကို ချစ်လို့ပါ”
“မောင့်ကို ချစ်လို့သာပေါ့”

ဗုဒ္ဓဟူးနေ့
အနုပညာအသင်းရှေ့

“ဒီမယ်”
“ဆိုလေ”
“မအေးမယ်နဲ့ မတွေ့ဘူးလား..”
“သူ ကျောင်းမတက်တာ ကြာပြီ...”
“ကျေးဇူးပါပဲ...”

ကြာသပတေးနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“ဒီမယ်... မအေးမယ်ရဲ့ သူငယ်ချင်း”
“အေးအကြောင်း မေးမလို့လား...”
“ဒါပေါ့”
“ညနေကျရင်၊ အရင်နေရာကို လာခဲ့ပါတဲ့ ...”
“ကျေးဇူးပါပဲ..”
“လိုပါဘူး”

သောကြာနေ့
ဗဟိုစာကြည့်တိုက်

ဒီမယ်... အေးရဲ့သူငယ်ချင်း”
“မနေ့က အေးနဲ့မတွေ့လို့ မဟုတ်လား”
“ခင်ဗျား.. နောက်လိုက်တာလား”
“အို့ ရာရာစစ ”
“ဒါဖြင့် ဘာလို့ အေးက စောင့်ခိုင်းတာလို့ ပြောသေးလဲ...”
“မနေ့က သူဒီအတိုင်းမှာသွားလို့ပေါ့”
“ဒီနေ့ကော - ဘာမှာလိုက်သေးလဲ”
“နောက်ကို မတွေ့ကြပါစို့နဲ့တဲ့၊ သူ့ကို မေ့လိုက်ပါတဲ့၊ သူကလည်း မေ့လိုက်တော့ မယ်တဲ့..”
“သူ စိတ်ပြောင်းပြီပေါ့..”
“စိတ်တစ်ခု... ရုပ်ကိုးဆယ်တဲ့....ရှင်”
“ခုလိုကူညီတာ ကျေးဇူးများစွာပါပဲ...”
“လိုပါဖူး”

စနေနေ့
မန္တလေးဆောင်
အခန်း- M ၁၀၄

“ဒီမယ်...အေးရဲ့သူငယ်ချင်း”
“ဘာလဲ.. အေးအကြောင်း မေးဦးမလို့ လား...”
“ဟုတ်ပါဘူး”
“ဒါ့အပြင် ဘာကိစ္စမှ မရှိပါလား”
“ရှိတာပေါ့”
“ဘာကိုလဲ”
“မေးစရာ ရှိသေးလို့ပေါ့”
“ဘာကိုလဲ”
“သြော်... နာမည်လေးသိပါရစေ”
“....................”
“ပြောလေ... နာမည်လေးက ဘာတဲ့လဲ ကွယ်...”
“သိဘူး”
“ဟယ်.ဆန်းလိုက်တာနော်၊ ဒီနာမည်မျိုး ဒီတစ်ခါပဲ ...ကြားဖူးတယ်`သိဘူး´ တဲ့”............................။


`စနေချစ်သူ’ဝတ္ထုတိုကိုတော့ ရည်းစားများတဲ့ လူငယ်တွေ အကြောင်းဖွဲ့တာပါ။ ကိုယ်တွေ့ မဟုတ်ပါဘူး။ သူငယ်ချင်း ကဗျာဆရာ မောင်သင်းအောင် (မုံရွာ) (ယခု မြင့်ဆောင်)ရေးတဲ့ ဝတ္ထုတိုလေးကို ရေးဟန်ပုံစံသဘောကျတာနဲ့ သူ့ဆီက ခွင့်တောင်းပြီး ပြန်ရေးခဲ့တာပါ။

သုမောင်

မှတ်ချက်။
ဒီဝတ္ထုတိုကလေးကို Perfect မဂ္ဂဇင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ သိမ်းထားတာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် မူလတင်ထားတဲ့ ပိုင်ရှင်အား ခွင့်မတောင်းပဲ တဆင့်ပြန်လည်တင်ပြခြင်းကို နားလည်မည်ဟု ထင်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။

3 comments :

  1. မန္တလေးဆောင်၊အနုပညာအသင်း၊၀ိဇိယရုံ၊သုံးဘီး
    ရှေးခေတ်ဟောင်းကိုအောင့်မေ့ဖွယ်ရာပါဘဲ။
    ကိုသုမောင်အလွမ်းပြေပေါ့နော်။

    ReplyDelete
  2. ဖတ်လို့တော့ တော်တော်ကောင်းသားနော်

    ReplyDelete
  3. ရုပ်ရှင်ရုံသွားတာကိုပဲ အားကျတယ်.....ဟီးးးးးးးးး

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...