Showing posts with label မိတ္ထူ. Show all posts
Showing posts with label မိတ္ထူ. Show all posts

Saturday, January 28, 2012

လေးလွှာ

လှေကားတွေသည် အတော် စိတ်ဝင်စားဖို့ ကောင်းသော အရာတွေမှန်း သူသိလိုက်ချိန်တွင် သူ လှေကား၏ ဒုတိယထစ်ကို ရောက်နေပြီဖြစ်သည်။ သစ်သားလှေကား အိုအိုကြီးက မူရင်း အရောင်အသွေး ဘာမှမရှိတော့။ နှစ်အဆက်ဆက် ( ခေတ်အဆက်ဆက် ဆိုလျှင် ပိုမှန်ပါလိမ့်မည် ) တင်ရှိခဲ့သော အမှိုက်သရိုက်ချေးညှော်များဖြင့် လှေကားထစ်များက ညစ်ထေးနေသည်။ သည်လှေကားထစ်တွေ အပေါ် ဖြတ်သန်းခဲ့တာ အခုလောက်ဆို လူဘယ်နှစ်ယောက်လောက် ရှိနေမလဲမသိ။ သူကကော ဘယ်နှစ်ယောက်မြောက်ပါလိမ့်။ သူမသိသော်လည်း လှေကားထစ်ကလေးတွေ ကတော့ ကောင်းကောင်းသိပါ လိမ့်မည်။ ပထမဆုံး သူတို့အပေါ် နင်းဖြတ်သွားခဲ့သူမှ ယခုနောက်ဆုံး နင်းဖြတ်နေသူ သူ အထိ လူတွေရဲ့ အကြောင်း ကောင်းကောင်း သိနေပါလိမ့်မည်။ သူတွေးနေရင်းနှင့် လှေကားတဆစ်ချိုးသို့ ရောက်လာသည်။ သည်တိုက်ကြီး ဘယ်တုန်းက ဆောက်ခဲ့ပါလိမ့်။ ကိုလိုနီခေတ်ကတည်းကဟု သူထင်သည်။ အန္တရာယ်ရှိသော အဆောက်အဦးပင် ဖြစ်လုနီးပြီလား မသိ။ ဘာပဲပြောပြော သည်လှေကားတွေ အပေါ်တော့ နေ့စဉ် လူတွေ ဆင်းနေတက်နေကြဆဲဖြစ်သည်။ လှေကားတလျှောက် ပျံ့လွင့်နေသော အောက်သိုးသိုး ဘယ်လိုခေါ်ရမှန်းမသိသည့် အနံ့တစ်မျိုးကို သူ ရှူရင်း နောက်လှေကား တစ်ဆစ်ဆီ တက်လာမိပြန်သည်။ လှေကားထိပ်ဘက် တိုက်မျက်နှာစာနံရံတွင် ဖောက်ထားသော ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ကို သူလှမ်းမြင်နေရသည်။ တိုက်နံရံတွင် တွယ်ကပ်နေသော ဘာအပင်အမျိုးအစားတွေမှန်း သူတစ်သက်လုံး မသိခဲ့သည့် အပင်စိမ်းစိမ်းစိုစို ကလေးတွေကိုပင် သူမြင်နေရသည်။ သူ ဘာကြောင့် ထိုအပင်ကလေးတွေ၏ အမျိုးအမည်ကို မသိခဲ့ရပါလိမ့်။ နှစ်သုံးဆယ်ကျော် မြင်နေခဲ့ရသည့် အပင်ကလေးတွေ၏ အမည်နာမလေးပဲ ဖြစ်ဖြစ် သိဖို့ မကောင်းပေဘူးလား။ သူ စဉ်းစားနေရင်းနှင့် လှေကားထစ်များ အဆုံးသို့ ရောက်ရှိလာသည်။ သည်နေရာက တိုက်၏ ပထမထပ်ဖြစ်သည်။

သူ့ ဘယ်ဘက်ရှိအခန်းကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ သစ်သားတံခါး ညိုညိုညစ်ညစ် ကြီးက မလှုပ်မချောက်။ ညာဘက်ကတော့ ဟိုးလွန်လေပြီးသော နှစ်များစွာကတည်းက ဖွင့်လှစ်ထားခဲ့ဟန် ရှိသည့် ဓာတ်ပုံဆိုင်တစ်ဆိုင် ဖြစ်သည်။ သူ အထဲကို လှမ်းကြည့်လိုက်တော့ ချေးညှော်တွေ စွန်းထင်းနေ သော ဖန်ပြားခင်းထားသည့် စားပွဲတစ်လုံး နောက်တွင် လူဝကြီးတစ်ဦးထိုင်၍ သတင်းစာဖတ်နေသည်။ စားပွဲပေါ်တွင် သောက်ပြီးတာ အတော်ကြာပြီဖြစ်ဟန် ရှိသည့် လက်ဖက်ရည်ခွက် သုံးလေးခွက်ကို သူတွေ့ရသည်။ နောက် ဘောလုံးဂျာနယ်တစ်စောင်ကို ဖိထားသော စိမ်းပြာပြာ စက္ကူဖိသည့် ဖန်လုံးကြီး တစ်လုံး။ သူငယ်ငယ်က သည်လို ဖန်လုံးမျိုးကြီးတွေကို အလွန်သဘောကျသည်။ အဖိုးတန် ကျောက်မျက်လုံးကြီးတစ်လုံးလို သူ ထင်ခဲ့တာကိုလဲ သူသွားသတိရမိပြန်သည်။ ဆားပုလင်းနှင်းမောင် ဝတ္ထုများထဲမှအတိုင်း ဆိုလျှင်တော့ ထိုလူဝကြီးသည် ဂျူးအဖိုးကြီးတစ်ဦး ဖြစ်နေလိမ့်မည်။ တရုတ်အဖိုးကြီး တစ်ယောက်လဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချက်အပြုတ် ကျွမ်းကျင်ကောင်းလဲ ကျွမ်းကျင်နိုင်သည်။ ဒဿနဆန်ဆန် စကားတစ်ခွန်းတလေလောက်နှင့် သူ့ကို နှုတ်ဆက်ကောင်းလဲ နှုတ်ဆက်နိုင်သည်။ သို့သော် လူဝကြီးက လူဝကြီးပဲ ဖြစ်နေပြီး သတင်းစာကို စူးစူးစိုက်စိုက် ဖတ်နေတာကို သူတွေ့ရသည်။ ဓာတ်ပုံဆိုင်ထဲမှ အရာအားလုံးကတော့ တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်နေသည်။ အားလုံး ဟောင်းဟောင်းနွမ်းနွမ်း ခြောက်ခြောက်သွေ့သွေ့။ မလျှော်တာ ကြာပြီ ဖြစ်ဟန်ရှိသည့် ခန်းဆီးကြီးနှစ်စက မူရင်းဘာအရောင်မှန်းပင် ခွဲရန်မလွယ်တော့။ အဖြူလား အဝါလား တစ်ခုခုတော့ ဖြစ်မည်ထင်သည်။ နံရံတွင်တော့ ရှေးကရိုက်သွားခဲ့သော အဖြူအမည်း ဓာတ်ပုံတွေကို ချိတ်ဆွဲထားသည်။ နှစ်တွေ အတော်ကြာလှတော့မည်။ ဓာတ်ပုံထဲက ဘွဲ့ဝတ်စုံနှင့် ငယ်ငယ်ချောချော အမျိုးသမီးကလေး၏ ပုံကို သူ အဝမှ တွေ့နေရသည်။ အခုဆို အသက်အတော်ကြီးရောပေါ့။ ဓာတ်ပုံသည် ဘယ်တော့မှမညာ ဟူသော သိုးဆောင်းစကားပုံတစ်ခုကို သူ သတိရမိပြန်သည်။ ဘာပဲပြောပြော လောလောဆယ် အခြေအနေ တွင်တော့ ဓာတ်ပုံကို ဓာတ်ပုံအတိုင်း တွေ့ရတာပဲ ကောင်းပါလိမ့်မည်။ ဟိုအရင်ခေတ်က ဓာတ်ပုံရိုက်ကူးခဲ့ သည့် ကင်မရာကြီးကိုလဲ အဝတ်မည်းမည်းကြီးနှင့် အုပ်ထားတာ သူတွေ့ရသည်။ နံရံတွေပေါ်မှာတော့ ပင့်ကူမျှင်အချို့။ ဒီပင့်ကူမျှင်တွေကတော့ လတ်လတ်ဆတ်ဆတ် ပင့်ကူမျှင်တွေ ဖြစ်နေပြန်သည်။ သူ ကြည့်နေတာ နည်းနည်းကြာသွားသလား မသိ။ လူဝကြီးက သတင်းစာဖတ်နေရာမှ ခေါင်းထောင်၍ သူ့ကို လှမ်းကြည့်သည်။ လူဝကြီး၏ အကြည့်ကို သူလွှဲဖယ်လိုက်ရင်း နောက် လှေကားတစ်ဆစ်ချိုးဆီ တက်လာခဲ့သည်။

သည်တစ်ခါတော့ သူ့အကြည့်က လှေကားဘေးရှိ သစ်သားနံရံပေါ်သို့ ရောက်သွားသည်။ နံရံညစ်ညစ် ပေါ်တွင်တော့ မြေဖြူနှင့် ရေးထားသော စာသားများ။ တချို့စာသားတွေက ကလေးတွေ ရေးထားဟန် ရှိသည့် ပေါက်ကရစာသားတွေ (တကယ်ပေါက်ကရ ဟုတ်မဟုတ်တော့ သူလဲ သေချာမသိပါ)။ သူငယ်ငယ်က အိမ်သာနံရံများတွင် တွေ့လေ့တွေ့ထ ရှိခဲ့သော ကတ်ကြေးပုံတစ်ပုံကိုလဲ သူတွေ့ရပြန်သည် ။ ဒါကိုလဲ ပန်းချီစာရင်းထဲ ထည့်လျှင်ကောင်းမလား သူ စဉ်းစားရင်း ပြုံးမိသည်။ သူ နံရံပေါ် စေ့ငုနေစဉ် တွင် အပေါ်မှ ဆင်းလာဟန်ရှိသော ခြေသံကို ကြားလိုက်ရသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင်တော့ မင်းသမီး ဖြစ်ဖို့ရှိပါသည်။ သူနှင့် ဝင်တိုက်ကောင်း ဝင်တိုက်မည်။ ဘုဘောက်ကျကောင်းကျမည်။ ဒါမှမဟုတ် လက်ကိုင်ပုဝါလေးပဲဖြစ်ဖြစ် သူ့ဘေးတွင် ကျနေခဲ့မည်။ သို့သော် ရုပ်ရှင်မဟုတ်သောကြောင့် ဆင်းလာသူမှာ အဖွားကြီးတစ်ယောက် ဖြစ်နေတာကို သူ စိတ်ပျက်စဖွယ် တွေ့ရလေသည်။ သူ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို မလိုအပ်ပါဘဲနှင့် ထပ်မံထုတ်ကြည့်ရင်း လှေကားပေါ်သို့ ဆက်တက်ခဲ့သည်။ လှေကားထစ်တွေဆီက ထွက်ပေါ်လာသော တဗျတ်ဗျတ်နှင့် သူ့ခြေသံမှ လွဲ၍ အားလုံး တိတ်ဆိတ်နေသည်။

လှေကားထိပ်ပြတင်းပေါက်မှ အရောင်ကြောင့် သည်လှေကားတစ်ဆစ်ချိုးမှာတော့ လင်းနေပြန်သည်။ သူ အပေါ်ကို မော့ကြည့်လိုက်တော့ ကျူရှင်ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရသည်။ ဆိုင်းဘုတ်က ပြတင်း၏ တပိုင်းအစကို ကွယ်နေသည်။ ရေးထားသည့် ဆေးသားတို့ပင် ပြယ်စပြုပြီ။ သုံးလပြတ် အင်္ဂလိပ်စကား ပြောဆိုပါလား။ သူတက်လာရင်း လှေကားထိပ်ရောက်တော့ ပွင့်နေသော ဘယ်ဘက်ရှိ ကျူရှင်ရှိရာ အခန်းကို လှမ်းကြည့်မိသည်။ အခန်းထဲတွင် ဘယ်သူမှမရှိ။ သူ ငယ်ငယ်က ကျောင်းတွင် ထိုင်ခဲ့ရသော ခုံတွေပုံစံမျိုး ခုံတန်းရှည် သုံးလေးခုက မညီမညာ စောင်းရွဲ့နေကြသည်။ နံရံပေါ်တွင်တော့ ကျောက်သင်ပုန်း တစ်ချပ်။ သည်တိုက်ရှိ အရာအားလုံးက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေပါလား။ သူ စဉ်းစားနေရင်း ငယ်ငယ်တုန်းက တက်ခဲ့ရသော မူလတန်းကျောင်းကလေးကို လွမ်းလာသည်။ စိုထိုင်းထိုင်း ကျောင်းစာသင်ခုံကလေးတွေကို သတိရလာသည်။ တလောကပဲ သူ့မူလတန်းဆရာမ တစ်ယောက်၏ နာရေးကြေညာ သတင်းစာထဲ တွေ့လိုက်ရသေးသည် ( ထိုဆရာမမှာ သူနေသော လမ်းနှင့် ကပ်လျက်လမ်းတွင် နေသူမို့ သူယခုထိ သိနေခြင်းဖြစ်ပါသည်) ။ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားသော စိတ်နှင့် သူ ညာဘက်ကို ချိုးကွေ့လိုက်သည်။ ညာဘက်ကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ အခန်းဝ တွင်တော့ ယခုခေတ်တွင် တွေ့လေ့တွေ့ထ မရှိတော့သည့် စာတိုက်ပုံးသေးသေးကလေး တစ်ခု ကို တွေ့ရသည်။ စာတိုက်ပုံးပေါ်တွင်တော့ အိမ်ရှင်၏ အမည်ဖြစ်ဟန်ရှိသည့် အမည်တစ်ခုကို ဆေးအဖြူနှင့် ရေးထားသည်။ သဝေထိုးနေရာတွင် ဆေးပျက်နေသောကြောင့် မြေဖြူနှင့် ဖြည့်စွက်ထားသည်။ သူငယ်ငယ်တုန်းကလဲ မြေဖြူတစ်ချောင်းနှင့် ထိုသို့ရေးထားသော စာတန်းများအောက်တွင် တစ်ချောင်းငင် ဝဆွဲစသည်ဖြင့် ဖြည့်စွက်နောက်ပြောင်ဖူးသည်ကို သူ ဖျတ်ခနဲ သွားသတိရလိုက်ပြန်သည် ။ အခုအချိန်တွင်တော့ သူ့မှာ နောက်ပြောင်ခွင့် မရှိတော့။ ရှိများရှိလျှင် နောက်ပြောင်ဖြစ်အောင် နောက်ပြောင်မိဦးမည် ဟု သူ တွေးမိသည်။ အတွေးထဲမျောနေသောကြောင့် အခန်းတံခါးဝတွင် ဘယ်သူ ကျခဲ့မှန်းမသိသည့် ကြက်သွန်ဖြူတစ်ဥကို သူသွားနင်းမိသည်။ သူ့ဖိနပ်တွင် ကပ်သွားသော ကြက်သွန်ဖြူ အစအနများကို သူ လှေကားထစ်နှင့်ရှပ်တိုက် ခြစ်ခွာရင်း လှေကားတစ်ဆစ်ချိုးပေါ် ထပ်တက်ခဲ့သည်။

သည်လှေကား တစ်ဆစ်ချိုး နံရံတွေကတော့ ဖုထစ်ရွတ်တွ ငှက်လင်းတသို့ ဖြစ်နေသည်။ တချို့နေရာ တွေတွင် ဓားနှင့် ဘယ်သူတွေ ထစ်ထားသည်မသိ။ တစ်နေရာတွင် “သက်ဝေနှင်းကိုချစ်တယ်” ဟူသော စာသားကို သူတွေ့ရသည်။ သည်တိုက်တစ်ခန်းခန်းတွင်များ သက်ဝေနှင်း နေနေသလားမသိ။ သက်ဝေနှင်းကို ချစ်သောသူကော သက်ဝေနှင်းအနားတွင် ရှိနေသလား မသိ။ သူတွေးရင်းနှင့် ဘာမှန်းညာမှန်း မသိဘဲနှင့် သက်ဝေနှင်းကို မြင်ဖူးချင်လာသည်။ သူ အခုနင်းနေသော လှေကားထစ်ကလေး တွေကတော့ သက်ဝေနှင်းကို သိကောင်းသိလိမ့်မည်။ သည်လှေကားထစ်ကလေး တွေအပေါ် သက်ဝေနှင်း နင်းကောင်းနင်းဖူးလိမ့်မည်။ ရောက်တတ်ရာရာတွေးနေရင်းမှ သူ မောလာသည်။ သူ တက်လာသည်မှာ သုံးလွှာမျှသာ ရှိသေးသော်လည်း ရှေးတိုက်ဖြစ်သောကြောင့် ယခုခေတ် ခြောက်လွှာလောက်နှင့် ညီမလားမသိ။ သူဖြတ်သန်းခဲ့သော နှစ်သုံးဆယ်ကျော်က ယူဆောင်လာခဲ့တာ အမောသက်သက်တွေပါလား။ လဲနေသူ ထူပေးပါ ဟုတော့ သူငယ်ငယ်က သင်ခဲ့ရဖူးသည်။ သူက ထူမည့်သူတော့ ဖြစ်ဟန်မရှိ။ ဖြစ်ချင်းဖြစ်လျှင် လဲသူသာ ဖြစ်မည်ထင်သည်။ သူ့ဆံပင်ကို သူ လက်နှင့် တစ်ချက်သပ်လိုက်ပြီး ဆက်တက်ခဲ့သည်။

နောက်လှေကား တစ်ဆစ်ချိုးကို သူတက်လာတော့ လှေကားထိပ်ရှိ ပြတင်းပေါက်မှ တစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ဝရန်တာတွင် ထွက်၍ ဖုန်းပြောနေသော ကောင်မလေး တစ်ယောက်ကို လှမ်းမြင်ရသည်။ သည်တော့မှ သူ ယခုထိ လက်ကိုင်ဖုန်း တစ်လုံးမှ မပိုင်ဆိုင်ဖူးသေးတာ သတိရလာ သည်။ သူ ငယ်ငယ်တုန်းက လက်ကိုင်ဖုန်းတွေ မရှိ။ သူ ကြားပင်မကြားစဖူး။ တွေးပင်မတွေးစဖူး။ ယခု ရှိလာတော့လည်း သူ မပိုင်ဆိုင်ဖူးသေး။ ရုပ်ကလွဲ၍ အရာအတော်များများ သူ ငယ်ငယ်တုန်းကလိုပင် ဖြစ်နေသေးကြောင်း သူ သတိရ၍ ပြုံးမိသည်။ ဟိုလွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ခန့်က ထီပေါက်လျှင် သူ့ကို လက်ကိုင်ဖုန်းအရင် ဝယ်ပေးမယ်ဟု အဖမ်းရခက်သော သူ့ကို ပြောခဲ့သော ဘဝ၏ ရှားရှားပါးပါး တစ်ယောက်သော ချစ်သူကို သူ ရုတ်တရက် ပြေးမြင်မိသည်။ သူတို့ ကွဲကွာခဲ့တာပင် လေးနှစ်ကျော် ငါးနှစ် ချဉ်းခဲ့ပြီ။ ဒီအချိန် ဘာတွေလုပ်နေပါလိမ့်။ သူကတော့ လောလောလတ်လတ် သစ်သားလှေကား ပြားပြားကြီးများ ပေါ်တွင် ရောက်နေသည်။ တွေးနေရင်းနှင့် သုံးလွှာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။ သုံးလွှာတွင်တော့ ပကတိဆိတ်ငြိမ်နေသည်။ ဘာဆိုဘာမျှမရှိ။ ဘယ်ဘက်ခန်းက သော့ခတ်ထားသည်။ ညာဘက်ခန်း တံခါးဝတွင်တော့ “တောကြက်ဥရမည်” ဟူသော စာတန်းရေးထားတာ သူတွေ့ရသည်။ ခုမှပဲ တောကြက်ဥ သူတစ်ခါမှ မသောက်ဖူးတာ သတိရလာ ပြန်သည်။ အသက်သုံးဆယ်မကျော်ခင် လုပ်ရမည့်အချက်များ ဆိုသည့် နီတိယောင်ယောင် ဘာယောင်ယောင် စာတစ်အုပ်ထဲတွင်တော့ တောကြက်ဥသောက်ရန် ပါဝင်မည်မထင်။ ဘာပဲပြောပြော တောကြက်ဥသောက်ရန် နှင့် လက်ကိုင်ဖုန်း ကိုင်ရန် သူ ကြိုးစားကြည့်ဦးမည် ဟု စိတ်ကူးရသည်။

လှေကားကို ထပ်မံတစ်ဆစ်မချိုးခင် သူ သူ့ကိုယ်သူ အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြုပြင်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်သည်။ပေါက်နေသည့် အပေါက်ကို အထဲသို့ သေချာရောက်ရန် ထည့်ဝတ်လိုက်သည်။ ဖြုတ်ထားသော အင်္ကျီ အပေါ်ကြယ်သီးကို ပြန်တပ်လိုက်သည်။ ပိုက်ဆံအိတ်ကို ခါးကြားသို့ ကျကျနန ထိုးထည့်လိုက်သည်။ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို ထပ်မံထုတ်ကြည့်သည်။ ထို့နောက် လှေကားပေါ်သို့ သူ တက်လာသည်။ သည်လှေကားမှာတော့ ဘာမှထူးထူးခြားခြား သူမတွေ့တော့။ နောက်တစ်ဆစ်ချိုး၍ သူ ဆက်တက်ခဲ့သည်။ လေးလွှာသို့ သူရောက်တော့ ဘယ်ဘက်အခန်းရှေ့တွင် ရပ်လိုက်မိသည်။ ညာဘက်အခန်းဘက်သို့ သူ မလုံမလဲ တစ်ချက်ကြည့်ပြီးမှ တံခါးခေါက်လိုက်ရသည်။ တံခါးအပွင့်ကိုစောင့်ရင်း ပါးစပ်ဟ၍ သူ အသက်ရှူနေမိ သည်။ အမောမပြေခင်တွင်ပင် တံခါးဘေးက ချောင်းကြည့်ပေါက်ကလေးက အရင်ပွင့်လာသည်။ ထုံးစံအတိုင်း ပြောနေကျ စကားတစ်ခွန်းကို သူပြောလိုက်တော့ ချောင်းကြည့်ပေါက်ကလေး ပြန်ပိတ်သွားပြီး တံခါးက ရုတ်တရက်ပွင့်သွားသည်။ သူ့ ရှေ့တွင် လိုတာထက် ပိုမိုခြယ်သထားဟန်ရှိသော အမျိုးသမီးရွယ်ရွယ် တစ်ဦးရပ်နေသည်။ ကိုယ်ကိုရို့ပေးလိုက်သော ထိုအမျိုးသမီး ရှေ့မှ သူ အခန်းထဲသို့ ဝင်ဝင်ချင်းတွင်ပင် ပြဒါးတွေကွာနေသည့် မှန်တစ်ချပ်ကို လှမ်းတွေ့လိုက်ရသည်။ မှန်ထဲတွင် မြင်ရသော သူ့မျက်နှာသည် လိုအပ်တာထက် ပိုမို အဆီပြန်နေလေသည်။

ညိုထက်ညို
စပ်မိစပ်ရာ

Thursday, January 19, 2012

ဂုဏ်ပြုထိုက်သူ လူသားတဦး




သူသက်ရှိ ထင်ရှားရှိစဉ်က ကျနော်မမွေးသေး။ အရွယ်ရောက်လာချိန်အထိလည်း သူ့အကြောင်းဘာမှမသိ။ သူက ကျနော်တို့ရပ်ကွက်မြို့ထဲကလည်းမဟုတ်။ ဗမာပြည်သားလည်းမဟုတ်။ ဒါကြောင့်လည်း သူ့အကြောင်း သိဖို့မရှိခဲ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက် ၈၈ အရေးတော်ပုံကြီး ပါဝင်ဆင်နွှဲလိုက်ချိန်မှာ သူ့အကြောင်းကို နောင်တော်တယောက်ပြောအရ သိခဲ့ရတယ်။ သူပြောပြသလောက်ထက် ဘာမှပိုမသိခဲ့ရ။ ပြီး တော့ မေ့မေ့ပျောက်ပျောက်နေခဲ့လိုက်တယ်။ ဒီလိုနဲ့ ဦးနေဝင်း ခြိမ်းခြောက်၊ ဦးစိန်လွင် သတ်ဖြတ်။ နောက် ဗိုလ်စောမောင် အကြမ်းပွဲနဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွှန့်ရန်စက်ကွင်းမှရှောင်ရှားရင် တောကြီးမျက်မဲထဲရောက်။ နောက် ထိုင်းနိုင်ငံ မဲဆော့၊ ဘန်ကောက် တို့မှာ အဖမ်းကြမ်းတဲ့ ထိုင်းရဲလက်မှ အပြေးအလွှားခိုလှုံပုန်းရှောင်နေချိန်ကာလမှာ သူ့နဲ့ပြန်ဆုံဖြစ်ခဲ့တယ်။ သူ့အကြောင်းရေးထားတဲ့ သတင်းစာ ဆောင်းပါးလေးတပုဒ်ကို တနေကုန် အင်္ဂလိပ်-မြန်မာ အဘိဓာန်လှန်ပြီး သူဘယ်သူဘယ်ဝါ၊ ဘယ်နိုင်ငံသား၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေကို နားလည်းအောင်ကြိုးစားခဲ့ပြီး သူ့အကြောင်းသိချင်စိတ်တွေဖြစ်လာခဲ့တယ်။

သူ့အကြောင်း ပိုသိလာလေ ပိုနှစ်သက်လေးစားကြည်ညိုးစိတ်တွေ တိုးပွားလာလေဖြစ်ခဲ့တယ်။ သူကတော့ အမေရိကန်ပြည်ထောင်စုမှ မွေးဖွား၊ သူ့လူမျိုးစု မတရား ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရေး၊ သာတူညီမျှ ရရှိရေး၊ ငြိမ်းချမ်းရေး စတဲ့ လူ့အခွင့်အရေး၊ အသား အရောင် ခွဲခြားတိုက်ဖျက်ရေးတို့ကို တိုက်ပွဲဝင်ရင် ကျဆုံးသွားခဲ့တဲ့ အကြမ်းမဖက်အရေးတော်ပုံသမား ဒေါက်တာမာတင်လူသားကင်း ~ ဂျူနီယာ (Martin Luther King, Jr.) ဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို သူကလည်း သူလူမျိုး အနွယ်အဖွားများရဲ့  သူရဲကောင်း၊ လွတ်လပ်ရေးကျေးဇူးရှင်ကြီး တယောက်ဖြစ်တယ်။ သူ့လူမျိုးတွေရဲ့  လွတ်လပ်ရေးတိုက်ပွဲက ကျနော်တို့ မြန်မာပြည် အင်္ဂလိပ်၊ ဂျပန်ဖက်စစ် ကိုလိုနီဖိနှိပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ရေးတိုက်ပွဲထက် ကြာရှည်ခဲ့တယ်။ အမေရိကန်ပြည် ထောင်စုအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ ၁၇၇၆ ခုနှစ်ကတည်းက လွတ်မြောက်လာခဲ့ပေမယ့် မြောက်အမေရိကတိုက် စတင်ရှာဖွေ တွေ့ရှိချိန်ကတည်းက အာဖရိကတိုက်မှ အဓမ္မဖမ်းဆီးခေါ်ယူလာခဲ့တဲ့ လူမဲကျေးကျွန်များဖြစ်တဲ့ သူ့နွယ်ဖွားများကတော့ နှစ်ပေါင်းများစွာ လူဖြူများရဲ့  ဆက်လက် ကျွန်ပြု၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဆက်လက်နေထိုင်ခဲ့ကြရတယ်။

လူဖြူများရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ နှစ်ပေါင်းလေးရာကျော် လူသားတဦးအဖြစ် အပြည့်အဝမနေခဲ့ရတဲ့ သူ့လူမျိုးလွတ်မြောက် ရေး အတွက် ရှေ့ က ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ထင်ရှားတဲ့ လူမဲခေါင်းဆောင်များဖြစ်ကြတဲ့ ဖက်ဒရစ် ဒေါက်ကလပ်စ် (Frederick Douglass), ဒဗလူး အီ ဘီ ဒူး ဘွိုင့်စ် (W. E. B. Du Bois) တို့လို လူမဲလူမျိုးစုများနဲ့ အသားအရောင်ကွဲပြားမှုအရ ခွဲခြားခံထားရတဲ့ လူမျိုးစုများလွတ်မြောက်ရေးကို သူဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။



ဂျော်ဂျီယားပြည်နယ် (Georgia) အတ္တလန်တာမြို့  (Atlanta) မှာ ဖခင် ခရစ်ယာန်သင်းအုပ်ဆရာတော် မာတင်လူသားကင်း ဆီနီယာ (Martin Luther King, Sr.) နဲ့ မိခင် အဲလ်ဘာတာ ဝီလီယံ ကင်း (Alberta Williams King) တို့မှ ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့တယ်။ အမတယောက်နဲ့ ညီငယ်တယောက် သူမှာရှိတယ်။ အတ္တလန်တာမြို့ ရှိ ထင်ရှားတဲ့ ဘရုတ်ကာတီ ဝါရှင်တန် (Booker T. Washington) အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတယောက်ဖြစ်တယ်။ ကိုးတန်းနဲ့ ဆယ့်နှစ် တန်းကို မတက်ရဘဲ အသက် (၁၅) နှစ်မှာ လူမဲများအတွက် ပထမဦးဆုံး ဖွင့်လှစ်ပေးခဲ့တဲ့ မိုဟော့စ်ကောလိပ် (Morehouse College) ကို တက်ရောက်ခွင့်ရခဲ့တယ်။ အစောပိုင်းမှာ ဖခင်လိုပဲ ခရစ်ယာန်သင်းအုပ်ဆရာဖြစ်ဖို့အတွက် (အဲဒီကာလမှာ လူမဲများအတွက် တခြား ဘာ သာရပ်များသင်ကြားခွင့်ကို ကန့်သတ်ထားတာကြောင့် အများစုမှာ ခရစ်ယာန်ဘာသာရေးဆိုင်ရာ (Theological Seminary) ဘာသာရပ် တွေကိုသာ သင်ကြားခွင့်ရှိတယ်။ ဒီလိုနဲ့ ပန်ဆဲလ်ဗီးနီးယားပြည်နယ် ဘာသာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားပြီး ၁၉၅၁ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ ရရှိခဲ့တယ်။ ၁၉၅၃ မှာ ကိုရီတာ စကော့ထ် (Coretta Scott) နဲ့ လက်ထပ်ထမ်းမြားခဲ့ပြီး သားသမီး (၄) ယောက်ရရှိခဲ့တယ်။ အသက် (၂၅) နှစ်မှာ အလ်ဘားမားပြည်နယ်၊ မောက်ဂိုမာရီမြို့ ရှိ ဒက်စ်တာ ရိပ်သာလမ်း ပရိုတက်စတင်အသင်းတော်ဝင် ခရစ်ယာန်ကျောင်း (Dexter Avenue Baptist Church) ရဲ့ တရားဟောသင်းအုပ်ဆရာဖြစ်လာခဲ့တယ်။ တချိန်တည်းမှာ ခရစ်ယာန်ဘာသာရေးဆိုင်ရာ လေ့ လာမှုကို ဆက်လက်သင်ကြားပြီး ဘော်စတွန်တက္ကသိုလ် (Boston University) မှ ပါရဂူဘွဲ့ကိုရရှိခဲ့ပြီး ဒေါက်တာမာတင်လူသားကင်း ဖြစ်လာခဲ့တယ်။ အစောပိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှုများမှာ တက်ကြွစွာဝင်ရောက်လှုပ်ရှားခြင်းမရှိသေးဘဲ ဘာသာရေးဆိုင်ရာများကိုသာ ဇောက်ချလေ့လာ၊ ပို့ချလုပ်ကိုင်နေခဲ့တဲ့ ခရစ်ယာန်သင်းအုပ်ဆရာကောင်းတယောက်သာဖြစ်ဖို့ စိတ်ဆန္ဒရှိခဲ့တယ်။

ဒါပေမဲ့ မိုဟော့စ်ကောလိပ်မှာ တက်ရောက်စဉ်ကာလမှာ သူ့ဖခင်ကြီး၏မိတ်ဆွေ လူ့အခွင့်အရေးသမား၊ ဘာသာရေးဆရာ ဟားဝက်သာ မန် (Howard Thurman ရဲ့  စောင့်ရှောက် လမ်းညွှန်သင်ပြပေးမှုကို ရရှိခဲ့ပြီး၊ မစ္စတာသာမန်က အိန္ဒိယနိုင်ငံကို ခရစ်ယာန်သာသနာပြု သွားရောက်တုန်းကတွေ့ဆုံခဲ့တဲ့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး၊ အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီး မဟတ္တမဂန္ဒီအကြောင်းကို မိတ် ဆက်ပြောဆိုခဲ့တယ်။ မစ္စတာသာမန်နဲ့ မာတင်လူသားကင်း ဆက်သွယ်မှုအမြဲ ရှိခဲ့ပြီး မဟတ္တမဂန္ဒီရဲ့  အကြမ်းမဖက် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ပိုမိုစိတ်ဝင်စားလာခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မဟတ္တမဂန္ဒီကြီး မွေးဇာတိကို သွားရောက်လေ့လာခဲ့တယ်။ အိန္ဒိယကပြန်လည်မထွက်ခွာခင် ညနေပိုင်းစကားပြောပွဲမှာ “အိန္ဒိယမှာရောက်ရှိနေချိန်အတွင်း ကျနော်အနေနဲ့ အကြမ်းမဖက်တော်လှန်လှုပ်ရှားမှု နည်းဗျူဟာနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး၊ လူဂုဏ်သိက္ခာနဲ့ တရားမျှတစွာနေနိုင်ရေးလုပ်ဆောင်ဖို့ အရင်ကထက် ပိုမိုသက်ဝင်ယုံကြည်လက်ခံ လာခဲ့ တယ်” လို့ ပြောဆိုခဲ့ခြင်းဖြင့် သူ့၏ အကြမ်းမဖက် ငြိမ်းချမ်းစွာလှုပ်ရှားမှုအကြောင်း နားလည်လာမှုကို ဖော်ထုတ်ပြသလိုက်တယ်။

ဒီကာလအတွင်းမှာ အလ်ဘားမားပြည်နယ်၊ မောက်ဂိုမားရီမြို့ မှာ လူမဲအမျိုးသမီးများဖြစ်ကြတဲ့ ကလူဒက်တီ ကော်ဗင် (Claudette Colvin) နဲ့ ရိုဇာပက်စ် (Rosa Parks) တို့ ဘတ်စ်ကားအတွင်း လူဖြူများ ထိုင်ခုံနေရာမှာဝင်ထိုင်ပြီး လူဖြူများအား ထိုင်ခွင့်မဖယ်ရှားပေးလို့ ဖမ်းဆီး ခံရခြင်းနဲ့ပတ်သက်ပြီး လူမဲများ ဘတ်စ်ကားမစီးရေး သပိတ်မှောက်တိုက်ပွဲမှာ လူထုသင်းအုပ်ဆရာတယောက်အနေနဲ့ ဦးဆောင်ပါဝင်လာခဲ့ တယ်။ ရက်ပေါင်း (၃၈၅) ရက် ကာရှည်ခဲ့တဲ့ သပိတ်မှောက်ပွဲကာလအတွင်း လူဖြူအစွန်းရောက်များက မာတင်လူသားကင်းအိမ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ မိသားစုဝင် တဦးတယောက်မှ သေဘေးမှလွတ်မြောက်ခဲ့ကြတယ်။ အာဏာပိုင်များက ရပ်ရွာမငြိမ်မသက် လှုံဆော်မှုပြစ်မှုဆိုင်ရာနဲ့ သူ့ကို ဖမ်းဆီးအရေးယူခဲ့ပေမယ့် ဘတ်စ်ကားများအတွင်း လူဖြူ၊ လူမဲ ခွဲခြားဆက်ဆံရေး ဥပဒေကို ဖယ်ရှားဖျက်သိမ်းပေးခဲ့တယ်။

၁၉၅၇ ခုနှစ်မှာ မာတင်လူသားကင်းနဲ့ အသားအရောင်ခွဲခြားတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေစုစည်းပြီး တောင်ပိုင်း ခရစ်ယာန်ခေါင်း ဆောင်များ ညီလာခံ (Southern Christian Leadership Conference) အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီအဖွဲ့ရဲ့ပင်မဦးတည်ချက်၊ ရည်ရွယ် ချက်မှာ လူမဲခရစ်ယာန်ကျောင်းများမှာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် အကြမ်းမဖက် ငြိမ်းချမ်းစွာလှုပ်ရှား ဆောင်ရွက်ရေး နည်းဗျူဟာဆိုင်ရာများကို သင်ကြားပို့ချသွားရေးအတွက် ဖြစ်တယ်။ မာတင်လူသားကင်းကို အသင်းကြီးရဲ့ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ရွေးချယ်တင်မြောက်ခဲ့ကြတယ်။
၁၉၅၈ စက်တင်ဘာလ ၂၀ ရက်နေ့မှာ သူ့ရေးသာထုတ်ဝေခဲ့တဲ့ လွတ်မြောက်ရေးအတွက် ချီတက်ကြစို့ (StrideToward Freedom) စာအုပ်ကို နယူးရော့ခ် ဟာလမ်ရပ်ကွက် စာအုပ်ဆိုင်တဆိုင်မှာ လက်မှတ်ရေးထိုးပေးနေတုန်း စိတ်မနှံ့ရှာသူ လူမဲအမျိုးသမီးက အနီးကပ် စာဖွင့်ဓါးချွန်နဲ့ ရင်ဘတ်ကိုထိုးချက်ကြောင့် သေမလိုဖြစ်ခဲ့ရတယ်။ သူ့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုအရှိန်အဟုန် မြင့်တက်လာပြီး တောင်ပိုင်း ပြည်နယ်များတလျှောက် ကျယ်ပြန့်လာချိန်မှာ အမေရိကန် အထူးထောက်လှမ်းရေးအဖွဲ့ (FBI) က သူ့အိမ်၊ ရုံးဖုန်းများကို ကြားဖြတ်နားထောင် မှုများပြုလုပ်လာခဲ့တယ်။ အမေရိကန်အထူးထောက်လှမ်းရေးအကြီးအကဲ ဂျေအက်ဂါဟူးဗား (J Edgar Hoover) က မာတင်လူသားကင်း တို့ရဲ့လှုပ်ရှားမှုကို ကွန်မြူနစ်များဝင်ရောက်အားပေးနေကြောင်း စွပ်စွဲပြောဆိုပြီး လူမဲခေါင်းဆောင်အများစုကို ဖမ်းဆီးချုပ်နှောင်၊ ဖျောက် ဖျက်မှုတွေ လုပ်ဆောင်ခဲ့တယ်။ မာတင်လူသားကင်းရဲ့ဦးဆောင်မှုကိုဖယ်ရှားလိုတဲ့အတွက် မဟုတ်မမှန်သတင်းများ ဖန်တီးထုတ်ပြန်မှု များကို လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့။
မာတင် လူသားကင်း၏ ဦးဆောင်မှုနဲ့ လှုပ်ရှားတိုက်ပွဲဝင်ခဲ့တဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲများကို သတင်းမီဒီယာများက တင်ပြဖော်ပြမှုများကြောင့် တောင်ပိုင်းပြည်နယ်များမက တခြားပြည်နယ်ဒေသများသို့ သတင်းပျံ့နှံ့သွားခဲ့တယ်။ အကြမ်းမဖက် လှုပ်ရှားမှု များနဲ့ လူမဲများ မဲဆန္ဒပေးပိုင်ခွင့်၊ ခွဲခြားဆက်ဆံရေး ပပျောက်ရေး၊ တန်တူ အလုပ်သမား လုပ်ပိုင်ခွင့် အခွင့်အရေး တောင်းဆိုမှုတိုက်ပွဲများကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ ဒီ တောင်းဆိုလှုပ်ရှားမှုများကြောင့် အမေရိကန်အစိုးရလွှတ်တော်မှ လူမဲများ မဲပေးပိုင်ခွင့်ဥပဒေနဲ့ တခြား အခွင့်အရေးများကို အတည်ပြုပေးခဲ့တယ်။ ဒီကာလအတွင်းမှာ မကြာခဏ အထိန်းသိမ်းခံရပြီး၊ အကျဉ်းကျခံနေချိန်အတွင်း ရေးသားခဲ့တဲ့ ဘာမင်ဟန်အကျဉ်းထောင်တွင်းမှ ပေးစာ (Letter from a Birmingham Jail) က ထင်ရှား ဖတ်မှတ်လေ့လာသင့်တဲ့ မှတ်တမ်းစာအဖြစ် ထင်ရှားခဲ့တယ်။ ဘာမင်ဟန်နဲ့ တောင်ပိုင်းပြည်နယ်များ လှုပ်ရှားမှုများ အရှိန်အဟုန်မြင့်မားလာချိန်မှာ တခြားပြည်နယ်ဒေသရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီး ဝါရှင်တန်မြို့တော်ချီတက်ပွဲ (March on Washington) ကို ၁၉၆၃ ခုနှစ်မှာ ဦးဆောင်စည်းရုံး လုပ်ကိုင်ခဲ့တယ်။ ဒီသမိုင်းဝင်ချီတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ လူမဲခေါင်းဆောင်များ၊ အသားအရောင် ခွဲခြားတိုက်ဖျက်ရေးကို ဆန့်ကျင် ကြတဲ့ လူဖြူ ခေါင်းဆောင်များ၊ အနုပညာအသိုင်းအဝိုင်းမှ ထင်ရှားတဲ့ ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်များ ဖြစ်ကြတဲ့ (Marian Anderson; Joan Baez; Bob Dylan; Mahalia Jackson; Peter, Paul, and Mary; and Josh White. Charlton Heston—representing a contingent of artists, including Harry Belafonte, Marlon Brando, Diahann Carroll, Ossie Davis, Sammy Davis Jr., Lena Horne, Paul Newman, and Sidney Poitier) တို့နဲ့ ပြည်သူလူထု နှစ်သိန်းငါးသောင်းကျော် ပါဝင်ခဲ့ကြတယ်။ ကမ္ဘာ့သမိုင်းမှာ ထိပ်တန်းမှတ်တမ်းပြုတင်ရစ်ခဲ့တဲ့ I have a dream မိန့်ခွန်းကိုပြောဆိုခဲ့ပြီး တက်ရောက်လာသူများနဲ့ သတင်းပေးပို့ချက်များမှ မိန့်ခွန်းနား ထောင်ရသူများရဲ့ တခဲနက်ထောက်ခံ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တော့တယ်။

ဒီနောက်ပိုင်း ထင်ရှားတဲ့ လှုပ်ရှားမှုတခုက ၁၉၆၅ ခုနှစ် မတ်လ (၇) ရက်နေ့မှာ အလ်ဘားမားပြည်နယ် ဆဲမာမြို့  (Selma) မှ မောက်ဂိုမာရီမြို့ တော်ကို လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် ဒေါက်တာကင်းမပါဝင်တဲ့ အကြမ်းမဖက်လှုပ်ရှားသူ (၆၀၀) ခန့် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ပွဲမှာ လူဖြူအာဏာပိုင်များ နဲ့ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်တိုက်ခိုက်မှုကြောင့် ဆန္ဒပြသူအများအပြား ထိခိုက်ဒဏ်ရာရ သွေးချောင်းစီးခဲ့တဲ့နေ့ ဖြစ်တယ်။ ဒေါက်တာကင်းအနေနဲ့ အာဏာပိုင်အဖွဲ့အစည်း၏ အကြမ်းဖက်တားမြစ်မှုကိုရှုတ်ချပြီး သူကိုယ်တိုင် ဒုတိယအကြိမ်နဲ့ တတိအကြိမ်တို့ကိုဦးဆောင်ပြီး အာဏာပိုင် စစ်တပ်၊ ပြည်နယ်တပ်ဖွဲ့၊ အထူးထောက်လှမ်းရေးအင်အားတပ်ဖွဲ့များ တားမြစ် ပိတ်ပင်ထားတဲ့ကြားမှ ငြိမ်းချမ်းစွာနဲ့ မြို့ တော်ကို အရောက်ချီတက်နိုင်ခဲ့တယ်။ မြို့ တော်ကို အောင်မြင်စွာ ချီတက်ရောက်ရှိပြီးနောက် အစိုးရရုံးစိုက် မြို့ တော်ခန်းမရှေ့ မှာ “How Long, Not Long” မိန့်ခွန်းကို ပြောဆိုခဲ့တယ်။ မှတ်သားဖွယ်ပြောဆိုချက်တခုမှာ “သူတို့တတွေက ပြောတယ် ကျနော်တို့ ဒီနေရာကို မရောက်စေရဘူးတဲ့။ တချို့ ကလည်းပြောကြတယ်။ ကျနော်တတွေရဲ့ရုပ်လောင်းတွေပဲ ဒီနေရာကို ရောက်လာလိမ့်မယ်တဲ့။ ဒါပေမဲ့ အခု ကျနော်တို့ ဒီနေရာကို ရောက်ရှိလာတာကို တကမ္ဘာလုံး မြင်ကြပါပြီ။ ကျနော်တို့တတွေ သြဇာတိက္ကမ ကြီးမားလှတဲ့ အလ်ဘားမားပြည်နယ်အစိုးရရုံးရှေ့ရပ်ပြီးပြောချင်တာကတော့ ကျနော်တို့တတွေကို ဘယ်သူဘယ်ဝါမှ နောက်ပြန်လှည့်သွား အောင် မလုပ်နိုင်ပါဘူး” ဆိုတဲ့ ပြောဆိုကောက်နုတ်ချက်ဖြစ်တယ်။
တောင်ပိုင်းဒေသများမှာ အောင်မြင်မှုများရရှိလာပြီးနောက်ပိုင်း ဒေါက်တာကင်းနဲ့ အကြမ်းမဖက် လှုပ်ရှားရေးအဖွဲ့အစည်းများ အမေရိကန် မြောက်ပိုင်းဒေသများကို သွားရောက်စည်းရုံးလှုံဆော်ခဲ့ကြတယ်။ မြောက်ပိုင်းဒေသ ပထမဦးဆုံးမြို့တော်မှာ ချီကာဂိုမြို့ (Chicago) ဖြစ် တယ်။ ချီကာဂိုမြို့ မှာ ရုံးခန်းတခန်းဖွင့်ပြီး ဒေသခံ ကွန်မြူနီတီအဖွဲ့အစည်းတခုနဲ့ ပူးတွဲပြီး စီတန်းလမ်းလျှောက်ဆန္ဒပြပွဲများကိုပြုလုပ်ခဲ့ပြီး လူဖြူလူမဲ တန်းတူညီတူအခွင့်အရေးများကို တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ မြို့ခံများ၏ ပူးပေါင်းထောက်ခံမှုမရရှိဘဲ အကြမ်းဖက်တိုက် ခိုက်မှုများနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ တခုသော ဆန္ဒပြပွဲမှ အကြမ်းဖက်တိုက်ခိုက်ကြသူ လူဖြူတစု၏လက်ချက်ကြောင့် ဒေါက်တာကင်း မျက် နှာ အုတ်ခဲကျိုးတခုထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ တချိန်တည်းမှာ လုပ်ကြံသတ်ဖြတ်မှု ခြိမ်းခြောက်စာများကို ရရှိခဲ့တယ်။ နောက်ဆုံး တက်ကြွတဲ့ မြို့ ခံ လူမဲ လူငယ်ခေါင်းဆောင်များကို တာဝန်လွှဲအပ်ပြီး တခြားပြည်နယ်ဒေသများသို့ သွားရောက်ခဲ့တယ်။

အဲဒီကာလအတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကို တရှိန်ထိုးဆန့်ကျင်လုပ်ကိုင်နေပြီး အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကို တိုက်ခိုက်နေချိန် ဖြစ်တယ်။ ဒေါက်တာကင်းအနေနဲ့ အကြမ်းဖက်မှုကိုဆန့်ကျင်သူပီပီ အမေရိကန်အစိုးရရဲ့ ဗီယက်နမ် နိုင်ငံအရေး ဝင်ရောက်စွက်ဖက်၊ တိုက်ခိုက်နေမှုကို အပြင်းအထန်ရှုတ်ချပြီး၊ အမေရိကန်အစိုးရအနေနဲ့ မိမိနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးအခြေအနေများကို ဖြေရှင်းလုပ်ကိုင်သွားဖို့လိုကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ငွေကြေး ကုန်ကျ၊ လူပေါင်းများစွာ သေကြေပျက်စီး၊ လူမဆန်၊ အဓိပ္ပါယ်မဲ့စစ်ပွဲကို အမြန်ဆုံးရပ်စဲဖို့ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို တက် ရောက်ပြောဆိုခဲ့သလို၊ စာဆောင်းပါးများရေးပြီး သူ့၏ စစ်ဆန့်ကျင်ရေး ရပ်တည်ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ အမေရိကန် အစိုးရ အာဏာပိုင်တချို့နဲ့ မီဒီယာတချို့က ဒေါက်တာကင်းအနေနဲ့ ကွန်မြူနစ် ဗီယက်နမ်ကာကွယ်ရေးသမား၊ ပြောရေးဆိုခွင့်ရှိသူလို့ စွပ်စွဲပြောဆိုကြတယ်။ လူသားအားလုံး တန်တူညီတူ လူ့အခွင့်အရေးရရှိရေးအတွက် အကြမ်းမဖက်ငြိမ်းချမ်းရေးနည်းနဲ့ တိုက်ပွဲဝင် လှုပ်ရှား ခဲ့တဲ့ ဒေါက်တာကင်းကို ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီးက ငြိမ်းချမ်းရေးဆုကို ၁၉၆၄ ခုနှစ်မှာ ချီးမြှောက်ခဲ့တယ်။




၁၉၆၈ နှစ်ကာလမှာ ဆင်းရဲသားလူထုအတွက် စည်းရုံးလှုံဆော်မှု လူထုဆန္ဒပြပွဲများကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ ဝါရှင်တန်ဒီစီနဲ့ မြောက်ပိုင်းဒေသ မြို့ နယ်များကို သွားရောက်ပြီး ဆင်းရဲသားလူထုများအား အစိုးရအနေနဲ့ ထောက်ပံ့ကူညီ စောင့်ရှောက်လုပ်ကိုင်ပေးသွားရန် တိုက်တွန်းတောင်းဆိုခဲ့တယ်။ နေ့ညရက်ဆက် တမြို့ဝင် တမြို့ထွက် နိုင်ငံတဝှမ်း လူမဲနဲ့ အသားအရောင်ခွဲခြားမှုခံနေရတဲ့ လူမျိုးစုများ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေး၊ တန်တူအခွင့်အရေးများ ရရှိရေး၊ ဆင်းရဲမွှဲတေမှု ပပျောက်ရေး စတဲ့ လှုံဆော်လှုပ်ရှားမှုများကို လုပ်ကိုင် ဆောင်ရွက်နေရင် တန္နစီပြည်နယ် (Tennessee) မန်ဖိစ်မြို့  (Memphis) ရှိ လူမဲ မြူနီစပယ်သန့်ရှင်းသမားများ ဆန္ဒပြသပိတ်မှောက်ပွဲကို သွားရောက်အားပေးထောက်ခံပြီး ၁၉၆၈ ဧပြီလ (၃) ရက်နေ့မှာ တောင်ထိပ်ပေါ်ကို ကျနော်ရောက်ခဲ့ဘူးတယ် (I have been to the mountaintop) မိန့်ခွန်းကို ပြောဆိုခဲ့တယ်။ ဒီ မိန့်ခွန်းက သူ့ရဲ့နောက်ဆုံး မိန့်ခွန်းဖြစ်မယ်ဆိုတာကို ဘယ်သူမှ မျှော်လင့်မထားခဲ့ပေမယ့် သူ့ပြောဆိုချက်ထဲမှာ “ကျနော် ဒီကိုရောက်ရှိလာခဲ့တယ်။ တချို့ တွေ ကျနော်ကို ခြိမ်းခြောက်ကြတယ်။ လူဖြူတချို့က ဘာဖြစ်သွားမယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပြောဆိုကြတယ်။ အခုလောလောဆယ် ဘာဖြစ်မယ်ဆိုတာကတော့ ကျနော်မသိဘူး။ ကျနော်တို့အနေနဲ့ ရှေ့ ဆက် ခရီးကြမ်းကြီးကို ဆက်လျှောက်ရအုန်းမယ်။ ဒါပေမဲ့ ကျနော် ဒိကိစ္စကို သိပ်ဂရုစိုက် အလေးမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် တောင်ထိပ်ကိုရောက်ခဲ့ပြီးပြီ။ ကျနော်လည်း အားလုံးလိုလို ဘဝကို အသက်ရှည်ရှည် ဖြတ်သန်းချင်ပါတယ်။ ဒါပေမဲ့ အခုတော့ အသက်ရှည်နေနိုင်ရေးကို ကျနော် စိတ်မဝင်စားပါဘူး။ ကျနော်အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်သွားချင်ပါတယ်။ ဘုရားသခင်အနေနဲ့ ကျနော်ကို တောင်ထိပ်ကိုသွားခွင့်ပြုခဲ့ပါတယ်။ တောင်ထိပ်ကနေကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံသစ် ကို ကျနော်တွေ့ရပါတယ်။ ကျနော် ခင်များတို့နဲ့ အဲဒီနေရာကို အတူရောက်ရင် ရောက်ပါလိမ့်မယ်။ ဒီည ခင်များတို့ကို ကျနော်သိစေချင်တာက ကျနော်တို့တတွေ ဒီနယ်မြေသစ်ကို ရောက်ရှိကြပါလိမ့်မယ်။ ဒီအတွက် ကျနော် ဒီည အထူးဝမ်းသာပျော်ရွင်ပါတယ်။ တခြားဘာမှ စိုး ရိမ်ကြောင့်ကြမနေပါဘူး။ ဘာကိုမှလည်း မကြောက်တဲ့လူတယောက်ပါ။” ပြောဆိုခဲ့တယ်။
သူ့ပြောဆိုခဲ့တဲ့ စကားအရိပ်နမိတ်အတိုင်း နောက်တရက် ဧပြီလညနေပိုင်း ၆ နာရီ တမိနစ်အချိန် သူတည်းခိုရာ လော်ရိန်းမော်တယ် (Lorraine Motel) ဒုတိယထပ် လသာဆောင်မှာ ညနေစာသွားစားဖို့ လာရောက်ခေါ်မယ့်သူကိုစောင့်နေတုန်း လုပ်ကြံသတ်ဖြတ်သူ ပစ်ခတ် လိုက်တဲ့ သေနတ်ဒဏ်ရာရရှိပြီး စိန့်ဂျိုးဆက်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်။ သေဆုံးချိန်မှာ အသက် (၃၉) သာရှိသေးပေမယ့် ဆေးမှတ် တမ်းအရ သူ့ နှလုံးသားအသက်က အသက် (၆၀) ကျော် လူကြီးတယောက်အရွယ် ရှိနေတယ်။ ဒေါက်တာကင်း လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ ဘော်တီမိုး မြို့များစွာမှာ ဆူပူအကြမ်းဖက်တုံ့ပြန့်မှုများ ဖြစ်ပွါးခဲ့တယ်။ ဒေါက်တာ ကင်း၏ လုပ်ဖော်ကိုင်ဖက် အကြမ်းမဖက် ငြိမ်းချမ်းရေးသမားများက အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြကြဖို့ကို မေတ္တာရပ်ခံကြတယ်။



ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုန်းကြီးသော်လည်း အသက်မရှည်ခဲ့သူ ဒေါက်တာ မာတင်လူသားကင်းကို အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီ လို အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီးတဦး အဖြစ် အမေရိကန်ပြည်သူလူထု နဲ့ ကမ္ဘာသူ ကမ္ဘာသားများက ဂုဏ်ပြုကြပြီး သူတို့ရဲ့အကြမ်းမဖက် ငြိမ်းချမ်းရေးနည်း ဆက်လက်ရှင်သန်နေတာကို ကျနော်တို့ မြန်မာနိုင်ငံမှာ ယနေ့ တွေ့မြင်နိုင်သည်။

တချိန်က သူနဲ့ အကြမ်းမဖက်ငြိမ်းချမ်းရေး တိုက်ပွဲသူရဲကောင်များ၏ ကြိုးပမ်းလှုပ်ရှားမှု၊ မျှော်လင့်ချက်အိမ်မက်ကြောင့် ယနေ့ အမေရိ ကန်သမိုင်းမှာ ထင်ရှားတဲ့ လူမဲ စစ်ဦးချုပ် ကိုလင်းပိုဝေါလ် (Colin Powell)၊ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒါလီဇာရိုက်စ် (Condoleezza Rice) နဲ့ သမ္မတ ဘာရက်အိုဘားမား (Barack Obama) တို့ နိုင်ငံတော်တာဝန်၊ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးများကို တန်တူညီတူ မဲပိုင်ပေးခွင့်၊ ရပိုင်ခွင့်များနဲ့ ပြည့်ဝတဲ့ဒီမိုကရေစီစနစ်အောက်မှာ ထမ်းရွက်ရယူနိုင်ခဲ့တာကို သမိုင်းစာမျက်နှာများပေါ်မှာ တွေ့မြင်နေရပါပြီ။ မကြာသေး ခင်ကပဲ ဝါရှင်တန်ဒီစီမြို့တော်ရှိ ထင်ရှားတဲ့ လူဖြူခေါင်းဆောင်များကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ် အဆောက်အုံ၊ မော်ကွန်းရုပ်တု တွေကြားမှာ ဒေါက်တာမာတင်လူသားကင်းအား ဂုဏ်ပြုသောအထိမ်းအမှတ် ကျောက်ရုပ်တုကြီးနဲ့ ပန်းခြံကို ဖွင့်လှစ်ခဲ့တယ်။

ဒီအပတ် ဒေါက်တာမာတင်လူသားကင်းမွေးနေ့အား ဂုဏ်ပြုသော ရက်ရှည်ရုံးပိတ်ရက်မှာ ပူဇာစ ပူဇနေယျာနံ – ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန် တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ ဆိုစကားအတိုင်း ဒီဆောင်းပါးလေးနဲ့ ပူဇော်ထိုက်သူ ကျနော်လေးစားသော အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီး ဒေါက်တာမာတင်လူသားကင်း ဂျူနီယာကို ဂုဏ်ပြုပူဇော်လိုက်ပါတယ်။

မှတ်ချက် ။ ။ လူမဲများကို လူမဲ (black)၊ အာဖရို အမေရိကန် (Afro-American) လို့ ခေါ်ဆိုခြင်းက သင့်မြတ်ပြီး၊ အစောပိုင်း အသားအရောင် ခွဲခြား၊ ကျေးကျွန်ကာလအတွင်း နာမ်နှိမ်ခေါ်ဆိုခဲ့တဲ့ နီဂရို (Negro)၊ နစ်ဂါ (Nigger) လို့ ခေါ်ဆိုခြင်းကို ယခုအချိန်မှာ တရားဥပဒေအရ အရေးယူနိုင်သည်။
အမေရိကန် လူမဲသမိုင်းနဲ့ Civil Rights လှုပ်ရှားမှုအကြောင်း ဖတ်မှတ်လေ့လာသင့်တဲ့ စာအုပ်များမှာ …
Frederick Douglass’s Narrative of the Life of Frederick Douglas
W. E. B. Du Bois’s The Souls of Black Folk
Brook T. Washington’s Up From Slavery
Martin Luther King Jr.’s Why We Can’t Wait and Stride toward Freedom
Malcolm X’s The Autobiography of Malcolm X

ဇာဝါရီ
ဇန်န၀ါရီ ၁၉၊ ၂၀၁၂

Tuesday, December 14, 2010

တာတီးနှင့်မဲတူ



“ဒိုင်း
ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါကနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။ အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကိုအုပ်ထားလိုက် ကြသည်။ ပြန်၍မရဲတရဲဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏ လက်ထဲမှသေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှစိုက်ကြည့်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျ လျက်ရှိသောသွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် “တာတီး” ကို ယူကျုံးမရ နှမြောတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင် မကယ်နိုင်ဖြစ်နေဟန်တူ၏။ ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ ထိုင် ကာတာတီး၏ ပူပူနွေးနွေးပျော့ခွေ လျက် ရှိသော ကိုယ်ကလေးကို တအားပွေ့ယူလျက်မျက်နှာချင်း အပ်ထားလိုက်ကြသည်။
ထိုစဉ်က အဖေ ငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။ လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့် တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့သြမိန်းမော ကုန်ကြ၏။

Thursday, November 18, 2010

စနေချစ်သူ


စနေချစ်သူ - သုမောင်

စနေနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“နာမည်ကလေး သိပါရစေ”
“......................”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့....”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်....”
“ပဲ့ပါသွားတာကျနေတာပဲ...”
“နာမည်သိတော့ ဘာလုပ်မှာတုံး...”
“သိချင်လို့ပေါ့”
“သိပြီးတော့ကော ဘာလုပ်မှာတုံး...”
“ခေါ်ချင်လို့ပေါ့”
“ခေါ်ပြီးတော့ ဘာလုပ်မှာတုံး...”
“ `ဒီကကို´စကားပြောချင်လို့ပေါ့”
“ဒီကလို့ မပြောပါနဲ့ နာမည်ရှိတယ်...”
“ဘယ်သူကလေးတဲ့တုံးကွယ်”
“သိဘူး...”
“ဟယ်.... ဆန်းတယ်နော်၊ နာမည်က သိဘူးတဲ့၊
ဒီတစ်ခါပဲ ကြားဖူးသေးတယ်”

တနင်္ဂနွေနေ့
လှည်းတန်းဈေး

“ဟေ့- သိဘူး”
“အို- ဘယ်လိုလဲ”
“ `သိဘူး...´ဆိုလို့၊ `သိဘူး´ခေါ်တာပဲ”
“ဘယ်သူက ပြောလို့လဲ”
“မနေ့က နာမည်မေးတော့`သိဘူး´ဆို”
“ကြောင်လိုက်တာ”
“ဒါဖြင့်... မဟုတ်ဘူးပေါ့”
“ဘယ်လိုလဲ ဒါဈေးလယ်ကောင်ရှင့်...”
“သူများတွေလည်း ဒီလိုပါပဲ”
“တခြားစီပဲ”
“အတူတူပါပဲ...”
“သွားစမ်းပါ”
“ဘယ်ကိုလဲ”
“ငရဲပြည်...”
“အတူလိုက်မှာလား ”
“၀ိုင်းကြည့်နေကြတယ်”
“သူတို့ကတော့ ထင်ကြမှာပဲ”
“ရှက်စရာကောင်းတယ်။ ပြန်တော့မယ်”
“ဘယ်ကိုလဲ”
“အဆောင်ကိုပေါ့”
“လိုက်ပို့မယ်လေ”
“လိုပါဘူး”
“အဲဒါဖြင့် အဲ့ဟိုစာအုပ်ကြားထဲ ညှပ်ထားတဲ့ ဒေါနခက်ကလေး
အမှတ်တရပေးခဲ့ပါလား”
“ဟီဟိ...”
“ဘာရယ်တာလဲ”
“ယူချင် ယူထားလေ၊ အဲ့ဒါ ဒေါနခက် ဟုတ်ဘူး...၊ တို့စားဖို့ ၀ယ်လာတာ၊ နံနံပင် တွေရှင့်...”
“မထူးပါဘူး။ အဲဒီနံနံပင်တွေပဲ ပေးခဲ့ပါတော့”

တနင်္လာနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“မအေးမယ်”
“ဟဲ့-ပလုတ်တုတ်”
“လန့်သွားသလား”
“တို့နာမည် သူဘယ်လိုလုပ်သိလဲ”
“ဒီလိုဒီလိုပေါ့”
“မကျေနပ်ပါဘူး”
“ဘာလို့လဲ”
“မသိစေချင်ဘဲ ဘာလို့သိရတာလဲ...”
“မြားနတ်မောင်က ပြောပြလို့”
“အော့... အော်...”
မြားနတ်မောင်ရှိတာ သူလည်းသိသားပဲ၊ လတ်စသတ်တော့”
“အကျအနကောက်လိုက်တာ...၊ ကဲပါ ပြော... တို့နာမည်ဘယ်လိုလုပ်သိလဲ...”
“မနေ့က ဒေါနခက်ညှပ်ထားတဲ့”
“နံနံပင်တွေပါ ဟီဟိ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနံနံပင်တွေ ညှပ်ထားတဲ့ စာအုပ်မှာ ရေးထားတာ တွေ့လို့ပေါ့”
“မျက်စိကလည်း ကျီးကန်းလိုပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်က... အရုပ်ဆိုးတယ်နော်”
“မဆိုးပါဘူး။ ခပ်လှမ်းလှမ်းက ကြည့်ရင် ဇော်ဝမ်းလိုလို ဘာလိုလိုနဲ့”
“ဟုတ်လား၊ ကိုယ်က ဇော်ဝမ်းလိုပဲ အသံကောင်းလား”
“ဒါပေမဲ့ အဝေးက နားထောင်ရင် ပိုကောင်းတယ်”
“နောက်ကို သီချင်းမဆိုတော့ဘူး”
“ဘာလို့လဲ”
“အဝေးကြီးမှ မသွားချင်ဘဲ”
“အလဲ့”

အင်္ဂါနေ့
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

“မအေးမယ်က စာဖတ်ဝါသနာပါသလား”
“..............”
“စိတ်ဝင်စားနေလိုက်တာ ဘာစာအုပ်လဲ”
“စံရွှေမြင့်ပါ”
“အပြင်က ငှားလာတာထင်တယ်”
“အကြောင်းမရှိ အကြောင်းရှာပြီး လိုက်လာတာ မသိဘူး မှတ်သလား”
“အကြောင်းရှိတာပေါ့”
“ဘာလဲ”
“သိသားနဲ့”
“သိပါဘူး”
“မအေးမယ်ဟာ.... လူတော်ပဲ၊ အပွေးမြင် ဒီအပင် ဘာအသုံးကျတယ်ဆိုတာ သိရမှာပေါ့”
“သူ့ကို မေးစရာတစ်ခုရှိတယ်...”
“အဲဒါသိလို့ လိုက်လာတာပေါ့”
“ဖောက်ပြီ အကောင်းပြောမလို့ဟာ”
“ဘာကိုလဲ”
“သူ့နာမည်လည်း သိထားချင်လို့ပါ...”
“နက်ဖြန်မှ ပြောမယ်”
“ဘာဖြစ်လို့...”
“ရှက်လို့”
“သူကများ...”
နာမည်သိချင်ရင် နက်ဖြန် ယုဒသာန် လမ်းထိပ်က အုတ်ခုံလေးမှာစောင့်”
“ဟေ့ တို့လည်း အဖြေမပေးဘဲ အနိုင်နဲ့ မပိုင်းနဲ့။ ဟေ့... အို...သိပ်ဆိုးတဲ့ ကောင်လေး ...”

ဗုဒ္ဓဟူးနေ့
မန္တလေးဆောင်
အခန်း- M ၁၀၂

“ဒီမယ် မင်း မအေးမယ်ရဲ့ သူငယ်ချင်း မဟုတ်လား”
“ဘာကိစ္စရှိလို့လဲ”
“မအေးမယ် ကျောင်းမတက်ဘူးလား”
“တက်သားပဲ”
“မတွေ့လို့ပါ”
“ကျွန်မနဲ့ အမြဲတမ်းတွဲလျက်ပဲ”
“ကျွန်တော်နဲ့ ချိန်းထားတာက တစ်နေရာပဲ”
“ချိန်းထားတဲ့နေရာမှ ကျွန်မ မသိဘဲ”
“ခင်ဗျားကို ချိန်းတာမှ မဟုတ်တာ”
“ရှင်နဲ့ သူနဲ့သိလို့လား”
“မသိဘဲ ချိန်းပါ့မလား”
“သူ ရှင်နဲ့ မတွေ့ချင်လို့ နေမှာပေါ့....”
“မဖြစ်နိုင်တာပဲ”
“ကိစ္စရှိလား.....”
“ကျွန်တော့်နာမည်ကို သူသိချင်တယ် ဆိုလို့ပါ၊ ခု....သူဘယ်သွားလဲ”
“အဆောင်ပြန်သွားပြီ။ ယူ့နာမည် ပြောခဲ့လေ.....”
“မောင် လို့ ပြောပေးပါ”
“ဘာရယ်”
“သြော် “မောင်” လို့ပါ”

ကြာသပတေးနေ့
ဘွဲ့နှင်းသဘင်ရှေ့

“ဟေ့ ဟေ့....”
“ကိုယ့်ကို ခေါ်တာလား”
“သူ့ကိုပေါ့...”
“ဆန်းတယ်နော်”
“ဘာကိုလဲ”
“ချိန်းမထားလည်းပဲ တွေ့တတ်လို့ပါ”
“မခနဲ့ပါနဲ့ .... မနေ့က တို့နေမကောင်းလို့ မလာတာပါ....”
“ကိုယ်နဲ့တွေ့ရင် ပိုနေမကောင်းမှာ စိုးလို့လား”
“အင်း... ဟုတ်တယ်”
ကိုယ်ကတော့ မအေးမယ်ကို မတွေ့လို့ ရင်ပူလိုက်တာ”
“လွန်တယ်ကွာ- တကယ်ပဲ”
“ခုကော တွေ့ချင်စိတ်ရှိရဲ့လား”
“သူကကော”
“မအေးမယ်က ... အတွေ့မခံမှာ စိုးနေတာ”
“မနေ့က သူ့ကိုသတိရနေပါတယ်”
“ဘာဖြစ်လို့”
“ချိန်းထားတဲ့နေရာမှာ သူစောင့်နေမှာကို သနားလို့ပေါ့”
“သူ သူလို့ မခေါ်ပါနဲ့၊ နာမည် ပြောခဲ့သားပဲ”
“သူပေးတဲ့နာမည်လား”
“အင်းပေါ့”
“ခု ဘယ်ခေါ်လို့ ဖြစ်ပါမလဲ”
“မနက်ဖြန်မှ ခေါ်မယ်လေ”
“ဒီတစ်ခါ `မအေးမယ်´က စချိန်းတာနော်”
“ဘာလဲ၊ သူက ကလဲ့စား ချေမလို့လား ရှောင်နေမှာလား...”
“မအေးမယ်နဲ့ဆို ဘယ်ကို သွားရသွားရပါ”
“နက်ဖြန်လာခေါ်လေ”
“ဘယ်ကိုလဲ”
“တို့အဆောင်ကိုပေါ့”
“ပြီးတော့ ဘယ်သွားကြမလဲ”
“ဗိုလ်ချုပ်ဈေးကိုပေါ့လို့”

သောကြာနေ့
ဗိုလ်ချုပ်ဈေး

“ရေခဲရေ သောက်ချင်သေးတယ်...”
“ဟင်... ကျောက်ကျောဆိုင်မှာလည်း သောက်ခဲ့သေးတယ် မဟုတ်လား..”
“သူ့ကိုတောင် လက်တို့ရသေး၊ ရေတွေက မသန့်လို့...”
“ဟုတ်လား”
“ဒီမှာက အ၀သောက် ငါးပြား၊ ရောင်းတဲ့ ကောင်ကလေးကလည်း သနားစရာ..”
“ဘဝဆိုတာ ဒီလိုပေါ့၊ ဟိုဥစ္စာ အင်း”
“လွန်တယ်ကွာ.. တကယ်ပဲ..”
“ဘယ်သွားချင်သေးလဲ”
“ပေါင်ချိန်ကြည့်ချင်သေးတယ်..”
“ရော့ ဆယ်ပြားစေ့ အလေးစေ့”
“ဟော့တော့...”
“ဘာဖြစ်လို့လဲ”
“ကိုးဆယ်ငါးပေါင်တဲ့ နှစ်ပေါင်တောင်မှ တိုးလာတယ်...”
“ဗေဒင် ကတ်ပြားလည်း ရတယ် မဟုတ်လား၊ ဘာတဲ့လဲ”
“ဟီဟိ”
“ရှက်ရပြန်ပြီ၊ ကဲ တိုးတိုးလေးပြော”
“မျက်စိမှိတ်ထားမှ”
“ကဲပါဗျာ... မှိတ်ပါပြီ”
“အင်း... အဟမ်း ဘာတဲ့ မိမိအား တစ်ဖက်သတ် ပိုးပန်းနေသူအား မချစ်လိုက်ပါနှင့်တဲ့”
“အလကား ဗေဒင်ကို ကိုယ်မယုံဘူး”
“တို့တော့ ယုံပါတယ်..”
“ကဲ.. ဘယ်သွားချင်သေးလဲ”
“သိဘူးလေ ခုဘယ်နှနာရီလဲ..”
“သုံးနာရီခွဲတော့မယ်..”
“သူကော ဘယ်သွားချင်လဲ”
“သုံးနာရီခွဲဆိုတော့ ... ဟေ့... သုံးဘီး ဟေ့...”
“ကားဆရာ ဝိဇယရုံကို မြန်မြန်မောင်းပါ နော်...”
“ဝိဇယရုံမှာ (Show Down) ပြနေတာ သေချာတယ်နော်”

စနေနေ့
အင်းလျားကန်စောင်း

“ငိုပါနဲ့ မအေးမယ်ရယ်”
“.........................”
“မအေးမယ်ကို မောင်ချစ်ပါတယ်”
“တို့ ကြိုးစားပါတယ်ကွယ်.. ဒါပေမဲ့ ငိုချင်တယ်”
“မောင့်ကို မအေးမယ် ချစ်တယ်မဟုတ်လား”
“မောင်ဟာလေ”
“တိတ်ပါ အေးရယ်”
“အမြတ်တနိုးထားအပ်တဲ့ ဘဝတစ်ခု ဆုံးရပြီမောင်”
“မောင့်မှာ.... အပြစ်မကင်းပါဘူး....၊ မောင် တောင်းပန်ပါတယ်”
“တို့ကိုယ်တိုင်ကလည်း မစောင့်စည်းတာပါ”
“အေးလေးရယ်”
“အို.. မောင်ရယ် ...”

တနင်္ဂနွေနေ့
အင်းလျားကန်စောင်း

“မောင်ရေ”
“ဗျာရေ”
“နက်ဖြန်ကျရင်လေ”
“လက်မှတ်ဝယ်ထားပြီးပါပြီဗျာ”
“ဟယ် မောင်ရယ် လိမ္မာလိုက်တာကွယ်”
“ချစ်တော့ အလိုက်သိရတာပေါ့”
“လွန်ပြီဟေ့... အို..”
“ရှေးလူကြီးတွေ သိပ်တော်တာပဲ၊ ပင်လယ်ရေသောက်ရသလိုပဲ”
“ဟေး.. သနပ်ခါးတွေ ပျက်ကုန်ပြီကွာ ..”
“ပျက်လက်စနဲ့ မလှဘူး။ အကုန်ဖျက်ပစ်မှပေါ့......”
“မရဘူး...မရဘူး၊ ဖယ်ကွာ... မွန်းတယ် ...”
“အို... သိပ်စကားများတဲ့ ပါးစပ်ကလေး”
“...........................”

တနင်္လာနေ့
သမ္မတရုပ်ရှင်ရုံ

“မင်းသားက ချောလည်း မချောဘူး”
“အမူအရာ ကောင်းသားပဲ ”
“နက်ဖြန်ကျရင်လေ”
“လှမှတို့က ကြိုက်တာ”
“မောင်ကျတော့ကော”
“မောင်က ချောပါတယ်”
“ဟေ့...တော်တော့... ကဲ ဘယ်သွားချင်သေးလဲ...”
“သိဘူးလေ...ဘယ်နှနာရီလဲ”
“သုံးနာရီခွဲတော့မယ်..”
“မောင်ကော.. ဘယ်သွားချင်လဲ..”
“ဟေ့...သုံးဘီး၊ ဟိုး..ဟိုး...”
“ဗိုလ်ချုပ်ဈေးမှာ ခေါက်ဆွဲ ဝင်ဝယ်ရအောင်”
“ဒီမှာ... ကားဆရာ၊ မကြာပါဘူးဗျာ၊ ဗိုလ်ချုပ်ဈေးကို အရင်သွားရအောင်”
“ပိုပေးပါ့မယ်ရှင်”
“ပြီးတော့ အင်းလျားဂျူးဘန်းကို သွားမယ်လေ”

အင်္ဂါနေ့
တိုက်ခန်းတစ်ခု (ဝင်ဒါမီယာ)

“ဒါနဲ့ ချစ်တယ်ဆို...”
“ဒီနေ့တော့ တောင်းပန်ပါတယ်....”
“မရဘူး မရဘူး....”
“ဟင်း... မောင်နော်...
ဘို့တစ်ဘို့တည်း မကြည့်နဲ့နော်ကွာ-”
“ချစ်လို့ပေါ့”
“နက်ဖြန်ကျမှကွယ်...”
“ခုမှပဲ... ခုမှပဲ...”
“တော်ပြီမောင်... မောင့်ကိုမုန်းတယ်..”
“တကယ်လား...”
“တကယ်..”
“ကောင်းပါပြီ အေးရယ်..”
“ဟင်း ... သူ့စိတ်ကြီးပဲ...”
“မောင် ဝမ်းနည်းတယ်...”
“ဟယ် မောင်မျက်ရည်တွေနဲ့..”
“............................”
“မောင်ရယ် ခက်ပါလားကွယ်...”
“............................”
“မငိုပါနဲ့ကွယ်... တို့ပါငိုမိလိမ့်မယ်...”
“....................”
“ကဲ... တိတ်တော့နော်”
“အေးကို ချစ်လို့ပါ”
“မောင့်ကို ချစ်လို့သာပေါ့”

ဗုဒ္ဓဟူးနေ့
အနုပညာအသင်းရှေ့

“ဒီမယ်”
“ဆိုလေ”
“မအေးမယ်နဲ့ မတွေ့ဘူးလား..”
“သူ ကျောင်းမတက်တာ ကြာပြီ...”
“ကျေးဇူးပါပဲ...”

ကြာသပတေးနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“ဒီမယ်... မအေးမယ်ရဲ့ သူငယ်ချင်း”
“အေးအကြောင်း မေးမလို့လား...”
“ဒါပေါ့”
“ညနေကျရင်၊ အရင်နေရာကို လာခဲ့ပါတဲ့ ...”
“ကျေးဇူးပါပဲ..”
“လိုပါဘူး”

သောကြာနေ့
ဗဟိုစာကြည့်တိုက်

ဒီမယ်... အေးရဲ့သူငယ်ချင်း”
“မနေ့က အေးနဲ့မတွေ့လို့ မဟုတ်လား”
“ခင်ဗျား.. နောက်လိုက်တာလား”
“အို့ ရာရာစစ ”
“ဒါဖြင့် ဘာလို့ အေးက စောင့်ခိုင်းတာလို့ ပြောသေးလဲ...”
“မနေ့က သူဒီအတိုင်းမှာသွားလို့ပေါ့”
“ဒီနေ့ကော - ဘာမှာလိုက်သေးလဲ”
“နောက်ကို မတွေ့ကြပါစို့နဲ့တဲ့၊ သူ့ကို မေ့လိုက်ပါတဲ့၊ သူကလည်း မေ့လိုက်တော့ မယ်တဲ့..”
“သူ စိတ်ပြောင်းပြီပေါ့..”
“စိတ်တစ်ခု... ရုပ်ကိုးဆယ်တဲ့....ရှင်”
“ခုလိုကူညီတာ ကျေးဇူးများစွာပါပဲ...”
“လိုပါဖူး”

စနေနေ့
မန္တလေးဆောင်
အခန်း- M ၁၀၄

“ဒီမယ်...အေးရဲ့သူငယ်ချင်း”
“ဘာလဲ.. အေးအကြောင်း မေးဦးမလို့ လား...”
“ဟုတ်ပါဘူး”
“ဒါ့အပြင် ဘာကိစ္စမှ မရှိပါလား”
“ရှိတာပေါ့”
“ဘာကိုလဲ”
“မေးစရာ ရှိသေးလို့ပေါ့”
“ဘာကိုလဲ”
“သြော်... နာမည်လေးသိပါရစေ”
“....................”
“ပြောလေ... နာမည်လေးက ဘာတဲ့လဲ ကွယ်...”
“သိဘူး”
“ဟယ်.ဆန်းလိုက်တာနော်၊ ဒီနာမည်မျိုး ဒီတစ်ခါပဲ ...ကြားဖူးတယ်`သိဘူး´ တဲ့”............................။


`စနေချစ်သူ’ဝတ္ထုတိုကိုတော့ ရည်းစားများတဲ့ လူငယ်တွေ အကြောင်းဖွဲ့တာပါ။ ကိုယ်တွေ့ မဟုတ်ပါဘူး။ သူငယ်ချင်း ကဗျာဆရာ မောင်သင်းအောင် (မုံရွာ) (ယခု မြင့်ဆောင်)ရေးတဲ့ ဝတ္ထုတိုလေးကို ရေးဟန်ပုံစံသဘောကျတာနဲ့ သူ့ဆီက ခွင့်တောင်းပြီး ပြန်ရေးခဲ့တာပါ။

သုမောင်

မှတ်ချက်။
ဒီဝတ္ထုတိုကလေးကို Perfect မဂ္ဂဇင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ သိမ်းထားတာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် မူလတင်ထားတဲ့ ပိုင်ရှင်အား ခွင့်မတောင်းပဲ တဆင့်ပြန်လည်တင်ပြခြင်းကို နားလည်မည်ဟု ထင်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, September 14, 2010

သခင်မ



ဆယ်နှစ်ကြိုး ကဝေအတတ်နဲ.....
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြူစားတတ်တဲ့......'ရွာသူ'ရေ

ရင်ခုန်သံတွေကိုပဲ 'ခေါစာပစ်'လိုက်တယ်.......
သခင်မ .......
ပျော်ပါ ......၊ ပါးပါ .......၊ စားပါ .......၊ သောက်ပါ ......

မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်ကိုလည်း အပြစ်က လွှတ်တော်မူပါ .....။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ .....။

'တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး'ဆိုတဲ့
ဟောဒီက ငပျင်း ......အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မူပါ ..........

မင်းခိုက်စိုးစံ

Saturday, April 10, 2010

လူတို့ကြောက်သောအရာ (၂)


(၅)

ဦးခင်မောင်ထွေး ဤဌာနသို့ရောက်ပြီး ခြောက်လကျော်ခဲ့ပြီ။ ခုတော့ ကွမ်းလည်း တဖတ်ဖတ် ဝါးတတ်နေပြီ။ စီးကရက်လည်း လက်ကြားညှပ်တတ်နေပြီ။ ဘီယာကိုလည်း မြုံ့တတ်ပါပြီ။

" အစိမ့်လေးပါ အာစရိရဲ့၊ အပျင်းပြေ ဝါးတာပေါ့"
မောင်မောင်ညိုက ဤသို့ ကွမ်းယာဖြင့် မိတ်ဖွဲ့ပေး၏ ။
" ငါးသုံးလုံးပါ၊ ဝယ်ရတာ မှတ်လို့၊ ဖွာလိုက်ပါ အားနေတဲ့အချိန် မပျင်းရအောင်"
နိုင်ငံခြား စီးကရက်ဖြင့် နိဒါန်းဖွင့်၏ ။ တကယ်လည်း မဝယ်ရပါ။ ပစ္စည်းလာလျှောက်သူများ ဒါနပြုသွားခြင်း ဖြစ်သည်။
" အရက်မဟုတ်ပါဘူး၊ ယမကာပါ ဆရာရဲ့"
သည်စကားမျိုးဖြင့် သူ့ကို အသူရာလောကသို့ မောင်မောင်ညို ခေါ်ခဲ့သည်။ သူတို့အဖို့ ကျွေးမွေးလိုသူတွေ ဝိုင်းဝိုင်းလည်ဖြစ်သည်။ ကျွေးမွေးသူတို့ကလည်း ကုန်သည်ခန်းသည်ဟု သဘောမထား။ နောက်တနေ့ ပစ္စည်းအတွက် ပါမစ်လျှော်လျှော်လျှူလျှူရလျှင် ကျေနပ်ပြီးသား။

✽✽✽✽✽

(၆)

ဂျက်၊ ကွင်း၊ ကင်းမှအစ ညှင်း၊ ဟတ်၊ ဒိုင်းမွန်း၊ စပိတ် အဆုံး ဖဲပွင့်လေးများကို ဒေါ်ခင်မမ တသသ စွဲလမ်းနေပါပြီ။ ဒေါ်ခင်မမလည်း ကျေးတောသူမ မဟုတ်တော့ပြီ။ မောင်မောင်ညို ကောင်းမှုကြောင့် အတတ်ကြူးနေပါပြီ။
" မမရာ....ကော်ပရေးရှင်းပေါင်းစုံက ညွန်ကြားရေးမှုး ကတော်တွေ၊ မန်နေဂျာ ကတော်တွေချည်းပဲ မမရာ၊ သူတိုနဲ့ အကျွမ်းဝင်တော့ ကော်ပိုရေးရှင်းမှာ ရှိတဲ့ ပစ္စည်းမှန်သမျှဟာ ကိုယ့်အတွက် ပဒေသာပင်ပဲ မဟုတ်လား"
သည်စကားမျိုးဖြင့် မောင်မောင်ညို အခြေခံခဲ့၏ ။
" ဒါတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် မမမှာက မင်းရဲ့ အာစရိ ဝင်ငွေကလွဲလို့ ဘာဝင်ငွေမှ မရှိတာ"
"မမကလည်း ခက်အောင်တွေးပူ နေသကိုး၊ ကဲ.....ဟိုကတော်တွေကရော သူတို့ဝိုင်းထိုင်ဖို့သူတို့ယောင်္ကျားတွေက ငွေသပ်သပ် ပေးတယ်ထင်လို့လား၊ မဟုတ်ဘူး မမရေ၊ ဒီမန်နေဂျာ ကတော်က ဟို..ညွှန်ကြားရေးမှုး ကတော်ဆီမှာ ပစ္စည်းတောင်း ဖျောပစ်၊ နောက်ဆုံး တောင်းစရာမရှိတော့ဘူးဆိုရင် ကိုယ့်ယောင်္ကျားဆီမှာ ဟိုလူ့အတွက် ဒီလူ့ အတွက်ဆိုပြီး ပစ္စည်းတောင်း၊ ကဲ.....လွယ်လိုက်တာ"

✽✽✽✽✽

(၇)

" အစ်ကိုညို့ အမျိုးသမီးက အချောစားပါလား"
မနေ့က ဝါကျွတ်မို့ မောင်မောင်ညိုတို့ ဇနီးမောင်နှံ ဦးခင်မောင်ထွေးကို လာကန်တော့သည်။ သူတို့ ညားကြသည်မှာ နှစ်နှစ်ကျော်ပေမယ့် သားသမီး မထွန်းကားသေးပါ။ သို့အတွက်ကြောင့် အလှသွေးတွေက ဆူဝေနေဆဲ ဖြစ်၏ ။ မွှေးမွှေးက ဒါကို ရည်ရွယ်ပြီးပြော၏ ။

"ဟဲ....ဟဲ... မွှေးမွှေးရဲ့ ခြေဖျားကိုတောင် မီမယ်မဟုတ်ပါဘူး တကယ်ပါ၊ မွှေးမွှေးရဲ့ မျက်နှာကလေးက ဖိုဘီကိတ်လို ကျက်သရေရှိတာ၊ ကိုယ်လုံးကလဲ ဘရူးရှီးလို အချိုးအဆစ်ပြေတာ သိလား"
"ဟုတ်လဲ ဟုတ်ဘဲနဲ့"
မူမူနွဲ့နွဲ့ ငြင်းလိုက်ပေမယ့် သည်စကားကိုတော့ မွှေးမွှေး နားထဲ ချိုအီစိမ့်နေပါတော့၏ ။

"ဝါကျွတ်လက်ဆောင်အဖြစ် မွှေးမွှေးအတွက်လည်း အစ်ကိုညို မမေ့ပါဘူးဗျာ၊ ဒီမှာ....ကြည့်"
" ဟယ်....ကျေးဇူးတင်လိုက်တာ အကိုညိုရာ၊ မွှေးမွှေးလည်း လကုန်တော့မှ ဝယ်မယ်လို့ စိတ်ကူးထားတာ၊ မွှေးမွှေး စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ အစ်ကိုညို သိနေသလိုပဲ"

မောင်မောင်ညိုလည်း နွားပြာကြီး အောက်သွားလွတ်နေပါတော့၏ ။ပြီးတော့........ မွှေးမွှေးလက်ထဲသို့ အရောင်ဖျော့ဖျော့ မရမ်းနုရောင် နံပါတ် (၃)မက်စ်ဖိုင်တာ မိတ်ကပ်ဘူး ထည့်လိုက်၏ ။

✽✽✽✽✽

(၈)

"ဒီနှစ် ဆယ်တန်းကြတာ ဘဲကြီး သိပ်မကြည်ဘူး၊ အစ်ကိုညိုရာ ကျွန်တော် သိပ်ပြီး စိတ်ညစ်တယ်"
ကိုတိုး ဆယ်တန်းကျ၏ ။ မွှေးမွှေးလည်း ကိုးတန်းကျ၏ ။ သူတို့တစ်အိမ်လုံးလည်း ဝါးအစည်းပြေသလို ပြေနေလေသည်။ သူ့တက်သူလှော သူ့ရွက်သူဖွင့်နေသလိုဖြစ်နေ၏ ။
ကြည့်.....ဦးခင်မောင်ထွေးက ညတိုင်းပင် သောက်စားပြီးမှ ပြန်လာ၏ ။ သားရယ်၊ မယားရယ်လို့တော့ သတိမရတော့ပါ။ဒေါ်ခင်မမကလည်း တစ်နေကုန် တစ်နေခမ်းဖဲဝိုင်းမှာ ရှိနေ၏ ။ ညဥ့်နက်သန်းခေါင်မှလည်း ပြန်လာသည်လည်းရှိ၏ ။အစောဆုံးက ကိုးနာရီဖြစ်၏ ။ သောကြာ၊ စနေဆို လုံးဝအိမ်မပြန်တော့ပါ။ အိမ်ကိုအုပ်ထိန်းမှုလစ်ဟင်းလာတော့၏ ။

သား ကိုတိုးဆိုလည်း ကျောင်းသာဆိုပေမယ့် ကျောင်းရောက်ချင်မှ ရောက်တော့၏ ။ ညတိုင်းလည်း ဂစ်တာကြီး တဒေါင်ဒေါင်နှင့် အချိန်ကုန်လေတော့၏ ။ငွေကြေးကလည်း အသုံးအစွဲ လက်ဖွာသည်။ သူ့ငွေကို မောင်မောင်ညိုက ရှာဖွေပေးသည်။ မခက်ပါ။ ဦးခင်မောင်ထွေး နာမည်သုံးကာ ကော်ပိုရေးရှင်းမှ ပစ္စည်းထုတ်သည်။ သူ့အဖေလက်မှတ် ပါမစ်နှင့် ပစ္စည်းထုတ်ရောင်းသည်။
ငွေရမည်။ ဘာမှမခက်။

မွှေးမွှေးကလည်း ထို့အတူပင်။ စတိတ်ရှိုးပေါင်းစုံ သွားမည်။ မွေးနေ့ပေါင်းစုံ ရောက်သည်။ အကောင်းတကာ့ အကောင်းဆုံး၊ အဆန်းတကာ့ အဆန်းဆုံး ပစ္စည်းများကို ဝယ်ယူမည်။ ငွေတွင်းကိုတော့ မောင်မောင်ညို တူးပေးသည်။

" ကဲ...ငါ့ညီ စိတ်မညစ်နဲ့၊ ဘာလုပ်ချင်တာလဲ"
" နံပါတ်ဖိုး "

✽✽✽✽✽


"အခု ဧပြီလဆိုတော့ ကော်ပိုရေးရှင်းတိုင်းဟာ မြေပေါ်လက်ကျန်စာရင်း ကောက်တုန်းပဲ မမရဲ့၊ ဒီတော့ မမလိုချင်တဲ့ ငွေသုံးထောင် ခဏလောက် စောင့်ပါ"
ဒေါ်ခင်မမ အကြွေးတင်နေပါ၏ ။ မတ်လကုန်ကတည်းက အကြံအဖန်ပြတ်သွား၍ ငွေစ မရွှင်ဖြစ်နေ၏ ။ အကြောင်းကလည်း မောင်မောင်ညို ပြောသလို ဖြစ်နေ၏ ။
" ကြည့်ပြီး စီမံပေးပါ မောင်မောင်ညိုရယ်။ ဟို...မန်နေဂျာကတော်ဆီက အလွယ်ချေးထားတာ အားနာလို့ပါ"
" သြော်.... မမမှာ ပေါင်နှံစရာ တစ်ခုရှိလား"
" ဟုတ်ပြီ၊ ဟုတ်ပြီ ပန်းလက်ကောက် တစ်ရံတော့ရှိတယ်၊ မင်းအာစရိကို အသိပေးလို့ ဖြစ်မှာ မဟုတ်ဘူးနော်၊ သူ့မိဘ လက်ထက်ပွားမို့ အထိမခံဘူးလေ"
" ကျွန်တော် စီစဉ်ပေးပါ့မယ်၊ ဒါကိုလဲ ခါတိုင်းလို အစိန့်စီမှာပဲ ထားလိုက်မယ်နော်"

✽✽✽✽✽

(၁၀)

" အာစရိ ကန်တရိုက် ဦးတောက်ထိန်က ညနေကျရင် ဆရာ့အကြိုက် စားသောက်ဆိုင်မှာ ဘလက်လေဘယ်နဲ့ ပြုစုပါရစေတဲ့"
ဦးခင်မောင်ထွေးတို့ ရုံးအဆောက်အဦး တိုးချဲ့ရာတွင် ကန်ထရိုက်ဦးတောက်ထိန်က ကန်ထရိုက်ရသည်။ ပစ္စည်းကို ဦးခင်မောင်ထွေးတို့က တာဝန်ယူပြီး ဆောက်လုပ်ရေးကို ဦးတောက်ထိန်တို့က တာဝန်ယူသည်။ ကော်ကိုရေးရှင်းမှ ယယ်ယူ၍မရသော ပစ္စည်းများကို ပုဂ္ဂလိကများထံမှ ငွေသားဖြင့် ဝယ်ယူရသည်။ ယခုလည်း ငွေငါးထောင်ဖိုးလောက် ပစ္စည်းကို အပြင်မှ ဝယ်ယူရန် ဖြစ်သည်။ ငွေကို ဘဏ်မှ ချက်လက်မှတ်ဖြင့် ထုတ်ယူရမည်။ ငွေထုတ်ရန် ချက်လက်မှတ် ဦးခင်မောင်ထွေး လက်မှတ်ထိုးနေစဉ် မောင်မောင်ညိုက ပြောလိုက်ခြင်းဖြစ်သည်။

" သိပ်ကောင်းတာပေါ့ကွာ၊ မြန်မြန်သာ ပြန်လာခဲ့၊ နေကျရင် ငါက လေထချင်နေတာကွ၊ ဟား....ဟား....ဟား...."
ညနေ နှစ်နာရီခွဲသည့် တိုင်အောင် မောင်မောင်ညို ပြန်မလာသေးပါ။ ခါတိုင်းဆို ဆယ်နှစ်နာရီကျော်ကျော် ပြန်ရောက်နေကြ ဖြစ်သည်။ ထိုစဉ် ဖုံးခေါ်သံ ထွက်ပေါ်လာသည်။ ကောက်ကိုင်ကြည့်တော့ မနက်ဖြန်တွင် ဆောက်လုပ်နေဆဲ အဆောက်အအုံနှင့် ပတ်သတ်၍ အစည်းအဝေးရှိသည်။ သုံးစွဲပြီး ငွေစာရင်းနှင့် လက်ကျန်ငွေ စာရင်းများကို ပြုစုထားရန်ဖြစ်သည်။ ဦးခင်မောင်ထွေး အဖို့တော့ အေးအေးပါပဲ၊ စာရင်းဇယား ကွက်တိ။

ညနေ လေးနာရီသာ ထိုးရော မောင်မောင်ညိုလည်း ပေါ်မလာသေး။ တစ်ခုခုများ ဖြစ်နေသရော့လား။ ဖြစ်လျှင်လည်း အကြောင်းကြားလိမ့်မည်။ မောင်မောင်ညိုက ကိစ္စမရှိ၊ ထုတ်ချုင်းလိုက်သည့် ငွေကော ဘယ်မှာလဲ။ လူမရောက်တာက ကိစ္စမရှိ။ စာရင်းအင်းပြရန် ငွေရောက်ဖို့က အရေးကြီးသည်။

ငွေငါးထောင်ကိုတော့ အရင် ရှာရမည်။မရှိ၍ မဖြစ်ကြောင်း သူနားလည်လိုက်လေ၏ ။ သည်တော့ အိမ်ကို ဖုန်းလှမ်းဆက်သည်။ အိမ်ဖော်မိန်းမကြီး ဒေါ်သုန်က ကောက်ကိုင်သည်။ ဇနီးသည်က မရှိပါ။ အိမ်ကို ကမန်းကတန်း ပြေးပြန်ခဲ၏ ။အကြောင်းကာ ပန်းလက်ကောက်ကို ခေတ္တ ပေါင်နှံထားရန်ဖြစ်သည်။

" ဆရာ့ ပစ္စည်းက အတုကြီးပဲ "
အပေါင်လက်ခံသူ စကားကြောင့် တုန်လှုပ်သွား၏ ။ ဟုတ်ပါသည်။ မောင်မောင်ညိုနှင့် ဒေါ်ခင်မမ နှစ်ဥာဏ်ပေါင်းပြီး စည်းဝါးရိုက်ထားခြင်းပင် ဖြစ်၏ ။

✽✽✽✽✽

(၁၁)


" တောက်...ခွေးသား မောင်မောင်ညို၊ သိရောပေါ့ကွာ"
ပစ္စည်းအတုကြီး ဖြစ်နေ၍ စိတ်ဆိုး မာန်ဆိုးဖြင့် ပြန်ရောက်လာသော ဦးခင်မောင်ထွေးသည် ဇနီးသည် ကမ်းပေးသော စာကိုဖတ်ပြီး သို့ကလို ကြုံးဝါးလိုက်သည်။ အကြောင်းမှာ သူ့သမှး မွှေးမွှေးကို မောင်မောင်ညို အလစ်သုတ်သွားခြင်းပင်ဖြစ်၏ ။

ချက်ခြင်းပင် ရဲဌာနသို့ ဖုန်းဆက်တိုင် ကြားလိုက်၏ ။ ရုံးငွေကို ခိုးယူမှုနှင့် သူ့သမီး ပျောက်မှုဖြစ်၏ ။ အကြောင်းထူးလျှင် ဖုန်းပြန်ဆက်ပါဟု ရဲဌာနသို့ မှာကြားထားရသေး၏ ။

" လက်ကောက်တွေက အတုချည်းပါလား"

သည်တော့မှ ဒေါ်ခင်မမ အစိန့်ဆီ ဖုန်းဆက်ရန် သတိရတော့၏ ။ အစိန်ထံမှ စကားကြားလိုက်တော့ ဒေါ်ခင်မမ မူးမေ့မသွားရန် မနည်းကြီး သတိထားနေရတော့၏ ။ လက်ကောက်များကို မောင်မောင်ညို ရွေးယူလစ်သွားပြီ။
ထိုစဉ် ဖုန်းလာရာ ဦးခင်မောင်ထွေး ကပျာကယာ ကောက်ကိုင်လိုက်၏ ။ သတင်းထူး၍ ရဲဌာနမှ ဖုန်းဆက်ဖြင်းဟု သူထင်၏ ။ တကယ်လည်း ရဲဌာနမှ ဖုန်းဆက်ခြင်း ဖြစ်သည်။ သို့သော် သူကြားချင်သော မောင်မောင်ညို သတင်းမဟုတ်ပါ။

ဘိန်းဖြူဆေးထိုးအပ်တန်းလန်းနှင့် သူ့သား ကိုတိုးကို ဖမ်းမိသည့် သတင်း။

✽✽✽✽✽

(၁၂)

ဇာတ်ပေါင်းကြသောအခါ........
တကယ့်လူရိုးကြီး ဦးခင်မောင်ထွေးသည် ယစ်ထုပ်ကြီး ဖြစ်ရသည်။ မယားက ဖဲသမား ဖြစ်ရသည်။ သားက ဘိန်းဖြူစွဲရသည်။ သမီးက အငယ်အနှောင်း ဖြစ်ရသည်။ နောက်ဆုံးပိတ်သတင်းကတော့ လုပ်ငန်းခွင်ဆက်ဆံရေး၌ ဟိတ်ဟန်များလွန်းသည်ဟု အကြောင်းပြချက်ဖြင့်
ဦးခင်မောင်ထွေး နယ်ပြောင်းခံရခြင်းပင် ဖြစ်၏ ။

✽✽✽✽✽

လူသည် သုံးလောက၏ စွမ်းအားရှင် ဖြစ်သည်။
သို့ဖြစ်လျှင် လူတို့ကြောက်ရမည့် အရာကား အဘယ်နည်း။
လူတို့ ကြောက်ရမည့်အရာကား ဧကန်စင်စစ် လူ ပင်ဖြစ်ပါ၏ ။


Friday, April 9, 2010

လူတို့ကြောက်သောအရာ


(၁)
ဖားသည် မြွေကို ကြောက်၏ ။
ကြွက်သည် ကြောင်ကို ကြောက်၏ ။
သားသမင်သည် ကျားဘုရင်ကို ကြောက်၏ ။
သတ္တဝါအားလုံးသည် လူသားကို ကြောက်၏ ။
လူသားသည် သုံးလောက၏ စွမ်းအားရှင်ဖြစ်၏ ။
သို့ဖြစ်လျှင် လူတို့ကြောက်ရမည့် အရာကား အဘယ်နည်း။

✽✽✽✽✽

(၂)
"ဂွတ်နိုက်"
"ဂွတ်နိုက်"
မောင်မောင်ညိုက သူ့ဆရာ ဦးခင်မောင်ထွေးကို နှုတ်ဆက်၏ ။ဦးခင်မောင်ထွေးကလည်း နှုတ်တုံ့ပြန်၏ ။ နှစ်ဦးစလုံး၏ စကားသံကား ဗလုံးဗထွေးဖြစ်နေ၏ ။ ယစ်ရွှေရည်တန်ခိုးကြောင့် ယိမ်းထိုးနေပါ၏ ။
ပြီးတော့ ဦးခင်မောင်ထွေးကို လိုက်ပို့သော ကားသည် " ဝူး " ခနဲထွက်သွားတော့၏ ။

အိမ်ဖော်မိန်းမကြီး ဒေါ်သုန်က တံခါးဖွင့်ပေးသည်။ တအိမ်လုံး တိတ်ဆိတ်နေ၏ ။ ဒေါ်သုန်မှလွဲ၍ ဘယ်သူမှ မရှိကြပါ။
" ခင်မကော..... " ဇနီးသည်ကို မေး၏ ။
" ဒီနေ့ သောကြာနေ့လေ "
" ဟုတ်ပ....ဟုတ်ပ ၊ ကိုတိုးကော......" သားတော်မောင်ကို သတိရ၍ မေး၏ ။
" ကိုတိုး ဟိုဘက်လမ်းထိပ်မှာ ဂစ်တာတီးနေတယ်လေ ၊ ဒီကတောင် ကြားနေရသေး "
" ကောင်းတယ်၊ ကောင်းတယ်၊ မွှေးမွှေးကော....." သမီးဖြစ်သူကို မေးမိပြန်သည်။
" သူ့သူငယ်ချင်းမွေးနေ့ကို ညသွားအိပ်တယ်လေ။"
နောက်ထပ်မေးရန် အိမ်ထောင်စုမရှိတော့ပြီ။ ဒယိမ်းဒယိုင်နှင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။ မကြာမီ သူ၏ ဟောက်သံတွေက ထွက်ပေါ်လာတော့၏ ။

✽✽✽✽✽

(၃)

ဦးခင်မောင်ထွေးသည် ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစားကင်းသူဖြစ်၏ ။ ကော်ပရေးရှင်းတစ်ခုလုံး သူ့လောက် အပြစ်ကင်းစင်သူ တစ်ယောက်မှ မရှိ။ ဤသည်ကို သူ့ဆရာ ဦးစီးမှုးက သိ၏ ။ ဦးခင်မောင်ထွေး၏ ရိုးဖြောင့်တည်ကြည်ပုံ၊လုပ်ငန်းခွင် လူထုဆက်ဆံရေး ပြေပြစ်ပုံကို အမြဲတစေ ချီးမွမ်းခန်းဖွင့်လေ့ရှိ၏ ။

ဦးခင်မောင်ထွေး၏ အိမ်ထောင်စု အသိုင်းအဝိုင်းကိုလည်း ကြည့်ပါ။ ဇနီးသည် ဒေါ်ခင်မမက ပကတိ တောသူ၊ ရိုး၏ ၊ အ ၏ ။ အိမ်ထဲမှ အိမ်ပြင် ထွက်လေ့မရှိ။ ငွေဆိုလည်း အပိုတစ်ပြားမှ မသုံး။ အနေအထိုင်ကျစ်လစ်၏ ။
အချုပ်ဆိုရသော် အိမ်ရှင်မကောင်း တစ်ဦးဖြစ်၏ ။

သူ့သား ကိုတိုးနှင့် သမီးမွှေးမွှေးကိုလည်း ကြည့်ကြပါဦး။ လိမ္မာရေးခြားရှိ၏ ။လူကြီးသူမ မှန်းလည်း သိသည်။ ကျောင်းစာဆိုလည်း တစ်နှစ် တစ်တန်း မှန်မှန် အောင်သည်။ အောင်သည်ဆိုရာလည်း အဆင့်မြင့်မြင့် အောင်သည်။

သူ့ဆရာ ဦးစီးမှုးက အထက်ပါ ဦးခင်မောင်ထွေး၏ အရည်အချင်းကို သိ၍ သူနှင့် သင့်လျှော်သော ဌာနခွဲတစ်ခုကို အုပ်ချုပ်ရန် စေလွှတ်လိုက်၏ ။
" အခု မင်းအုပ်ချုပ်ရမည့် ဌာနကတော့ အရပ်စကားနဲ့ပြောရရင် ဖုန်းဆိုးမြေ ပေါ့ကွာ"
" စိတ်ချပါ ဆရာ၊ ကျွန်တော် အုပ်ချုပ်ရမှာက အသိဥာဏ်မဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေ မဟုတ်ပါဘူး၊ ယဉ်ကျေးပြီး အသိဥာဏ်ကြွယ်တဲ့ လူသားတွေပါ ဆရာရယ်။ "

✽✽✽✽✽

ဤဌာနကို ရောက်တော့ မောင်မောင်ညိုနှင့် ဖက်လဲတကင်း ဖြစ်ရသည်။ မောင်မောင်ညိုက ဌာနခွဲစာရေးကြီးလည်းဖြစ်၊ ရုံးသက် အရင့်ဆုံးလည်း ဖြစ်သည်။ ရုံးလုပိထုံးလုပ်နည်းကို သေတ္တာမှောက် လုပ်နိုင်သူ ဖြစ်သည်။
သို့ဖြစ်၍ မကြာမီမှာပင် မောင်မောင်ညိုသည် ဦးခင်မောင်ထွေး၏ ညာလက်ရုံးတစ်ဆူ ဖြစ်လာသည်။
ဦးခင်မောင်ထွေး ရောက်စတော့ သူ့အတွက် ရုံးခန်းသီးသန့် မရှိပါ။ ခန်းမကြီးတစ်ခုထဲမှာပင် ရုံးသူ ရုံးသားများနှင့် ရောထိုင်သည်။ နောက်တော့မှ မောင်မောင်ညို၏ အကြံပေးချက်အရ သူ့အတွက် အခန်းဖွဲ့လိုက်သည်။ ဆင်နားရွက်တံခါးနှင့် ဖြစ်သည်။
တံခါးရွက်ပေါ်တွင် " ဝင်ခွင့်တောင်းပါ " ဆိုသော စာတမ်းကိုလည်း ချိတ်ထားသည်။ အခန်းဝတွင် မောင်မောင်ညို စားပွဲရှိသည်။ မောင်မောင်ညိုကို ကျော်ပြီး ဦးခင်မောင်ထွေးကို မတွေ့ရဆိုသည့် သဘောဖြစ်သည်။
" ဒီလို အာစရိရဲ့......"
မောင်မောင်ညိုက သူ့ကို ဤသို့ ဆန်းတင်ကာ ခေါ်၏ ။
" ဒီဌာနက အလွှာပေါင်းစုံ၊ လူပေါင်းစုံ ကျက်စားတဲ့ ဌာနဗျ၊ ဒီတော့ ကိုယ့်ကို လိုသူရော မလိုသူရော လာကြမယ်ဆိုတော့ကာ လူတိုင်းကို အတွေ့မခံရအောင် အခန်းဖွဲ့လိုက်မယ်။ "
ဤအကြောင်းပြချက်ဖြင့် အခန်းဖွဲ့လိုက်၏ ။

" နောက်တစ်ခု အာစရိကို ပြောထားရဦးမယ်၊ ဒီဌာနက ပစ္စည်းရောင်းတဲ့ ပါမစ်ထုတ်ပေးရတဲ့ဌာန ဖြစ်လေတော့ လာတဲ့သူတွေကလည်း မူနဲ့ဘောင်နဲ့ ညီအောင်လုပ်ပြီး လာကြမှာပဲ၊ ဘယ်သူလာလာ ဟန်ကိုယ့်ဖို့ဆိုတာတော့ ရှိသင့်တယ်။
ဥပမာ- ဒီပစ္စည်းကို ရောင်းချရမယ်လို့ သိကြားမင်းက အမိန့်ပေးတောင်မှ....."
ပြတ်သွားသော မောင်မောင်ညို့စကားကြောင့် ရှေ့ဆက် ဘာများ ဥပမာ ဥပမေယျစကား ထွက်လာဦးမလဲဟု သူ စိတ်စောနေ၏ ။
" အကြံတုံး ဥာဏ်တုံး ပုံစံနဲ့ ခေါင်းကုတ်တာမျိုး၊ အကြံအိုက်ကာ အကြောတက်ပြီး ဇက်ကြောကိုလဲ မလှည့်ချင်ပဲ လှည့်ရတဲ့ ပုံစံမျိုး လုပ်ပြီးမှ တစ်ဒါဇင်လောက်ရှိတဲ့ ဘောပင်တွေကို ကိုင်၊ စိမ်ပြေနပြေ တစ်ချောင်းခြင်း ရွေးနေလိုက်၊
ရှင်းရှင်းပြောရမယ်ဆိုရင် မြစ်ကို အလျားလိုက်ကူးပါ၊ ကြမ်းပိုးကို ခါးတောင်းကြိုက် ရှာပါ"
"ဘာ...ဘာ...ဘယ်လို....."
"ဟဲ... ဟဲ... အာစရိ မျက်စိလည်သွားပြီကိုး.....၊ ဒီလိုလေ အာစရိရဲ့၊ ပါမစ်ကို လက်မှတ်ထိုးခါနီးမှာ ကိုယ့်အမေ ဟိုဒင်းပစ္စည်းကို ပေးရသလို တွန့်တိုနေတဲ့ ပုံစံလုပ်ပြရမယ်၊ စက္ကန့်ပိုင်းအတွင်း ပြီးမယ့်ကိစ္စကို မိနစ်ပိုင်း နာရီပိုင်းလောက် ကြာတဲ့အထိ
အချိန်ဆွဲထားရမယ်"
" ဟာ... မင်းကလဲကွာ၊ မြန်မြန်ပြီး မြန်မြန် ရှင်းတာပေါ့ကွာ၊ သူ့ကို မြန်မြန် လက်မှတ်ထိုးပေးလိုက်တော့ သူလဲ မြန်မြန်သွားရော မဟုတ်လားကွ"
" အာစရိ ခုထိ သဘောမပေါက်သေးဘူးပဲ၊ အာစရိက လွယ်လွယ်ကူကူ လုပ်ပေးလိုက်ပြီ ဆိုပါတော့ အာစရိ လုပ်ငန်းကို ဘယ်သူက တန်ဘိုးထားမှာလဲ၊ ရပါတယ်ကွာ သူဌေးသွားသွား၊ ခွေးသွားသွား လုပ်ပေးတဲ့ ပုဂ္ဂိုလ်လို့ ထင်မှာပေါ့ဗျ။"
အခုလိုဆိုတော့လည်း ဟုတ်တုတ်တုတ်ပင် ဖြစ်၏ ။

မုဒုံ သုမွန်
ဆက်ရန်ရှိပါသေးသည်။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဝတ္တုတိုလေးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။လူ့လောက လူ့သဘာဝမှာ ကြောက်စရာ ကောင်းဆုံးသော အရာတွေကို စာရေးသူ မုဒုံ သုမွန်က ရေးသားဖော်ပြသွားတာကို သဘောကျ နှစ်ချိုက်မိလို့
စာရေးသူ မူရင်းအတိုင်း ပြန်လည်ရေးသားတင်ပြအပ်ပါသည် ခင်ဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။






Saturday, December 19, 2009

အတိုတကာ့ အတိုဆုံးမေတ္တာစာ


လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။

“လူလေး၊ အခု မင်းဘာလုပ်သလဲ”

“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”

“လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”

အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။

✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽

တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။

လူဂလေး
အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊
ခလေးလည်း ၄ရောက်ရပီ၊
အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး

ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။

ပန်းချီဝသုန်ရဲ့ ၀တ္တုတို
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)


"အစားထိုးမရသော မြန်မာ ပန်းချီကျော် ဝသုန် ကောင်းရာသုဂတိ လားပါစေ ………"

A Sketch of WaThone 1



A Sketch of WaThone 2



သူ့ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုအားအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ အောက်တိုဘာလ (၃) နေ့တွင် ဆုချီးမြှင့်ခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ ကြည်ဖြူသျှင် ဒုတိယအကြိမ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သော A Sketch of Wathone သည် ပန်းချီ ဝသုန်၏ အနုပညာ၊ သူ့ဘဝ နှင့် မိသားစု အကြောင်းကို ရိုက်ကူးခဲ့သော ဆရာဝသုန့် အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည်။


"A Sketch of Wathone" profiles Wathone, one of Myanmar's best known painters, as he shares his thoughts on life, art and family. The film is Kyi Phyu Shin's second documentary completed through the Yangon Film School. "A Sketch of Wathone" made its U.S. debut at All Roads in Los Angeles and Washington and will also be screened in Santa Fe.

ကျွန်တော်က ဆရာဝသုန်ရဲ့ဝတ္ထုတိုလေးကို သဘောကျလို့ ဝေမျှတာပါ။သူ့အကြောင်း အသေးစိတ်ကို အနုပညာသက်သေဘလောခ်မှာ လေ့လာနိုင်ပါသည်။

Tuesday, October 27, 2009

ဇက်ပေါ်ကဇီးသီး (နီကိုရဲ)


ဒီဝတ္ထုတိုကလေးက ဆရာနီကိုရဲ လက်ရာပါ။မူရင်းစာက ဇော်ဂျီဖောင့်နဲ့ မဟုတ်တော့ Adobe Readerမှာ ဖတ်မရတာနဲ့ မူရင်းအတိုင်း စာရိုက်ပြီးတင်ပေးလိုက်တာပါ။ကျွန်တော့်လို ဖတ်မရခဲ့တဲ့သူတွေ အတွက်ရော၊ မဖတ်ရသေးတဲ့သူတွေ အတွက်ပါ ဆရာနီကိုရဲ ရေးထားတဲ့ စာကောင်းလေးတပုဒ် ဖတ်နိုင်စေရန် ရည်ရွယ်ပြီး တင်ထားရခြင်းပါ။ဟာသတွေ အရေးများတဲ့ ဆရာရဲ့ သာမရိုးကျ အတွေ့အကြုံလေးကို စာရေးဆရာတယောက် အမြင်နဲ့ ခံစားမှုရသလေး ပြောင်မြောက်သွားအောင် ဖန်တီးထားတဲ့ ဆရာ့ရဲ့လက်ရာလေးပါ။ကျွန်တော်ဖတ်ရင်းနဲ့ ဇီးသီးသည်ကလေးရဲ့ဘဝလေးကို တွေးရင်း အရင်က ချောင်းသာသွားခဲ့စဉ်က ဇက်ဆိပ်မှာ ဒီလိုဇီးသီးသည်လေးတွေ ရောင်းချနေတာတွေခဲ့ဖူးပေမယ့် ဆရာရေးထားသလို မတွေးမိခဲ့ဖူးပါဘူး။အခု ဆရာနီကိုရဲအတွေးလေးနဲ့ ရေးထားတာဖတ်ကြည့်ကြပါဦး...........။

ဇက်ပေါ်ကဇီးသီး

ကျွန်တော်တို့ရှုတင်အဖွဲ့ ချောင်းသာက နေ့ကားရိုက်ပြန်လာကြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ဟာ ချောင်းသာမှာ အားလုံးဆယ့်တစ်ရက် နေခဲ့ကြရပါတယ်။ချောင်းသာဆိုတာက အပန်းဖြေတဲ့နေရာပါ။ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျတော့ အလုပ်သွားလုပ်ရတဲ့နေရာ ဖြစ်နေတယ်။

ဒီတော့ ချောင်းသာသွားရတဲ့ခရီးမှာ ကျွန်တော်တို့နဲ့အတူသွား ခရီးသည်တွေဟာ ခံစားချက်ပြောင်းပြန်ဖြစ် နေလေ့ရှိပါတယ်။ သူတို့က ချောင်းသာကိုအသွားမှာ ပေါ့ပါးလွတ်လပ်နေပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာကြီးကို ခရီးသွားတဲ့အရသာ ခံစားနေကြတာကို သူတို့မျက်နှာမှာ အတိုင်းသားကို မြင်နေရပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လောက် မပေါ့ပါးနိုင်ဘူး။ မပျော်ရွှင်နိုင်ကြပါဘူး။ ဟိုကိုရောက်ရင် အလုပ်လုပ်ရမှာကိုး။ ချောင်းသာမှာ ကျွန်တော် ဇာတ်ညွှန်းရေးခဲ့တဲ့ ဇာတ်ကား(၁၀) ကားမှာ ကိုးကားကလမ်းမှာ ဇာတ်အိမ်တည်တာများပါတယ်။ မင်းသား နဲ့မင်းသမီးတို့ လမ်းမှာ ခရီးစကတည်းက အဆင်ပြေမှု၊ မပြေမှုကလေးနဲ့ စတွေ့ကြတယ်ပေါ့လေ။ထားပါတော့လေ။

ကျွန်တော်ပြောချင်တာက ရုပ်ရှင်ရိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ချောင်းသာက အပြန်လမ်း မှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးအကြောင်းပါ။

ချောင်းသာကမ်းခြေကနေဆင်းလာပြီး (အဲဒီအချိန်က) ရှောပြာဇက်ဆိပ်မှာ ဟိုတစ်ဖက်(ပုသိမ်ဘက်)ကို ကူးဖို့ ဇက်စောင့်နေရတာပါ။ဇက်ကတစ်စင်းတည်းမို့ ဒီဘက်က လူနဲ့ ကားကိုတင်၊ ဟိုဘက်က လူနဲ့ကား တွေကို တင်ပြီးပြန်လာ၊ အဲဒီလို လွန်းထိုးဆွဲရတာပါ။ ဒီဘက်ဇက်ဆိပ်မှာရော ဟိုဘက်ဇက်ဆိပ်မှာပါ တစ်နာရီ စောင့်လေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ရှုတင်ကား ရှောပြာဆိပ်ကိုရောက်တော့ ဇက်က ငဝန်မြစ်အလယ်မှာ လှမ်းမြင်နေရပါတယ်။ ၁၀-မိနစ်လောက် နောက်ကျသွားတယ်ဆိုပါတော့..။

ဟိုဘက်ပြန်လာမယ့် ဇက်ကိုစောင့်ရင်း ဇက်ဆိပ်က ဆိုင်လေးတွေမှာ ထိုင်သူကထိုင်ပါတယ်။ ကျွန်တော်ကတော့ ငဝန်မြစ်ကိုကြည့်ဖို့ လေကလေးတဖြူးဖြူးတိုက်နေတဲ့ ကမ်းစပ်က သစ်ပင်ရိပ်မှာ သွားရပ်ရင်း ငဝန်မြစ်ထဲမှာ ပိုက်ချတဲ့လှေကလေးတစ်စင်းကို ငေးနေမိတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်ရပ်နေတဲ့ သစ်ပင်ရိပ်ကို သံလင်ပန်းလေးခေါင်းမှာရွက် သစ်သားခုံကလေးကို လက်မှာကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ဝင်လာပါတယ်။
ပြီးတော့ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ လက်ထဲကခုံကိုချပြီး ခုံပေါ်ကိုခေါင်းပေါ်က ဗန်းကလေး တင်ပါတယ်။ ဗန်းထဲမှာပါလာတာ ဂေါ်လီလုံးအရွယ် တောဆီးသီးကလေးတွေရယ်၊ မည်းတူးနေတဲ့ဝိုင်အိုလက်ပေါင်ဒါဘူး လေးတစ်ဘူးရယ်၊ ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့အထုပ်ရယ်၊ ဆားနဲ့ငရုတ်သီးအစိမ်းမှုန့် စပ်ထားတဲ့ကော်ခွက် ကလေးရယ်ပါ။

ကလေးမလေးက ပိန်ပိန်ပါးပါးလေးပါ။ သူဝတ်ထားတဲ့ ဂါဝန်ကလေးက အရောင်လွင့်လို့၊ အင်္ကျီကတော့ ဘာအရောင်ရယ်လို့တောင် အတိအကျပြောလို့မရတော့လောက် အောင်ပါပဲ။ ကျွန်တော်တို့ခရီးသွားရင် လမ်းဘေးတို့၊ ကားဂိတ်တို့မှာ တွေ့နေကျ ဈေးသည်မကလေး ဆိုပါတော့။ ထုံးစံအတိုင်း ဖိနပ်ကလည်းမပါဘူး ။

ကလေးမလေးက အမောဖြေရင်းနဲ့ ဗန်းထဲက ဆီးသီးတွေကို တောင်ပူစာကလေးတစ်ခုဖြစ်အောင် စုပုံနေတယ်။ သူ့ဗန်းထဲက အမြင်ကောင်းတယ်လို့ ထင်ရတဲ့ဆီးသီးတွေကို အပေါ်မှာတင်နေတာပါ။ ငဝန်မြစ်ကို ငေးဖို့လာတဲ့ကျွန်တော်ဟာ ကလေးမလေးကိုငေးရင်း ရင်ထဲမှာ သနားသွားတယ်။
ကျွန်တော့်သနားစိတ်က ထူးထူးဆန်းဆန်းရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ပုံမှန်ကရုဏာစိတ်ရှိတဲ့သူတိုင်း ရင်ထဲမှာဖြစ်လေ့ရှိတဲ့ သနားစိတ်ပါ။ ကျောင်းမနေရရှာဘူး ထင်ပါရဲ့၊ သူ့ဘဝရှေ့ရေးအတွက် ဘာလုပ်မှာလဲ၊ အမိအဖရောစုံရှာရဲ့လား စသည်ဖြင့်အတွေးတွေပါ။

ကျွန်တော်ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတယ်။ ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သိရတော့ ရင်မောသွားတယ်။ ကျွန်တော့်ရင်ထဲမှာ ကရုဏာတရားရှိပါတယ်။ ဒါပေမဲ့ အဲဒီကရုဏာက မာသာထရီဆာရဲ့ကရုဏာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ရင်ထဲက ကရုဏာက ဆရာကြီးဦးရွှေအောင်စကားနဲ့ပြောရရင် ပါရမီထိုက်တဲ့ကရုဏာ မဟုတ်ပါဘူး။ သာမန်ကရုဏာမျိုးပါ။

ကျွန်တော် သူ့ကို ဘာကူညီနိုင်သလဲဆိုတော့ သူ့ဆီက ဆီးသီးလေးတွေ ဝယ်စားရင်းနဲ့ကူညီနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်တာ ဒါပဲမဟုတ်လား။
“ဆီးသီးဘယ်လိုရောင်းတုံးဟ လုပ်စမ်းပါဦး”
“တစ်ဘူးတစ်ဆယ်”
“အင်း..ဒါဆို..ငါးဆယ်ဖိုး ငါးဘူးထားလိုက်”

ကျွန်တော်နောက်တာက ရိုးလွန်းလို့ ဘယ်သူမှ မနောက်တော့တဲ့ပြက်လုံးပါ။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး၊ ပါးစပ်က ထွက်သွားတာ။ ဒါပေမဲ့ကောင်မလေးက တစ်ချက်တွေသွားတယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးမွဲကလေးနဲ့ မော့ကြည့်ရင်း..
“မရပါဘူးဦးရယ်၊ မေမေက သူပြောတဲ့ဈေးအတိုင်းမရောင်းရင် ရိုက်လိမ့်မယ်”

သူ့အကြည့် သူ့စကားသံကြောင့် ကျွန်တော်ဘာမှမပြောနိုင်ဘဲ ရင်ထဲဆို့သွားတယ်။ ဒုက္ခပဲ စာလည်း မတတ်ဘူးထင်ပါရဲ့လို့ စိတ်ထဲတွေးရင်း မှတ်ထားဟဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်ပါတယ်။
“ဦးက စတာပါ သမီးရယ်။ တစ်ဘူးတစ်ဆယ်ဆို ငါးဘူးငါးဆယ်ပေါ့ မဟုတ်ဘူးလား”
ကလေးမလေးက တစ်ချက် စဉ်းစားပြီးတော့ ခေါင်းညိတ်ရှာပါ တယ်။
“ဦးက အလကားနောက်တာ ပါ။ ကဲ တစ်ရာဖိုးပေး”
ကလေးမလေးက ဝမ်းသာအားရ ကျွန်တော့်ကိုမော့ကြည့်တယ်။ ပြီးတော့ ထိုင်နေရာကထရပ်ရင်း
“ဦး ခဏစောင့်နော်”ဆိုပြီး ကုက္ကိုပင်နောက်ကို ပြေးထွက်သွားတယ်။ ဘာကြောင့်မှန်းမသိတော့ ကျွန်တော်လည်း ကြောင်ပြီး ကြည့်နေရုံပါပဲ။

ကျွန်တော် ဆီးသီးများများဝယ်တာက အကြောင်းရှိပါတယ်။ ပထမ တစ်ခုကတော့ သူ့ကိုအားပေးချင်တာပါ။ ဒုတိယတစ်ချက်က ဟိုဘက်ကမ်းရောက်လို့ ပုသိမ်ကနေ ရန်ကုန်ကို မောင်းတဲ့လမ်းတစ်လျှောက်မှာ လူတွေငိုက်ကြမှာပါ။ အဲဒီတော့မှ တောဆီးသီးကလေးတွေကို ဆားနဲ့ တို့စားပြရင် အေးသီတာတို့၊ ဖြူဖြူလွင်တို့ စတဲ့ဇာတ်ပို့အုပ်စု သွားရည်ကျကြမှာအမှန်ပဲ။ သူတို့တောင်းစားရင် ကျွန်တော်က သွားရည်ကျတံတွေးမျိုစတဲ့ ဣနြေ္ဒတော်တော်ပျက်မှ ကျွေးမယ်လို့ စိတ်ကူးပြီး ဝယ်တာပါ။ အခုတော့ ကလေးမလေးက ဘယ်ကိုပြေးပြီး ဘာလုပ်မှန်း မသိတော့ ကျွန်တော်အူကြောင်ကြောင်နဲ့ စောင့်နေရတာပေါ့ဗျာ။

ခဏကြာတော့ပြန်ရောက်လာတယ်။ မျက်နှာမှာလည်းပျော်လို့ လက်ထဲမှာ နို့ဆီခွက်တစ်လုံးနဲ့ ..။
“အမေက ပြောတယ်၊ တစ်ရာဖိုးဆိုရင် ဒါနဲ့ငါးခွက်တဲ့”
နို့ဆီခွက်ကို မြှောက်ပြရင်းပြောတော့ ကျွန်တော်ဘာမှပြန်ပြော မနေတော့ပါဘူး။ သူက ဆီးသီးလေးတွေကို သေသေချာချာထည့်ပေးပါတယ်။
“မင်း ကျောင်းမနေတော့ဘူးလား။”
သူက ခေါင်းကို ခါပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာအရိပ်မှမရှိဘူး။
“ဘယ်နှတန်းအထိနေဖူးလဲ”လို့ ဆက်မေးတော့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ဟာ သူ့ဘဝနဲ့ဘာမှ မဆိုင်တာတွေကို လျှောက်မေးသလို ဖြစ်နေတယ်ထင်ပါရဲ့။
“ဆားကို သပ်သပ်ထုပ်ပေးနော်။”
“ဟုတ်ကဲ့”
“နင့်အမေက ဈေးမရောင်းဘူးလား။”
“ဖျားနေတယ်။”
“ဘာဖြစ်လို့ ဖျားတာလဲ။”
“ဟို ခြေထောက်ကို သစ်စစူးတာ။”
“ဆေးခန်းမပြ...”
ကျွန်တော်စကားကို ရပ်ပစ်လိုက်တယ်။ မလိုအပ်တဲ့စကားကို ဘာဖြစ်လို့မေးနေမှာလဲ။ သူ့ကို ဆီးသီးဖိုး ပိုက်ဆံပေးရင်း ပိုက်ဆံထပ်ပေးဖို့ စိတ်ကူးလိုက်မိပေမယ့် ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဇက်မောင်းတဲ့ဘကြီး ပြောတဲ့စကားကို ပြန်သတိရတယ်။
“မောင်ရင်တို့ကတော့ စေတနာနဲ့သနားလို့ ပေးပေးသွားတာပဲ။ ဒါပေမဲ့ ကြာတော့ ကလေးတွေက အကျင့်ပါပြီး ရောင်းမစားတော့ဘူး တောင်းစားကုန်ရော။”တဲ့။

ဒါနဲ့ ကျွန်တော်ဆီးသီးထုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း ရှုတင်ကားဆီပြန်လာရတယ်။ အိတ်တွေအောက် တော်တော်ရောက်နေတဲ့ ကျွန်တော့်အိတ်ကိုရအောင်ထုတ်ပြီး ကျွန်တော်ဆောင်လာတဲ့ ကိုယ်ပူကျဆေးရယ်၊ အကိုက်အခဲပျောက်ဆေးရယ်၊ ဘာမီတွန်ရယ် ယူလာပြီး သူ့ဆီသွားပေးရတယ်။
“အစာစားပြီးရင် ဒါတစ်လုံး ဒီဟာ တစ်လုံးသောက်ရမယ်။ အစာမစားဘဲ၊ အစာမရှိဘဲနဲ့ မသောက် ရဘူး ကြားလား။ လေးနာရီခြား တစ်ခါသောက်ရမယ်။ ဟောဒီပန်းရောင် အလုံးလေးကိုတော့ အိပ်ခါနီးမှ သောက်ရမယ်။ ကဲ ပြန်ပြောစမ်း”

သူက သွက်သွက်လက်လက်ပဲ ပြန်ပြောပြပါတယ်။ မှားနေတာကို နှစ်ခါပြင်ပေးပြီး မှန်သွားတော့မှ သူ့အမေဆီ သွားပေးခိုင်းရတယ်။ သူ ပြေးထွက်သွားတော့ ကျွန်တော်တို့ ကူးရမယ့်ဇက်က ရေလယ်ကို ရောက်နေပါပြီ။

ဇက်ပေါ်ကားရောက်တော့ ထုံးစံအတိုင်း ဆူဆူညံညံပေါ့လေ။ ကျွန်တော်ကတော့ နောက်ကျိနေတဲ့ငဝန်မြစ်ရေကို ဇက်လက်တန်းကိုကိုင်ရင်း ငေးကြည့်နေမိတယ်။
သတိရလို့ ကျောပိုးအိတ်ထဲက ဆီးသီးကလေးတစ်လုံးထုတ်စားတော့ စားလို့ကောင်းသားခင်ဗျ။ ကြွပ်ကြွပ်နဲ့ချိုလို့ မချဉ်သလောက်ပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ခံတွင်းတွေ့ပြီး ထုတ်စားနေမိတယ်။ ဆားလေးနဲ့တို့ စားတော့ အိုကေပဲ။

မြစ်လယ်ရောက်တော့ ကျွန်တော်လည်း ရှုတင်ကားပေါ်ထိုင်လိုက်ရင်း ဆီးသီးစားရင်းပေါ့လေ။ ကျွန်တော်ထင် တဲ့အတိုင်း ဟိုအငတ်တွေကလည်း တောင်းစားတာပါပဲ။ ကျွန်တော်က ဆီးသီးသည်ကလေးအကြောင်း ပြောပြတော့ သူတို့စိတ်ဝင်စားကြပါတယ်။ ကျွန်တော့်ဆီက ဆီးသီးစားကောင်းအောင်ဟန်ဆောင်တာလား၊ ဘာလားတော့ မသိဘူး ပေါ့လေ။

မြစ်လယ်ရောက်တော့ ကျွန်တော့်ဆီးသီးလည်း ကုန်ရောပေါ့လေ။ တစ်ယောက်တစ်လက်ဆိုတော့ ဘယ်ခံနိုင်မှာတုံး၊ အဲဒီအချိန်မှာပဲ “ဆီးသီးချိုချိုလေး”ဆိုတဲ့ ကောင်မလေးရဲ့အသံကို ကျွန်တော်ကြားရတော့ ဝမ်းသာသွားတယ်။ ခေါ်လိုက်ရင် ဒီကောင်မလေး ကျိန်းသေရောင်းရတော့မှာ မဟုတ်လား။
“ကြားလား၊ အဲဒါသူ့အသံပဲ ခဏနေဦး။”

စောင့်ကြည့်တော့ သူဖြစ်နေတာနဲ့ လှမ်းခေါ်ရတယ်။ ကားပေါ်က ဇာတ်ပို့တွေကလည်း ကျွန်တော်က ပူပူနွေး နွေးဇာတ်ပို့ထားတော့ ကောင်မလေးကို စိတ်ဝင်စားပြီးဝိုင်း ဟိုမေးဒီမေးပေါ့။ သူကလည်း ရုပ်ရှင်ထဲက အစ်မကြီးတွေဆိုပြီးပျော်လို့။
“ကဲ နင့်ဆီးသီးတွေကို ငါတို့ အကုန်ဝယ်မယ်။ ဟုတ်ပြီလား၊ ကဲ အားလုံးကို ငါးရာယူ”
“ဟင့်အင်း မရဘူးအစ်မ၊ အမေ ဆူလိမ့်မယ် မရဘူး။”
သူ့စကားကြောင့် ငတိမတွေ အံ့ဩသွားကြတယ်။ နို့ဆီဘူးတစ်ဘူးမှ နှစ်ဆယ် သူ့ဗန်းထဲကဆီးသီးက ဘယ်လိုမှ ငါးရာဖိုးမရှိဘူး။
“အံမယ်မရွှေစာ..ညည်းဟာက တစ်ဘူးမှနှစ်ဆယ်၊ ငါးရာဆိုတာ ငါတို့က နင့်ကိုပိုပေးထားတာ။”
“ဟင့်အင်း ခြင်ကြည့်မယ်လေ အစ်မရယ်... နော်။”
“ကဲ.. ကဲ ခြင်မယ်ဆိုလည်း ခြင်ခြင်။”

သူက ဇက်ပေါ်မှာ ထုံးစံအတိုင်း ဒူးကလေးထောင်ပြီး ထိုင်ပါတယ်။ ပြီးတော့ နို့ဆီခွက်ထဲ ဆီးသီးတွေထည့်၊ လွတ်တဲ့နေရာမှာပုံ၊ နောက်တစ်ခါထပ်ထည့်တုန်း ပထမဆီးသီးတွေကရောကုန်နဲ့ ဒုက္ခများနေရှာ တယ်။ ဇက်ကလှုပ်နေတော့ ဟိုဘက်ဒီဘက် ပုံထားတဲ့ဆီးသီးတွေက ဘယ်ငြိမ်ပါ့မလဲ။

နောက်ဆုံးတော့ ကောင်မလေး စိတ်တိုလာပုံရတယ်။ ဒူးခေါင်းထောင်ထားတဲ့ သူ့စကတ်ထဲ ဗန်းထဲက ဆီးသီးတွေ အကုန်လောင်းထည့်ပစ်လိုက် တော့ ရှုတင်ကားပေါ်က ငတိမတွေ အော်လိုက်ကြတာ ဆူညံကုန်တာပဲ။ သူ့စကတ်က ညစ်လည်းညစ်ပတ်ရ တဲ့ထဲ ဒူးခေါင်းထောင်ထားတဲ့ထဲ ထည့်တော့ဘယ်ဟုတ်တော့မှာလဲ။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။

အားလုံးခြင်ကြည့်တော့ တစ်ရာ့ လေးဆယ်ဖိုးပဲရှိတာပေါ့။ ဒါပေမဲ့ သူ့ကိုငါးရာပဲ ပေးလိုက်ပါတယ်။ဇာတ်ပို့ငတိမ တွေက ကျွန်တော့်ကို ဆီးသီးတစ်အိတ်ပြန်အစားပေးတယ်။ ဒါပေမဲ့ကျွန်တော်က ဘယ်စားမလဲ။အဲဒီအဖြစ်ကို မသိတဲ့လူလာရင် ဆီးသီးထုတ်ကျွေး။ စားရင်ဝိုင်းရယ်ကြနဲ့ ကျွန်တော်လုပ်တာထက်တောင်မှ ပျော်စရာကောင်းနေသေးတယ်။ ငှက်ပျောကြော်တို့ ၊ကင်းကောင်တို့လည်း အဲဒီဆီးသီးနဲ့ခံရပါတယ်။ဇက်ဆိပ်ရောက်လို့ ကားပေါ်တက်တော့ ကောင်မလေးက ဆီးသီးဗန်းကလေးကိုင်ပြီး ကျွန်တော်တို့ကို ငေးလို့..။

အိမ်ရောက်လို့ ၃၊ ၄ရက်ကြာ တော့ ကျွန်တော့်ဇနီးက ခရီးဆောင် အိတ်လျှော်ဖို့လုပ်တော့..။
“ဟင် ဒီမှာ ဆီးသီးထုပ်ကြီးပါလား။ ဘယ်တုန်းက ဆီးသီးလဲ”
“ချောင်းသာကအပြန်ဇက်ပေါ်က ဆီးသီးပါကွာ၊ မကောင်းတော့ပါဘူး။ လွှင့်ပစ်လိုက်ပါတော့..”
ကျွန်တော်တစ်ချက်သတိရမိသွားတယ်။ ဒီအချိန်ဆို ကောင်မလေးဆီးသီးရောင်းနေမှာပဲ။ သူ့အမေရော နေကောင်းသွားပြီလားလို့ပါ။

နီကိုရဲ
ဆရာနီကိုရဲကို ဤစာမူဖြင့် နှုတ်ဆက်ပါသည်။
PDF နဲ့ဖတ်ချင်သူများအတွက် ဒီမှာ ဖတ်ပါ။



Related Posts Plugin for WordPress, Blogger...