Showing posts with label စုံစီနဖာ. Show all posts
Showing posts with label စုံစီနဖာ. Show all posts

Friday, May 31, 2013

မေတ္တာရှင်ဆရာတော် ပရဟိတစံပြဆု ချီးမြှင့်

မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇ၀နက လူမှုရေးပရဟိတလုပ်ငန်းတွေမှာ ကိုယ်ကျိုးမငဲ့ဘဲ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဦးကျော်သူ၊ ဒေါ်မြင့်မြင့်ခင်ဖေ၊ ဒေါ်သန်းမြင့်အောင်၊ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် ဒေါ်မြရှင်၊ ဦးချစ်စံဝင်း၊ ဒေါ်ခင်ခင်ရီ၊ ဦးအောင်မြင့်၊ ဦးတင်မောင်အေးနဲ့ ဒေါ်နန်းကြည်အောင် တို့ကို မေတ္တာရှင်ပရဟိတစံပြဆု ချီးမြှင့်ခဲ့ပါတယ်။



Monday, March 21, 2011

အွန်လိုင်းပေါ်မှ တိုက်ရိုက်နားဆင် ပထမဆုံးအကြိမ် ယူအေအီး စာပေဟောပြောပွဲ

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲလေးအတွက် ကျွန်တော်တို့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းလေးရဲ့ ပွဲစီစဉ်မှု အခြေအနေလေးကို သတင်းပေးရင်း ယူအေအီးရောက်မြန်မာများ အတွက် ထပ်မံအသိပေး နှိုးဆော်ပါရစေ။

စာပေဟောပြောပွဲမှာ အဖိုးတန်တဲ့ စာစကား၊ ပေစကားများကို ချီးမြှင့်ပေးမယ့် ဆရာချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်တို့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းအနေနဲ့လဲ ပထမဆုံးအကြိမ်စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို တာဝန်ခွဲဝေပြင်ဆင်ဆောင်ရွက်လျှက်ရှိပါတယ်။ 
 
ယနေ့နောက်ဆုံးအချိန်အထိ လက်မှတ်ရောင်းချမှု မှတ်တမ်းများအရ စာပေဟောပြောပွဲကို တက်ရောက်ဖို့ လက်မှတ်ဝယ်ယူထားသူအရေအတွက် ခုနစ်ရာကျော်ခန့် ရှိနေတာမို့ စည်ကားအောင်မြင်တဲ့ စာပေဟောပြောပွဲလေး တစ်ခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

မြို့(၇) မြို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ လက်မှတ်ဝယ်ယူဖို့ အလှမ်းဝေးတဲ့ အခြားမြို့များမှ စာချစ်သူမြန်မာ မိတ်ဆွေများအနေနဲ့ စာပေဟောပြောပွဲ ကျင်းပမယ့် Al Noor Training Centre မှာ ပွဲမစတင်ခင်  လက်မှတ်များကို ဝယ်ယူကာတက်ရောက်အားပေးနိုင်ပါတယ်။

ယူအေးအီးနိုင်ငံပြင်ပမှ မြန်မာစာပေချစ်မြတ်နိုးသူများ အနေနဲ့လဲ အဖြူရောင်သံစဉ် (http://www.apytz.net/main/index.php ) အွန်လိုင်းရေဒီယိုအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်မျှော် နားထောင်နိုင်ပါတယ်။ စာပေဟောပြောပွဲစတင်မယ့် အချိန်က ဒူဘိုင်းစံတော်ချိန် ညနေ ငါးနာရီခွဲ ဖြစ်တာမို့ စာချစ်သူများအားလုံး အဖြူရောင်သံစဉ်ကို စောင့်မျှော် နားဆင်နိုင်ကြပါတယ်။  ယူအေအီးနိုင်ငံရဲ့ စံတော်ချိန်ကတော့ (GMT/UTC +4 Hr) ဖြစ်ပါတယ်။

စာပေဟောပြောပွဲလာ မြန်မာများအနေနဲ့ ဆရာချစ်ဦးညိုရေးသားခဲ့တဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ စာအုပ်များနှင့် ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီ တို့ကို အားပေးဝယ်ယူခြင်းဖြင့် ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းရဲ့ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကုသိုလ်ပါဝင်နိုင်ကြပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲလေး ဖြစ်မြောက်ရေးအတွက် ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းနဲ့အတူ ခေတ္တယူအေအီးရောက် ဘလော့ဂါများဖြစ်တဲ့  ကိုပီတာ၊ ကိုချမ်းလင်းနေ၊ ကိုဟန်၊ ဇော် ၊ မယ်မဒီ၊ အမရာ နှင့် နှင်းနဲ့မာယာတို့မှ တဘက်တလမ်းမှအားဖြည့် ကူညီလျှက်ရှိပါတယ်။

ယူအေအီး စာပေဟောပြောပွဲလေးမှာ ခေတ္တ အဝေးရောက် မြန်မာများ ချစ်ခင်ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။

( မှတ်ချက် ။     ။ ကန္တာရဝဿ ဆိုတဲ့ အမည်ကို အနက်ဖွင့်ရမယ်ဆိုရင်တော့ ကန္တာရဆိုတာ ပူပြင်းခြောက်သွေတဲ့ဒေသ ဖြစ်ပြီး ဝဿဆိုတာကတော့ ဝဿန္တကဆင်းသက်လာတဲ့ ပါဠိစကား မိုးစက် မိုးပေါက်ပဲ ဖြစ်ပါတယ်။ ကန္တာရဝဿကို တိုက်ရိုက်အနက်ပြန်ရင်တော့ ကန္တာရဒေသမှာ ရွာသွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ စေတနာ၊မေတ္တာမိုးလို့ ပြောလို့ရပါတယ်။ ယူအေအီး ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းလေးဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူမှုရေး ကွက်လပ်လေးတွေကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနေတဲ့ အသင်းလေးတစ်သင်းလဲ ဖြစ်ပါတယ်။)

မနှင်း (ဝါ) နှင်းနဲ့ မာယာရဲ့ ပို့ စ်လေးကို စာပေဟောပြောပွဲအကြို၊နောက်ဆုံးသတင်းအဖြစ်တင်ပြပါတယ်။

Thursday, February 3, 2011

ကိုယ်ပိုင်ခံစားချက် ဆိုတဲ့ ဧကံဖြိုး


တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေပေါ်မှ ပေါက်ဖွားလာသော တက္ကသိုလ် နောက်ခံ သုံးပွင့်ဆိုင် အချစ်ဝတ္ထုတစ်ပုဒ်ပေါ့။ စာသားများကို မွေးဖွားသူ ဧကံဖြိုး က သူ့ကိုယ်ပိုင် ဇာတ်ကောင် ရဲရင့်ရယ်၊ လှိုင်းရယ်၊ မိုးခင်ခင်တို့သုံးယောက်ရဲ့ တစ်ဦးခြင်းစီရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ထုဆစ်ပုံဖော်ထားခြင်းဖြစ်သည်။ တက္ကသိုလ်များ၏ ဇာတ်လမ်းတွေထဲမှ ထူးခြားဆန်းသစ်သော ရသအသွင်တစ်မျိုးအနေဖြင့် ခွဲထွက်လာခဲ့သော စာရေးသူ ဧကံဖြိုးကိုယ်ပိုင်ခံစားချက် စာအုပ်ကလေးကို ၂၀၁၁ခုနှစ်၏ ချစ်သူများနေ့အမှီ ဖေဖဝါရီ ၉ရက်မှာ စတင်ဖြန့်ဝေမှာဖြစ်သည်။

လှပသော ဇာတ်လမ်းဇာတ်ကွက်များ၊ ရင်ခုန်ဖွယ် ချစ်ခြင်းတရား၏ ရသများ၊ တချိန်တခါက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ လွမ်းမောအောက်မွေဖွယ်ရာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ လွတ်လပ်ပေါ့ပါးသော အချစ်ဇာတ်လမ်းများကို ဖတ်ရှုသူများ၏ ရင်ခွင်တွင် ထင်ကျန်ရစ်စေပြီး မိမိတို့ ချစ်သူများကို ဗယ်လင်းတိုင်း လက်ဆောင်ပေးဖို့ ကောင်းမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်စေနိုင်ပါသည်။

စာရေးသူ ဧကံဖြိုး မှာ ၁၉၉၅ ခုနှစ်တွင် အင်ကြင်းမြိုင်စာပေမှ ထုတ်လုပ်ဖြန့်ဝေခဲ့သော အချစ်ရှိသောနေ့စွဲများ အမည်ရှိ အချစ်ဝတ္ထုဖြင့် စာပေလောကထဲ ဝင်ရောက်ခဲ့သည်။ အချစ်ရှိသောနေ့စွဲများ ဝတ္ထုကို ထိုအမည်ဖြင့်ပင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က သရုပ်ဆောင် ဒွေး၊ ထွန်းအိန္ဒြာဗိုလ်၊ ခင်ဇာခြည်ကျော် တို့ဖြင့် ဗီဒီယိုကားအသွင် ဖန်တီးခဲ့သည်။ ထိုဝတ္ထု၏ အရိပ်အငွေ့များသည် ထိုခေတ်အခါက လွမ်းမောကျန်ရစ်ခဲ့သော တက္ကသိုလ်နောက်ခံ ဇာတ်ကား ဖြစ်ခဲ့သောကြောင့် ၂၀၁၀တွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကပဲ ထိုဇာတ်လမ်းကို အမုန်းသမိုင်းဆိုပြီး အမည်ပြောင်းကာ စိုင်းစိုင်းခမ်းလှိုင်၊ မိုးဟေကို၊ သဉ္ဇာဝင့်ကျော် စသည့် ယနေ့ခေတ် နာမည်ကျော် သရုပ်ဆောင်များစွာဖြင့် ပြန်လည်အားဖြည့်ကာ ဒီဗီဒီ ဇာတ်ကားကောင်းတစ်ခွေ ဖန်တီးခဲ့ပြန်သည်။ ယနေ့ခေတ် မြန်မာရုပ်ရှင်လောက ဇာတ်လမ်းတွေထဲမှ တမူထူးခြားသော တက္ကသိုလ်နောက်ခံ ဇာတ်လမ်းကောင်းတစ်ကား ဖြစ်ပေါ်လာဖို့ဆိုတာ ရှားပါးလှပါတယ်။

စာရေးသူက ထိုကဲ့သို့ အောင်မြင်ခဲ့ရသော သူ၏ အချစ်ရှိသောနေ့စွဲများ ဝတ္ထုလေးကို ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေစေရန် ဒုတိယအကြိမ် ပြန်လည်စီစစ် တည်းဖြတ်ပြီး ကိုယ်ပိုင်ခံစားချက် အမည်ဖြင့် ပြန်လည်အသက်သွင်းခဲ့ပြန်သည်။ စာရေးသူ ဧကံဖြိုး သည် ဟန်သစ် မဂ္ဂဇင်း၊ ဖက်ရှင် မဂ္ဂဇင်း၊ မြှားနတ်မောင် မဂ္ဂဇင်း၊ ကြော်ငြာ မဂ္ဂဇင်းတို့တွင် ၁၉၉၀ မှ ၁၉၉၅ အထိပါဝင်ခဲ့သည့် သူ၏  ဝတ္ထုတို ၁၂ ခုကို စုစည်းထားသော လက်ရွေးစင် ဝတ္ထုတိုစာအုပ် လည်း ၂၀၁၂ ခုနှစ်လောက် ထွက်ရှိလာဖို့ ရှိပါသည်။ သူ၏ ဒုတိယမြောက် ဝတ္ထုအသစ်ကိုလည်း လာမည့် မတ်လလောက်မှာ ဆက်လက်ဖြန့်ဝေဖို့ရှိကြောင်း သတင်းကောင်းပါးရင်း စာရေးသူ ဧကံဖြိုး၏ ကိုယ်ပိုင်ခံစားချက် စာအုပ်လေးကို မျှဝေခံစားနိုင်ကြပါစေ။

( ကျွန်တော့်မိတ်ဆွေကြီး ဧကံဖြိုးရဲ့ ကိုယ်ပိုင်ခံစားချက် စာအုပ်ကလေးကို ကျွန်တော်ဘလောက်လေးမှ ဖော်ပြ ကူညီရတဲ့အတွက် ဝမ်းမြောက်မိပါသည်။ ကိုဧကံဖြိုး စာပေမြစ်ပေါ်မှာ အောင်မြင်စွာ ဆက်လက်စီးဆင်း နိုင်ပါစေဗျာ။ဗီဒီယိုနှစ်ကားလုံးကို ကြည့်ဖူးခဲ့ပြီး ဒီနှစ်ကားလုံးရဲ့ဇာတ်လမ်းဖန်ဆင်းရှင်ဟာ ကျွန်တော်နှင့် နီးကပ်စွာ ခင်မင်ခဲ့ရတဲ့ ကျွန်တော်မိတ်ဆွေကြီး ဖြစ်နေခဲ့တာမို့ ထိုစာအုပ်ကလေးသည် ကျွန်တော်ကို အမှတ်တမဲ့မှ အမှတ်တရများစွာ ရှိခဲ့တဲ့ စာအုပ်ကလေးပါ။ ကျွန်တော်၊ မနှင်းကိုလင်းကြယ်ဖြူကိုကြီးပီတာ တို့မှ ခင်မင်ရသော မိတ်ဆွေကြီး ဧကံဖြိုး၏ ကိုယ်ပိုင်ခံစားချက် အတွက် အမှတ်တရ.......)
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ

Friday, December 25, 2009

2009 ကို ဖြတ်သန်းခြင်း

2009 ဖြတ်သန်းခဲ့တာ ဘယ်လိုသိနိုင်သလဲ............

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်နေမိမယ်။

၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။

၃။ မိသားစု သုံးယောက်ထဲတင် ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ ခုရှိနေမယ်။

၎။ ခုံချင်းကပ်ရက် အလုပ်လုပ်နေသူကို ပြောစရာရှိနေရင်တောင် အီးမေးလ်ပို့တယ်။

၅။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ဝယ်လာတဲ့ ပစ္စည်းလာသယ်ဖို့ မိုဘိုင်းနဲ့ လှမ်းခေါ်မယ်။

၆။ တီဗီက ကြော်ငြာတွေက ဝက်ဆိုဒ်လိပ်စာနဲ့ အွန်လိုင်းကပဲ ဈေးဝယ်နေလိမ့်မယ်။

၇။ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ Face Book လို Virtual World တွေမှာပဲ လက်ခံတွေမယ်။


၈။ သင့်ရဲ့ လွန်ခဲ့သော ၁၀နှစ်၊ အနှစ် ၂၀ လောက်က သင်နဲ့ အတူမရှိခဲ့ဘူးတဲ့ ဟန်ဖုန်း အိမ်က အထွက်မှာ ပါမလာတာနဲ့ပဲ သင်ဟာ ထိတ်လှန့်သွားပြီး နောက်ပြန်လှည့် အမြန်ယူတော့တာပဲ။

၁၀။ အိပ်ယာကထတာနဲ့ ဘာမှ မစားနိုင်သေးပဲ အွန်လိုင်းတက်မယ်။

၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။

၁၂။ ဒါကို ဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။

၁၃။ နောက်ပြီး သင်ဒီမက်ဆေ့ခ်ျကို ဘယ်သူတွေကို Forward လုပ်ရမလဲ စဉ်းစားနေပြီ။

၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ကိုး မပါတာတောင် မသိလိုက်ဘူး။

၁၅။ အမယ်.....နံပါတ်ကိုး တကယ်မပါဘူးလားဆိုပြီး အပေါ်က စာကြောင်းကို ပြန်ဖတ်နေတယ်။

.........................အဲဒါကြောင့် ပြောပါတယ်။ သင် ၂၀၀၉ ထဲရောက်ခဲ့တယ်လို့။


ဘယ်ကနေ ဘယ်လို လူတစ်ယောက် ပိုလာတာလဲနော်????



ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, November 24, 2009

Happy Birthday Ma Ngone

ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်ကလေးတစ်ရက်ပေါ့။ဒဒွေးဘော်ဒါ မငုံ (ကန္တာရမိုးစက်များ)ရဲ့ မွေးနေ့လေ။


လာရောက်ကြသူတွေကတော့ မနှင်း(နှင်းနဲ့မယာ)၊ ညီမလေး ကောင်းကင်(ကောင်းကင်ရဲ့သမီးပျို)၊ ညီမဇော်(ကျွန်တော်တို့အိမ်)၊ အဝေးရောက် ညီမလေး DIM (ဖြူစင်ကြယ် Angle Shaper)၊ အဘူဒါဘီက အမရာ(အမရာ)၊ ကိုကြီးပီတာ(ကိုပီတာရဲ့အတွေးပုံရိပ်)၊ ကိုဟန်(Dream of My Father)၊ ကိုဖြိုး (လင်းကြယ်ဖြူ)၊ ညီလေးဝေယံ(ဟင်းချက်ခြင်းအနုပညာ)၊ ညီလေးဗျတ်ဇ (ပန်းပွင့်နဲ့ယက်တဲ့ အိပ်မက်)၊ ဘလောခ့်မရေးပေမယ့် ဘလောခ့်အလည်ဆုံး ကျွန်တော်တို့ချစ်စနိုးခေါ်ကြသော ဘကြီမိုး (ကိုမိုးဇော်လွင်)၊ ဘကြီးသာယာ(ကိုကျော်သာယာမြင့်)၊ နှင့် ကျွန်တော် ချမ်းလင်းနေ တို့ ဒဒွေးမောင်နှမတွေ ဆုံညီစွာ အချိန်တိတိကျကျကြီးကို တက်ရောက် အားပေးကြပါတယ်ဗျာ။အလည်လာဖို့ဖိတ်ထားတဲ့ ကမ္ဘာအရပ်ရပ်မှ မြန်မာဘလောခ့်ဂါ မောင်နှမညီအကို မိတ်ဆွေများ စုံစုံလင်လင်ဖြင် ခင်မင်စရာကောင်းသော မငုံရဲ့ မွေးနေ့လေးကို တက်ရောက်ကြပါတယ်။ အတီးအမှုတ်တူရိယာ စုံလင်စွာ နဲ့ ဒဒွေးအဆိုကျော် Shania Dim (Shania Twain ရဲ့ အဖေမတူ အမေကွဲ ညီမလေး Angle Shaper) က သီဆိုဖျော်ဖြေပါတယ်။



မွေးနေ့ကိတ်မုန့်ကလည်း ကခုန်မြူးတူးစွာ လာရောက်ကြသူများကို ကြိုဆိုနေပါတယ်။



မငုံအတွက် မွေးနေ့လက်ဆောင်ပါ။ ပြန်သွားမှ ဖွင့်ကြည့်နော် မငုံရေ။



ကြွက်ဖြူလေးကလည်း သူတပိုင်တနိုင် ရောက်လာပါတယ်။



ဘဝလမ်းခရီးမှာ ရွှေထီးမဆောင်းရသေးဘူးဆိုလို့ မငုံဆောင်းရအောင် ရွှေထီးလက်ဆောင်ပါ။



ရွှေရောင်ထီးလှလှလေးနဲ့ မငုံ ပါ။



ကြွရောက်လာကြတဲ့ မိတ်ဆွေသင်္ဂဟအပေါင်းများလွန်းလို့ မွေးနေ့ကိတ်မလောက်ရင် အပိုဆောင်ထားတာ အားမနာတမ်းစားကြနော်။ခင်မင်စရာရှမ်းတိုင်းရင်းသူလေး မငုံရဲ့နိုဝင်ဘာ ၂၄နေ့ မွေးရက်မှသည် နောင်နှစ်ပေါင်းရာချီသည့်တိုင် ရွှေထီးဆောင်းနိုင်သူလေး ဖြစ်ပါစေဗျာ။







ချမ်းလင်းနေ

Tuesday, August 18, 2009

သင်ပုန်းကြီးကျောင်း

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း၊
ငါတို့ စာသင်ကျောင်း။”

ကျောင်းကလေးက အဝေးကကြည့်လျှင် အလွန်ပင် သဘောကျစရာ။ကျောင်းကလေးက သက်ကယ်တွေနဲ့ မိုးထားတာလေ။ဒီကျောင်းလေးမှာ အမိုးတစ်ခုသာ အကောင်းရှိတာ၊ ဘေးကာမှာတော့ ဟာလာဟင်းလင်း ကြမ်းခင်းဆိုတာကလဲ နှီးကြမ်းတွေသာခင်းထားသည်။ ဒါတောင် ဒီကြမ်းခင်းကလေးက ကျောင်းသားတစ်ဦးစီ အိမ်မှယူလာကြသောကြောင့် တစ်ချပ်နှင့်တစ်ချပ် အရောင်ခြင်းလဲမတူ၊ အရွယ်ခြင်းလဲမတူ မြို့ကမင်းသား ရာဇာနေဝင်းဝတ်သလို ဟိုတစ်ကွက် ဒီတကွက်။ စပ်ကြားအရောင်တွေ။ အမိုးအကောင်းဆိုပေမယ် တစ်နှစ်သာခံပြီး မိုးတွင်းလေမိုးကြီးလျှင် ကောင်းကင်ကို ရှင်းရှင်းဘွင်းဘွင်း တွေ့ရတတ်သည်။ဒီကျောင်းလေးကလဲ အသက်တော့ အတော်ပြင်း၏။ လေတွေဘယ်လောက်ကြီးကြီး၊ ရေတွေဘယ်လောက်လျှံလျှံ ဒီနေရာလေးမှ တဖဝါးမှမခွာတတ်။ အတော်ပင် သစ္စာကြီးသည်။ဒါကတော့ကျောင်းလေးရဲ့တည်မြဲခြင်းနှင့်ဖွဲ့တည်မှုလေ။

ကျောင်းလေးရဲ့တည်နေရာကတော့ ရွာအဝင်ဝမှာ ထီးထီးကြီးနဲ့ တည်ကြည်ခံညားလေရဲ့။ ဒီကျောင်းကလေးကတော့ ရွာရဲ့မူလဘူတ တက္ကသိုလ်လေးပေါ့။ဒီကျောင်းကလေးကနေ စာအံနေသံများ၊ စာသင်နေသော ကျောင်းသားကလေးများရဲ့ အသံက ရွာအတွင်းပိုင်းအထိပင် ကြားနေရတတ်သည်။ဒီကျောင်းကလေးက ကျောင်းသာဆိုရတယ် မြို့မှ ဘယ်အခြေခံ၊ ဘယ်မြို့နယ်ပညာရေးမှ မသိ၊မှတ်ပုံတင်ထားခြင်းလဲမရှိ။မြို့ကျောင်းတွေဖွင့်ပေမယ် ဒီကျောင်းလေးက ဖွင့်ချင်မှဖွင့်တာ။မြို့ကကျောင်းတွေလို လိုက်ဖွင့်ဖို့ကလဲ ဒီရွာအခြေအနေနဲ့ ဖွင့်ချင်တိုင်းဖွင့်လို့မရ။ မြို့ကျောင်းတွေက မိုးရာသီအစမှာဖွင့်တတ်ကြပေမယ့် ဒီကျောင်းလေးက မိုးတွင်းသွားဖွင့်လို့မရပေ။ ဒီရွာက ကလေးအတော်များများက သူတို့မိဘတွေရဲ့အလုပ်အကိုင် လယ်ယာစိုက်ပျိုးရေးမှာ ကူရသေးတယ်။နောက်တခုက မိုးတွင်းကာလတွေဆို ဒီကျောင်းမြေနေရာလေးက ရေဖွေးဖွေးနဲ့ ရေတလင်းကြီးကိုဖြစ်လို့လေ။ဒီကျောင်းကလေးက ဆောင်းရာသီနှင့် နွေရာသီမှာသာ ကျောင်းဖွင်လို့ရတယ်။ဒါမှလဲ ကျောင်းသားတွေက ဒီကျောင်းလေးမှာ စာလာသင်နိုင်ကြတာပေါ့။


ဒီကျောင်းမှာအတန်းတွေကရော…။ဒါကတော့မြို့ကျောင်းတွေလိုဘယ်လိုလုပ်တန်းခွဲတွေရှိမှာလဲ။ ကျောင်းသားအားလုံး အတန်းကြီးကြီးငယ်ငယ် တနေရာထဲမှာ စုပေါင်းစာသင်ကြရတာပါ။ ကျောင်းအကြောင်းသာပြောနေရတာ ဒီကျောင်းရဲ့ဆရာလေး အကြောင်းပြောဖို့ မေ့နေတာဗျ။ ဒီကျောင်းရဲ့ ဆရာလေးလဲဖြစ်၊ ကျောင်းအုပ်ကြီးဆိုလဲ မမှားပါဘူး၊ နောက်မြို့အခေါ် ပညာရေးမှုပေါ့ဗျာ ဒါကလဲဒီကျောင်းအတွက် တစ်ယောက်ထဲရှိတဲ့ ဆရာလေးမောင်ရေချမ်းပါပဲ။ တကယ်တော့ ဆရာလေးရေချမ်းက ဒီရွာကတော့မဟုတ်ဘူးဗျ။သူက ဒီရွာကို ဘယ်လိုဘယ်နည်း ရောက်လာသလဲဆိုတော့ သူ့ကိုအစကနဦး ဒီရွာခေါ်လာသူကတော့ ဒီရွာသူကြီး ဦးဖော့ပါ။ အရင်ကတည်းက ဒီရွာမှာ စာတတ်သူ ပညာတတ်အလွန်နဲပါးပါတယ်။ အားလုံးလိုလိုကလည်း လယ်စိုက်၊ ကောက်ရိတ်ရုံကလွဲလို့ အခြားဘာကိုမှ မတတ်ကြ၊မသိကြဘူး။စာသင်ဖို့မပြောနဲ့ စာဆိုတာတောင် ဘာမှန်းသိကြတာမဟုတ်ဘူး။ ဒီလိုစာမတတ်၊ ပေမတတ်တော့ ဒီရွာကလေးမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ဘယ်မှာသိကြမှာလဲဗျာ။နောက်ပြီး ဒီရွာကလူတွေက ဘုရားတရားဆိုတာမရှိ၊ကိုးကွယ်မှုအတွက် နတ်ဆရာတွေကိုယုံကြည်၊ နတ်တွေကိုသာ ပသနေကြတာ။ရွာကျောင်းက ဆရာတော်တောင် သူကြီးနဲ့ အချို့ရွာသူရွာသားတွေ ကောင်းမှုကြောင့်သာ သာသနာအတွက် ဆက်လက်ဆောင်ရွက်နိုင်တာပေ။ဒီရွာက ယောကျာင်္းသားအားလုံးလိုလိုကလဲ အချိန်ရ ထန်းတောထဲ ထန်းရေမူး၊ ကြက်တိုက်လုပ်၊ မိန်းမတွေကလဲ အိမ်လည် အတင်းတုတ် နေ့ရှိသ၍ အိမ်မှာစားစရာရှိနေရင်ပဲ ဒါပဲလုပ်နေကြတာ။

တနေ့ သူကြီးရဲ့ တစ်ဦးတည်းသောသမီးလေး ခင်ထွေးအမှတ်တမဲ့ ဆုံးသွားတဲ့သတင်းဟာ ဒီရွာကလေးကို ပြောင်းလဲပြစ်မယ့် အခြေအနေရဲ့ အစပါပဲ။ဖြစ်ပုံကတော့ တနေ့ ခင်ထွေးတစ်ယောက် ခေါင်းမူတယ်ဆိုပြီး အိမ်နောက်ဖေး ကြောင်အိမ်ပေါ် ခေါင်းကိုက်ပြောက်ဆေးဆိုတာကို သွားရှာပါတယ်။တခါကလည်း သူ့အဖေက မြို့ကဝယ်လာတဲ့ခေါင်းကိုက်ပြောက်ဆေးဆိုပြီး ပုလင်းအညိုရောင်ကလေးကို ပြဘူးပါတယ်။ဒီဆေးပုလင်းလေး တွေလိုတွေ့ညား ခင်ထွေးလဲ ရှောက်ရှာရင်းနဲ့ နောက်ဆုံး နောက်ဖေးထုတ်တန်းပေါ်မှာ တင်ထားတဲ့ အညိုရောင်ပုလင်းလေး တစ်ပုလင်းကို သွားတွေ့ပါတယ်။သူစိတ်ထဲ သူအဖေမေ့ပြီး အထားမှားသွားတယ်လို့ထင်ပြီး ပုလင်းထဲကဆေးရည်တွေ ယူသောက်မိလိုက်ပါတယ်။တကယ်တမ်း ခင်ထွေးလေးသာ စာဖတ်တတ်ခဲ့ရင် သူဒီလို အဖြစ်ဆိုးမျိုးကို ကြုံရမှာမဟုတ်ပါဘူး။ပုလင်းပေါ်မှာ စာရေးထားတာက “ကြွက်သတ်ဆေး”ပါ။သူ့အဖေက လယ်ထဲမှာ ကြွက်တွေသောင်းကြမ်းလွန်းလို့ မြို့ကကြွက်သတ်ဆေး ဝယ်လာပြီး စာမဖတ်တတ်တဲ့ သူအိမ်သားတွေ သောက်မိမှာဆိုးလို့ ကြွက်သတ်ဆေးပုလင်းကို သီးဆြးထုတ်တန်းမှာ တင်ပြီးသိမ်းခဲ့တာပါ။
 

သူကြီးဦးဖော့ကလဲ နောင်တတွေရပြီး သူသမီးလေးဖြစ်သလို နောက်နောင်ဘယ်သူမှ မဖြစ်ရအောင် ဒီရွာကလူတွေလဲ စာဖတ်တတ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာသင်ကျောင်းတစ်ကျောင်းတည်ဖို့ ဖြစ်လာပါတယ်။ရွာဦးကျောင်းဆရာတော်ကလဲ ဒီရွာကလေးမှာ စာဖတ်တတ်သူတွေ ပေါ်များလာအောင်ရယ်၊ နောက်ဒီရွာကလေးရဲ့ ပညာမဲ့အစွဲအလန်းတွေ ပပျောက်အောင်ရယ် ဆိုပြီးတော့ သူကြီးဦးဖော့အကြံကို သူလဲအားတက်သရောဖြည့်ဆည်းပေးလိုတယ်။ဒါကြောင့် ဆရာတော်နှင့် သူကြီးတို့ကနေ ဦးစီးပြီး ရွာကကလေးတွေ စာသင်ဖို့အတွက် ဒီကျောင်းလေးကို စတင်ထူထောင်ခဲ့ကြတယ်။ အစဦးကတော့ ဆရာတော်ကိုတိုင် ဒီကျောင်းလေးမှာ ကလေးတွေကို စာသင်ပြပေးခဲ့ပါတယ်။ နောက်ဦးဖော့က မြို့ကနေ ဆရာတွေသွားရှာလာပြီး ဒီကျောင်းလေးမှာ စာသင်စေပါတယ်။ မြို့ကြီးပြကြီးတွေမှာ စာသင်လာခဲ့ကြတဲ့ ဆရာတွေဆိုတော့ကာ ဒီလိုတောကျောင်းလေးမှာ လာရောက်စာသင်ကြရတော့ အလွန်အမင်း ဒုက္ခရောက်ကြလို့ မည်သူတစ်ဦးတစ်ယောက်ကမှ ဒီကျောင်းလေးမှာ ရေရှည်စာမသင်နိုင်ကြပါဘူး။အကုန်လုံး မြို့ကိုပြန်ပြေးကြပါတယ်။
 

နောက်ဆုံးတော့ မြို့ကနေ ကျေးလက်ဒေသအကြောင်း စာရေးဖို့ဆိုပြီးရောက်လာတဲ့ စာရေးဆရာလေးရေချမ်းကို သူကြီးဦးဖော့က မြို့မှာတွေ့လာရာမှ ရွာကိုခေါ်လာရာကနေ စာရေးဆရာလေးရေချမ်း တစ်ယောက်လဲ သူမြို့သူဒေသကို မပြန်တော့ပဲ ပညာရေးချို့တဲ့နေတဲ့ ရွာသူရွာသားကလေးများအတွက် ဒီကျောင်းကလေးမှာပဲ စာရေးဆရာမှ ကျောင်းဆရာလေး ရေချမ်းအသွင်သို့ ကူပြောင်းခဲ့ရပါတယ်။ခက်တာက ဒီကျောင်းလေးက မြို့ကပညာရေးငှာနက အသိအမှတ်ပြုထားတဲ့ ကျောင်းကလေးမဟုတ်တော့ ထောက်ပံမဲ့သူမရှိ၊ ရွာသူရွာသားအချို့နဲ့ ဆရာတော်ရဲ့ မရှိမဲ့ရှိမဲ့ထဲကနေ လှုတန်းထားတဲ့ စေတနာသဒ္ဒါလေးနဲ့ အသက်ဆက်နေရတဲ့ ဒီကျောင်းလေးဟာ တနေ့ထက်တနေ့ ချိနဲ့လာတဲ့ လူမမာအသွင်သဏ္ဍာန်လိုပဲ ချို့တဲ့မှုတွေနဲ့ အသက်ဆက်နေရပါတယ်။ပညာတတ်တွေဖြစ်ပေါ်လာစေချင်တဲ့ ဆရာတော်ရဲ့ဆန္ဒလေးဟာလဲ ဆရာရေချမ်းတို့လို ပညာဒါနကို အခမဲ့ပေးလှုနေသူတွေရှိနေပေမယ့်လဲ ငွေအင်အားထောက်ပံ့မှု အားနည်းနေမှုတွေကြောင့် နောင်ဆိုဒီရွာကလေးမှ ကလေးငယ်တွေရဲ့ ပညာအလင်းရောင်တွေဟာ ဆက်လက်တွန်းလင်းနိုင်ဖို့ အနာဂတ်မဲ့နေကြပါတယ်။
 
မြို့ကြီးပြကြီးတွေမှာ မီးရောင်ထိန်ထိန်အောက်မှာ ငွေကြေးအတွက်မပူမပင်ရ၊ စာသင်ပေးမယ်ဆရာတွေ၊ ဆရာမတွေဆိုတာလဲ အများကြီး၊ ကျောင်းစာအုပ်၊ ခဲတံ၊ ပေတံ အစရှိတဲ့ ပညာရေးအထောက်အပံတွေကလဲ ပေါများနေပါလျှက်နဲ့ ပညာကိုကောင်းစွာ မသင်ကြားချင်ကြသော သူတွေ အခုလိုခေတ်မှာ ထုနှင့်ဒေးပင်။အထက်ကလို ရွာကလေးရှိကျောင်းမှ ပညာလိုချင်ကြပါလျှက်နဲ့ ချို့တဲ့လှသော ကျောင်းသူကျောင်းသားကလေးများနှင့် နှိုင်းစာလျှင် ထိုကဲ့သို ပညာကိုကောင်းစွာ သင်ကြားနိုင်ကြပါလျှက်နှင့် မသင်ကြား၊ မလိုလားကြသောသူတို့မှာ ရှက်ဖွယ်သာတည်း။
-------------------------------------------------------------------------------------------------------------------------------------------------------------

 

ဒီအထက်ပါ သင်ပုန်းကြီးကျောင်းကလေးလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလို ပညာရေးလိုလားပြီး ထောက်ပံမှု ချို့တဲ့နေကြတဲ့ကျောင်းကလေးတွေ အများကြီးပါ။ အခုကျွန်တော်ပြောပြခဲ့တဲ့ ဒီသင်ပုန်းကြီးကျောင်းကလေးဟာ အမှန်တကယ် ကျွန်တော်အဖွားရဲ့ ဇာတိတွံတေးမြို့နဲ့ အတော်ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာရှိပါတယ်။ အဖွားရဲ့ရွာကို အလည်သွားခဲ့စဉ် ဒီကျောင်းကလေးကိုတွေ့မြင်ခဲ့ရပြီး အဖွားက သူတို့နေခဲ့ရတဲ့ ဒီကျောင်းလေးအကြောင်းကို ပြောပြခဲ့လို့ သိခဲ့သမျှလေးတွေကို စိတ်ကူးနဲ့ ခြယ်မှုန်းထားတာပါ။ အခုတော့ ဒီကျောင်းကလေးကို ဒီကျောင်းကနေ အောင်မြင်သွားကြခဲ့ကြတဲ့ ကျောင်းသားဟောင်းအချို့ရဲ့ အလှုကြောင့် တဲသာသာကျောင်းကလေးကနေ အခုဆို အတော်အတန်ကြီးမားတဲ့ ကျောင်းကြီးအသွင် ပြောင်းလဲသွားပါပြီ။ဒီအလှုရှင်တွေဟာလဲ ဒီတောကျောင်းလေးက ပညာရေးနို့ချိုသောက်သုံးခဲ့ရမှုကြောင့် အခုဆို သြစတေးလျားမှာ ဆရာဝန်ဖြစ်သွားခဲ့ပါတယ်။
 
နောက်ထပ်သတင်းအနေနဲ့ကား ကျွန်တော်ဆီကိုရောက်လာတဲ့ မေးထဲကနေပါ။တိုက်တိုက်ဆိုင်ဆိုင် ဒီသင်ပုန်းကြီးကျောင်း အကြောင်းအရာလေးတွေ နီးစပ်မှုရှိလို့ နောက်ဆက်တွဲ သတင်းတစ်ရပ်အနေနဲ့ မူရင်းစာမူ အတိုင်း ကုသိုလ်ပြု ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော်အနေနဲ့စာတစ်ပုဒ်ကိုအဆင်ချောအောင်မရေးတတ်ပါဘူး။စာရေးဆရာတစ်ယောက်ရဲ့ လေယူလေသိမ်းလိုမျိုး..ရသမြောက်အောင်ရေးနိုင်တဲ့ကျွမ်းကျင်မှု့မျိုးလည်းမရှိခဲ့ဘူး။အခုMYDရဲ့ ဒုတိယခြေလှမ်းအတွက် ရေးရန်ကြတော့ကျတော်စိုးရွံ့နေခဲ့တယ်။ ပေါ့ပေါ့ပါးပါး
ဖြတ်သန်းလာကြတဲ့ ခင်ဗျားတို့ ကျတော်တို့ဘဝတွေနဲ့အပုံကြီးကွာခြားတဲ့ လောကလေးတစ်ခု
ကိုကျွန်တော်ပေါ်လွင်အောင်ရေးနိုင်ပါ့မလား..........
ကြို့ကုန်းဆိုတဲ့ ရွာလေးက လှည်းကူး..ဖောင်ကြီးကနေ(၆)မိုင်ကျော်လောက်ဆက်သွားမှ
ရောက်မယ့်ရွာလေးပါ။ကွင်းဆင်းရှာဖွေရေးအဖွဲ့တွေ ပထမဂါဝရအနေနဲ့လှည်းကူး
မြို့နယ်သံဃာနာယကအဖွဲ့ဆီဝင်ဦးခိုက်တုန်းပဲရှိသေး MYD ရဲ့စေတနာကိုနားလည်သွား
တဲ့ ဘုန်းဘုန်းမိန့်မှာချက်က“အဆိုးဆုံးကတော့ကွယ်...တို့တစ်နယ်လုံးမှာ..ကြို့ကုန်းကျောင်း
ပေါ့”...သွားကြည့်လိုက်ပါတဲ့။
ဒီလိုနဲ့ကျတော်တို့ ခရီးအဆက် လမ်းဆုံးမှာတော့ စာအံ့သံလေးတွေနဲ့အတူ ဆီးကြိုနေတဲ့
ခြောက်ကပ်ကပ်ကျောင်းဝိုင်းလေးက အေးစက်စက်ကြိုလင့်လို့နေပါတယ်။
သက်တော်(၇၀)ကျော်နေပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးတည်း ကတာဝန်ယူ
ထားတဲ့ မူလတန်းအဆင့်ကျောင်းလေးပါ။တစ်ရာတစ်ယောက် အနာဂါတ်တွေတောက်ပြောင်
လာဖို့ရာမျှော်လင့်လို့မရတဲ့ အခြေအနေနဲ့ကျောင်းလေးမှာ သေစာရှင်စာ လာသင်ကြားနေရ
တဲ့ နွမ်ပါးတဲ့ကလေးငယ်စုစုပေါင်းက အယောက်(၄၆)ပါ။သက်တော်ကြီးရင့်နေပြီဖြစ်တဲ့

ဘုန်းတော်ကြီးရဲ့စွမ်းအားကြောင့်ရော၊ကျောင်းတော်ရပ်တည်ဖို့ရာကိုမှမလွယ်ကူတော့တဲ့
အခြေနေသဒ္ဒါတွေကြောင့်ရော အားလုံးသောကလေး လေးတွေရဲ့အနာဂါတ်ကျပျောက်ရ
တော့မဲ့ အလားအလာက ရှေ့မှာဖြစ်နေပါပြီ။
“ကျောင်းကိုပိတ်ပြစ်တော့မယ်တဲ့”..ရပာန်းအိုကြီးရဲ့ အားမတန်လို့မာန်လျော့ ဆို့နင့်တဲ့
လေသံကို စာသင်နှစ်ထက်ဝက်ကျိုးမှာ အမိုးမလုံ၊သင်ပုန်းကျောက်မစုံလင်တော့တဲ့
ကျောင်းလေးက အံကြိတ်လို့နေခဲ့ပါတယ်။“ကလေးတွေရဲ့အနာဂါတ်ကတော့ လယ်တော
ထဲက ဖယောင်းတိုင် ပမာပါပဲကွယ်”...အမေတို့ကလည်းဒီလောက်ပါမျှော်လင့်ပါတယ်။
ရင်နင့်စရာပါ။ရန်ကုန်မြို့ကြီးနားက ရန်ကုန်မဆန်တဲ့ဘဝလေးတွေပါ။
သူငယ်တန်းကနေ၊လေးတန်းအထိကိုမှ့ သင်ပုန်းကနှစ်ချပ်ပဲအကောင်းရှိတယ်။
ကျန်တဲ့နှစ်ချပ်က သစ်သားစတွေကိုမှာ ဖာထေးစပ်ရိုက်ထားတဲ့ အယောင်ဆောင်သင်ပုန်း
တွေပါ၊ဆရာမသုံးယောက်ရှိပြီး၊သုံးယောက်စလုံးကလည်း ခုမှဆယ်တန်းဖြေဖို့ရာ သင်ယူကြိုးစားနေဆဲတွေပါ၊ ဘဝတူကလေးတွေအတွက် သူတို့ဘဝတွေကိုဝေမျှပေးနေခဲ့တာပါ။
“ဘုန်းကြီးမှာကလည်း ဆရာမလေးတွေအတွက် လခသဘောမျိုးပေးဖို့ရာတောင်မှ
မစွမ်းတော့ပါဘူးကွာ...သူတို့လေးတွေအတွက်ကခါတိုင်း တလတစ်သောင်းမျိုးပေးနိုင်သေး
တယ်၊ခုမပေးဖြစ်တော့တာ ကြာပေါ့၊သူတို့လည်းသူလိုငါလိုပါပဲကွာ၊ဆယ်တန်းဖြေဖို့ရာ
ဘုန်းကြီးထောက်ပံ့တာလေးနဲ့ပဲရပ်တည်နေရတာ....”ရင်နာနာနဲ့မိန့်ကြားခဲ့တဲ့ ဆရာတော်
ရဲ့အသံက ကျတော်တို့နားထဲကတော်တော်နဲ့မထွက်တော့ဘူး။ဒါကြောင့် MYD ရဲ့
ဒုတိယခြေလှမ်းအဖြစ် လှည်းကူးမြို့နယ်၊ကြိုကုန်းရွာမှရှိတဲ့ ကြို့ကုန်းကျောင်းလေးကို
ရွေးလိုက်ပါတော့တယ်။
သူငယ်တန်း ။ ။၁၉ ဦး
ပထမတန်း ။ ။၁၁ ဦး
ဒုတိယတန်း ။ ။၁၀ ဦး
တတိယတန်း။ ။၆ ဦး
စုစုပေါင်း ကလေးငယ်(၄၆)ဦးပညာသင်ကြားနေပါတယ်။
လှူဒါန်းမယ်အစီအစဉ်ကတော့ ...
၁။ဗလာစာအုပ် (အနဲဆုံးကလေးတစ်ယောက်တစ်ဒါဇင်)

၂။စာရေးကိရိယာ
၃။ကျောက်သင်ပုန်းနှစ်ချပ်နှင့် မြေဖြူ
၎။ဘုန်းတော်ကြီးကျောင်းအတွက်နဝကံမအလှုတော်ငွေ
တို့ဖြစ်ကြပါတယ်။
စေတနာရှင်တို့အနေနဲ့အဝတ်အစားပောာင်း နှင့် သင်ထောက်ကူပစ္စည်းတနိုင်တစ်ပိုင်
လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။တစ်ခုလောက်အားလုံးကိုမေတ္တာရပ်ခံချင်တာကတော့
MRMBER အဖြစ်စာရင်းကောက်ခံရတဲ့ရည်ရွယ်ချက်က MRMBER တွေရဲ့လစဉ်ထည့်ဝင်
ငွေပေါ်မူတည်ပြီးနှစ်လပေါင်းကုသိုလ်ငွေကိုချိန်ဆရမှာဖြစ်ပါတယ်။ဒါကြောင့် MRMBER များ

အနေနဲ့အမှန်တကယ်လစဉ်ထည့်ဝင်မည်ဆိုပါက ကျတော်တို့အဖွဲ့ထံဖြစ်စေ(သို့) ကျတော်
တို့အဖွဲ့အနေနဲ့ပြန်လည်ဆက်သွယ်ရန်ဖြစ်စေ ...ဒီနေရာကနေ... တဆင့် ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။ဒီကျောင်းကလေးရဲ့ မူရင်းဓာတ်ပုံ တွေပါ။

ဆက်လက်ကြိုးစားပါဦးမည်။



Tuesday, August 11, 2009

အခုတလော နှင့် အခေါတလု

ခုတလော

တွေးနေမိတာက
“ပစ္စုပ္ပန်” တည့်တည့်ကိုလေ။ “အတိတ်” ကိုလဲမတွေးမိဘူး၊ “အနာဂတ်” ကိုလည်းမငေးမိဘူး။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လတ်တလောမှာ ဘယ်လောက်လူသားဆန်ဆန် နေထိုင်နေသလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေသမျှ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့် - “အာရောဂျ-ပရမာလာဘာ”ပါပဲ။
မူရင်းပါဠိစကားလို့ ဆရာရွှေလမ်းငွေလမ်းဦးဝင်းကြည်က ဆိုထားတာပါ။လေ့လာချင်သူတွေအတွက် “ဒီမှာ”ပါ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
အိပ်ရာဘေးထားဖတ်နေတာတွေက
• ဆရာသိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ(၁၉၆၆)
မြေလှန်တူးဖော်ထားသော စာရေးဆရာကြီးတွေ အကြောင်း-
• ဆရာဇဝန၏ ဇဝန
• ဆရာသော်တာဆွေ၏ ကျွန်တော်ဘဝဇာတ်ကြောင်း ၁-၂
(၃-၄က ညီလေးတစ်ယောက်ကိုရှာခိုင်းထားလို့ ဆက်မဖတ်ရသေးဘူး။ရှိသေးမရှိသေးတော့မသိ)
နောက်ပြီး
• ကိုမြင့်မိုးအောင်၏ “အမဲလိုက်အက”ကဗျာစာအုပ်
ဒါတွေကို အားလုံးဖတ်တော့ ပြီးသွားပြီ နောက်တခေါက်စီ ပြန်နွေးနေတာ။

ရောက်နေဖြစ်တာက
အွန်လိုင်းပေါ်မှ စာအုပ်တွေ၊ဘလောခ်မောင်နှမတွေဆီ

ရေးဖြစ်နေတာက
ခေါင်းစဉ်မဲ့ ကဗျာတွေ

နားထောင်ဖြစ်နေတာက
ကိုငှက်ရဲ့ “မဆုံးတဲ့သီချင်း”၊ ဦးထီးဆိုင်သီချင်းကို ကိုငှက်ပြန်ဆိုထားတဲ့ “နောက်ဆုံးသီချင်း”(ဒီသီချင်းနှစ်ပုဒ်ရဲ့နောက်ကွယ်က ထပ်တူကျနေတဲ့ အချိုးလေးရှိနေလို့ပါ။ဒီအကြောင်းရာဇဝင်ကိုပြောပြတဲ့ သူငယ်ချင်း ညိမ့်စက်အိမ်နဲ့ အချိုးကျခံစားမှုပါ။)
နောက် ကိုလေးဖြူရဲ့ “အဝါရောင်ကိုက်ခဲမှု” နှင့် Breaking Benjamin ရဲ့ “So Cold” သံစဉ်တွေ ဘယ်လိုအချိုးတွေကျသလဲဆိုတာ………။

ရွတ်နေမိတဲ့ကဗျာက
ငါဖျင်းရင်ငါဆင်းရဲမယ်၊ ငါပျင်းရင် ငါဆင်းရဲမယ်။

ဖြစ်ချင်နေတာက
လူသားဆန်သော လူသားတစ်ဦး

စားဖြစ်နေတတ်တာက
ထမင်း နှင့် ဟင်း

သနားနေမိတာက
ကိုယ်စိတ်ကို ကိုယ် (ပျော်ရာမှာမနေ၊ တော်ရာမှာနေရလို့)

လွမ်းနေမိတာက
အမေ့ကိုသာထာဝစဉ်

မေ့လျော့ပစ်နေမိတာက
ရင်ဆိုင်ခဲ့ရဖူးသော ဆင်းရဲဒုက္ခတွေ

ခါးသက်နေမိတာက
ကိုကြီးအငဲဆိုတဲ့ ဘဝဟာ ခါး…ခါး……ဘဝဟာခါးသီးတယ်ဟေ့။

တမ်းတနေမိတာက
ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ

ကြိတ်ပြီးချီးကျူးနေမိတာက
အောင်မြင်နေသူတွေအားလုံးနှင့် အာဇာနည်သူရဲကောင်းကြီးများ

ကြိတ်ပြီးအထင်သေးနေမိတာက
ထောင့်ကျဉ်းတွေနဲ့ ဘယ်တော့မှ မကြည့်တတ်သေးဘူး။

ဆန္ဒမရှိတဲ့နေရာ
စာမဖတ်ရတဲ့နေရာလေ

ဆန္ဒရှိနေတဲ့ကိစ္စ
အမေ့ရဲ့ မြေမှ
ရွှေတိဂုံကို တ၀ကြီးဖူးချင်တယ်ဗျာ

မုန်းတီးနေမိတာက
တစ်ဘဝစာကြည့်သူများ………..လို့ ရှိခဲ့ဖူးပေမယ့်လဲ မေတ္တာထားဖို့ ကြိုးစားနေတယ်။

ချစ်နေတာက
အတ္တာဟိ အတ္တနောနာထော=မိမိကိုယ်သာ ကိုးကွယ်ရာ (ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်မြတ်အတိုင်း ကျင့်နိုင်ရန် ကြိုးစားနေမိပါ၏။)

စိတ်ပျက်နေမိတာက
ကိုယ်ကိုယ်ကလွဲ အခြားမရှိ၊

စွဲလန်းနေမိတာက
ငြိမ်းသက်အေးချမ်းမှုလေးပါ။ (ဘုရားကျောင်းကန်တွေမှာရှိတဲ့ အေးငြိမ်းမှုသဘောပါ)

လိုအပ်နေတာက
လိုတာမှမရရင်၊ ရတာလဲ မလိုဖြစ်မိမှာပဲ။ဘာဖြစ်ဖြစ် လက်တလော တင်းတိမ်ရောင်ရဲမှု ရှိအောင်တော့ ဆင်ခြင်ရမှာပေါ့။

တောင်းနေမိတဲ့ဆု
တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
နေပါရစေ။

ထပ်ပြန်တလဲလဲပြောနေမိတာက
စာဖတ်တွေပဲ ချင်နေတာကို တက်တဲ့ညီမဇော်ကို ကျေးဇူးပါ။ဒီအကြောင်းအရာရဲ့ ကနဦးတွေးမိသူကိုလဲ ကျေးဇူးပါ။ကျွန်တော်ရေးချင်သမျှ လာလာဖတ်ပေးကြသော သူငယ်ချင်းမိတ်တွေ အပေါင်းကိုလဲ ကျေးဇူးပါ။အားပေးကူညီ အကြံကောင်းလေးများပေးနေသော လက်တွဲဖော်လေး အားလဲကျေးဇူးပါ။

ဝန်ခံချင်တာက
စာရေးသားနေရင်း အမှားတစ်စုံတရာပါသွားပါကလဲ ကျွန်တော်ရဲ့ နားလည်လွဲမှားခြင်း အမှားလေးပါ။


အခုတလောပြုံးနိုင်ကြပါစေ။


ခုတလော၏ အခေါတလု




တွေးနေမိတာက
အကြွေး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ဘာတွေ ဆင်လို့ ဘာတွေခြင်နေတာလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေလို့ မီးလှန့်သံချောင်းတီးဖို့ မီးကင်းတာဝန်ကျနေတာ

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကလေးလက်ရေး

ရောက်နေဖြစ်တာက
လက်ရေးလှလေးကြောင်းမျည်းပေါ်လေ

ရေးဖြစ်နေတာက
အကြွေးစာရင်း

နားထောင်ဖြစ်နေတာက
အလှုခံမဏ္ဍပ်က "လော်သ"ံ

ရွတ်နေမိတဲ့ကဗျာက
"ဥုံ လိုတာမရ၊ရတာမလို၊
ဆောင်ထားရင် အိတ်လေးတယ်၊
ရေစိမ်သောက် ရူးပေါက်၊
လွတ်ပြစ်ရင်အဝေးရောက်တယ်၊
ဂါထာပေးတေးဖြစ်၊
တွေ့ကရာကောက်မစားနဲ့၊
ပေးထားတာရေးကြည့် ပေါက်မည်ဂဏန်း၊
ယုံလွယ်သူသာချမ်းသာမယ်၊
ဇော်ဂျီလေးနဲ့၊နှိပ်ကြည့်စမ်းပါ........အိုင်နဲ့တီ။"

ဖြစ်ချင်နေတာက
ငမျောက်ငခြောက်.........မဆိုဘူး။

စားဖြစ်နေတတ်တာက
ကြက်သားနီချက်နဲ့ ကြက်ဟင်းခါးသီးကြော်

သနားနေမိတာက
ဘီဂိတ် (ငါလို Facebookမှာတောင်ကြာကြာမနေရတဲ့ဘဝ၊ အကြွေးရှင်တွေလိုက်တောင်းလို့နေမှာ)၊

လွမ်းနေမိတာက
ပျောက်သွားတဲ့ အပေါင်စာရွက်

မေ့ပြီးလျော့ပစ်နေမိတာက
ခါးပတ်လေ။ ထမင်းစားခါနီး

ခါးသက်နေမိတာက
ကြောင်လျှာသီးမီးဖုတ်စားပြီး

တမ်းတနေမိတာက
ငါးပိရည် တို့စရာ

ကြိတ်ပြီးချီးကျူးနေမိတာက
သိကြားမင်း(နတ်သမီးလေးတွေ တဘက်လေးငါးရာ)

ကြိတ်ပြီးအထင်သေးနေမိတာက
ပိုးဟပ်တွေအပြည့်နဲ့ အိမ်သာ(ရောက်ဖူးသူသိသည်)

ဆန္ဒမရှိတဲ့နေရာ
ညနေရုံးဆင်းချိန် ဘတ်စ်ကားပေါ်

ဆန္ဒရှိနေတဲ့ကိစ္စ
သန်းကြွယ်သူဌေး ဖြစ်ဖို့ အလားအလာ

မုန်းတီးနေမိတာက
ဂျပိုး

ချစ်နေတာက
သစ်သားမီးခြစ်

စိတ်ပျက်နေမိတာက
ပြင်မရတဲ့ ဆိတ်အရုပ်ပျက်ကလေး

စွဲလန်းနေမိတာက
ကော်ဖီစွဲပြီး အိပ်မရပဲလန်းနေတာ

လိုအပ်နေတာက
ရေတခွက်လောက်၊ အခုတလောပူလွန်းလို့

တောင်းနေမိတဲ့ဆု
အကြွေးရှင်တွေ အတိတ်မေ့တဲ့နေ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငွေ.....ငွေ

ဝင်ခံချင်တာက
စပါး(spa)မှာ ဝင်ပြီးအနှိပ်ခံတာ



အားလုံးပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။



Tuesday, July 28, 2009

ငယ်ဘဝမှ မှတ်မိသောကဗျာများ



ကဗျာဆိုတာ စကားတတ်စကလေးအရွယ်များ၊စာသင်ခါစ ကလေးအရွယ်များအတွက် အကောင်းဆုံးသော သင်ကြားမှုတစ်ခုဖြစ်ပါသည်။ကဗျာသည် ကလေးငယ်များအဖို့ ဆိုလွယ်၊တတ်လွယ်၊ရွတ်လွယ်သောကြောင့် သင်ကြားရ၊ရွတ်ဆိုရသော ကလေးများအဖို့လည်း ပျော်ရွှင်စွာရွတ်ဆိုရသော ကစားနည်းတမျိုးလည်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ငယ်စဉ်ကလေးများ ဆော့ကစားရာတွင်လည်း ကစားမှုအတော်များများသည် ကဗျာဆန်ဆန်ရွတ်ဆိုကစားရသော ကစားနည်းများပေသည်။ကလေးများချော့မြှုရာတွင်လည်း ကဗျာကဲ့သို့သီချင်းရွတ်ဆိုမှုများသည် နားထောင်ရသောကလေးများအဖို့ သာယာနာပျော်ဖွယ်ဖြစ်စေသည်။ကျွန်တော်မှတ်မိသလောက်-

လူကလေးရဲ့ အိပ်ချိန်တန်
ဗျိုင်းရှေ့ကပြန်
လူကလေးရဲ့ အိပ်ချင်ဘူး
ဗျိုင်းရှေ့ကမြူး။

ညီမလေးရေ ထပါတော့
ရောင်နီလာမှပေါ့။
မောင်လေးရေ ထပါတော့
ရောင်နီလာမှပေါ့။
တကြော့နှစ်ကြော့တေးကိုသီ
ငှက်ကြားနှုတ်ပလီ။

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အရောင်ပြတယ်
ဖိုးရွှေနတ်သား။

ကဲ့သိုသော သားချော့တေးလေးများဆိုလျှင် ငယ်စဉ်ကလေးဘဝအရွယ်က အမေဆိုပြခဲ့ဖူးသော ကဗျာလေးများပေတည်း။အမေဆိုပြသော သားချော့တေးကလေးများ နားထောင်ရင်း နှစ်ချိုက်စွာ အိပ်စက်ခဲ့ရသော တထောင့်တညရဲ့ ညများကို အခုနေများ တစ်ခါပြန်ကာလေ ရချင်မိပါသည်။

ရွှေစွန်ညို ဘာလိုလို့ဝဲပါတယ်။
မထွေးလိုလို့ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ
ပါပါလျှက်သားနောက်ကထား။
မထွေးအသားခါး လှတယ်။
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရ နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေ နွေမှာခမ်း။
ပင်လယ်ရေနဲ့ ဆေးပါမယ်။
ပင်လယ်ရေ ဘယ်မှာခမ်း။
မထွေးအမိဖမ်း။
(မှားနေရင်ခွင့်လွှတ်နော်။သူများတွေဆော့တာ ကြားရသမျှ၊မှတ်မိသမျှရေးတာ။)

ဘီးဘီး ဘာဘီးလဲ။
ရွှေဘီး။
ရွှေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ငွေဘီး။
ငွေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ကြေးဘီး။
ကြေးစော်နံ ပြန်လိုက်ဦး။
(နောက်ပိုင်းတွေ မမှတ်မိတော့ပါ။)
ဒီလို ကဗျာလေးတွေကို ကလေးများအပြန်အလှန် ရွတ်ဆိုကြရင်း အုပ်စုလိုက် ကစားကြတာကို တွေးရင်းငယ်စဉ်တောင်ကျေး ပျော်ပါးကစားခဲ့ကြ ပုံများကိုလည်း လွမ်းမိပါသေးတယ်။ရန်ဖြစ်ကြ ပြန်ချစ်ကြရင်းနဲ့ပဲ သူငယ်ချင်းတွေ တစ်ဦးနဲတစ်ဦး မာနကင်း အာဂတကင်း၊ တစ်ဦးပေါ်တစ်ဦး ဘာစိတ်မျှမရှိကြပဲ ပကတိ ရိုးသားသော ကလေးငယ်ဘဝပေတည်း။

စာသင်ချိန်ရောက်လို့ ကျောင်းစနေတော့လည်း ကဗျာဆိုတာ သင်ပုန်းကြီးစလှန်တာနဲ့ သင်ရတော့တာပါပဲဗျာ။

ညအခါ လသာသာ
ကစားမလား နားမလား။
က..ကလေးငယ် ချစ်စဖွယ်
ခ...ခရေကုန်း မလေးပြုံး။
ဂငယ်... ဂဏန်းသင်ပြုံးရွှင်ရွှင်။
င.... ငချိတ်ပေါင်းစားလို့ကောင်း။
စ............
ဆ.........
အ အမေတို့တိုင်းပြေ ငါတို့ချစ်တဲ့မြေ။

ရဲသားကြီးကိုလှဖေ
လူဆိုးဖမ်းဖို့ တာဝန်ကြေ။
မလှမွန် သူနာပြု
စေတနာနဲ့ သူပြုစု။

ကဲ့သို့သော ကဗျာလေးများကို ကျောင်းခန်းထဲမှသူငယ်ချင်းများနှင့်အတူတကွရွတ်ဖတ်ခဲ့ကြရသော စာအံသံများသည် ယခုထိတိုင်ကျွန်တော်နားထဲတွင်စွဲမြဲစွာကြားနေရပါသေးသည်။ ထိုကဗျာလေးများအထဲမှ ကျွန်တော်အကြိုက်ဆုံး ကဗျာလေးကတော့ -

ပန်းကလေးများ ပွင့်တော့မည်။
ဖူးတံဝင်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
ဒီကဗျာလေးကတော့ ကျွန်တော့်ရင်ထဲ အခုထိတောင် ဆိုလို့ကောင်းနေဆဲပါဗျာ။

နောက် အတန်းတွေကြီးလာပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း မြန်မာစာ သင်ရိုးညွန်းတမ်းစာအုပ်ထဲမှာ "ကဗျာ" ကတော့မပါမဖြစ် အရေးပါသူလေ။ကဗျာဆိုတာကတော့ ကျောင်းသားဘဝမှာ ရွတ်ဆိုလို့ကောင်းရင် စိတ်ထဲစွဲကျန်ရောပဲလေ။ စာသင်ကျောင်းသားဘဝကတော့ သင်ခဲ့ရတဲ့ ကဗျာတွေကအများကြီးပါပဲ။တချို့ကဗျာတွေကိုတော့ အခုထိမှတ်မိတယ်။တချို့ကဗျာတွေကတော့ မေ့ပြီဗျာ။ကြီးတော့ စာတွေဘာတွေ ပြန်ဖတ်တဲ့အခါ တချို့ကဗျာလေးတွေကိုတွေ့မှ ဒီကဗျာလေးကတော့ ငါငယ်ငယ်က သင်ခဲ့ဖူးပါရဲ့ ဆိုပြီးပြန်မှတ်မိတာ။ငယ်ငယ်က သင်ခဲ့ရသောကဗျာရေးတဲ့ ကဗျာစာဆိုတွေထဲမှာတော့ လူဦးမင်း နှင့် ဖိုးသူတော်ဦးမင်းတိုနှစ်ဦးကိုတော့ အတော်ကိုကြိုက်မိပါရဲ့ဗျာ။ သူတို့နှစ်ဦးက တစ်ဦးက စာခံတဲ့ကဗျာကို တစ်ဦးက မရမကကဗျာဖွဲ့ပြီး စာအုပ်တော်မူကြတဲ့ တစ်ခေတ်ထဲပေါ်ခဲ့တဲ့ ကဗျာကဝိနှစ်ဆူပေကိုး။သူတို့ရေးတဲ့ကဗျာတွေထဲက ဒီကွမ်းအကြောင်းစပ်တဲ့ ကဗျာလေးကိုတော့ မှတ်မိသေးသဗျ။လူဦးမင်းစာခံတဲကဗျာမှာ-

တံတာဦးက ကွမ်းနုဝါ
ငမျာကဆေး.....။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ထွေး။

ဒီလို နန်းတော်တွင်းမှ ဘုရင်စားကာထွေးသည့် ကွမ်းအရောင်ကို ကြည့်ရင်းစပ်တဲ့ လူဦးမင်းရဲ့ ကဗျာကို ဖိုးသူတော်ဦးမင်းက တောဓလေ့ ရွာသူရွာသား သူဆင်းရဲများစားသော ကွမ်းအရောင်ဖြင့် ပြန်လည်ချေပကာ စာအုပ်ပုံကတော့ -

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး......။
သန်းခေါက်လှိုင်လှိုင်နှင့်၊
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။

စကားပြောတတ်ခါစအရွယ်မှစ၍ စာသင်သားကျောင်းသားဘဝ၊ အတန်းတွေကြီးလာသည့်အထိ ကျွန်တော်တိုရဲ့ ပတ်ဝန်းကျင်တွင်လည်းကောင်း၊သင်ကြားခဲ့ရသော ကျောင်းစာများတွင်လည်းကောင်း ကဗျာသည် အတော်အတန်ပင် ထိတွေ့ခဲ့ရသည့် ကစားမှုအနေဖြင့်ရော၊ ပညာဗဟုသုတများအနေဖြင့်ရောပေးသောစာပေဖြစ်ပေသည်။
လူကြီးတွေဆိုသလိုပေါ့ ဂါထာပေး တေးဖြစ်တဲ့၊ ကဗျာပေးရင်ကော တေးဖြစ်မှာပဲလေ။ ကဗျာဆိုတာကတော့ တေးသီချင်းအစပဲပေါ့ဗျာ။ တေးတောင် သီဆိုမှုကောင်းလျှင် နားထောင်ကောင်းသလို ကဗျာဆိုတာလည်း အသံနေ အသံထားနဲ့ရွတ်ဆိုတတ်လျှင် အတော်ပင်နားဝင်ချိုမြလှပေသည်။ရွတ်ကောင်းဆိုကောင်းသော အထက်ပါ ကဗျာလေးများသည် ကျွန်တော်အဖိုတော့ ငယ်စဉ်တောင်ကျေးကလေးဘဝမှ အရွယ်ရောက်သည်တိုင် မမေ့နိုင်သည့် ကဗျာလေးများဖြစ်ပေသည်။တချို့ကဗျာလေးများမှာအမှားပါရင်လဲခွင့်လွှတ်ပြီးဖတ်ပေးကြပါခင်ဗျား။ဒီအကြောင်းတက်ခ်ထားတဲ့မနှင်းကိုရောစိတ်ကျေနပ်မည်လို့ထင်ပါတယ်။လာအကြောင်းကြားလို့ ကျေးဇူးပါဗျာ။ပထမဆုံးဈေးဦးပေါက်သော ကြောင့်လည်းကောင်း၊ ကဗျာတွေဖတ်ရတာ သဘောကျတဲ့သူအဖြစ်ကြောင့်လည်းကောင်း၊ စိတ်ပါစွာရေးသားနိုင်တာဖြစ်ပါတယ်။







Saturday, July 4, 2009

စွန့် ဦးတီထွင်သူများ- ၂

တလောက ကိုရန်အောင်ရဲ့စက်ဘီးစီးခြင်းအက်ဆေးလေးကိုဖတ်ရတော့အတော့်ကို သဘောကျတယ်ဗျ။နောက်ပြီး အခုလောလောဆယ် ကျွန်တော်လဲ ကျွန်တော်ရဲ့စွန့်ဦးတည်ထွင်သူများဆိုတဲ့ ခေါင်းစဉ်အတွက် စက်ဘီးအကြောင်း လေ့လာနေတော့ တိုက်ဆိုင်သွားပြီး သူ့အက်ဆေးလေးကို နောက်တစ်ခေါက်တောင် ထပ်သွားဖတ်ဖြစ်သေးတယ်။ ဟုတ်တယ်ဗျာ့.....ငယ်ငယ်က (၂တန်း၊၃တန်းအရွယ်ကပေါ့) သူများတွေ စက်ဘီးစီးတာမြင်ရင် ကျွန်တော်လဲအရမ်းစီးချင်တာ။ကျွန်တော်ကအဲဒီတုန်းက၂၅လမ်းအောက်လမ်း မှာနေတာပါ။ ၂၅လမ်းအောက်ဘက်ဆိုတာ အခုအချိန်အထိစက်ဘီးတွေ ရောင်းတဲ့လမ်းပေါ့။ကျွန်တော်တို့အိမ်လဲ (သူများကိုငှားထားတာ)စက်ဘီးအရောင်းဆိုင်ပါ။နေခင်းဘက်(ကျွန်တော်ကျောင်းမသွားတဲ့ရက်တွေ) ဆိုရင် အိမ်ရှေ့စက်ဘီးရောင်းတဲ့နေရာလေးဟာ ကျွန်တော့်ကစားကွင်းပေါ့။ အလုပ်သမားအစ်ကိုကြီးတွေကလဲ စက်ဘီးတွေဆင်တဲ့သူကဆင်၊ ရောင်းတဲ့သူကရောင်းနဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက ကျွန်တော်စက်ဘီး ပတ်စီးချင်တယ်လို့ပူဆာတိုင်း ကျွန်တော့်ကိုတင်ပြီးစက်ဘီးတပတ်စီးပြရတယ်။ကျွန်တော်ဆိုတဲ့ကောင်ကလဲ အရွယ်သာငယ်တာ(အဲဒီတုန်းကအရွယ်ကို အခုပြန်တွေးပြီးပြောတာ) စက်ဘီးဆိုရင် ကိုယ်တိုင်နင်းရမှ။အတင်းကို စက်ဘီးရဲ့ဘားတန်းအောက်ကိုအတင်းဝင်(ယောကျာ်းစီးမောင်ဗမာစက်ဘီးပါ) ခြေနင်းပေါ်တက်၊ အတင်းနင်းတော့တာပဲ၊ ကလေးအရွယ်ဆိုတော့ ဒေါက်ထောက်ထားမှန်းလဲမသိ၊ နင်းနေရပြီဆို ပြီးရော နောက်တော့မှ ငါနင်းနေတာ ဘာကြောင့်မရွေ့တာလဲ။ဟိုဒီလျောက်ကြည့်တော့မှ ဒေါက်ထောက်ထားတာ တွေ့ပြီး ထောက်ထားတဲ့ဒေါက်ကို မနိုင့်တနိုင်ဖြုတ်တော့တာပဲ။စက်ဘီးကိုမနိုင်ပဲဒေါက်ကိုဖြုတ်တာ စက်ဘီးကကိုယ်ပေါ်မှောက်ကျပြီး လည်နေတဲ့နောက်ဘီးထဲ ကျွန်တော့်ညာဘက်လက်ဝင် သွားရောဗျ။



(ကောင်းတယ်။ ဒီလောက်ကမြင်းတဲ့မျောက်ဘာဖြစ်သွားလဲ သိချင်တယ်မဟုတ်လား။)ကျွန်တော်ကံကောင်းတယ်ဆိုရမလားပဲ။စက်ဘီးခြေနင်းကနေ ကျွန်တော့်ရဲ့ကလေးအားနဲ့နင်းတော့စက်ဘီးနောက်ဘီးကအရမ်းမလည်ပဲ ကျွန်တော့်လက်ဝင်သွားတာနဲ့ ဘရိတ်အုတ်သလိုဖြစ်သွားပြီးကျွန်တော့်ရဲ့ ညာဘက်လက်မလေးကိုပဲ ဟက်တက်ကွဲပြီး တသက်တာအမှတ်တရဒဏ်ရာ ပေးသွားပါတယ်။အခုဒီစာကိုရေးနေစဉ်အထိ ကျွန်တော့်လက်မက ဒဏ်ရာကိုကြည့်ပြီး ငယ်စဉ်ကစက်ဘီးအလွန်စီးချင်သောငယ်ဘ၀လေးကိုပြန်သတိရမိပါသေးတယ်။ဒါတင်ပဲလား။ နောက်ရှိပါသေးတယ်။ မြို့ထဲမှာနေတော့ မြို့ထဲမှာ ကားကရှုပ်၊လူကရှုပ်နဲ့ဆိုပြီး အမေက စက်ဘီးဝယ်မပေးပါဘူး။အဲဒီအချိန်ကBMXဘီးတွေ အရမ်းခေတ်စားနေတာ။ကလေးတကာက BMXမှ BMXအရမ်းခေတ်စားတဲ့အချိန်ကိုဗျ။ နောက်ကျွန်တော် ၅တန်းမှာ ကမာရွတ်ကိုပြောင်းရတော့ အိမ်နီးနားချင်းကလေးတွေ(နောင်ကျွန်တော်ရဲ့ အခင်ဆုံးကျောင်းနေဘက်တွေ) စက်ဘီးကိုယ်ဆီနဲ့ နွေရာသီကျောင်းပိတ်ရက်ဆိုရင် တခြားမြို့နယ်ကသူငယ်ချင်းတွေသွားခေါ် ပြီးတော့ ကျွန်တော်တို့ အိမ်နားက အင်းယားကန်ဘောင်ဘက်သွားပြီးအကြော်သွားစားကြတယ်။ဟဲဟဲ....အကြော်ပဲစားတာပါ။ အဲဒီတုန်းကဘာစိတ်မှရှိသေးဘူး။သိပ်မတွေးနေကြနဲဦးနော်။အားလုံးမှာ စက်ဘီးကိုယ်စီနဲ့ ကျွန်တော်ကလွဲရင်ပေါ့။ကျွန်တော်ကတော့ အိမ်ဘေးက သူငယ်ချင်းသော်ကြီးကောင်းမှုနဲ့ သူစက်ဘီးအပို (သူအစ်ကိုတွေရဲ့ဘီးပါ)ကိုစီးရတာပါ။အိမ်ကို စက်ဘီးဝယ်ပေးဖို့ပြောတိုင်း အမေကနင်တို့တွေကို စက်ဘီးဝယ်ပေးလိုက်ရင်း မြင်းဇောင်းကမြင်းကို ကြိုးဖြေပေးသလို ဖြစ်နေမှာပေါ့။နင်တို့က လမ်းထဲတင်စီးမှာမဟုတ်ဘူး။အင်းစိန်လမ်းမပေါ်တက် ကားတိုက်ရင် ငါပဲရင်ကြိုးရမှာပေါ့ဆိုပြီး ဘယ်တော့မှ မ၀ယ်ပေးဘူး။ကျွန်တော်လဲ အမေကိုပြောဖန်များတော့ ဒီစကားကိုနားယဉ်လာပြီ။ကဲ မ၀ယ်ပေးလဲနေကွာဆိုပြီး စက်ဘီးဝယ်ဖို့ရူးတာကို ရပ်လိုက်တယ်။ ကျွန်တော်တို့ကလဲ စက်ဘီးအမြဲစီးတာ မဟုတ်ဘူးလေ တခါတရံမှဆိုတော့။တကယ်ပါအမေက သူသာသေသွားတယ် စက်ဘီးဘယ်တော့မှ မ၀ယ်ပေးသွားဘူး။ ဒါပေမယ့် အခုအသက်အရွယ်တွေရ၊ ကလေးတွေ ဘာတွေရလာတော့မှ ဟိုတုန်းကအမေ ဘာကြောင့်စက်ဘီးမ၀ယ်ပေးရလဲဆိုတာ နားလည်သဘောပေါက်လာတော့တယ်။မိခင်စိတ်ဆိုတာ သားသမီးတွေအတွက်တော့ ကိုယ်ကိုတိုင် မိဘနေရာရောက်မှ သိလာတော့တယ်ဗျာ။ ကျွန်တော်တို့တွေ ၁၀တန်းအောင်ပြီး တက္ကသိုလ်တွေတက်ဖို့စောင့်နေတုန်းအထိ ဒီလိုပဲ စက်ဘီးတွေစီးပြီး တစ်ယောက်အိမ် တစ်ယောက်လျှောက်လည်ခဲ့ကြတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့အခုစီးနေကြတဲ့ စက်ဘီးလေးတွေကကနဦး အစကဆိုရင် တာရာတို့ ကျွတ်တို့တောင်မပါသေးဘူး။ သူတို့ကို ဘယ်လိုစီးကြလဲဆိုရင် နွားလှည်းကဘီးတွေလိုပေါ့ အားလုံးက သစ်သားတွေနဲ့ပါ။စက်ဘီးဆိုတာကို Wikiတွေထဲမှာ အခုလိုဖွင့်ဆိုထားတာကတော့ တန်းများနှင့်တွဲ၍ ရှေ့နောက်နှစ်ဘက်တန်းလျှက်ရှိသော ဘီးနှစ်ဘီးကိုလူ့စွမ်းအား(ခြေထောက်)ဖြင့်နင်းရသောအပေါ့စားယာဉ်တစ်မျိုးဟုတွေ့ရှိရပါတယ်။ပထမဆုံးတီထွင်တဲ့ စက်ဘီးကို (တကယ်ဆိုရင် စက်ဘီးလို့ပြောရခက်ပါတယ်)။ ၁၈၁၇ခုနှစ်မှာ ဂျာမနီလူမျိုး Baron Von Drais ဆိုတဲ့လူကတီထွင်ခဲ့တာပါ။သူစတီထွင်တဲ့ စက်ဘီးဟာ အစကကျွန်တော်ပြောသလို ခြေနင်းမပါ။တာယာမပါ။အားလုံးသစ်သားကိုယ်ထည်ချည်းပဲ။စီးချင်ရင်လူကပထမလမ်းလျောက်ရင်းတွန်းပေးရပါတယ်။နဲနဲလေးအရှိန်ရလာမှ လူကအပေါ်ကနေ တက်ထိုင်ပြီးလိုက်သွားရပါတယ်။(ကျွန်တော့်စိတ်ထင် သူတို့စီးပုံက အခုခေတ်ကလေးတွေ စကူတာတို့၊ စကိတ်တို့ စီးသလိုပဲထင်ပါတယ်။)အဲ့ဒီအချိန်ရဲ့အတိုင်းအတာမှတ်တမ်းများအရ အဲ့ဒီစက်ဘီးဟာ တစ်နာရီကို၁၅ကီလိုမီတာနှုန်းပဲပြေးပါတယ်။ ဒီဘီးလေးတွေကို အပြေးယာဉ် (Running Machine)လို့ခေါ်ကြတယ်။ဒီလိုဘီးမျိုးတွေကို ၁၈၃၀အထိ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပါတယ်။၁၈၃၉ခုနှစ်မှာ စကော့တလန်နိုင်ငံသား ပန်းပဲဆရာကြီး Krikpatrick Macmillan ဆိုသူက ခြေနင်းပါပြီး ပထမဆုံး လူတွေဟာ ခြေထောက်ကို မြေကြီးမှာထိစရာမလိုပဲခြေနင်းရုံနဲ့စီးလို့ရတဲ့စက်ဘီးမျိုးကိုတီထွင်ပြန်ပါတယ်။ သူစတင်တီထွင်ခဲ့စဉ်ကစက်ဘီးက တဘက်ပုံပါအတိုင်းဖြစ်တဲ့ Pedal Driven Bicycle (ခြေနင်းစက်ဘီး)လေးပါ။ဂရင်းနစ်စာအုတ်မှာစက်ဘီးကို သူကစတီထွင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။သူမွေးရပ်မြေ စကော့တလန်နိုင်ငံ Coathillမှာ ၁၉၄၆ခု စက်တင်ဘာလ(ဒုတိယကမ္ဘာစစ်ကြောင့် ၈နှစ်နောက်ကျရတာပါ)မှာ သူ့ရဲ့တီထွင်မှု နှစ်တစ်ရာကို ကျင်းပခဲ့ပါတယ်။

၁၈၆၀ခုနှစ်အစောပိုင်းမှာတော့ ပြင်သစ်လူမျိုးပန်းပဲဆရာသားအဖPierre နှင့် Ernest Michaux တို့ဟာ လူနှစ်ယောက်စီးလို့ရသော နောက်တွဲစက်ဘီးမျိုးကို တီထွင်ခဲ့ပါတယ်။သူတိုရဲ့စက်ဘီးမျိုးဟာ အရှေ့ဘီးဟာ အနောက်ဘီးထက်ကြီးတဲ့အမျိုးအစားပါ။

တကယ်တမ်းစီးကြည့်တော့ သူတို့စက်ဘီးတွေဟာ ကုန်းအဆင်းတွေမှာ ခက်ခက်ခဲခဲတွေ့ရပါတယ်။ အဲဒီတော့ သူတို့သားအဖဟာ စက်ဘီးလက်ကိုင်နဲ့ ခြေနင်းကို စက်ဘီးအရှေ့ဘီးနဲ့ တွဲပြီးတပ်ဖို့ အကြံရလာပါတယ်။

၁၈၆၉မှာ ဗြိတိန်မှ Reynoldကလည်း နှစ်ထပ်စမုတ်တံ(Double-spoke)နှင့်စက်ဘီးမျိုးကိုထွင်ပြန်ပါတယ်။ သူ့ဘီးကိုယ်ထည်ကို ပေါ့ပါးတဲ့သံတန်းမျိုးနဲ့တည်ဆောက်ပြီးဘီးကိုလည်း ရာဘာတန်းကို (အထဲမှာ ကျွတ်မပါသေးပါဘူး။) သစ်သားခွေပေါ်မှာ သံရိုက်ပြီးတာရာခွေ သံကိုယ်ထည်စက်ဘီးမျိုးပါ။သူနောက်မှာလည်း တီထွင်သူအမျိုးမျိုးက စက်ဘီးပုံစံအမျိုးမျိုးကို သူနည်းသူဟန်တွေနဲ့ တီထွင်ကြပြန်ပါတယ်။
၁၈၇၉ခုနှစ်မှာအင်္ဂလိပ်လူမျိုးHarryJohnLawsonဆိုသူက နောက်ဘီးနှင့်တွဲလျှက်နင်းရသောချိန်းတပ်ဘီးအမျိုးအစား တီထွင်ခဲ့ပြန်ပါတယ်။ သူတီထွင်တဲ့ ချိန်းတက်ဘီးဟာ အခုခေတ်စီးနေသောဘီးလိုမျိုး ခြေနင်းကို ရှေ့ဘီးနှင့် နောက်ဘီးကြားမှာထားပြီး နင်းတဲ့ပုံစံပါ။

၁၈၈၅မှာ အင်္ဂလိပ်လူမျိုး John Kemp Starleyက ရှေ့ဘီး နောက်ဘီးအညီ(အခုခေတ်စီးသလို) စက်ဘီးနောက်တမျိုးကို တီထွင်လာပါတယ်။ သူဘီးဟာ ယခင်ဘီးများကို ကျော်တက်သွားပြီး ယခုကျွန်တော်တို့စီးနေသောဘီးတွေရဲ ကနဦးမူလအစ ဖြစ်လာပါတယ်။စက်ဘီးထိုင်ခုံ၊ ခြေနင်းဝင်ရိုး(အလယ်ဘားတန်း)၊ လက်ကိုင်တန်းတွေဟာဟန်ချက်ညီအောင်အတော့်ကိုထိန်းမတ် လာနိုင်ပါတယ်။

အခုခေတ် ကျွန်တော်တို့စီးသော စက်ဘီးမျိုးအထိရောက်အောင်

တီထွင်သူများဟာ ခေတ်အဆက်ဆက်သူတို့နည်းသူတို့ဟန်ဖြင့်တီထွင်ကြံဆဖန်တီးခဲ့ကြပါတယ်။

Tuesday, June 30, 2009

ရွှေရောင်တွေထဲမှရွှေမြို့ တော်

ကျွန်တော်လက်ရှိ အလုပ်လုပ်နေသော မြို.လေးအကြောင်းရေးချင်လို့ပါ။ဒီမြို့ ကလေးကို ကျွန်တော်စရောက်တော့၂၀၀၃ခုနှစ်လောက်ကပါ။အဲဒီနေ့ကလေးကို အခုထိတိုင်အောင် သတိရနေဆဲပါ။ ရန်ကုန်ကစထွက်တော့ မနက်၇နာရီခွဲလောက် တော့ရှိနေပြီ။ထိုင်းရောက်တော့ ၈နာရီခွဲ၉နာရီ ပတ်ဝန်းကျင်၊ လေယာဉ်ကပြန်ထွက်မှာက ထိုင်းစံတော်ချိန် ညနေ၄နာရီမှာဖြစ်လို့ အချိန်အတော်များများရပါတယ်။အဲဒီတုန်းက ထိုင်းလေဆိပ်က အဟောင်းပဲရှိသေးတယ်။ပထမဆုံးရောက်ဖူးတာဆိုတော့ မြင်သမျှမရာတွေက ကျွန်တော့်အတွက် အဲဒီအချိန်မှာ အထူးအဆန်းတွေချည်းပဲ (တောသားမြိုတက်လာသလိုပေါ့)။ညနေ ၄နာရီကျတော့ ရန်ကုန်ကစီးလာသလို လေယာဉ်သေးသေးလေး မဟုတ်တော့ပဲ ဘိုးရင်းအမျိုးအစားTG-517လေယာဉ်အကြီးကြီးကိုစီးပြီးထိုင်းမှထွက်ခွာပါသည်။ လေယာဉ်ပေါ်မှာ၆နာရီကျော် ကြာအောင်တမေ့တမောစီးလာခဲ့ပြီးနောက် ဒေသစံတော်ချိန် ည၁နာရီ (တကယ်တော့နံနက်၁နာရီပါမှာထိုမြိုလေးသို့ဆိုက်ရောက်ပါတယ်။

လေယာဉ်ပေါ်ကနေ ကြည့်လိုက်တော့ ကုလားမီးထွန်းပွဲကျင်းပနေသလား အောက်မေ့ရတယ်။မီးတန်းများ တန်းစီလင်းလို့ ထိန်ထိန်လင်းနေတဲ့မြိုလေးတစ်မြို ကိုစတင်တွေ့ရှိရပါတယ်။လေယာဉ်ပေါ်ကနေ စထွက်လာတော့ မိမိနားမလည်နိုင်သော ညိမ့်ညောင်းလှတဲ့ဘာသာစကားတစ်မျိုးရဲ့ အဆက်မပြက်လွှင့်ထုတ်နေတဲ့အသံတွေကို စတင်ပြီး ကြားရပါတော့တယ်။ ရန်ကုန်ကစထွက်လာကတည်းက စဉ်းစားလာတဲ့ ဒီမြို့လေးက အထင်နဲ့တကယ်လက်တွေ တခြားစီပါပဲ။နေရာတကာ သစ်လွင်တောက်ပနေတဲ့ဒီမြို့လေးရဲ့ လေယာဉ်ဆိပ်နဲပင် ဒီမြိုလေးရဲအဆင့်အတန်းကို ခန်မှန်းသိရှိနိုင်ပါတယ်။လေဆိပ်ကထွက်လာတော့ ပူနွေးလှတဲ့လေပူလေနွေးတို့က ကျွန်တော့်ရဲမျက်နှာကို အတားအဆီးမရှိ ပွေ့ဖက်ကြိုဆိုပါတယ်။နောက်မှသိရတာက ကျွန်တော်ရောက်တဲ့ သြဂုတ်လက ဒီမြိုလေးရဲ့အပူချိန်အမြင့်မားဆုံးအချိန်တဲ့ဗျာ။ရေနွေးငွေနဲ့ ပေါင်းခံနေသလိုပါပဲ။

ကဲသင်တိုဒီလောက်ဆို ဘယ်လိုမြိုဆိုတာ ခန်မှန်းရလောက်ပြီပေါ့။အဲဒီမြို့လေးက ကန္တာရတိုင်း ရွှေမဲထွက်တဲ့နိုင်ငံများထဲက ရွှေမြိုတော်တစ်ခုဖြစ်တဲ့ ဒူဘိုင်းပါ။ဒူဘိုင်းဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာပါဝင်တဲ့ ဒုတိယမြိုတော်ဖြစ်ပြီး အစောဆုံးတိုးတက်ဖွင့်ဖြိုးသော ခေတ်မှီမြို့တော်မော်ဒန်စီးတီး(MordanCity)ပါ။အာရပ်စော်ဘွားများပြည်ထောင်စုသည်
အာရပ်ကျွန်းဆွယ်(Arabian Peninsula)ရဲ အရှေမြောက်ဘက်ကမ်းတွင်တည်ရှိပြီး ဆော်ဒီအာရေဗျ(Saudi Arabia)၊အိုမန်(Sultan of Oman)နိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေသောအာရပ်ပင်လယ်ကွေ့ (Arabian Gulf)နှင့်အိုမန်ပင်လယ်ကွေ့ (Gulf of Oman)အကြားကမ်းခြေဒေသဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင်ပါဝင်သောနိုင်ငံများမှာ-
၁။ အဘူဒါဘီ Abu Dhabi
၂။ ဒူဘိုင်း Dubai
၃။ ရှာဂျား Sharjah
၎။ အာခ်ျမာန် Ajman
၅။ အမ်အာကွီဝမ် Umm Al Quwian
၆။ ရပ်ဆဲလ်ခိုင်းမား Ras Al Khaimah
၇။ဖူဂျားရား Fujairah (မြို့တော်များကိုအစဉ်လိုက်စီထားတာပါ။ မြန်မာလိုအသံထွက်ကိုအဆင်ပြေအောင်ထွက်ထားတာပါ။သည်းခံပြီးဖတ်ပေးကြပါခင်ဗျား။)

AbuDhabiကနိုင်ငံတစ်ခုလုံးဧ။်၈၀ရာနှုန်းခန်ဧရိယာစတုရန်းကီလိုမီတာပေါင်း၃၈၈၅ရှိသောပထမအကြီးဆုံးရုံးစိုက်ရာမြို့ တော်ဖြစ်ပါသည်။ဒူဘိုင်းကတော့ စီးပွားရေးအချက်အချာကျသော ဒုတိယမြိုတော်ဖြစ်ပါသည်။ ရာဇ၀င်အရဒူဘိုင်းဟာ ဘီစီ၃၀၀၀ခန့်ကစပြီး ပါရှန်ပင်လယ်ကွေ့အတွင်း ကုန်စည်ဖလှယ်ရာ အရေးကြီးသောဆိပ်ကမ်းမြို (KindomofSumer)မှ စတင်ခဲခြင်းဖြစ်တယ်လို့ အာရပ်သုတေသီများက ဆိုထားပါသည်။အဲဒီမြိုတော်ကြီးဟာ ယူဖရေးတီး(Euphrates)နှင့် တိုက်ဂရစ်(Tigris)မြစ်နှစ်စင်းကြားတည်ရှိခဲ့သော စီးပွားရေးဖွံဖြိုးသော မြိုတော်ဖြစ်ပါသည်။ဒူဘိုင်းဟာ ဗြိတိသျှကိုလိုနီအဖြစ် ၁၈၉၂မှာရောက်ရှိသွားပြီး ၁၉၇၁မှစ၍ လွတ်လပ်သော အာရပ်စော်ဘွားများ ပြည်ထောင်စုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။ ၁၉၇၁အစတွင်အာရပ်စော်ဘွားများပြည်ထောင်စုမှာစုစုပေါင်း ၆နိုင်ငံသာရှိပြီး ၁၉၇၂ရောက်မှRasAlKhaimah၀င်ရောက်လာပြီးအားလုံးပေါင်း၇နိုင်ငံဖြစ်လာသည်။အုပ်ချုပ်မှုကို မြို့ တော်အလိုက်ဟု Sheik(ရှိတ်ခ်) ခေါ်သောစော်ဘွားသူဌေးများက ခေါင်းဆောင်အုပ်ချုပ်ကြသည်။ ဥပဒေကိုမြိုတော်အလိုက် အနဲငယ်ကွဲပြားမှုရှိပြီး ခုနှစ်ပြည်ထောင်အတွက်တူညီတဲ့ဥပဒေရှိပါသည်။
Related Posts Plugin for WordPress, Blogger...