Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, November 18, 2014

နှေးကွေးနေဦးမည့် မြန်မာ့ဒီမိုကရေစီ

ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းကြီးက ဆောင်းပါးကို ဘာသာပြန်ထားတာပါ... မျက်မှန်တစ်လက်တည်း တတ်ကြည့်မယ့်အစား၊ မျက်မှန်ပေါင်းစုံတတ်ကြည့်ရင်း စုံစုံလင်လင် မြင်နိုင်စေလို့တဲ့ ဆန္ဒနဲ့ဖြစ်ပါတယ်... ဆောင်းပါးပါ အချက်အလက်တွေဟာ မူရင်းရေးသားသူရဲ့ အာဘော်ပါ... ကျွန်တော့်အာဘော် မဟုတ်ပါဘူး... ဘာသာပြန်ရာမှာ အမှားအယွင်းရှိတယ်ဆိုရင် ကျွန်တော့်အပြစ်ပါပဲ... ဝေဖန်ချက်များလည်း အောက်မှာ ရေးသွားနိုင်ကြပါတယ်... မောင် G...

နှေးကွေးနေဦးမည့် မြန်မာ့ဒီမိုကရေစီ : ရှုပ်ထွေးရှည်လျားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ခွင့်လမ်းကြောင်း

စစ်တပ်က လွှမ်းမိုးထားတဲ့ အစိုးရဟာ ၂၀၁၁ မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံရဲ့အထင်ရှားဆုံးသော နိုင်ငံရေးခေါင်းဆောင်ဟာ လာမယ့်နှစ်မှာ သမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ မေးခွန်းဟာ မပြီးပြတ်နိုင်သေးတဲ့ ရှုပ်ထွေးတဲ့ မေးခွန်းကြီး ဖြစ် လို့နေပါတယ်။ နိုဘယ်ဆုရှင်၊ ကမ္ဘာပေါ်က အထင်ရှားဆုံး အမျိုးသမီးတွေထဲကတစ်ဦး၊ နိုင်ငံရဲ့အကြီးမားဆုံး အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူ ဒေါ်အောင်ဆန်းစုကြည်အဖို့ မြန်မာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကသာ ဆက်ပြီး သူ့ကို သမ္မတဖြစ်နိုင်ခွင့်ကနေ တားဆီးထားမယ်ဆိုရင် ဒီဂုဏ်ပုဒ်တွေဟာ ဘာမှမဟုတ်တော့သလိုပါပဲ။ နိုင်ငံကို ပြန်လည်ထူ ထောင်မယ့်သူတွေအဖို့ ဒီအခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုတာဟာ အရေးအပါဆုံးသော စမ်းသပ်ချက် ဖြစ်လို့နေပါတယ်။ လက်ရှိအနေအ ထားတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေးဟာ ထင်ထားတာထက် ပိုခက်ခဲနိုင်ပါတယ်။

ဒီပြဿနာရဲ့ရင်းမြစ်က ၅၉(စ)ပါ။ ၂၀၀၈ ခုနှစ်မှာ စစ်တပ်ဘက်က အခြေခံဥပဒေသစ်ကို ရေးဆွဲစဉ်က သူတို့အကြောက်ရဆုံး အတိုက်အခံ ရဲ့ နိုင်ငံရေးလိုအင်ဆန္ဒတွေကို တားဆီးပိတ်ဆို့နိုင်ဖို့ ပြင်ဆင်ခဲ့ရင်း သူ့ကိုနေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ ဒီပုဒ်မမှာ အဓိကအတားအ ဆီးက နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သားသမီးရှိသူ ဘယ်သူ့ကိုမဆို သမ္မတမဖြစ်နိုင်အောင် တားဆီးထားပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်အားရစ်ဟာ ဗြိတိသျှလူမျိုး တက္ကသိုလ်ဆရာ တစ်ယောက်ဖြစ်ခဲ့ပြီး၊ သူ့သားနှစ် ယောက်ဟာလည်း ဗြိတိန်မှာ မွေးဖွားပြီး ဗြိတိန်နိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆာင်ကြသူတွေ ဖြစ်ပါတယ်။ ဒေါ်စုကြည်ကို ၂၀၁၀ နှောင်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး သူက ၂၀၁၂ ဧပြီမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်ကို အနိုင်ရခဲ့ပါတယ်။ ရွေး ကောက်ခံကိုယ်စားလှယ်သစ် ၄၃ ယောက်ထဲမှာ တစ်ဦးအပါအဝင်အဖြစ် လွှတ်တော်ထဲဝင်ရောက်ခဲ့ပြီး ၂၀၁၅ အကုန်လောက်မှာ ကျင်းပ မယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ ၂၀၁၅ မှာ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတကို ရွေးချယ်ပေးပါလိမ့်မယ်။ တကယ်လို့သာ ပြဿနာမရှိဘူးဆိုရင် အသစ်ရွေးကောက်တင်မြှောက်ခံရမယ့် NLD ရဲ့ ဥပဒေပြုအမတ်တွေဟာ ဒေါ်စုကြည်ကို သမ္မတအဖြစ် တင်မြှောက်ဖို့ ရှိနေပါတယ်။

စစ်တပ်က ရေးခဲ့တဲ့ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဥပမာ၊ ဗမာလူမျိုးတွေ အများစုဖြစ်နေတဲ့ ဗဟိုအစိုးရကို ဆယ်စုနှစ်များ စွာ တိုက်ခိုက်တော်လှန်နေတဲ့ ကရင်နဲ့ကချင်လို တိုင်းရင်းသားလူနည်းစုတွေအတွက် နိုင်ငံရေးမှာ ပါဝင်နိုင်ခွင့်ကို မှန်မှန်ကန်ကန် ထည့် သွင်းထားခြင်းမရှိပါဘူး။ စစ်တပ်ရဲ့ ရုပ်သေးရုပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဝင်တွေကနေစလို့ NLD က လူတွေဆုံး အားလုံးလိုလိုလောက်ဟာ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အစိတ်အပိုင်းတစ်ခုခုကိုတော့ မကျေမနပ်ဖြစ်နေရတာတွေ ရှိနေကြပါ တယ်။

အခုအချိန်အထိကိုပဲ၊ ယေဘုယျအနေနဲ့ လက်ခံနိုင်တာက ကြံခိုင်ရေးပါတီရဲ့ အမာခံတစ်ချို့ကိုယ်နှိုက်က တကယ်လို့သာ မြန်မာရဲ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုဟာ စစ်မှန်တယ်ဆိုတာကို ပြချင်ရင် ၅၉(စ) ကို ပြင်ဆင်ဖို့ လိုအပ်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် လပေါင်း များစွာ ချင့်ချိန်တွက်ချက်ပြီးလို့ ဇန်နဝါရီ ၃၁ မှာတော့ အမတ် ၁၀၉ ယောက်ပါဝင်တဲ့ လွှတ်တော်ကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေကို စုစည်းပြီး အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံသား အများ စုဟာ ပြင်ဆင်ရေးကို မလိုလားကြဘူးလို့ ဖော်ပြထားပါတယ်။ ဒီကော်မတီမှာ ပါဝင်သူ အများစုဟာ ကြံ့ခိုင်ရေးအမတ်အများစုပါ။ သူတို့ဆီ ကို ပြည်သူတွေဆီကနေ စာပေါင်း ၂ သောင်း ၈ ထောင်လောက်ရောက်လာပြီး စာတွေမှာ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အကြံ ဥာဏ်တွေကို ရေးသားပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ လူတစ်သိန်းလောက်က လက်မှတ်ထိုးထားတဲ့ စာမှာတော့ ၅၉ (စ) အပါအဝင် တပ် မတော်သား ၂၅ % ကို လွှတ်တော်မှာ ဆက်လက်ထားရှိရေးကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၅၉၂ စောင်ကပဲ ဒီပုဒ် မကို ဖယ်ရှားဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

NLD ဘက်ကလည်း ခပ်မြန်မြန်ပဲ တုံ့ပြန်ခဲ့ပါတယ်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဇော်မြင့်မောင်ကတော့၊ ဒီလက်မှတ်ရေးထိုးမှုကန် ပိန်းဟာ ရန်ကုန်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကြားထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုအမြင်ကို ကိုယ်စားပြုမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။ သူ ပြောတာမှန်တယ်ဆိုဦးတော့ ကြံ့ခိုင်ရေးပါတီရဲ့ အခြေခံအကျဆုံး အဖွဲ့ဝင်တွေဟာ ဒေါ်စုကြည်ရဲ့ သမ္မတဖြစ်ခွင့်ကို လက်ခံနိုင်ဖွယ်မရှိဘူး ဆိုတာကို မြင်နေရပါတယ်။

ဒီမှာလည်း မကျေလည်မှုတွေ ရှိနေပြီး သမ္မတဦးသိန်းစိန်အနေနဲ့ ကြံ့ခိုင်ရေးရဲ့အမြင်ထက် လူထုရဲ့အတွေးကို ပိုပြီးဦးစားပေးခဲ့ပုံ ရှိပါတယ်။ ဇန်နဝါရီလအစောပိုင်းက ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သူ့အမြင်ကိုပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ ဒေါ်စုကြည်ကို ဆန့်ကျင်နေတဲ့ ဒီပုဒ်မကို ပြောင်းလဲပေးရေး ထောက်ခံမှုဟာ သတင်းခေါင်းကြီးတွေတိုင်းမှာ နေရာယူခဲ့ပြီး၊ သူ့ရဲ့ကြီးကျယ်မြင့်မြတ်တဲ့ ပြု ပြင်ပြောင်းလဲရေးသမားဆိုတဲ့ ပုံရိပ်ကို ပိုအားကောင်းအောင် ဖြည့်တင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူပြောခဲ့တဲ့အထဲမှာ လူတွေသိပ်သတိမ ထားမိတဲ့အချက်ပါလာပါတယ်။ “တကယ်လို့ လူထုရဲ့နိုင်ငံရေးလိုအင်ဆန္ဒတွေဟာ လက်ရှိနိုင်ငံရေးစနစ်က ဖြည့်စည်းနိုင်တာထက် ပိုမို ကျယ်ဝန်းလာမယ်ဆိုရင် နိုင်ငံရေးအကျပ်ရိုက်မှုတွေနဲ့ပဲ ကျွန်တော်တို့အားလုံး အဆုံးသပ်သွားပါလိမ့်မယ်။” တကယ်လို့ အဲဒီလိုဖြစ်လာရင် တော့ “ဒီနေ့အထိ ကျွန်တော်တို့ ဆောင်ရွက်လာတဲ့ နိုင်ငံရေးအရ လွတ်လပ်မှုတွေကို လက်လွှတ်ရမှာပါ။ ဒီအတွက် အားလုံးကို မှာကြား ချင်တာက ဒီလိုကိစ္စမျိုးကို ဂရုတစိုက်အမြော်အမြင်ရှိရှိ ကိုင်တွယ်ကြဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

ဂရုတစိုက် အမြော်အမြင်ရှိရှိဆိုတာမျိုးကို လက်တွေ့လုပ်နိုင်ဖို့က ရှည်လျားတဲ့ လုပ်ငန်းစဉ်ကြီးပါ။ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စုကြည် အတွက် ဒီအချိန်ကို စောင့်နိုင်ဖို့ မလွယ်ပါဘူး။ လွှတ်တော်ကော်မတီက တင်ခဲ့တဲ့ အစီရင်ခံစာဟာ လူထုသဘောထား အနည်းငယ်ပဲ ပါဝင် ခဲ့ပါတယ်။ အခုဆိုရင်တော့ ဒီလိုအကြံပြုချက်မျိုး ထောင်သောင်းကို အမှန်တကယ်လေ့လာနိုင်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးပါပြီ။ ဒါကအချိန်ယူမှာပါ။ အများသဘောညီ ခိုင်မာတဲ့ အဆိုပြုချက်တွေ ပေါင်းစည်းမိသွားတဲ့အချိန်မှာလည်းပဲ၊ အတားအဆီးအနေနဲ့ ၇၅% သော အမတ်တွေရဲ့ သဘောတူညီချက်ကို ယူရဖို့ကရှိနေဦးမှာပါ။ အခုအချိန်မှာ တပ်မတော်သားကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးအမတ်တွေ က လွှတ်တော်ရဲ့ ၈၀% ကို ယူထားပါတယ်။ ဒေါ်စုကြည်နဲ့ သူ့ကိုထောက်ခံသူတွေအဖို့ ခရီးကြမ်းကြီးက ရှေ့မှာစောင့်နေမှာတော့ အမှန်ပါပဲ။

Giacomo

Monday, November 17, 2014

ခေါင်းဆောင်ပိုင်းအကွဲအပြဲများကြားမှ အပြန်အလှန်ယုံကြည်မှု၏အခန်းကဏ္ဍ

ယခုဆောင်းပါဟာHBR(Harvard Business Review)Case Studyဖြစ်ပါတယ်။HBR Case တွေဟာ Fictional ပါ။ စီးပွားရေးစီမံခန့်ခွဲမှုတွေမှာ ကြုံရတတ်တဲ့အကျပ်အတည်း (Dilemmas)တွေကိုနမူနာယူတည်ဆောက်ထားပြီး ကျွမ်းကျင်သူတွေအနေနဲ့ အဖြေလွှာတွေ၊ ခန့်မှန်းချက် တွေဖော်ထုတ်နိုင်ဖို့လုံလောက်တဲ့အချက်အလက်တွေကိုထည့်သွင်းတည်ဆောက်ထားပါတယ်။
ကျွန်တော်တို့ “ဒီတစ်ခေါက်မှာတော့ နမူနာ ဖြစ်စဉ်လေးတစ်ခုကိုအရင်ဆုံးပြောပြပါ့ မယ်။ ပြီးတော့မှ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စီးပွားရေးနယ်ပယ်ကကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေကို ပြန်လည်တင်ပြပါမယ်။
Ed Davidson ကDavosကိုရောက်နေတယ်။ အဲဒီမှာတင် သူ့စီအီးအိုကသူ့ကိုဥက္ကဋ္ဌရာထူးအတွက် အမည်မတင် သွင်းပေးဘူးဆိုတာကိုသိလိုက်ရတော့တယ်။ ဒါပေမဲ့ Edရဲ့လက်ထဲမှာကစီအီးအိုရဲ့ဂုဏ် သတင်းကိုမှေးမှိန်သွားအောင်လုပ်နိုင်တဲ့ မသမာတဲ့လျှို့ဝှက်ချက်ကလည်း ကိုင်ထားတယ်။ ဆိုတော့ သူ့အလုပ်အတွက် ဒီအချက် ကိုအသုံးချလိုက်သင့်သလား။ ဒါကဒီနမူနာ ဖြစ်စဉ် အတွက် မေးခွန်းပေါ့လေ။
ကဲ...ဖြစ်စဉ်အသေးစိတ်ကို ကြည့်လိုက်ရအောင်။



စည်သူအောင်
+++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလထုတ်တွင် ဖော်ပြပါရှိပါမည်။
Myanmar B2B Management Magazine, November 2014
သရုပ်ဖော်-မုတ်သုံ

Sunday, November 16, 2014

လူမျိုးရေးပဋိပက္ခများ၏ စိန်ခေါ်မှု : သွေးကွဲနေကြသော လူအဖွဲ့အစည်းများအတွင်း ဒီမိုကရေစီတည်ဆောက်ခြင်း

ကျွန်တော်လက်ရှိရေးနေတဲ့ ဆောင်းပါးလေးခု ပါဝင်တဲ့ ဆောင်းပါးစု စာအုပ်ထဲက ပထမဦးဆုံးနဲ့ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်လာမယ့် ပင်မဆောင်းပါးဖြစ်ပါတယ်။ အချိန်ရသလောက် အပိုင်းလေးတွေ ခွဲခွဲပြီး တင်ပေးသွားမှာပါ။ အောက်တိုဘာ ၁၉၉၃ ထုတ် Journal of Democracy Vol. 4, No. 4 မှာပါဝင်ခဲ့တဲ့ Donald L. Horowitz ရဲ့ The Challenge of Ethnic Conflict : Democracy in Divided Societies ဆောင်းပါးကို ဘာသာပြန်ထားတာပါ။

လူမျိုးရေးပဋိပက္ခများ၏ စိန်ခေါ်မှု : သွေးကွဲနေကြသော လူအဖွဲ့အစည်းများအတွင်း ဒီမိုကရေစီတည်ဆောက်ခြင်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်ပေမယ့်လို့၊ အသွင်ပြောင်းမှုကို ဆောင်ရွက်ကြသူတိုင်း အောင် မြင်ကြတယ်၊ အောင်မြင်ပုံအောင်မြင်နည်းနဲ့၊ အောင်မြင်မှုအတိုင်းအတာတွေကလည်း တသမတ်တည်း တူညီကြတယ်ရယ်တော့ မဟုတ် ပါဘူး။  ဒီမိုကရက်တစ် လှုပ်ရှားမှုတွေနဲ့ ထိတွေ့ဖူးခြင်း မရှိသေးတဲ့ အာဏာရှင်အစိုးရတွေ၊ ဒီမိုကရက်တစ်တစ်ပိုင်း အစိုးရတွေ ရှိနေသလို ပဲ၊ အချို့အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေကတော့ စလုံးရေစကတည်းကကို ဖျက်လိုဖျက်ဆီးတွေနဲ့ ကြုံခဲ့ကြရပြန်ပါတယ်။ အချို့ကြ ပြန်တော့ အသွင်ကူးပြောင်းရေးကို လုပ်နေရင်းနဲ့ကိုပဲ ဖောင်စီးရင်း ရေငတ်နေရတဲ့ အဖြစ်မျိုး ရှိပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရော၊ ဒီမိုကရေစီထူထောင်မှုတွေမှာပါ ကျဆုံးမှုတွေ ဖြစ်ရခြင်း အကြောင်းအရင်း များစွာ ရှိပါတယ်။ အခွင့်ထူးခံလူထုတွေ၊ စစ်တပ်အီလိ တွေရဲ့ တင်းခံနေမှု၊ အားကောင်းတဲ့ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ရေခံမြေခံတွေ မရှိတာ၊ အမှားမှားအယွင်းယွင်း ဒီဇိုင်းလုပ်ထားတဲ့ အဖွဲ့ အစည်းမူဘောင်တွေ စတဲ့အချက်တွေဟာ ကျဆုံးမှုကို ဖြစ်စေတဲ့ အချက်တွေထဲက အချို့ပဲဖြစ်ပါတယ်။ အာဖရိက၊ အာရှ၊ အရှေ့ဥရောပနဲ့ ဆိုဗီယက်နိုင်ငံဟောင်းတွေမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဓိကကျရှုံးစေတဲ့ အချက်သည် လူမျိုးရေး ပဋိပက္ခပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးအာဏာကို ရယူအသုံးပြုနိုင်မှုမှာ ပါဝင်ခွင့်နဲ့ ဖယ်ထားခံရမှုတို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို ရယူအ သုံးပြုနိုင်မှုမှာ ပါဝင်ခွင့်ရသူတွေက အခွင့်ထူးခံဖြစ်လာပြီး၊ ရယူအသုံးမပြုနိုင်ပဲ ဘေးဖယ်ထားခံရသူတွေအတွက် အကျိုးယုတ်မှုတွေ ဖြစ် လာစေပါတယ်။ ဒီပါဝင်ခွင့်ရသူနဲ့ ဘေးဖယ်ခံရသူ အုပ်စုနှစ်စုအကြား ခွဲကြားထားတဲ့ စည်းဟာ ဟိုဘက်ဒီဘက် ဘက်ပြောင်းဖို့ မဖြစ်နိုင်တာ မို့၊ အုပ်စုတစ်စုထဲ ရောက်သွားမိပြီဆိုရင် အဲဒီလို ကျရောက်သွားခြင်းက အမြဲတစေဆိုတဲ့ ပုံစံမျိုးကို မြန်မြန်ဆန်ဆန်ပဲ အသားသေသွားစေ ပါတယ်။ လူမျိုးရေး ခွဲခြားမှုရှိတဲ့ နိုင်ငံရေးမှာဆိုရင် အခြားသော လူမျိုးစုတွေအပေါ် လူမျိုးစုတစ်ခုက သြဇာသက်ရောက်နေတာ၊ နိုင်ငံရဲ့ အမျိုးသားရေးသရုပ်သကန်နဲ့ ပတ်သက်လာရင် လူမျိုးတစ်မျိုးက အခြားလူမျိုးတွေထက် ပိုပြီးလွှမ်းမိုးမှု ရှိနေတာ အစရှိတဲ့ နိုင်ငံတစ်နိုင်ငံ ရဲ့ အရေးပါတဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ အခွင့်ထူးတွေကို ဖြန့်ဖြူးပုံမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ သွေးကွဲနေတဲ့ လူအဖွဲ့အစည်းတွေ အ တွက်တော့ ထပ်ခါတလည်းလည်း ဆိုသလိုပဲ၊ ပါဝင်ခွင့်ရှိတဲ့ အုပ်စုကလူတွေသည် အုပ်ချုပ်ရေးမှာလည်း ပါဝင်ခွင့် ရှိလာစေပြီး၊ ဖယ်ထားခံ ရတဲ့ အုပ်စုကလူတွေကိုတော့ အုပ်ချုပ်ရေးအာဏာပိုင်ခွင့်ကနေ ဖယ်ထုတ်ထားဖို့ အမြဲတမ်းလိုလို တိမ်းညွှတ်မှုတွေ ရှိနေတတ်ပါတယ်။

လူမျိုးရေးအရ သွေးကွဲနေကြတဲ့ လူအဖွဲ့အစည်းတွေမှာ၊ အတိုက်အခံအပေါ်မှာ ခွင့်ပြုပေးရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရလေ့ရှိတဲ့ သမားရိုးကျပြဿနာတွေဟာ သူတို့အဖို့ တကယ့်ရှုပ်ထွေးနက်နဲတဲ့ ပြဿနာမျိုးကြီးတွေ ဖြစ်လာတတ်ပါတယ်။ အစိုးရ ကို ဆန့်ကျင်ဝေဖန်ခြင်းဟာ အမြဲတမ်းလိုလိုကိုပဲ အများဆန္ဒကို ဆန့်ကျင်ခြင်းရယ်လို့ ပုံဖော်ခံရတတ်ပါတယ်။ လူမျိုးရေးအရ ခွဲခြားခံထားရ တဲ့ အတိုက်အခံတွေဟာ အန္တရာယ်ရှိတဲ့ ရန်သူတွေအဖြစ် ပုံဖော်ခံရတတ်တယ်။ နိုင်ငံတော်ရဲ့ ကျောင်းတော်ကရန်စနဲ့ သမိုင်းကြောင်းရန် သူတွေ၊ နိုင်ငံတော်ကို ပြိုကွဲအောင် လုပ်နေလိုသူတွေ၊ နိုင်ငံတော်ကြီးကို သူတို့လူမျိုးအတွက် မောင်ပိုင်စီးရန် အားထုတ်နေသူတွေ စသ ဖြင့် စွပ်စွဲပုံဖော်မှုတွေကို အတိုက်အခံတွေက ခံရလေ့ ရှိပါတယ်။ နိုင်ငံတော်အာဏာရဲ့ အင်မတန်အရေးပါခြင်းနဲ့ ဒီအာဏာကနေ ဖယ် ထုတ်ခံထားရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေကြောင့် လူမျိုးရေးခွဲခြားခံ အတိုက်အခံတွေအဖို့မှာလည်း ဒီလိုမျိုး နိုင်ငံတော်ကနေ ခွဲထွက်ရေး၊ ဒါမှမဟုတ် ငါတို့လူမျိုးတွေက ဒီနိုင်ငံတော်အာဏာကို အရယူမယ်လို့ မောင်ပိုင်စီးဖို့ အားထုတ်တာတွေကိုလည်း တဖန်ပြန်တုံ့ ပြန်တဲ့အနေနဲ့ ပြုလုပ်ဖို့ စိတ်ကူးရှိနေတတ်ပြန်ပါတယ်။

ဒါပေမယ့် တကယ်လို့များ ဓါးမိုးအုပ်ချုပ်တဲ့ အခြေအနေအောက် ရောက်နေချိန်မှာ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ပြီး အချင်းချင်း ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်ခဲ့ကြတယ်ဆိုရင် ဒါဟာဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ထိုင်းနိုင်ငံက ထိုင်းတွေ နဲ့ တရုတ်တွေ၊ နောက်တစ်ခါ ထိုင်ဝမ်မှာရှိတဲ့ ပြည်ကြီးတရုတ်တွေနဲ့ ထိုင်ဝမ်တရုတ်တွေစတဲ့ ဖြစ်စဉ်တွေကို လေ့လာနိုင်ပါတယ်။ ဒီဒေသ တွေမှာ လူမျိုးစုတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အချင်းချင်း ရန်လိုမှုတွေနဲ့ ပြည့်နေကြတာပါ။ ဒါပေမယ့် ဆယ်စုနှစ်များစွာ အကြာ မှာတော့၊ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေဟာ ပဋိပက္ခတွေ ဖြစ်စေဖို့ အားနည်းသွားပြီး၊ နက်နက်ရှိုင်းရှိုင်း သွေးကွဲခဲ့ကြဖူးတဲ့ လူမျိုး တွေ အချင်းချင်းအကြား အပြန်အလှန် သားပေးသမီးယူ အိမ်ထောင်ပြုကြတာတွေတောင် ရှိလာကြပါတယ်။ ဒီဒေသနှစ်ခုစလုံးအတွက် ဒီ အပြောင်းအလဲဟာ ဒီမိုကရေစီကို မြေတောင်မြှောက်ပေးသလို ဖြစ်ခဲ့ကြပြီး အချင်းချင်းအကြား စိုးရိမ်ပူပန်မှုတွေကို လျော့ချနိုင်ခဲ့ကြပါ တယ်။ သူတို့နဲ့ပြောင်းပြန်ကတော့ အာဖရိကမှာပါ။ အဲဒီမှာတော့ သွေးကွဲမှုတွေက ဆက်လက်အားကောင်းနေပြီး၊ အာဖရိကတိုက်မှာ ဒီမို ကရေစီဖော်ဆောင်ရေးအတွက် အဓိကအတားအဆီးအနေနဲ့ ဆက်လက်ရပ်တည်နေပါတယ်။

အရှေ့ဥရောပနိုင်ငံတွေမှာဆိုရင် လူမျိုးရေးပဋိပက္ခနည်းပါးတဲ့ နိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနဲ့ ပိုလန်တို့မှာ ဒီမိုကရေစီအား ကောင်းမောင်းသန် ရှိခဲ့ပြီးတော့ လူမျိုးရေးပဋိပက္ခတွေရဲ့ ကျက်စားရာနယ်မြေဖြစ်တဲ့ ဆလိုဗက်ကီးယား၊ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ ယူ ဂိုဆလားဗီးယားနိုင်ငံဟောင်းတွေမှာတော့ ဒီမိုကရေစီက နှေးကွေးတာပဲဖြစ်ဖြစ်၊ လုံးဝအခြေမတည်နိုင်တာပဲဖြစ်ဖြစ် ကြုံတွေ့နေရပါ တယ်။ တစ်ခုသတိထားရမှာက ဟန်ဂေရီ၊ ချက်တို့ အုပ်စုဟာ ပိုချမ်းသာတယ်၊ နောက်အနိမ့်ဆုံးအနေနဲ့ ဒီမိုကရေစီဆိုင်ရာ အတွေ့အကြုံ တွေ ရှိဖူးတယ်၊ အနောက်ကမ္ဘာနဲ့လည်း ထိတွေ့မှုပိုများတယ်ဆိုတာတွေကိုတော့ သတိထား ထည့်သွင်းစဉ်းစားရမှာပါ။ မည်သို့ပင်ဆိုစေ ကာမူ ဆလိုဗက်အစရှိတဲ့ ဒုတိယအုပ်စုမှာ လူမျိုးရေးပဋိပက္ခတွေနဲ့ ဒီမိုကရေစီကို ဆန့်ကျင်နေတဲ့ ဖြစ်စဉ်တွေအကြား တိုက်ရိုက်ဆက်နွယ် မှု ရှိကိုရှိနေတယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆားဗီးယား၊ ခရိုအေးရှား၊ ဘော့စနီးယားတို့မှာဆိုရင် အရင်ကွန် မြူနစ် အုပ်ချုပ်မှု လက်အောက်မှာတုန်းက လူမျိုးရေးအရ ဖိနှိပ်မှုတွေ လုပ်ခဲ့ပြီး၊ အုပ်ချုပ်မှုအာဏာကနေ ပြိုင်ဘက်လူမျိုးစုတွေကို ဖယ် ထုတ်ထားခဲ့တာ၊ အာဏာရှင်စနစ်ကို တိမ်းညွှတ်မှု ရှိခဲ့တာတွေက ကျော်ကြားလှပါတယ်။ ဆလိုဗက်မှာရှိခဲ့တဲ့ Vladimir Meciar ဦးဆောင် တဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ကွန်မြူနစ်အစိုးရဟောင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ ခရိုအေးရှားနဲ့ ဆားဗီးယားတို့ရဲ့ ကွန်မြူနစ်အုပ်ချုပ် သူတွေက အများကြီး တော်သေးတယ်လို့ ပြောနိုင်ပေမယ့် သူတို့လည်းပဲ သတင်းမီဒီယာတွေကို ဖိနှိပ်ဖို့ကြိုးစားတာ၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေခုရုံးမှာ သူတို့သဘောကျတဲ့ လူတွေကို ထည့်ထားတာ၊ နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ ဟန်ဂေရီလူမျိုးတွေရဲ့ ဘာသာစကားဆိုင်ရာ ရပိုင်ခွင့် တွေကို ဖိနှိပ်ထားတာတွေကို လုပ်ခဲ့ကြပါသေးတယ်။ လူမျိုးစုံပါဝင်တဲ့ ထရန်ဆယ်ဗေးနီးယားဒေသမှာ အားအကောင်းဆုံး တွန်းအားအနေ နဲ့ ရှိခဲ့တဲ့ ရိုမေးနီးယားရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာဆိုရင် နောက်ဆုံးတော့လည်း အမြင်ကျဉ်းတဲ့ ရိုမေးနီးယားအမျိုးသားရေးဝါဒကိုပဲ ဦး တည်သွားခဲ့ပါတယ်။ အထူးသဖြင့်တော့ ဟန်ဂေရီလူနည်းစုတွေကို စိုးရိမ်တာလိုမျိုး လူစိမ်းကြောက်ရောဂါဆီ တိမ်းညွှတ်သွားခဲ့ကြပြီး ကွန် မြူနစ်လူဟောင်းတွေကပဲ အုပ်ချုပ်သူရာထူးကို ဆက်လက်ကိုင်စွဲထားနိုင်စေတဲ့ အခြေအနေမျိုးကို သက်ရောက်သွားခဲ့ရပါတယ်။ ဘူဂေးရီး ယားမှာတော့ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ အများစုပါလီမန်ဟာ လူထုအကြားပေါ်ပေါက်နေတဲ့ တူရကီလူမျိုးတွေ၊ မူဆလင်တွေအပေါ် စိုးရိမ်မှုတွေကို အာရုံစိုက်မိသွားရာကနေ တူရကီလူမျိုးပါတီတွေနဲ့ ပေါင်းစည်းပြီး တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖွဲ့နိုင်ရေး ဆောင်ရွက်နိုင်ခြင်း မ ရှိပဲ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ရှုံးနိမ့်သွားချိန်မှာတော့ တူရကီလူမျိုးတွေကို ဆန့်ကျင်ဖိနှိပ်ရေး ဆော်သြနေတဲ့ ကွန်မြူနစ်လူဟောင်းတွေရဲ့ပါတီကပဲ ပြန်လည်အာဏာရလာပြီး၊ အုပ်ချုပ်ရေးနဲ့ သတင်းမီဒီယာကဏ္ဍ တွေမှာ ဖြုတ်ထုတ်သတ်တွေကို ဆင်နွှဲပါတော့တယ်။ အရှေ့ဥရောပအပါအဝင် ကမ္ဘာတစ်ဝှန်းလုံးမှာ လူမျိုးရေးပဋိပက္ခတွေဟာ အာဏာ ရှင်စနစ်တွေကို သက်ဆိုးရှည်နေအောင် ပြုလုပ်ပေးနေပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အစပြုဖို့နဲ့၊ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ရေးတွေမှာ လူမျိုးရေးပဋိပက္ခတွေသည် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပေမယ့်၊ ဒီအခက်အခဲတွေရဲ့ သဘောသဘာဝ၊ အထူးသဖြင့် အခက်အခဲတွေရဲ့ လူ့ အဖွဲ့အစည်းတွေအတွင်း ဖွဲ့စည်းတည်ဆောက်ပုံအရ အတွင်းကလှိုက်စား တွယ်ကပ်နေပြီး လက်တံတွေဖြန့်ကျက် ရှည်လျားကျယ်ဝန်း လာပုံ၊ ကောင်းမွန်တဲ့ အကျိုးစီးပွားဆောင်ရွက် ဖော်ဆောင်မှုတွေအပေါ် ဖျက်လိုဖျက်ဆီးလုပ်တတ်ပုံ၊ အစရှိတဲ့ သဘောသဘာဝတွေနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ လေ့လာမှုမျိုးက ရှားပါးနေပါသေးတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုရဲ့ ရုတ်ခြည်းအပြောင်းအလဲတွေမှာ ပေါ်ပေါက်လာတတ်တဲ့ လူမျိုးရေးအရ အတားအဆီးတွေနဲ့ အပြောင်းအလဲအပြီး ပေါ်ပေါက်လာတဲ့ အတားအဆီးတွေဆိုပြီး အတားအဆီး နှစ်မျိုးဟာ ဆုံမှတ်တစ်နေရာကို ရောက်လာခဲ့ပါတယ်။ လူမျိုးရေးပဋိပက္ခတွေသည် အာဏာရှင်စနစ်ကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး တော့ပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ကျားကန်ပေးနေပါတယ်။ ဒါကဒီမိုကရေစီအသွင် ကူးပြောင်းမှုမှာ လူမျိုးရေပဋိပက္ခရဲ့ ကြားဝင်နှောက်ယှက်မှု ပုံစံပါ။ ဒါပေမယ့် တစ်ဘက်မှာလည်း ဒီမိုကရေစီသည် လူများစုကို အာဏာခံစားခွင့် ပေးအပ်ပြီး၊ လူနည်းစုတွေနဲ့ လူနည်းစုအာဏာပိုင်ခွင့် တွေကို ဖယ်ထုတ်ထားတာ၊ ဘေးဖယ်ထားတာတွေကို ဖန်တီးပေးနေပြန်ပါတယ်။ အဲဒီလိုပြောလို့လည်း အာဏာရှင်လည်းမကောင်း၊ ဒီမိုက ရေစီကလည်းမစွံ၊ ကံစီမံရာပါပဲလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ အချို့သော နက်နက်ရှိုင်းရှိုင်းကို သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အ တော်အသင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်တာမျိုး မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် လူမျိုးစုံပါဝင်တဲ့ ဒီမိုကရေစီတစ်ရပ် ပေါ်ပေါက်ရေးမှာ အ ထောက်အကူပေးနိုင်မယ့် အဖွဲ့အစည်းမူဘောင်တွေကို ဖန်တီးနိုင်ရေးသည် ဘာလို့များအင်မတန် ခက်ခဲနေရပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ် သက်လို့ စနစ်ကျနပြီး ကောင်းမွန်တဲ့ အဖြေတွေ၊ အကြောင်းပြချက်တွေ ရှိနေပါတယ်။

အခက်အခဲတွေ အကြောင်းကို မကြည့်ခင်၊ နက်ရှိုင်းစွာ သွေးကွဲနေကြတဲ့ လူ့အဖွဲ့အစည်းတွေကို ရှင်းရှင်းလင်းလင်း မြင်သာသွားအောင် မျဉ်းတစ်ခုရဲ့ အစွန်းဘက်မှာ အရင်နေရာချပြီး ကြည့်ကြည့်တာ ပိုကောင်းပါလိမ့်မယ်။ မျဉ်းရဲ့အစွန်းတစ်ဘက်မှာတော့ လူမျိုးစုံပဒေသာအ ဖွဲ့အစည်းကြီးတွေ ရှိနေပြီး၊ ကာလရှည်ကြာလာသည်နှင့်အမျှ မျိုးဆက်သစ်တွေဟာ အချင်းချင်း အပြန်အလှန်ပေါင်းစည်သွားကြတဲ့ အဖွဲ့ အစည်းကြီးတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အမေရိကန်နဲ့ ပြင်သစ်တို့ကို ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေပါ။ အဲဒီအစွန်းနဲ့ ကပ်လျက်မှာပဲ၊ လူမျိုးရေးပဋိပက္ခတွေ နည်းပါးတဲ့ အင်္ဂလန်၊ ဝေး၊ စကော့၊ ဗြိတိန်ထဲက အိုင်ယာလန်နဲ့ သြစတေးလျတို့လို ဒေသတွေက ရှိ နေပါတယ်။ မျဉ်းရဲ့အလယ်မှာတော့ ခုနကပြောခဲ့တဲ့ အစွန်ဘက်က လူတွေထက် အနည်းငယ်ပိုပြီး လူမျိုးရေးဆန်တဲ့ နိုင်ငံတွေ အုပ်စုရှိနေ ပါတယ်။ ဒီနိုင်ငံတွေမှာက အပြင်ကလာတဲ့ တွန်းအားတွေဟာ အတွင်းမှာ အချင်းချင်းစည်းလုံးမှုကို ဖြစ်စေပါတယ်။ လူမျိုးရေးအရပြိုင်ဆိုင် မှုထက်စာရင် (ဘာသာရေး၊ လူတန်းစား၊ မကြာခဏဆိုသလို ကြုံရတာက ပေါက်ဖွားရာနယ်မြေ အစရှိတဲ့) အခြားသော ပြိုင်ဆိုင်မှုတွေက ပိုအားကောင်းနေတတ်ပြီး ပါတီစနစ်ကိုပါ သက်ရောက်နေစေပါတယ်။ အခြားပြိုင်ဆိုင်မှုတွေဟာ လူမျိုးရေးပြဿနာနဲ့ယှဉ်ရင် ပိုပြီးအား ကောင်းနေမှုကြောင့် ပါတီတွေအနေနဲ့ သူတို့ရဲ့အစီအစဉ်တွေမှာ တန်းစီလိုက်ရင် လူမျိုးရေးပြဿနာက အလိုလိုနောက်တန်းရောက်သွား ပါတယ်။ ဒီလိုနဲ့ပဲ၊ ပါတီနိုင်ငံရေးသည် လူမျိုးရေးပဋိပက္ခကို ကိုယ်စားမပြုနိုင်တော့ပါဘူး။ ဒီလိုနိုင်ငံမျိုးတွေထဲမှာဆိုရင် ဆွစ်ဇလန်၊ ကနေဒါ နဲ့ ဘယ်ဂျီယံတို့ ပါဝင်ပါတယ်။ ထူးခြားတာက ဒီနိုင်ငံတွေ အားလုံးဟာ ဖက်ဒရယ်နိုင်ငံတွေပါပဲ။ ဒါကမျဉ်းရဲ့အလယ်မှာရှိတဲ့ အုပ်စုပါ။ မျဉ်း ရဲ့အစွန်းတစ်ဘက်မှာတော့ သွေးကွဲနေသူတွေ ရှိပါတယ်။ ဒီသွေးကွဲနေတဲ့ နိုင်ငံတွေကို ဖွဲ့စည်းပုံအရ အားသာချက်ရှိနေတဲ့ ဆွစ်ဇလန်၊ ကနေဒါတို့လို နိုင်ငံမျိုးတွေနဲ့ တတန်းတစားတည်း သွားထားဖို့ဟာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့်တော့ တောင်ပိုင်းအိုင်ယာလန်တို့ သီရိ လင်္ကာတို့လို မွေးကတည်းကပါလာတဲ့ လူမျိုးဟာ အခြားလူမျိုးအဖြစ် ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ နေရာဒေသတွေမှာ ဖြစ်ပါတယ်။ ဒီနေရာတွေ မှာ (ဘာသာရေး၊ လူတန်းစားတို့လို) အခြားသော အကွဲအဟတွေက အားကုန်နေတာပဲဖြစ်ဖြစ်၊ အစိတ်စိတ်အမွှာမွှာ ကွဲနေတာပဲဖြစ်ဖြစ် အားပျော့ပျက်ပြယ်နေပြီး၊ နိုင်ငံရေးပါတီတွေအနေနဲ့ လူမျိုးရေးအကွဲအပြဲကိုပဲ အာရုံစိုက်နေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒီလိုနိုင်ငံ မျိုးတွေအဖို့ ဒီမိုကရေစီသည် အမြဲတစေခက်ခဲနေတတ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရသည့် အတားအဆီးများ

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မစတင်နိုင်မီ၊ ဒီအသွင်ကူးပြောင်းမှုကို အစိုးရဟောင်းအနေနဲ့ လက်ခံသည်ဖြစ်စေ၊ အကယ်၍ လက်မခံခဲ့ လျှင် အတင်းဖိအားပေးရသည်ဖြစ်စေ ပြုပြင်ပြောင်းလဲလာအောင် အရင်လုပ်ယူရပါတယ်။ အဲဒီအခါမှာ အောင်နိုင်သူတွေဟာ သူတို့အချင်း ချင်းကြားထဲမှာကိုပဲ ဒီမိုကရေစီကို ပြန်လည်ဖြန့်ဖြူးကြရပါတယ်။ လူမျိုးရေးပဋိပက္ခတွေရဲ့ သိမ်မွေ့မှုက ထူထောင်ဖွဲ့စည်းပြီးသား အုပ်ချုပ် မှုရဲ့ ပိုနေမြဲကျားနေမြဲအနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုမှုနဲ့ ပေါင်းစည်းမိသွားပြီး အုပ်ချုပ်သူတွေအနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအပေါ် လမ်းဖွင့်ပေးမှုတွေကို ဆက်လုပ်ချင်စိတ် မရှိတော့အောင် ပိတ်ပင်တားမြစ်သလို ဖြစ်နေတတ်ပါတယ်။ လက်ရှိ အုပ်ချုပ်သူတွေအပေါ် အတိုက်အခံပြုနေသူတွေရဲ့ စိတ်ထဲမှာပင်လျှင် ယခင်အာဏာရှင်လက်ထက်မှာ ရှိနှင့်ခဲ့ပြီးသား ပိုနေမြဲကျားနေမြဲ ထက်တောင်မှ ပိုမိုဆိုးရွားတဲ့ ဖြစ်တန်ရာသည်တွေကို မြင်လာမိတတ်ပါတယ်။ ဆိုခဲ့ပါ ဖြစ်တန်ရာသည်တွေဟာ ဒီမိုကရေစီအသွင်ကူး ပြောင်းရာမှနေ ကျွဲကူးရေပါဆိုသလို ပါဝင်လာသည်များ ဖြစ်နေတတ်ပြန်သည်။ တစ်ဘက်ကပြန်ကြည့်လျှင်၊ လူမျိုးရေးအရ ခွဲခြားမှုတွေ ရှိ နေသည့် အစိုးရတစ်ရပ်သည်၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများမှတဆင့်၊ ပြိုင်ဘက်လူမျိုးစုများ အာဏာရလာမည်ကို မလိုလားသည့်အ တွက် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်မှုမှာ တုံ့နှေးနေမည်ဖြစ်သည်။ အကယ်၍ အသွင်ကူးပြောင်းမှုဟာ လူမျိုးရေးနဲ့နွယ်တဲ့ တော် လှန်ပုန်ကန်မှုတွေရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာခဲ့လျှင်မူ၊ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ပြိုင်ဘက်လူမျိုးစုတွေရဲ့ အမြင်မှာ အမြင်မကြည်စရာ ဖြစ်နေတတ်ပါတယ်။ ပြိုင်ဘက်လူမျိုးစုတွေရဲ့ အမြင်မှာက အသွင်ကူးပြောင်းမှုကို လုပ်ခဲ့တဲ့ လူမျိုးစုဟာ ဒီမိုကရေစီအ စိုးရ သစ်တစ်ရပ်ကို ဖွဲ့စည်းလာပြီး အခြားလူမျိုးစုတွေအပေါ်မှာ လွှမ်းမိုးမှုတွေ လုပ်လာနေတယ်လို့ မြင်နေတတ်ကြပါတယ်။

အံ့အားသင့်စရာ အချက်ကတစ်ခုက အရှေ့တောင်အာရှဒေသမှာရှိတဲ့ အာဏာရှင်တစ်ပိုင်း (သို့မဟုတ်) ဒီမိုကရက်တစ်တစ်ပိုင်း နိုင်ငံတွေ မှာ ဒီမိုကရေစီအတွက် ရှေ့တိုးလှုပ်ရှားမှုတွေက အကြီးအကျယ်ကို မျက်နှာလွှဲခံရတဲ့ အချက်ဖြစ်ပါတယ်။ မျှခြေတစ်ခုကို အသည်းအသန် ဖမ်းဆွဲထားရတဲ့ ဒီနိုင်ငံတွေက အုပ်စိုးသူတွေအဖို့၊ မလေးရှားမှာတော့ ဒီမိုကရေစီအတော်လေး ရှိတယ်ဆိုနိုင်ပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားက တော့ သူ့နောက်နားမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ရှိနေတဲ့ လူထုရဲ့မကျေနပ်မှုတွေကတော့ ထိုင်း၊ မြန်မာနဲ့ ဖိလစ်ပိုင်တို့ရဲ့ ပြည်သူတွေရဲ့ မကျေနပ်မှု အစိုင်အခဲတွေလောက်တော့ ကြီးမနေနိုင်ပါဘူး။ မလေး၊ စင်ကာပူ၊ အင်ဒိုတို့မှာ လူမျိုးရေးအရ အသာစီးရမှု တွေ ရှိနေပေမယ့်၊ အာဏာပိုင်စိုးမှုကနေ ပါဝင်ခွင့်ရှိခြင်း၊ ဖယ်ထုတ်ထားခြင်းဆိုတဲ့ ကိစ္စက အတိုင်းအတာတစ်ခုအထိ မရေမရာအနေအ ထားပဲ ရှိနေသေးပြီး အစိုးရတွေ ကိုယ်နှိုက်ကတော့ ဒီမိုကရေစီရေး ရှေ့တိုးလာတဲ့ ခြေလှမ်းတွေကို ခိုင်ခိုင်မာမာကိုပဲ တားထားနိုင်ပါသေး တယ်။ ကမ္ဘာလုံးအနှံ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ အားကောင်းနေတဲ့ အချိန်မှာကိုပဲ၊ ဒီနိုင်ငံတွေမှာတော့ လှုပ်ရှားမှုတွေကို တွေ့ရခဲ့သလို၊ (လူနည်းစုလူမျိုးတွေကို အာဏာပိုင်ခွင့်ကနေ ဖယ်ထုတ်မှုအမြင်ကကြည့်ရင် အခြေအနေပိုဆိုးစေမယ့်) လက်ရှိအာဏာပိုင်အဖွဲ့တွေရဲ့ အပြောင်းအလဲကို တားဆီးထားနိုင်မှု အင်အားနဲ့ပတ်သက်ပြီး လူထုအမြင်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျေနပ်နှစ်သိမ့်နေအောင် ချွေး သိပ်ပေးထားနိုင်မှုတွေ ရှိနေတာ သိသာနေပါတယ်။

အာဏာရှင်နိုင်ငံတစ်နိုင်ငံမှာ လူနည်းစုလူမျိုးတွေကို ဖယ်ထုတ်ထားမှုဟာ ပိုအားကောင်းလေလေ၊ အစိုးရဟာ ပုံမှန်အားဖြင့် အပြောင်းအ လဲတွေကို ဆန့်ကျင်ဖို့ ပိုတက်ကြွလေလေ ဖြစ်ပါတယ်။ လူမျိုးရေးအရ ဖယ်ထုတ်ထားမှုတွေရှိတဲ့ အစိုးရတွေကို ကြည့်ရင် ယေဘုယျကွဲလွဲ ပုံနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက အုပ်စုနှစ်စုပဲရှိတဲ့အထဲမှာ အနိုင်ရသူလူစုက အုပ်ချုပ်တဲ့ ပုံစံပါ။ ဒီပုံစံမှာတော့ နိုင်ငံတော်လူဦးရေရဲ့ တစ် ဝက် ဒါမှမဟုတ် တစ်ဝက်ထက်များတဲ့လူစုက ကျန်တဲ့ရှိရှိသမျှလူမျိုးစုတွေအပေါ် လွှမ်းခြုံထားမှုပါ။ နောက်ပုံစံတစ်ခုကတော့ လူနည်းစုအ သာစီးရနေတဲ့ အုပ်ချုပ်သူလူစုဖြစ်ပါတယ်။ အဲဒီပုံစံမှာတော့ အရင်ပုံစံထက် ပိုကျဉ်းမြောင်းသွားပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေး ကောက်ပွဲတွေအပြီးမှာ လူနည်းစုတစ်စု၊ ဒါမှမဟုတ်နှစ်စုလောက်က စုစည်းလိုက်ပြီး ကျန်တဲ့သူတွေကို အုပ်စိုးမှုပါပဲ။ ဒီပုံစံနှစ်ခုစလုံးမှာ ဆိုရင် အခြားသော အတိုက်အခံလူမျိုးစုတွေက အာဏာရလာနိုင်စေမယ့် အပြောင်းအလဲမှန်သမျှကို အုပ်စိုးသူတွေအဖို့ အတိုက်အခံ လုပ် သွားကြဖို့ တွန်းအား ကိုယ်စီ ရှိနေကြတာချည်းပါပဲ။

အုပ်စုနှစ်စုပဲရှိပြီး အနိုင်ရတဲ့လူစုက အာဏာပိုင်တယ်ဆိုတဲ့ ပုံစံမှာဆိုရင် အစိုးရတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခါးသီးတဲ့ အတွေ့ အကြုံတွေ ရှိဖူးကြတာများပါတယ်။ သူတို့ရဲ့ပြိုင်ဘက်လူမျိုးစုပါတီတွေက သူတို့အပေါ် အသာစီးရသွားမှုတွေကို ရင်ဆိုင်ရဖူးမှာပါ။ ဒါ ကြောင့်လည်း ဒါမျိုးပြန်ကြုံရမှာမျိုးကို ဆန္ဒအနည်းငယ်ပဲ ရှိတတ်ကြပါတယ်။ ဥပမာဆိုရင် တိုဂိုနဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေကို ကြည့်နိုင်ကြပါ တယ်။ နှစ်နိုင်ငံစလုံးမှာ မြောက်ပိုင်းသားအစိုးရတွေ ရှိကြပါတယ်။ (တိုဂိုမှာက ကဘာရိုင်တွေနဲ့ ကွန်ဂိုမှာက မာဘိုချီလူမျိုးတွေပါ။) ဒီနိုင်ငံစ လုံးမှာ စစ်တပ်အာဏာသိမ်းမှုက ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်လိုက်ရင်းကနေ အစိုးရတွေက အာဏာရလာကြတာချည်းပဲ ဖြစ်ပါတယ်။ အစိုးရနှစ်ရပ်စလုံးအနေနဲ့ သူတို့ရဲ့ တောင်းပိုင်းသား အ တိုက်အခံတွေအပေါ်မှာ ဒီမိုကရေစီနည်းကျ အာဏာခွဲဝေပေးဖို့ စိတ် ကူးမျိုး မရှိကြပါဘူး။ (တိုဂိုမှာ တောင်ပိုင်းသားတွေက အီဝီလူမျိုးတွေ ဖြစ်ပြီး၊ ကိုဂိုမှာတော့ တောင်ပိုင်းသားတွေက လာရီလူမျိုးတွေပါ။) လက်တွေ့မှာလည်း အစိုးရနှစ်ရပ်စလုံးအနေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် တွေကို ကဖျက်ယဖျက်လုပ်ဖို့ကိုပဲ ခြေလှမ်းပြင်ခဲ့ကြပါတယ်။

အခု Democratic Republic of the Congo ဆိုပြီးဖြစ်နေတဲ့ ဇိုင်ယာလို နိုင်ငံမျိုးမှာဆိုရင် လူနည်းစုအသာရမှုရှိခဲ့ပြီး အစိုးရတွေက ဒီမိုက ရေစီအသွင်ကူးပြောင်းမှုတွေကို တားဆီးဖို့အတွက် ပိုပြီးကြမ်းတမ်းလွန်းတဲ့ နည်းလမ်းတွေကို အသုံးချဖို့ စိတ်ကူးရှိနေတတ်ပါတယ်။ အ တော်များများက ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို ကဖျက်ယဖျက်တွေ အကြီးအကျယ်လုပ်တတ်ကြပါတယ်။ ကင်ညာမှာ ဆိုရင်လည်း ကာလန်ဂျင်လူမျိုးတွေ ဦးဆောင်နေတဲ့ လူနည်းစုအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ဖိအားကြောင့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲတစ်ခုကို ကျင်းပါပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တာဝန်ယူထားဆဲ သမ္မတ Daniel arap Moi ကတော့ အတိုက်အခံတွေ အပေါ် ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ လူမျိုးရေးခွဲခြားတာတွေကို ပေါင်းစပ်အသုံးပြုရင်း၊ သမ္မတရွေးကောက်ပွဲမှာရော၊ ပါလီမန်မှာ လူ များစုနေရာရဖို့မှာပါ မဲတဲ့ရဖို့အတွက် သူ့ကိုယ်ပိုင်လူမျိုးစုကိုရော၊ အခြားသေးငယ်တဲ့ လူနည်းစုလူမျိုးတွေရဲ့ မဲတွေကို အများအပြား ရယူခဲ့ ပါတယ်။ ရလဒ်အနေနဲ့ကတော့ နိုင်ငံရဲ့ အကြီးဆုံးလူမျိုးစု နှစ်စုဖြစ်တဲ့ ကီကူယူနဲ့ လူအိုလူမျိုးစုတွေကို ဘေးဖယ်ထားနိုင်ခဲ့ပါတယ်။ အဲဒီလို ပဲ ကင်မရွန်းရဲ့ သမ္မတ Paul Biya ဟာလည်း ဘီတီနဲ့ ဘူလူ လူမျိုးစုတွေရဲ့ အဓိကထောက်ခံမှုနဲ့ အစိုးရဖြစ်လာခဲ့ပေမယ့် ကျန်တဲ့လူမျိုးစု တွေရဲ့ ဆန့်ကျင်တာကို ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပချိန်မှာ လူမျိုးရေးအရ ခွဲခြားမှုတွေဖြစ်ပွားလာပြီး အဓိကပါတီက ရွေးကောက်ပွဲ ကို သပိတ်မှောက်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ပဲ Biya အနေနဲ့ သူ့ပါတီကဦးဆောင်တဲ့ ဥပဒေပြုညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို၊ သမ္မတရွေး ကောက်ပွဲမှာလည်း မဲအများစုကို ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဓိကအတိုက်အခံတွေအပေါ် ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ ပါတော့တယ်။ ဒီလိုနဲ့ပဲ ရွေးကောက်ပွဲလုပ်ခဲ့ပေမယ့် လူနည်းစုတွေကပဲ ဦးစီးနေတဲ့ အာဏာရှင်အစိုးရကပဲ ဆက်လက်အသာစီး ရခဲ့ရပါ တော့တယ်။ နောက်တစ်ခုက ဂါနာပါ။ ဂါနာမှာတော့ စစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ Jerry Rawlings က သမ္မတရာထူးကို ရခဲ့ပါတယ်။ သူ့ ကိုယ်ပိုင်လူမျိုးစုဖြစ်တဲ့ အီဝီတွေ ကြီးစိုးတဲ့ဒေသတွေမှာ ၉၃% အထိ မဲတွေရခဲ့ပေမယ့်၊ အတိုက်အခံလူမျိုးစုဖ်ြစတဲ့ အာရှန်တီတွေရဲ့ ဒေသ မှာတော့ မဲသုံးပုံတစ်ပုံတောင် မရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဂိုဏ်းကွဲမှုတွေ ဖြစ်လာရပြန်ပါတယ်။

ဒါပေမယ့် ဝမ်းသာစရာက အခုလို ကဖျက်ယဖျက် ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာတော့ အောင်ပွဲမခံနိုင်ပါဘူး။ ဘီနင်နဲ့ ဇန်ဘီယာတို့မှာဆို ရင် လူနည်းစုအစိုးရတွေက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ လူထုရဲ့တောင်းဆိုချက်ကို မငြင်းဆန်နိုင်ခဲ့သလို၊ တကယ်တမ်း ရွေးကောက်ပွဲကျင်းပရာမှာလည်း ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေဟာ ချွင်းချက်တွေပါ။ ဒီလောက်အချက်လောက်နဲ့တော့ လူမျိုးစုဒီမို ကရေစီ ထူထောင်ရေးပြဿနာရဲ့ သရုပ်သကန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ မရှိသေးပါဘူး။

လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုအများစုဟာ လူမျိုးရေးခွဲခြားမှုရှိနေတဲ့ အစိုးရတွေကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေ ဖြစ် နေတတ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှု မရချိန်မှာတော့ နောက်ပြန်ဆွဲမှုတွေ ဖြစ်လာစေပြီး၊ ဒီမိုကရေစီအလားအလာတွေကို အား ကောင်းလာစေမယ့်အစား၊ ပိုမိုဆုတ်ယုတ်အားနည်းသွားစေပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လာရင် သီရိလင်္ကာ၊ ဆူဒန်နဲ့၊ မြန်မာတို့ကို ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူမျိုးရေးနဲ့နွယ်တဲ့ တော်လှန်ပုန်ကန်မှုတွေဟာ အစိုးရအဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အပေါ် စိုးရိမ်နေစေဖို့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေပါတယ်။ တကယ်လို့ တော်လှန်ပုန်ကန်မှုတွေ အနိုင်ရတယ်ပဲ ထား ဦး၊ ဒါမှမဟုတ် အပြတ်အသတ် အနိုင်မရတောင် အစိုးရကို လိုက်လျောလာသည်အထိ ဖိအားပေးနိုင်သည်ပဲ ထားဦး၊ ရလဒ်တွေက ဒီမိုက ရေစီ လိုလားသူတွေအဖို့ စိတ်ပျက်စရာကောင်းနေတတ်ပါတယ်။ လိုက်ဘေးရီးယားနဲ့ ဆိုမာလီယာတို့မှာ လူမျိုးရေးနဲ့နွယ်တဲ့ တော်လှန်ပုန် ကန်မှုတွေက အောင်မြင်ခဲ့ပေမယ့် ရှေ့ဆက်ပြီး လူမျိုးရေးအရ အကြမ်းဖက်မှုတွေနဲ့ စစ်မက်တွေသာလျှင် ဆက်ဖြစ်လာစေခဲ့ပါတယ်။ ဇန် ဘာဘွေမှာတော့ မျိုးချစ်တပ်ဦးအဖွဲ့က အနိုင်ရခဲ့ပြီးတဲ့နောက်၊ လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့ပေမယ့်၊ ရှိုနာလူမျိုးတွေ ဦးဆောင်တဲ့ Robert Mugabe အစိုးရဟာ Joshua Nkomo ဦးဆောင်တဲ့ အတိုက်အခံ နဒီဘယ်လီလူမျိုးတွေအပေါ် စစ်မက်ပြုခဲ့ပြီး အဆုံးသတ်မှာ တော့ Nkomo တို့ဘက်က အရှုံးပေးခဲ့ရရင်း တစ်ပါတီအာဏာရှင်နိုင်ငံအဖြစ်ကို ကျရောက်သွားခဲ့ရပါတယ်။ အာဖဂန်ပြည်တွင်းစစ်မှာဆို ရင်လည်း၊ မြောက်ပိုင်းက တာဂျစ်တွေ၊ ဥဇဘက်တွေနဲ့ တောင်ပိုင်းက ပထန်တွေအကြား ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး၊ နှစ်ဘက်စလုံးက ဒီမိုက ရေစီအရေး လိုလားမှုတွေ မရှိကြပါဘူး။ တာဂျစ်ကစ္စတန်မှာလည်း ဒီလိုရလဒ်မျိုးပါပဲ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးတဲ့နောက် သိပ်မကြာ လိုက်ပဲ လူမျိုးရေးအရ ကွဲပြားနေကြတဲ့ အုပ်စုတွေအချင်းချင်း သွေးချောင်းစီသတ်ပွဲတွေကို ဖြစ်ပွားစေခဲ့ပါတယ်။ လက်နက်ကိုင် ပုန်ကန် တော်လှန်မှုတွေဟာ ဒီမိုကရက်တစ် အဖွဲ့အစည်းမူဘောင်တွေ တည်ထောင်မှုမှာ အားကောင်းတဲ့ အထောက်အပံ့တွေ မဟုတ်ပါဘူး။

တကယ့်ကို အခွင့်သာတဲ့ အခြေအနေတွေမှာတောင်မှပဲ၊ အာဏာရှင်တွေကို စစ်မြေပြင်မှာ အနိုင်ရလိုက်ခြင်းဟာ အနိုင်ရလိုက်တဲ့ ပုန်ကန် သူတွေအနေနဲ့ သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အောင်အောင်မြင်မြင် လုပ်နိုင်စေမယ်လို့ အာမခံ ချက်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ဒီလိုအနေအထားမျိုးကို အီသီယိုးပီးယားမှာ တွေ့နိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်လိုမှု၊ ဒီမိုက ရေစီကို လိုလားမှုတွေကို အဲဒီနေရာမှာ တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်သူ အုပ်စုကြီး သုံးခုအနက်က နှစ်ခုဖြစ်တဲ့ တီဂရာရန် တွေနဲ့ အိုရိုမိုတွေဟာ တတိယမြောက်လူမျိုးစုဖြစ်တဲ့ အီရစ်ထရီယံတွေကို သီးခြားနိုင်ငံခွဲထွက်ခွင့် ပေးမယ်လို့ သဘောတူခဲ့ပါတယ်။ ကျန်ခဲ့ တဲ့ အုပ်စုနှစ်စုကတော့ နိုင်ငံရဲ့ ခေါင်းဆောင်အသစ်အနေနဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုကို ထူထောင်ပြီး ကျန်တဲ့ လူနည်းစုလူမျိုးတွေအတွက် လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတော်အသင့် ပေးသွားနိုင်ဖို့ ရည်ရွယ်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အိုရိုမိုလူမျိုးစုခေါင်း ဆောင်တွေအနေနဲ့ အရင်ကပါတနာဖြစ်ဖူးတဲ့ တီဂရာရန်တွေသည် ၁၉၉၂ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲလာပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံထဲမှာ အကြီးဆုံးလူမျိုးစုဖြစ်တဲ့ အိုရိုမိုလူမျိုးတွေက နောက်ထပ် ပုန်ကန်မှုအသစ်ကို စလုပ် တော့တာပါပဲ။ အိုရိုမိုတွေ ညွှန့်ပေါင်းအဖွဲ့က ခွဲထွက်သွားခြင်းဟာ ကျန်တဲ့သူတွေကို ဘာမှကြိုတင် ညှိနှိုင်းမှုမရှိပဲ တစ်ဘက်သက်ဆန္ဒနဲ့ လုပ်သွားတာပါ။ ဒီလိုနဲ့ပဲ တီဂရာရန်တွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေက ပါလီမန်မှာ ၉၀% ကျော် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးဇာတ်ပေါင်း ချိန်မှာတော့ အီသီယိုးပီးယားမှာ အပြန့်ကျယ်တဲ့ လူမျိုးရေးတော်လှန်ပုန်ကန်မှုတွေကနေတဆင့် တီဂရာရန်လူမျိုးတွေ ကြီးစိုးထားတဲ့ လက်နက်ကိုင်တပ်တွေ ပေါ်ပေါက်လာပြီး နိုင်ငံသည်လည်းပဲ သေးငယ်တဲ့ လူနည်းစုကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ကျ ရောက်သွားခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါမျိုးရလဒ်မျိုးဟာ တော်လှန်ပုံကန်မှုတွေ မရှိပဲနဲ့လည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို မြင်ရပါဦးမယ်။

(ဆက်ပါဦးမယ်...) Giacomo

Thursday, August 29, 2013

နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ

“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း...”

အနန္တသူရိယ။
ပုသိမ်မြို့၏ အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့် ဧည့်သည်အချို့ ယခုနှစ် သြဂုတ်လအတွင်းက ရောက်ချလာသည်။ သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့် အဖြူရောင်စာရွက်တစ်ခု ပါလာသည်။
အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့် အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက် စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။ ဧည့်သည် ယူလာသည့် စာရွက်ကတော့ လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကတည်းက ပညာသင်ကြားရန် အိမ်က ထွက်ခွာသွားသည့် သူ၏ သားဖြစ်သူတစ်ယောက် ဒီမိုကရေစီနှင့် အမှန်တရားအတွက် အသက်စွန့်သွားခဲ့ခြင်းကို ဂုဏ်ယူဝမ်းနည်းကြောင်း စာနာသူအချို့ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းဖြစ်သည်။
သူ၏ သားဖြစ်သူသည် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုစိုးနိုင် ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။ ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာ ခံစားခဲ့ရသည့်အမေအိုနှင့် သူတို့ မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေခဲ့သည်။

ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့် ကိုစိုးနိုင်သည် ရန်ကုန်ကြို့ကုန်းစက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် RIT ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည်လည်း အခြားကျောင်းနေဖက်သူငယ်ချင်းများလို ရည်မှန်းချက်အပြည့်ဖြင့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေသူတစ်ယောက် ဖြစ်သည်။ အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏ အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်က စစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။

ရည်မှန်းချက်ကြီးမားသော်လည်း အတန်ငယ် မပြည့်မစုံဖြင့် ရုန်းကန်နေရသည့် သူတို့မိသားစုအတွက်တော့ကိုစိုးနိုင်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးပြီး ပြန်လည်ထောက်ပံ့ရေးကသူတို့အတွက်တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။

သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။ ၀ါဒဖြန့်ချိရေးဇာတ်ကားများတွင် ရည်မွန်သည့်ဟန်ပန် ရှိခဲ့သော်လည်း လက်တွေ့တွင် မာကျောခက်ထန်ပြီး ရက်စက်သည့် မျက်နှာထားများနှင့်
လုံထိန်းအချို့သည် ကိုစိုးနိုင် ပညာသင်ကြားရာ အင်းစိန် RIT ၀င်းကို ၀ိုင်းထားလိုက်သည်။
သူတို့သည် ထိုနေ့မတိုင်မီ (၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်) နေ့က လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် အရပ်သား စကားများရာမှ စတင်သည့် ပြဿနာကိုဖြေရှင်းရန် လာရောက်ကြခြင်းဖြစ်သည်။ အမိန့်နာခံသည်မှ လွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံ မပေါ်သည့် လုံထိန်းတပ်သားများက သူတို့၏ သေနတ်ပြောင်းဝကို
ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက
ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။ “သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက် ပစ်ခဲ့တယ်”
သူတို့ ပစ်လိုက်သည့် ကျည်ဆန်များထဲမှ တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်း မြေပေါ်လဲ ပြိုခဲ့ရသည်။ လုံထိန်းပစ်လွှတ်လိုက်သော သေနတ်ကျည်ဆန်သည် သူ၏ ရှေ့မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်ကိုသာမက သူ့အား မျှော်လင့်တကြီးစောင့်မျှော်နေသည့် အခြားမိသားစုဝင်များ၏ ဘ၀ကိုပါ လဲပြိုစေသည်ကို လုံထိန်းရဲဘော် သိဟန် မတူ။ ပွဲချင်းပြီး သေဆုံးသွားသော ကိုဖုန်းမော်၊ ဆန္ဒပြကျောင်းသား ကိုစိုးနိုင်နှင့် ကိုမြင့်ဦး အပါအ၀င် ကျောင်းသားခြောက်ဦးထက်မနည်း သေနတ်မှန်ခဲ့ရသည်။
“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက် ၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု
အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးက ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးနေကြသည့် ကျောင်းသားများအား လုံထိန်းများက သေနတ်ဖြင့် ပစ်သတ်သည်ဆိုသော
သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။
သို့သော်လည်း အာဏာရှင်ဦးနေ၀င်းနှင့် အပေါင်းအပါများက ကိုစိုးနိုင်အပေါ်လုပ်သည့် လုပ်ရပ်များကရက်စက်သည်ဆိုသည့် စကားထက်ပင် ပိုကောင်းပိုလိမ့်မည်။ ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။
 

 ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ ခြေလက်များကို သံကြိုးများအသုံးပြုကာ
ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။
ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့် ပုသိမ်မြို့တွင် နေထိုင်သည့် ကိုစိုးနိုင်မိသားစုဝင်များက
သူ၏ သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကို ရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ ဖခင်ဖြစ်သူ ပုသိမ်မြို့မှ ထွက်လာတော့ ယာယီဆောက်ထားသည့် ၀ါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို
စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏ အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။

ကိုစိုးနိုင်၏ ဖခင်ဖြစ်သူသည် ဦးနေ၀င်း၏ လမ်းစဉ်ပါတီဝင်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ယခုခေတ်အဆိုအရ တိုင်းဒေသကြီးအလုပ်သမားဝန်ကြီး အဆင့်လောက်အထိ တာဝန်ယူခဲ့ဖူးသည်။ သို့သော်လည်း အာဏာရှင်တို့သည် သူတို့အုပ်စိုးနိုင်ရေးကို ထိခိုက်လာမည်ဆိုပါလျှင် ဘာကိုမှအရေးမထား။

RIT ကျောင်းဝင်းထဲတွင် ပစ်သတ်ခဲ့သော ကိုဖုန်းမော်တစ်ယောက်သည်လည်း လမ်းစဉ်လူငယ်ခေါင်းဆောင်တစ်ဦးပင် မဟုတ်ပါလား။ ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့
သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။
“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့
မှာသွားတယ်”ဟု ကိုစိုးနိုင်၏ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက ပြောသည်။
“ဆုံးခါနီး သုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်းကို သူတောက်လျှောက်ဆိုနေခဲ့တယ်။
 

အဲဒီအချိန်မှာ ကျွန်တော်က အခြေအနေဆိုးနေခဲ့တာ။ သူက လာကြည့်တဲ့သူတိုင်းကို
ကျွန်တော့်ကို ဂရုစိုက်ဖို့ပဲမှာနေတာ”ဟု နောက်ဆုံးအချိန်ထိ ကိုစိုးနိုင်ဘေးတွင် ရှိနေခဲ့သည့် ကိုမြင့်ဦးက ပြောသည်။ရန်ကုန်တွင် အကျဉ်းချုံး ကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက
တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ ညီငယ်နှစ်ဦးစလုံး ဆယ်တန်းစာမေးပွဲဖြေနေဆဲမို့ သူ့အစ်ကိုသတင်း မပြောရက်သောကြောင့် ဖခင်ဖြစ်သူက အိမ်တန်းမပြန်ခဲ့ဘဲ ပုန်းနေခဲ့ရသည်။

“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။
အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီး မငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့ မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးက ပြောသည်။
ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အစိုးရ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် သူတို့ မိသားစုနှင့် ပတ်သက်ဖို့ ၀န်လေးကြသူအချို့ ရှိခဲ့သည်ဟု သူကပြောသည်။ ထိုအထဲတွင် ဆွေမျိုးအချို့ပင် ပါဝင်ခဲ့သည်။
 

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက
ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ ညီ ဆယ်တန်းကျောင်းသားများကိုပါ ဖိအားပေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။
“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။ ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ) အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ) တောင်မပါဘူး။ အားလုံးက နားလည်လိုက်တယ်။ တမင်လုပ်တာလို့” ဟု ကိုစိုးနိုင်၏ ညီငယ် ကိုအောင်ကျော်စိုးက ပြောသည်။ နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့်
ပညာရေးကို သူ စွန့်လွှတ်လိုက်သည်။ကိုစိုးနိုင်၏ ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများ ခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။
လွန်ခဲ့သော ၂၅ နှစ်ကျော်က လုံထိန်းရဲဘော်ပစ်လိုက်သည့် ကျည်ဆန်များ၏ အကျိုးဆက်ကို
သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ ရသောသူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့ မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်းမရှိခဲ့ဖူးပေ။


သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။
ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊
ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့်
အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့ မရခဲ့ကြ။

လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း
အရေအတွက် အတိအကျ မသိနိုင်သည့် နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။
သူတို့၏ မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း
ဘယ်သူမှ အတိအကျ မသိခဲ့ကြ။
“ကျွန်မတို့ မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တ မရမိခဲ့ဘူး။ ကျွန်မတို့ မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက ဆိုသည်။
ပြီးတော့ အဝေးကို ငေးနေခဲ့သည်။
ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များ ယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။

ရေးသားသူ- ထွန်းခိုင်။

from Kyaw Than

Sunday, June 2, 2013

စပ်မိစပ်ရာ...

ကျွန်တော်က လူမည်းတွေကို မကြိုက်ဘူး... သူတို့ကိုနှိမ်တာ၊ အသားအရောင်ခွဲခြားတာ မဟုတ်ဘူး... မည်းမည်းကြီးကို မကြိုက်တာ... ကျွန်တော်နဲ့ အသားရောင်မတူတာကို မကြိုက်တာ... မည်းမလား၊ ဖြူမလားဆို ဖြူတဲ့ဘက်ကိုပဲ tendency ရှိတာ... ဒါပေမယ့် မင်းကအသားမည်းကြီး မင်းကငါထက်နိမ့်ကျတယ်... မင်းနဲ့ငါနဲ့ မခေါ်ဘူးလို့ ကျွန်တော်သဘောမထားဘူး... သူ့ကိုနိမ့်ကျတဲ့သူလို့ မမြင်ဘူး... အပြစ်သားတွေလို့ သဘောမထားဘူး... သူနဲ့လက်ဆွဲနှုတ်ဆက်နိုင်တယ်... ပုခုံးဖက်ပေါင်းသင်းနိုင်တယ်... အတူတူရယ်မောနိုင်တယ်... သူတို့ပုခုံးကိုမှီပြီး အားငယ်နေတဲ့အချိန်မှာ ငိုနိုင်တယ်... သူတို့အားငယ်နေတဲ့အချိန် လက်တွေကို ဆုတ်ကိုင်ပြီး အားပေးနိုင်တယ်... ဘောလုံးပွဲကြည့်ရင် အက်ရှ်လေယန်းတို့၊ အီဗရာတို့၊ ဝဲလ်ဘက်ခ်တို့ကို ကိုယ့်တူကိုယ့်သား ကိုယ့်ယောက်ဖတွေ ကန်နေတဲ့အတိုင်းကို အားပေးတယ်... သူတို့ကိုနိုင်စေချင်တယ်... ဒါပေမယ့် ကျွန်တော့်ကိုယ်နှိုက်ရော... ကျွန်တော့်သားသမီးတွေရော... အဲဒီလို မည်းမည်းကြီး ထွက်လာမှာလားဆိုရင်တော့ ကျွန်တော်မကြိုက်တာ အမှန်ပဲ... အဲဒီမည်းမည်းကြီး ဖြစ်နေတာကြီးကို မကြိုက်တာ... ကျန်တာအားလုံး OK ... ဒါပေမယ့် မည်းတာကြီးကနေ အတင်းကြီးဖြူအောင်လုပ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ လုပ်ရပ်ကိုလည်း သဘောမကျဘူး... ကိုယ်ကအစကတည်းက အမည်းပဲ... ဘာဖြစ်လဲမည်းမည်းပေါ့... ကျွန်တော်တို့ကိုလည်း အသားဝါတွေဆိုပြီး နှိမ်တာပဲ... ငါ့အသားကြီးက ဝါနေလို့ စိတ်ဆင်းရဲတယ်ရယ်မရှိ... သူတို့လို ဖြူဖတ်ဖြူလျောနဲ့ မှဲ့ခြောက်တွေ တသီကြီးနဲ့ အသားရောင်မျိုးတော့ မလိုချင်ပေါင်... အသားဝါလို့ မခေါ်ချင်မပြောချင်ဘူးဆိုလည်း နေပေါ့... တို့တတွေက လေညာက အနေသာကြီးပဲ...

အဲသလိုပဲ အစ္စလမ်ဘာသာကို ကျွန်တော်မကြိုက်ဘူး... အဓိကက နားလည်ဖို့၊ ရင်းနှီးဖို့ ခက်ခဲတာ... ကျန်တာအားလုံး OK တယ်... ကျွန်တော်တို့ ကွန်ပျူတာသမားတွေ ပြောတဲ့စကားရှိတယ်... (A computer) seems to me to be an Old Testament god with a lot of rules and no mercy. တဲ့... အဲဒီဘာသာကို လေ့လာရတာ...၊ ဆိုလိုရင်းက ဘာဆိုတာကို နက်နက်နဲနဲ သိနိုင်ဖို့ ကြိုးစားရတာ အရမ်းခက်ခဲတယ်... အဓိကက စောစောက ပြောသလို၊ ကျွန်တော့်အနေနဲ့ မကြိုက်ဘူးဆိုတာက ဒီဘာသာက ကျွန်တော့်အတွက် လေ့လာဖို့ ခက်ခဲလွန်းနေတာကြောင့်... ကျွန်တော်က သာမန်ခရစ်ယာန်တွေထက် သမ္မာကျမ်းကို ပိုလေ့လာဖူးတယ်... Abrahamic religions  တွေက တစ်ခုကိုတစ်ခု မတူညီကြဘူးလို့ ယူဆတဲ့ အမြင်အရကြည့်ရင်... ဂျူးဘာသာနဲ့ အစ္စလမ်ဟာ ကျွန်တော့်အတွက်တော့ a lot of rules and no mercy ပဲ... ခရစ်ယာန်ဘာသာက ရှင်းတယ်... Love ဆိုတဲ့ ချစ်ခြင်းမေတ္တာဟာ ဒုတိယဘုရားသခင်ပဲ၊ ချစ်ခြင်းမေတ္တာဟာ ဧမာနွေလပဲ... God with us ပဲ...

§   သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ၊ အငြိုးမထားရ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။(ဝတ်ပြုရာကျမ်း ၁၉း၁၈)
§   သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ (ဝတ်ပြုရာကျမ်း ၁၉း၃၄)
§   ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့၊ ရန်သူကိုမုန်းလော့ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏သား ဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့၊ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့၊ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့၊ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ (မဿဲ ၅း၄၃-၄၄)
§   မိဘကိုရိုသေစွာပြုလော့၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။ (မဿဲ ၁၉း၁၉)
§   သင်၏ဘုရားသခင်(ဖြစ်သော) ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။(ရှင်မာကု ၁၂း၃၀-၃၁)
§  ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကိုလည်း ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။ ထိုသို့ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည် သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့် မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။(ရှင်မာကု ၁၂း၃၂-၃၄)
§  အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။ အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့် လူ့အသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင်ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။(ရောမ ၁၃း၈-၁၀)
§  အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။(ဂလာတိ ၅း၁၄)
§  ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။(ယာကုပ် ၂း၈)

ဒီလောက်ဆိုရင် ကျွန်တော် ဘယ်လောက်အထိ အဲဒီဘာသာကို ထဲထဲဝင်ဝင် လေ့လာခဲ့တယ်ဆိုတာ တွေ့မယ်... နောက်တစ်ခါ ခရစ်ယာန်ဘာသာမှာ ချစ်ခြင်းမေတ္တာသည် အသက်သွေးကြောပဲ။ ဗုဒ္ဓဝါဒမှာ အရဟတ္တဖိုလ်နဲ့ မဂ္ဂင်ရှစ်ပါးဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုသလို၊ ခရစ်ယာန်ဘာသာမှာ ယုံကြည်မှုနဲ့ ချစ်ခြင်းတရားဟာ အခရာအကျဆုံးဆိုတာ ဒီအပေါ်က ကျမ်းကိုးတွေမှာ မြင်နိုင်တယ်... အပြစ်ရှိသောသူတို့ကို ကယ်တင်ရန်အလို့ငှာ ဤလောကသို့ ကြွလာတော်မူသည်ဆိုတဲ့ ကျမ်းစကားက ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာသာ ရှိမယ်ဆိုရင် အပြစ်သားတွေဟာ သေခြင်းကလွတ်မြောက်ပြီး ချီမြှောက်ခြင်း၊ ရွေးချယ်ခံရခြင်းကို ခံရနိုင်တယ်ဆိုတဲ့ သက်သေကို သခင်ယေရှုက သက်သေပြသွားတယ်။ ငါ့လိုပဲ ဘုရားသခင်ကို ယုံကြည်၊ လူသားအချင်းချင်း ချစ်ခြင်းမေတ္တာထားမယ်ဆိုရင် ငါ့လိုပဲ သေခြင်းက တဖန်ပြန်နိုးထနိုင်တယ်ဆိုတာကို သက်သေပြခဲ့တာ။ အဲဒါကြောင့်လည်း သခင်ယေရှုကို နောက်ဆုံးအာဒံလို့ ခေါ်ကြတာ။ အာဒံကဆင်းသက်လာတဲ့ အပြစ်သားတွေဟာ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာသာရှိမယ်ဆိုရင် သေခြင်းက တဖန်ပြန်နိုးထနိုင်တယ်ဆိုတဲ့ နည်းလမ်းကို သခင်ယေရှုမတိုင်ခင်အထိ မသိခဲ့ကြဘူး၊ မမြင်ဖူးခဲ့ကြဘူး။ ဒါကိုတွန်းလှန်ပြီး ကောင်းကင်နိုင်ငံရှိတယ်၊ တဖန်ပြန်နိုးထနိုင်တယ်၊ ဒီအတွက် ဘုရားသခင်အပေါ် ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို ကျင့်သုံးရမယ်ဆိုတာကို လက်တွေ့သက်သေပြခဲ့တဲ့ သခင်ယေရှုကို နောက်ဆုံးအာဒံလို့ ခေါ်ကြတာပဲ။ ဒါကျွန်တော်နားလည်ထားတဲ့ ခရစ်ယာန်ဘာသာ။ ကျွန်တော့်လက်ခံမှု မှားတယ်လို့ ဘယ်တရားဟောဆရာကမှ ငြင်းလို့မရဘူး။

ဟိန္ဒူဘာသာဆိုရင်လည်း ဒီနေ့ခေတ် ဟိန္ဒူတွေ ကိုးကွယ်နေကြတာက တကယ့်မူရင်း ဟိန္ဒူဘာသာ အစစ်မဟုတ်ဘူး၊ ဘာနဲ့သွားတူလဲဆိုတော့ ပိဋကတ်တွေကို ကျွန်တော်တို့ အဋ္ဌကထာ၊ ဋီကာပြန်ဖွင့်သလိုပဲ၊ ဝေဒခေတ်မှာ မူရင်းဟိန္ဒူဘာသာကို အဖွင့်ကျမ်းတွေ အရမ်းရေးကြတယ်။ အဲဒီထဲမှာ ဂိုဏ်းဆရာတစ်ချို့က ဖန်ဆင်းရှင်ဝါဒကို တီထွင်လိုက်ကြတာ။ တကယ့်မူရင်း ဝေဒခေတ်မတိုင်ခင်၊ ဟိန္ဒူဘာသာမှာ ဖန်ဆင်းရှင်အယူဝါဒမရှိဘူး။ ဖန်ဆင်းရှင်အယူဝါဒရှိလာတဲ့အတွက်၊ ဂိုဏ်းဆရာတွေက ပူဇော်မှုကျမ်းတွေလည်း ရေးလာရတယ်။ ပူဇော်မှုကို ဦးစီးဆောင်ရွက်ရတဲ့၊ ယဇ်ပုရောဟိတ်တို့၊ ပုဏ္ဏားမျိုးနွယ်တို့ ဘာတို့လည်းရှိလာတယ်။ ဒါကနေ စားပေါက်ချောင်လာတယ်။ စားပေါက်ချောင်လာတော့ သူကသာဖန်ဆင်းရှင်ကို ပိုချဉ်းကပ်နိုင်တယ်၊ ငါ့ရဲ့ပူဇော်မှုနည်းလမ်းကသာ ဖန်ဆင်းရှင်အလိုတော်နဲ့ ကိုက်ညီတယ်ဆိုတာမျိုး ဖြစ်လာတယ်။ နောက်ဆုံးတော့ သူများထက်ထူး နဖူးဟိုဒင်းပေါက်အောင် ငါကအသာဆုံးပဲ၊ ဘာလို့လဲဆိုတော့ ငါကဖန်ဆင်းရှင်ဝင်စားတာဆိုတဲ့ reincarnation သမားတွေ၊ ဘာဘာတွေ၊ ပေါ်လာတာ။ ဝေဒခေတ်မတိုင်ခင် ဟိန္ဒူဘာသာမှာ အာကာသဓါတ်၊ ဇီဝဝိညာဉ်ဓါတ်ကြီးပဲရှိတယ်။ ဒီဓါတ်ကိုပဲ ဗုဒ္ဓဝါဒက အတ္တလို့ ခေါ်တာ။ ဒီအတ္တက အများလည်းဖြစ်တယ်၊ အများသည်လည်းပဲ အတ္တဖြစ်တယ်။ အတ္တသည် singular လည်းဖြစ်တယ်၊ plural လည်းဖြစ်တယ်။ အရာအားလုံးဟာ အတ္တဖြစ်တယ်၊ အတ္တဟာ အရာအားလုံးဖြစ်တယ်။ ဒီအတ္တကိုပဲ ဝေဒခေတ်ဆရာတွေက ဗြဟ္မာကြီးလို့ အကောင်အထည်ပေးလိုက်ကြတာ။ အဲဒီခေတ်မတိုင်ခင်က အတ္တသည် အကောင်အထည်မရှိဘူး၊ သူသည်ဓါတ်သဘောဆိုတဲ့ အဆင့်ပဲရှိတယ်။ ဝေဒခေတ်မှာ အကောင်အထည်ရှိလာတယ်။ ဒီဗြဟ္မာကြီးကနေ လူသားတွေ၊ သတ္တဝါတွေ ဆင်းသက်လာကြတယ်။ လူသားတွေ၊ သတ္တဝါတွေသည် ဒီဗြဟ္မာကြီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တယ်။ အတ္တရဲ့စင်ကြယ်မှုပေါ်မူတည်ပြီး၊ ဥပမာ ဗြဟ္မာရဲ့ခေါင်းပိုင်းက ဆင်းသက်လာတာဆိုရင် ဗြဟ္မဏမျိုး၊ ပုဏ္ဏားမျိုး၊ ဗြဟ္မာရဲ့ ရင်ဘက်က ဆင်းသက်လာတာဆိုရင် မင်းမျိုး၊ ဗြဟ္မာရဲ့လက်ကနေဆင်းသက်လာတာဆို မင်းမှုထမ်းမျိုး၊ စစ်သည်တော်မျိုး။ ဗြဟ္မာရဲ့ဝမ်းဗိုက်က ဆင်းသက်လာတာဆိုရင် ကုန်သည်မျိုး။ ခြေထောက်၊ ပေါင်၊ ဒူးတို့ကဆင်းသက်ရင် ကျေးမျိုး၊ ကျွန်မျိုးဆိုတာမျိုးတွေ ဖြစ်လာတယ်။ ပုဏ္ဏားမျိုး၊ ဗြဟ္မဏမျိုးတွေသာ ဒီဝေဒကျမ်းတွေကို ထိခွင့်ကိုင်ခွင့်ရှိတယ်။ ကျန်တဲ့သူတွေဖတ်ရင်၊ ထိရင် မြေမျိုမယ်၊ သေချင်းဆိုးနဲ့သေမယ်ဆိုတာတွေကို ဒီဝေဒဆရာတွေက ဇာတ်လမ်းဆင်လာတာ။

အဲဒီဖန်ဆင်းရှင်ဝါဒကိုသာ ဖယ်လိုက်ရင် ဟိန္ဒူဝါဒက အင်မတန်ကို လေ့လာလို့ ကောင်းတဲ့ဝါဒ ဖြစ်လာတယ်။ ယုတ္တိလည်းကျလာတယ်။ သူ့မှာက ဒါဝင်ရဲ့ evolution လို သီအိုရီမျိုးရှိတယ်။ ဥပမာ လောဘ၊ ဒေါသ၊ မောဟတွေ များလာရင် အတ္တဟာ ညစ်ညူးသွားတယ်။ ဒီညစ်ညူးနေတဲ့အတ္တကို အခြေခံလိုက်ရင် ဖြစ်လာတဲ့ အတ္တဘောရုပ်ကောင်ဟာ နိမ့်ကျတဲ့ဘဝ၊ အခြေအနေကို သက်ဆင်းသွားစေတယ်ဆိုတဲ့ အိုင်ဒီရောလော်ဂျီမျိုး သူတို့မှာရှိတယ်။ ဗုဒ္ဓဝါဒနဲ့ ကွာသွားတာက ဗုဒ္ဓဝါဒမှာက အတ္တဆိုတာမရှိဘူး၊ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ သတ္တိကြောင့်သာ ဒီလိုဖြစ်ရတယ်လို့ ဆိုတယ်။ သူတို့ကတော့ အတ္တဟာရှိတယ်၊ ရှိတဲ့အတ္တဟာ အမြဲတစေတည်မြဲနေတယ်၊ ကိုယ်နဲ့တစ်ပါတည်း အမြဲတစေကပ်တွယ်နေတယ်၊ ဒါဟာအသက်ဇီဝဓါတ်ဖြစ်တယ်ဆိုတဲ့ အယူဝါဒနဲ့ စဉ်းစားတယ်။ ဗုဒ္ဓအယူက ဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကြောင့် ပူတာမဟုတ်ဘူး၊ ဖယောင်တိုင်မီး၊ မီးခြစ်ဆံမီးမှာရှိတဲ့ မီးမှာရှိတဲ့ ပူတဲ့သတ္တိကြောင့်ပူတာ။ ဖယောင်တိုင်မီး၊ မီးခြစ်ဆံမီးကြောင့် ပူရတာပါဆိုရင် အဲဒီဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကို ယူလာလိုက်၊ ပြီးရင်အဲဒီမီးနဲ့ အပ်ကလေးတစ်ချောင်းကို အပူပေးလိုက်၊ အပ်ကတော်တော်လေး ပူလာပြီဆိုရင် အဲဒီဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကို ငြိမ်းလိုက်၊ အပ်ကပူသေးလားစမ်းကြည့်လိုက်။ ပူနေသေးတယ်မှတ်လား၊ ဒါဆိုရင် ဖယောင်းတိုင်မီးကြောင့်၊ မီးခြစ်ဆံမီးကြောင့် ပူတယ်လို့ ပြောလို့မရတော့ဘူး၊ ဘာလို့လဲဆိုတော့ စောစောကမှ ငြှိမ်းလိုက်ပြီလေ။ ဆိုတော့ကာ ဗုဒ္ဓဝါဒမှာက လောဘကြောင့်၊ ဒေါသကြောင့်၊ မောဟကြောင့် ညစ်နွမ်းခြင်းဖြစ်တာမဟုတ်ဘူး၊ သူတို့မှာရှိတဲ့ အကုသိုလ်ဆိုတဲ့ သဘောသွားကြောင့်သာ မီးဆီကအပူက အပ်ကိုအပူစီးကူးသလို၊ စီးကူးသွားရင်း အကုသိုလ်ရဲ့အကျိုးပေးကို ခံစားရတာ။ လောဘ၊ ဒေါသ၊ မောဟဆိုတာ စိတ်ကိုအခြေခံပြီး ဖြစ်ရတာမျိုးပဲ။ စိတ်ဟာတစ်စက္ကန့်လောက်အတွင်းမှာတင် ကုဋေပေါင်းများစွာ ဖြစ်ရတယ်၊ ပျက်ရတယ်။ သူကအင်္ကျီပေါ်စွန်းသွားတဲ့ ဆီချေးတွေလိုမျိုး၊ အတ္တအပေါ်မှာ အမြဲတမ်းကပ်ညိသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူလည်းဖြစ်ပြီးပျက်ရတာပဲ။ နောက်ဗုဒ္ဓဝါဒအရ အင်္ကျီလိုမျိုး အညစ်အကြေးကို အမြဲတစေသိုမှီး လက်ခံပေးထားတဲ့ အတ္တရယ်လို့ မရှိဘူး။ သဘောသွားလေးတွေက သူ့ဟာနဲ့သူ ကျန်ကျန်ခဲ့ရင် အကျိုးပေးတွေကို ဖြစ်စေတာပဲရှိတယ်။

ဒါပေမယ့်ဒီဝါဒကို ဖန်ဆင်းရှင်ဝါဒထက် ကျွန်တော်က ပိုပြီးနက်နက်နဲနဲ လေ့လာဖြစ်တာက ဒီဝါဒမှာ ဆိုလိုရင်းအနက်အဓိပ္ပာယ်ကို နားလည်မိသွားလို့ပဲ။ အယူဝါဒတစ်ခုအနေနဲ့ တကယ်လည်း သဘောကျပါတယ်။ ဘာလဲဆိုတော့ လူဟာပြဋ္ဌာန်းခံမဟုတ်ဘူး။ မိမိကိုယ်မိမိ ပြဋ္ဌာန်းတာပဲဖြစ်တယ်။ ဘယ်ဘုရားကမှ လူရဲ့ဖြစ်တည်မှုကို ဥုံဖွဆိုပြီး ပြောင်းပစ်လို့ မရဘူး။ အတ္တဆိုတာချည်း ရှိတယ်ပဲဆိုဦးတော့၊ အဲဒီအတ္တကြီးသည်၊ ဒီအတိုင်းနေနေတာ မဟုတ်ဘူး၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖုံးလွှမ်းသွားဖို့ အမြဲကြိုးစားနေတာ။ ဆိုတော့ကာ ကိုယ်က မကောင်းတဲ့အတွေး၊ မကောင်းတဲ့အကြံ၊ မကောင်းတဲ့အပြော၊ မကောင်းတဲ့အလုပ်တွေ လုပ်မယ်ဆိုရင် လူဟာဆင်းရဲနိမ့်ပါးသွားမယ်။ ဒါကိုကုစားဖို့ remedy တွေလည်းရှိတယ်။ သမထအားထုတ်တာ၊ သီလစောင့်တာဆိုတာဟာ ဗုဒ္ဓဝါဒက နောက်ပိုင်းယူသုံးတဲ့ အကျင့်တွေပဲ။ ဒါတွေက ဗုဒ္ဓခေတ်မတိုင်ခင် နှစ်သိန်းပေါင်းများစွာကတည်းက ရှိခဲ့တယ်ဆိုတာကို ဗုဒ္ဓကျမ်းစာတွေမှာ အတိအလင်းပြောထားတယ်။ တစ်ခုပဲ ဝိပဿနာအကျင့်၊ မဂ္ဂင်ရှစ်ပါးအကျင့်ဆိုတာကသာ ဗုဒ္ဓလက်ထက်မှပေါ်လာတာ။ သာမန်စိတ်တည်ငြိမ်အောင် သမထအားထုတ်တာ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကိုယ်မှာဖြစ်မလာအောင် သမထနည်းနဲ့ ခါထုတ်ပစ်တာ၊ စိတ်ကိုနေရာတစ်နေရာမှာထားပြီး ဒီလောဘ၊ ဒေါသ၊ မောဟတွေ စိတ်သန္ဓာန်မှာ နေရာမရအောင် လုပ်ယူတာ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ မကျိုးပေါက်ရအောင် သီလနဲ့ထိန်းသိမ်းတာတွေက ဗုဒ္ဓမတိုင်ခင်ကတည်းက ရှိတဲ့ ဒီဟိန္ဒူ remedy နည်းတွေပဲ။ ဒီ remedy တွေနဲ့သာ စနစ်တကျကုစားရင် အတ္တဟာ ဖြူစင်လာပြီး မြင့်မြတ်တဲ့ အနေအထားကို ရနိုင်တယ်လို့ အဲဒီရှေးရိုးဟိန္ဒူဘာသာမှာ ညွှန်းထားတယ်။ ဒါကဂျူးတို့၊ ခရစ်ယာန်တို့၊ အစ္စလမ်တို့ထက် သာတာပဲ။ ကောင်းတာလုပ်ရင်၊ ကောင်းကျိုးဖြစ်မယ်၊ ဆိုးတာလုပ်ရင်၊ ဆိုးကျိုးဖြစ်မယ်။ ဒီကြောင်းကျိုးဆက်စပ်မှုကို ဘယ်ဘုရားကမှ ဥုံဖွဆိုပြီး ပြောင်းလို့မရဘူး။ ဒါကြောင့်ကံကံ၏အကျိုးဆိုတာ ဗုဒ္ဓကစတီထွင်တာ မဟုတ်ဘူး၊ ဟိန္ဒူဝါဒမှာ ပဲလှော်ကြားဆားညှပ်နေတဲ့ အတ္တဆိုတာကို ဖယ်ထုတ်လိုက်ပြီး၊ ဗုဒ္ဓက အနတ္တဆိုတဲ့ မမြဲတဲ့သဘောကို ပြပေးလိုက်တာပဲ။ ဒါကဗုဒ္ဓကို ဗောဓိလို့ခေါ်တဲ့ အဆုံးစွန်သောဥာဏ်ကို ရသွားစေတာ။

နောက်ပိုင်းဇင်ဗုဒ္ဓဘာသာတို့၊ ဘာတို့မှာလည်း ဒီလိုမျိုးအတ္တကို ဖြူစင်အောင် ကျင့်ကြံခြင်းဆိုတာတွေ ရှိလာတယ်။ ဒါပေမယ့် ပြဿနာက ဗုဒ္ဓဝါဒမှာ အတ္တဆိုတာ ရှိမနေတာပဲ။ နှမြောဖို့ အင်မတန်ကောင်းတာက၊ ဒီလောက်ကောင်းတဲ့၊ စနစ်ကျတဲ့၊ ယုတ္တိတန်တဲ့၊ ရှေးကျတဲ့ အတွေးအခေါ်က ဝေဒခေတ်မှာ စားပေါက်ချောင်တဲ့ ဖန်ဆင်းရှင်တို့၊ ပူဇော်တာတို့ သွတ်သွင်းခံလိုက်ရတဲ့အချက်ပဲ။ ပြောချင်တာက ကျွန်တော်က ဘာသာတရားတော်တော်များများကို အပေါ်ယံမဟုတ်ပဲ၊ အတွင်းကျကျ လေ့လာနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့သူ။ အနိမ့်ဆုံးတော့ အဲဒီလို ကြိုးပမ်းခဲ့တဲ့သူလို့ အတိတ်ကြိယာနဲ့ ပြောရမယ်။ အခုအချိန်မှာ စားဝတ်နေရေးအတွက်ရော၊ ခေတ်ကာလရဲ့တောင်းဆိုမှုအရရော တခြားအကြောင်းအရာတွေကို ဦးစားပေး လေ့လာနေရတယ်။ ဒါပေမယ့်လည်း ကြိုကြားကြိုကြားတော့ ဘာသာရေးစာပေတွေ၊ လေ့လာချက်တွေကို ဖတ်ရှုတာ၊ လေ့လာတာ၊ သင်ကြားတာ၊ မေးမြန်းတာ၊ ဆွေးနွေးတာ၊ တင်ပြတာ၊ ဘာသာပြန်တာတွေ လုပ်နေမိတုန်းပဲ။

ဆိုတော့ကာ... အပေါ်မှာ ပြောခဲ့သလို အစ္စလမ်ကိုတော့ ကျွန်တော်ဘယ်လိုမှ အတွင်းသဘောကို ဆုတ်ကိုင်မိသည်အထိ မလေ့လာနိုင်ဖြစ်နေတယ်။ ဂျူးဘာသာရောပဲ။ သူတို့က ဘာလဲ၊ ဆုတောင်းတာတွေ၊ ကျင့်ကြံတာတွေက အရေးကြီးသလား (ဘာလို့မေးသလဲဆိုတော့ ရှရီအတ်၊ တွရီကတ်၊ ဟကီကတ်၊ မာ့အ်ရေဖွတ် ဆိုပြီးတော့ အကျင့်တရားဆိုင်ရာတွေ ရှိနေတယ်။ ဒါပေမယ့် အဲဒီထဲမှာ Pray ပေါ့နော်၊ တစ်နေ့ငါးကြိမ် ဆုတောင်းတာ၊ ဂုဏ်တော်တွေရွတ်တာ၊ ဘုရားဖူးထွက်တာတွေက၊ သောကြာနေ့ ဗလီသွားတာ၊ တစ်နှစ်ကိုတစ်လ ဥပုသ်စောင့်တာ၊ ဆိုပြီး ဘာသာရေးနဲ့ဆိုင်တာကတစ်ပိုင်း၊ အခွန်ဆောင်တာ၊ ကိုယ်လက်ဆေးကြောသန့်စင်တာ၊ အဝတ်အစားကို လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဝတ်တာ၊ အစားအသောက်ကို ဆင်ခြင်တာဆိုပြီး နီတိနဲ့ဆိုင်တဲ့ အပိုင်းကတစ်ပိုင်း၊ လူ့အသက်မသတ်(တိရစ္ဆာန်မပါ)၊ မခိုးတာ၊ သူများသားမယား မပြစ်မှားတာ၊ မူးယစ်ဆေးဝါးရှောင်တာဆိုတဲ့ ရှောင်ကျဉ်ခြင်းနဲ့ဆိုင်တာတစ်ပိုင်း၊ ဆရာမိဘဆွေမျိုးကို ထောက်ပံ့တာ၊ ဗလီကျောင်းကန်ဆောက်လှူတာဆိုပြီး ဒါနမှုနဲ့ဆိုင်တာတစ်ပိုင်း၊ သည်းခံတာ၊ အလွန်အကျူးမကျင့်သုံးတာဆိုပြီး ကိုယ်ကျင့်တရားနဲ့ဆိုင်တာတစ်ပိုင်းဆိုပြီး ရှရီအတ်မှာတင် အကြောင်းအရာအားဖြင့် ၁၈မျိုး၊ ကဏ္ဍအားဖြင့် ငါးမျိုးတောင်ရှိတယ်) ဆိုတော့ကာ ဒီကျင့်ကြံတာတွေက အရေးကြီးသလား၊ အလ္လာအရှင်မြတ်နဲ့ တမာန်တော်ကို ယုံကြည်မှုက ပိုအရေးကြီးလား။ ယုံကြည်မှုက အရေးကြီးတယ်ဆိုရင် အလ္လာအရှင်မြတ်ကို ယုံကြည်မှုကို ထိပါးလာရင် အကျင့်တရားကို ချိုးဖောက်ပြီး လူသတ်လို့ရတယ်ဆိုတာလား။ ဒါမှမဟုတ် အကျင့်ကပိုအရေးကြီးတယ်၊ ယုံကြည်တာက ငါယုံနေဖို့ပဲလိုတာ၊ တစ်ဘက်လူက အလ္လာအရှင်မြတ်ကို ဘယ်လောက်ပဲ ထိပါးပါစေ၊ ငါ့အကျင့်ကို ချိုးဖောက်ပြီး လူသတ်တာမျိုး မလုပ်ဖူးဆိုပြီး အကျင့်တရားကို ဦးစားပေးမှာလား။ တစ်ခါဗလီကြီးဆောက်မယ်၊ ပိုက်ဆံလှူပါဆိုပြီး အကြောင်းပေါ်လာတယ်၊ တစ်ဘက်ကမှာ အခွန်ဆောင်ဖို့လောက်ပဲ ပိုက်ဆံရှိတယ်။ ဒီတော့ကာ နီတိပိုင်းကို လိုက်နာပြီး ငါအဖမ်းမခံရအောင် အခွန်ဆောင်လိုက်မယ်၊ ဗလီဆောက်တာကတော့ သဗ္ဗေသတ္တာပဲလို့ လုပ်မှာလား၊ ဟာမဖြစ်သေးပါဘူး၊ ဒါမျိုးက ကြုံရခဲတယ်၊ တစ်ကျပ်တစ်ပြားဖြစ်ဖြစ် ရအောင်လှူလိုက်မယ်၊ အခွန်ကတော့ နောက်မှဖြစ်သလိုပဲ ဖြေရှင်းတာပေါ့လို့ ဒါနမှုကို ဦးစားပေးမှာလား။ ရှင်းလင်းမှုမရှိဘူး။ အဓိကကတော့ ခရစ်ယာန်တွေမှာဆို ရှင်းတယ်၊ ယုံကြည်မှုပဲ၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာက အားလုံးကို ကုစားနိုင်တယ်။ ဒီမှာက ဘယ်ဟာက အားသာတာလဲ။ ယုံကြည်မှုလား၊ အကျင့်တရားလား၊ ဒါနမှု၊ သီလမှုလား ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ခံစားရတယ်။

နောက်တစ်ခုရှိတာက မွတ်ဆလင်အသိုင်းအဝိုင်းက တသီးတသန့် သိပ်ဆန်လွန်းတာကြောင့်လည်းပါတယ်။ ဒါကြောင့်လည်း ဒီဘာသာကို ကျွန်တော်သိပ်မကြိုက်ဘူး။ ပြောချင်တာက ထမင်းစားမယ်ဗျာ၊ ကျွန်တော်တို့က ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်တည်း စားလို့ရတယ်၊ ကြိုက်တဲ့ဆိုင် ဝင်စားနိုင်တယ်။ သတ်သတ်လွတ်စားတဲ့ ဟိန္ဒူဆိုလည်း သူ့ဟာသူ သတ်သတ်လွတ်ဟင်းတစ်ပွဲ မှာစားမယ်၊ ကျန်တဲ့ကျွန်တော်တို့က ကြိုက်တာစားပဲ။ ခရစ်ယာန်ဆိုလည်း သူကျေးဇူးတော်ကို ချီးမွမ်းတဲ့အချိန်မှာ ခဏစောင့်ပေးလိုက်၊ ပြီးရင်စားတော့ပဲ။ သိပ်ဇယားမရှုပ်ဘူး။ မွတ်ဆလင်တစ်ယောက် ပါလာရင် မရတော့ဘူး၊ ကျွန်တော်တို့ပါ မွတ်ဆလင်ဆိုင် လိုက်စားရတော့တယ်၊ သူ့အတွက် ထည့်စဉ်းစားရတာက အလုပ်တစ်ခု။ အိမ်သာတက်ဖို့တို့၊ တခြားထွေလီကာလီတွေကရှိသေးတယ်။ Inter-marriage တွေဘာတွေဆိုတာ ပြောမနေနဲ့တော့၊ ခရစ်ယာန်ကောင်မလေးတစ်ယောက်ကို ကျွန်တော်က ကြိုက်လို့ယူမိတယ်ဆိုရင် ပြဿနာသိပ်မရှိ၊ church-marriage ကို လုပ်ချင်သပဆိုရင် ဘုရားကျောင်း လိုက်သွားပေးလိုက်၊ ကံကောင်းရင် လူရှေ့သူရှေ့တောင် တရားဝင်အာဘွားပေးလို့ရဦးမယ်။ အိမ်ပြန်ရောက်လို့ သူက Sunday School သွားရင်၊ ကိုယ်ကဥပုသ်နေ့ဥပုသ်စောင့်ပဲ။ သူကတောင်ပြောဦးမယ်၊ ငါတစ်ညတော့ လွတ်လပ်ရေးရတာပေါ့လို့... ခိခိ... ဟို နေကာဖတ်ပြီးမှတို့၊ မဟာရ်ရွှေတင်မှတို့၊ အရေပြားလှီးပြီးမှတို့ဆိုတဲ့ ထွေလီကာလီတွေ မရှိဘူး။ ဒါတွေက ဘာသာချင်းနီးစပ်ဖို့၊ အင်မတန်အနှောင့်အယှက်ဖြစ်စေတာတွေ။ ကြားဖူးသမျှ မွတ်ဆလင်တွေထဲမှာ ဆီရာလီယွန်က မွတ်ဆလင်တွေဟာ လိုက်လျောညီထွေအရှိဆုံးပဲတဲ့။ အဲဒီလို နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ ခရစ်ယာန်တွေနဲ့ Inter-marriage တွေရှိတယ်၊ အပြန်အလှန်လေးစားမှု၊ ကူးလူးဆက်ဆံမှုတွေ ထူထောင်နိုင်တယ်တဲ့။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုလုပ်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမယ့် ပြောခဲ့တဲ့ ထွေလီကာလီတွေတော့ တစ်ဖက်ကို နည်းနည်းစီ အလျော့ပေးကြရမယ်ပေါ့လေ။ ငါတို့က မြင့်မြတ်တဲ့ မွတ်ဆလင်တွေ၊ ငါတို့အလ္လာအရှင်ကသာ အမြင့်မြတ်ဆုံး၊ ဘုရားတစ်ဆူတည်းကို ကိုးကွယ်တာချင်းအတူတူတောင်၊ တမာန်တော် အီစာထက်၊ ငါတို့တမာန်တော်မိုဟာမက်ကသာ ပိုအဆင့်မြင့်တယ်၊ နောက်ဆုံးတမာန်တော်၊ (တမာန်တော်အီစာက နောက်ဆုံးတမာန်ကို ဖူးမျှော်ချင်တဲ့စိတ် ပြင်းထန်လွန်းအားကြီးလို့ တမာန်တော်အရှင်ကို ကောင်းကင်ဘုံဆီ ခဏခဏအသွားအပြန်လုပ်ရအောင် အလ္လာအရှင်မြတ်ကို နာမတ်ဇ်တစ်နေ့အကြိမ်ငါးဆယ်ပေးခိုင်းတာ၊ တမာန်တော်အီစာကတောင်မှ ငါတို့တမာန်တော်ကို တွေ့ချင်လွန်းလို့ ကောင်းကင်ဘုံသွားတဲ့ လမ်းမှာစောင့်နေရတာ)ဆိုတာမျိုး၊ အမှတ်ယူတဲ့ ပုံစံနဲ့ လေကြီးလေကျယ်လုပ်နေရင်၊ မင်းတို့က အရေပြားတန်းလန်းနဲ့၊ ဝက်သားစားတဲ့ အနိမ့်စားလူတန်းစားတွေ၊ ကေရာမတ်နေ့ရောက်လို့ အလ္လာအရှင်ဆီမှာ ပြောကိုပြောရမယ့်၊ ဂျန္နတ်သုခဘုံရဲ့ official language ဖြစ်တဲ့ အာရဗီကို နားမလည်တဲ့ ငတုံးတွေလို့ ခွဲခြားဆက်ဆံမယ်ဆိုရင်တော့ ရလဒ်က ဘယ်လိုမှ အဆင်မပြေတာ အမှန်ပဲ။

နောက်တစ်ခုက လေ့လာနိုင်တဲ့ ကျမ်း၊ စာပေတွေ၊ ရှားပါးတာ၊ ဘာသာစကား အခက်အခဲရှိတာ။ ဘယ်လောက်ပဲ အင်္ဂလိပ်လို၊ ဗမာလို ဘာသာပြန် ရှိတယ်ပြောပြော၊ အာရဗီလိုမှ နည်းနည်းလေးမသိရင် ဒါကိုလေ့လာလို့ကို မရတာ။ နောက်တစ်ခါ တစ်ခုခုဆို ဘယ်ဟာက အမွှန်းတွေလဲ၊ ဘာဟာက စာကိုယ်ရဲ့ ဆိုလိုရင်းလဲဆိုတာ မသဲကွဲတာ။ ကျွန်တော်ကိုယ်နှိုက်က လေ့လာမှု အားနည်းတာလည်း ပါပါတယ်။ ဒါကိုဝန်ခံပါတယ်။ သူ့ဟာနဲ့သူ ရှင်းလင်းချက်တွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ခရစ်ယာန်ဘာသာမှာလောက် ကျွန်တော်တို့နဲ့ မနီးစပ်နိုင်တာတွေ၊ လက်လှမ်းမမှီနိုင်တာတွေက ဒီဘာသာကို လေ့လာဖို့ တကယ့်ကို အခက်အခဲပဲ။ များသောအားဖြင့် ကြည့်လိုက်ရင် ဘာသာတရားရဲ့ ပင်မရည်ရွယ်ရင်းက ပျောက်နေတယ်။ ဟိုနားတစ်ပိုဒ်မှာက အလ္လာအရှင်မြတ်သည်သာ အမြင့်မြတ်ဆုံး၊ ဂုဏ်အရှိဆုံးဆိုတာကို ချီးမွမ်းခန်းဖွင့်ပြီး ဒါကိုယုံကြည်ဖို့ ထပ်တလဲလဲ တိုက်တွန်းနေသလောက်၊ ဒီနားတစ်ပိုဒ်လည်းရောက်ရော၊ စစ်မှန်တဲ့ မွတ်ဆလင်ဆိုတာ တစ်နေ့ငါးကြိမ်ရှိခိုးမှ၊ ဟိုအကျင့်ကိုကျင့်မှ၊ ဟိုလိုနေထိုင်မှ၊ ဒီလိုလိုက်နာမှဆိုတာ ဖြစ်သွားပြန်ရော။ ယုံတယ်လေ၊ အလ္လာကိုလည်းယုံတယ်၊ တမာန်တော်လည်းယုံတယ်၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ငါးကြိမ်မရှိခိုးနိုင်ရင် မွတ်ဆလင်စစ်စစ် မဟုတ်တော့သလိုပဲ။ ဒါနော်...တကယ့်ဒေါင်ဒေါင်မြည် မွတ်ဆလင်ဘာသာဝင် ပါမောက္ခကြီးတွေကရေးပြီး တကယ့်ကို သြဇာတိက္ကမရှိတဲ့ တက္ကသိုလ်ကြီးတွေကထုတ်တဲ့ အစ္စလမ်လက်စွဲကျမ်းတွေကို ဖတ်ပြီးတော့မှ ပြောနေတာ။ ကြည့်ရတာ မွတ်ဆလင်တွေ ကိုယ်နှိုက်ကိုယ်က ဒါနဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အမြင်မတူနိုင် ဖြစ်နေကြသလိုပဲ။ အဓိက သူတို့စာအုပ်တွေဖတ်ရင် အလ္လာနဲ့တမာန်တော်က ဘယ်လောက်မြင့်မြတ်တယ်ဆိုတာကို တခမ်းတနား ချီးမွမ်းမယ်၊ ပြီးရင်ကိုရမ်ကို ချီးမွမ်းမယ်။ ဥပဒေအကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝကို ဘယ်လိုလမ်းညွှန်ပေးနေကြောင်း၊ ဘယ်လိုကောင်းကြောင်း ညွှန်းမယ်၊ မွတ်ဆလင်ဖြစ်ချင်ရင် ဘာတွေကို လိုက်နာရမယ်၊ ဘာတွေကို ရှောင်ရမယ်ဆိုပြီး ပြောမယ်။ များသောအားဖြင့်က ဒါပဲ။

ဒါဆိုမွတ်ဆလင်ဖြစ်ရခြင်းရဲ့ အနှစ်သာရဟာဘာလဲ။

§   ဗုဒ္ဓဝါဒမှာ ဝိမုတ္တိရသသည် ဗုဒ္ဓဝါဒီရဲ့ အနှစ်သာရပဲ။ နောက်ဆုံးပန်းတိုင်ပဲ။
§   ဟိန္ဒူဝါဒမှာ ဇီဝဝိညဉ်ရဲ့ သန့်ရှင်းစင်ကြယ်မှုသည် အနှစ်သာရပဲ။ ဝေဒမတိုင်ခင် ကံကံ၏အကျိုး ပုံစံနဲ့ သမထတွေ၊ သီလတွေ လုပ်ပြီး သန့်ရှင်းမလား၊ ဝေဒခေတ်ပုံစံ ပူဇော်မှုတွေ၊ ဆုတောင်းမှုတွေနဲ့ သွားမလား၊ ဘယ်နည်းနဲ့ပဲသွားသွား နောက်ဆုံးမှာ ဒါကအဓိကပဲ။
§   ခရစ်ယာန်မှာက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို အရင်းတည်ပြီး သေခြင်းက တဖန်နိုးထနိုင်ဖို့၊ ချီမြှောက်ခြင်း၊ ရွေးချယ်ခံရခြင်း၊ ကယ်တင်ခြင်းကို ခံရဖို့။ ဒါကအနှစ်သာရပဲ။

အစ္စလမ်တို့၊ ဂျူးတို့မှာ ဘာကအနှစ်သာရလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ ယုံကြည်မှုလား၊ အကျင့်တရားလား၊ ဂုဏ်တော်တွေရွတ်၊ နဖူးမှာအမာရွတ်ဖြစ်အောင် ရှိခိုးတာလား၊ အရေပြားလှီးတာလား၊ ဝက်သားမစားတာလား၊ ဘာကအနှစ်သာရလဲ။

အဲဒီလိုအနှစ်သာရကို မဆုတ်ကိုင်မိလို့၊ အစ္စလမ်ဘာသာနဲ့ ဂျူးဘာသာတွေကို ကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် အဲဒီလို မကြိုက်တာသာ မကြိုက်တာ အစ္စလမ်ဘာသာဝင်တွေ၊ ဂျူးဘာသာဝင်တွေကို ကျွန်တော်မနှိမ်ဘူး(နှိမ်လို့လည်းမရဘူး၊ နှိမ်စရာလည်း အကြောင်းမရှိဘူး)၊ ကျွန်တော်တို့ထက် နိမ့်ကျသူလို့ မသတ်မှတ်ဘူး၊ (သတ်မှတ်လို့လည်း မရဘူး၊ သတ်မှတ်စရာလည်း အကြောင်းမရှိဘူး) သူတို့နဲ့ ကျွန်တော်နဲ့ကြားမှာ ခင်မင်မှု၊ ရင်းနှီးမှုရှိတယ် (ကျွန်တော့်မှာ မွတ်ဆလင်သူငယ်ချင်းတွေ အများကြီးပဲ) သူတို့နဲ့လက်ဆွဲနှုတ်ဆက်နိုင်တယ်၊ ကိုယ့်ထမင်းဘူးထဲ ဝက်သားဟင်းထည့်လာတဲ့နေ့ စားဦးမလားလို့ သွားပြီးစောက်ခွက်မပြောင်ဘူး၊ အပြန်အလှန်ရင်းနှီးမှု၊ လေးစားမှု၊ ယုံကြည်မှု တည်ဆောက်နိုင်တယ်၊ ပုခုံးဖက်ပေါင်းသင်းနိုင်တယ်၊ အတူတူရယ်မောနိုင်တယ်၊ အားငယ်တဲ့အချိန် ရင်သွားဖွင့်နိုင်တယ်၊ သူတို့ရင်ဖွင့်လာရင် နားထောင်ပေးနိုင်တယ် (ကျွန်တော့်မှာ ကိုအာကာဆိုတဲ့ မွတ်ဆလင် သူငယ်ချင်းအစ်ကိုကြီးရှိတယ်၊ သူ့ကောင်မလေးက မလေးရှားမှာ ကျောင်းတက်နေတာ၊ အွန်လိုင်းကနေ ကြိုက်ကြတာ၊ လူချင်းတစ်ခါမှ အပြင်မှာမတွေ့ဖူးဘူး၊ သူ့ကောင်မလေးအကြောင်း ကျွန်တော်တို့ကို ပြောပြတာ၊ ငိုပြတာ၊ အလွမ်းသည်တာတွေကို နားကမီးခိုးထွက်အောင် နားထောင်ပေးရဖူးတယ်။)

ဆိုတော့ကာ၊ မွတ်ဆလင်မိတ်ဆွေတော်များအနေနဲ့၊ ကျွန်တော့်အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်၊ ကျွန်တော်နားမလည်တာတွေ၊ မရှင်းလင်းတာတွေကို ရှင်းပြပေးနိုင်မယ်ဆိုရင် ကျွန်တော်က ဝမ်းပန်းတသာနဲ့ကို အကူအညီတောင်းခံပါတယ်။ ခင်ဗျားတို့လည်း ခြေခင်းလက်ခင်းသာတဲ့အချိန်၊ ကျွန်တော်လည်း စားဝတ်နေရေးတွေနဲ့ ပိနေပြီး ရုန်းကန်နေရတဲ့အချိန်မျိုး မဟုတ်ဘူးဆိုရင် လက်ဖက်ရည်တိုက်၊ အိမ်ခေါ်ထမင်းကျွေးပြီးတော့ကို ရှင်းပြတာတွေ နားထောင်ချင်ပါသေးတယ်။

ဘာလို့ဒီစာကို ရေးသလဲဆိုတော့ ကျွန်တော်သည်၊ အစ္စလမ်ဘာသာနဲ့ ဂျူးဘာသာကို သဘောမကျပါဘူး၊ ဒါကကျွန်တော် ကြက်ဟင်းခါးသီးဟင်းကို မကြိုက်သလိုပါပဲ၊ ကြိုက်တဲ့သူများအဖို့ နတ်သုဒ္ဓါနဲ့တောင် လဲချင်မှလဲမှာပါ။ ဒါပေမယ့် ကျွန်တော်က မကြိုက်ပါဘူး။ ဒီလိုပဲ၊ အသားမည်းတဲ့သူတွေကို ကျွန်တော်မကြိုက်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် အသားမမည်းချင်ပါဘူး၊ ကြိုက်တဲ့သူများအဖို့၊ ဥမ္မာဒန္တီရှုံးကောင်းရှုံးနေပါမယ်။ ဒါပေမယ့် ကတ္တရာပုံးမှောက်တဲ့ အသားအရောင်နဲ့ မိန်းမကိုတော့ မယူချင်တာ အမှန်ပါ။ Gay တွေကို ကျွန်တော်မကြိုက်ပါဘူး၊ တတ်နိုင်သလောက် အားမပေးပါဘူး။ ဒါပေမယ့် Gay အခွင့်အရေးကာကွယ်တာ၊ LGBT အခွင့်အရေး လှုပ်ရှားတာတွေကို တတ်နိုင်သမျှ ထောက်ခံပါတယ်။ ကြားရတာ နည်းနည်းနားရှုပ်ကောင်းရှုပ်နေမယ်။ မင်းဟာက မကြိုက်ဘူးလည်း ပြောသေးတယ်၊ အားမပေးဘူးလည်း ပြောသေးတယ်၊ ထောက်ခံတယ်လည်း ပြောသေးတယ်ဆိုတာကို။ ဒါနဲ့ပတ်သက်လို့ သီးသန့်ပြောပါမယ်။ အဓိကကတော့ Gay ၁၀၀ မှာ ၈၀ လောက်သည် ကိုယ့် sexual orientation ကို နားမလည်လို့ Gay နေကြတာပါ။ လူတွေရဲ့ sexual orientation က tendency အပြောင်းအလဲတွေ အများကြီးရှိပါတယ်။ ၂၀ လောက်ပဲ ဘယ်လိုမှ ပြောင်းမရတဲ့ အနေအထားပါ။ ဒီတော့ကာ Gay မဖြစ်သင့်တဲ့သူကို မဖြစ်အောင် တားပါတယ်။ တစ်ခါလောက် ယောက်ျားချင်းချစ်မိတာနဲ့ ငါတော့ Gay သွားပါပြီလို့ သတ်မှတ်လို့ မရပါဘူး။ Gay ဖြစ်ရတာ အင်မတန်ပင်ပန်းပါတယ်။ အဲဒါကြောင့် မဖြစ်သင့်တဲ့သူကို မဖြစ်အောင်တားတာပါ။ ဘယ်လိုမှ တားမရရင်တော့ သူ့ကိုပတ်ဝန်းကျင်ကလူတွေက အနိမ့်စားလူတန်းစားလို့ မသတ်မှတ်ရလေအောင်၊ သူရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရလေအောင် ကျွန်တော်က ထောက်ခံနေတယ်လို့ ဒီလိုပဲအကြမ်းဖျဉ်းသိထားပေးပါ။ ဒါက အကျယ်တဝံ့ကို ပြောရမယ့်ကိစ္စပါ။

အဓိကပြောချင်တာက တိုင်းပြည်မှာ ဒီနေ့ဒီအချိန်မှာ ကိုးကွယ်မှု မတူသူတွေကြား အဖုအထစ်တွေက တင်းမာလာနေတာတွေ တွေ့နေရတယ်၊ ဒါတွေရဲ့ အန္တရာယ်တွေကိုလည်း မြင်နေမိတယ်၊ ရှေ့ဖြစ်လာနိုင်တာတွေလည်း ကြိုမြင်ထားတာကြောင့် အချင်းချင်းကြားမှာ အမုန်းမပွားရလေအောင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားကြဖို့ ပြောချင်တာ၊ အဓိကပါပဲ။ ကျွန်တော်သည် အစ္စလမ်ဘာသာ၊ ဂျူးဘာသာတွေကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ဒီဘာသာဝင်တွေကို မနှိမ်ဘူး၊ အောက်ကျနောက်ကျရှိတဲ့၊ ငါတို့လောက် မမြင့်မြတ်တဲ့ လူတွေလို့ ကျွန်တော်မယူဆဘူး။ သူတို့နဲ့ ယနေ့တိုင် ကျွန်တော် ခင်မင်စဲ၊ ရင်းနှီးစဲပါပဲ။ ကျွန်တော်ဒီဘာသာတွေကို မကြိုက်ရခြင်းအကြောင်းက အထက်ကပြောခဲ့သလို၊ ဒီဘာသာရဲ့အနှစ်သာရက ဘာဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်မနေနိုင်တာနဲ့၊ ဒီလိုနားလည်ဖို့ ကြိုးစားရာမှာ မလိုလားအပ်တဲ့ အတားအဆီးတွေ ရှိနေတာ၊ နောက်တစ်ခါ အစ္စလမ်ဘာသာမှာ အများနဲ့လိုက်လျောညီထွေ မဖြစ်ပဲ၊ သူတို့ဖာသာ တစ်မူကွဲထွက်နေတာ၊ တစ်ခုခုဆိုရင် အော်... ဒါဘာသာရေးကြောင့်ပဲလေဆိုပြီး... အလျော့ပေး လိုက်လျောဆက်ဆံနေရတာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုတွေမှာ အတားအဆီးဖြစ်နေရတာတွေကို မကြိုက်တာပါ။ ကျန်တာတော့ သူတို့နဲ့ကျွန်တော့်ကြားမှာ OK ပဲ။ ဘာပြဿနာမှ မရှိဘူး။ ဆိုတော့ကာ ရှေ့မှာဒီအတားအဆီးလေးတွေကို ဖယ်ရှားလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံခွင့်ရမယ်၊ ဥပမာကျွန်တော်နဲ့ ကျွန်တော့် ခရစ်ယာန်သူငယ်ချင်းတွေ ထမင်းဆိုင်တစ်ဆိုင်တည်း ဆိုင်ရွေးနေစရာမလိုဘူး အတူတူစားကြတာ၊ ဟိန္ဒူဘုရားကျောင်းကို ဟိန္ဒူဘာသာဝင် သူငယ်ချင်းနဲ့ အဖော်လိုက်သွားရင်း သူဘုရားရှိခိုးနေတုန်း၊ ကျွန်တော်က ဘုရားကျောင်းထဲက ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ဝင်ကန်တော့ဖြစ်တာ၊ ဒီလိုမျိုးလေးတွေကို ကျွန်တော်တို့ရဲ့ အစ္စလမ်သူငယ်ချင်းတွေနဲ့ လုပ်လို့ရရင် သိပ်ကောင်းမှာပါပဲ။ ပြောချင်တာက ဝက်သားလိုက်စားရမယ်၊ လည်လှီးသားမဟုတ်လည်း စားရမယ်မဟုတ်ဘူး၊ သူအဲဒါတွေ မစားလည်း၊ ဘဲဥကြော်၊ ကြက်ဥကြော်လောက် ကျွန်တော်တို့နဲ့ ဝိုင်းစားတာ၊ သတ်သတ်လွတ်ဟင်းစားတာလောက် လုပ်နိုင်ရင်ရပါတယ်။ ကျွန်တော်တို့လည်း အဲဒီလောက် လိုက်မတွက်ကပ်ပါဘူး။

ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အထက်တန်းကျောင်းသားဘဝ ၂၀၀၃ လောက်ကတည်းက ရင်းနှီးလာတာ ဒီနေ့အထိပါပဲ။ နာမည်အရင်းတောင် မခေါ်တာကြာလို့ မမှတ်မိတော့ဘူး။ ဖြူဖွေး(ဒါမှမဟုတ်)အားကလေးပဲ ခေါ်နေဖြစ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ မွေးနေ့တွေဘာတွေမှာ ဘုရားသွားရင် အမြဲတမ်းလိုက်တယ်၊ သူ့ဖာသာသူ မရှိခိုးတာ မရှိခိုးတာပဲ။ လိုက်တာက အမြဲတမ်းလိုက်တယ်။ ဘယ်လောက် တကန်တကဖြစ်နေပါစေ၊ သူပါကိုပါတယ်။ မရောက်ရောက်အောင် လာပေးတယ်။ ကျွန်တော်တို့လုပ်တဲ့ အလှူ၊ မင်္ဂလာဆောင်တိုင်း သူ့ကိုဖိတ်တယ်၊ သူကလည်း ဖိတ်လို့ကတော့ ရောက်အောင်လာတာပဲ။ မင်္ဂလာဆောင်ဆို ထိုက်ထိုက်တန်တန် လက်ဖွဲ့သွားတာပဲ။ သူကကျွန်တော်မကြိုက်တဲ့ အစ္စလမ်ဘာသာကို ကိုးကွယ်နေသူပါ။ ဒါပေမယ့် သူ့ကိုးကွယ်မှုကို ကျွန်တော်မထိခိုက်ဘူး၊ မစော်ကားဘူး၊ တစ်ခါသူ့ဘက်ကလည်း အတင်းကာရော အယူသီးတာတွေမရှိပဲ လိုက်လျောညီထွေနေတတ်သူမို့၊ ဆယ်စုနှစ်တစ်စုကျော်အောင် ကျွန်တော်တို့ကြားမှာ သံယောဇဉ်က ခိုင်မြဲပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော့်မိတ်ဆွေ ဗုဒ္ဓဘာသာတွေရော၊ အစ္စလမ်ဘာသာဝင်တွေရော၊ အခြားဘာသာဝင်တွေရော ဘာတွေလုပ်ရမယ်၊ ဘာတွေပြုပြင်သင့်တယ်၊ လူ့ပတ်ဝန်းကျင်အသိုက်အဝန်းမှာ အားလုံးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ဘာတွေကိုလိုက်နာရမယ်ဆိုတာ တွေးတောနေမိပြီလို့ ထင်ပါတယ်။ ဒါကစပ်မိစပ်ရာလေးတွေကို ပြောနေတာပါ။ ထွေလီကာလီတွေမို့ အချက်အလက်တွေ၊ အကိုးအကားတွေမှာ အားနည်းနိုင်ပါတယ်။ အမှားအယွင်းတွေပါနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရင်းမှာတော့ အားလုံးကို ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ ဆောင်ရွက်တာမို့ အားလုံးက အပြစ်မယူပဲ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဆက်ပြီးတော့လည်း ဒီစပ်မိစပ်ရာစီးရီးမှာ ကိုင်ရတွယ်ရခက်ခဲတဲ့ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါး တို့ထိသွားပါမယ်။

ဒီနေ့တော့ ခင်ဗျားတို့လည်း ဖတ်ရတာ၊ တွေးရတာ မျက်စိညောင်း၊ ဦးနှောက်ညောင်းလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော်လည်း မျက်စိရော၊ လက်ရော၊ ဦးနှောက်ပါ ညောင်းသွားပါပြီ။


(Giacomo)

Thursday, May 23, 2013

ဦးသိန်းစိန် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ပြုလုပ်ပါ




ဗိုလ်သိန်းစိန် အိုဘားမားနဲ့တွေ့မယ့်ရက် မကြေငြာလည်း ကျနော်တို့သိပြီးသားပါ။ အမေရိကန်တွေ ကုန်သွယ်ခွင့်အထူးပေးဖို့ ကြားနာပွဲလုပ်ပြီးမှ အတည်ပြုဆုံးဖြတ်မှာလည်းသိပြီးသားပါ။ မြန်မာပြည်ကို အမေရိကန်စီးပွါးရေးပိတ်ဆို့မှု ကိစ္စမှာ လူထုတွေကိုတိုက်ရိုက်ထိခိုက်မှာတွေကိုသာ ရုတ်သိမ်းပေးတာကိုသာ ကျနော်တို့လိုလားပါတယ်။ စစ်ခရိုနီတွေ ငွေဝင်ဖြောင့်ပြီး လူထုငတ်နေတဲ့ အခြေအနေတွေကို အမေရိကန်တွေသတိပြုမိအောင် လှုံ့ဆော်သွားပါမယ်။

တိုင်းပြည်ကို တရုတ်လက်ထဲ ဖြစ်ဖြစ် ဂုတ်သွေးစုတ်မယ့်ဘယ်လိုနိုင်ငံလက်ထဲကိုဖြစ်ဖြစ် စီးပွါးရေးအရ နိုင်ငံရေးအရ ခေတ်သစ်ကိုလိုနီစနစ်ထဲ မောင်းသွင်းမှာကိုလက်မခံပါ။ လူထုကိုကျွန်ပြုမယ့် အခြေအနေဂွင်ထဲမှာ ပုံသွင်းပြီး လူထုကိုဂုတ်သွေးစုတ် စော်ကားမော်ကားလုပ်မဲ့ ခေတ်သစ်ကျေးကျွန်စနစ် စီမံကိန်းတွေအားလုံးကို လုံးဝလက်ခံမှာမဟုတ်ပါ။ ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရေး အကြောင်းပြပြီး ခရိုနီတွေ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး နိုင်ငံတော်ကို လက်ညိုးထိုးရောင်းစားတာမျိုးကို လုံးဝဆန့်ကျင်ပါတယ်။

နိုင်ငံတိုးတက်ရေး အခြေခံ လုပ်ငန်းတွေဖြစ်တဲ့ လူထု အလုပ်အကိုင်ရရှိရေး လူထုစီးပွါးရေးချောင်လည်လာစေရေး လူထုကျမ္မာရေးစောင့်ရှောက်မှုမြင့်မားလာစေရေး လူထုဆက်သွယ်ရေးခေတ်မီလာစေရေး လူထုပညာရေးအဆင့်မြင့်လာစေရေး တွေ ဟာ အစိုးရတိုင်းလုပ်ရမယ့် သာမန် ဝတ္တရားတွေသာဖြစ်ပါတယ်။ တိုင်းပြည် စာချုပ်တွေ ဝင်ငွေထွက်ငွေတွေကို ပွင့်လင်းစွာ ကြေငြာပြီး လုပ်ရဲတဲ့ အစိုးရမျိုးကိုလည်းမျှော်လင့်မိပါတယ်။

ဗိုလ်သန်းရွှေ ဗိုလ်စိုးဝင်း တို့  မေ ၃၀  ၂၀၀၃ မှာ  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းခရီးစဉ်မှာ လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်ရာကနေ စီးပွါးရေးပိတ်ဆို့တဲ့ နိုင်ငံရေးအရ နိုင်ငံတကာက အရေးယူရတဲ့ အခြေအနေဆိုးကို ရောက်ရှိလာရတဲ့ သမိုင်းကို မမေ့ဖို့ မသိသေးသူတွေကို နှိုးဆော်လိုက်ပါတယ်။

စစ်အုပ်စုရဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကို နိုင်ငံရေးအရ စစ်ရေးအရ အကြမ်းဖက်တာတွေကို နိုင်ငံတကာက တုန့်ပြန်ခဲ့တာ "စီးပွါးရေးပိတ်ဆို့မှု ဥပဒေ" တွေဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ တရားခုံရုံး နဲ့ အရေးယူတာလည်း မယူနိုင်သေးဘဲ ကျန်ရှိနေပါသေးတယ်။  "တောင်းပန်ခြင်း ခွင့်လွှတ်ခြင်း နောင်မလုပ်ရန်ကတိကဝတ်ပြုခြင်း" တွေကသာ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံကောင်းတွေကိုရမှာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့  မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ နဲ့ လူထုတစ်ရပ်လုံးကို  နိုင်ငံရေးအရ စစ်ရေးအရ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ရပ်ပစ်လိုက်ရင် ဘယ်နိုင်ငံအစိုးရကိုမှ မျက်နှာချိုသွေးစရာ မလိုတော့ပါ။ သမ္မတကြီး နဲ့ အစိုးရတစ်ဖွဲ့လုံး လုပ်ရမှာက စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး အခြေခံတွေဖြစ်တဲ့ လူထုတရပ်လုံးကို ကူညီ စောင့်ရှောက်ရေးတွေ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးတွေ တရားဥပဒေစိုးမိုးရေးတွေ ကိုသာ အာရုံစိုက်ပြီးလုပ်ကြဖို့ကိုသာ တိုက်တွန်းလိုပါတယ်။

ကိုဇော်ဝင်း

Friday, March 1, 2013

မငြိမ်းချမ်းသော ဒေသများအတွက် ငြိမ်းချမ်းရေးခရီးစဉ်

ကျွန်မတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးအကျိုးဆောင် မောင်နှမ သုံးဦး အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အမေရိကား ခရီးစဉ်ကလေးက အမှတ်တရပါပဲ။ နိုင်ငံကျော်များဖြစ်ကြတဲ့ တေးရေး/တေးဆို မဇ္ဈိမ ဦးရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင်နဲ့အတူ ကျွန်မကို ဖိတ်ကြားတဲ့သူတွေကတော့ “မြန်မာနိုင်ငံသားချင်း ရိုင်းပင်းကူညီ .. ပြည်သူ့ဂုဏ်ရည်” အမည်ခံထားတဲ့ အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါပဲ။
 ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်နေတဲ့ လူမှုရေးသမားတွေကို ဂုဏ်ပြုပြီး ဆုပေးတဲ့အဖွဲ့ပါ။ ယခု ကျွန်မတို့ကို ဖိတ်ကြားတာကတော့ ကချင်ဒေသနဲ့ ရခိုင်ဒေသများမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေးပျက်သုဉ်းမှုကြောင့် လူမှုဒုက္ခတွေ ခံစားနေကြရတဲ့ တိုင်းရင်းသားပြည်သူလူထုကို တတပ်တအား ကူညီဖေးမနိုင်ဖို့ ရန်ပုံငွေ ရှာဖွေရေးအတွက်ပါ။
 ပြည်တွင်းမှာ လူမှုရေး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကျွန်မတို့ ၃ ဦးကို ပြည်ပက မြန်မာများအနေနဲ့ ဖိတ်ကြားတာဟာ ကျွန်မတို့ကို အမေရိကန်နိုင်ငံကို ရောက်စေချင်ကြတဲ့ စေတနာနဲ့အတူ မြန်မာပရိသတ်ကို ဟောပြောပွဲနားထောင်စေချင်တာရော၊ လှူဒါန်းကြတဲ့ ရန်ပုံငွေများကို ကချင်နဲ့ ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခရောက်နေကြသူတွေကို လှူဒါန်းကူညီစေချင်တာရော အားလုံးကို တပြိုင်တည်း ဆောင်ရွက်လိုက်ကြခြင်းပါပဲ။
 ကျွန်မအနေနဲ့ကတော့ အမေရိကန်နိုင်ငံကို တခါမှ မရောက်ဖူးတဲ့အတွက်ရော၊ ကျွန်မ ချစ်မြတ်နိုးတဲ့ အပေါင်းအသင်း ဆရာသမား၊ ညီအစ်ကို မောင်နှမများနဲ့ပါ တွေ့ချင်နေတာမို့ ရှေ့မှာလည်း ကြည်နူးဝမ်းသာ၊ ရက်ရှည်ကြီးမို့ နောက်ပိုင်းလည်း တွေးပူနဲ့ စိတ်လှုပ်ရှားနေရတဲ့ကြားထဲမှာ ကျွန်မတို့သွားတဲ့ ပထမပတ်ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် နယူးရော့ခ်မြို့မှာကြုံရတဲ့ စန္ဒီမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် ကျွန်မတို့မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကို နှိုင်းယှဉ်ကြည့်မိတဲ့ အတွေ့အကြုံတစ်ခုကို ဖြတ်သန်းရတာဟာလည်း မှတ်သားလောက်စရာပါပဲ။
 လေမုန်တိုင်းရဲ့ ဦးတည်ရာလမ်းကြောင်းတွေကို နေ့ညမပြတ် ပြသနေတဲ့ အမေရိကန်နိုင်ငံ ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ရင်း ဦးရဲလွင်နဲ့ ဆောင်းဦးလှိုင်က ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလအိမ်နှင့် ကျွန်မက ညီမလေး မူမူအိမ်ထဲကနေ မုန်တိုင်းကို သက်သက်သာသာပဲ ဖြတ်သန်းခဲ့ကြပါတယ်။ မုန်တိုင်းသတိပေးချက်ကြောင့် နယူးရော့ခ်မြို့ရဲ့ ဟောပြောပွဲ ၂၈.၁၀.၂၀၁၂ နေ့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့သူ အဖွဲ့သားတွေနဲ့ မြန်မာအစားအစာ ရောင်းချပြီး ရန်ပုံငွေရှာဖို့ ချက်ပြုတ်စီစဉ်ထားတဲ့ မြန်မာမိသားစုတွေနဲ့ စာပေ၀ါသနာကြီးသူ အချို့ပဲ ရောက်လာနိုင်ကြပါတယ်။ မော်တော်ကားလမ်းတွေ၊ စတိုးဆိုင်တွေ၊ ကျောင်းတွေ၊ အလုပ်တွေပိတ်ပြီး လူတွေ အန္တရာယ်ကင်းစေဖို့ စီစဉ်ထားတဲ့ကာလမို့ ဒီပွဲမှာ အားခဲထားသလောက် မနွှဲဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မုန့်ရောင်းပြီး ရန်ပုံငွေရှာကြတဲ့ မြန်မာမိသားစုတွေထဲမှာ ကျွန်မ အနှစ်သက်ဆုံး အစားအစာတွေကတော့ ညီမလေးမူမူရဲ့ ထောပတ်ထမင်း၊ ငါးပိကြော်၊ ကြက်သားနဲ့ ဆရာမောင်စွမ်းရည်တို့ ဇနီးမောင်နှံရဲ့ ကောက်ညၟင်းပေါင်းပါပဲ။ ကျွန်မတို့ချစ်တဲ့ ဆရာစွမ်းလည်း ကောက်ညၟင်းပေါင်းသည် ဖြစ်လို့နေပါတယ်။
 သည်ပွဲမတိုင်ခင် ၂၄.၁၀.၁၂ မှာ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ စီစဉ်တဲ့ New York University မှ ဆွေးနွေးပွဲကတော့ မိတ်ဆွေတွေ ကျောင်းသားတွေနှင့် အေးအေးဆေးဆေး တွေ့ခွင့်ရပြီး ညစာအတူ စားဖြစ်ခဲ့ကြပါတယ်။ နယူးရော့ခ်မှာ တွေ့ရတဲ့ ကိုလှသန်း+မစန္ဒာ၊ ကိုမြစိုး၊ ကိုဝင်းဆိုင်၊ ကိုမျိုးတို့မိသားစု၊ စန္ဒရား ကိုအောင်ဝင်း၊ ကိုဌေးမင်းလှိုင်+မစန္ဒာ၊ မမေသီခ၊ မမြတ်မွန်ခ တို့ ညီအစ်မနှင့် မချောစု အပါအ၀င် မြန်မာမိသားစုတို့ရဲ့ နွေးထွေးမှုများကတော့ တသက် မမေ့နိုင်စရာပါပဲ။
 အဝေးရောက် မြန်မာမိသားစုများအကြောင်း ပြောလျှင်တော့ လွမ်းလို့ဆုံးနိုင်တော့မည် မထင်ပါ။ တစ်မြို့ပြီးတစ်မြို့ ဖိတ်ကြားထားသော နေရာတွေသို့ ကူးပြောင်းသွားလာတိုင်း ၎င်းဒေသအသီးသီးမှာ ရှိကြတဲ့ လူတွေရဲ့ တာဝန်ကျေပွန်မှုတွေက အားနာစရာပင်ကောင်းနေပါတယ်။ ကျွန်မတို့ သွားရောက်ခဲ့ကြတဲ့ ခရီးစဉ်တလျှောက်မှာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဒေသတာဝန်ခံများဖြစ်ကြတဲ့ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ (နယူးရော့ခ်မြို့)၊ ကိုနေလင်း၊ ကိုယဉ်ထွေးနှင့်အဖွဲ့ (မေရီလန်း)၊ ကိုသန်းနိုင်၊ ကိုဂျိမ်းမလင်းထွန်း၊ ကိုစိန်မြင့်မောင်နှင့်အဖွဲ့ (ဖလော်ရီဒါ)၊ ကိုထိန်လင်း၊ ကိုခင်မောင်အေးနှင့်အဖွဲ့ (ဆန်ဖရန်စစ္စကို)၊ ကိုကျော်ဝဏ္ဏ + မိုးချိုသင်း၊ ဦးကိုလေး၊ ဘိုဘိုနှင့်အဖွဲ့ (လော့စ်အင်ဂျလိမြို့)၊ ကိုဝင်းသူအောင်နှင့်အဖွဲ့ (လပ်စ်ဗီးဂက်စ်မြို့)၊ ကိုအေးမြင့်၊ ကိုမြင့်လွင်၊ ကိုဟန်ဝင်းချိုနှင့်အဖွဲ့ (ဖီးနစ်မြို့)၊ ကိုထွန်းထွန်းနှင့်အဖွဲ့ (ပို့ဒ်လန်း၊ အော်ရဂွန်)၊ ကိုမူးသာနှင့်အဖွဲ့ (စီရေတာ) တို့အပြင် ကျွန်မတို့ကို နေရာထိုင်ခင်းပေး၊ ချက်ပြုတ်ကျွေးမွေးဧည့်ခံကြတဲ့ မြန်မာမိသားစုတွေရဲ့ စေတနာကတော့ အနှိုင်းအဆ မရှိပါပဲ။
 အတူတကွ သွားကြတဲ့ တေးရေး တေးဆို မဇ္ဈိမလှိုင်း ဦးရဲလွင်ကလည်း ငြိမ်းချမ်းရေးသမား၊ တေးရေး တေးဆို ဆောင်းဦးလှိုင်နဲ့ ကျွန်မကလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သူတွေ၊ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မငြိမ်းချမ်းကြတဲ့ မြန်မာပြည်သူလူထုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ပါ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီကြစေချင်သူတွေမို့ ကျွန်မတို့ခရီးစဉ်ဟာ လိုလေသေးမရှိအောင် အဆင်ပြေပါတယ်။
 အဆင်မပြေမှု အနည်းအကျဉ်းတော့ ရှိပါတယ်။ အဲဒါက ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ။ ၂၃-၁၁-၂၀၁၂ နေ့မှာ Las Vegas မြို့ကနေ Portland ကို အကူး၊ ဟိုတယ်က အထွက်မှာ ခရီးဆောင်သေတ္တာတစ်လုံး ပျောက်ကျန်ခဲ့ပါတယ်။ ဟိုတယ်ကအထွက် ၁၁ နာရီကနေပြီး လေယာဉ်ချိန် ၃း၄၅ အတွင်း ပစ္စည်းတွေနဲ့ ကျွန်မတို့ကို ကြိုဆိုပို့ဆောင်ပေးကြသူတွေဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည် Las Vegas တာဝန်ခံ ကိုဝင်းသူအောင်နဲ့အဖွဲ့တွေ ကား ၃ စီးနဲ့ ပထမဆုံး ဟိုတယ်က အထွက်မှာ နေ့လယ်စာ ထမင်းစားပြီး မြန်မာဘုန်းတော်ကြီးကျောင်းကနေ လေယာဉ်ကွင်းဆင်းပြီး တန်းပြန်ရင် အချိန်ကိုက်ပါပဲ။ ဖြစ်ချင်တော့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျွန်မ စီးထားတဲ့ ခြေညၟပ်ဖိနပ်ကလေးက သဲကြိုးပြတ်သွားပါတယ်။ ဒါနဲ့ ဖိနပ်အပို ၂ ရန် ထည့်ထားတဲ့ ခရီးဆောင်သေတ္တာထဲက ဖိနပ်ထုတ်စီးမယ်လုပ်တော့ အဲဒီသေတ္တာ ပါမလာတော့ပါဘူး။ အဖွဲ့သားတွေအားလုံးရော ဦးရဲနဲ့ ကိုဆောင်းပါ ပျာယာခတ်သွားပါတော့တယ်။ လေယာဉ်ချိန်ကလည်း နီးပြီမို့ လူတွေ သုတ်သုတ်ပျာပျာနဲ့ ဟိုတယ်ကို ပြန်ရှာကြရပါတယ်။
 သေတ္တာက ဟိုတယ်ကအထွက် ပါလာတာသေချာပြီး ဟိုတယ်ရှေ့မှာ စုပုံတဲ့အထိ ရှိနေတော့ ကား ၃ စီးနဲ့အတင်မှာ ကိုယ်စီအလုပ်ရှုပ်နေကြတာမို့ ဟိုတယ်ရှေ့မှာ ကျန်ခဲ့ပုံပေါ်ပါတယ်။ ဒါနဲ့ ဟိုတယ်လုံခြုံရေးနဲ့ စုံစမ်းရေးဌာနမှာ ပြန်ရှာပေမယ့် မရတော့ပါဘူး။ တစ်ဦးဦး တွေ့လို့ မှားယူသွားပုံပေါ်ပါတယ်။ အတွေ့အကြုံထူးတစ်ခုအနေနဲ့ မြန်မာပြည်က နမော်နမဲ့ စာရေးဆရာမတစ်ယောက် ဖိနပ်မပါဘဲ ဘုန်းကြီးကျောင်း၊ ဟိုတယ်နဲ့ Las Vegas လေဆိပ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ရပါတယ်။ အဖွဲ့သားတွေကို ကျွန်မက အမေရိကန်နိုင်ငံတွင်းက မြို့တစ်မြို့ရဲ့ လေဆိပ်မှာ ခင်းထားတဲ့ ကော်ဇောပြင်ရဲ့ နူးညံ့မှုကို ဘယ်သူမှ ကျွန်မလောက် အရသာမသိကြတာကို ဂုဏ်ယူစွာ ပြောပြနိုင်ခဲ့ပါတယ်။ လေဆိပ်အတွင်း လေယာဉ်ပေါ် တက်ခါနီးမှာတော့ ပါလာတဲ့ ညီမလေး ဒေါက်တာ မေချောရှိန်က နောက်ဆင်းမယ့်မြို့ လေဆိပ်က ကော်ဇောအရသာ မခံရအောင် လေယာဉ်ကွင်းထဲမှာရှိတဲ့ စတိုးဆိုင်တွေထဲက ရရာဖိနပ်တစ်ရန် ပြေးဝယ်ပေးလို့ စီးခဲ့ရပါတယ်။
 နောက်အမှတ်တရ တစ်ခုက လွမ်းမောရင်နင့်စရာတစ်ခုပါ။ ကျွန်မတို့ မောင်နှမ ၃ ဦး L.A ရောက်တော့ “ဆေးလိပ်လည်းတို .. နေလည်းညိုပြီ … ငါ့ကို ပြန်ပို့ကြပါလေ” လို့ ဆိုတဲ့ ကျွန်မတို့ချစ်တဲ့ ဆရာတင်မိုးရဲ့သမီး မိုးချိုသင်းနဲ့ ကျော်ဝဏ္ဏတို့အိမ်မှာ နေကြရပါတယ်။ ကျွန်မ အမေရိကားခရီးစဉ်ကို ရင်ခုန်ရတဲ့ သံစဉ်ထဲမှာ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်နဲ့ စာပေမောင်နှမတွေ၊ ညီအစ်မတွေ ဖြစ်ကြတဲ့ ကိုအောင်ဝေး၊ ကိုသစ်ဆင်း၊ ကိုထိန်လင်း၊ ကိုသန်းဌေးမောင်၊ ကျော်ဝဏ္ဏ၊ မိုးချိုသင်း၊ မစမ်းစမ်းတင်၊ မေငြိမ်း၊ ခက်မာ နဲ့ အခြား ... အခြား .. သော သံယောဇဉ်ရှိသူတွေ အများကြီးပါ။
 L.A မှာ ဆရာ(ဦး)တင်မိုး ဆုံးသွားတဲ့ လက်ဖက်ရည်ဆိုင်ကလေးကို ချိုသင်းက ကျွန်မကို လိုက်ပြပါတယ်။
 “ဖေဖေက သူ့မိတ်ဆွေတစ်ယောက်နဲ့ ဟောဒီဆိုင်က ဒီခုံကလေးမှာထိုင်ပြီး ချိုသင်း အလုပ်ကအပြန်ကို စောင့်နေတာ။ ချိုသင်း အလုပ်က ပြန်လာလို့ ဖေဖေ အပြင်ရောက်နေရင် သမီးရေ .. ဖေဖေ ဘယ်မှာရှိတယ်ဆိုရင် ၀င်ခေါ်နေကျလေ။ ဖေဖေ အဲဒီနေ့က သူ့မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်သောက်ရင်း ရုတ်တရက် လဲကျပြီး ဆုံးသွားတာ။ မြန်လိုက်တာ အစ်မရယ် ..”
 ချိုသင်းနဲ့အတူ ကျွန်မ အတော်ခံစားရပါတယ်။ မြန်မာပြည်ကို သိပ်ချစ်တဲ့ဆရာ မြန်မာပြည်ကို လွမ်းတဲ့ မြန်မာပြည်ကို ပြန်လာချင်တဲ့ဆရာ .. ခုချိန်မှာ ကျွန်မ ပိုလွမ်းမိပါတယ်။
 အမေရိကန်ခရီးစဉ်မှာ အတုယူစရာတွေလည်း အများကြီးပါပဲ။ သူတို့နိုင်ငံသားတွေရဲ့ နေရာတကာမှာ သူများကို အလှည့်ပေးတတ်တဲ့၊ အမြတ်မထုတ်တတ်တဲ့၊ စည်းကမ်းတကျ တန်းစီတဲ့ အလေ့အကျင့်ကလေးက ကျွန်မတို့ မြန်မာပြည်မှာလို သူ့ထက်ငါ အလုအယက် တိုးဝှေ့နေကြရတဲ့ အခြေအနေနဲ့ ကွာခြားလွန်းပါတယ်။ စတိုးဆိုင်မှာ ဈေးဝယ်တာကအစ ကားမှတ်တိုင်မှာ ကားစောင့်တာအလယ်၊ အများသုံး အိမ်သာ ၀င်ကြတဲ့နေရာအဆုံးပါပဲ။ အလွန် အတုယူသင့်တဲ့ စည်းကမ်းပါပဲ။
 နောက်တစ်ခု စိတ်ကျေနပ်စရာကောင်းတာက ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးပါ။ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ် ဘယ်လောက်မြင့်မားတယ်ဆိုတာ ကျွန်မ ပြောဖို့လိုမယ် မထင်ပါဘူး။ ဒါပေမယ့် အမေရိကန်ကလေးတွေနဲ့အတူ စာသင်နေကြတဲ့ ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ဘယ်လောက်ထက်မြက်တယ်ဆိုတာ မေငြိမ်းရဲ့ သား၊ သမီး နဲ့ ခက်မာရဲ့ သားတွေက အမြဲတမ်း ကျောင်းမှာ ဆုရနေကြတာက သက်သေပါပဲ။ ကျွန်မဖြင့် မြန်မာပြည်က ကျွန်မတို့ ရင်သွေးတွေကို အဲဒီ ပညာရေးစနစ်ကြီးထဲ တွန်းပို့ချင်လိုက်တာ။
 နောက်သတိပြုမိတာတစ်ခုက သူတို့နိုင်ငံမှာ ကျွန်မတို့ မြန်မာတွေအားလုံးနီးပါး ကားစီးနေကြတာပါပဲ။ ကားစီးနေကြတယ်လို့ ကျွန်မပြောတဲ့အတွက် ဆင်းရဲ ချမ်းသာ ကွာဟမှုနဲ့ ဆိုင်သယောင်ဖြစ်နေပါလိမ့်မယ်။ ချမ်းသာကြလို့ စီးတာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ မော်တော်ကားဟာ ကျွန်မတို့ဆီမှာ ဖိနပ်လိုပါပဲ။ ကားမရှိတဲ့လူဟာ ဖိနပ်မရှိတဲ့သူလိုပဲ ခရီးမတွင်ပါဘူး။ အလုပ်သွားလျှောက်ရင် ကားရှိလားလို့ အရင်မေးတာပါတဲ့။ ကားမရှိရင် အလုပ်ကို အချိန်မီ မရောက်နိုင်ဘူး၊ အလုပ်ခွင်စည်းကမ်းကို ချိုးဖောက်နိုင်တဲ့ အခွင့်အလမ်းမို့ အလုပ်မခန့်ချင်ကြပါဘူး။ ဒါကြောင့် မော်တော်ကားနဲ့ နေစရာအိမ်ဟာ သူတို့အတွက် အခြေခံလိုအပ်ချက်ပါပဲ။ ဒါကြောင့် အိမ်တစ်အိမ်မှာ ၂ ယောက် အလုပ်သွားလုပ်နေရရင် များသောအားဖြင့် ကား ၂ စီးရှိကြပါတယ်။ အဲဒီလောက် ၀ယ်နိုင်တဲ့အခြေအနေ ရှိလားလို့ မေးကြည့်မိတော့ အိမ်ရော ကားရော သူတို့ရဲ့လုပ်ငန်း ၀င်ငွေအခြေအနေကို ကြည့်ပြီး အရစ်ကျ ပေးသွင်းကြရပါသတဲ့။ အချို့ဆိုရင် အနှစ် ၂၀၊ ၃၀ အထိကို လစဉ်ဝင်ငွေထဲကနေပြီး အချိုးကျ အကြွေးဆပ်နေကြရပါတယ်။ ဒီတော့ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား မနားမနေလုပ်ပြီး အဲဒီကြွေးကို လစဉ် အဖြတ်ခံနေကြရတဲ့သူတွေ အများကြီးပါ။ ကြွေးမြီများဖြင့် တုပ်နှောင်ထားခြင်း ခံရပါသော်လည်း သူတို့ရဲ့ လူနေမှုအဆင့်ကတော့ မြန်မာပြည်က လက်လုပ်လက်စားများ၊ ၀န်ထမ်းများထက်တော့ မြင့်မားတာ အမှန်ပါပဲ။
 ကျွန်မအတွက်ကတော့ အမေရိကန်ခရီးစဉ်မှာ ရောက်တဲ့မြို့တိုင်းရဲ့ အထင်ကရနေရာတွေကို မြို့ခံ ပြည်သူ့ဂုဏ်ရည်တာဝန်ခံတွေက ပို့ပေးကြလို့ တခါတရံ တားတောင်ယူရပါတယ်။
 နေရာအနှံ့ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတဲ့အထဲမှာ UN ရုံးက မြန်မာတွေ ဂုဏ်ယူစရာ ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တတိယကမ္ဘာစစ်ကြီးကို တားနိုင်ခဲ့သူ ဦးသန့်ရဲ့ဓာတ်ပုံရှေ့မှာ မတ်တတ်ရပ် ဓာတ်ပုံအရိုက်ခံရတာကိုလည်း ကျေနပ်နေမိကြပါတယ်။
 ဒီခရီးစဉ်မှာ စာပေသမားတွေ၊ မိတ်ဆွေဟောင်းတွေနဲ့လည်း မမျှော်လင့်ဘဲ တွေ့ခွင့်ရပါတယ်။
 စာရေးဆရာမတွေဖြစ်တဲ့ ညီမ ရီတာအောင်၊ ညီမ ညိုခက်ကျော်နဲ့ စာရေးဆရာ ကိုဆွေအောင်၊ ယောမင်းကြီးစာပေက ဦးကောင်းမြင့်နဲ့ ရှုမ၀ဦးကျော် မိသားစုတွေ၊ ဆရာမကြီး ဒေါ်ဒဂုန်ခင်ခင်လေး မိသားစုတွေနဲ့အတူ ကျွန်မရဲ့ ပရဟိတလုပ်ငန်းတွေကို အမြဲနားစွင့်ပြီး လှူတန်းနေတဲ့ ညီမလေး စန်းစန်းမြင့် နဲ့ အခြား ပရဟိတ အားပေးသူများ၊ စေတနာရှင်များနဲ့လည်း ဆုံစည်းရတာမို့ ရခိုင်နဲ့ ကချင် ရန်ပုံငွေအပြင် အခြား ပရဟိတ လုပ်ငန်းကလေးတွေအတွက်လည်း သီးသန့် နိုင်သလောက် စာအိတ်ကလေးတွေနဲ့ အလှူငွေ ပါးလိုက်ကြပါသေးတယ်။
 ၂၈-၁၁-၂၀၁၂ နေ့မှာတော့ ကျွန်မတို့ လူမှုရေးနဲ့ အနုပညာမောင်နှမ ၃ ဦး ငြိမ်းချမ်းရေးခရီးစဉ် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်လာကြပါတယ်။ အဲဒီခရီးစဉ် ပြီးဆုံးလုဆဲဆဲမှာပဲ အင်တာနက်ပေါ်မှာ နောက်ထပ် မငြိမ်းချမ်းတဲ့ ပဋိပက္ခတစ်ခု စတင်တဲ့ တန်ဆောင်မုန်းလပြည့်ညရဲ့ ဆေးပေါင်းခချိန်က ကြိုဆိုလိုက်ပြန်ပါတယ်။
 ၅-၁၂-၂၀၁၂ နေ့မှာ အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ပို့ပေးလိုက်တဲ့ ရန်ပုံငွေပွဲက ရရှိတဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၃၄၉၃၆.၃၉ ရဲ့ တန်ဖိုး မြန်မာငွေ သိန်းပေါင်း နှစ်ရာ့ကိုးဆယ်ကျော်ကို ကချင်ဒေသနဲ့ ရခိုင်ဒေသကို တ၀က်စီခွဲပြီး လှူဒါန်းတဲ့ပွဲကလေးကို ကျွန်မတို့ရဲ့ နာရေးကူညီမှုအသင်းမှာ လုပ်ဖြစ်ပါတယ်။
 ကချင်ဒေသအတွက် ၈၈ မျိုးဆက်ကျောင်းသားများက ကိုယ်စားလက်ခံ တာဝန်ယူလှူဒါန်းပေးပြီး ရခိုင်ဒေသအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)က ကိုယ်စားလက်ခံပြီး တာဝန် ယူလှူဒါန်းပေးကြပါတယ်။
 မငြိမ်းချမ်းတဲ့ ဒေသများအတွက် ငြိမ်းချမ်းရေးခရီးပေါင်းများစွာကိုသာ နေရာဒေသအနှံ့ ပရဟိတသမားများ၊ လူမှုရေးကြိုးပမ်းဆောင်ရွက်ကြသူများ၊ မြန်မာနိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းကြစေလိုသူများချည်းသာ ရောက်ရှိ အကျိုးဆောင်နိုင်ကြမည်ဆိုလျှင် … ထပ်မံဖြစ်ပွားလေမည့် ပဋိပက္ခများကို ငြိမ်းချမ်းသော နှလုံးသားများ၊ စာနာထောက်ထားသော ကိုယ်ကျင့်တရားများနှင့် တားဆီးကာကွယ်နိုင်ကြပါလျှင်မူ …။ ။
သန်းမြင့်အောင်
နောက်ဆက်တွဲ
 မမျှော်လင့်ဘဲ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပီတိဖြစ်ရတဲ့ ကိစ္စလေးက ကျွန်မ မြန်မာပြည် ပြန်ရောက်ပြီး ရက် ၂၀ ကျော်အကြာမှာ အမေရိကားကို လူမှုရေးနဲ့အနုပညာကိစ္စတစ်ခုနဲ့ ရောက်သွားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမှုရေးသမားအနုပညာရှင် ဒေါ်ဆွေဇင်ထိုက်နဲ့အတူ Las Vegas မှာ ပျောက်ခဲ့တဲ့ ခရီးဆောင်သေတ္တာကြီး ပြန်ပါလာခဲ့တာပါပဲ။
 ကျွန်မ နမော်နမဲ့ ထားခဲ့တာကို မှားယူသွားတဲ့သူက ဟိုတယ်ကို လာပြန်အပ်ပုံပေါ်ပါတယ်။ အဲဒါလည်း အတုယူစရာပါပဲ။ ကျွန်မရဲ့ အဲဒီအိတ်ကြီးကို Las Vegas က ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံ ကိုဝင်းသူအောင်က ဒေါ်ဆွေဇင်ထိုက်နဲ့ လူကြုံပါးပြီး ခရီးဆောင်အိတ်အတွက် ၀န်ဆောင်ခပါ စိုက်ပြီး ကျွန်မဆီကို မြန်မာပြည်အရောက် ပြန်ပို့လိုက်ကြကြောင်းပါ။
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထုတ် ကလျာမဂ္ဂဇင်းပါဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။
Related Posts Plugin for WordPress, Blogger...