Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Tuesday, July 10, 2012

ငချွတ်ကလေးများအား ကြိုးစားခွင့်ပြုပါ


ကျွန်မကို ၁၉၈၉ခုနှစ် အောက်တိုဘာ တစ်ရက်နေ့တွင် မွေးဖွားပါသည် ... ၈၈ အရေးအခင်းကို လူကိုယ်တိုင် မပြောနှင့် .. အမေ့ဗိုက်ထဲကပင် မမှီလိုက်ပါ ... ယခု နှစ် ၅၀ ပြည့်သော ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတုန်းက ဆိုလျှင် ကျွန်မ အရင်ဘဝမှာပင် ရှိပါဦးမည် ... ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာတော်များ အရေးအခင်းတွင် ကျွန်မ 2nd M.B ရောက်ပါပြီ .... လူတွေစီတန်းဆန္ဒပြသည့် သတင်းများကို အစပထမ အင်တာနက် သတင်းများအရ သိရသည် ... နောက် ရေဒီယို နားထောင်၍ သိရသည် ... တကယ်လူအုပ်ကြီးကိုတော့ အနားတိုးလို့ ကပ်လို့ပင် မကြည့်ဖူးပါ ... ယခင့် ယခင် နိုင်ငံရေးသမိုင်းများတွင် မသိမှီလိုက်၍သော် လည်းကောင်း .... အသိဥာဏ်မရှိ၍သော်လည်းကောင်း ကျွန်မ ဘယ်နေရာမှ participate မလုပ်ဖူးပါ ( ပွင့်လင်းစွာ ဝန်ခံခြင်းဖြစ်ပါသည် )



သို့သော် ......

ယခု ကျွန်မတို့ လူငယ်တွေ နိုင်ငံရေးအကြောင်း ရေးတော့ ပြောတော့ ... " ၈၈ တုန်းက မွေးဖြင့် မမွေးသေးပဲနဲ့ အာကချောင်ချင်တယ်" " ကျောင်းသားသမဂ္ဂအကြောင်း ပြောရအောင် မှီလိုက်တာကျနေတာပဲ " " ရှေ့ထွက်ဆိုရင်တော့ ဘယ်တုန်းကမှ မပါပါပဲနဲ့ "

ဆိုတာ .. ဆိုတာတွေ ကြားလာရသည် ... တွေ့လာရသည် ...



၈၈ နောက်ပိုင်းမွေးလာကြသူများသည် မျက်စိမှိတ် နားပိတ်ကာ မွေးလာရသူများဖြစ်သည် ... ကျွန်မတို့ မွေးပြီး နဖူးတွေ့ဒူးတွေ့တွေ့လိုက်ရသော အစိုးရသည် မြန်မာနိုင်ငံကို ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော ( ထုတ်နေသော ) စစ်အစိုးရဖြစ်ပါသည် ... စစ်အစိုးရ၏ သတင်းကောင်းများကိုတော့ အထူးတလှယ် ဇာချဲ့ပြောနေရန် လိုမည်မထင်ပါ .. နိုင်ငံရေးဆိုတာကို ပွင့်လင်းစွာ ရေးဖို့ပြောဖို့ မပြောနှင့် လေသံတောင် ရဲရဲ မဟရဲအောင် ဖိနှိပ်ထားခဲ့သော အစိုးရဖြစ်ပါသည် ... ဒီတော့ ကျွန်မတို့ ကလေးတုန်းက ဘာတွေ သိခဲ့မည်နည်း ... ဘယ်သူမှလည်းနိုင်ငံရေးအကြောင်းမပြောပါ ... ဘယ်စာအုပ်ကမှလည်း နိုင်ငံရေးအကြောင်းမရေးပါ .. ကျွန်မတို့လည်း ဘာမှ မသိခဲ့ပါ ...



ကျွန်မအတွက် နိုင်ငံရေးဆိုသည်မှာ စက်ဆုပ်ဖွယ်ကောင်းသောအရာလား ... ဂုဏ်ယူဖွယ်ကောင်းသောအရာလား ဆိုတာ ဝေခွဲရခက်ခဲ့ပါသည် ... ဟိုးငယ်ငယ် ကျောင်းသူဘဝက ဂျပန်ကို ပညာတော်သင်သွားဖို့ စာမေးပွဲဖြေရမည်ဆိုတော့ ကျောင်းသားခေါင်းဆောင် သမီးဖြစ်၍ ရွေးချယ်ခံရပြီးမှ ပြန်နှုတ်ခံရသည် .. ကျွန်မ ယနေ့တိုင် မမေ့သေးပါ ... သိပ်စိတ်နာပါသည် .... အဲ့ဒီတုန်းကတော့ နိုင်ငံရေးဆိုတာကြီးကို မုန်းခဲ့ပါသည် ...



ကိုးတန်းတုန်းက သူများအဖေတွေထောင်က လွတ်တာမြင်တော့ ဖေဖေ့ကို ခံဝန်လက်မှတ်ရေးထိုးဖို့ ကျွန်မ ထောင်ဝင်စာတွေ့ရင်း ငိုယိုတောင်းပန်ခဲ့ဖူးသည် .... ဖေဖေက " သမီးကြီးရင် နားလည်လာပါလိမ့်မယ် " ဟု ပြောလွှတ်လိုက်သည် ... အခုပြန်တွေးကြည့်တိုင်း ငိုခဲ့တာကို ရှက်မိပါသည် ....



ကျွန်မနိုင်ငံရေးကို စက်ဆုပ်ခဲ့ပါသည် ... ကျွန်မနိုင်ငံရေးလုပ်ရမှာကို ကြောက်ခဲ့မိပါသည် ... နိုင်ငံရေးဆိုတာ ကျွန်မအတွက်တော့ မိသားစု တကွဲတပြားနေရခြင်းထက် ဘာမှ မပိုခဲ့ပါ .... ဟု ထင်ခဲ့မိပါသည် ...



ကိုယ်ပိုင် အသိဥာဏ်ဖြင့် ကိုယ်တိုင် ရပ်တည်လာနိုင်ချိန်တွင်တော့ အရင်က အတွေးတွေကို ပြန် စက်ဆုပ်လာပြန်ပါပြီ ... အန်တီစုက " အမျိုးသမီးတွေ အိမ်မှာ ထမင်းချက်တာလည်း နိုင်ငံရေး လုပ်တာပဲ " ဟု အကျယ်ချုပ်မှ ပြန်လွတ်လာခါစက ပြောဖူးပါသည် ...



ကျွန်မ ကြီးကြီးကျယ်ကျယ် နိုင်ငံရေးမလုပ်လိုပါ ...

သို့သော် တတ်စွမ်းသမျှလေးတော့ ပါဝင်ပါရစေ

ကျွန်မတို့အားလုံး နိုင်ငံ့အရေး နိုင်ငံရေးကို လေ့လာနေဆဲ ဖြစ်ပါသည်...

သမိုင်းကို မမှီလိုက်တိုင်း နိုင်ငံရေးပြောခွင့် မရှိဘူးတဲ့လား ????

ကျွန်မတို့ မမှီလိုက်သော်လည်း မှီလိုက်သူများထံမှ လေ့လာပါရစေ

နိုင်ငံအတွက် ကြိုးစားပါရစေ

ယခင်က မပါဝင်ခဲ့ဖူးသော်လည်း ယခုတော့ ပါဝင်ပါရစေ ....

ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတုန်းက မမွေးသေးသော်လည်း 7 July ကို သမိုင်းမှတ်တမ်းတွေကနေ တဆင့် ပြန်လည် အမှတ်ရပါရစေ ...

ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင် ကိုယ်ကျ မမြင်ဖူးပေမဲ့ အာဇာနည်နေ့နဲ့ ဗိုလ်ချုပ်မွေးနေ့တွေမှာတော့ ဗိုလ်ချုပ်အတွက် လုပ်နိုင်တာလေးတွေ လုပ်ပေးပါရစေ

ဆလိုင်းတင်မောင်ဦးဆိုတာ ခုမှကြားဖူးပေမဲ့ သူ့ပေးဆပ်မှုအတွက် ဂုဏ်ပြုပါရစေ



" မသိပဲနဲ့ ဝင်မပြောနဲ့

မကြုံဖူးရင် လျှာဝင်မရှည်နဲ့ " ... ဆိုပြီး အညွှန့်မချိုးလိုက်ပါနဲ့

၈၈ နောက်ပိုင်းမွေးတဲ့ ငချွတ်လေးများဟာလည်း နောင်တစ်ချိန် လူကြီးဖြစ်လာမဲ့သူတွေချည်းပါပဲ



ငချွတ်ကလေးများလည်း စွမ်းသလောက်တော့ ကြိုးစားပါရစေလို့ ပန်ကြားရင်း





ကျေးဇူးတင်လျက်

အိမွန်သင်းကြူ

Saturday, January 28, 2012

လေးလွှာ

လှေကားတွေသည် အတော် စိတ်ဝင်စားဖို့ ကောင်းသော အရာတွေမှန်း သူသိလိုက်ချိန်တွင် သူ လှေကား၏ ဒုတိယထစ်ကို ရောက်နေပြီဖြစ်သည်။ သစ်သားလှေကား အိုအိုကြီးက မူရင်း အရောင်အသွေး ဘာမှမရှိတော့။ နှစ်အဆက်ဆက် ( ခေတ်အဆက်ဆက် ဆိုလျှင် ပိုမှန်ပါလိမ့်မည် ) တင်ရှိခဲ့သော အမှိုက်သရိုက်ချေးညှော်များဖြင့် လှေကားထစ်များက ညစ်ထေးနေသည်။ သည်လှေကားထစ်တွေ အပေါ် ဖြတ်သန်းခဲ့တာ အခုလောက်ဆို လူဘယ်နှစ်ယောက်လောက် ရှိနေမလဲမသိ။ သူကကော ဘယ်နှစ်ယောက်မြောက်ပါလိမ့်။ သူမသိသော်လည်း လှေကားထစ်ကလေးတွေ ကတော့ ကောင်းကောင်းသိပါ လိမ့်မည်။ ပထမဆုံး သူတို့အပေါ် နင်းဖြတ်သွားခဲ့သူမှ ယခုနောက်ဆုံး နင်းဖြတ်နေသူ သူ အထိ လူတွေရဲ့ အကြောင်း ကောင်းကောင်း သိနေပါလိမ့်မည်။ သူတွေးနေရင်းနှင့် လှေကားတဆစ်ချိုးသို့ ရောက်လာသည်။ သည်တိုက်ကြီး ဘယ်တုန်းက ဆောက်ခဲ့ပါလိမ့်။ ကိုလိုနီခေတ်ကတည်းကဟု သူထင်သည်။ အန္တရာယ်ရှိသော အဆောက်အဦးပင် ဖြစ်လုနီးပြီလား မသိ။ ဘာပဲပြောပြော သည်လှေကားတွေ အပေါ်တော့ နေ့စဉ် လူတွေ ဆင်းနေတက်နေကြဆဲဖြစ်သည်။ လှေကားတလျှောက် ပျံ့လွင့်နေသော အောက်သိုးသိုး ဘယ်လိုခေါ်ရမှန်းမသိသည့် အနံ့တစ်မျိုးကို သူ ရှူရင်း နောက်လှေကား တစ်ဆစ်ဆီ တက်လာမိပြန်သည်။ လှေကားထိပ်ဘက် တိုက်မျက်နှာစာနံရံတွင် ဖောက်ထားသော ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ကို သူလှမ်းမြင်နေရသည်။ တိုက်နံရံတွင် တွယ်ကပ်နေသော ဘာအပင်အမျိုးအစားတွေမှန်း သူတစ်သက်လုံး မသိခဲ့သည့် အပင်စိမ်းစိမ်းစိုစို ကလေးတွေကိုပင် သူမြင်နေရသည်။ သူ ဘာကြောင့် ထိုအပင်ကလေးတွေ၏ အမျိုးအမည်ကို မသိခဲ့ရပါလိမ့်။ နှစ်သုံးဆယ်ကျော် မြင်နေခဲ့ရသည့် အပင်ကလေးတွေ၏ အမည်နာမလေးပဲ ဖြစ်ဖြစ် သိဖို့ မကောင်းပေဘူးလား။ သူ စဉ်းစားနေရင်းနှင့် လှေကားထစ်များ အဆုံးသို့ ရောက်ရှိလာသည်။ သည်နေရာက တိုက်၏ ပထမထပ်ဖြစ်သည်။

သူ့ ဘယ်ဘက်ရှိအခန်းကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ သစ်သားတံခါး ညိုညိုညစ်ညစ် ကြီးက မလှုပ်မချောက်။ ညာဘက်ကတော့ ဟိုးလွန်လေပြီးသော နှစ်များစွာကတည်းက ဖွင့်လှစ်ထားခဲ့ဟန် ရှိသည့် ဓာတ်ပုံဆိုင်တစ်ဆိုင် ဖြစ်သည်။ သူ အထဲကို လှမ်းကြည့်လိုက်တော့ ချေးညှော်တွေ စွန်းထင်းနေ သော ဖန်ပြားခင်းထားသည့် စားပွဲတစ်လုံး နောက်တွင် လူဝကြီးတစ်ဦးထိုင်၍ သတင်းစာဖတ်နေသည်။ စားပွဲပေါ်တွင် သောက်ပြီးတာ အတော်ကြာပြီဖြစ်ဟန် ရှိသည့် လက်ဖက်ရည်ခွက် သုံးလေးခွက်ကို သူတွေ့ရသည်။ နောက် ဘောလုံးဂျာနယ်တစ်စောင်ကို ဖိထားသော စိမ်းပြာပြာ စက္ကူဖိသည့် ဖန်လုံးကြီး တစ်လုံး။ သူငယ်ငယ်က သည်လို ဖန်လုံးမျိုးကြီးတွေကို အလွန်သဘောကျသည်။ အဖိုးတန် ကျောက်မျက်လုံးကြီးတစ်လုံးလို သူ ထင်ခဲ့တာကိုလဲ သူသွားသတိရမိပြန်သည်။ ဆားပုလင်းနှင်းမောင် ဝတ္ထုများထဲမှအတိုင်း ဆိုလျှင်တော့ ထိုလူဝကြီးသည် ဂျူးအဖိုးကြီးတစ်ဦး ဖြစ်နေလိမ့်မည်။ တရုတ်အဖိုးကြီး တစ်ယောက်လဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချက်အပြုတ် ကျွမ်းကျင်ကောင်းလဲ ကျွမ်းကျင်နိုင်သည်။ ဒဿနဆန်ဆန် စကားတစ်ခွန်းတလေလောက်နှင့် သူ့ကို နှုတ်ဆက်ကောင်းလဲ နှုတ်ဆက်နိုင်သည်။ သို့သော် လူဝကြီးက လူဝကြီးပဲ ဖြစ်နေပြီး သတင်းစာကို စူးစူးစိုက်စိုက် ဖတ်နေတာကို သူတွေ့ရသည်။ ဓာတ်ပုံဆိုင်ထဲမှ အရာအားလုံးကတော့ တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်နေသည်။ အားလုံး ဟောင်းဟောင်းနွမ်းနွမ်း ခြောက်ခြောက်သွေ့သွေ့။ မလျှော်တာ ကြာပြီ ဖြစ်ဟန်ရှိသည့် ခန်းဆီးကြီးနှစ်စက မူရင်းဘာအရောင်မှန်းပင် ခွဲရန်မလွယ်တော့။ အဖြူလား အဝါလား တစ်ခုခုတော့ ဖြစ်မည်ထင်သည်။ နံရံတွင်တော့ ရှေးကရိုက်သွားခဲ့သော အဖြူအမည်း ဓာတ်ပုံတွေကို ချိတ်ဆွဲထားသည်။ နှစ်တွေ အတော်ကြာလှတော့မည်။ ဓာတ်ပုံထဲက ဘွဲ့ဝတ်စုံနှင့် ငယ်ငယ်ချောချော အမျိုးသမီးကလေး၏ ပုံကို သူ အဝမှ တွေ့နေရသည်။ အခုဆို အသက်အတော်ကြီးရောပေါ့။ ဓာတ်ပုံသည် ဘယ်တော့မှမညာ ဟူသော သိုးဆောင်းစကားပုံတစ်ခုကို သူ သတိရမိပြန်သည်။ ဘာပဲပြောပြော လောလောဆယ် အခြေအနေ တွင်တော့ ဓာတ်ပုံကို ဓာတ်ပုံအတိုင်း တွေ့ရတာပဲ ကောင်းပါလိမ့်မည်။ ဟိုအရင်ခေတ်က ဓာတ်ပုံရိုက်ကူးခဲ့ သည့် ကင်မရာကြီးကိုလဲ အဝတ်မည်းမည်းကြီးနှင့် အုပ်ထားတာ သူတွေ့ရသည်။ နံရံတွေပေါ်မှာတော့ ပင့်ကူမျှင်အချို့။ ဒီပင့်ကူမျှင်တွေကတော့ လတ်လတ်ဆတ်ဆတ် ပင့်ကူမျှင်တွေ ဖြစ်နေပြန်သည်။ သူ ကြည့်နေတာ နည်းနည်းကြာသွားသလား မသိ။ လူဝကြီးက သတင်းစာဖတ်နေရာမှ ခေါင်းထောင်၍ သူ့ကို လှမ်းကြည့်သည်။ လူဝကြီး၏ အကြည့်ကို သူလွှဲဖယ်လိုက်ရင်း နောက် လှေကားတစ်ဆစ်ချိုးဆီ တက်လာခဲ့သည်။

သည်တစ်ခါတော့ သူ့အကြည့်က လှေကားဘေးရှိ သစ်သားနံရံပေါ်သို့ ရောက်သွားသည်။ နံရံညစ်ညစ် ပေါ်တွင်တော့ မြေဖြူနှင့် ရေးထားသော စာသားများ။ တချို့စာသားတွေက ကလေးတွေ ရေးထားဟန် ရှိသည့် ပေါက်ကရစာသားတွေ (တကယ်ပေါက်ကရ ဟုတ်မဟုတ်တော့ သူလဲ သေချာမသိပါ)။ သူငယ်ငယ်က အိမ်သာနံရံများတွင် တွေ့လေ့တွေ့ထ ရှိခဲ့သော ကတ်ကြေးပုံတစ်ပုံကိုလဲ သူတွေ့ရပြန်သည် ။ ဒါကိုလဲ ပန်းချီစာရင်းထဲ ထည့်လျှင်ကောင်းမလား သူ စဉ်းစားရင်း ပြုံးမိသည်။ သူ နံရံပေါ် စေ့ငုနေစဉ် တွင် အပေါ်မှ ဆင်းလာဟန်ရှိသော ခြေသံကို ကြားလိုက်ရသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင်တော့ မင်းသမီး ဖြစ်ဖို့ရှိပါသည်။ သူနှင့် ဝင်တိုက်ကောင်း ဝင်တိုက်မည်။ ဘုဘောက်ကျကောင်းကျမည်။ ဒါမှမဟုတ် လက်ကိုင်ပုဝါလေးပဲဖြစ်ဖြစ် သူ့ဘေးတွင် ကျနေခဲ့မည်။ သို့သော် ရုပ်ရှင်မဟုတ်သောကြောင့် ဆင်းလာသူမှာ အဖွားကြီးတစ်ယောက် ဖြစ်နေတာကို သူ စိတ်ပျက်စဖွယ် တွေ့ရလေသည်။ သူ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို မလိုအပ်ပါဘဲနှင့် ထပ်မံထုတ်ကြည့်ရင်း လှေကားပေါ်သို့ ဆက်တက်ခဲ့သည်။ လှေကားထစ်တွေဆီက ထွက်ပေါ်လာသော တဗျတ်ဗျတ်နှင့် သူ့ခြေသံမှ လွဲ၍ အားလုံး တိတ်ဆိတ်နေသည်။

လှေကားထိပ်ပြတင်းပေါက်မှ အရောင်ကြောင့် သည်လှေကားတစ်ဆစ်ချိုးမှာတော့ လင်းနေပြန်သည်။ သူ အပေါ်ကို မော့ကြည့်လိုက်တော့ ကျူရှင်ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရသည်။ ဆိုင်းဘုတ်က ပြတင်း၏ တပိုင်းအစကို ကွယ်နေသည်။ ရေးထားသည့် ဆေးသားတို့ပင် ပြယ်စပြုပြီ။ သုံးလပြတ် အင်္ဂလိပ်စကား ပြောဆိုပါလား။ သူတက်လာရင်း လှေကားထိပ်ရောက်တော့ ပွင့်နေသော ဘယ်ဘက်ရှိ ကျူရှင်ရှိရာ အခန်းကို လှမ်းကြည့်မိသည်။ အခန်းထဲတွင် ဘယ်သူမှမရှိ။ သူ ငယ်ငယ်က ကျောင်းတွင် ထိုင်ခဲ့ရသော ခုံတွေပုံစံမျိုး ခုံတန်းရှည် သုံးလေးခုက မညီမညာ စောင်းရွဲ့နေကြသည်။ နံရံပေါ်တွင်တော့ ကျောက်သင်ပုန်း တစ်ချပ်။ သည်တိုက်ရှိ အရာအားလုံးက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေပါလား။ သူ စဉ်းစားနေရင်း ငယ်ငယ်တုန်းက တက်ခဲ့ရသော မူလတန်းကျောင်းကလေးကို လွမ်းလာသည်။ စိုထိုင်းထိုင်း ကျောင်းစာသင်ခုံကလေးတွေကို သတိရလာသည်။ တလောကပဲ သူ့မူလတန်းဆရာမ တစ်ယောက်၏ နာရေးကြေညာ သတင်းစာထဲ တွေ့လိုက်ရသေးသည် ( ထိုဆရာမမှာ သူနေသော လမ်းနှင့် ကပ်လျက်လမ်းတွင် နေသူမို့ သူယခုထိ သိနေခြင်းဖြစ်ပါသည်) ။ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားသော စိတ်နှင့် သူ ညာဘက်ကို ချိုးကွေ့လိုက်သည်။ ညာဘက်ကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ အခန်းဝ တွင်တော့ ယခုခေတ်တွင် တွေ့လေ့တွေ့ထ မရှိတော့သည့် စာတိုက်ပုံးသေးသေးကလေး တစ်ခု ကို တွေ့ရသည်။ စာတိုက်ပုံးပေါ်တွင်တော့ အိမ်ရှင်၏ အမည်ဖြစ်ဟန်ရှိသည့် အမည်တစ်ခုကို ဆေးအဖြူနှင့် ရေးထားသည်။ သဝေထိုးနေရာတွင် ဆေးပျက်နေသောကြောင့် မြေဖြူနှင့် ဖြည့်စွက်ထားသည်။ သူငယ်ငယ်တုန်းကလဲ မြေဖြူတစ်ချောင်းနှင့် ထိုသို့ရေးထားသော စာတန်းများအောက်တွင် တစ်ချောင်းငင် ဝဆွဲစသည်ဖြင့် ဖြည့်စွက်နောက်ပြောင်ဖူးသည်ကို သူ ဖျတ်ခနဲ သွားသတိရလိုက်ပြန်သည် ။ အခုအချိန်တွင်တော့ သူ့မှာ နောက်ပြောင်ခွင့် မရှိတော့။ ရှိများရှိလျှင် နောက်ပြောင်ဖြစ်အောင် နောက်ပြောင်မိဦးမည် ဟု သူ တွေးမိသည်။ အတွေးထဲမျောနေသောကြောင့် အခန်းတံခါးဝတွင် ဘယ်သူ ကျခဲ့မှန်းမသိသည့် ကြက်သွန်ဖြူတစ်ဥကို သူသွားနင်းမိသည်။ သူ့ဖိနပ်တွင် ကပ်သွားသော ကြက်သွန်ဖြူ အစအနများကို သူ လှေကားထစ်နှင့်ရှပ်တိုက် ခြစ်ခွာရင်း လှေကားတစ်ဆစ်ချိုးပေါ် ထပ်တက်ခဲ့သည်။

သည်လှေကား တစ်ဆစ်ချိုး နံရံတွေကတော့ ဖုထစ်ရွတ်တွ ငှက်လင်းတသို့ ဖြစ်နေသည်။ တချို့နေရာ တွေတွင် ဓားနှင့် ဘယ်သူတွေ ထစ်ထားသည်မသိ။ တစ်နေရာတွင် “သက်ဝေနှင်းကိုချစ်တယ်” ဟူသော စာသားကို သူတွေ့ရသည်။ သည်တိုက်တစ်ခန်းခန်းတွင်များ သက်ဝေနှင်း နေနေသလားမသိ။ သက်ဝေနှင်းကို ချစ်သောသူကော သက်ဝေနှင်းအနားတွင် ရှိနေသလား မသိ။ သူတွေးရင်းနှင့် ဘာမှန်းညာမှန်း မသိဘဲနှင့် သက်ဝေနှင်းကို မြင်ဖူးချင်လာသည်။ သူ အခုနင်းနေသော လှေကားထစ်ကလေး တွေကတော့ သက်ဝေနှင်းကို သိကောင်းသိလိမ့်မည်။ သည်လှေကားထစ်ကလေး တွေအပေါ် သက်ဝေနှင်း နင်းကောင်းနင်းဖူးလိမ့်မည်။ ရောက်တတ်ရာရာတွေးနေရင်းမှ သူ မောလာသည်။ သူ တက်လာသည်မှာ သုံးလွှာမျှသာ ရှိသေးသော်လည်း ရှေးတိုက်ဖြစ်သောကြောင့် ယခုခေတ် ခြောက်လွှာလောက်နှင့် ညီမလားမသိ။ သူဖြတ်သန်းခဲ့သော နှစ်သုံးဆယ်ကျော်က ယူဆောင်လာခဲ့တာ အမောသက်သက်တွေပါလား။ လဲနေသူ ထူပေးပါ ဟုတော့ သူငယ်ငယ်က သင်ခဲ့ရဖူးသည်။ သူက ထူမည့်သူတော့ ဖြစ်ဟန်မရှိ။ ဖြစ်ချင်းဖြစ်လျှင် လဲသူသာ ဖြစ်မည်ထင်သည်။ သူ့ဆံပင်ကို သူ လက်နှင့် တစ်ချက်သပ်လိုက်ပြီး ဆက်တက်ခဲ့သည်။

နောက်လှေကား တစ်ဆစ်ချိုးကို သူတက်လာတော့ လှေကားထိပ်ရှိ ပြတင်းပေါက်မှ တစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ဝရန်တာတွင် ထွက်၍ ဖုန်းပြောနေသော ကောင်မလေး တစ်ယောက်ကို လှမ်းမြင်ရသည်။ သည်တော့မှ သူ ယခုထိ လက်ကိုင်ဖုန်း တစ်လုံးမှ မပိုင်ဆိုင်ဖူးသေးတာ သတိရလာ သည်။ သူ ငယ်ငယ်တုန်းက လက်ကိုင်ဖုန်းတွေ မရှိ။ သူ ကြားပင်မကြားစဖူး။ တွေးပင်မတွေးစဖူး။ ယခု ရှိလာတော့လည်း သူ မပိုင်ဆိုင်ဖူးသေး။ ရုပ်ကလွဲ၍ အရာအတော်များများ သူ ငယ်ငယ်တုန်းကလိုပင် ဖြစ်နေသေးကြောင်း သူ သတိရ၍ ပြုံးမိသည်။ ဟိုလွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ခန့်က ထီပေါက်လျှင် သူ့ကို လက်ကိုင်ဖုန်းအရင် ဝယ်ပေးမယ်ဟု အဖမ်းရခက်သော သူ့ကို ပြောခဲ့သော ဘဝ၏ ရှားရှားပါးပါး တစ်ယောက်သော ချစ်သူကို သူ ရုတ်တရက် ပြေးမြင်မိသည်။ သူတို့ ကွဲကွာခဲ့တာပင် လေးနှစ်ကျော် ငါးနှစ် ချဉ်းခဲ့ပြီ။ ဒီအချိန် ဘာတွေလုပ်နေပါလိမ့်။ သူကတော့ လောလောလတ်လတ် သစ်သားလှေကား ပြားပြားကြီးများ ပေါ်တွင် ရောက်နေသည်။ တွေးနေရင်းနှင့် သုံးလွှာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။ သုံးလွှာတွင်တော့ ပကတိဆိတ်ငြိမ်နေသည်။ ဘာဆိုဘာမျှမရှိ။ ဘယ်ဘက်ခန်းက သော့ခတ်ထားသည်။ ညာဘက်ခန်း တံခါးဝတွင်တော့ “တောကြက်ဥရမည်” ဟူသော စာတန်းရေးထားတာ သူတွေ့ရသည်။ ခုမှပဲ တောကြက်ဥ သူတစ်ခါမှ မသောက်ဖူးတာ သတိရလာ ပြန်သည်။ အသက်သုံးဆယ်မကျော်ခင် လုပ်ရမည့်အချက်များ ဆိုသည့် နီတိယောင်ယောင် ဘာယောင်ယောင် စာတစ်အုပ်ထဲတွင်တော့ တောကြက်ဥသောက်ရန် ပါဝင်မည်မထင်။ ဘာပဲပြောပြော တောကြက်ဥသောက်ရန် နှင့် လက်ကိုင်ဖုန်း ကိုင်ရန် သူ ကြိုးစားကြည့်ဦးမည် ဟု စိတ်ကူးရသည်။

လှေကားကို ထပ်မံတစ်ဆစ်မချိုးခင် သူ သူ့ကိုယ်သူ အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြုပြင်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်သည်။ပေါက်နေသည့် အပေါက်ကို အထဲသို့ သေချာရောက်ရန် ထည့်ဝတ်လိုက်သည်။ ဖြုတ်ထားသော အင်္ကျီ အပေါ်ကြယ်သီးကို ပြန်တပ်လိုက်သည်။ ပိုက်ဆံအိတ်ကို ခါးကြားသို့ ကျကျနန ထိုးထည့်လိုက်သည်။ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို ထပ်မံထုတ်ကြည့်သည်။ ထို့နောက် လှေကားပေါ်သို့ သူ တက်လာသည်။ သည်လှေကားမှာတော့ ဘာမှထူးထူးခြားခြား သူမတွေ့တော့။ နောက်တစ်ဆစ်ချိုး၍ သူ ဆက်တက်ခဲ့သည်။ လေးလွှာသို့ သူရောက်တော့ ဘယ်ဘက်အခန်းရှေ့တွင် ရပ်လိုက်မိသည်။ ညာဘက်အခန်းဘက်သို့ သူ မလုံမလဲ တစ်ချက်ကြည့်ပြီးမှ တံခါးခေါက်လိုက်ရသည်။ တံခါးအပွင့်ကိုစောင့်ရင်း ပါးစပ်ဟ၍ သူ အသက်ရှူနေမိ သည်။ အမောမပြေခင်တွင်ပင် တံခါးဘေးက ချောင်းကြည့်ပေါက်ကလေးက အရင်ပွင့်လာသည်။ ထုံးစံအတိုင်း ပြောနေကျ စကားတစ်ခွန်းကို သူပြောလိုက်တော့ ချောင်းကြည့်ပေါက်ကလေး ပြန်ပိတ်သွားပြီး တံခါးက ရုတ်တရက်ပွင့်သွားသည်။ သူ့ ရှေ့တွင် လိုတာထက် ပိုမိုခြယ်သထားဟန်ရှိသော အမျိုးသမီးရွယ်ရွယ် တစ်ဦးရပ်နေသည်။ ကိုယ်ကိုရို့ပေးလိုက်သော ထိုအမျိုးသမီး ရှေ့မှ သူ အခန်းထဲသို့ ဝင်ဝင်ချင်းတွင်ပင် ပြဒါးတွေကွာနေသည့် မှန်တစ်ချပ်ကို လှမ်းတွေ့လိုက်ရသည်။ မှန်ထဲတွင် မြင်ရသော သူ့မျက်နှာသည် လိုအပ်တာထက် ပိုမို အဆီပြန်နေလေသည်။

ညိုထက်ညို
စပ်မိစပ်ရာ

Wednesday, March 23, 2011

စိတ်ကူးမှချီ အလှုဆီသို့

ဆရာအော်ပီကျယ်၏ စိတ်ကူး

စိတ်ကူးတွေမှချီ တက်ညီလက်ညီနှင့် ရည်မှန်းချက် နေ့တစ်နေ့သို့ အမှန်တကယ် ရောက်ခဲ့ကြလေသည်။ ထို့နေ့လေးသည်ကား ကန္တာရတိုင်းမှ ကန္တာရဝဿ (ဝါ) ကန္တာရမိုးစက်မိုးပေါက်တွေ စုစည်းရာမှနေ ကန္တာရထဲမှာ စာသံပေသံ ငတ်မွတ်တောင်းတနေကြတဲ့ ရွှေမြန်မာညီအစ်ကိုမောင်နှတွေရဲ့ ဆန္ဒလေးတွေ အမှန်တကယ်ကို ပြည့်ဝလာသည့်နေ့လေး ဖြစ်ပေသည်။ အမိမြေမှ အဝေးတစ်နေရာ ယူအေအီးရောက် မြန်မာညီအစ်ကိုမောင်နှမများ အနေနဲ့လည်း အနေတွေ ဝေးကြပေမယ့် နှလုံးသားတွေ နီးကြပါတယ်။ အသွင်တွေ ကွဲပေမယ့်လဲ့ စိတ်သဘောထားတွေ ထပ်တူညီပါတယ်။ အယူတွေ လွဲပေမယ့်လည်း ရည်မှန်းချက် ပန်းတိုင်တွေ တူခဲ့ကြပါတယ် ဆိုတာကို ဒီနေ့လေးက ပြသလှုံဆော်လိုက်ပါတယ်။

ယခင်ကလည်း ယူအေအီးတွင် ဘာသာတရားတွေအတွက် ဘာသာရေးတရားပွဲများကိုလည်း တတပ်တအား ကြိုးပန်းခဲ့ကြသလို စာပေရေးရာမှာလည်း အားထုတ်စွမ်းဆောင်မှု မနည်းခဲ့ကြဘူးဆိုတာကိုလည်း ဒီနေ့လေးကပဲ ဖော်လှစ်ပြလိုက်ပါတယ်။ နှမ်းတစ်စေ့မှသည် နှမ်းစေ့ပေါင်းများစွာ စုပေါင်းခဲ့ကြသောကြောင့်  မြန်မာ့စာပေ အဆီအနှစ်များကို ကန္တာရတိုင်းမှ မြန်မာတို့ နှစ်သက်ချိုမြိန်စွာ စားသုံးခဲ့ရပေသည်။ အမိမြေနဲ့ ဝေးကွာနေကြပေမယ့်လည်း ဘာသာရေး၊ သာသနာရေး၊ စာပေဗဟုသုတ အနုသုခုမပညာများကို နှလုံးသားတွေထဲမှာ နီးနေကြသေးကြောင်းကိုလည်း ကန္တာရတိုင်းမှ ရွှေမြန်မာ ညီအစ်ကိုမောင်နှမများက စုပေါင်း၍ ပြသနိုင်ခဲ့ကြလေပြီ။

ထိုနေ့သည်ကား ကျွန်တော်လက်ရှိနေထိုင်သည့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့လေးရှိ ယူအေအီး ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းမှ စီစဉ်၍ မည်သည့်အထောက်အပံ့မျှမပါဝင်ပဲ ကိုယ်ထူကိုယ်ထ စိတ်ကူးရည်မှန်းချက်များဖြင့် ယူအေအီးမှ မြန်မာညီအစ်ကိုမောင်နှမများ၏ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ရွှေရောင်လွှမ်းနေသော စိတ်ဓာတ်များဖြင့် ကူညီအားပေးမှုကြောင့် ယူအေအီးနိုင်ငံ ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို ခမ်းနားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပေသည်။

***********

ကျွန်တော်ဆီကို လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက မနှင်း(နှင်းနဲ့မယာ)က ဖုန်းနှင့်တသွယ်၊ မေးလ်ဖြင့်တစ်မျိုး ယူအေအီးမှာ စာပေဟောပြောပွဲလေး ကျင်းပမယ်လို့ အကြောင်းကြားလာပါတယ်။ နောက်တစ်ယောက်ကတော့ ကိုကြီးပီတာ(ကိုပီတာ၏ အတွေးပုံရိပ်များ) ကလည်း ထပ်မံသတင်းမျှဝေလာပါတယ်။ ညီမဇော်ကလည်း စာပေဟောပြောပွဲလုပ်ဖြစ်ကြောင်း သံချောင်းခေါက်  အသိပေးလာပြန်တော့ ဒါဆိုရင် ယူအေအီးမှာ စာပေဟောပြောပွဲလေး ဖြစ်မြောက်လာဖို့ သေချာသလောက်ရှိလာပြီပေါ့။ သူတို့ဆီက ဒီသတင်းတွေကို ကြားမိကတည်းက ကျွန်တော့်ရင်ထဲမှာ စာပေဟောပြောပွဲကို ဒူဘိုင်းမှာ ရောက်နေတုန်း နားထောင်ခွင့် ရပြန်ပြီပေါ့လို့ တွေးမိပါသေးတယ်။ 

စာပေဟောပြောပွဲဆိုတာ ဘာသာရေးတရားပွဲတွေလိုတော့ မဟုတ်ဘူး။ ဘာသာရေးဆိုရင် ငါက ဟိုဘာသာ၊ ဒီဘာသာဆိုပြီး အယူအဆလေးတွေ ကွဲလွဲသူတွေ ရှိချင်ရှိနေဦးမည်။ဒါပေမယ့် နောက်ဆုံးလုပ်ခဲ့တဲ့ ယူအေအီးတရားဟောပြောပွဲမှာ  လူထောင့်သုံးရာကျော်တက်ရောက်တာတွေ့ရတယ်။ ဒီကြားမှာ ငါ့ဘာသာ၊ သူ့ဘာသာမခွဲခြားပဲ တို့ရွှေမြန်မာများ ဆုံဆည်းတွေကြတာပဲ ဆိုပြီး ဗုဒ္ဓဘာသာတရားဟောပြောပွဲ တက်ရောက်လာခဲ့သူတွေလည်း တွေ့ခဲ့ရပြန်တော့လည်း တယ်ဟုတ်တဲ့ မြန်မာတို့၏ ရိုးသားတဲ့ ဗမာ့စိတ်ဓာတ်ပါလား ဆိုတဲ့အတွေးလေးနဲ့ စိတ်ထဲ ချီးကျူးမိပါတယ်။ စာပေဟောပြောပွဲကျတော့ လူမျိုးဘာသာမရွေး စားသုံးနိုင်သည့် လွတ်လပ်ခြင်း အနှစ်သာရတွေပါရှိသည်။
ဆရာအောင်သင်းပြောသလို စာရူးပေရူးတွေ ယူအေအီးမှာ အများကြီးကို ရှိနေကြပါပြီ။ တစ်ချို့က မိမိတို့ စာပေအရေးအသား အတွေးအခေါ်တွေကို အင်တာနက်တွေပေါ်က ချပြသူတွေ၊ တစ်ချို့က စိတ်ကူးအတွေးတွေနဲ့ အုံပုန်းရေးသားသူတွေ၊ တစ်ချိုက  စာရေးခြင်းထက် စာဖတ်ခြင်းကို အားသန်သူတွေ ရှိနေကြရာက များပြားလာပါပြီ။ ကျွန်တော်ရောက်စ လွန်ခဲ့သော ရှစ်နှစ်လောက်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့။ 

ဒါပေမယ့် ယူအေအီးရှိတဲ့ မြန်မာတွေ အားလုံးလိုလို ကိုယ့်ဝမ်းစာ၊ မိသားစုဝမ်းရေး ကာမိဖို့ ငွေအတွက် အလုပ်နဲ့ နပန်းလုံးနေကြတဲ့သူတွေ ချည်းပါပဲ။ ကျောင်းတက်သူ၊ မှီခိုသူ ဆိုတာ အတော်လေး နည်းပါသေးတယ်။ ယူအေအီးက လူတိုင်းဟာ မနက်နဲ့ ညကြား On Duty၊ Overtime၊ Extend Hours၊ Double Duty စတဲ့ ဝေါဟာရတွေနဲ့ပဲ နပန်းလုံးနေကြရတာပါ။ တစ်ခါတစ်လေဆို တစ်ခန်းထဲ အတူနေကြတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတောင် တစ်ယောက်နဲ့တစ်ယောက် အခန်းမှာ ပြန်တွေ့ဖို့ ခဲယဉ်းပါသေးတယ်။ တစ်မိုးထဲ၊ တစ်ဝန်းထဲ၊ တစ်ကုမ္ပဏီထဲ၊ တစ်မြို့ထဲ စသည်ဖြင့် နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုး အချင်းချင်းတောင် တွေဆုံဖို့ ခဲပါသေးတယ်။ ကျွန်တော်ဆို တစ်မြို့ထဲနေတဲ့ ညီနဲ့ တစ်လတစ်ခါတောင် ပုံမှန်တွေ့တောင်မတွေ့ဖြစ်ဘူး။ တစ်ခါတစ်လေလဲ မတွေ့ချင်လို့ မတွေ့မိတာတွေ ရှိပေမယ့်လည်း တွေ့ချင်လျှက်သားနဲ့ မတွေ့နိုင်တာတွေလည်း ရှိပါသေးတယ်။ ဒီလို ဘာသာရေးပွဲတွေ ဟိုပွဲဒီပွဲလေးတွေ ရှိတော့မှပဲ တွေ့ဖြစ်ကြပါတယ်။

တကယ်တမ်းတော့ ကျွန်တော်က စိတ်ကူးကြည်နူးမိရုံသာရှိတာ တကယ်တမ်း ဒီစာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက်တော့ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ ငယ်ငယ်တုန်းက ကျောင်းမှာ၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ ကျေးဇူးကြောင့် ရွှေတောင်ကုန်း ဘာသာရေးယဉ်ကျေးမှုသင်တန်းမှာ နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတွေကြောင့် စာပေဟောပြောပွဲတွေရဲ့ အနှစ်သာရကို သိရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း အွန်လိုင်းကွန်ယက်ပေါ်မှ စာပေဟောပြောပွဲတွေကို တတ်နိုင်သမျှ စုဆောင်းနားထောင်လေ့ရှိခဲ့ပါတယ်။ နားထောင်ရုံတင်မက အသံဖိုင်တွေကိုလည်း သိမ်းထားမိတယ်။ အချိန်ရတိုင်းလဲ ပြန်နားထောင်လေ့ရှိတယ်။ ဒီလိုစာပေဟောပြောပွဲတွေ နားထောင်ပြီး စာရေးဆရာများရဲ့ ဟောပြောတဲ့စကားတွေဟာ ကျွန်တော်အတွက်တော့ ဗဟုသုတရော၊ စိတ်အင်အားတွေကိုပါ ပြန်လည်ဖြည့်တင်းပေးသလို ဖြစ်ခဲ့ပါတယ်။ ဒူဘိုင်းမှာ စာပေဟောပြောပွဲ ဖြစ်လာမယ်၊ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်တို့၏ စာပေဟောပြောမှုတွေ နားထောင်ခွင့်ရလာမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။

ဒီသတင်းလေးကို ကျွန်တော်လည်း ပထမတော့ ကိုယ်တတ်နိုင်သလောက် လက်ဆင့်ကမ်းဖြန့်ရင်းမှ သိရှိလာခဲ့တဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါက ဘာလဲဆိုတော့ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ ဘာတွေ ပြောမှာလဲ ဆိုတာကို အရှင်းမသိသေးတဲ့ သူတွေ တွေ့လာခဲ့ရပါတယ်။ အများဆုံးကတော့ ခေတ်လူငယ်လေးတွေပါပဲ။ ခေတ်လူငယ်ဆိုတာ နောင်တစ်ချိန် နိုင်ငံအတွက် အားထားစရာဆိုတာ ဆရာအောင်သင်း ဟောပြောခဲ့လို့ သိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ခေတ်စနစ်တိုးတက်မှုအောက်မှာ ယနေ့ခေတ်လူငယ်လေးတွေဟာ တိုးတက်လာတာလား၊ ဆုတ်ယုတ်လာတာလား။ တစ်ခုခုတော့ တစ်ခုခုနေမှာ။ စာပေဟောပြောပွဲဆိုတာ အသာထားဦး စာဖတ်ဖို့တောင် အတော့်ကို ပျင်းလာကြပါပြီ။

ယနေ့ခေတ်ရေစီးကြောင်းထဲမှာ စာပေဆိုတာ နောက်ဆုံးတန်း စာရင်းဝင်နေပါပြီ။ အွန်လိုင်းတက် ချက်တင်ထိုင်၊ ပလေးစတေရှင်လို ဂိမ်းမျိုးတွေကစား၊ ဘောလုံးပွဲအကြောင်းသိမှ ခေတ်မှီနေတဲ့ခေတ်၊ ရသမဲ့  ပေါတောတော သုံးရက်နဲ့တစ်ကား၊ သုံးယောက်နဲ့တစ်ကား ဖြစ်နေတဲ့ ဇာတ်ကားတွေကြည့်၊ အောက်ပိုင်းစကားတွေနဲ့ ပျက်လုံးထုတ်နေတဲ့ ဟာသကားတွေကိုကြည့် ဂလိထိုးရီရနေကြတဲ့ ရေစီးကြောင်းထဲမြော၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်မှ ရုပ်ရှင်ဆိုတာမျိုး၊ မိဘကတတ်နိုင်လား မတတ်နိုင်လားမသိ ကိုရီးယားက မင်းသားမင်းသမီးလို ဖက်ရှင်တွေကို အားကျလိုက်ဝတ်၊ ကိုရီးယား မြန်မာ ဖက်စပ်အလှတွေနဲ့ လိမ်းချယ်သနေလိုက်ကျတာ လှတာကတော့ အမှန်ပါ။ ညစာကျပြန်တော့ ခေါက်ဆွဲပြုတ်တွေနဲ့ အဆုံးသတ် အဟာရပြီးနေတဲ့ခေတ်။ ဒါတွေ မျက်စိရှေ့မှောက် ကျလာတော့လဲ မြင်ရပေမယ့် အပြစ်တော့ မတင်ပါဘူး။ သူတို့ခေတ်ရဲ့ ရေစီးကြောင်းတွေမို့ သူတို့ ကမ္ဘာမှာ သူတို့ပျော်တာပဲလေလို့ပဲ ကောက်ချက်ချမိပါတယ်။

ယနေ့ခေတ်လူငယ်တွေ အားလုံး သိမ်းကြုံးပြောတာတော့ မဟုတ်ပါဘူး။ အသိရှိတဲ့ လူငယ်တွေ၊ အခွင့်အလမ်းကို မိမိရရ ကိုင်ဆုတ်နိုင်တဲ့ လူငယ်လေးတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီမှာတင် ကျွန်တော် စိတ်ကူးလေးတစ်ခု ပေါ်လာပြီး ကျွန်တော့် ဘလောက်မှာ တင်လိုက်တာကတော့ အွန်လိုင်းပေါ်မှာ ရှိသမျှ စာပေဟောပြောပွဲတွေ၊ ကျွန်တော် အရင်ကတည်းက နားထောင်သိမ်းထားခဲ့တဲ့ စာပေဟောပြောပွဲတွေကို ကျွန်တော် တတ်နိုင်သမျှ၊ ရနိုင်သမျှ လိုက်လံစုဆောင်းပြီး ကျွန်တော်ဘလောက်ကနေတစ်ဆင့် ပြန်လည်ဝေမျှဖို့ပါပဲ။ ဒါကတော့ အွန်လိုင်းပေါ်ကနေ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ စာရေးဆရာတွေက ဘာတွေဟောပြောတာကြတာလဲဆိုတာ သိအောင်၊ နားထောင်နိုင်အောင် မျှဝေတာပါ။

အဲ့ဒီအပြင် ကျွန်တော်ရောက်ရှိနေတဲ့နေရာမှာလည်း တစ်ချို့တွေဆို စာပေဟောပြောပွဲတွေ နားထောင်ရတာ ဝါသနာပါတယ်။ ဒါပေမယ့် အွန်လိုင်းတက် နားမထောင်နိုင်ဘူး။ နားထောင်ဖို့ အချိန်လည်း မပေးနိုင်ဘူး။ နောက် အွန်လိုင်းတက်ပေမယ့်လည်း ဒီလို စာပေဟောပြောပွဲတွေ ဘယ်ကနေဘယ်လို နားထောင်ရမယ်ဆိုတာ ရှာမတတ်တဲ့သူတွေ၊ စာပေဟောပြောပွဲကို တစ်ခါဘူးမျှ မနားထောင်ဖူးသူတွေ၊ စတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း နားထောင်နိုင်ရအောင်၊ ယူအေအီး စာပေဟောပြောပွဲအတွက်လည်း စာပေဟောပြောပွဲ ဘာလဲဆိုတာ သိရအောင် ဆိုပြီး ကျွန်တော်ဆီမှာရှိတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို အသံဖိုင် ဖြစ်အောင်ပြန်ပြောင်းပြီး mp3 စီဒီအခွေလေးတစ်ခွေ လုပ်မယ်လို့ အကြံရမိပါတယ်။ ဒီအသံဖိုင် စီဒီအခွေလေးကို ယူအေအီးစာပေဟောပြောပွဲမတိုင်မှီ ထုတ်ပြီး ဝေမျှဖို့ ကျွန်တော် တတ်နိုင်သလောက် စီဒီအခွေ ၁၀၀ လောက်ထုတ်ဖို့ စိတ်ကူးမိပါတယ်။ တကယ်တမ်း ကျွန်တော်ဆီမှာ ရှိတဲ့ စာပေဟောပြောပွဲတွေကတော့ စီဒီသုံးချပ်စာလောက်ကို ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က သုံးချပ်စာလောက်တော့ မထုတ်နိုင်တာနဲ့ စီဒီတစ်ခွေစာလောက်ပဲ ထုတ်ခဲ့ပါတယ်။

နောက်စိတ်ကူး တစ်ခုရလာတာကတော့ ဒီစီဒီတွေကို မူလက အလကား ဝေမလို့ပါ။ အလကားဆိုရင် အလကားပဲဖြစ်သွားမှာမို့လို့ ကျွန်တော်က ကျွန်တော်တို့ဆီက သုံးတဲ့ငွေ ငါးဒါရမ်း (မြန်မာငွေ တစ်ထောင်စွန်းစွန်း) နဲ့ ရောင်းပြီး ရောင်းရတဲ့ငွေများကို မြန်မာနိုင်ငံရှိ ချို့တဲ့နေကြတဲ့ စာရေးဆရာတွေကို လှုမယ်လို့ အကြံရပါတယ်။ ဒီအကြံကို ကန္ထရဝဿလူမှု့ရှေ့ဆောင်အသင်းက ကိုမိုးဇော်လွင်နဲ့ တိုင်ပင်တော့ သူက သဘောတူပါတယ်။


ကျွန်တော်က စီဒီအခွေတစ်ရာ တစ်ဘူးရယ်၊ ထည့်မည့်အိတ် ၁၀၀ရယ် ကျွန်တော်ဘာသာ ဝယ်ပြီး ကျွန်တော့်ရဲ့ Extarnal Writer အားကိုးနဲ့ သုံးရက်အတွင်းမှာပဲ အပြီးကူးလိုက်တယ်။ ခွေတစ်ရာဝယ်တာ အခွေတွေကလည်း ပျက်တဲ့အခွေရယ်၊ ဒီဇိုင်းမထုတ်ရသေးပဲ အခွေအချပ်ကြီးပဲ သူငယ်ချင်းမိတ်ဆွေတွေ ဖရီးပေးတာအချို့ရယ်နဲ့ နောက်ဆုံး ကျွန်တော်ဆီမှာ လက်ကျန် ၇၅ ခွေပဲ ကျန်ရှိပါတယ်။ ကိုယ်ဘာသာပဲ အခွေကာဘာကို ဒီဇိုင်းဆွဲတယ်။ ကျွန်တော်က အလုပ်ထဲမှာလည်း သယ်ပြီး အချိန်ပိုရင်ပိုသလို အားရင်အားသလို အခွေအတွက် ကာဗာစာရွက်ကို ပရင့်ထုတ်တယ်။ ကိုယ့် စိတ်ကူးနဲ့ကိုယ် ကိုယ်ပိုင်ခရီးရေးရှင်းနဲ့  ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ ဆိုပြီး အခွေကို ကင်မွန်းတပ်တယ်။

အဲဒီလို အခွေမထုတ်ခင်တုန်းက ကျွန်တော် စိတ်ပူမိတဲ့အချက်တစ်ချက်လဲ ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်က အွန်လိုင်းပေါ်မှာ ဖရီးမျှဝေထားတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေကို ကူးပြီး ကျွန်တော်ဆိုက်မှာလဲ ပြန်တင်ထားသေးတယ် (တတ်နိုင်သမျှတော့ စာပေဟောပြောပွဲအသံဖိုင် ဗီဒီယိုတင်ထားတဲ့ ပိုင်ရှင်တွေဆီကလည်း ခွင့်တောင်းနိုင်သလောက်ကို ခွင့်တောင်းယူထားတယ်။ မူရင်း Souce နေရာတွေကိုလည်း ကျွန်တော်ဆီမှာ ပြန်ဖော်ပြပေးထားပါတယ်။) အခုလဲ အခွေထုတ်ပြီး ရောင်းစားတယ်လို့ ထင်မြင်ယူဆကြမှာ စိုးရိမ်လို့ ယူအေအီး စာပေဟောပြောပွဲ ပြီးရင်တော့ ကျွန်တော်ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ မြန်မာပြည်မှ ချို့တဲ့သော စာရေးဆရာများကို လှုဒါန်းရန်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကို လူအများပြန်သိနိုင်ရန် ပိုစ့်တင်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ ကျွန်တော့်ရဲ့  စီဒီထုတ်ရတဲ့ စိတ်ကူးလေးနဲ့ အလှုကိုလည်း ဆရာချစ်ဦးညိုကိုလည်း တိုင်ပင်ခဲ့ပါတယ်။ ဆရာကနေတစ်ဆင့် မြန်မာပြည်က စာရေးဆရာတွေလက်ထဲ အရောက်လှုပေးမယ်။ ဒါမှလည်း ကျွန်တော်ရဲ့ စိတ်ကူးတွေမှ ဖြစ်လာတဲ့အလှုဟာ တကယ်လက်တွေ့ ထိရောက်တဲ့ အလှုဖြစ်လာမှာပါ။

စာပေဟောပြောပွဲနေ့မှာတော့ ဆရာချစ်ဦးညို ရန်ကုန်မှ သယ်လာခဲ့တဲ့ ဆရာရဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ ကိုယ်ပိုင်ခံစားချက် စာအုပ်နှင့် ကျွန်တော်ထုတ်ထားတဲ့ ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီတွေရယ် ရောင်းချတဲ့နေရာမှာ ကျွန်တော်ကူညီရောင်းချပေးခဲ့ပါတယ်။ ဆရာချစ်ဦးညိုကလည်း သူယူလာခဲ့တဲ့ ဆရာ့စာအုပ်တွေမှ အမြတ်ရယ်။ ကိုဧကံဖြိုးကလည်း သူစာအုပ် အုပ်၂၀ စလုံးရောင်းရငွေရယ်။ ကျွန်တော့် စီဒီရောင်းချရငွေတွေ အားလုံးစုပေါင်းပြီး ရသမျှငွေကို မြန်မာနိုင်ငံရှိ ချို့တဲ့သော စာရေးဆရာများကို လှုရန်အတွက် ဆရာချစ်ဦးညိုက ရန်ကုန်က စီးတီးစတားဟော်တယ်မှာ စာရေးဆရာများကို ဖိတ်ကြားပြီး အလှုငွေ(ရှစ်သိန်းကျော်ရသည်ဟု စာရေးဆရာ ဧကံဖြိုးဆီမှ သိရှိရသည်)များကို ပြန်လည်လှုတန်းမှာ ဖြစ်ပါသည်။ ကျွန်တော် ဖန်တီးခဲ့တဲ့ စီဒီအခွေ(ရ၅)ခွေမှ ရောင်းရငွေကတော့ မြန်မာငွေ ရှစ်သောင်းရှစ်ထောင်ရရှိပြီး ကျွန်တော်မှ သောင်းနှစ်ထောင်ထပ်ဖြည့်ပြီး မြန်မာငွေ တစ်သိန်းတိတိ(အခွေဖိုး၊ ကာဘာဖိုးများ အပါအဝင်) ဖြစ်ပါတယ်။

ဆရာချစ်ဦးညိုဆီမှ အားဆေးတစ်ခွက်

ကျွန်တော်စိတ်ကူးထားခဲ့တဲ့ အလှူကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့တဲ့ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်၊ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီး၊ ကျွန်တော်နဲ့အတူ စာပေကို လွတ်လပ်စွာ ရင်ခုန်နေကြတဲ့ ဒူဘိုင်းမှ ဘလောက်ဂါ မောင်နှမတွေဖြစ်တဲ့ ကိုကြီးပီတာ၊ မနှင်း၊ ဇော် တို့ရယ်၊ ကျွန်တော့်ဝါသနာကို တစ်ဘက်တလမ်းမှ အားပေးတဲ့ ကျွန်တော့် ဘဝလက်တွဲဖော်၊ အခွေကို ဝယ်ယူခဲ့ကြသော ယူအေအီးမှ ညီအစ်ကိုမောင်နှမ မိတ်ဆွေများ နှင့် ကျေးဇူးတင်သင့် တင်ထိုက်သူအပေါင်းကို ကျွန်တော့်ရင်ထဲမှ လွတ်လပ်စွာလာသော ကျေးဇူးတင်ခြင်းများဖြင့် ကျေးဇူးတင်ရှိပါသည်။

ပထမအကြိမ် ယူအေအီး စာပေဟောပြောပွဲကတော့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီးမှ ကြီးမှုကျင်းပပြီး ယူအေအီးမှ မြန်မာစာပေချစ်မြတ်နိုးသူ မြန်မာညီအစ်ကိုမောင်နှမများ ပံပိုးကူညီမှုဖြင့် ၂၀၁၁ မတ်လ ၂၂ရက်နေ့မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။ ထိုနေ့လေးကိုတော့ ကျွန်တော်ရင်မှာ မမေ့ကောင်းနိုင်တဲ့ နေ့တစ်နေ့အဖြစ် ခိုအောင်းသွားပါပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စည်းလုံးညီညာမှု ပြရုပ်တစ်ခုအနေဖြင့် ယခင် ဘာသာရေးတရားဟောပြောပွဲများလို ကန္တာရမြေပေါ်မှာ အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ထိုမှအစပြု၍ နောင်တွင်လည်း ယခုပထမအကြိမ် စာပေဟောပြောပွဲမှသည်  မြန်မာတွေ စုစည်းညီညွှတ်မှုများဖြင့် ရတုအဆက်ဆက်၊ နှစ်အကြိမ်ကြိမ် ဆက်လက်ပြီး စာပေဟောပြောပွဲတွေ၊ ဘာသာရေးတရားပွဲတွေ၊ မြန်မာရိုးရာပျော်ပွဲရွှင်ပွဲတွေ ထပ်ရှိလာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မျှော်လင့်နေမိပါသည်။
ချမ်းလင်းနေ
ညနေ ၁၁း၃၀
၂၃.၀၃.၂၀၁၁


ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Saturday, January 29, 2011

ကြယ်နှစ်စင်းကတဲ့ ကြိုးညှိသံစဉ်



လောကမှာ နှလုံသားတစ်စုံ ပေါင်းစပ်လိုက်လျှင် သူ့နောက်တွင် ဝမ်းသာပျော်ရွှင်ဖွယ်ရာများလည်း ရှိ၏။ ကြေကွဲခြင်းအချို့လည်း ပါနိုင်သည်။ အသွင်သဏ္ဍာန်မတူ ဆန့်ကျင်ဘက် လာရာများလည်း ပါနိုင်သည်။ တူညီသော ဝါဒအချို့လည်းရှိသည်။ အငြင်းအခုန် တိုက်ပွဲများလည်း ဖြစ်နိုင်သည်။ အဆင့်အတန်း ဂုဏ်ပကာသန တိုင်းတာခြင်း ပေတံလည်း ရှိနိုင်သည်။ လိုအပ်မှု၊ မလိုအပ်မှု ကဲ့သို့ ဒွိဟတရားများလည်း ရှိနိုင်သည်။ 

အချစ်သည် ကဗျာတွေ၊ စာတွေထဲတွင်သာ ခြယ်မှုန်းသီဖွဲ့၍ကာ ကောင်းသည်။ ရုပ်ရှင်တွေ၊ စာတွေထဲကလို စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေသည်ကား ဒေါင်းယောင်ဆောင်သောကျီးပင်။ တကယ့် လက်တွေမူကား အရာရာခြားနားလှ၏။ ရိုးသားစွာ ဆိုရလျှင်မူ အချစ်၏ နောက်ဆက်တွဲ ကောင်းခြင်း ဆိုးခြင်းသည် ကံကြမ္မာ တစ်ရပ်ပင်တည်း။ 

လွန်စွာမှပင် ချစ်ကြပါသည်ဆိုသော အတွဲ နောက်ပိုင်း ကွဲချင်လဲ ကွဲနိုင်သည်။ မုန်းချင်လဲ မုန်းသွားနိုင်သည်။ သေတပန် သက်တဆုံး လက်တွဲ၍လည်း သွားနိုင်သည်။ အချစ်သည် အခြေအနေနှင့် အချိန်အခါ ပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ အတော်ပင် ညှိယူရသော မေတ္တာနှောင်ကြိုးများ ဖြစ်သည်။

အချစ်သည် သက်တမ်းရင့် လာသည်နှင့်အမျှ အေးဆေးတည်ငြိမ် လာတတ်ပြီး ရယူလိုခြင်း နေရာတွင် ပေးစပ်လိုခြင်း သဘောများ အစားထိုးဝင် ရောက်လာနိုင်သည်။ ပိုင်ဆိုင်လိုခြင်းနေရာတွင် မျှဝေခံစားလိုခြင်း ရှိလာနိုင်သည်။ သဘာဝ နိရာမအရပင် မတူညီသော လူသားဖိုမနှစ်ဦး တူညီအောင်ကြိုးစားလာခဲ့ခြင်းကို အိမ်ထောင်မှု ပြုသည်ဟု ထင်မြင်မိပါသည်။

♎♌♎♌♎♌♎♌♎♌

Sunday, January 23, 2011

တယ်လီဗေးရှင်းကိုက်ခဲမှု


ရေချမ်း တလောက တီဗီချယ်နယ်လိုင်းတစ်လိုင်းမှ Prison Break စီးရီးတစ်ကားကို အပတ်တိုင်းလိုလို စောင့်ကြည့်ဖြစ်ခဲ့မိတယ်။ သုံးလေးပတ်ကြာတော့ စောင့်ကြည့်ရတာ အားမရတာနဲ့ပဲ အခွေဌားပြီး ကြည့်လိုက်တယ်။ နောက်အမြဲတမ်း ကြည့်ဖြစ်တဲ့နေတဲ့လိုင်းတွေထဲက National Geographic၊ Style Channel၊ Travel တို့ ဆိုရင်လည်း အမြဲစောင့်ကြည့်ရတဲ့ အစီအစဉ်ကောင်းလေးတွေ ပါနေတော့ ဒါတွေအတွက်လည်း အချိန်က ပေးနေရသေးတယ်။ အဲဒီအချိန်တွေရောက်ရင် မကြည့်ရမနေနိုင်အောင် ကိုက်ခဲလာတတ်ပါတယ်။ ရေချမ်းမှပဲလားဆိုတော့ တစ်ချို့တွေဆို ကိုးရီးယားကားမှ ကိုရီးယား။ မြန်မာဗီဒီယိုကား၊ အင်္ဂလိပ်ကား စသဖြင့် တီဗီဇာတ်လမ်းတွေကြားမှာ လူတချို့ဟာ နစ်မြောနေခဲ့ကြပါတယ်။

ပြန်စဉ်းစားကြည့်မိရင်လေ ရေချမ်းတို့ ငယ်စဉ်ဘဝ လွန်ခဲ့သော နှစ်ဆယ်စုနှစ်လောက်က အတိအကျဆိုရရင် ၁၉၈၀ပြည့်နှစ်တွေ လောက်တုန်းကပေါ့။ တယ်လီဗေးရှင်းဆိုတာကြီးက အဖြူအမဲ ပြီးတော့ အရောင်ကာလာနဲ့ ပေါ်ခါစ မြန်မာနိုင်ငံမှာ အသံလွှင်ဌာနဆိုတာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဆိုတဲ့ အသံလွှင့်ဌာနကတစ်ခုထဲ၊ လွှင့်တဲ့အချိန်ဆို စနေ၊ တနင်္ဂနွေကလွဲလို့ ညနေပိုင်း ၇နာရီလောက်မှ။ စနေနေ့ တနင်္ဂနွေဆိုရင် နေ့လည်နေ့ခင်း ရှေးဟောင်းမြန်မာ အဖြူအမဲ ရုပ်ရှင်တွေ ပြတတ်သည်။ အခုခေတ်ပေါ် 3D ရုပ်ရှင်၊ HD၊ Blue-ray ဆိုတာတွေ မရှိသေး။ ဖြစ်လာလိမ့်မည်ဆိုတာ ထင်တောင်မထင်တတ်သေး။

မှတ်မိပါသေးတယ်။ အဲဒီထက် အရင်တုန်း ကာလတွေကဆို ရေချမ်းနေတဲ့ မြို့လည်ခေါင်လို နေရာမျိုးမှာတောင် တယ်လီဗေးရှင်းဆိုတာကြီး ပိုင်တဲ့လူဆိုလို့ လက်ငါးချောင်းပင် မပြည့်။ တလမ်းလုံးက လူတွေက ညနေဆို ပါတီယူနစ်ရုံးခန်းမှာ လာလာကြည့်ကြရတယ်။ တချို့ကြတော့ ရေဒီယိုဆိုပြီး အသံပဲ နားထောင်နေကြရာကနေ အသံကြားပြီး ရုပ်ပါ ကြည့်မြင်ခံစားလို့ရတဲ့ တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ဆိုတာ ဘယ်လိုလဲပေါ့။ ဘာတွေထူးခြားလဲပေါ့။ စပ်စုလိုစိတ်နဲ့ လာကြည့်ကြတယ်။ တချို့ကတော့ ပြဇာတ်၊ ဇာတ်လမ်းကြိုက်သူတွေဆိုတော့ တခုတ်တရ လာအားပေးကြတယ်။ ပရိသတ်အများစုကတော့ ကလေးတွေရယ်၊ ကလေးတွေ ဗန်းပြတဲ့ ကလေးရှင်တွေရယ်က အများသား။

Tuesday, August 11, 2009

သိဟ်ရာသီခရီးသည်


သိဟ်”ဆိုတဲ့ ရာသီလေးကို အရမ်းကိုသဘောကျ နှစ်ချိုက်မိပါတယ်။ဒီရာသီလေးရောက်ရင် မနက်ခင်း မိုးရေငွေ့လေးတွေ ဝေနေတဲ့ နံနက်ခင်းလေးအောက်မှာ အေးမြတဲ့ လေပြေလေညင်းတွေကို ရှုရိုက်ရတဲ့ အရသာလေးကို မက်မောတွယ်ရှခဲ့ဖူးတယ်။တခါတလေဆို နံနက်ခင်းလေးတွေမှာ မိုးစက်မိုးပေါက်ကလေးတွေကို လက်နဲ့ခံယူဆော့ကစားရင်း အမေ့အိမ်လေးနားက အင်းယားကန်ဘောင်ကြီးပေါ် ထိုင်ငေးနေခဲ့ရတဲ့ လောကကြီးကလည်း တသက်မမေ့ကောင်း နိုင်စရာတွေပါပဲဗျာ။

အခုထိတောင် အမေ့အိမ်လေးမှ ခွဲထွက်လာရပေမယ့် ဒီလလေးရောက်ရင် အိမ်ကိုတော့ မရောက်ရောက်အောင်ကို ခြေဦးလှည့်ခဲ့တယ်။မိုးတွေ သည်းသည်းမဲမဲ ရွာချနေတဲ့ ဝါခေါင်မိုးလေးတွေကို နှစ်သက်လို့လေ။မိုးလရာသီတွေများတဲ့ ကျွန်တော့်ချက်ကြွေခဲ့တဲ့ မြေကလေးမှာ အခြားမိုးလတွေထက် သိဟ်ရာသီ ဝါခေါင်မိုးလေးကို ပိုပြီးသဘောကျမိတယ်။ ဒီလလေးက အရင်ထဲက ကျွန်တော့်အပေါ် သက်ရောက်မှုတွေပေးတဲ့ လရာသီလေးပါ။


သိဟ်ရာသီတွေရဲ့ နံနက်ခင်းလေးတစ်ခုက ကျွန်တော်ရဲ့ "သိဟ်ရာသီအော်ရီဂျီနေးရှင်း"(Leo Origination)လေ။ဆောင်းရာသီလို နှင်းမကျပေမယ်လဲ မိုးစက်တွေကြောင့် မြူတွေလိုဝေနေတဲ့ ဒီရာသီရဲ့ နံနက်ခင်းလေးတွေဟာ ချမ်းအေးနေပြီး နေရောင်ခြည်အလင်းရောင်ကလေးက တွက်ပေါ်လာရပေမယ့်လဲ သူရဲ့အနွေးဓာတ်ကလေးက သိဟ်ရာသီရဲ့ဝတ်ရုံကို လွှမ်းခြုံထားတဲ့ နံနက်ခင်းအအေးဒဏ်ကို ထိုးဖောက်နိုင်စွမ်း မဲ့နေတယ်လေ။

သိဟ်ဆိုတဲ့ စကားကို ကြိုက်တယ်။
ရဲရင့်တယ်၊
ပြတ်သားတယ်၊
အားမာန်အပြည့်နဲ့ ထည်ဝါခမ်းနားတယ်။


ဒီလိုနံနက်ခင်း နေမင်းကြီးဆီမှ အလင်းရောင်ရဲ့အေးချမ်းမှုတွေ ကြားထဲမှာ ပေါက်ဖွားလာခဲ့တဲ့ ကားယားကောင်လေးရဲ့ စတင်ခြင်းဟာ အမည်နာမလေးတစ်ခုနဲ့ ရှင်သန်လာရတာ အခုဆိုရင် နှစ်ဆယ်ကိုးကြိမ်မြောက် သိဟ်ရာသီလေးနှင့် ခရီးရှည်သွားခြင်းဟာ အတော်ကို ဝေးလံလာပါပြီ။ ဘယ်ဆီဘယ်ရာသီတွေထိ ရတုနဲ့ချီပြီး ခရီးဆက်ရဦးမယ်ဆိုတာကို ဂဂနနမသိရသေးတဲ့ ခရီးသည်တစ်ဦးပေါ့။ပါရမီဖြည့်ဘက်ကလေးနဲ့ ကံ၏ကြမ္မာစေရာကို မငြင်းဆန်ဝံ့ပဲ ကြိတ်မှိတ်ပြီး နှင်လေဦးပေါ့ "သိဟ်ရာသီခရီးသည်"ရေ။

သီဟရာဇာပေမယ့်
မြင့်မြတ်တဲ့ နှလုံးသားတွေနဲ့ရစ်သိုင်း
သံယောဇဉ် အပြည့်အလျှံနဲ့
နှလုံးသားရှုထောင့် တနေရာကနေ
ဦးဆောင်ချီတက်နေတယ်လေ။


သိဟ်လရာသီဟာ မီးပြရုပ်ကြောင့်ထင်တယ် ကမ္ဘာကြီးကို အတော်ပင် ပူလောင်မှုတွေ အတော်ပင်ရှိခဲ့ပါတယ်။၆.၀၈.၁၉၄၅မှာဆိုရင် ကမ္ဘာကြီးကတုန်လှုပ်သွားစေတဲ့ ဖြစ်ပျက်မှုကြီးဖြစ်တဲ့ အမေရိကန်တွေဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အနုမြူဗုံးကို ကြဲခဲ့တာကြောင့် ဂျပန်လူမျိုးပေါင်းများစွာဟာ သေကြေခဲ့ရပြီး စစ်ကိုလဲ ရွံမုန်းနာကြည်းခဲ့ကြပါတယ်။ဒီလိုပူလောင်ခဲ့ကြရပေမယ့်လဲ ခြင်္သေ့သတ္တိနဲ့ အားမာန်တွေလဲ အပြည့်ရှိပါတယ်။ဒီအားမာန်တွေကလဲ လောကကြီးမှာ တနည်းနည်းနဲ့ကို အရောင်တွေပြောင်းလဲစေခဲ့ပါတယ်။

ပေးဆပ်ခွင့်လွှတ်ခြင်း
တည်ငြိမ်လေးနက်သော
နှလုံးသားပိုင်ရှင်ပေမယ့်
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုးသေး။


ခြင်္သေ့ရုပ်ပုံသဏ္ဍာန်အတိုင်း နေမင်းစိုးမိုးပြီး စုံရာသီ၊ မီးရာသီ တေဇောဓါတ်၊ ယောင်္ကျားရာသီ၊ ထိရရာသီ၊ အမြူရာသီ၊ တိရိစ္ဆာန်ရာသီ၊ ခြေလေးချောင်း ရာသီ၊ ၀ိသမရာသီ၊ ပါပဂြိုလ်သည် ဒက္ခိဏယဉ်စွန်းတန်းသို့ ကျရောက်သဖြင့် ဂြိုလ်သွား ဂြိုလ်လာများနဲ့ ထူးခြားသော ပုပ္ပနမိတ်များနဲ့ ဇာတာခွင်ရှိပြီး ရာသီခွင်သင်္ကေတ(Zodic sign)အားဖြင့် ( )ဟု ဖေါ်ပြကြသည်။

ကေသရာဇာခြင်္သေ့တွေမို့ ....
အတိုက်အခိုက်တွေက ရိုက်ပုတ်လာတယ်။
အနှောင့်အယှက်တွေက အလည်လာတယ်။
အခက်အခဲတွေက ခရီးဦးကြိုပြုတယ်။


ဗမာ့ရိုးရာပြက္ခဒိန်အရ ဝါခေါင်လနှင့် အလားတူပြီး အနောက်တိုင်းပြက္ခဒိန်အရ ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၃)ဖြစ်သည်။ပါဠိစကား "သီဟ" ဟူသော သိဟ် (ဟိန္ဒူစကားတွင် Singha) ဖြစ်ပြီး အနောက်တိုင်း လက်တင်ဘာသာစကား "Lion"မှ "Leo"ဟုသက်ဆင်းလာကြသည်။ နက္ခတ်ရှုထောင့်အရ ကရဋ်ရာသီ(Cancer)ရဲ့အနောက်ဘက်နှင့် ကန်ရာသီ(Virgo)ရဲ့အရှေ့ဘက်မှာ တည်ပါတယ်။

အန္တရာယ်အသင်္ချေတွေကြား
ကြေးစားတစ်ယောက်လို
ကြိုးဝိုင်းထဲ သတ်ပုတ်နေဆဲပါ။


နောက်တစ်ခုက ကျွန်တော်ရဲ့ သိဟ်ရာသီဖွား ကိုယ်ပွားလေးပါ။သူ့ကို ကျွန်တော်အတွက် ခရီးသွားဖော်အဖြစ် ပါရမီဖြည့်ဘက်က သိဟ်ရာသီခရီးသွား လက်ဆောင်အဖြစ်ပေးခဲ့တာပါ။အခုဆို ကျွန်တော်ရဲ့ခရီးဖော်လေးက နှစ်ဝါကာလကို ရောက်ရှိသွားပါပြီ။တစ်ယောက်ထဲ ခြောက်ကပ်စွာ ခရီးနှင်နေရတဲ့ ကာလတွေထဲက လွတ်မြောက်သွားပြီး ခရီးဖော်အစုံနဲ့ ကျွန်တော်ရဲ့ သိဟ်ရာသီခရီးသွားခြင်းက ပြည်ဝခြင်းအဓိပ္ပါယ်သို့ ရောက်ရှိနေသော "သိဟ်ရာသီရီဗောလူးရှင်း"(Leo Revolution) ဖြစ်ပါတော့သည်။

ဒီလိုအကြောင်းတရားတွေ
ပြည့်နှက်နေတဲ့ "သိဟ်ရာသီဖွား"ပေါ့
သူဟာလေ အားမာန်တွေ အပြည့်နဲ့
ခရီးတွေ နှင်နေဆဲပါလေ။


ဒီရာသီလေးဟာ ကျွန်တော်ကို နွေးထွေးမှု အပြည့်အဝနဲ့စောင့်ကြိုနေဆဲပါ။
ဆက်လက်ခရီးဆက်ဖို့ကိုပေါ့။နောက်ပြီး ကျွန်တော်သိတဲ့ ဘလောခ်ရေးသူတွေထဲမှ သိဟ်ရာသီရဲ့နောက်ထပ်ခရီးသည် ညီလေးတစ်ယောက် မွေးနေ့လေးပါ။ သူ့မွေးနေ့လေးအတွက် ဒီပိုစ့်မှာရေးထားတဲ့ကဗျာလေးက သူ့အတွက်မွေးနေ့လက်ဆောင်ပါ။ဒီကဗျာနဲ့အတူ ကျွန်တော်သိပြီးသော၊ မသိသေးသော၊ နောင်သိလာတော့မည့် သိဟ်ရာသီဖွားသူတွေ အားလုံးကို ပျော်ရွှင်သော "သိဟ်ရာသီ ခရီးသွား"တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။နောက်ပြီးကျွန်တော်နဲ့ ရက်တူလတူသော အဆိုတော် မက်ဒေါနားရဲ့ အေးခဲမှု (Frozen)ကိုနားထောင်ရင်းနဲ့ သိဟ်ရာသီထရိုင်မန်ရှင်းလေး (Leo Trimension)ရဲ့ ဇာတ်သိမ်းလေးရဲ့ နှုတ်ဆက်မှု နိဂုံးလေးကတော့................................။


သိဟ်ရာသီအော်တီမေးရှင်း(Leo Ultimation)


သူ့မှော်အတတ်နဲ့ ဖန်ဆင်းပြခဲ့တဲ့ သူရဲ့စာလေးတွေ၊ကဗျာလေးတွေကိုဖတ်ပြီး သူကို လေးစားအားကျနေခဲ့တာ။နောက်ပြီး "သိဟ်ရာသီ ၀တ်ရုံ" ကဗျာကို အသက်သွင်းသွားသူကတော့ အကို"တာရာမင်းဝေ"ပါ။ သြဂတ်စ်မိုးစက်လေးတွေနဲ့အတူ အကိုကောင်းကင်ပေါ်မှာ အားလူးသွားစားနေတာ "နှစ်"နှစ်ပြည့်ကို သူ့ကို ချစ်ခင်လေးစားကြသူအားလုံးက တခမ်းတနား ကဗျာတွေဖွဲ့ စာတွေသီပြီးရေးသား ဂုဏ်ပြုခဲ့တာကို "ဒီနေရာလေးမှာ" တွေ့ရတော့ ကျွန်တော်လည်း သူများတွေလို အဖွဲ့အနွဲ့ မကောင်းတော့ နှုတ်တရာစာတလုံးဆိုသကဲ့သို့ ဒီလိုစာတိုလေးနဲ့ပဲ အကိုကို သတိတရ လွမ်းလိုက်ရပါတယ်။အကိုရဲ့ကဗျာလေးကို မြတ်နိုးစွာ ကျွန်တော်ရဲ့ ဘလော့ခ်နံရံပေါ် အပ်ခွင့်ပြုပါ အကို။


သိဟ်ရာသီ ၀တ်ရုံ

အငုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
'မုန်းတယ်'
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိတိုင်အောင် အိမ်ထရံမှီပြီး
ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ
ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ ရထားဟာ
လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ
ကြာပြီ။ ။


ဆက်လက်ကြိုးစားပါဦးမည်။


Psး ကျွန်တော် လက်တလောသိသော သိဟ်ရာသီမွေးလရှင်များ-"မနှင်းနဲ့မာယာ",''အမကေ","ညီမမေဇင်","ညီမနွေးနေခြည်","သူငယ်ချင်းသီဟသစ်","ညီလေးဧရာဝတီသား"
Related Posts Plugin for WordPress, Blogger...