ချမ်းလင်းနေ
image image image image image image image image image image image image image

ဓာတ်ပုံ

image
image
image

နေဝင်ချိန် ဇရာအို၏စိတ်ကူး


အချစ်
စတင်ပေါက်ဖွားရာမှသည် ခိုင်မာသော သစ္စာဖြင့် ယှက်နွယ်ရင်း တွဲလက်တွေခိုင်မြဲဖို့ဆိုတာ အလွန်တရာမှ ခက်ခဲပါသည်။အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ စိတ်သဘောထား ကွဲလွဲသွားကြတဲ့ အတွဲတွေ ကမ္ဘာမြေမှာ ထုနဲ့ထေး။ ကွယ်ဝှက်နေတဲ့ သံယောဇဉ်အမျှင်ကြောင့် ရတုအဆက်ဆက် ဖြတ်သန်းလာခဲ့ကြတဲ့ နေဝင်ခါနီး ဇရာအိုမောင်နှံတွေကလည်း သိန်းနဲ့သန်း။အိုမင်းမှုရဲ့ နောက်ဆက်တွဲရလာဒ်က ဇရာအိုရဲ့ သူငယ်ပြန်စိတ်ကူးလေးတွေပါ။


✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ဒီဇင်ဘာ ဆောင်းတွင်းရက်စွဲ အချို့မှာပေါ့။ နှင်းမှုန်တွေ ပြေးကပ်လာတဲ့ ပြတင်းပေါက်မှ အပြင်သို့ ငေးရင်း သိုးဆောင်းဘိုးဘိုးတစ်ယောက် မနက်ဖြန် မင်္ဂလာသက် နှစ်ငါးဆယ် ရွှေရတုကို တွေးရင်း ပျော်နေမိသည်။ထိုလာမည့်နေ့သည် သူအတွက် ပျော်စရာလဲ ကောင်းနိုင်သည်။ရင်ခုန်စရာလဲ ဖြစ်နိုင်သည်။ကြည်နူးစရာလဲ ဖြစ်တန်ချေရှိသည်။ စိတ်ပျက်ညီးငွေ့ဖွယ် မရှိမှာတော့ အမှန်ပေ။

နှစ်တို့၏ သဘောသည် တရွေ့ရွေ့ကုန်ဆုံး လွင့်ပါးလာသလို သိုးဆောင်းဘိုးဘိုး၏
အသက်လဲ တစ်ဖြေးဖြေး ယိုင်နဲ့လာသည်။အသက် ခုနှစ်ဆယ်တန်း သိုးဆောင်းဘိုးဘိုးအတွက် အရာရာသည် အားအင်ချည့်နဲ့လာသည်။သို့ပေမယ်
မနက်ဖြန်ကား ဘိုးဘိုးအတွက် ငယ်မူပြန် အောက်မေ့ဖွယ်ရာ ငယ်ဘဝအရိပ်တွေ
ထင်ဟပ်စေလာနိုင်သည်။

သားသမီးတွေ အတောင်စုံ၍ သီးခြားခွဲထွက်ကာ နေရစ်ခဲ့သူ သူ့အတွက် ထိုအချင်းအရာသည် နှမြောစရာ နတ္ထိ။ လွမ်းဆွတ်မှု ဗလာအတိပေမယ့် ရွှေရတုကို
သိုးဆောင်းဘွားဘွားနှင့် ပျော်ရွှင်စွာ မဖြတ်သန်းရမှာကိုတော့ စိုးရိမ်မိသည်။
ကျန်ရစ်ခဲ့ကြသော သက်ငယ်အနမ်းများနုနုရွရွ မေတ္တာစကားများမဟောင်းနွမ်းသော အကြင်နာများပျိုမြစ်တဲ့ ဂရုဏာများကို စမြုံပြန်နေသည်။

သိုးဆောင်းဘိုးဘိုးက အရင်နှစ်ဟောင်းက ကျင်းပခဲ့သော မင်္ဂလာရက်တွေနဲ့မတူသော အသွင်ဆန်းမည့် ရွှေရတုကို နေဝင်တော့မည့် ဇရာအို သူတို့မောင်နှံအတွက် အလွမ်းတွေကျန်ရစ်အောင် ဖြတ်သန်းချင်မိသည်။ သူတို့နှစ်ဦးရဲ့ ရည်းစားဦးကာလ ရင်ခုန်ခဲ့ရာ ပန်းခြံထဲမှ ခုံတန်းလေးမှာ ဖြတ်သန်းချင်မိသည်။

ဒီနှစ်ဆောင်းသည် ခါတိုင်းဆောင်းများနှင့် ကွဲလွဲစွာ နှင်းထူထပ်မှုမရှိခြင်းက သူ့အတွက် ဘုရားသခင်ပေးသော ရွှေရတုလက်ဆောင် ဖြစ်လေသည်။ ဒီရွှေရတုကိုလဲ ပုံမှန်သားသမီးတွေကို လှမ်းဖိတ်နေကြ။သူတို့တွေကပဲ သိုးဆောင်းဘိုးဘွား မောင်နှံအတွက် နှစ်စဉ် မင်္ဂလာနှစ်ပတ်လည်ပွဲများ ဖန်တီးကာလက်ဆောင်ပေးနေကြ ဖြစ်သော်လည်း ထိုအစဉ်အလာကို သိုးဆောင်းဘိုးဘိုး ညီးငွေ့လာသည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

" အချစ်ရေ၊ မနက်ဖြန် မင်းနဲ့တို့ ငယ်ငယ်က တွေ့နေကြ ခုံတန်းလေးမှာ တွေ့ရင်း တို့ရွှေရတုကို အမှတ်တရ ဖြတ်သန်းရအောင်ကွာ။အဲဒီမှာ နေခင်းတွေ့ပြီး ညမှ ညစာစားပွဲ လုပ်ကြတာပေါ့။ငါလဲ ငယ်ငယ်ကလို အဝတ်သစ်တွေဝတ်ပြီး စောင့်နေမယ်။ မင်းလဲ ငယ်ငယ်ကလို ပြင်ဆင်ပြီး လာခဲ့လေ။"

"ဒါဆို ကျမက ရှင်နဲ့စတွေခါစ ၁၆နှစ်သမီးတုန်းကလို ပြင်လာရမှာပေါ့။ဟုတ်လား။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ရွေရတုနေ့ရောက်တော့ သိုးဆောင်းဘိုးဘိုးက သူစီစဉ်ထားတဲ့ အတိုင်း ၁၆နှစ်သားတုန်းကလို ရှိုးစမိုးနှင့် ပြင်ဆင်ပြီး သက္ကလတ်အနွေးထည်ကြီးခြုံကာ
ပန်းခြံထဲသို့ နေ့လည်လောက်မှာ ထွက်လာခဲ့တယ်။ဘွားဘွားကတော့ မိန်းမသဘာဝ
ငယ်ငယ်ကလို ပြင်ဆင်နေရဦးမှာဆိုတော့ နောက်မှ လိုက်လာလိမ့်မည်။ပန်းခြံထဲက ခုံတန်းလေးမှာ ထိုင်ရင်း ရည်းစားဦးဘဝ စတွေ့ခဲ့ကြစဉ်က ပေးနေကြ ပန်းစည်းလေးကို လက်ထဲကိုင်ကာ စိတ်ရှည်စွာ ဘွားဘွားကို မျှော်နေမိသည်။

ဤနေရာလေးမှာပဲ သူတို့ အကြင်နာတွေ ဝေမျှခဲ့သည်။ဘဝမှာ လက်တွဲပြီး အရာရာကို ရင်ဆိုင်ဖို့ သန္ဓိဌာန်တွေချခဲ့ကြသည်။သူတို့ဘဝရဲ့ တစိတ်တဒေသ ဒီနေရာလေးကို ပြန်လည်ရောက်လာပြန်တော့ ကုန်လွန်သွားတဲ့ အိမ်မက်တွေ ရှင်သန်လာသလိုပင် ခံစားရသည်။နေ့အလင်းရောင်တို့ ကုန်ဆုံးစပြုလာသော်လဲ သိုးဆောင်းဘွားဘွား မရောက်လာခဲ့ပေ။ရွှေရတုကာလလည်း တဖြေးဖြေး ကုန်ဆုံးလာခါနီး၍ သိုးဆောင်းဘိုးဘိုးလဲ သို့လောသို့လော အတွေးများဖြင့် အိမ်သို့ပြန်လာခဲ့သည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

သိုးဆောင်းဘိုးဘိုး အိမ်ရှေ့အရောက်တွင် အိမ်အဝမှာ ငယ်စဉ် ၁၆နှစ်သမီးတုန်းကလို ပြင်ဆင်ထိုင်စောင့်နေသည့် ဘွားဘွားကိုတွေ့တော့

"မင်း ဘာလို့ ချိန်းထားတဲ့နေရာကို ရောက်မလာတာလဲ။"

ဘွားဘွားက နှုတ်ခမ်းနီရဲရဲများ ဆိုးထားသော နှုတ်ခမ်းစူစူဖြင့် ငယ်တုန်းကလို
ချွဲနွဲ့ပြောလိုက်သည်။

"မေမေဆူမှာ စိုးလို့ပါ ကိုကို။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

✍ ဖတ်ခဲ့ဘူးတဲ့ အင်္ဂလိပ်ဟာသလေးကို အခြေပြုရင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကျွန်တော့် ဘိုးဘိုးနဲ့ ဘွားဘွားတို့ရဲ့ မဖြတ်သန်းနိုင်ခဲ့ရတဲ့ သူတို့ရဲ့ ရွှေရတုလေးကို အမှတ်ရစွာဖြင့် ရေးချယ်သီကုံးလိုက်ပါတယ်။လွမ်းဆွေးမှုတို့ကို ပြုံးပျော်ရယ်မောခြင်းဖြင့် အဆုံးသတ်နိုင်ကြပါစေ။

ဆက်လက်ကြိုးစားပါဦးမည်။

ဆက်လက်ဖတ်ရှူရန်...

အိမ်


အိမ် - ဓီရာမိုရ်

အိမ်( ဓီရာမိုရ် )

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေတော် ထပ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေမှာ ဖြူစင်စွာ အကြင်နာများဝေ....
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်..
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေ ရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ....

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်...
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဏာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်.....

တစ္တေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့ အိမ် ငါတို့ အိမ်
ရဲရင့်လိုက် ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

................... ♪♬♩♫ ...................

ငါတို့အိမ် - ဓီရာမိုရ်
တေးရေး - အရိုး

ငါတို့အိမ်(ဓီရာမိုရ်)

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံဟာ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမ္မာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

♫ အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …တို့ အိမ်က မခွဲကြေး …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့
ကောင်းချီးသြဘာပေးစိတ်မဆင်းရဲဘူးဟေ့ တို့အိမ်
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ …
လူဟာဘယ်လောက်ထိ အသက်ရှင်လဲ
ဘယ်လောက်အများဆုံး ရနိုင်လဲ အခုရထားတဲ့ လောကစည်းစိမ်တွေ
ဘယ်လောက် ကြာကြာ မြဲမလဲ

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခံမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

................... ♪♬♩♫ ...................

ကျွန်တော် ဒီသီချင်းလေးတွေ နားထောင်ပြီး အရမ်းကို အိမ်ကိုလွမ်းသွားတယ်ဗျာ။ သီချင်းစာသားလေးတွေပါ နားဆင်ရင်း ဖတ်လို့ရအောင်ထည့်ပေးထားပါတယ်။ အိမ်သီချင်းတွေ နားဆင်ကြသူအပေါင်း သာယာကြည်နူးဖွယ် အိမ်လေးတွေနဲ့ တွေ့နိုင်ပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။


ဆက်လက်ဖတ်ရှူရန်...

♎ Adjustment ♎

ဆက်လက်ဖတ်ရှူရန်...

☣ နှစ်ချို့ဘလက်ကော်ဖီ ☣

 Image Hosting

နှစ်ချို့ဘလက်ကော်ဖီ

နွေနှင်းပန်းတို့ ပွင့်လန်းချိန်တွင် လသည် သာယာသော သဘောရှိသည်။ ငြိမ်သက်တိတ်ဆိတ်မှုထဲမှ ရထားဥသြသံအချို့ သဲ့သဲ့ညှင်းညှင်းကြားရသည်။ အဆူညံဆုံးအသံကား နာရီလက်တန်၏ လှုပ်ခါချက်ဖြစ်သည်။အိမ်မြောင်စုပ်ထိုးသံကိုလည်း ရံဖန်ရံခါ ကြားရသည်။ ခွေးအူသံအချို့ နှင့် ကားဘီးပွတ်သံအချို့လဲ ထိုညတွင် မှော်ဝင်စားလေသည်။ခပ်ဝေးဝေးမှ ညှင်းသဲ့တိုက်ခတ်လာသောလေ၏ အေးစက်မှုသည် ညကိုအသက်ဝင်စေသည်။ ပိုးစိမ်းကောင်လေးများ လမ်းမီးရောင် မှိန်မှိန်အောက်တွင် အတုံးအရုံးတိုက်ပွဲကျနေကြသည်။ အသက်ရှုသံအချို့ လဲပြိုချိန်မှာ ဟောက်သံအချို့က ကြားကားဆွဲသည်။အိပ်စက်မည်ဟု မှိန်းရုံကြံနေသော မျက်စိအစုံက နောင်လာမည့်အာရုဏ်ကိုပဲ မျှော်နေသည်။အချိန်သည် ရွှေလျားနေသော်လည်း ကြာသည်ဟု ထင်ရသည်။ဆောင်းကူးနေသောကြောင့် သန်းခေါင်ညနက်မှု ရှည်သည်။အိပ်မပျော်သော ညတစ်ည သံသယာလည်ဆိုသောသီချင်းလဲ မဆိုချင်တော့ပြီ။

အိုက်
စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည်လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့်ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။


ဆက်လက်ကြိုးစားပါဦးမည်။





ဆက်လက်ဖတ်ရှူရန်...

Believe

ယုံကြည်ချက်

ပိန်းပိတ်နေတဲ့ အမှောင်ထုထဲ
ငိုချင်းချသံတွေ တွေ့တယ်

ကခုန်ယိမ်းထိုးလိုက်ရတာများ
(တကိုယ်လုံး)
ရစရာမရှိအောင် မည်းညစ်လို့

ပုံသေနည်းတွေ ငြီးငွေ့ပြီး
ဘူတာအိုထဲက ပြေးထွက်ချင်သူပါ

ကိုယ့်လိပ်ပြာလုံဖို့
ရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်

လင်းသင်


မှတ်ချက်။ ။၂၀၀၄ အာရုံ.......




ဆက်လက်ဖတ်ရှူရန်...

 
နောင်ကိုလဲ လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။