Wednesday, July 15, 2009

Truth On Earth


ဝသုန်တည်တဲ့သစ္စာ

အမေ.....
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။


ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။



9 comments :

  1. ဘာတ္ဂေဘယ်လောက် အေးမြတယ်ဆိုကြဆိုကြ
    အမေ့မေတ္တာကို တော့ မီမယ်မထင်ပါဘူး...
    ဘယ်ပန်းချီပြိုင်လို့ မှုန်းလည်း အမေ့နှလုံးသား အလှကို
    မပြိုင်သာပါဘူး....

    ReplyDelete
  2. ဘုရားသခင်က သင့်သစ္စာကိုအသိအမှတ်ပြုမှာပါ။

    ReplyDelete
  3. အားပါး
    အမေနဲ့ပတ်သတ်သမျှ ဖတ်ဖူးခဲ့တဲ့ အွန်လိုင်းစာရေးသူတွေရဲ့ စာမူတွေထဲမှာ ကိုချမ်းရဲ့ အခု အမေ အရေးအဖွဲ့ကို အကြိုက်ဆုံးပဲဗျာ။
    ကဗျာလိုလို စာလိုလိုနဲ့ ထိမိတဲ့ အဖွဲ့တစ်ခုပါပဲ။ နှစ်ခြိုက်မိပါရဲ့ဗျာ။ =)

    ReplyDelete
  4. စာသားတွေ တအားကောင်းတယ်။

    ReplyDelete
  5. စားသားတွေ ကောင်းတယ် အကို...
    ရေးသားတဲ. ဥပမေကျ စကားလုံးတွေ
    လည်း တော်တော်လေးကောင်းတယ်
    အမေ မေတ္တာ သရုပ်ကိုပေါ်လွင်စေတယ်ဗျာ...

    ReplyDelete
  6. အေးဗျာ.. ကဗျာလေးက ကောင်းလိုက်တာ။ ဒီအပိုဒ် ( မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
    မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
    သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။ ) ကလေးမှာတော့ဖြင့် ” ငါ ” ဆိုတဲ့စာလုံးလေးက မှားပါသွားတယ် ထင်တယ်နော်။ အမေ့ ကို သားတစ်ယောက်က ပြောပြနေသလိုမျိုး တစ်ပုဒ်လုံး ဖွဲ့ ထားတာမဟုတ်လား။ နောက်.. စာလုံးပေါင်းလေးတွေ တချို့ ... စိတ်မရှိပါနဲ့ ဗျာ.... စေတနာကောင်းနဲ့ ပါ..

    မိုးစက်

    ReplyDelete
  7. မိခင် မေတ္တာကို နားလည်တဲ့သူတွေဟာ ဘယ်တော့မှ ဘေးအန္တရယ်နဲ့ မကြုံရပါဘူး။
    မိခင်မေတ္တာကြောင့် ဘ၀ငြိမ်းချမ်းပါစေ။

    ReplyDelete
  8. မိဘမေတ္တာဆိုတာ နှိုင်းစမရအောင်ကြီးပါတယ်။

    ReplyDelete
  9. ရင်ထိစေတဲ့ကဗျာတပုဒ်ပဲ
    ဘယ်တော့မှမရိုးနိုင်တဲ့
    မေတ္တာဘွဲ့ပေါ့..........

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...