Friday, September 11, 2009

Nine In The Nine

နဝင်းတွေထဲက "ကိုး"

နဝင်းဓာတ်သတ်တွေနဲနေ့
ဆင်းသက်ရောက်ရှိလာပေမယ့်
ဘယ်လိုမှတောင်
ခေါင်းပြူပြီးမကြည့်လိုက်နိုင်ဘူး
ခေါက်ရိုးကျိုး နိစ္စဒူဝတွေနဲ့
လုံးလည်ချာလည်ရိုက်လို့
ဗျာများနေတယ်လေ။

ထိုနေ့လေးပဲ
၀၉း၀၉း၀၉မှာ
ရထားမဲ့မြို့လေးထဲ
မှော်ရထားတစ်စင်း
စတင်အသက်ဝင်လာပြီလေ
ကြိုဆိုပါတယ်......
ကြိုဆိုပါတယ်......
မင်းကြောင့် သွားလာရေး
အချိုးပြေတော့မှာပေါ့။

ကိုးဂဏန်းညနေခင်း
အိမ်မက်အပိုက်ခွဲကိုး စွဲကိုင်
ကိုအငဲ "ကိုး" နားဆင်
ရေနွေးချမ်း ကိုးခွက်ဆင့်ပြီး
မြိန်မြိန်ယှက်ယှက်
သောက်သုံးလိုက်ပုံများ
"ငါ" ကို ငါတောင်
ဂန္တာဝင်ဆန်ချင်စမ်းပါဘိ။

ကိုးရက်ကိုးလနှစ်ထောင့်ကိုးခုနှစ်မှာတော့ ကျွန်တော်တို့ရဲ ကိုကြီးအငဲကလည်း သူရဲ့ စီးရီးသစ်ကလေးဖြစ်တဲ့ "ကိုး"ဆိုတာကို ထုတ်ဝေခဲ့ပါတယ်။ကိန်းဂဏန်းနံပါတ်တွေကို သူအတော်ကြိုက်ပုံရပါတယ်။သူစီးရီးနာမည်တွေဟာ ဆဌမအာရုံ၊ ခုနှစ်ထွေအက စသဖြင့် အက္ခင်္ရာတွေဆိုးမိုးမှုကိုတွေ့ရှိရပါတယ်။မြန်မာတွေအနေနဲ့ ကိုးဆိုတဲ့ ဂဏန်းဟာ နဝင်းဓာတ်ဆောင်တဲ့ အတွက် ကျွန်တော်ကတော့ ဒီ ၀၉.၀၉.၀၉မှာ နံနက် ၀၉း၀၉း၀၉ မှာတော့ ခေါက်ရိုးကျိုးနေတဲ့ နိစ္စဒူဝအလုပ်တွေနဲ့ ဗျာများနေတာနဲ့ပဲ အဲဒီအချိန်လေး ဘယ်လိုဖြတ်သန်းတိုက်ခတ်သွားတယ်ဆိုတာ မသိလိုက်ရပါဘူး။

ဒါနဲ့ပဲ အားတင်းပြီး ညနေကျတော့ 09:09:09pm မှာကျတော့ နဝင်းဓာတ်ဆောင်အောင်လိုတော့ အကြည်တော်ရဲ့ အိမ်မက်အပိုက်ခွဲ ကိုး ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ပြီး ဒူဘိုင်းမှာ ပထမဆုံးစတင်ဖွင့်လှစ်မယ့် မက်ထရိုထရိန်းကို သတင်းထဲကနေစောင့်ကြည့်ပြီး ကြိုဆိုလိုက်တယ်။ ကြိုဆိုပါတယ်မီးရထားကြီးရေ လို့ ကိုးကြိမ်ကိုးခါ အော်ကြိုမိတယ်။ဟုတ်တယ်လေ ရထားမဲ့ မြို့လေးတစ်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေထဲက အနဲနဲ့ အများရုံး ထွက်နိုင်တော့မယ်လေ။ နောင်ဆိုလဲ ဘစ်စကားသာ အားကိုးနေရတဲ့ ကျွန်တော်အတွက်တော့ ရွေးချယ်ခွင့်လေးရှိလာပြီးပေါ့။ဘုတ်တက်စီကြတော့ ခဏခဏမစီးနိုင်ဘူးလေ။အခြေခံကျနေတဲ့ ဖိနပ်လိုလူစားမျိုးကျတော့ ဒီဘုတ်စီးခက အတော်ကို ခါးချိတယ်ဗျ။
နောက်တနေ့ကျတော့ ကိုကြီးအငဲရဲ့ခွေကို အသဲအသန်နားထောင်ချင်တာနဲ့ပဲ နက်ထဲက ဒေါင်းပြီး နားထောင်တယ်။သူရဲ့ မူအတိုင်းပါပဲ သီးချင်းလေးတွေက သုံးလေးခေါက်လောက် နားထောင်ကြည့်လိုက်မှ သီချင်းသံစဉ်လေးတွေက သူ့အကန့်နဲသူ နားထဲဝင်ဆန့်သွားတယ်။ အရင် ခြေလှမ်းကျဲကျဲကြီးနဲ့ စီးမျောလာတာကတော့ "အိမ်" ဆိုတဲ့ အပုဒ်ပါ။ကျွန်တော်ကိုနှိုက်က သာမရိုးကျ ဒဿနလေးတွေကို အသည်းစွဲတော့ ဒီသီချင်းလေးက ဟက်ထိသွားတယ်ဆိုမလားပဲ။ လောလောဆယ်တောင် ဒီလ အကြိုက်ဆုံးသီချင်းထဲမှာ သွားပြီးခင်းထားလိုက်တယ်။ကဲ "ကိုး" ကို စမ်းနားထောင်ချင်ရင်---

အိမ်(အငဲ)
မယုံနိုင်ဘူး(အငဲ)
ဗျူဟာ(အငဲ)

ကိုး
၁။ငရဲတစ်ပိုင်း
၂။မယုံနိုင်ဘူး
၃။အမှတ်တရဒဏ်ရာ
၎။ဗျူဟာ
၅။မီးမရှို့နဲ့
၆။အိမ်မက်ပုံပြင်
၇။မုဆိုး
၈။နောက်ဆုံးမိနစ်
၉။ကြိုတင်ကြံစည်မှု
၁၀။အိမ်
၁၁။ငါ့စိတ်နဲ့ငါ
၁၂။ငါသေနိုင်တယ်

ဒေါင်းဖို့အတွက်တော့............."ဒီမှာ" ယူပါ။
ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, September 8, 2009

နိစ္စဒူဝအပိုင်းအစအချို့

စာမရေးဖြစ်တာ ကြာသွားလို့ လာရောက်လည်ပတ်ပြီးမေးသွားကြတဲ့ ဘလောခ်ရောင်းရင်းပေါင်းအသင်းများကို တောင်းပန်သမှု ဂါရဝပြုလိုက်ရပါတယ်။ စာရေးချင်စိတ်လေးကရှိပါတယ်။ဘလောခ့်ပေါ် ခြေဦးမလှည့်နိုင်လောက်အောင်ကို အလုပ်တွေပိပြားနေလိုပါ။
အခုလဲ မနှင်းက စာရေးငပျင်းအကျွန်တော့်ကို ငယ်ရွယ်စဉ်က ကျောင်းက ဆရာမက အိမ်စာပေးသလို အိမ်တိုင်ရာရောက်လာရောက် အိမ်စာတွေပေးသွားတဲ့အတွက် လာမည့်အရေးပြေးတွေ့ဆိုသလိုပါပဲ ကြံရည်ညစ်သလို ဖြစ်ညစ်ပြီး ရေးသားလိုက်ရပါတယ်။
နဂိုထဲက ကျွန်တော်စာတွေကို လာရောက်အားပေးကြတဲ့ ဘလောခ်ရောင်ရင်းပေါင်းအသင်းတွေအပေါ် လာရောက်လည်ပတ်သွားရင်းနဲ့မှ ကျွန်တော်ရဲ့ စာပေပြခန်းလေးထဲမှ အကုန်မဟုတ်ရင်တောင်မှ တစ်ခုခုဆီလောက် အကျိုးရရသွားကြတယ် ဆိုရင်ကို ကျွန်တော်အနေနဲ့ ပျော်ရွှင်ကြည်နူးရတာအမှန်ပါ။စာသိပ်မရေးဖြစ်ချိန်မှာ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းမောင်နှမ ညီအကိုတွေကိုလဲ ကျေးဇူးအထူးပါ။ တတ်နိုင်သလောက်လဲ ကြိုးစားရေးသားပါဦးမယ်။ အားပေးကြပါဦး။ ကူညီဖတ်ပေးကြပါဦး။ ဝေဖန်အကြံဥာဏ်လေးများးလဲ ပေးကြပါဦး။ ကော်မန်လေးတွေရရင်ကို ဘာနဲမှ နှိုင်းမရတဲ့ အားဆေးကောင်းတခွက် ဘလောခ်မော်ကွန်းလေးတွေပါပဲ။


လူရယ်လို့ ဖြစ်လာကြရမှတော့ လူသားဆန်ဖို့အတွက်တော့ နိစ္စဒူဝ သွားလာရှင်သန် လှုပ်ရှားရုန်းကန်ကြရမှာတော့ မလွဲဘူးလေ။
ရေဘူယျကတော့ နေ့ဆိုရင် အလုပ်လုပ်ကြမယ်၊ ညဆိုရင် အိပ်စက်အနားယူကြမယ်။
တခါတလေ တချို့သူတွေအတွက်တော့ပြောင်းပြန်အချိုးကြချင်ကြနေမယ်။ အများစုစာအတွက်ကြတော့ ဒါဟာပုံသေနည်းပဲ။
အဲဒီသီအိုရီလေးပေါ်မှာပဲ အနဲနဲ့အများ ဖြေရှင်းနေထိုင်သွားကြရတယ်။ တနေပြီးတနေ့ ဟော.....မနက်ရောက်လာပြန်ပြီ၊ နိစ္စဒူဝအလုပ်တွေ သိမ်းကြုံးလုပ်ကိုင်ရင်း ဟော.....မိုးချုပ်သွားပြန်ပြီ။
သြော်............တခါတလေကြတော့လဲ အချိန်တွေရယ်........ ကုန်လွယ်လိုက်တာ..... နဲတောင်နဲများနေသလားလိုထင်မိတယ်။
တခါတလေများကြပြန်တော့ အချိန်တွေက မကုန်နိုင်မခမ်းနိုင်သလိုပဲ နှေးနေတယ်လိုပင်ထင်ရမိသည်။လူ့အလို နတ်မလိုက်နိုင်သလိုထင်ပါ့။ 

ပျော်ရွှင်မှုတွေ၊သာယာမှုတွေအနားမှာ ရောက်ရှိနေချိန်ဆို လူသားသဘာဝအတိုင်း ဒီလိုအခွင့်အရေးမျိုးတွေကို အချိန်တိုတိုအတွင်း လက်လွှတ်လိုက်ရမှာကို စိုးရွှံလိုနေမိပြန်တယ်။

တခဏတာလေး သာယာပျော်ရွှင်မှုမျိုးကို ရာသက်ပန် လိုလားပိုင်ဆိုင်မှု အတ္တလေးနဲ့ ဖြားယောင်းနေမိတယ်။ 

တဒင်္ဂ အခိုက်အတန်းကလေးအတွင်းမှာပဲ သင်္ခါရဆိုတာကြီးကို လစ်လျုရှုပြီး မှော်ဆန်ဆန်သွေးဆောင်မှုတွေ ပေါ်မှာပဲ မူးယစ်မျောပါနေမိတော့တယ်။
ဟော....ဒုက္ခတွေ၊ ပြသာနာတွေ လာပြီဆိုရင်တော့ လူသားဆန်ဆန် အော်ဂလီဆန်စွာနဲ့ ငြင်းပယ်လိုတာပဲ။

ဒါပေမယ့် ဒီလိုကောင်တွေကြတော့လဲ လှိုက်လှဲပျုငှာစွာနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ခရီးဦးကြိုမပြုချင်ကြဘူးလေ။
ဒါကိုပဲ လောကဓမ္မတာအရ အလိုက်ကမ်းဆိုးမသိပဲ အစုလိုက်အပြုံလိုက် လာလိုက်ကြတာကတော့ ဒုက္ခကိုယ်တော်ပါပဲ။
သူလာပြီဆိုလို့ကတော့ နာဂစ်မုန်တိုင်းလိုပါပဲ အထက်လှန်အောက်ဆန် ဗြောက်သောက်မြန်အောင်ကို ခလောက်ဆန်သမတော့တာပဲ။
အခန့်မသင့်ရင်များ ဗူစီဘောင်းတွေ တဖောင်းဖောင်းပေါက်သလိုပါပဲ အရင်က လမ်းကြုံရောက်လာတဲ့ ပျော်ရွှင်စရာလေးတွေဟာ အိပ်မက်တွေ ပေါက်ပြယ်လွင့်ကွယ်ကုန်ပါတယ်။
ဒီလိုမျိုးကြောင်းကျိုးလေးတွေကတော့ နိစ္စဒူဝကူးလူးသွားလာနေကြတဲ့ မဟာလူသားအကျွန်မျိုးတို့ထံကို လာရောက်ဘောင်ဘင်ခတ်လေ့ရှိနေကြတဲ့ နိစ္စဒူဝအပိုင်းလေးတွေထဲက မလွဲမသွေတွေကြုံနေကြရမယ့် အပိုင်းအစလေးတွေပါပဲ။
ပျော်ရွှင်မှုတွေ ကြာရှည်ခိုအောင်းပြီး ဒုက္ခဘေးဆိုးကြီးမှ ကင်းစင်လွှတ်မြောက်နိုင်ကြပါစေ။

Saturday, September 5, 2009

Stand By Me


ကျွန်တော်အကြိုက်ဆုံး Jon Bon Jovi,Richie Sambora,Andy တိုအဖွဲ့က အီရန်မှာ ကန့်ကွက်သူတွေအတွက် သီဆိုပေးထားကြတာပါ။ပုံမှန်ကတော့ ဒီသီချင်းလေးဟာ ရိုးရိုးအချစ်သီချင်းလေးတစ်ပုဒ်ပါ။စတင်သီဆိုခဲ့သူတွေကတော့ U2 အဖွဲကပါ။နောက်ဒီသီချင်းကို John Lennon ကလဲပြန်ဆိုထားပြီး ဒီသီချင်းကို ပြန်ဆိုကြသူတွေများလားတော့ ကမ္ဘာကျော်သီချင်းတစ်ပုဒ်အဖြစ်ကျော်ကြားခဲ့ပါတယ်။
Bon Joviက Farsiဘာသာ(ပါရှန်ဘာသာစကား)သီဆိုထားတဲ့ သီချင်းစာသားလေးကတော့-

Stand By Me

chords used : ( G,Em,C,D )Gdat wecur chame hur    Emmohammed datpurch      C            Dedor vach ehan furyur            Gbunma burch            Gdast beh dasthamsedaa  Emto baa man hamvatan    Cdardeh toDdardeh man           Gba man basshGso darling, darling stand by meEmOh,  stand by meC              Doh Stand by me,oh stand by meGIf the sky that we look uponEmShould tumble and fallC                      D                  GAnd the mountain should crumble to the seaGI won't cry, I won't cryEmNo I won't shed a tearC                    D                  GJust as long as you stand, stand by meGso darling, darling stand by meEmOh, stand by meC                      DStand by me, please please                      Gstand by me, stand by me

Dast beh dast (hand in hand)

Hamsedaa (sharing a voice)

To baa man hamvatan (you and I are compatriots)

Dardeh to (your pain)

Dardeh man (my pain)

Ba man bassh (stand by me)

မူရင်းသီချင်းစာသားကတော့-

When the night has come
And the land is dark
And the moon is the only light we see
No I won't be afraid
No I won't be afraid
Just as long as you stand, stand by me

And darling, darling stand by me
Oh, now, now, stand by me
Stand by me, stand by me

If the sky that we look upon
Should tumble and fall
And the mountain should crumble to the sea
I won't cry, I won't cry
No I won't shed a tear
Just as long as you stand, stand by me

And darling, darling stand by me
Oh, stand by me
Stand by me, stand by me, stand by me

Whenever you're in trouble won't you stand by me
Oh, now, now, stand by me
Oh, stand by me, stand by me, stand by me

Darling, darling stand by me
Stand by me
Oh stand by me, stand by me, stand by me

ဒါကတော့ U2စဆိုစဉ်ကပါ။Bruce Springsteenနဲတွဲဖက်သီဆိုထားတာပါ။-



ဒါကတော့ John Lennon သီဆိုဟန်ပါ-



ကမ္ဘာအရပ်ရပ်က တူရိယာအစုံအလင်နဲ့ သီဆိုမှုလေးပါ။




Tuesday, August 18, 2009

သင်ပုန်းကြီးကျောင်း

“ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း၊
ငါတို့ စာသင်ကျောင်း။”

ကျောင်းကလေးက အဝေးကကြည့်လျှင် အလွန်ပင် သဘောကျစရာ။ကျောင်းကလေးက သက်ကယ်တွေနဲ့ မိုးထားတာလေ။ဒီကျောင်းလေးမှာ အမိုးတစ်ခုသာ အကောင်းရှိတာ၊ ဘေးကာမှာတော့ ဟာလာဟင်းလင်း ကြမ်းခင်းဆိုတာကလဲ နှီးကြမ်းတွေသာခင်းထားသည်။ ဒါတောင် ဒီကြမ်းခင်းကလေးက ကျောင်းသားတစ်ဦးစီ အိမ်မှယူလာကြသောကြောင့် တစ်ချပ်နှင့်တစ်ချပ် အရောင်ခြင်းလဲမတူ၊ အရွယ်ခြင်းလဲမတူ မြို့ကမင်းသား ရာဇာနေဝင်းဝတ်သလို ဟိုတစ်ကွက် ဒီတကွက်။ စပ်ကြားအရောင်တွေ။ အမိုးအကောင်းဆိုပေမယ် တစ်နှစ်သာခံပြီး မိုးတွင်းလေမိုးကြီးလျှင် ကောင်းကင်ကို ရှင်းရှင်းဘွင်းဘွင်း တွေ့ရတတ်သည်။ဒီကျောင်းလေးကလဲ အသက်တော့ အတော်ပြင်း၏။ လေတွေဘယ်လောက်ကြီးကြီး၊ ရေတွေဘယ်လောက်လျှံလျှံ ဒီနေရာလေးမှ တဖဝါးမှမခွာတတ်။ အတော်ပင် သစ္စာကြီးသည်။ဒါကတော့ကျောင်းလေးရဲ့တည်မြဲခြင်းနှင့်ဖွဲ့တည်မှုလေ။

ကျောင်းလေးရဲ့တည်နေရာကတော့ ရွာအဝင်ဝမှာ ထီးထီးကြီးနဲ့ တည်ကြည်ခံညားလေရဲ့။ ဒီကျောင်းကလေးကတော့ ရွာရဲ့မူလဘူတ တက္ကသိုလ်လေးပေါ့။ဒီကျောင်းကလေးကနေ စာအံနေသံများ၊ စာသင်နေသော ကျောင်းသားကလေးများရဲ့ အသံက ရွာအတွင်းပိုင်းအထိပင် ကြားနေရတတ်သည်။ဒီကျောင်းကလေးက ကျောင်းသာဆိုရတယ် မြို့မှ ဘယ်အခြေခံ၊ ဘယ်မြို့နယ်ပညာရေးမှ မသိ၊မှတ်ပုံတင်ထားခြင်းလဲမရှိ။မြို့ကျောင်းတွေဖွင့်ပေမယ် ဒီကျောင်းလေးက ဖွင့်ချင်မှဖွင့်တာ။မြို့ကကျောင်းတွေလို လိုက်ဖွင့်ဖို့ကလဲ ဒီရွာအခြေအနေနဲ့ ဖွင့်ချင်တိုင်းဖွင့်လို့မရ။ မြို့ကျောင်းတွေက မိုးရာသီအစမှာဖွင့်တတ်ကြပေမယ့် ဒီကျောင်းလေးက မိုးတွင်းသွားဖွင့်လို့မရပေ။ ဒီရွာက ကလေးအတော်များများက သူတို့မိဘတွေရဲ့အလုပ်အကိုင် လယ်ယာစိုက်ပျိုးရေးမှာ ကူရသေးတယ်။နောက်တခုက မိုးတွင်းကာလတွေဆို ဒီကျောင်းမြေနေရာလေးက ရေဖွေးဖွေးနဲ့ ရေတလင်းကြီးကိုဖြစ်လို့လေ။ဒီကျောင်းကလေးက ဆောင်းရာသီနှင့် နွေရာသီမှာသာ ကျောင်းဖွင်လို့ရတယ်။ဒါမှလဲ ကျောင်းသားတွေက ဒီကျောင်းလေးမှာ စာလာသင်နိုင်ကြတာပေါ့။


ဒီကျောင်းမှာအတန်းတွေကရော…။ဒါကတော့မြို့ကျောင်းတွေလိုဘယ်လိုလုပ်တန်းခွဲတွေရှိမှာလဲ။ ကျောင်းသားအားလုံး အတန်းကြီးကြီးငယ်ငယ် တနေရာထဲမှာ စုပေါင်းစာသင်ကြရတာပါ။ ကျောင်းအကြောင်းသာပြောနေရတာ ဒီကျောင်းရဲ့ဆရာလေး အကြောင်းပြောဖို့ မေ့နေတာဗျ။ ဒီကျောင်းရဲ့ ဆရာလေးလဲဖြစ်၊ ကျောင်းအုပ်ကြီးဆိုလဲ မမှားပါဘူး၊ နောက်မြို့အခေါ် ပညာရေးမှုပေါ့ဗျာ ဒါကလဲဒီကျောင်းအတွက် တစ်ယောက်ထဲရှိတဲ့ ဆရာလေးမောင်ရေချမ်းပါပဲ။ တကယ်တော့ ဆရာလေးရေချမ်းက ဒီရွာကတော့မဟုတ်ဘူးဗျ။သူက ဒီရွာကို ဘယ်လိုဘယ်နည်း ရောက်လာသလဲဆိုတော့ သူ့ကိုအစကနဦး ဒီရွာခေါ်လာသူကတော့ ဒီရွာသူကြီး ဦးဖော့ပါ။ အရင်ကတည်းက ဒီရွာမှာ စာတတ်သူ ပညာတတ်အလွန်နဲပါးပါတယ်။ အားလုံးလိုလိုကလည်း လယ်စိုက်၊ ကောက်ရိတ်ရုံကလွဲလို့ အခြားဘာကိုမှ မတတ်ကြ၊မသိကြဘူး။စာသင်ဖို့မပြောနဲ့ စာဆိုတာတောင် ဘာမှန်းသိကြတာမဟုတ်ဘူး။ ဒီလိုစာမတတ်၊ ပေမတတ်တော့ ဒီရွာကလေးမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ဘယ်မှာသိကြမှာလဲဗျာ။နောက်ပြီး ဒီရွာကလူတွေက ဘုရားတရားဆိုတာမရှိ၊ကိုးကွယ်မှုအတွက် နတ်ဆရာတွေကိုယုံကြည်၊ နတ်တွေကိုသာ ပသနေကြတာ။ရွာကျောင်းက ဆရာတော်တောင် သူကြီးနဲ့ အချို့ရွာသူရွာသားတွေ ကောင်းမှုကြောင့်သာ သာသနာအတွက် ဆက်လက်ဆောင်ရွက်နိုင်တာပေ။ဒီရွာက ယောကျာင်္းသားအားလုံးလိုလိုကလဲ အချိန်ရ ထန်းတောထဲ ထန်းရေမူး၊ ကြက်တိုက်လုပ်၊ မိန်းမတွေကလဲ အိမ်လည် အတင်းတုတ် နေ့ရှိသ၍ အိမ်မှာစားစရာရှိနေရင်ပဲ ဒါပဲလုပ်နေကြတာ။

တနေ့ သူကြီးရဲ့ တစ်ဦးတည်းသောသမီးလေး ခင်ထွေးအမှတ်တမဲ့ ဆုံးသွားတဲ့သတင်းဟာ ဒီရွာကလေးကို ပြောင်းလဲပြစ်မယ့် အခြေအနေရဲ့ အစပါပဲ။ဖြစ်ပုံကတော့ တနေ့ ခင်ထွေးတစ်ယောက် ခေါင်းမူတယ်ဆိုပြီး အိမ်နောက်ဖေး ကြောင်အိမ်ပေါ် ခေါင်းကိုက်ပြောက်ဆေးဆိုတာကို သွားရှာပါတယ်။တခါကလည်း သူ့အဖေက မြို့ကဝယ်လာတဲ့ခေါင်းကိုက်ပြောက်ဆေးဆိုပြီး ပုလင်းအညိုရောင်ကလေးကို ပြဘူးပါတယ်။ဒီဆေးပုလင်းလေး တွေလိုတွေ့ညား ခင်ထွေးလဲ ရှောက်ရှာရင်းနဲ့ နောက်ဆုံး နောက်ဖေးထုတ်တန်းပေါ်မှာ တင်ထားတဲ့ အညိုရောင်ပုလင်းလေး တစ်ပုလင်းကို သွားတွေ့ပါတယ်။သူစိတ်ထဲ သူအဖေမေ့ပြီး အထားမှားသွားတယ်လို့ထင်ပြီး ပုလင်းထဲကဆေးရည်တွေ ယူသောက်မိလိုက်ပါတယ်။တကယ်တမ်း ခင်ထွေးလေးသာ စာဖတ်တတ်ခဲ့ရင် သူဒီလို အဖြစ်ဆိုးမျိုးကို ကြုံရမှာမဟုတ်ပါဘူး။ပုလင်းပေါ်မှာ စာရေးထားတာက “ကြွက်သတ်ဆေး”ပါ။သူ့အဖေက လယ်ထဲမှာ ကြွက်တွေသောင်းကြမ်းလွန်းလို့ မြို့ကကြွက်သတ်ဆေး ဝယ်လာပြီး စာမဖတ်တတ်တဲ့ သူအိမ်သားတွေ သောက်မိမှာဆိုးလို့ ကြွက်သတ်ဆေးပုလင်းကို သီးဆြးထုတ်တန်းမှာ တင်ပြီးသိမ်းခဲ့တာပါ။
 

သူကြီးဦးဖော့ကလဲ နောင်တတွေရပြီး သူသမီးလေးဖြစ်သလို နောက်နောင်ဘယ်သူမှ မဖြစ်ရအောင် ဒီရွာကလူတွေလဲ စာဖတ်တတ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာသင်ကျောင်းတစ်ကျောင်းတည်ဖို့ ဖြစ်လာပါတယ်။ရွာဦးကျောင်းဆရာတော်ကလဲ ဒီရွာကလေးမှာ စာဖတ်တတ်သူတွေ ပေါ်များလာအောင်ရယ်၊ နောက်ဒီရွာကလေးရဲ့ ပညာမဲ့အစွဲအလန်းတွေ ပပျောက်အောင်ရယ် ဆိုပြီးတော့ သူကြီးဦးဖော့အကြံကို သူလဲအားတက်သရောဖြည့်ဆည်းပေးလိုတယ်။ဒါကြောင့် ဆရာတော်နှင့် သူကြီးတို့ကနေ ဦးစီးပြီး ရွာကကလေးတွေ စာသင်ဖို့အတွက် ဒီကျောင်းလေးကို စတင်ထူထောင်ခဲ့ကြတယ်။ အစဦးကတော့ ဆရာတော်ကိုတိုင် ဒီကျောင်းလေးမှာ ကလေးတွေကို စာသင်ပြပေးခဲ့ပါတယ်။ နောက်ဦးဖော့က မြို့ကနေ ဆရာတွေသွားရှာလာပြီး ဒီကျောင်းလေးမှာ စာသင်စေပါတယ်။ မြို့ကြီးပြကြီးတွေမှာ စာသင်လာခဲ့ကြတဲ့ ဆရာတွေဆိုတော့ကာ ဒီလိုတောကျောင်းလေးမှာ လာရောက်စာသင်ကြရတော့ အလွန်အမင်း ဒုက္ခရောက်ကြလို့ မည်သူတစ်ဦးတစ်ယောက်ကမှ ဒီကျောင်းလေးမှာ ရေရှည်စာမသင်နိုင်ကြပါဘူး။အကုန်လုံး မြို့ကိုပြန်ပြေးကြပါတယ်။
 

နောက်ဆုံးတော့ မြို့ကနေ ကျေးလက်ဒေသအကြောင်း စာရေးဖို့ဆိုပြီးရောက်လာတဲ့ စာရေးဆရာလေးရေချမ်းကို သူကြီးဦးဖော့က မြို့မှာတွေ့လာရာမှ ရွာကိုခေါ်လာရာကနေ စာရေးဆရာလေးရေချမ်း တစ်ယောက်လဲ သူမြို့သူဒေသကို မပြန်တော့ပဲ ပညာရေးချို့တဲ့နေတဲ့ ရွာသူရွာသားကလေးများအတွက် ဒီကျောင်းကလေးမှာပဲ စာရေးဆရာမှ ကျောင်းဆရာလေး ရေချမ်းအသွင်သို့ ကူပြောင်းခဲ့ရပါတယ်။ခက်တာက ဒီကျောင်းလေးက မြို့ကပညာရေးငှာနက အသိအမှတ်ပြုထားတဲ့ ကျောင်းကလေးမဟုတ်တော့ ထောက်ပံမဲ့သူမရှိ၊ ရွာသူရွာသားအချို့နဲ့ ဆရာတော်ရဲ့ မရှိမဲ့ရှိမဲ့ထဲကနေ လှုတန်းထားတဲ့ စေတနာသဒ္ဒါလေးနဲ့ အသက်ဆက်နေရတဲ့ ဒီကျောင်းလေးဟာ တနေ့ထက်တနေ့ ချိနဲ့လာတဲ့ လူမမာအသွင်သဏ္ဍာန်လိုပဲ ချို့တဲ့မှုတွေနဲ့ အသက်ဆက်နေရပါတယ်။ပညာတတ်တွေဖြစ်ပေါ်လာစေချင်တဲ့ ဆရာတော်ရဲ့ဆန္ဒလေးဟာလဲ ဆရာရေချမ်းတို့လို ပညာဒါနကို အခမဲ့ပေးလှုနေသူတွေရှိနေပေမယ့်လဲ ငွေအင်အားထောက်ပံ့မှု အားနည်းနေမှုတွေကြောင့် နောင်ဆိုဒီရွာကလေးမှ ကလေးငယ်တွေရဲ့ ပညာအလင်းရောင်တွေဟာ ဆက်လက်တွန်းလင်းနိုင်ဖို့ အနာဂတ်မဲ့နေကြပါတယ်။
 
မြို့ကြီးပြကြီးတွေမှာ မီးရောင်ထိန်ထိန်အောက်မှာ ငွေကြေးအတွက်မပူမပင်ရ၊ စာသင်ပေးမယ်ဆရာတွေ၊ ဆရာမတွေဆိုတာလဲ အများကြီး၊ ကျောင်းစာအုပ်၊ ခဲတံ၊ ပေတံ အစရှိတဲ့ ပညာရေးအထောက်အပံတွေကလဲ ပေါများနေပါလျှက်နဲ့ ပညာကိုကောင်းစွာ မသင်ကြားချင်ကြသော သူတွေ အခုလိုခေတ်မှာ ထုနှင့်ဒေးပင်။အထက်ကလို ရွာကလေးရှိကျောင်းမှ ပညာလိုချင်ကြပါလျှက်နဲ့ ချို့တဲ့လှသော ကျောင်းသူကျောင်းသားကလေးများနှင့် နှိုင်းစာလျှင် ထိုကဲ့သို ပညာကိုကောင်းစွာ သင်ကြားနိုင်ကြပါလျှက်နှင့် မသင်ကြား၊ မလိုလားကြသောသူတို့မှာ ရှက်ဖွယ်သာတည်း။
-------------------------------------------------------------------------------------------------------------------------------------------------------------

 

ဒီအထက်ပါ သင်ပုန်းကြီးကျောင်းကလေးလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလို ပညာရေးလိုလားပြီး ထောက်ပံမှု ချို့တဲ့နေကြတဲ့ကျောင်းကလေးတွေ အများကြီးပါ။ အခုကျွန်တော်ပြောပြခဲ့တဲ့ ဒီသင်ပုန်းကြီးကျောင်းကလေးဟာ အမှန်တကယ် ကျွန်တော်အဖွားရဲ့ ဇာတိတွံတေးမြို့နဲ့ အတော်ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာရှိပါတယ်။ အဖွားရဲ့ရွာကို အလည်သွားခဲ့စဉ် ဒီကျောင်းကလေးကိုတွေ့မြင်ခဲ့ရပြီး အဖွားက သူတို့နေခဲ့ရတဲ့ ဒီကျောင်းလေးအကြောင်းကို ပြောပြခဲ့လို့ သိခဲ့သမျှလေးတွေကို စိတ်ကူးနဲ့ ခြယ်မှုန်းထားတာပါ။ အခုတော့ ဒီကျောင်းကလေးကို ဒီကျောင်းကနေ အောင်မြင်သွားကြခဲ့ကြတဲ့ ကျောင်းသားဟောင်းအချို့ရဲ့ အလှုကြောင့် တဲသာသာကျောင်းကလေးကနေ အခုဆို အတော်အတန်ကြီးမားတဲ့ ကျောင်းကြီးအသွင် ပြောင်းလဲသွားပါပြီ။ဒီအလှုရှင်တွေဟာလဲ ဒီတောကျောင်းလေးက ပညာရေးနို့ချိုသောက်သုံးခဲ့ရမှုကြောင့် အခုဆို သြစတေးလျားမှာ ဆရာဝန်ဖြစ်သွားခဲ့ပါတယ်။
 
နောက်ထပ်သတင်းအနေနဲ့ကား ကျွန်တော်ဆီကိုရောက်လာတဲ့ မေးထဲကနေပါ။တိုက်တိုက်ဆိုင်ဆိုင် ဒီသင်ပုန်းကြီးကျောင်း အကြောင်းအရာလေးတွေ နီးစပ်မှုရှိလို့ နောက်ဆက်တွဲ သတင်းတစ်ရပ်အနေနဲ့ မူရင်းစာမူ အတိုင်း ကုသိုလ်ပြု ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော်အနေနဲ့စာတစ်ပုဒ်ကိုအဆင်ချောအောင်မရေးတတ်ပါဘူး။စာရေးဆရာတစ်ယောက်ရဲ့ လေယူလေသိမ်းလိုမျိုး..ရသမြောက်အောင်ရေးနိုင်တဲ့ကျွမ်းကျင်မှု့မျိုးလည်းမရှိခဲ့ဘူး။အခုMYDရဲ့ ဒုတိယခြေလှမ်းအတွက် ရေးရန်ကြတော့ကျတော်စိုးရွံ့နေခဲ့တယ်။ ပေါ့ပေါ့ပါးပါး
ဖြတ်သန်းလာကြတဲ့ ခင်ဗျားတို့ ကျတော်တို့ဘဝတွေနဲ့အပုံကြီးကွာခြားတဲ့ လောကလေးတစ်ခု
ကိုကျွန်တော်ပေါ်လွင်အောင်ရေးနိုင်ပါ့မလား..........
ကြို့ကုန်းဆိုတဲ့ ရွာလေးက လှည်းကူး..ဖောင်ကြီးကနေ(၆)မိုင်ကျော်လောက်ဆက်သွားမှ
ရောက်မယ့်ရွာလေးပါ။ကွင်းဆင်းရှာဖွေရေးအဖွဲ့တွေ ပထမဂါဝရအနေနဲ့လှည်းကူး
မြို့နယ်သံဃာနာယကအဖွဲ့ဆီဝင်ဦးခိုက်တုန်းပဲရှိသေး MYD ရဲ့စေတနာကိုနားလည်သွား
တဲ့ ဘုန်းဘုန်းမိန့်မှာချက်က“အဆိုးဆုံးကတော့ကွယ်...တို့တစ်နယ်လုံးမှာ..ကြို့ကုန်းကျောင်း
ပေါ့”...သွားကြည့်လိုက်ပါတဲ့။
ဒီလိုနဲ့ကျတော်တို့ ခရီးအဆက် လမ်းဆုံးမှာတော့ စာအံ့သံလေးတွေနဲ့အတူ ဆီးကြိုနေတဲ့
ခြောက်ကပ်ကပ်ကျောင်းဝိုင်းလေးက အေးစက်စက်ကြိုလင့်လို့နေပါတယ်။
သက်တော်(၇၀)ကျော်နေပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးတည်း ကတာဝန်ယူ
ထားတဲ့ မူလတန်းအဆင့်ကျောင်းလေးပါ။တစ်ရာတစ်ယောက် အနာဂါတ်တွေတောက်ပြောင်
လာဖို့ရာမျှော်လင့်လို့မရတဲ့ အခြေအနေနဲ့ကျောင်းလေးမှာ သေစာရှင်စာ လာသင်ကြားနေရ
တဲ့ နွမ်ပါးတဲ့ကလေးငယ်စုစုပေါင်းက အယောက်(၄၆)ပါ။သက်တော်ကြီးရင့်နေပြီဖြစ်တဲ့

ဘုန်းတော်ကြီးရဲ့စွမ်းအားကြောင့်ရော၊ကျောင်းတော်ရပ်တည်ဖို့ရာကိုမှမလွယ်ကူတော့တဲ့
အခြေနေသဒ္ဒါတွေကြောင့်ရော အားလုံးသောကလေး လေးတွေရဲ့အနာဂါတ်ကျပျောက်ရ
တော့မဲ့ အလားအလာက ရှေ့မှာဖြစ်နေပါပြီ။
“ကျောင်းကိုပိတ်ပြစ်တော့မယ်တဲ့”..ရပာန်းအိုကြီးရဲ့ အားမတန်လို့မာန်လျော့ ဆို့နင့်တဲ့
လေသံကို စာသင်နှစ်ထက်ဝက်ကျိုးမှာ အမိုးမလုံ၊သင်ပုန်းကျောက်မစုံလင်တော့တဲ့
ကျောင်းလေးက အံကြိတ်လို့နေခဲ့ပါတယ်။“ကလေးတွေရဲ့အနာဂါတ်ကတော့ လယ်တော
ထဲက ဖယောင်းတိုင် ပမာပါပဲကွယ်”...အမေတို့ကလည်းဒီလောက်ပါမျှော်လင့်ပါတယ်။
ရင်နင့်စရာပါ။ရန်ကုန်မြို့ကြီးနားက ရန်ကုန်မဆန်တဲ့ဘဝလေးတွေပါ။
သူငယ်တန်းကနေ၊လေးတန်းအထိကိုမှ့ သင်ပုန်းကနှစ်ချပ်ပဲအကောင်းရှိတယ်။
ကျန်တဲ့နှစ်ချပ်က သစ်သားစတွေကိုမှာ ဖာထေးစပ်ရိုက်ထားတဲ့ အယောင်ဆောင်သင်ပုန်း
တွေပါ၊ဆရာမသုံးယောက်ရှိပြီး၊သုံးယောက်စလုံးကလည်း ခုမှဆယ်တန်းဖြေဖို့ရာ သင်ယူကြိုးစားနေဆဲတွေပါ၊ ဘဝတူကလေးတွေအတွက် သူတို့ဘဝတွေကိုဝေမျှပေးနေခဲ့တာပါ။
“ဘုန်းကြီးမှာကလည်း ဆရာမလေးတွေအတွက် လခသဘောမျိုးပေးဖို့ရာတောင်မှ
မစွမ်းတော့ပါဘူးကွာ...သူတို့လေးတွေအတွက်ကခါတိုင်း တလတစ်သောင်းမျိုးပေးနိုင်သေး
တယ်၊ခုမပေးဖြစ်တော့တာ ကြာပေါ့၊သူတို့လည်းသူလိုငါလိုပါပဲကွာ၊ဆယ်တန်းဖြေဖို့ရာ
ဘုန်းကြီးထောက်ပံ့တာလေးနဲ့ပဲရပ်တည်နေရတာ....”ရင်နာနာနဲ့မိန့်ကြားခဲ့တဲ့ ဆရာတော်
ရဲ့အသံက ကျတော်တို့နားထဲကတော်တော်နဲ့မထွက်တော့ဘူး။ဒါကြောင့် MYD ရဲ့
ဒုတိယခြေလှမ်းအဖြစ် လှည်းကူးမြို့နယ်၊ကြိုကုန်းရွာမှရှိတဲ့ ကြို့ကုန်းကျောင်းလေးကို
ရွေးလိုက်ပါတော့တယ်။
သူငယ်တန်း ။ ။၁၉ ဦး
ပထမတန်း ။ ။၁၁ ဦး
ဒုတိယတန်း ။ ။၁၀ ဦး
တတိယတန်း။ ။၆ ဦး
စုစုပေါင်း ကလေးငယ်(၄၆)ဦးပညာသင်ကြားနေပါတယ်။
လှူဒါန်းမယ်အစီအစဉ်ကတော့ ...
၁။ဗလာစာအုပ် (အနဲဆုံးကလေးတစ်ယောက်တစ်ဒါဇင်)

၂။စာရေးကိရိယာ
၃။ကျောက်သင်ပုန်းနှစ်ချပ်နှင့် မြေဖြူ
၎။ဘုန်းတော်ကြီးကျောင်းအတွက်နဝကံမအလှုတော်ငွေ
တို့ဖြစ်ကြပါတယ်။
စေတနာရှင်တို့အနေနဲ့အဝတ်အစားပောာင်း နှင့် သင်ထောက်ကူပစ္စည်းတနိုင်တစ်ပိုင်
လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။တစ်ခုလောက်အားလုံးကိုမေတ္တာရပ်ခံချင်တာကတော့
MRMBER အဖြစ်စာရင်းကောက်ခံရတဲ့ရည်ရွယ်ချက်က MRMBER တွေရဲ့လစဉ်ထည့်ဝင်
ငွေပေါ်မူတည်ပြီးနှစ်လပေါင်းကုသိုလ်ငွေကိုချိန်ဆရမှာဖြစ်ပါတယ်။ဒါကြောင့် MRMBER များ

အနေနဲ့အမှန်တကယ်လစဉ်ထည့်ဝင်မည်ဆိုပါက ကျတော်တို့အဖွဲ့ထံဖြစ်စေ(သို့) ကျတော်
တို့အဖွဲ့အနေနဲ့ပြန်လည်ဆက်သွယ်ရန်ဖြစ်စေ ...ဒီနေရာကနေ... တဆင့် ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။ဒီကျောင်းကလေးရဲ့ မူရင်းဓာတ်ပုံ တွေပါ။

ဆက်လက်ကြိုးစားပါဦးမည်။



Thursday, August 13, 2009

ပုံစံခွက်တွေထဲကရေ


ပုံစံခွက်တွေထဲကရေ

အမြဲပြောင်းလဲနေတဲ့ရေစီးလို
ဘဝသဏ္ဍာန်တွေပေါ်
အလိုက်သင့်ပြောင်းလဲသွားတာနဲ့တင်
ဘဝဆိုတဲ့ အဖော်နဲ့ သင့်မြတ်သွားပြီလား။
ပုံစံခွက်တွေ အမျိုးမျိုးအပေါ်
အရေခွံတွေပြောင်းသွားရုံနဲ့တင်
အသားအရောင် လင်းလက်နေပြီလား။
လှောင်ချိုင့်စံ ငှက်ငယ်လို
ပျော်ရာမနေ တော်ရာနေရုံနဲတင်

လုံလောက်တဲ့သက်သေပြချက်နဲ့
နိစ္စဓူဝရက်စွဲတွေထဲက
လွှတ်မြောက်ဖို့ မကြိုးစားရတော့ဘူးလား။
(ချမ်းဧအိမ်)

နံနက်ခင်းရဲ့ အလင်းရောင်က ညအမှောင်ကိုတွန်းလှန်လို့ ထိုးထွက်စပြုနေပါပြီ။အာရုဏ်ရဲ့အစဦးမှာ လူသားအချို့တွေ အဖို့ အိပ်မက်ကောင်းတွေမက်နေဆဲပါ။ဝမ်းရေးအတွက် ရုန်းကန်နေကြရသော အချို့ချို့သောသူများ၊ အာရုဏ်ဆွမ်းလှည့်လည် ခံယူနေကြသော သံဃာတော်သူမြတ်များ၊ မိသားစုဝမ်းရေးအတွက် စီစဉ်နေကြသော အိမ်ထောင်ရှင်မများ အစရှိသောသူအချို့သာ နံနက်အာရုဏ်နှင့်အတူ စတင်အလုပ်များကြသူများပေသည်။နံနက်ခင်း အိပ်ကောင်းနေသောအချိန်တွင် တာဝန်ဝတ္တရားရှိ၍သာ ထကြရသည် မည်သူမျှမထချင်သေး။ အအေးဓာတ်နှင့်အတူ စောင်ခြုံကာထပ်ကွေးခြင်သေး၏။ထိုကဲ့သို့သောသူများတွင် စန္ဒာလင်းလေးလဲ တစ်ဦးအပါအဝင်ပေ။ မနှစ်တုန်းကဆိုစန္ဒာလင်းအဖို့ ဒီအချိန်ထစရာမလိုသေး။ ချမ်းစီးစီးနှင့် စောင်ထဲကွေးပြီး အိပ်နေရုံ။ဒီနှစ်တော့ စန္ဒာလင်းအသက်ငါးနှစ်ရောက်သဖြင့် ဖေကြီးနှင့်မေကြီးက စန္ဒာလင်းကို ကျောင်းစထားလေသည်။

အခုလဲစန္ဒာလင်းတစ်ယောက်အိပ်လို့ကောင်းနေတုန်း-
“သမီးရေ…သမီးထတော့လေ။ကျောင်းသွားဖို့ အချိန်ရောက်နေပြီ” ဒီအချိန်အမြဲကြားနေကြ မေကြီးရဲ့နှိုးစက်သံလေ။
“အင်း….မေကြီးကလဲ သမီးထနေပြီ။”ဟုပြောရင်း စန္ဒာလင်းတစ်ယောက် အိပ်ရာထဲမှ မထချင်ပဲ ကျုံးထလိုက်ရသည်။ခြေလှမ်းများက ရေချိုးခန်းစီသို့သာ ဦးတည်နေသော်လဲ မျက်လုံးများကတော့ ပိတ်လျက်သားနှင့် ခြေလှမ်းတို့နောက်သို့ အိပ်မက်မက်ရာမှယောင်၍ လမ်းလျောက်တတ်သောသူတို့ကဲ့သိုပင် လေးကွေးစွာလိုက်ပါလာရသည်။မေကြီးကရေချိုးခန်းထဲမှာ ရေတခွက်ဖြင့် စောင်းဆိုင်းနေရင်း မျက်လုံးမှိတ်လာနေသော စန္ဒာလင်းမျက်နှာကို ရေဖြင့်စီး၍ လှမ်းပက်လိုက်သည်။အေးမြသောရေကြောင့်စန္ဒာလင်းမှာ အိပ်ချင်စိတ်များပြောက်ပြယ်သွားပြီး အနည်းငယ် လန်းလန်းဆန်းဆန်းဖြစ်သွားသည်။သနပ်ခါးသွေးနေသော အန်တီမိက အစဉ်သင့်ထိုင်စောင့်နေရင်း-
“လာသမီးလေး မြန်မြန်လာ ကျောင်းချိန်နီးနေပြီ မုန်စားဖို့ အချိန်မမှီပဲနေဦးမယ်။”ဟုဆိုကာ စန္ဒာလင်းမျက်နှာလေးကို သနပ်ခါးအဖွေးသားနှင့် ချစ်စဖွယ်လေးဖြစ်အောင်လိမ်းပေးလိုက်သည်။
“ဟေ့ရွှေမိရေ သမီးကို သနပ်ခါးမြန်မြန်လိမ်းဟေ့၊ ကလေးမနက်စာ မုန့်လဲစားဖို့လဲ ကျန်သေးတယ်။မြန်မြန်လိမ်းပေးပါအေ။”
“အေး….အေး ရွှေချိုရေ၊ ပြီးပါပြီဟဲ့ ကလေးကို မုန်ကျွေးပြီးရင်ခေါ်သွားလို့ရပြီနော်”
“သမီးရေ အန်တီချို ဒီမှာ ရေဗူး၊မုန်ဗူး၊ကျောင်းလွယ်အိတ် အားလုံးအဆင်သင့်လုပ်တားတယ်၊စားပွဲပေါ်က သမီးကြိုက်တဲ့မုန်ဟင်းခါးသွားစားဦး။ ပြီးရင် ကျောင်းသွားဖို့ အဆင်သင့်ပဲနော်သမီး။အန်တီချို အိမ်ရှေ့မှာစောင့်နေမယ် သမီးရေ”
အဒေါ်နှစ်ယောက်က တစ်ဦးတည်းသောတူမလေးကို ဂရုစိုက်နေကြသော အသံများတည်း။

“ဖိုးရေ တာ့တာ၊ဖွားရေ တာ့တာ၊ဖေကြီးမေကြီးရေ တာ့တာ၊ အန်တီမိရေ တာ့တာ” အိမ်ရှိ လူအကုန်နှုတ်ဆက်ပြီးမှ အန်တီချိုနောက်ကနေ ကျောင်းသို့ ပေစောင်းပေစောင်းဖြင့်သာ သွားနေရသော်လည်း စန္ဒာလင်း၏စိတ်များက အိမ်မှာသာ ကျန်နေခဲ့သည်။အမှန်အတိုင်းဆိုလျှင် သမီးကျောင်းတွင်နေရတာထက် အိမ်တွင်နေရတာ ပို၍ပျော်သည်။ဦးလေးတွေ အဒေါ်တွေကလည်း လမ်းထွက်တိုင်းခေါ်သွားတတ်ကြပြီး စားချင်သမျှ ဘာမဆိုဝယ်ကျွေးတတ်ကြသည်။အဖိုးနဲ့ အဖွားကလည်း မြေးဦးလေးမို့ သဲသဲလှုပ်ကာ အိမ်တွင်ဖူးဖူးမှုတ်ထားမတတ် ချစ်ကြသဖြင့် သမီးအဖို့ အိမ်မှာသာ လက်သာသလိုနေချင်လှပေသည်။

တစ်အိမ်လုံးက တစ်ဦးတည်းသော မြေးမလေး၊တူမလေး၊သမီးလေးဆိုပြီး သမီးအကြိုက်လိုက်ကာ ဘာမဆိုအလိုလိုက်ကြသော်လည်း ပညာရေးနှင့်ပတ်သတ်လာလျှင်တော့ မရပေ။နံနက်စောစော မိုးအေးအေးဖြင့် ကွေးချင်ပေမယ့်လဲ အတင်းကိုလာနှိုးကြပြီး ကျောင်းသို့မရောက်ရောက်အောင်ကို ပို့တတ်ကြသည်။တခါတလေ သမီးကျောင်းမသွားချင်ဘူးဟု အော်ငိုလဲမရ၊ ဂျီကြလဲမထား တအိမ်သားလုံးက သမီးပညာရေးကို ဦးတည်ချက်ထားကြသည်။အဖိုးကလဲ ပညာမတတ်လို့ ဆင်းရဲသွားတဲ့ ကုဠေရှစ်ဆယ်သူဌေးသားအကြောင်း သမီးကျောင်းမတက်ချင်ဟု ဆင်ခြေပေးတိုင်း ပြောပြတတ်သည်။မေကြီးကလဲပညာတတ်မှလူတောတိုးတယ်ဆိုပြီးသမီးကိုပြောပြတတ်သေးသည်။

ကျောင်းမှာသမီးအပျော်ဆုံးအချိန်က ကျောင်းဆင်းချိန်လေ။လူအုပ်ထဲတိုးဝှေ့ကာ အိမ်မှ ဘယ်သူလာကြိုမလဲဆိုတာစောင့်ရတာအမော။တီချိုနှင့်တီမိတို့ကကျောင်းလာမကြိုနိုင် သူတို့ကနေ့ခင်းဆိုသူတို့အလုပ်နဲ့ သူတို့မို့ အားလေ့မရှိတတ်ကြပေ။ပုံမှန်တော့ သမီးကိုမေကြီးသာကျောင်းလာကြိုလေ့ရှိသည်။ဦးလေးတွေကတော့ မေကြီးမအားလို့ လာမကြိုနိုင်ရင်တော့ လာကြိုတတ်ကြသည်။သမီးကျောင်းဆင်းတိုင်း မေကြီးနှင့်အတူ သွားစားလေ့ရှိတာက သမီးတို့ကျောင်းလမ်းထိပ်က ငရုတ်ကောင်းမုန့်ဟင်းခါးလေ။ငါးဖတ်လေးတွေ အများကြီးနှင့် ငရုတ်သီးအရောင်တင်မှုန့်မပါ ငရုတ်ကောင်းရနံမွှေးမွှေးလေးဖြင့် ချက်ထားသော ငရုတ်ကောင်းမုန့်ဟင်းခါးလေးမှာ ဘယ်နှစ်ခါစားစား ခံတွင်းမှိန်လှပြီး ဒီအရသာကို သမီးအခုထိတိုင်သတိရနေဆဲပါ။

ကျောင်းမှ အိမ်အပြန်လမ်းတလျှောက်တွင် ပေါက်နေကြသော ခရေပန်း၊စင်္ကြာပန်း၊ခေါင်းလောင်းပန်းကလေးများ လေအဝှေ့ဖြင့် မြေပေါ်သက်ဆင်းလာကြချိန်မှာ သူတို့လေးတွေ မြေမခခင်လေး အပြေးအလွှားဖမ်းဆုပ်ရတာကလဲ သမီးအဖို့ မမေ့ကောင်းနိုင်တဲ့ အတိတ်ကလေးတွေပါပဲ။အိမ်ရောက်တော့လဲ အဖွားက -
“သမီးရေ ဒီညအဖွားသမီးအကြိုက် ကြက်အူချောင်းနဲ့ ဂေါ်ဖီထုပ်ကြော်ထားတယ်။နောက်ပြီး ခြံထဲက သြဇာသီးတွေခူးပြီး သမီးအချိုစားဖို့ အဖွားလုပ်ထားတယ်။သမီးသူငယ်ချင်းတွေနဲ့ သွားဆော့ပြီးရင် စောစောပြန်လာနော်။”ဟုပြောပြီး သမီးအကြိုက်ဟင်းတွေ အမြဲချက်ထားလေ့ရှိတယ်။အဖွားပြောမှ သမီးရဲ့ အိမ်နီးချင်းကစားဖော် သူဇာတို့ ခင်သီတာတို့နဲ့ ကစားဖို့သတိရသွားပြီး အင်္ကျီကို အမြန်လဲပြီး သူဇာတိုထံ ထွက်လာခဲ့သည်။ညရောက်တော့ အဖွားချက်ထားတဲ့ သမီးအကြိုက်ဟင်းတွေကိုစားပြီး ကျောင်းဆရာမဖြစ်တဲ့ကြီးမေက သမီးကိုစာကျက်ဖို့ စောင့်နေပါတယ်။ကြီးမေက အထက်တန်းပြဆရာမဆိုပေမယ့် သမီးရဲ့မူလတန်းစာတွေကို စိတ်ရှည်ပြီးအသင်အပြလဲ အရမ်းကောင်းလို့ သမီးကကျောင်းမှာဆို စာတော်သူတစ်ယောက်အနေနဲ့ ဆရာဆရာမတွေရဲ့ ချစ်ခင်မှုကိုရတယ်လေ။

ဒီလိုသမီးရဲ့ပျော်စရာကောင်းတဲ့ နိစ္စဓူဝတွေဟာ အမြဲတည်ရှိနေလိမ့်မယ်လို့ပဲ ထင်ခဲ့တယ့်သမီးဆီကနေ ထွက်ခွာသွားကြလိမ့်မယ်ဆိုတာ သမီးတခါဘူးမျှမတွေးမိဘူး။ အတန်းတင်စာမေးပွဲတွေပြီးလို့ နွေရာသီကျောင်းရက်ရှည်ပိတ်တဲ့ ညနေစောင်းနေ့တနေ့မှာပေါ့။သူဇာတို့၊သီတာတို့နဲ့ ကစားအပြီး အိမ်ပြန်အရောက်-
“သမီးရေ…ဒီနေ့စောစောအိပ်ရမယ်။မနက်ကြရင် မေကြီးတို့တွေ ရန်ကုန်မြို့ကို ပြောင်းကြရမယ်သမီးရေ။”
“ဟင်..ဘာကြောင့်ပြောင်းကြရမှာလဲ။ဖိုးဖိုးတို့၊ဖွားဖွားတို့ရော ပါမှာလား။”
“ဘိုးဘိုးတို့ကတော့ လိုက်လို့မရဘူးသမီးရေ။သမီးဖေဖေက အလုပ်မှာ ရာထူးတက်တော့ ရန်ကုန်ကိုပြောင်းဖို့ တာဝန်ကြတယ်လေ။”
“ဒါဆိုသမီးတို့က ဘယ်မှာသွားနေကြမှာလဲ။”
“မေမေနဲ့ သမီးက ရန်ကုန်က သမီးဖေဖေရဲ့ ဖိုးဖိုးဖွားဖွားတွေဆီမှာ သွားနေကြမှာလေ။အဲဒီမှာလဲ ပျော်စရာကောင်းပါတယ်သမီးရယ်။နောက်ပြီး ရန်ကုန်ဆိုတာ မြို့အကြီးကြီးသမီးရဲ့ သမီးအတွက် ကျောင်းလဲ အဲဒီမှာပဲ တက်ရမှာ သမီးရဲ့။မုန့်တွေလဲ အများကြီး၊ ကစားစရာတွေကလဲ စုံလို့၊ သမီးနောက်ဆို ဒီထက်တောင်ပျော်နေဦးမှာ။”
“ဟင့်အင်း….သမီးမလိုက်ချင်ဘူး။သမီး ဖိုးဖိုးတို့ ဖွားဖွားတို့နဲ့လည်း ခွဲမနေနိုင်ဘူး။ သမီးဒီမှာပဲနေမယ်။မလိုက်ဘူးနော် မေကြီးနော်…….နော်”
“နေခဲ့လို့မရဘူးသမီး။သမီးရဲ့ဖွားဖွား ဖေကြီးရဲ့မေမေကလဲ သူ့မြေးမလေးကို တွေ့ချင်လို့တဲ့။ နောက်သမီးဖေကြီးအလုပ်က ရုတ်တရက်ပြောင်းရွှေရတာမို့ မေကြီးတို့လဲ အခုလို အမြန်စီစဉ်ရတာသမီးရဲ့။ သမီးကလိမ္မာပါတယ်။လိုက်ခဲ့နော်သမီး။ဟိုရောက်ရင်မေကြီး သမီးကို မုန့်တွေအများကြီး ဝယ်ကျွေးမယ်လေ။”
“လိုက်သွားပါမြေးလေရယ်။လူဆိုတာ ပျော်ရာမှာမနေ၊တော်ရာမှာနေရတယ်ကွယ့်။ဒါတွေ သမီးကြီးလာရင် သဘောပေါက်မှာပါ။တစ်နေရာတစ်ဒေသကိုစွဲစွဲလန်းလန်းမနေရဘူးတရွာမပြောင်း သူကောင်းမဖြစ်ဆိုသလိုပဲ၊ လူဆိုတာ ကိုယ်တိုးတက်ရာတိုးတက်ကြောင်းကို ရေမြေအလိုက် ရွှေ့ပြောင်းနေရတယ်ကွယ်။အခုသမီးတို့ သွားမယ့်ရန်ကုန်မြို့ကြီးဆိုတာ အဘိုးတို့ အခုနေနေတဲ့မြို့လိုမဟုတ်ဘူး။သမီးဘဝရှေ့ရေးတိုးတက်ရာ တိုးတက်ကြောင်း ကောင်းစားဖို့အရေး မြေးလေးဖေဖေနဲ့ မေမေက ရန်ကုန်မြို့ကြီးကိုပြောင်းရတာပါကွယ်။ အဖိုးငယ်ငယ်က စာတော်လို့ နိုင်ငံခြားမှာ ပညာတော်သင်ရတာကို ဖိုးဖိုးက အဖေအမေ ညီအကိုမောင်နှမတွေနဲ့ မခွဲနိုင်လိုဆိုပြီး မသွားဖြစ်ခဲ့ဘူး။အဲဒီတုန်းကတော့ အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ ဖိုးဖိုးအတွက် ဘာမှမဖြစ်ပေမယ့်။အသက်အရွယ်ရလာတော့ သာမာန်အရာရှိလေးအဆင့်ကနေ အဖိုးမတက်တော့ဘူးပေါ့။အဲဒီတုန်းကသာ အဖိုးပညာတော်သင်သွားခဲ့မယ်ဆိုရင် အခုဒီအခြေအနေမျိုးထက် ကောင်းမွန်တဲ့နေရာတနေရာမှာ အဖိုးရောက်နေပြီ မြေးရေ။ နောင်တဆိုတာ နောင်ကျမှတရသလို မဖြစ်အောင် အခုလိုမိုးရွာနေတဲ့ အခြေအနေမျိုးမှာ ရေခံထားမြေးရေ။ဒါမှ နောင်တချိန် နွေခေါင်တဲ့အခါ ခံထားတဲ့ရေက အသုံးဝင်လာတာပေါ့။ နောက်ပြီးသမီးလဲ ကျောင်းပိတ်ရက်ရောက်ရင် ဖိုးဖိုးတို့ဆီကို မကြာမကြာလာလို့ရတာပဲ။နောက် သံလျှင်နဲ့ ရန်ကုန်ဆိုတာ ဘာဝေးတာမှတ်လို့ကွယ်။”ဟု ဖိုးဖိုးက သူ့ရဲ့ငယ်ဘဝဖြစ်အင်တွေနဲ့ ဥပမာပေးပြီး သမီးကို မေကြီးတို့နောက်လိုက်သွားဖို့ ပြောပါတယ်။

တကယ်တမ်းကြတော့လဲ ဖိုးဖိုးတို့နေတဲ့သန်လျှင်ဆိုတာက ရန်ကုန်နှင့် သိပ်မဝေးပေ။ ယခင်တုန်းကဆို သမီးရဲ့နွေရာသီကျောင်းပိတ်ရက်တွေဆို သန်လျှင်ကိုသွားရင် သီတာသင်္ဘောကြီးများစီးကာ သွားလည်ရသည်။သင်္ဘောနောက်ကနေ လိုက်နေကြတဲ့ ငှက်ရွှေဇင်ယော်လေးများကို အစာကျွေးရင်း သူတို့လေးတွေ သင်္ဘောတွေပေါ်က ကျွေးလိုက်တဲ့ အစာတွေကို ရေထဲမကျမီ လိုက်စားနိုင်တာကလဲ အံသြစရာတစ်မျိုးပင်။အခုတော့ သန်လျှင်တံတားကြီးပြီးသွားတော့ သန်လျှင်သွားချင်ရင်ခဏလေး။ ကားလေးစီးပြီးနေ့ခြင်းပြန် သွားလို့ရနေပါပြီ။ အရာအားလုံးဟာ တရွှေ့ရွှေ့နဲ့ပြောင်းလဲသွားကြပါတယ်။

အရင်ကရေကြောင်းခရီးနှင့်သာ သွားလာရသော သန်လျှင်မြို့လေးကို ကားလမ်းကနေ နေခြင်းပြန်သွားလို့ရနေသလို သမီးစိတ်ထဲမှာ အမြဲတည်ရှိနေမယ်လို့ထင်ထားသော ပျော်ရွှင်ဖွယ် ငယ်ဘဝလေးတွေဟာ အိပ်မက်တိမ်တွေ ရွှေရှားသလိုတဖြေးဖြေး သမီးဆီကနေ ထွက်ခွာသွားကြပါပြီ။ဖိုးဖိုးဖွားဖွားတွေ၊ ဦးလေးအဒေါ်တွေရဲ့လက်ပေါ်မှာ အလိုလိုက်ခံ ကြီးပြင်းခဲ့ရတယ်ဆိုပေမယ့် အသက်အရွယ်အရ လူ့ဘဝအကွေ့အဝှိက်တွေကြားမှာ အတွေ့အကြုံတက်တွေ ပြောင်းသုံးပြီးလှော်ခတ်တတ်နေပါပြီ။အခုဆိုသမီးဘဝမှာ ပညာဗဟုသုတတွေ အများကြီးပေးခဲ့တဲ့ ဖိုးဖိုးလဲ မရှိတော့ပါဘူး။သမီးကို အလိုလိုက်လွန်းတဲ့ ဦးကြီးတွေလဲမရှိတော့ပါဘူး။နောက်သမီးရဲ့ ရွှေတောင်ကြီးသဖွယ် မေမေကလဲ ပြိုလဲခဲ့ပါပြီ။ဖိုးဖိုးပြောသလို “ပျော်ရာမှာမနေ၊တော်ရာမှာနေကြရ”တဲ့ လူဘဝမှာ ပုံစံခွက်တွေထဲကရေတွေလို မိမိတို့တည်ရှိဖြစ်တည်နေရာ ပုံသဏ္ဍာန်အလိုက် သင့်တင့်လျှောက်ပတ်စွာနေဖို့ ဝန်မလေးတော့ပါဘူး။



(မှတ်ချက်။ ကျွန်တော်ရဲ့လက်တွဲဖော်ကြင်သူကလေးရဲ့အတွေးအမျှင်လေးကို စာသားများအသွင် ယက်လုပ်ထားတာပါ။လာရောက်အားပေးသူများကို အစဉ်လေးစားလျှက်....။)
ဆက်လက်ကြိုးစားပါဦးမည်။



Tuesday, August 11, 2009

သိဟ်ရာသီခရီးသည်


သိဟ်”ဆိုတဲ့ ရာသီလေးကို အရမ်းကိုသဘောကျ နှစ်ချိုက်မိပါတယ်။ဒီရာသီလေးရောက်ရင် မနက်ခင်း မိုးရေငွေ့လေးတွေ ဝေနေတဲ့ နံနက်ခင်းလေးအောက်မှာ အေးမြတဲ့ လေပြေလေညင်းတွေကို ရှုရိုက်ရတဲ့ အရသာလေးကို မက်မောတွယ်ရှခဲ့ဖူးတယ်။တခါတလေဆို နံနက်ခင်းလေးတွေမှာ မိုးစက်မိုးပေါက်ကလေးတွေကို လက်နဲ့ခံယူဆော့ကစားရင်း အမေ့အိမ်လေးနားက အင်းယားကန်ဘောင်ကြီးပေါ် ထိုင်ငေးနေခဲ့ရတဲ့ လောကကြီးကလည်း တသက်မမေ့ကောင်း နိုင်စရာတွေပါပဲဗျာ။

အခုထိတောင် အမေ့အိမ်လေးမှ ခွဲထွက်လာရပေမယ့် ဒီလလေးရောက်ရင် အိမ်ကိုတော့ မရောက်ရောက်အောင်ကို ခြေဦးလှည့်ခဲ့တယ်။မိုးတွေ သည်းသည်းမဲမဲ ရွာချနေတဲ့ ဝါခေါင်မိုးလေးတွေကို နှစ်သက်လို့လေ။မိုးလရာသီတွေများတဲ့ ကျွန်တော့်ချက်ကြွေခဲ့တဲ့ မြေကလေးမှာ အခြားမိုးလတွေထက် သိဟ်ရာသီ ဝါခေါင်မိုးလေးကို ပိုပြီးသဘောကျမိတယ်။ ဒီလလေးက အရင်ထဲက ကျွန်တော့်အပေါ် သက်ရောက်မှုတွေပေးတဲ့ လရာသီလေးပါ။


သိဟ်ရာသီတွေရဲ့ နံနက်ခင်းလေးတစ်ခုက ကျွန်တော်ရဲ့ "သိဟ်ရာသီအော်ရီဂျီနေးရှင်း"(Leo Origination)လေ။ဆောင်းရာသီလို နှင်းမကျပေမယ်လဲ မိုးစက်တွေကြောင့် မြူတွေလိုဝေနေတဲ့ ဒီရာသီရဲ့ နံနက်ခင်းလေးတွေဟာ ချမ်းအေးနေပြီး နေရောင်ခြည်အလင်းရောင်ကလေးက တွက်ပေါ်လာရပေမယ့်လဲ သူရဲ့အနွေးဓာတ်ကလေးက သိဟ်ရာသီရဲ့ဝတ်ရုံကို လွှမ်းခြုံထားတဲ့ နံနက်ခင်းအအေးဒဏ်ကို ထိုးဖောက်နိုင်စွမ်း မဲ့နေတယ်လေ။

သိဟ်ဆိုတဲ့ စကားကို ကြိုက်တယ်။
ရဲရင့်တယ်၊
ပြတ်သားတယ်၊
အားမာန်အပြည့်နဲ့ ထည်ဝါခမ်းနားတယ်။


ဒီလိုနံနက်ခင်း နေမင်းကြီးဆီမှ အလင်းရောင်ရဲ့အေးချမ်းမှုတွေ ကြားထဲမှာ ပေါက်ဖွားလာခဲ့တဲ့ ကားယားကောင်လေးရဲ့ စတင်ခြင်းဟာ အမည်နာမလေးတစ်ခုနဲ့ ရှင်သန်လာရတာ အခုဆိုရင် နှစ်ဆယ်ကိုးကြိမ်မြောက် သိဟ်ရာသီလေးနှင့် ခရီးရှည်သွားခြင်းဟာ အတော်ကို ဝေးလံလာပါပြီ။ ဘယ်ဆီဘယ်ရာသီတွေထိ ရတုနဲ့ချီပြီး ခရီးဆက်ရဦးမယ်ဆိုတာကို ဂဂနနမသိရသေးတဲ့ ခရီးသည်တစ်ဦးပေါ့။ပါရမီဖြည့်ဘက်ကလေးနဲ့ ကံ၏ကြမ္မာစေရာကို မငြင်းဆန်ဝံ့ပဲ ကြိတ်မှိတ်ပြီး နှင်လေဦးပေါ့ "သိဟ်ရာသီခရီးသည်"ရေ။

သီဟရာဇာပေမယ့်
မြင့်မြတ်တဲ့ နှလုံးသားတွေနဲ့ရစ်သိုင်း
သံယောဇဉ် အပြည့်အလျှံနဲ့
နှလုံးသားရှုထောင့် တနေရာကနေ
ဦးဆောင်ချီတက်နေတယ်လေ။


သိဟ်လရာသီဟာ မီးပြရုပ်ကြောင့်ထင်တယ် ကမ္ဘာကြီးကို အတော်ပင် ပူလောင်မှုတွေ အတော်ပင်ရှိခဲ့ပါတယ်။၆.၀၈.၁၉၄၅မှာဆိုရင် ကမ္ဘာကြီးကတုန်လှုပ်သွားစေတဲ့ ဖြစ်ပျက်မှုကြီးဖြစ်တဲ့ အမေရိကန်တွေဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အနုမြူဗုံးကို ကြဲခဲ့တာကြောင့် ဂျပန်လူမျိုးပေါင်းများစွာဟာ သေကြေခဲ့ရပြီး စစ်ကိုလဲ ရွံမုန်းနာကြည်းခဲ့ကြပါတယ်။ဒီလိုပူလောင်ခဲ့ကြရပေမယ့်လဲ ခြင်္သေ့သတ္တိနဲ့ အားမာန်တွေလဲ အပြည့်ရှိပါတယ်။ဒီအားမာန်တွေကလဲ လောကကြီးမှာ တနည်းနည်းနဲ့ကို အရောင်တွေပြောင်းလဲစေခဲ့ပါတယ်။

ပေးဆပ်ခွင့်လွှတ်ခြင်း
တည်ငြိမ်လေးနက်သော
နှလုံးသားပိုင်ရှင်ပေမယ့်
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုးသေး။


ခြင်္သေ့ရုပ်ပုံသဏ္ဍာန်အတိုင်း နေမင်းစိုးမိုးပြီး စုံရာသီ၊ မီးရာသီ တေဇောဓါတ်၊ ယောင်္ကျားရာသီ၊ ထိရရာသီ၊ အမြူရာသီ၊ တိရိစ္ဆာန်ရာသီ၊ ခြေလေးချောင်း ရာသီ၊ ၀ိသမရာသီ၊ ပါပဂြိုလ်သည် ဒက္ခိဏယဉ်စွန်းတန်းသို့ ကျရောက်သဖြင့် ဂြိုလ်သွား ဂြိုလ်လာများနဲ့ ထူးခြားသော ပုပ္ပနမိတ်များနဲ့ ဇာတာခွင်ရှိပြီး ရာသီခွင်သင်္ကေတ(Zodic sign)အားဖြင့် ( )ဟု ဖေါ်ပြကြသည်။

ကေသရာဇာခြင်္သေ့တွေမို့ ....
အတိုက်အခိုက်တွေက ရိုက်ပုတ်လာတယ်။
အနှောင့်အယှက်တွေက အလည်လာတယ်။
အခက်အခဲတွေက ခရီးဦးကြိုပြုတယ်။


ဗမာ့ရိုးရာပြက္ခဒိန်အရ ဝါခေါင်လနှင့် အလားတူပြီး အနောက်တိုင်းပြက္ခဒိန်အရ ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၃)ဖြစ်သည်။ပါဠိစကား "သီဟ" ဟူသော သိဟ် (ဟိန္ဒူစကားတွင် Singha) ဖြစ်ပြီး အနောက်တိုင်း လက်တင်ဘာသာစကား "Lion"မှ "Leo"ဟုသက်ဆင်းလာကြသည်။ နက္ခတ်ရှုထောင့်အရ ကရဋ်ရာသီ(Cancer)ရဲ့အနောက်ဘက်နှင့် ကန်ရာသီ(Virgo)ရဲ့အရှေ့ဘက်မှာ တည်ပါတယ်။

အန္တရာယ်အသင်္ချေတွေကြား
ကြေးစားတစ်ယောက်လို
ကြိုးဝိုင်းထဲ သတ်ပုတ်နေဆဲပါ။


နောက်တစ်ခုက ကျွန်တော်ရဲ့ သိဟ်ရာသီဖွား ကိုယ်ပွားလေးပါ။သူ့ကို ကျွန်တော်အတွက် ခရီးသွားဖော်အဖြစ် ပါရမီဖြည့်ဘက်က သိဟ်ရာသီခရီးသွား လက်ဆောင်အဖြစ်ပေးခဲ့တာပါ။အခုဆို ကျွန်တော်ရဲ့ခရီးဖော်လေးက နှစ်ဝါကာလကို ရောက်ရှိသွားပါပြီ။တစ်ယောက်ထဲ ခြောက်ကပ်စွာ ခရီးနှင်နေရတဲ့ ကာလတွေထဲက လွတ်မြောက်သွားပြီး ခရီးဖော်အစုံနဲ့ ကျွန်တော်ရဲ့ သိဟ်ရာသီခရီးသွားခြင်းက ပြည်ဝခြင်းအဓိပ္ပါယ်သို့ ရောက်ရှိနေသော "သိဟ်ရာသီရီဗောလူးရှင်း"(Leo Revolution) ဖြစ်ပါတော့သည်။

ဒီလိုအကြောင်းတရားတွေ
ပြည့်နှက်နေတဲ့ "သိဟ်ရာသီဖွား"ပေါ့
သူဟာလေ အားမာန်တွေ အပြည့်နဲ့
ခရီးတွေ နှင်နေဆဲပါလေ။


ဒီရာသီလေးဟာ ကျွန်တော်ကို နွေးထွေးမှု အပြည့်အဝနဲ့စောင့်ကြိုနေဆဲပါ။
ဆက်လက်ခရီးဆက်ဖို့ကိုပေါ့။နောက်ပြီး ကျွန်တော်သိတဲ့ ဘလောခ်ရေးသူတွေထဲမှ သိဟ်ရာသီရဲ့နောက်ထပ်ခရီးသည် ညီလေးတစ်ယောက် မွေးနေ့လေးပါ။ သူ့မွေးနေ့လေးအတွက် ဒီပိုစ့်မှာရေးထားတဲ့ကဗျာလေးက သူ့အတွက်မွေးနေ့လက်ဆောင်ပါ။ဒီကဗျာနဲ့အတူ ကျွန်တော်သိပြီးသော၊ မသိသေးသော၊ နောင်သိလာတော့မည့် သိဟ်ရာသီဖွားသူတွေ အားလုံးကို ပျော်ရွှင်သော "သိဟ်ရာသီ ခရီးသွား"တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။နောက်ပြီးကျွန်တော်နဲ့ ရက်တူလတူသော အဆိုတော် မက်ဒေါနားရဲ့ အေးခဲမှု (Frozen)ကိုနားထောင်ရင်းနဲ့ သိဟ်ရာသီထရိုင်မန်ရှင်းလေး (Leo Trimension)ရဲ့ ဇာတ်သိမ်းလေးရဲ့ နှုတ်ဆက်မှု နိဂုံးလေးကတော့................................။


သိဟ်ရာသီအော်တီမေးရှင်း(Leo Ultimation)


သူ့မှော်အတတ်နဲ့ ဖန်ဆင်းပြခဲ့တဲ့ သူရဲ့စာလေးတွေ၊ကဗျာလေးတွေကိုဖတ်ပြီး သူကို လေးစားအားကျနေခဲ့တာ။နောက်ပြီး "သိဟ်ရာသီ ၀တ်ရုံ" ကဗျာကို အသက်သွင်းသွားသူကတော့ အကို"တာရာမင်းဝေ"ပါ။ သြဂတ်စ်မိုးစက်လေးတွေနဲ့အတူ အကိုကောင်းကင်ပေါ်မှာ အားလူးသွားစားနေတာ "နှစ်"နှစ်ပြည့်ကို သူ့ကို ချစ်ခင်လေးစားကြသူအားလုံးက တခမ်းတနား ကဗျာတွေဖွဲ့ စာတွေသီပြီးရေးသား ဂုဏ်ပြုခဲ့တာကို "ဒီနေရာလေးမှာ" တွေ့ရတော့ ကျွန်တော်လည်း သူများတွေလို အဖွဲ့အနွဲ့ မကောင်းတော့ နှုတ်တရာစာတလုံးဆိုသကဲ့သို့ ဒီလိုစာတိုလေးနဲ့ပဲ အကိုကို သတိတရ လွမ်းလိုက်ရပါတယ်။အကိုရဲ့ကဗျာလေးကို မြတ်နိုးစွာ ကျွန်တော်ရဲ့ ဘလော့ခ်နံရံပေါ် အပ်ခွင့်ပြုပါ အကို။


သိဟ်ရာသီ ၀တ်ရုံ

အငုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
'မုန်းတယ်'
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိတိုင်အောင် အိမ်ထရံမှီပြီး
ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ
ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ ရထားဟာ
လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ
ကြာပြီ။ ။


ဆက်လက်ကြိုးစားပါဦးမည်။


Psး ကျွန်တော် လက်တလောသိသော သိဟ်ရာသီမွေးလရှင်များ-"မနှင်းနဲ့မာယာ",''အမကေ","ညီမမေဇင်","ညီမနွေးနေခြည်","သူငယ်ချင်းသီဟသစ်","ညီလေးဧရာဝတီသား"

အခုတလော နှင့် အခေါတလု

ခုတလော

တွေးနေမိတာက
“ပစ္စုပ္ပန်” တည့်တည့်ကိုလေ။ “အတိတ်” ကိုလဲမတွေးမိဘူး၊ “အနာဂတ်” ကိုလည်းမငေးမိဘူး။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လတ်တလောမှာ ဘယ်လောက်လူသားဆန်ဆန် နေထိုင်နေသလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေသမျှ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့် - “အာရောဂျ-ပရမာလာဘာ”ပါပဲ။
မူရင်းပါဠိစကားလို့ ဆရာရွှေလမ်းငွေလမ်းဦးဝင်းကြည်က ဆိုထားတာပါ။လေ့လာချင်သူတွေအတွက် “ဒီမှာ”ပါ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
အိပ်ရာဘေးထားဖတ်နေတာတွေက
• ဆရာသိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ(၁၉၆၆)
မြေလှန်တူးဖော်ထားသော စာရေးဆရာကြီးတွေ အကြောင်း-
• ဆရာဇဝန၏ ဇဝန
• ဆရာသော်တာဆွေ၏ ကျွန်တော်ဘဝဇာတ်ကြောင်း ၁-၂
(၃-၄က ညီလေးတစ်ယောက်ကိုရှာခိုင်းထားလို့ ဆက်မဖတ်ရသေးဘူး။ရှိသေးမရှိသေးတော့မသိ)
နောက်ပြီး
• ကိုမြင့်မိုးအောင်၏ “အမဲလိုက်အက”ကဗျာစာအုပ်
ဒါတွေကို အားလုံးဖတ်တော့ ပြီးသွားပြီ နောက်တခေါက်စီ ပြန်နွေးနေတာ။

ရောက်နေဖြစ်တာက
အွန်လိုင်းပေါ်မှ စာအုပ်တွေ၊ဘလောခ်မောင်နှမတွေဆီ

ရေးဖြစ်နေတာက
ခေါင်းစဉ်မဲ့ ကဗျာတွေ

နားထောင်ဖြစ်နေတာက
ကိုငှက်ရဲ့ “မဆုံးတဲ့သီချင်း”၊ ဦးထီးဆိုင်သီချင်းကို ကိုငှက်ပြန်ဆိုထားတဲ့ “နောက်ဆုံးသီချင်း”(ဒီသီချင်းနှစ်ပုဒ်ရဲ့နောက်ကွယ်က ထပ်တူကျနေတဲ့ အချိုးလေးရှိနေလို့ပါ။ဒီအကြောင်းရာဇဝင်ကိုပြောပြတဲ့ သူငယ်ချင်း ညိမ့်စက်အိမ်နဲ့ အချိုးကျခံစားမှုပါ။)
နောက် ကိုလေးဖြူရဲ့ “အဝါရောင်ကိုက်ခဲမှု” နှင့် Breaking Benjamin ရဲ့ “So Cold” သံစဉ်တွေ ဘယ်လိုအချိုးတွေကျသလဲဆိုတာ………။

ရွတ်နေမိတဲ့ကဗျာက
ငါဖျင်းရင်ငါဆင်းရဲမယ်၊ ငါပျင်းရင် ငါဆင်းရဲမယ်။

ဖြစ်ချင်နေတာက
လူသားဆန်သော လူသားတစ်ဦး

စားဖြစ်နေတတ်တာက
ထမင်း နှင့် ဟင်း

သနားနေမိတာက
ကိုယ်စိတ်ကို ကိုယ် (ပျော်ရာမှာမနေ၊ တော်ရာမှာနေရလို့)

လွမ်းနေမိတာက
အမေ့ကိုသာထာဝစဉ်

မေ့လျော့ပစ်နေမိတာက
ရင်ဆိုင်ခဲ့ရဖူးသော ဆင်းရဲဒုက္ခတွေ

ခါးသက်နေမိတာက
ကိုကြီးအငဲဆိုတဲ့ ဘဝဟာ ခါး…ခါး……ဘဝဟာခါးသီးတယ်ဟေ့။

တမ်းတနေမိတာက
ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ

ကြိတ်ပြီးချီးကျူးနေမိတာက
အောင်မြင်နေသူတွေအားလုံးနှင့် အာဇာနည်သူရဲကောင်းကြီးများ

ကြိတ်ပြီးအထင်သေးနေမိတာက
ထောင့်ကျဉ်းတွေနဲ့ ဘယ်တော့မှ မကြည့်တတ်သေးဘူး။

ဆန္ဒမရှိတဲ့နေရာ
စာမဖတ်ရတဲ့နေရာလေ

ဆန္ဒရှိနေတဲ့ကိစ္စ
အမေ့ရဲ့ မြေမှ
ရွှေတိဂုံကို တ၀ကြီးဖူးချင်တယ်ဗျာ

မုန်းတီးနေမိတာက
တစ်ဘဝစာကြည့်သူများ………..လို့ ရှိခဲ့ဖူးပေမယ့်လဲ မေတ္တာထားဖို့ ကြိုးစားနေတယ်။

ချစ်နေတာက
အတ္တာဟိ အတ္တနောနာထော=မိမိကိုယ်သာ ကိုးကွယ်ရာ (ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်မြတ်အတိုင်း ကျင့်နိုင်ရန် ကြိုးစားနေမိပါ၏။)

စိတ်ပျက်နေမိတာက
ကိုယ်ကိုယ်ကလွဲ အခြားမရှိ၊

စွဲလန်းနေမိတာက
ငြိမ်းသက်အေးချမ်းမှုလေးပါ။ (ဘုရားကျောင်းကန်တွေမှာရှိတဲ့ အေးငြိမ်းမှုသဘောပါ)

လိုအပ်နေတာက
လိုတာမှမရရင်၊ ရတာလဲ မလိုဖြစ်မိမှာပဲ။ဘာဖြစ်ဖြစ် လက်တလော တင်းတိမ်ရောင်ရဲမှု ရှိအောင်တော့ ဆင်ခြင်ရမှာပေါ့။

တောင်းနေမိတဲ့ဆု
တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
နေပါရစေ။

ထပ်ပြန်တလဲလဲပြောနေမိတာက
စာဖတ်တွေပဲ ချင်နေတာကို တက်တဲ့ညီမဇော်ကို ကျေးဇူးပါ။ဒီအကြောင်းအရာရဲ့ ကနဦးတွေးမိသူကိုလဲ ကျေးဇူးပါ။ကျွန်တော်ရေးချင်သမျှ လာလာဖတ်ပေးကြသော သူငယ်ချင်းမိတ်တွေ အပေါင်းကိုလဲ ကျေးဇူးပါ။အားပေးကူညီ အကြံကောင်းလေးများပေးနေသော လက်တွဲဖော်လေး အားလဲကျေးဇူးပါ။

ဝန်ခံချင်တာက
စာရေးသားနေရင်း အမှားတစ်စုံတရာပါသွားပါကလဲ ကျွန်တော်ရဲ့ နားလည်လွဲမှားခြင်း အမှားလေးပါ။


အခုတလောပြုံးနိုင်ကြပါစေ။


ခုတလော၏ အခေါတလု




တွေးနေမိတာက
အကြွေး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ဘာတွေ ဆင်လို့ ဘာတွေခြင်နေတာလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေလို့ မီးလှန့်သံချောင်းတီးဖို့ မီးကင်းတာဝန်ကျနေတာ

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကလေးလက်ရေး

ရောက်နေဖြစ်တာက
လက်ရေးလှလေးကြောင်းမျည်းပေါ်လေ

ရေးဖြစ်နေတာက
အကြွေးစာရင်း

နားထောင်ဖြစ်နေတာက
အလှုခံမဏ္ဍပ်က "လော်သ"ံ

ရွတ်နေမိတဲ့ကဗျာက
"ဥုံ လိုတာမရ၊ရတာမလို၊
ဆောင်ထားရင် အိတ်လေးတယ်၊
ရေစိမ်သောက် ရူးပေါက်၊
လွတ်ပြစ်ရင်အဝေးရောက်တယ်၊
ဂါထာပေးတေးဖြစ်၊
တွေ့ကရာကောက်မစားနဲ့၊
ပေးထားတာရေးကြည့် ပေါက်မည်ဂဏန်း၊
ယုံလွယ်သူသာချမ်းသာမယ်၊
ဇော်ဂျီလေးနဲ့၊နှိပ်ကြည့်စမ်းပါ........အိုင်နဲ့တီ။"

ဖြစ်ချင်နေတာက
ငမျောက်ငခြောက်.........မဆိုဘူး။

စားဖြစ်နေတတ်တာက
ကြက်သားနီချက်နဲ့ ကြက်ဟင်းခါးသီးကြော်

သနားနေမိတာက
ဘီဂိတ် (ငါလို Facebookမှာတောင်ကြာကြာမနေရတဲ့ဘဝ၊ အကြွေးရှင်တွေလိုက်တောင်းလို့နေမှာ)၊

လွမ်းနေမိတာက
ပျောက်သွားတဲ့ အပေါင်စာရွက်

မေ့ပြီးလျော့ပစ်နေမိတာက
ခါးပတ်လေ။ ထမင်းစားခါနီး

ခါးသက်နေမိတာက
ကြောင်လျှာသီးမီးဖုတ်စားပြီး

တမ်းတနေမိတာက
ငါးပိရည် တို့စရာ

ကြိတ်ပြီးချီးကျူးနေမိတာက
သိကြားမင်း(နတ်သမီးလေးတွေ တဘက်လေးငါးရာ)

ကြိတ်ပြီးအထင်သေးနေမိတာက
ပိုးဟပ်တွေအပြည့်နဲ့ အိမ်သာ(ရောက်ဖူးသူသိသည်)

ဆန္ဒမရှိတဲ့နေရာ
ညနေရုံးဆင်းချိန် ဘတ်စ်ကားပေါ်

ဆန္ဒရှိနေတဲ့ကိစ္စ
သန်းကြွယ်သူဌေး ဖြစ်ဖို့ အလားအလာ

မုန်းတီးနေမိတာက
ဂျပိုး

ချစ်နေတာက
သစ်သားမီးခြစ်

စိတ်ပျက်နေမိတာက
ပြင်မရတဲ့ ဆိတ်အရုပ်ပျက်ကလေး

စွဲလန်းနေမိတာက
ကော်ဖီစွဲပြီး အိပ်မရပဲလန်းနေတာ

လိုအပ်နေတာက
ရေတခွက်လောက်၊ အခုတလောပူလွန်းလို့

တောင်းနေမိတဲ့ဆု
အကြွေးရှင်တွေ အတိတ်မေ့တဲ့နေ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငွေ.....ငွေ

ဝင်ခံချင်တာက
စပါး(spa)မှာ ဝင်ပြီးအနှိပ်ခံတာ



အားလုံးပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။



Thursday, August 6, 2009

Watercolour

ဝါတာကာလာများ

အသက်ရှင်မှုအတွက်
ဘဝဆိုတာ............
အနှစ်သာရတစ်ခုလား။
ရှင်သန်ခြင်းတစ်ခုလား။
အာဟာရတစ်ခုလား။
ဖန်ဆင်းခြင်းတစ်ခုလား။

မြေကြီးပေါ်ရပ်တည်ဖို့အတွက်တော့
အရှိတွေထဲက အသိ
တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
သမားရိုးကျ ကမ္ဘာကြီးဆိုရင်ကော....?
ရောင်စုံပန်းချီကားချပ်တစ်ခုပေါ့။

ခေါက်ရိုးကျိုးအချစ်ကို
ရိပ်သိမ်းပြီးခါစမှာ
တစ်စုံတစ်ယောက်က
အပ်နှင်းလာတာခံရရင်ကော......?
ပိရိမစ်တွေထဲက သက်ရှိမာမီများလိုပေါ့။

ကောင်းကင်ရဲ့မျက်ရည်တွေ
မဟာပထဝီကြီးအတွက် အာဟာရဖြစ်မယ်ဆို
မနုဿလူသားတွေ ရှင်သန်ဖို့
ဂန္တဝင်မြောက်အချစ်ရဲ့ ရသကော....?
သာတူညီမျှတဲ့ အရိပ်အာဝါသဖြစ်မှာပေါ့။

ဗလာနတ္ထိနဲ့ ဘာကိုမှ
မရနိုင်တော့ဘူး ဆိုရင်ကော?

တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
အမှောင်ကွယ်ရာချောင်တချောင်မှာ
တိုးတိုးလေးနဲ့ ငုပ်လျှိုးပြောက်ကွယ်သွားတော့မယ်။

ချမ်းဧအိမ်

Monday, August 3, 2009

မောင်ရေချမ်း၏ အတွေးပုံရိပ်


"ဘော် ဘူ....... ဘော်ဘူ"

ရန်ကုန်ဘူတာကြီး ရထားစင်္ကြန်မှာ တနေကုန် အလုပ်ပင်ပန်း၍ ခြေကုန်လက်ပန်းကျစွာ ထိုင်နေရင်း မိမိ၏ ဘဝအခြေအနေကို တောင်တွေးမြောက်တွေးဖြစ်နေသော မောင်ရေချမ်းတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားသော ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၏ အသံကိုကြားရင်း ရထားလာနေပြီဟူသော အသိစိတ်ကလေးဖြင့် ထိုင်နေရာမှ လေးလံစွာထလိုက်သည်။ ဘူတာကြီးမှာလဲ ရုံးဆင်းချိန်ညနေစောင်းဖြစ်သဖြင့် အိမ်ပြန်ရန် ရထားစောင့်နေကြသူများဖြင့် ရှုပ်ထွေးပြည့်နှက်နေလေသည်။

"အဲ အခုမှ သတိရတယ်။ရထားလက်မှတ်မဝယ်ရသေးပါလား။"
"အကြွေရှာဦးမှပဲ"
ရောက်စက ရထားမလာသေးသဖြင့် အချိန်အတော်ရသေးသောကြောင့် ရထားလက်မှတ် မဝယ်မိတာ အခုတော့ ရေချမ်းတစ်ယောက် ရထားလက်မှတ်ဝယ်ရန် ဗျာများနေလေသည်။ အကြွေရှိလိုရှိငြား အင်္ကျီအိတ်ကပ်ထဲရော လက်ဆွဲအိတ်ထဲမှာရော အကုန်လျှောက်ရှာနေရပြီ။ နဂိုကမှ အကြွေ ကြိုတင်မဆောင်ထားသောကြောင့် ယခုလို အရေးအကြောင်း ပေါ်လာတော့ အကြွေကလဲ အတော်နှင့်ရှာမရ။ကံကောင်းထောက်မ၍ လက်ဆွဲအိတ်ရဲ့ဘေးအိတ်ထဲမှ အကြွေ ၅၀တန်တစ်ရွက် ရလိုက်လို့ တော်သေးသည်။ဒီလို ညနေရုံးဆင်းချိန်တွင် လက်မှတ်သွားဝယ်လျှင် အကြွေမပေးပါက အတော်နှင့် အကြွေပြန်မရတတ်ဘူးလို့ ရထားစီးဖူးနေကြသော အသိတစ်ယောက်က ပြောပြထား၍ ရေချမ်းမှာ အခုလို ငွေအကြွေကို အသည်းအသန် ရှာနေရခြင်းဖြစ်သည်။အရင်က ရုံးဆင်းရင် လိုင်းကားကိုပဲ မရမက တိုးကြိတ်ပြီးစီးနေကြသော ရေချမ်းမှာ အခုတော့ အိမ်ရှင်သက်ထားရဲ့ အကြံပေးစကားကြောင့် ဒီကနေ့ ရုံးအဆင်းတွင် ရထားစီးပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လက်မှတ်ကလဲ အရင်စောမဝယ်ထားခြင်းကြောင့် ရထားမထွက်ခင်းမှီရန် ကသုတ်ကရုတ် အပြေးအလွှား သွားဝယ်ရပြန်သည်။ရေချမ်းလဲ ရုံးဆင်းချိန်ဖြစ်၍ ရန်ကုန် တိုးကြောင်ကလေး ရထားပေါ်သို့ လူအများနှင့် တိုးဝှေ့တက်ရင်း ရထားပေါ် မည်သိုမည်ပုံ ရောက်မှန်းမသိ ရောက်သွားသည်။
"ရထားစီးရင် လေကောင်းလေသန့်လဲရ။ကားလိုလဲမဟုတ် ချောင်ချောင်ချိချိလဲစီးရတယ်။ဒီတခါ ရထားပြောင်းစီးကြည့်ပါလား"
ဟုဆိုသော ဇနီးအေးမြရဲ့ စကားသံကို ကြားယောင်ရင်း -
"အခုလိုအခြေနေဆိုရင် ရထားစီးရတာလဲ ကားလိုပါပဲ။ဘာမှမထူးဘူး။အတူတူပဲ။ ဒီအေးမြ သူဘယ်အချိန်းစီးခဲ့တဲ့ ရထားကိုပြောတာလဲမသိဘူး။"
ဟု တစ်ကိုယ်ထဲ တိုးတိုးလေးရေရွတ်ရင်း အိမ်မှဇနီးသည် အေးမြကို အပြစ်တင်လိုက်မိသည်။

ရထားပေါ်မှာလဲ ကိုယ်ထက် ရထားစီးဝါရင့်နေတဲ့ ပတ်စီးကြသူ အပြည့်နဲမို့ ထိုင်ခုံနေရာရရန်လဲ မလွယ်ပေ။ရေချမ်းလဲ ကိုယ်ရဲ့လက်စွဲအိတ်ကလေးကို ရင်ဘတ်ထဲ ပိုက်ရင်း ရထားနံရံကိုကပ်မှီရင်း မတ်တပ်ရပ် လိုက်ပါလာရသည်။ ရေချမ်းမှာ ရုံးကလဲ ဒီကနေ့ လချုပ်စာရင်းတွေ မပြီးပြီးအောင် လုပ်ခဲ့ရတာမို့ လူမှာလဲ အတော်ပင်ပန်းနေသောကြောင့် ခဏခဏ မျက်စိလေးမိုက်ခနဲ မှေးသွားရတယ်။အိပ်လိုတော့မဖြစ် ဒီလိုရထားစီး၊ကားစီးနေချိန်ဆိုရင် အရာရာသတိနဲ့ စီးမှ။ မဟုတ်လိုကတော့ ကိုရွှေခါးတွေက နဲနဲလေးအခွင့်မရနဲ့ ပါလာသမျှ ပြောင်အောင်သမရော။ ရေချမ်းလဲ ကြုံဘူးတော့မှ သတိရှိသွားတာ။

ရေချမ်းလဲ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင်း ဇိမ်လေးနဲ့ ရထားစီးလာရင်း ပုဇွန်တောင်အကျော် မလွှကုန်းဘူတာအရောက် -
"လက်မှတ်လေးတွေ ပြပါခင်ဗျာ။လက်မှတ်လေးတွေ"
ဟူသောရထားလက်မှတ်စစ်ရဲ့ အသံကိုကြားလိုက်ရင်း ဝယ်ထားတဲ့ လက်မှတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်သည်။ခဏကြာတော့-
"ဟာခင်ဗျား လက်မှတ်မပြနိုင်ရင် ဒဏ်ငွေဆောင်ရမယ်။ဒါပဲ "
"မဟုတ်ပါဘူးဆရာရယ်။ကျွန်တော်လက်မှတ်ဝယ်စီးမလို့ပါ။အိမ်က မကျန်းမာနေတဲ့ အမေအတွက် ဆေးလာဝယ်ရင်း
မြို့ထဲမှာ ကျွန်တော့်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ပါ ဆရာရယ်။လက်မှတ်ဝယ်ဖို့ ပိုက်ဆံကလဲမရှိတော့ သူများတွေဆီအကူအညီတောင်းတာကလဲမရ၊ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တဲ့ ကျွန်တော့်အမေအိုကြီးကလဲ ကျွန်တော်ပြန်မလာရင် မျော်နေမှာပဲလို့တွေးရင်း စဉ်းစားမရတာနဲ့ ထွက်ခါနီး ရထားပေါ် တက်လိုက်လာရတာပါ ဆရာရယ်။ ကျွန်တော်တောင်းပန်ပါတယ်။နောင်ဒီလိုမဖြစ်စေရပါဘူး။"
"မင်းတို့က ဒီလိုပြောတိုင်းရမလားကွ။ငါတို့မှာလဲ တာဝန်ဆိုတာရှိတယ်ကွ။ မရဘူးကွာ။ ဒါအလုပ်လုပ်နေတာကွ။မင်းမပေးနိုင်ရင် ငါနဲ့ရုံးလိုက်ခဲ့။"
လူအများကတော့ ဒီလူနှစ်ယောက်ဖြစ်ပုံကို ကြည့်ရင်းသနားစရာအမူအရာနှင့် တောင်းပန်နေသော ကောင်ကလေးအပေါ် ဂရုဏာသက်သောအကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။
ရေချမ်းတစ်ယောက် လက်မှတ်စစ်နှင့် လူငယ်လေးတို့ရဲ အကြိတ်အနယ်ပြောနေသံများကိုကြားရင်း ဘာဖြစ်နေတာပါလိမ့်ဟု လှမ်းကြည့်လိုက်တော့ တောင်းပန်နေသောကောင်လေးမှာ ရေချမ်းနှင့် တစ်ရပ်ကွပ်ထဲနေသော ကောင်လေးဖြစ်နေသည်။ရေချမ်း ထိုကောင်လေးကိုတော့ မရင်းနှီးပေမယ့် သူ့အကြောင်းကို ကောင်းကောင်းသိနေသည်။ရပ်ကွက်ထဲ အလုပ်ကိုမယ်မယ်ရရမလုပ်၊ လစ်ရင်လစ်သလို သူများပစ္စည်းများကိုလည်း အချောင်ယူတတ်သေးသည်။ အကျင့်ကလဲမကောင်းဟု ရပ်ကွက်ထဲမှာတော့ သူမကောင်းကြောင်း ပြောသူများကြသည်။ သူမှာတော့ သနားစရာကောင်းသော မကျန်းမာသည့် အမေအိုကြီးကတော့ တကယ်ရှိသည်။ အခုလောလောဆည် သူလိမ်နေသလား၊ဘာလားဆိုတာ အပထား ဒီကောင်လေးနှင့် ရထားစစ်သူတို့၏ လက်တလော အချင်းများခြင်းကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ ရေချမ်းစဉ်းစားနေမိသည်။ကောင်လေးကို ကြည့်တော့လဲ တကယ့်ကို ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရသည်ပုံမျိုး တောင်းပန်နေတာ။ခက်တာက ဒီလောကကြီးမှာကလဲ ရုပ်ရည်သနားကမားနှင့် လိမ်ညာနေကြသူများကလည်း တပုံကြီးပင်။လက်မှတ်စစ်ကြီးကလဲ သူတာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ချင်နေသည်ပုံ။ဘာပဲဖြစ်ဖြစ် လူတစ်ယောက် မိမိရှေ့ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်မနေနိုင်သော ရေချမ်း၏ပင်ကိုစိတ်ရင်းကြောင့်
"'ဒီမှာခင်ဗျား။ဒီလိုလုပ်လိုမရဘူးလားဆရာရယ်။ဒီညီလေးရဲ့ကျသင့်တဲ့ဒဏ်ကြေးငွေကို ကျွန်တော်ပေးပါ့မယ်။အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါဆရာရယ်။"
"ဒီလိုဆိုရင်တော့ ရပါတယ်ဗျာ။ဒီမယ်ကောင်လေး နောင်တခါဆိုရင် ဒီလိုမဖြစ်စေနဲ့။ဒီက ဆရာကြီးက ကူညီလို့ပေါ့ကွာ။မဟုတ်ရင် မင်းတော့ တရားဥပဒေနဲ့ ရင်ဆိုင်ရတော့မှာပဲ။"
လူငယ်ကလေးကလဲ ရေချမ်းကို ကယ်တင်ရှင်တစ်ယောက်အလား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်နေသည်။ရေချမ်းကလဲ ရပါတယ်ဆိုသော အကြည့်ဖြင့် ကောင်လေးအား နှစ်သိမ့်ရင်း မူလနေရာကို ပြန်သွားရပ်ရင်း ရထားပြတင်းပေါက်ဆီမှ တိုးဝင်လာသော လေများကိုရှုရင်း ရေချမ်းတစ်ယောက် ရောက်တတ်ရာရာ အတွေးနယ်ချဲ့နေတော့သည်။

သြော်...လောကမှာ တာဝန်သိသူ တစ်ယောက်ဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါလား။ဒီလူငယ်လေး တာဝန်သိစွာ လက်မှတ်ဝယ်ခဲ့ရင် ထိုသို့သောအကြောင်းများ ဖြစ်လာမည်မဟုတ်။လူအများကလည်း မိမိတို့နေစဉ်သွားလာနေသော ရထားကို လက်မှတ်ဝယ်စီးနေရုံသာမက သန့်သန့်ရှင်းရှင်း စီးပါကလည်း တာဝန်သိသည့် ပြည်သူပြည်သားများ ဖြစ်ကြမည်မှာအမှန်ပင်။ရထားပေါ်မှ ခရီးသည်များကို လိုက်တောင်းနေကြသော ကလေးငယ်များကို ကြည့်ရင်း တာဝန်မဲ့ မိဘတွေရဲ့ဝမ်းမှာ လူဖြစ်လာသော သူတိုလေးတွေရဲ့ ဘဝ၊အနာဂတ်တွေဟာလည်း ကြမ်းတမ်းလှပါလား။မွေးရုံသာမွေးတတ်ကြပြီး ကျွေးချိန်အရွယ်ရောက်လာသောအခါ သားသမီးများကို မိဘတို့၏ တာဝန်အရ စာသင်ပေးရမည့် အရွယ်လေးတွေကို စာမသင်ခိုင်းပဲ တောင်းရမ်းခိုင်းစားနေကြတော့ ဒီကလေးတွေ၏အသိမှာ လွယ်လွယ်ကူကူ တောင်းစားချင်တဲ့ စိတ်တွေပဲ တသက်လုံးရှိသွားတော့မှာလေ။အရွယ်ရောက်လာတော့ တောင်းမရရင် ခါးပိုက်နှိုက်မယ်၊ နှိုက်မရရင် ခိုးမယ်၊ ဒီထက်သာရင် ဓားပြတိုက်မယ်။သူတိုလေးတွေရဲ ဘဝမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားအကျင့်လေးတွေ တတ်သွားရော။ဒီလိုတွေ ဖြစ်မလာဖို့ဆိုတာ သူတို့တွေကိုမွေးကြတဲ့ သူတို့မိဘတွေရဲ့ တာဝန်ပဲလေ။

တချို့မိဘတွေကြတော့လဲ သားသမီးတွေကို အသက်ပေး၍ ချစ်ကြသလို၊ တာဝန်သိတတ်သော မိဘတွေကလဲ အများကြီးပါ။မိဘတွေက တာဝန်ကျေကြသော်လည်း သားသမီးများကလည်း အရွယ်ရောက်လာတော့ အိမ်ထောင်ရက်သားတွေကြ၊ တစ်အိုးတစ်အိမ်ထူထောင်ကြ မိမိတို့အပေါ် တာဝန်ကျေခဲ့သောကိုယ်ရဲ့ မိဘတွေကိုမေ့ပြီး သားသမီးတာဝန် မကျေပွန်ကြသူကလည်းအများပေ။
မိဘတွေက သားသမီးတွေအပေါ် အမျှော်လင့်ဆုံးက မိမိတို့သားသမီးများ၏ သိတတ်မှုပါ။ သားသမီးတွေကလည်း သူတို့မိဘတွေဆီက အမျှော်လင့်ဆုံးက မိဘမေတ္တာနှင့် တာဝန်သိမှုပါပဲ။အပေးအယူဆိုတာ နေရာတိုင်းမှာ ရှိကြပေသည်။မိဘတွေဆီမှ ကောင်းစွာထိန်းသိမ်း စောင့်ရှောက်မှု မရှိခဲ့ပဲ သားသမီးတွေဆီမှ ကောင်းသောသိတတ်နားလည်မှု မမျှော်လင့်သင့်ပေ။အပင်တစ်ပင်ကို ကောင်းမွန်စွာ ရေလောင်းပေါင်းသင် ဓာတ်မြေသြဇာမကျွေးပဲ ထိုအပင်မှ အသီးကောင်းစားချင်၍မရပေ။ထို့အတူပဲ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ လင်နှင့်မယား အားလုံးတို့မှာလဲ သူအပိုင်းနှင့်သူ တာဝန်ကိုယ်စီရှိကြသည်။တစ်ဦးအပေါ် တစ်ဦးအပြန်အလှန်မေတ္တာထားမှ ကြည့်မှန်ကဲ့သို့ပင် အသွားအပြန်မေတ္တာရှိပေမည်။

ပထမအရွယ်တွင်ကောင်းစွာ ပညာမရှာခဲ့ပါက ဒုတိယအရွယ်တွင် မည်သို့ ဥစ္စာရှာနိုင်အံ့။ ဒုတိယအရွယ်တွင် ကောင်းစွာ ဥစ္စာမရှာခဲ့ပါက တတိယအရွယ်တွင် မည်သို့ ကုသိုလ်ရှာနိုင်အံ့။
ဟူ၍ လောကနီတိတွင် ဆိုထားပေသည်။အရွယ်သုံးပါးစလုံး ထမ်းဆောင်ရမည့် လူသားတို့၏ တာဝန်ဖြစ်ပါသည်။ရေချမ်းလဲ မိုးလင်းမိုးချုပ် အလုပ်တာဝန်များထမ်းဆောင်ရင်း ဒုတိယအရွယ်ရဲ့ တာဝန်တွေကို ကြေပွန်စွာထမ်းဆောင်ရမည်ဟု အပြုံးများဖြင့်တွေးကာ စဉ်းစားနေသည်။

မီးအလင်းရောင်များလဲ အနည်းငယ်မြင်နေရပြီး ရထားအရှိန်လဲတဖြေးဖြေးလျော့လာသည်ကို သတိပြုမိရင်း ရေချမ်းတစ်ယောက်လဲ မိမိ၏အတွေးကမ္ဘာလေးကနေ ထွက်ခွာလိုက်သည်။ ရထားပေါ်မှာလဲ ထွက်လာခါစကကဲ့သို လူတွေမများတော့ပေ။ရေချမ်းလဲ အပြင်ကိုလှမ်းကြည့်လိုက်တော့ ဒဂုံတောင်မြောက်လမ်းဆုံကို ရောက်နေပြီ တိုးကြောင်လေးဘူတာလဲ ရောက်ခါနီးနေပြီး လက်တွင်ဆွဲထားသောအိတ်ထဲ အိမ်အတွက်ဝယ်လာသော သားကြီးအတွက် ဗလာစာအုပ်နှင့် ခဲတံ၊ အငယ်လေးအတွက် ဘီစကွတ်ထုပ်၊ ဇနီးအေးမြအတွက် ကော်ဖီမှုန့် စတဲ့ အေးမြမနေ့ကမှာထားသော ပစ္စည်းများ စုံလင်မလင်ကြည့်ရင်း တိုးကြောင်လေးဘူတာတွင် ရေချမ်းစီးလာသောရထားကြီးသည် မိမိ၏တာဝန်ပြီးဆုံးသွားသဖြင့် ရပ်နားလိုက်ပေသည်။ ရေချမ်းလည်း ရထားပေါ်ကဆင်းလာပြီး အိမ်ဖြင့်ဘူတာက အတော်လေးလှမ်းသေးသဖြင့် ဆိုက်ကားစီးရန် ဆိုက်ကားဂိတ်သို့ ခပ်သွက်သွက်ကလေးဦးတည်လိုက်သည်။
"လှိုင်ထိပ်ခေါင်တင်လမ်းပို့ပေးပါဗျာ"ဟု ဆိုက်ကားဆရာကို ပြောပြီး တနေ့တာအိမ်အလုပ်များကို သိမ်းကြုံးလုပ်ရင်း သားနှစ်ယောက်နှင့်အတူ ညစာအတူတကွစားရန် ရေချမ်းကို မျှော်နေကြသော အေးမြနှင့် ကလေးတွေကိုတွေးရင်း ရေချမ်းတစ်ယောက် တနေ့တာအမောများပျောက်ကာ ပြုံးနေမိတော့သည်။

ဆက်လက်ကြိုးစားပါဦးမည်။


Related Posts Plugin for WordPress, Blogger...