ကျောင်းသားသပိတ်တိုက်ပွဲ သုံးသပ်ချက်
ဖိနှိပ်မှုမျိုးစုံရှိနေသေးတဲ့
 ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂမြေပေါ်မှာ ဝင်ရောက် ဆန္ဒပြခဲ့၊ 
ဗိုလ်အောင်ကျော်ကျောက်တိုင်ကို အလေးပြုခဲ့၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး
 အုတ်ဂူကို အလေးပြုခဲ့၊ ရွှေတိဂုံပေါ်က သပိတ်မှောက်ကျောင်းသားတွေကို 
အလေးပြုနိုင်ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ကျောင်းသားတွေရဲ့ သပိတ်လှုပ်ရှားမှုကို
 ဂုဏ်ယူလေးစားမိပါတယ်။ ဒါဟာ အောင်ပွဲပါပဲ။ ဗကသရဲ့ အင်အား၊ ဗကသရဲ့ သတ္တိ၊ ဗကသရဲ့ စိတ်ဓါတ်ကို ကောင်းကောင်းပြသ နိုင်ခဲ့တဲ့ အောင်ပွဲတခုပါပဲ။
 အခုဖြစ်ပွားခဲ့တဲ့ ကျောင်းသားသပိတ်ဟာ ဦးသိန်းစိန်လက်ထက်ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအနက်မှာ အလွန်ထူးခြားတဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်။
 အခုကျောင်းသားလှုပ်ရှားမှုမှာ ထူးခြားချက်နှစ်ခုတွေ့ရတယ်။ ပြောင်မြောက်တဲ့သတ္တိနဲ့ နိုင်ငံရေးရင့်ကျက်မှု။
 ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှုဟာထူးခြားတယ်။ တခြားနိုင်ငံကျောင်းသားလှုပ်ရှားမှုတွေနဲ့မတူဘဲ
 ဗမာ့လက္ခဏာဆောင်တဲ့ သီးခြားထူးခြားမှုရှိတယ်။ အဲဒါကတော့ 
တိုင်းပြည်တပြည်လုံးရဲ့ နိုင်ငံရေးကို အမြဲလိုလို ဦးဆောင်နိုင်တဲ့အချက်ပဲ။
 ဒီတပွဲမှာလည်း အစဉ်အလာမပျက်တဲ့ အဲဒီဂုဏ်ကိုတွေ့ရတယ်။ 
အခုကျောင်းသားလှုပ်ရှားမှုဟာ အများယောင်လို့ယောင်ပြီး 
နောက်ကလိုက်အော်တဲ့လှုပ်ရှားမှုမျိုးမဟုတ်ဘူး။ ဆန္ဒပြတယ်ဆိုတာဒါမျိုး၊ တိုက်ပွဲဆိုတာဒါမျိုးလို့ ပြလိုက်တဲ့ရှေ့ဆောင်လမ်းပြလှုပ်ရှားမှု တရပ်ပဲ။
 အခုသပိတ်နဲ့ အတူဆန္ဒပြတဲ့လုပ်ရပ်လည်း ပူးတွဲပါဝင်တယ်။ ဒါပေမဲ့ ဒီဆန္ဒပြပွဲဟာ
 ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြတာမဟုတ်ဘူး။ ဒါဟာထူးခြားချက်ပဲ။ 
ရှေ့ဆောင်လမ်းပြလုပ်ရပ်လည်း ဖြစ်တယ်။ ဆန္ဒပြတယ်ဆိုတာ ဒါမျိုးကွလို့ 
သင်ပြပေးတာလည်း ဖြစ်တယ်။ ဆန္ဒပြဖို့ခွင့်ပြုချက်တောင်းရင်
 လူဘယ်နှယောက်ပြပါမယ်ဆိုတာ ခွင့်တောင်းရတယ်။ ဘာကြွေးကြော်သံတင်ပါမယ်ဆိုတာ 
ခွင့်တောင်းရတယ်။ ဘာဆိုင်းဘုတ်ထူပါ့မယ်ဆိုတာ ခွင့်တောင်းရတယ်။ 
ဘယ်နေရာမှာပြပါ့မယ်ဆိုတာ ခွင့်တောင်းရတယ်။ ဘယ်သူတွေတာဝန်ယူပါ့မယ်၊ 
မကျေနပ်ရင် ဒီလူတွေကို အရေးယူပါဆိုပြီးစာရင်းတင်ရတယ်။ ဒါတွေဟာ 
ဆန္ဒမပြခင်မှာကတည်းက လွတ်လပ်မှုတွေ စတင်ဆုံးရှုံးကြရတဲ့အချက်တွေဖြစ်တယ်။
 ဒါ့အပြင် ဆန္ဒပြသူတွေကို ရန်သူလို သဘောထားတဲ့ အစိုးရနဲ့ ရဲဆီကို 
ကြိုတင်ပြီး ကိုယ့်ရဲ့သေနင်္ဂဗျူဟာတွေ ၊ ရည်မှန်းချက်တွေကို တင်ပြ 
အစီရင်ခံရတာလည်း ဖြစ်တယ်။ အဲသလို လုပ်ရပ်တွေဟာ အဓိပ္ပါယ်မဲ့တဲ့ 
ချုပ်ချယ်မှုတွေဖြစ်တယ်၊ ကိုယ့်လွတ်လပ်မှုကိုယ် ချုပ်နှောင်ပြီး 
အာဏာပိုင်တွေဆီမှာ အညံ့ခံတာဖြစ်တယ်။ အဲသလိုလုပ်ခြင်းအားဖြင့် 
ကိုယ့်လှုပ်ရှားမှုကို အားနည်းပျော့ညံ့စေတယ်ဆိုတာကို 
အခုလှုပ်ရှားမှုကထောက်ပြရာရောက်တယ်။ အဲသလို ကြိုတင်အစီရင်ခံတာတွေမလုပ်ခဲ့တဲ့အတွက် ဒီလှုပ်ရှားမှုဟာ လွတ်လပ်ပြီး ကျန်းမာသန်စွမ်းမှုအပြည့်ရှိနေတာ၊ တက်ကြွဖျတ်လပ်နေတာကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါဟာတခြားဆန္ဒပြသူတွေ သင်ခန်းစာယူကြရမယ့် အချက်ဖြစ်ပါတယ်။
 ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုဖြစ်တယ်။
 ဘယ်သူ့ကိုမှ ရန်မပြုဘူး။ ဘယ်အဆောက်အဦးကိုမှ မဖျက်ဆီးဘူး။ ဘယ်သူ့ကိုမှ 
မခြိမ်းခြောက်ဘူး။ ဘာလက်နက်မှကိုင်ဆောင်မထားဘူး။ ဘာဥပဒေမှ မချိုးဖောက်ဘူး။ 
ဒါပေမဲ့ ဥပဒေမှန်သမျှလိုက်နာပါ့မယ်၊ စည်းကမ်းမှန်သမျှ လိုက်နာပါ့မယ်၊ 
ထုတ်ချင်တဲ့ စည်းကမ်းထုတ်ပါ လိုက်နာဖို့အသင့်ပါ ဆိုတဲ့ 
အညံ့ခံစိတ်ဓါတ်မျိုးကို ဒီလှုပ်ရှားမှုမှာ မတွေ့ရဘူး။ 
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းဝင်ရောက်မယ့်အချိန်မှာ
 အဲဒီသဘောထားကို ထင်ထင်ရှားရှား တွေ့ရတယ်။ တက္ကသိုလ်ထဲကို ဝင်ခွင့်ပြုဖို့ 
ကျောင်းသားတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ခွင့်တောင်းတယ်။ 
ကျောင်းသားသမဂ္ဂရင်ပြင်ထဲကိုဝင်ဖို့
 ဗိုလ်အောင်ကျော်ကျောက်တိုင်ကို အလေးပြုဖို့ဆိုတာကို 
ရှင်းရှင်းလင်းလင်းပြောပြတယ်။ အလေးပြုပြီးရင် ပြန်ထွက်မယ် ဆိုတာကိုလည်း 
ရှင်းပြတယ်။ အာဏာပိုင်တွေဘက်က ခွင့်မပြုဘူး။ ကျောင်းသားကို ကျောင်းထဲ 
ဝင်ခွင့်မပေးဘူး။ ဒါဟာမတရားတဲ့ချုပ်ချယ်မှုပဲ။ အဲဒီမတရားမှုကို ကျောင်းသားတွေ
 ဘယ်လိုတုန့်ပြန်ခဲ့သလဲ။ အတားအဆီးကိုကျော်ပြီး ကိုယ်သွားချင်တဲ့နေရာကို 
ရောက်အောင်သွားခဲ့တယ်။ အဖြေဟာ အလွန်ရှင်းလင်း ပြတ်သားပါတယ်။ 
ဒါဟာသတ္တိပြောင်မြောက်မှုကို ပြသခဲ့တာဖြစ်တယ်။ လူငယ်ပီသမှုကို 
ပြသခဲ့တာဖြစ်တယ်။ ဒါတွင်မက အတွေးအခေါ်လွတ်လပ်မှုကို ပြသတာ လည်း ဖြစ်တယ်။ 
ဖိနှိပ်သူပြဋ္ဌာန်းတဲ့ စည်းကမ်းမှန်သမျှ လိုက်နာရမယ်၊ အဲသလို 
လိုက်နာမှဒီမိုကရေစီသမားလို့ အာဏာပိုင်တွေ ရိုက်သွင်းထားတဲ့ 
အတွေးအခေါ်မျိုးတွေ သူတို့ခေါင်းထဲမှာ ကိန်းအောင်းမနေတာကို ဒီလုပ်ရပ်က 
ပြတယ်။
 အခုကျောင်းသားလှုပ်ရှားမှုကို လူထုအဖွဲ့အစည်းအသီးသီးက 
ထောက်ခံမှုပြခဲ့တယ်။ သမဂ္ဂတွေ၊ ကွန်ယက်တွေ၊ လယ်သမား၊ 
အလုပ်သမားအဖွဲ့အစည်းတွေသာမက တိုင်းရင်းသားအဖွဲ့အစည်းတွေ 
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကပါ ထောက်ခံမှုပြသခဲ့ကြတယ်။ 
ဒီအချက်ဟာ ဘာကို ဖော်ပြပါသလဲ။ ကျောင်းသားတွေ ကို ထောက်ခံမှုပြသတာဖြစ်ရုံသာမက
 လက်ရှိနိုင်ငံရေးအခြေအနေကို အဖွဲ့အစည်းအသီးသီး အလွှာအသီးသီးက 
စိတ်ပျက်နေကြပြီဆိုတာကိုပါ ဖော်ပြတာလည်း ဖြစ်တယ်။ ပြတ်သားတဲ့လုပ်ဆောင်ချက်၊
 ရဲဝံ့တဲ့လုပ်ဆောင် ချက်ကို လိုလားနေကြတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်။ 
သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အဖွဲ့ရဲ့လုပ်ရပ်တွေကို 
လူတွေမကြိုက်ကြဘူးဆိုတာ ဖော်ပြတာဖြစ်သလို အတိုက်အခံခေါင်းဆောင်တွေရဲ့ 
မဝံ့မရဲ လုပ်ရပ်၊ မပြတ်မသားလုပ်ရပ်တွေကို ငြီးငွေ့စိတ်ပျက်နေသူတွေ 
တော်တော်များနေပြီဆိုတာကို ဖော်ပြတဲ့ လက္ခဏာတွေလို့လည်း ဆိုချင်တယ်။ 
ဒါဟာဦးသိန်းစိန်ရော၊ အတိုက်အခံခေါင်းဆောင်တွေပါ 
သတိပြုရမယ့်အချက်ဖြစ်ပါတယ်။ ဦးသိန်းစိန်အနေနဲ့ ငါတို့ကို လူတွေ မကြိုက်တာ 
ဘာ့ကြောင့်လဲ။ ငါတို့ဘာတွေ ပြုပြင်သင့်သလဲဆိုတာကို သိပ်နောက်မကျသေးခင်မှာ 
စဉ်းစားဖို့ အခွင့်အရေးရတာလို့ယူဆနိုင်ပါတယ်။
 ဦးသိန်းစိန်အနေနဲ့ ပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်ဖို့အခွင့်အရေးရတဲ့ 
အချိန်ဖြစ်ပါတယ်။ ဦးသိန်းစိန်အနေနဲ့ အခုကျောင်းသား တွေရဲ့ 
လှုပ်ရှားတောင်းဆိုမှုတွေကို မလိုက်လျောရင် ဒီလှုပ်ရှားမှုဟာ 
ကျယ်ပြန့်ကြီးထွားလာလိမ့်မယ်။ လူတန်းစားအလွှာအသီးသီးပါဝင်တဲ့ 
တောင်းဆိုလှုပ်ရှားမှုကြီး ဖြစ်လာလိမ့်မယ်ဆိုတာကို သတိပြုသင့်ပါတယ်။
 မနေ့က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တိုက်ပွဲဗျူဟာ ပြောင်းမယ်ဆိုတဲ့အကြောင်း 
ထွက်လာတယ်။ အစိုးရကိုပေးတဲ့ ရာဇသံနဲ့အတူ ထွက်လာတာပါ။ 
ဒီလိုထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့် မထားခဲ့ဘူး။ ဒါပေမဲ့ဒါဟာ 
အစီအစဉ်ရှိမှုနဲ့၊ နိုင်ငံရေး ရင့်ကျက်မှုကို တစုံတရာဖော်ပြတယ်လို့ ထင်တယ်။ 
နည်းပရိယာယ်ဆိုတာ တသမတ်တည်း သွားဖို့မလိုအပ်ဘူး။ ပုံသေမထားအပ်ဘူး။ 
ပြောင်းသင့်ရင် ပြောင်းရမယ်။ ပြောင်းနိုင်စွမ်း၊ ပြုပြင်နိုင်စွမ်း 
ရှိရမယ်။ flexible ဖြစ်ရမယ်။ ရည်မှန်းချက်ကို တချီတည်းနဲ့အပြတ်ရတဲ့အခါလည်း 
ရှိနိုင်သလို၊ ပြင်ဆင်ပြောင်းလဲရတာ မျိုးလည်း ရှိချင်ရှိနိုင်တယ်။ ဒီလို 
အမြင်မျိုးဟာ တိုက်ပွဲအရှိန်တက်နေချိန်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို 
ရှင်းပြဖို့သိပ်ခက်တယ်။ တိုက်ပွဲ အရှိန်တက်နေချိန်မှာ 
ရှေ့တိုးချင်တဲ့စိတ်ဓါတ်ကသာ အားလုံးကို ဦးဆောင်နေတတ်တယ်။ သေသေကြေကြေ 
အနာခံတိုက်ဖို့သာ စိတ်အားထက်သန်တယ်။ အဲသလို အချိန်မျိုးမှာ 
နည်းပရိယာယ်ပြင်ဆင်ကစားနိုင်တာဟာ
 နိုင်ငံရေးရင့်ကျက်မှုကို ဖော်ပြတာဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းရဲ့ 
နိုင်ငံရေးဦးဆောင်နိုင်မှုကို ဖော်ပြတာဖြစ်သလို၊ စုပေါင်းခေါင်းဆောင်မှု 
ရှိတယ်ဆိုတာကို တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်တွေရဲ့ 
နိုင်ငံရေးဦးဆောင်မှုကို နောက်ကလူတွေက ယုံကြည်လိုက်နာတယ် ဆိုတာဟာလည်း 
အဖွဲ့အစည်းတခုလုံးရဲ့ ရင့်ကျက်မှုကိုပြသတယ်။ ခေါင်းဆောင်မှုကို 
တန်ဖိုးထားတတ်တာ၊ ခေါင်းဆောင်မှုရဲ့ တန်ဖိုးကိုသိတာဟာ အဖွဲ့ဝင်တွေရဲ့ 
ရင့်ကျက်မှု အဖွဲ့အစည်းရဲ့ နိုင်ငံရေးရင့်ကျက်မှုကို ပြသတာဖြစ်တယ်။ 
အများဆုံးဖြတ်ချက်ကို လက်ခံတာ ကွဲလွဲမှုကို လက်ခံတာကလည်း 
နိုင်ငံရေးရင့်ကျက်မှုကို ပြသပါတယ်။
 ဒါပေမဲ့ အခုတိုက်ပွဲဟာ 
ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့တော့ထင်တယ်။ ထဲထဲဝင်ဝင် မသိရတဲ့အတွက် 
အပိုင်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုရှိရင် 
ဒီ့ထက်အားကောင်းလိမ့်မယ်လို့ ယူဆစရာအချက်တချို့ကို တွေ့မြင်ရတယ်။ ဒါ့အပြင် 
အောက်ခြေကျောင်းသားထုပါဝင်မှုအားနည်းတယ်။
 ဗကသရဲ့ စည်းရုံးရေးအင်အားအရဆိုရင် ဆန္ဒပြရာမှာ ပါဝင်တဲ့ 
ကျောင်းသားအရေအတွက်ဟာ ဒီ့ထက်များသင့်တယ်။ အခုများသင့်သလောက် မများဘူး။ 
ဒါလည်းအကြောင်းရှိမယ်ထင်ပါတယ်။
 ကျောင်းသားဆိုတဲ့အလွှာဟာ 
ထူးခြားချက်ရှိတယ်။ ကျောင်းသားဟာ အာဏာရရေး ရည်မှန်းချက်မရှိဘူး။ 
အခုလှုပ်ရှားနေတဲ့ ကျောင်းသားတွေဟာ လွှတ်တော်အမတ်ဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး။ 
ဒီတော့ လွှတ်တော်အမတ်မဖြစ်ရမှာ ကြောက်လို့ မပြောရဲ 
မဆိုရဲတဲ့သတ္တိကြောင်မှုမျိုးမရှိဘူး။
 လွှတ်တော်အမတ် ဖြစ်နေလို့ မပြောရဲ မဆိုရဲဖြစ်နေတဲ့ သတ္တိကြောင်မှုမျိုးလည်း 
မရှိဘူး။ နောက်ထပ်ထူးခြားချက်ကတော့ ကျောင်းသားဟာ နိုင်ငံတကာပေးစာကမ်းစာကို
 မမျှော်ကိုးဘူး။ ဒိုနာအကြိုက်လိုက်လျောဆောင်ရွက်ရတာ မျိုး မရှိဘူး။ အလှူငွေများများရပါစေတော့ဆိုပြီး
 ဒိုနာမကြိုက်တာမပြောဝံ့၊ ဒိုနာကြိုက်ပါစေတော့ဆိုပြီး ဟုတ်ဟုတ် 
မဟုတ်ဟုတ်ပြောရတာမျိုးမရှိဘူး။ ဒါဟာ ဗကသများအဖွဲ့ချုပ်ရဲ့ ထူးခြားချက်ပါ။ 
အာဏာမမက်၊ ငွေမမက်တဲ့သူတွေ ဖြစ်ကြတဲ့အတွက် သူတို့နိုင်ငံရေးကို 
လူအများကပိုမို ယုံကြည်မှုရှိကြတယ်။ ဒီနေ့ဗမာပြည်မှာ ထောက်ပံ့ကြေးမယူတဲ့ 
အဖွဲ့အစည်းဆိုတာ အလွန်ရှားတယ်။ ဗကသများအဖွဲ့ချုပ်ဟာ အဲသလို 
ရှာမှရှားတဲ့အဖွဲ့ ဖြစ်ပါတယ်။ အဲသလိုအဖွဲ့မျိုးဟာ ဗကသတခုတည်းပဲရှိတာတောင် 
ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငွေမရှိရင် ဘာမှ လုပ်လို့မရတာဟာ လက်တွေ့ပဲ၊ 
အမှန်တရားပဲလို့ ဆင်ခြေပေးပြီး ပေးစာကမ်းစာ လက်ဖြန့်နေတဲ့ အဖွဲ့အစည်းများဟာ
 ဗကသရဲ့ အခုသပိတ်ကိုကြည့်ပြီး ရှက်တတ်ဖို့ကောင်းတယ်။
 (ဗမာနိုင်ငံဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့
 တနိုင်ငံလုံးကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာဆိုတာပြည်မ၊ ဗမာဆိုတာ 
တနိုင်ငံလုံးကို ခေါ်တဲ့ ဗကသ မူအတိုင်းသုံးနှုန်းထားတာ ဖြစ်ပါတယ်။)
 
 ဇော်ဝင်း။ ၈၈ ကျောင်းသားဟောင်း။
 
 
 
                                        
                                    
 
  
 
 
 
 
 
 
 
 
 
 
No comments :
Post a Comment
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။