ရေချမ်း တလောက တီဗီချယ်နယ်လိုင်းတစ်လိုင်းမှ Prison Break စီးရီးတစ်ကားကို အပတ်တိုင်းလိုလို စောင့်ကြည့်ဖြစ်ခဲ့မိတယ်။ သုံးလေးပတ်ကြာတော့ စောင့်ကြည့်ရတာ အားမရတာနဲ့ပဲ အခွေဌားပြီး ကြည့်လိုက်တယ်။ နောက်အမြဲတမ်း ကြည့်ဖြစ်တဲ့နေတဲ့လိုင်းတွေထဲက National Geographic၊ Style Channel၊ Travel တို့ ဆိုရင်လည်း အမြဲစောင့်ကြည့်ရတဲ့ အစီအစဉ်ကောင်းလေးတွေ ပါနေတော့ ဒါတွေအတွက်လည်း အချိန်က ပေးနေရသေးတယ်။ အဲဒီအချိန်တွေရောက်ရင် မကြည့်ရမနေနိုင်အောင် ကိုက်ခဲလာတတ်ပါတယ်။ ရေချမ်းမှပဲလားဆိုတော့ တစ်ချို့တွေဆို ကိုးရီးယားကားမှ ကိုရီးယား။ မြန်မာဗီဒီယိုကား၊ အင်္ဂလိပ်ကား စသဖြင့် တီဗီဇာတ်လမ်းတွေကြားမှာ လူတချို့ဟာ နစ်မြောနေခဲ့ကြပါတယ်။
ပြန်စဉ်းစားကြည့်မိရင်လေ ရေချမ်းတို့ ငယ်စဉ်ဘဝ လွန်ခဲ့သော နှစ်ဆယ်စုနှစ်လောက်က အတိအကျဆိုရရင် ၁၉၈၀ပြည့်နှစ်တွေ လောက်တုန်းကပေါ့။ တယ်လီဗေးရှင်းဆိုတာကြီးက အဖြူအမဲ ပြီးတော့ အရောင်ကာလာနဲ့ ပေါ်ခါစ မြန်မာနိုင်ငံမှာ အသံလွှင်ဌာနဆိုတာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဆိုတဲ့ အသံလွှင့်ဌာနကတစ်ခုထဲ၊ လွှင့်တဲ့အချိန်ဆို စနေ၊ တနင်္ဂနွေကလွဲလို့ ညနေပိုင်း ၇နာရီလောက်မှ။ စနေနေ့ တနင်္ဂနွေဆိုရင် နေ့လည်နေ့ခင်း ရှေးဟောင်းမြန်မာ အဖြူအမဲ ရုပ်ရှင်တွေ ပြတတ်သည်။ အခုခေတ်ပေါ် 3D ရုပ်ရှင်၊ HD၊ Blue-ray ဆိုတာတွေ မရှိသေး။ ဖြစ်လာလိမ့်မည်ဆိုတာ ထင်တောင်မထင်တတ်သေး။
မှတ်မိပါသေးတယ်။ အဲဒီထက် အရင်တုန်း ကာလတွေကဆို ရေချမ်းနေတဲ့ မြို့လည်ခေါင်လို နေရာမျိုးမှာတောင် တယ်လီဗေးရှင်းဆိုတာကြီး ပိုင်တဲ့လူဆိုလို့ လက်ငါးချောင်းပင် မပြည့်။ တလမ်းလုံးက လူတွေက ညနေဆို ပါတီယူနစ်ရုံးခန်းမှာ လာလာကြည့်ကြရတယ်။ တချို့ကြတော့ ရေဒီယိုဆိုပြီး အသံပဲ နားထောင်နေကြရာကနေ အသံကြားပြီး ရုပ်ပါ ကြည့်မြင်ခံစားလို့ရတဲ့ တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ဆိုတာ ဘယ်လိုလဲပေါ့။ ဘာတွေထူးခြားလဲပေါ့။ စပ်စုလိုစိတ်နဲ့ လာကြည့်ကြတယ်။ တချို့ကတော့ ပြဇာတ်၊ ဇာတ်လမ်းကြိုက်သူတွေဆိုတော့ တခုတ်တရ လာအားပေးကြတယ်။ ပရိသတ်အများစုကတော့ ကလေးတွေရယ်၊ ကလေးတွေ ဗန်းပြတဲ့ ကလေးရှင်တွေရယ်က အများသား။
အဲ့ဒီတယ်လီဗေးရှင်းကြီးတောင် ပါတီယူနစ်ဥက္ကဌက အစိုးရက ချပေးထားတဲ့ အများသူဌာ ကြည့်ရှုဖျော်ဖြေရေး တယ်လီဗေးရှင်းကြီးကိုများ သူ့ကိုယ်ပိုင် ဥစ္စာကြနေတာပဲ။ ညနေစောင်း ရုံးပိတ်ချိန် ခဏလေး သူ့အိမ်ပြန်၊ မြန်မာ့အသံက လွှင့်ချိန်နီးကာနီးဆို ရုံးခန်းပြန်လာပြီး တယ်လီဗေးရှင်းကြီး ဖွင့်ပြတယ်။ တလမ်းလုံးက လူတွေကတော့ သူကို မျှော်ပေါ့။ မရောက်သေး စောင့်ပေါ့။ ရုံးခန်းသော့က သူဆီမှာကိုး။ ဝယ်မှမဝယ်နိုင်ပဲကို၊ ဝယ်နိုင်သည်ဆိုပေမယ့်လည်း ဘယ်မှာလဲရောင်းတဲ့နေရာ၊ သဘောင်္သားရှိတဲ့အိမ်မှ ဝယ်ကြည့်နိုင်တာ။ အခုခေတ် တီဗီတွေ ရောင်းနေတဲ့ ဘားလမ်းလိုနေရာ ဘာမှ သိပ်မရှိ။
အသံလွှင့်ချိန်ရောက်လို့ ပြတော့မယ်ဆိုရင်လဲ တယ်လီဗေးရှင်းက အခုခေတ်လို ရီမုတ်နှိပ် တန်းလာတာ မဟုတ်သေးဘူး။ ဖန်သားပြင်ဘေးက တဒေါက်ဒေါက်နဲ့ လှည့်ပေးရတဲ့ ခလုတ်တွေကို ချိန်ရသေးတယ်။ ဖန်သားမျက်နှာပြင်ကလည်း ဘာလိုင်းမှမလာသေးခင်ဆို လောက်ကောင်တွေအလား အဖြူစက်တွေနဲ့။ အသံကလဲ တဂျီးဂျီးနဲ့ ဆူညံ့လို့။ မှတ်မှတ်ရရ ပြောရဦးမယ်။ အဲဒီတယ်လီဗေးရှင်းကြီးက ရှေးတုန်းက ရေဒီယိုတွေလိုပဲ သစ်သားအရောင်နဲ့ လေးထောင့်ပုန်းကြီး။ အင်တီနာတိုင်ဆိုတာကလည်း အဲဒီတုန်းကအခေါ် ယုန်နားရွက်နဲ့။
အဲဒီတုန်းက ရေချမ်းက ကလေးအရွယ်ဆိုတော့ အဲဒီရုံးမှာ သွားကြည့်ရင် ရှေ့ဆုံးက ဖျာနဲ့ ကလေးတန်းမှာ ကြည့်ရတယ်။ ရေချမ်းအိမ်က လူတွေကတော့ ဘယ်သူမှ လာမကြည့်ဘူး။ သူတို့က တယ်လီဗေးရှင်းဆိုတာ ရုပ်ရှင်ရုံမှာ ကြည့်ရသလိုလဲ မဟုတ်ဘူး။ မြင်ကွင်းကလဲ သေးသေးလေး။ ပြတာတွေကလည်း သတင်းတွေရယ်၊ တေးသီချင်းတွေရယ်က ခပ်များများ။ ပြတဲ့အချိန်ကတော့ ခဏလေးရယ်။ ရေချမ်းတို့ ကလေးတွေကတော့ ဘာရယ်ညာရယ် မဟုတ်ဘူး။
အဲဒီရုံးထဲမှာ မြန်မာ့အသံလွှင်ချိန်ဆို တရပ်ကွက်လုံး၊ တလမ်းလုံးက ကလေးတွေ အပြည့်။ ဒီအချိန်လေးမှီပြီး ကလေးတွေက မြန်မာ့အသံက ဘာလွှင့်လွှင့် နားလည်မလည် ငေးကြည့်တော့တာပဲ။ ဒီကြားထဲ ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ခေါင်းကွယ်လို့ မမြင်ရဘူးဆိုပြီး ရန်တွေဖြစ်ကြ။ သူများမုန့်လုစားလို့ဆိုပြီး ထိုးကြကြိတ်ကြ။ ဒီကြားထဲ သူ့အဖွဲ့ ကိုယ်အဖွဲ့ဆိုပြီး လူစုခွဲထိုင်ကြသေးတယ်။
အဲဒီမှာ ကလေးတွေ ဘန်းပြပြီး လာကြည့်တဲ့ လူကြီးတွေကလည်း ရှိသေးတယ်။ လမ်းထဲက တန်းရှိ ဂုဏ်ရှိတွေဆိုရင်တော့ ထိုင်ခုံနဲ့ဘာနဲ့ပေါ့။ ဥက္ကဌကတော့ အဲဒီ့တယ်လီဗေးရှင်းကြီး ရောက်ကတည်းက သူ့အိမ်က ပလက်ကုလားထိုင်ကြီး နေရာရွှေ့လာတာ။ သူကတော့ တယ်လီဗေးရှင်း ရှေ့တည့်တည့် ကလေးတွေနေရာ နောက်မှာ နေရာယူထားလေရဲ့။ မည်သူကမှလဲ သူနေရာ လာမဦးရဲဘူး။ သူနဲ့ ဓာတ်သင့်သူတွေကတော့ သူ့ရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ ထိုင်ခုံကိုယ်စီနဲ့ နေရာယူပေါ့။ ကျန်သူတွေကတော့ ရပ်၊ ကြည့်၊ သွားပဲ။
တချို့ကလေးအမေတွေကတော့ မရပ်နိုင်လို့ သူတို့ကလေးတွေနဲ့ရောပြီး ထိုင်ကြတယ်။ ခန္ဓာကိုယ်ကြီးတဲ့ လူကြီးတွေဆိုတော့ တယ်လီဗေးရှင်းရှေ့နားတော့ မရဘူးပေါ့။ မဟုတ်လို့ကတော့ ဥက္ကဌပါးစပ်နဲ့ စက်သေနတ်ပစ်သွားမယ်။
တခါကလည်း လာကြည့်တဲ့သူတွေက ပြသတဲ့ဇာတ်လမ်းပေါ် အကြောင်းတည်ပြီး ပြောကြဆိုကြနဲ့ တစနဲ့တစ အငြင်းပွားလာလိုက်ကြတာ ရန်ပွဲတွေတောင်ဖြစ်လို့ပေါ့။ ဖြစ်လာတဲ့ရန်ပွဲက ဇာတ်လမ်းပေါ် မူတည်နေရာကနေ ဟိုတုန်းက ရန်ကြွေးတွေပါ ဆင့်လာတယ်။ အစကတည်းက ရေချမ်းတို့ ဥက္ကဌကြီးက စိတ်ခပ်ဆတ်ဆတ်နဲ့ဆိုတော့ ဒီရန်ပွဲ ဘာကြာမလဲ။
ဥက္ကဌက ဘာမပြော ညာမပြောနဲ့ ဗြုန်းဆို တယ်လီဗေးရှင်းကြီး ကောက်ပိတ်။ ဖြစ်နေတဲ့ရန်ပွဲအသံထက် နှစ်ဆကျယ်တဲ့ သူအသံမာမာကြီးနဲ့ လွှမ်းလိုက်ရော ရန်ဖြစ်နေတဲ့သူတွေလည်း မီးခဲရေဖျန်းလိုက်သလို ရှဲခနဲပဲ ငြိမ်သွားကြလေရဲ့။ ဘာမှမဟုတ်တဲ့ ဇာတ်လမ်းပေါ်အခြေခံတဲ့ စကားလုံးထိုးနှက်ပွဲတွေရဲ့ ရလာဒ်ကတော့ တပတ်လောက် ဥက္ကဌလဲ ညတိုင်း အစောကြီး အိမ်ပြန်အိပ်၊ အမြဲတန်းလိုလို စုရုံးစီကားနေတဲ့ ပါတီယူနစ်ရုံးကြီးလဲ တိတ်၊ ရေချမ်းတို့ ကလေးတွေလဲ စုရုံးနေကြ ညနေချိန်လေးလဲ ပါမစ်ပိတ် သွားတော့လေတယ်။
နောက်တော့ မနေနိုင်တဲ့ လူကြီးတွေကပဲ ဥက္ကဌကို ဖြောင်းဖျတော့ တယ်လီဗေးရှင်းပြသမှု ပြန်အသက်ဝင်လာတယ်။ ဒါလဲ သိပ်လဲမကြာပါဘူး။ အစိုးရက တယ်လီဗေးရှင်းတွေ ပြန်သိမ်းလို့လား၊ ဘာလားတော့မသိ တယ်လီဗေးရှင်းပြသမှု နိဂုန်း သူ့အလိုလို ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမယ့် မနေနိုင်သူ ရေချမ့်းအတွက်တော့ တယ်လီဗေးရှင်း သွားကြည့်ချင်မှုက အကျင့်ပါသွားတယ်။ ဘာရမလဲ အဖွားကို ပူဆာတော့တာပေါ့။ အဖွားက ဦးလေးကိုပြောပြီး နောက်ဆုံးတော့ ရေချမ်းတို့အိမ်မှာ တယ်လီဗေးရှင်း ရောက်လာတယ်ပေါ့။
ရောက်လာတဲ့နေ့ မှတ်မိပါသေးတယ်။ အဖေရယ်၊ အမေရယ်၊ ဦးလေးရယ်လေ ညနေဘက် တယ်လီဗေးရှင်းကို ဘားလမ်းမှာ သွားဝယ်လာတာပေါ့။ ၁၂လက်မ တိုရှီဘာ ခဲရောင်တီဗီလေး။ သူ့အရှေ့မှာလဲ မှန်အပိုတစ်ချပ်နဲ့ ထပ်ကာထားသေးတယ်။ စက်ပစ္စည်းက အသစ်အဆန်းဆိုတော့ အိမ်ကလူတွေ ဘာလိုလုပ်ရမှန်းတော့ မသိသေးဘူး။ ဝယ်လာတဲ့ဆိုင်က လူတစ်ယောက်ပါလာပြီး ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ရှင်းပြသွားတယ်။ သူကပဲ တစ်ခုတည်းသော မြန်မာ့အသံလိုင်းကို ချိန်သွားပေးတယ်။ အဲတုန်းက တီဗီက အော်တိုကျုးနင်းတော့ပါပါတယ်။ မြန်မာအသံလိုင်းတွေကပဲ စနစ်မကြသေးတာလား၊ ဘာလားမသိ လိုင်းစဖမ်းခါစ အတော်ကြာတာပဲ။
တီဗီကို အဲဒီတုန်းက ခေါ်ကြတာက အပေါ်စက်တဲ့။ ပထမတော့ သိပ်မသိသေးဘူး။ နောက်မှ တိတ်ခွေဗီဒီယိုကြည့်တဲ့စက်ကိုတွေ့မှ အော်…ဒါကြောင့် တီဗီကို အပေါ်စက်၊ ဗီဒီယိုစက်ကို အောက်စက်လို့ မြန်မာမှုပြုတာ သဘောပေါက်တော့တယ်။ လာတဲ့ဇာတ်လမ်းတွေကလဲ Six Million Dollar Man၊ Bionic Woman၊ Charlie's Angels၊ တို့လို ဇာတ်လမ်းတွဲကားကြီးတွေ မပြီးနိုင် မစီးနိုင် ကြည့်ရတာ။ ဒီကြားထဲ ဆယ်တန်းတွေ စာမေးပွဲနီးရင် သူတို့စာသင်ရတဲ့ Wuthering Heights လည်းကြည့်ရသေးတယ်။
အပေါ်စက်ပြီးပြန်တော့ အောက်စက်ဇာတ်လမ်း ဆက်လာပါသေးတယ်။ အောက်စက်ခေတ်ဦးတုန်းကလည်း ဝယ်မကြည့်နိုင်သေးတော့ ဌားကြည့်ရတယ်။ အဲတုန်းက ဗီဒီယိုခွေဆိုင်တွေ အခုလို မှိုလိုမပေါက်သေးဘူး။ မြို့ထဲမှာဆို အခွေဌားတဲ့သူတွေက ညနေပိုင်းမှ သစ်သားဗန်းတွေချခင်း၊ အခွေရော၊ အောက်စက်ပါတွဲဌားတယ်။ အဲဒီတုန်းကဆို နေတိုင်း မဌားကြည့်နိုင်သေးပါဘူး။ တစ်ပတ်တခါ၊ တလတစ်ခါဖြစ်ဖြစ် မိသားစုတွေ စုံလင်အားလပ်တဲ့နေတွေ၊ ရုံးပိတ်ရက်ရှည်တွေကြမှပဲ အခွေကောင်းလေးတွေ လေးငါးဆယ်ကားရွေး၊ အောက်စက်ပါတွဲဌားပြီး ကြည့်ခဲ့ကြရတယ်။
အဲတုန်းက အောက်စက်က ဘေးကနေ ထည့်သွင်းရတာမဟုတ်သေးဘူး။ ကတ်ဆက်ခွေလို အပေါ်ကနေ အဖုန်းလေးထွက်လာပြီး သွင်းရတာ။ သုံးလေးခွေကြည့်ပြီးသွားရင် စက်ပူလာလို့ အနားပေးရသေးတယ်။ ဒီကြားထဲ အခွေတွေက မှိုတက်လို့ ဟက်တွေ ချီးတက်တယ်ဆိုလား အဝတ်စဖြူဖြူမှာ အရက်ပြန်သုတ်ပြီး ဟက်ချီးဆေးပေးရသေးတယ်။ တုန်ခြင်းမှုန်ခြင်းတော့ သီးခံပါခေတ်ကို။
အဲ့ဒီလိုနေရက်တွေဆိုရင်တော့ ရေချမ်းတို့ ကလေးတွေကပျော်ပေါ့။ အိမ်ခွဲနေကြတဲ့ မောင်နှမဝမ်းကွဲတွေ၊ အဒေါ် ဦးလေးတွေ အဖိုးအဖွားအိမ်မှာလာစု၊ ကလေးတွေက ဆော့ကြ၊ လူကြီးတွေကတော့ ချက်ကြပြုတ်ကြ၊ စားကြသောက်ကြနဲ့ တကယ့်ကို ပျော်စရာကောင်းလှတဲ့ အချိန်လေးတွေပေါ့။ ရေချမ့်းအဘိုးတစ်ယောက်ရှိတယ်၊ အသက်က အဲတုန်းက ၉၀နီးပါးပေါ့။ သူက ခုခေတ်လူတွေလို မျက်စိမှုန်ခြင်း မရှိဘူး။ ဇာတ်တော့အတော်ကြိုက်ဗျ။ ဒီလိုနေ့တွေမျိုးဆို သူက သဘောသိပ်ခွေ့တာပေါ့။ ပုံမှန် ခုနှစ်နာရီဒေါင် အိပ်နေကြ ရေချမ်းတို့အဘိုး အဲဒီနေ့ဆိုရင် ညသန်းခေါင်ကျော်လို့ မနက်အာရုဏ်တောင်ကူးတော့မယ် မနဲကို သွားအိပ်ခိုင်းရတယ်။
ရေချမ်းတို့ ကလေးတွေကလည်း ဘာရမလဲ၊ စဖွင့်ပြတာနဲ့တင် ကာတွန်းကား၊ အက်ရှင်ကား၊ Home Alone တို့လို့ ကလေးဇာတ်လမ်းလေးတွေ စပြမှ၊ မဟုတ်လို့ကတော့ ပြဿနာကို မီးတုတ်နဲ့ရှို့တာပဲ။ လူကြီးတွေကလည်း အဲဒီတုန်းကဆို အင်္ဂလိပ်ခွေ သိပ်ဌားမပြချင်ဘူး။ အဲဒီတုန်းကဆို အနောက်တိုင်းလို နမ်းတာပြရင်တောင် ရစ်ကြည့်တယ်။ ဘာဘာညာညာ ချွတ်တာ၊ ပေါ်တာမျိုးဆိုလို့ကတော့ တီဗီကိုတောင် ပိတ်ပြီး ကျော်ကြည့်ကြတယ်။ သန့်ရှင်းဖြူစင်တဲ့ ကလေးတွေအပေါ် အရောင်မစွန်းစေချင်တဲ့ သဘောတွေဖြစ်မှာပေါ့။
အခုခေတ်မှာတော့ အင်္ဂလိပ်ဇာတ်လမ်းတွဲနေရာမှာ တရုတ်ဇာတ်လမ်းတွဲများ၊ ကိုရီးယားဇာတ်လမ်းတွဲများ အစားထိုးဝင်ရောက်လာပါပြီ။ မြန်မာ့အသံအပြင်ကို မြဝတီတို့၊ MRTV-4တို့၊ Movie-5တို့ စတင်ပြောင်းလဲ နေရာယူလာကြပါပြီ။ တယ်လီဗေးရှင်းလို့အစပြုလာတဲ့ မြန်မာမှုပြုတော့ အပေါ်စက်၊ တီဗီဆိုတာကတော့ ခေတ်ကာလ ရွှေလျှားလာမှုနဲ့အတူ တုန်ခြင်းမှုန်ခြင်း သီးခံပါခေတ်မှနေ Flat TV၊ LCD တို့လို့ ရုပ်သံကြည်လင်ပြတ်သားမှု HD ခေတ်တွေ ဖြစ်လာပါပြီ။ မိုနိုအသံခေတ်ကနေ စတီရီယို၊ Hifi ၊ Surround စသဖြင့် အသံထွက်ကောင်းတဲ့စနစ်တွေဖြစ်လာပါပြီ။ ပေါ်ပေါက်လာသမျှ စနစ်အသစ်သစ်တွေ အပေါ်မှာ အမှီ အမဲလိုက်နေရတဲ့ ရေချမ်းတို့ရဲ့ တယ်လီဗေးရှင်း ကိုက်ခဲမှုကြီးကတော့ ဆုံးခန်းတိုင်မှာ မဟုတ်သေးပါဘူး။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
© ချမ်းလင်းနေ
ဟင်း...
ReplyDeleteတိုးတက်လာတဲ့ သဘောတရားတွေပဲပေါ့ ကိုချမ်းရယ်...
ပြောလည်းပြောချင်တယ်...
ပြောလည်းမပြောချင်ပါဘူး....
ကိုချမ်းပဲ ကြည့်ပြောလိုက်ပါတော့....:P
ရေးထားတာ ကောင်းတယ်ဗျို့။
ReplyDeleteသဘောကျတယ်။ ငယ်ဘဝလေး ပြန်ရောက်သွားသလိုပဲ။
ရှေးခေတ်ဟောင်းကိုအောင့်မေ့ဖွယ်ပေါ့နော်။
ReplyDeleteရွှင်လန်းချမ်းမြေ့ပါစေကိုချမ်းရေ။
စက်တွေ တိုးတက်လာတော့ ပိတ်ပြီးကျော်ကြသေးလားဟင်
ReplyDeleteကိုချမ်း ပျောက်နေတာဒါကြောင့်ကိုးးးးးး
ReplyDeleteပြီးသွားပြီလား အဲဒီ ဇာတ်လမ်းတွဲ....
ညီမရန်ကုန်ပြန်တုန်းက ၅ နှစ်သား တူတော်မောင်တောင် အဲဒီဇာတ်လမ်းတွဲကို စွဲနေတာတွေ့တယ်...
နှင်း
ကျနော်တို့ငယ်ငယ်က အထိ အခုအကိုပြောတဲ့အတိုင်းပဲဗျ
ReplyDeleteအနော်က ၁၉၈၇ မွေးတာဆိုတော့
ဆယ်စုနှစ်တခုလုံး အဲလိုဖြစ်ခဲ့ကြတယ်နော်
ပို့စ်ကတစ်ဝတ်တစ်ပျက်ကြိးလိုပဲ။မဆုးံသေးဘူးလို့ထင်တဲ့အချိန်မှာဆုံးသွားတယ်။
ReplyDelete