လောကမှာ နှလုံသားတစ်စုံ ပေါင်းစပ်လိုက်လျှင် သူ့နောက်တွင် ဝမ်းသာပျော်ရွှင်ဖွယ်ရာများလည်း ရှိ၏။ ကြေကွဲခြင်းအချို့လည်း ပါနိုင်သည်။ အသွင်သဏ္ဍာန်မတူ ဆန့်ကျင်ဘက် လာရာများလည်း ပါနိုင်သည်။ တူညီသော ဝါဒအချို့လည်းရှိသည်။ အငြင်းအခုန် တိုက်ပွဲများလည်း ဖြစ်နိုင်သည်။ အဆင့်အတန်း ဂုဏ်ပကာသန တိုင်းတာခြင်း ပေတံလည်း ရှိနိုင်သည်။ လိုအပ်မှု၊ မလိုအပ်မှု ကဲ့သို့ ဒွိဟတရားများလည်း ရှိနိုင်သည်။
အချစ်သည် ကဗျာတွေ၊ စာတွေထဲတွင်သာ ခြယ်မှုန်းသီဖွဲ့၍ကာ ကောင်းသည်။ ရုပ်ရှင်တွေ၊ စာတွေထဲကလို စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေသည်ကား ဒေါင်းယောင်ဆောင်သောကျီးပင်။ တကယ့် လက်တွေမူကား အရာရာခြားနားလှ၏။ ရိုးသားစွာ ဆိုရလျှင်မူ အချစ်၏ နောက်ဆက်တွဲ ကောင်းခြင်း ဆိုးခြင်းသည် ကံကြမ္မာ တစ်ရပ်ပင်တည်း။
လွန်စွာမှပင် ချစ်ကြပါသည်ဆိုသော အတွဲ နောက်ပိုင်း ကွဲချင်လဲ ကွဲနိုင်သည်။ မုန်းချင်လဲ မုန်းသွားနိုင်သည်။ သေတပန် သက်တဆုံး လက်တွဲ၍လည်း သွားနိုင်သည်။ အချစ်သည် အခြေအနေနှင့် အချိန်အခါ ပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ အတော်ပင် ညှိယူရသော မေတ္တာနှောင်ကြိုးများ ဖြစ်သည်။
အချစ်သည် သက်တမ်းရင့် လာသည်နှင့်အမျှ အေးဆေးတည်ငြိမ် လာတတ်ပြီး ရယူလိုခြင်း နေရာတွင် ပေးစပ်လိုခြင်း သဘောများ အစားထိုးဝင် ရောက်လာနိုင်သည်။ ပိုင်ဆိုင်လိုခြင်းနေရာတွင် မျှဝေခံစားလိုခြင်း ရှိလာနိုင်သည်။ သဘာဝ နိရာမအရပင် မတူညီသော လူသားဖိုမနှစ်ဦး တူညီအောင်ကြိုးစားလာခဲ့ခြင်းကို အိမ်ထောင်မှု ပြုသည်ဟု ထင်မြင်မိပါသည်။
♎♌♎♌♎♌♎♌♎♌