Sunday, November 16, 2014

လူမျိုးရေးပဋိပက္ခများ၏ စိန်ခေါ်မှု : သွေးကွဲနေကြသော လူအဖွဲ့အစည်းများအတွင်း ဒီမိုကရေစီတည်ဆောက်ခြင်း

ကျွန်တော်လက်ရှိရေးနေတဲ့ ဆောင်းပါးလေးခု ပါဝင်တဲ့ ဆောင်းပါးစု စာအုပ်ထဲက ပထမဦးဆုံးနဲ့ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်လာမယ့် ပင်မဆောင်းပါးဖြစ်ပါတယ်။ အချိန်ရသလောက် အပိုင်းလေးတွေ ခွဲခွဲပြီး တင်ပေးသွားမှာပါ။ အောက်တိုဘာ ၁၉၉၃ ထုတ် Journal of Democracy Vol. 4, No. 4 မှာပါဝင်ခဲ့တဲ့ Donald L. Horowitz ရဲ့ The Challenge of Ethnic Conflict : Democracy in Divided Societies ဆောင်းပါးကို ဘာသာပြန်ထားတာပါ။

လူမျိုးရေးပဋိပက္ခများ၏ စိန်ခေါ်မှု : သွေးကွဲနေကြသော လူအဖွဲ့အစည်းများအတွင်း ဒီမိုကရေစီတည်ဆောက်ခြင်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်ပေမယ့်လို့၊ အသွင်ပြောင်းမှုကို ဆောင်ရွက်ကြသူတိုင်း အောင် မြင်ကြတယ်၊ အောင်မြင်ပုံအောင်မြင်နည်းနဲ့၊ အောင်မြင်မှုအတိုင်းအတာတွေကလည်း တသမတ်တည်း တူညီကြတယ်ရယ်တော့ မဟုတ် ပါဘူး။  ဒီမိုကရက်တစ် လှုပ်ရှားမှုတွေနဲ့ ထိတွေ့ဖူးခြင်း မရှိသေးတဲ့ အာဏာရှင်အစိုးရတွေ၊ ဒီမိုကရက်တစ်တစ်ပိုင်း အစိုးရတွေ ရှိနေသလို ပဲ၊ အချို့အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေကတော့ စလုံးရေစကတည်းကကို ဖျက်လိုဖျက်ဆီးတွေနဲ့ ကြုံခဲ့ကြရပြန်ပါတယ်။ အချို့ကြ ပြန်တော့ အသွင်ကူးပြောင်းရေးကို လုပ်နေရင်းနဲ့ကိုပဲ ဖောင်စီးရင်း ရေငတ်နေရတဲ့ အဖြစ်မျိုး ရှိပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရော၊ ဒီမိုကရေစီထူထောင်မှုတွေမှာပါ ကျဆုံးမှုတွေ ဖြစ်ရခြင်း အကြောင်းအရင်း များစွာ ရှိပါတယ်။ အခွင့်ထူးခံလူထုတွေ၊ စစ်တပ်အီလိ တွေရဲ့ တင်းခံနေမှု၊ အားကောင်းတဲ့ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ရေခံမြေခံတွေ မရှိတာ၊ အမှားမှားအယွင်းယွင်း ဒီဇိုင်းလုပ်ထားတဲ့ အဖွဲ့ အစည်းမူဘောင်တွေ စတဲ့အချက်တွေဟာ ကျဆုံးမှုကို ဖြစ်စေတဲ့ အချက်တွေထဲက အချို့ပဲဖြစ်ပါတယ်။ အာဖရိက၊ အာရှ၊ အရှေ့ဥရောပနဲ့ ဆိုဗီယက်နိုင်ငံဟောင်းတွေမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဓိကကျရှုံးစေတဲ့ အချက်သည် လူမျိုးရေး ပဋိပက္ခပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးအာဏာကို ရယူအသုံးပြုနိုင်မှုမှာ ပါဝင်ခွင့်နဲ့ ဖယ်ထားခံရမှုတို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို ရယူအ သုံးပြုနိုင်မှုမှာ ပါဝင်ခွင့်ရသူတွေက အခွင့်ထူးခံဖြစ်လာပြီး၊ ရယူအသုံးမပြုနိုင်ပဲ ဘေးဖယ်ထားခံရသူတွေအတွက် အကျိုးယုတ်မှုတွေ ဖြစ် လာစေပါတယ်။ ဒီပါဝင်ခွင့်ရသူနဲ့ ဘေးဖယ်ခံရသူ အုပ်စုနှစ်စုအကြား ခွဲကြားထားတဲ့ စည်းဟာ ဟိုဘက်ဒီဘက် ဘက်ပြောင်းဖို့ မဖြစ်နိုင်တာ မို့၊ အုပ်စုတစ်စုထဲ ရောက်သွားမိပြီဆိုရင် အဲဒီလို ကျရောက်သွားခြင်းက အမြဲတစေဆိုတဲ့ ပုံစံမျိုးကို မြန်မြန်ဆန်ဆန်ပဲ အသားသေသွားစေ ပါတယ်။ လူမျိုးရေး ခွဲခြားမှုရှိတဲ့ နိုင်ငံရေးမှာဆိုရင် အခြားသော လူမျိုးစုတွေအပေါ် လူမျိုးစုတစ်ခုက သြဇာသက်ရောက်နေတာ၊ နိုင်ငံရဲ့ အမျိုးသားရေးသရုပ်သကန်နဲ့ ပတ်သက်လာရင် လူမျိုးတစ်မျိုးက အခြားလူမျိုးတွေထက် ပိုပြီးလွှမ်းမိုးမှု ရှိနေတာ အစရှိတဲ့ နိုင်ငံတစ်နိုင်ငံ ရဲ့ အရေးပါတဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ အခွင့်ထူးတွေကို ဖြန့်ဖြူးပုံမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ သွေးကွဲနေတဲ့ လူအဖွဲ့အစည်းတွေ အ တွက်တော့ ထပ်ခါတလည်းလည်း ဆိုသလိုပဲ၊ ပါဝင်ခွင့်ရှိတဲ့ အုပ်စုကလူတွေသည် အုပ်ချုပ်ရေးမှာလည်း ပါဝင်ခွင့် ရှိလာစေပြီး၊ ဖယ်ထားခံ ရတဲ့ အုပ်စုကလူတွေကိုတော့ အုပ်ချုပ်ရေးအာဏာပိုင်ခွင့်ကနေ ဖယ်ထုတ်ထားဖို့ အမြဲတမ်းလိုလို တိမ်းညွှတ်မှုတွေ ရှိနေတတ်ပါတယ်။

လူမျိုးရေးအရ သွေးကွဲနေကြတဲ့ လူအဖွဲ့အစည်းတွေမှာ၊ အတိုက်အခံအပေါ်မှာ ခွင့်ပြုပေးရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရလေ့ရှိတဲ့ သမားရိုးကျပြဿနာတွေဟာ သူတို့အဖို့ တကယ့်ရှုပ်ထွေးနက်နဲတဲ့ ပြဿနာမျိုးကြီးတွေ ဖြစ်လာတတ်ပါတယ်။ အစိုးရ ကို ဆန့်ကျင်ဝေဖန်ခြင်းဟာ အမြဲတမ်းလိုလိုကိုပဲ အများဆန္ဒကို ဆန့်ကျင်ခြင်းရယ်လို့ ပုံဖော်ခံရတတ်ပါတယ်။ လူမျိုးရေးအရ ခွဲခြားခံထားရ တဲ့ အတိုက်အခံတွေဟာ အန္တရာယ်ရှိတဲ့ ရန်သူတွေအဖြစ် ပုံဖော်ခံရတတ်တယ်။ နိုင်ငံတော်ရဲ့ ကျောင်းတော်ကရန်စနဲ့ သမိုင်းကြောင်းရန် သူတွေ၊ နိုင်ငံတော်ကို ပြိုကွဲအောင် လုပ်နေလိုသူတွေ၊ နိုင်ငံတော်ကြီးကို သူတို့လူမျိုးအတွက် မောင်ပိုင်စီးရန် အားထုတ်နေသူတွေ စသ ဖြင့် စွပ်စွဲပုံဖော်မှုတွေကို အတိုက်အခံတွေက ခံရလေ့ ရှိပါတယ်။ နိုင်ငံတော်အာဏာရဲ့ အင်မတန်အရေးပါခြင်းနဲ့ ဒီအာဏာကနေ ဖယ် ထုတ်ခံထားရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေကြောင့် လူမျိုးရေးခွဲခြားခံ အတိုက်အခံတွေအဖို့မှာလည်း ဒီလိုမျိုး နိုင်ငံတော်ကနေ ခွဲထွက်ရေး၊ ဒါမှမဟုတ် ငါတို့လူမျိုးတွေက ဒီနိုင်ငံတော်အာဏာကို အရယူမယ်လို့ မောင်ပိုင်စီးဖို့ အားထုတ်တာတွေကိုလည်း တဖန်ပြန်တုံ့ ပြန်တဲ့အနေနဲ့ ပြုလုပ်ဖို့ စိတ်ကူးရှိနေတတ်ပြန်ပါတယ်။

ဒါပေမယ့် တကယ်လို့များ ဓါးမိုးအုပ်ချုပ်တဲ့ အခြေအနေအောက် ရောက်နေချိန်မှာ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ပြီး အချင်းချင်း ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်ခဲ့ကြတယ်ဆိုရင် ဒါဟာဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ထိုင်းနိုင်ငံက ထိုင်းတွေ နဲ့ တရုတ်တွေ၊ နောက်တစ်ခါ ထိုင်ဝမ်မှာရှိတဲ့ ပြည်ကြီးတရုတ်တွေနဲ့ ထိုင်ဝမ်တရုတ်တွေစတဲ့ ဖြစ်စဉ်တွေကို လေ့လာနိုင်ပါတယ်။ ဒီဒေသ တွေမှာ လူမျိုးစုတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အချင်းချင်း ရန်လိုမှုတွေနဲ့ ပြည့်နေကြတာပါ။ ဒါပေမယ့် ဆယ်စုနှစ်များစွာ အကြာ မှာတော့၊ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေဟာ ပဋိပက္ခတွေ ဖြစ်စေဖို့ အားနည်းသွားပြီး၊ နက်နက်ရှိုင်းရှိုင်း သွေးကွဲခဲ့ကြဖူးတဲ့ လူမျိုး တွေ အချင်းချင်းအကြား အပြန်အလှန် သားပေးသမီးယူ အိမ်ထောင်ပြုကြတာတွေတောင် ရှိလာကြပါတယ်။ ဒီဒေသနှစ်ခုစလုံးအတွက် ဒီ အပြောင်းအလဲဟာ ဒီမိုကရေစီကို မြေတောင်မြှောက်ပေးသလို ဖြစ်ခဲ့ကြပြီး အချင်းချင်းအကြား စိုးရိမ်ပူပန်မှုတွေကို လျော့ချနိုင်ခဲ့ကြပါ တယ်။ သူတို့နဲ့ပြောင်းပြန်ကတော့ အာဖရိကမှာပါ။ အဲဒီမှာတော့ သွေးကွဲမှုတွေက ဆက်လက်အားကောင်းနေပြီး၊ အာဖရိကတိုက်မှာ ဒီမို ကရေစီဖော်ဆောင်ရေးအတွက် အဓိကအတားအဆီးအနေနဲ့ ဆက်လက်ရပ်တည်နေပါတယ်။

အရှေ့ဥရောပနိုင်ငံတွေမှာဆိုရင် လူမျိုးရေးပဋိပက္ခနည်းပါးတဲ့ နိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနဲ့ ပိုလန်တို့မှာ ဒီမိုကရေစီအား ကောင်းမောင်းသန် ရှိခဲ့ပြီးတော့ လူမျိုးရေးပဋိပက္ခတွေရဲ့ ကျက်စားရာနယ်မြေဖြစ်တဲ့ ဆလိုဗက်ကီးယား၊ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ ယူ ဂိုဆလားဗီးယားနိုင်ငံဟောင်းတွေမှာတော့ ဒီမိုကရေစီက နှေးကွေးတာပဲဖြစ်ဖြစ်၊ လုံးဝအခြေမတည်နိုင်တာပဲဖြစ်ဖြစ် ကြုံတွေ့နေရပါ တယ်။ တစ်ခုသတိထားရမှာက ဟန်ဂေရီ၊ ချက်တို့ အုပ်စုဟာ ပိုချမ်းသာတယ်၊ နောက်အနိမ့်ဆုံးအနေနဲ့ ဒီမိုကရေစီဆိုင်ရာ အတွေ့အကြုံ တွေ ရှိဖူးတယ်၊ အနောက်ကမ္ဘာနဲ့လည်း ထိတွေ့မှုပိုများတယ်ဆိုတာတွေကိုတော့ သတိထား ထည့်သွင်းစဉ်းစားရမှာပါ။ မည်သို့ပင်ဆိုစေ ကာမူ ဆလိုဗက်အစရှိတဲ့ ဒုတိယအုပ်စုမှာ လူမျိုးရေးပဋိပက္ခတွေနဲ့ ဒီမိုကရေစီကို ဆန့်ကျင်နေတဲ့ ဖြစ်စဉ်တွေအကြား တိုက်ရိုက်ဆက်နွယ် မှု ရှိကိုရှိနေတယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆားဗီးယား၊ ခရိုအေးရှား၊ ဘော့စနီးယားတို့မှာဆိုရင် အရင်ကွန် မြူနစ် အုပ်ချုပ်မှု လက်အောက်မှာတုန်းက လူမျိုးရေးအရ ဖိနှိပ်မှုတွေ လုပ်ခဲ့ပြီး၊ အုပ်ချုပ်မှုအာဏာကနေ ပြိုင်ဘက်လူမျိုးစုတွေကို ဖယ် ထုတ်ထားခဲ့တာ၊ အာဏာရှင်စနစ်ကို တိမ်းညွှတ်မှု ရှိခဲ့တာတွေက ကျော်ကြားလှပါတယ်။ ဆလိုဗက်မှာရှိခဲ့တဲ့ Vladimir Meciar ဦးဆောင် တဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ကွန်မြူနစ်အစိုးရဟောင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ ခရိုအေးရှားနဲ့ ဆားဗီးယားတို့ရဲ့ ကွန်မြူနစ်အုပ်ချုပ် သူတွေက အများကြီး တော်သေးတယ်လို့ ပြောနိုင်ပေမယ့် သူတို့လည်းပဲ သတင်းမီဒီယာတွေကို ဖိနှိပ်ဖို့ကြိုးစားတာ၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေခုရုံးမှာ သူတို့သဘောကျတဲ့ လူတွေကို ထည့်ထားတာ၊ နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ ဟန်ဂေရီလူမျိုးတွေရဲ့ ဘာသာစကားဆိုင်ရာ ရပိုင်ခွင့် တွေကို ဖိနှိပ်ထားတာတွေကို လုပ်ခဲ့ကြပါသေးတယ်။ လူမျိုးစုံပါဝင်တဲ့ ထရန်ဆယ်ဗေးနီးယားဒေသမှာ အားအကောင်းဆုံး တွန်းအားအနေ နဲ့ ရှိခဲ့တဲ့ ရိုမေးနီးယားရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာဆိုရင် နောက်ဆုံးတော့လည်း အမြင်ကျဉ်းတဲ့ ရိုမေးနီးယားအမျိုးသားရေးဝါဒကိုပဲ ဦး တည်သွားခဲ့ပါတယ်။ အထူးသဖြင့်တော့ ဟန်ဂေရီလူနည်းစုတွေကို စိုးရိမ်တာလိုမျိုး လူစိမ်းကြောက်ရောဂါဆီ တိမ်းညွှတ်သွားခဲ့ကြပြီး ကွန် မြူနစ်လူဟောင်းတွေကပဲ အုပ်ချုပ်သူရာထူးကို ဆက်လက်ကိုင်စွဲထားနိုင်စေတဲ့ အခြေအနေမျိုးကို သက်ရောက်သွားခဲ့ရပါတယ်။ ဘူဂေးရီး ယားမှာတော့ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ အများစုပါလီမန်ဟာ လူထုအကြားပေါ်ပေါက်နေတဲ့ တူရကီလူမျိုးတွေ၊ မူဆလင်တွေအပေါ် စိုးရိမ်မှုတွေကို အာရုံစိုက်မိသွားရာကနေ တူရကီလူမျိုးပါတီတွေနဲ့ ပေါင်းစည်းပြီး တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖွဲ့နိုင်ရေး ဆောင်ရွက်နိုင်ခြင်း မ ရှိပဲ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ရှုံးနိမ့်သွားချိန်မှာတော့ တူရကီလူမျိုးတွေကို ဆန့်ကျင်ဖိနှိပ်ရေး ဆော်သြနေတဲ့ ကွန်မြူနစ်လူဟောင်းတွေရဲ့ပါတီကပဲ ပြန်လည်အာဏာရလာပြီး၊ အုပ်ချုပ်ရေးနဲ့ သတင်းမီဒီယာကဏ္ဍ တွေမှာ ဖြုတ်ထုတ်သတ်တွေကို ဆင်နွှဲပါတော့တယ်။ အရှေ့ဥရောပအပါအဝင် ကမ္ဘာတစ်ဝှန်းလုံးမှာ လူမျိုးရေးပဋိပက္ခတွေဟာ အာဏာ ရှင်စနစ်တွေကို သက်ဆိုးရှည်နေအောင် ပြုလုပ်ပေးနေပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အစပြုဖို့နဲ့၊ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ရေးတွေမှာ လူမျိုးရေးပဋိပက္ခတွေသည် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပေမယ့်၊ ဒီအခက်အခဲတွေရဲ့ သဘောသဘာဝ၊ အထူးသဖြင့် အခက်အခဲတွေရဲ့ လူ့ အဖွဲ့အစည်းတွေအတွင်း ဖွဲ့စည်းတည်ဆောက်ပုံအရ အတွင်းကလှိုက်စား တွယ်ကပ်နေပြီး လက်တံတွေဖြန့်ကျက် ရှည်လျားကျယ်ဝန်း လာပုံ၊ ကောင်းမွန်တဲ့ အကျိုးစီးပွားဆောင်ရွက် ဖော်ဆောင်မှုတွေအပေါ် ဖျက်လိုဖျက်ဆီးလုပ်တတ်ပုံ၊ အစရှိတဲ့ သဘောသဘာဝတွေနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ လေ့လာမှုမျိုးက ရှားပါးနေပါသေးတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုရဲ့ ရုတ်ခြည်းအပြောင်းအလဲတွေမှာ ပေါ်ပေါက်လာတတ်တဲ့ လူမျိုးရေးအရ အတားအဆီးတွေနဲ့ အပြောင်းအလဲအပြီး ပေါ်ပေါက်လာတဲ့ အတားအဆီးတွေဆိုပြီး အတားအဆီး နှစ်မျိုးဟာ ဆုံမှတ်တစ်နေရာကို ရောက်လာခဲ့ပါတယ်။ လူမျိုးရေးပဋိပက္ခတွေသည် အာဏာရှင်စနစ်ကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး တော့ပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ကျားကန်ပေးနေပါတယ်။ ဒါကဒီမိုကရေစီအသွင် ကူးပြောင်းမှုမှာ လူမျိုးရေပဋိပက္ခရဲ့ ကြားဝင်နှောက်ယှက်မှု ပုံစံပါ။ ဒါပေမယ့် တစ်ဘက်မှာလည်း ဒီမိုကရေစီသည် လူများစုကို အာဏာခံစားခွင့် ပေးအပ်ပြီး၊ လူနည်းစုတွေနဲ့ လူနည်းစုအာဏာပိုင်ခွင့် တွေကို ဖယ်ထုတ်ထားတာ၊ ဘေးဖယ်ထားတာတွေကို ဖန်တီးပေးနေပြန်ပါတယ်။ အဲဒီလိုပြောလို့လည်း အာဏာရှင်လည်းမကောင်း၊ ဒီမိုက ရေစီကလည်းမစွံ၊ ကံစီမံရာပါပဲလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ အချို့သော နက်နက်ရှိုင်းရှိုင်းကို သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အ တော်အသင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်တာမျိုး မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် လူမျိုးစုံပါဝင်တဲ့ ဒီမိုကရေစီတစ်ရပ် ပေါ်ပေါက်ရေးမှာ အ ထောက်အကူပေးနိုင်မယ့် အဖွဲ့အစည်းမူဘောင်တွေကို ဖန်တီးနိုင်ရေးသည် ဘာလို့များအင်မတန် ခက်ခဲနေရပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ် သက်လို့ စနစ်ကျနပြီး ကောင်းမွန်တဲ့ အဖြေတွေ၊ အကြောင်းပြချက်တွေ ရှိနေပါတယ်။

အခက်အခဲတွေ အကြောင်းကို မကြည့်ခင်၊ နက်ရှိုင်းစွာ သွေးကွဲနေကြတဲ့ လူ့အဖွဲ့အစည်းတွေကို ရှင်းရှင်းလင်းလင်း မြင်သာသွားအောင် မျဉ်းတစ်ခုရဲ့ အစွန်းဘက်မှာ အရင်နေရာချပြီး ကြည့်ကြည့်တာ ပိုကောင်းပါလိမ့်မယ်။ မျဉ်းရဲ့အစွန်းတစ်ဘက်မှာတော့ လူမျိုးစုံပဒေသာအ ဖွဲ့အစည်းကြီးတွေ ရှိနေပြီး၊ ကာလရှည်ကြာလာသည်နှင့်အမျှ မျိုးဆက်သစ်တွေဟာ အချင်းချင်း အပြန်အလှန်ပေါင်းစည်သွားကြတဲ့ အဖွဲ့ အစည်းကြီးတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အမေရိကန်နဲ့ ပြင်သစ်တို့ကို ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေပါ။ အဲဒီအစွန်းနဲ့ ကပ်လျက်မှာပဲ၊ လူမျိုးရေးပဋိပက္ခတွေ နည်းပါးတဲ့ အင်္ဂလန်၊ ဝေး၊ စကော့၊ ဗြိတိန်ထဲက အိုင်ယာလန်နဲ့ သြစတေးလျတို့လို ဒေသတွေက ရှိ နေပါတယ်။ မျဉ်းရဲ့အလယ်မှာတော့ ခုနကပြောခဲ့တဲ့ အစွန်ဘက်က လူတွေထက် အနည်းငယ်ပိုပြီး လူမျိုးရေးဆန်တဲ့ နိုင်ငံတွေ အုပ်စုရှိနေ ပါတယ်။ ဒီနိုင်ငံတွေမှာက အပြင်ကလာတဲ့ တွန်းအားတွေဟာ အတွင်းမှာ အချင်းချင်းစည်းလုံးမှုကို ဖြစ်စေပါတယ်။ လူမျိုးရေးအရပြိုင်ဆိုင် မှုထက်စာရင် (ဘာသာရေး၊ လူတန်းစား၊ မကြာခဏဆိုသလို ကြုံရတာက ပေါက်ဖွားရာနယ်မြေ အစရှိတဲ့) အခြားသော ပြိုင်ဆိုင်မှုတွေက ပိုအားကောင်းနေတတ်ပြီး ပါတီစနစ်ကိုပါ သက်ရောက်နေစေပါတယ်။ အခြားပြိုင်ဆိုင်မှုတွေဟာ လူမျိုးရေးပြဿနာနဲ့ယှဉ်ရင် ပိုပြီးအား ကောင်းနေမှုကြောင့် ပါတီတွေအနေနဲ့ သူတို့ရဲ့အစီအစဉ်တွေမှာ တန်းစီလိုက်ရင် လူမျိုးရေးပြဿနာက အလိုလိုနောက်တန်းရောက်သွား ပါတယ်။ ဒီလိုနဲ့ပဲ၊ ပါတီနိုင်ငံရေးသည် လူမျိုးရေးပဋိပက္ခကို ကိုယ်စားမပြုနိုင်တော့ပါဘူး။ ဒီလိုနိုင်ငံမျိုးတွေထဲမှာဆိုရင် ဆွစ်ဇလန်၊ ကနေဒါ နဲ့ ဘယ်ဂျီယံတို့ ပါဝင်ပါတယ်။ ထူးခြားတာက ဒီနိုင်ငံတွေ အားလုံးဟာ ဖက်ဒရယ်နိုင်ငံတွေပါပဲ။ ဒါကမျဉ်းရဲ့အလယ်မှာရှိတဲ့ အုပ်စုပါ။ မျဉ်း ရဲ့အစွန်းတစ်ဘက်မှာတော့ သွေးကွဲနေသူတွေ ရှိပါတယ်။ ဒီသွေးကွဲနေတဲ့ နိုင်ငံတွေကို ဖွဲ့စည်းပုံအရ အားသာချက်ရှိနေတဲ့ ဆွစ်ဇလန်၊ ကနေဒါတို့လို နိုင်ငံမျိုးတွေနဲ့ တတန်းတစားတည်း သွားထားဖို့ဟာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့်တော့ တောင်ပိုင်းအိုင်ယာလန်တို့ သီရိ လင်္ကာတို့လို မွေးကတည်းကပါလာတဲ့ လူမျိုးဟာ အခြားလူမျိုးအဖြစ် ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ နေရာဒေသတွေမှာ ဖြစ်ပါတယ်။ ဒီနေရာတွေ မှာ (ဘာသာရေး၊ လူတန်းစားတို့လို) အခြားသော အကွဲအဟတွေက အားကုန်နေတာပဲဖြစ်ဖြစ်၊ အစိတ်စိတ်အမွှာမွှာ ကွဲနေတာပဲဖြစ်ဖြစ် အားပျော့ပျက်ပြယ်နေပြီး၊ နိုင်ငံရေးပါတီတွေအနေနဲ့ လူမျိုးရေးအကွဲအပြဲကိုပဲ အာရုံစိုက်နေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒီလိုနိုင်ငံ မျိုးတွေအဖို့ ဒီမိုကရေစီသည် အမြဲတစေခက်ခဲနေတတ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရသည့် အတားအဆီးများ

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မစတင်နိုင်မီ၊ ဒီအသွင်ကူးပြောင်းမှုကို အစိုးရဟောင်းအနေနဲ့ လက်ခံသည်ဖြစ်စေ၊ အကယ်၍ လက်မခံခဲ့ လျှင် အတင်းဖိအားပေးရသည်ဖြစ်စေ ပြုပြင်ပြောင်းလဲလာအောင် အရင်လုပ်ယူရပါတယ်။ အဲဒီအခါမှာ အောင်နိုင်သူတွေဟာ သူတို့အချင်း ချင်းကြားထဲမှာကိုပဲ ဒီမိုကရေစီကို ပြန်လည်ဖြန့်ဖြူးကြရပါတယ်။ လူမျိုးရေးပဋိပက္ခတွေရဲ့ သိမ်မွေ့မှုက ထူထောင်ဖွဲ့စည်းပြီးသား အုပ်ချုပ် မှုရဲ့ ပိုနေမြဲကျားနေမြဲအနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုမှုနဲ့ ပေါင်းစည်းမိသွားပြီး အုပ်ချုပ်သူတွေအနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအပေါ် လမ်းဖွင့်ပေးမှုတွေကို ဆက်လုပ်ချင်စိတ် မရှိတော့အောင် ပိတ်ပင်တားမြစ်သလို ဖြစ်နေတတ်ပါတယ်။ လက်ရှိ အုပ်ချုပ်သူတွေအပေါ် အတိုက်အခံပြုနေသူတွေရဲ့ စိတ်ထဲမှာပင်လျှင် ယခင်အာဏာရှင်လက်ထက်မှာ ရှိနှင့်ခဲ့ပြီးသား ပိုနေမြဲကျားနေမြဲ ထက်တောင်မှ ပိုမိုဆိုးရွားတဲ့ ဖြစ်တန်ရာသည်တွေကို မြင်လာမိတတ်ပါတယ်။ ဆိုခဲ့ပါ ဖြစ်တန်ရာသည်တွေဟာ ဒီမိုကရေစီအသွင်ကူး ပြောင်းရာမှနေ ကျွဲကူးရေပါဆိုသလို ပါဝင်လာသည်များ ဖြစ်နေတတ်ပြန်သည်။ တစ်ဘက်ကပြန်ကြည့်လျှင်၊ လူမျိုးရေးအရ ခွဲခြားမှုတွေ ရှိ နေသည့် အစိုးရတစ်ရပ်သည်၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများမှတဆင့်၊ ပြိုင်ဘက်လူမျိုးစုများ အာဏာရလာမည်ကို မလိုလားသည့်အ တွက် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်မှုမှာ တုံ့နှေးနေမည်ဖြစ်သည်။ အကယ်၍ အသွင်ကူးပြောင်းမှုဟာ လူမျိုးရေးနဲ့နွယ်တဲ့ တော် လှန်ပုန်ကန်မှုတွေရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာခဲ့လျှင်မူ၊ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ပြိုင်ဘက်လူမျိုးစုတွေရဲ့ အမြင်မှာ အမြင်မကြည်စရာ ဖြစ်နေတတ်ပါတယ်။ ပြိုင်ဘက်လူမျိုးစုတွေရဲ့ အမြင်မှာက အသွင်ကူးပြောင်းမှုကို လုပ်ခဲ့တဲ့ လူမျိုးစုဟာ ဒီမိုကရေစီအ စိုးရ သစ်တစ်ရပ်ကို ဖွဲ့စည်းလာပြီး အခြားလူမျိုးစုတွေအပေါ်မှာ လွှမ်းမိုးမှုတွေ လုပ်လာနေတယ်လို့ မြင်နေတတ်ကြပါတယ်။

အံ့အားသင့်စရာ အချက်ကတစ်ခုက အရှေ့တောင်အာရှဒေသမှာရှိတဲ့ အာဏာရှင်တစ်ပိုင်း (သို့မဟုတ်) ဒီမိုကရက်တစ်တစ်ပိုင်း နိုင်ငံတွေ မှာ ဒီမိုကရေစီအတွက် ရှေ့တိုးလှုပ်ရှားမှုတွေက အကြီးအကျယ်ကို မျက်နှာလွှဲခံရတဲ့ အချက်ဖြစ်ပါတယ်။ မျှခြေတစ်ခုကို အသည်းအသန် ဖမ်းဆွဲထားရတဲ့ ဒီနိုင်ငံတွေက အုပ်စိုးသူတွေအဖို့၊ မလေးရှားမှာတော့ ဒီမိုကရေစီအတော်လေး ရှိတယ်ဆိုနိုင်ပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားက တော့ သူ့နောက်နားမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ရှိနေတဲ့ လူထုရဲ့မကျေနပ်မှုတွေကတော့ ထိုင်း၊ မြန်မာနဲ့ ဖိလစ်ပိုင်တို့ရဲ့ ပြည်သူတွေရဲ့ မကျေနပ်မှု အစိုင်အခဲတွေလောက်တော့ ကြီးမနေနိုင်ပါဘူး။ မလေး၊ စင်ကာပူ၊ အင်ဒိုတို့မှာ လူမျိုးရေးအရ အသာစီးရမှု တွေ ရှိနေပေမယ့်၊ အာဏာပိုင်စိုးမှုကနေ ပါဝင်ခွင့်ရှိခြင်း၊ ဖယ်ထုတ်ထားခြင်းဆိုတဲ့ ကိစ္စက အတိုင်းအတာတစ်ခုအထိ မရေမရာအနေအ ထားပဲ ရှိနေသေးပြီး အစိုးရတွေ ကိုယ်နှိုက်ကတော့ ဒီမိုကရေစီရေး ရှေ့တိုးလာတဲ့ ခြေလှမ်းတွေကို ခိုင်ခိုင်မာမာကိုပဲ တားထားနိုင်ပါသေး တယ်။ ကမ္ဘာလုံးအနှံ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ အားကောင်းနေတဲ့ အချိန်မှာကိုပဲ၊ ဒီနိုင်ငံတွေမှာတော့ လှုပ်ရှားမှုတွေကို တွေ့ရခဲ့သလို၊ (လူနည်းစုလူမျိုးတွေကို အာဏာပိုင်ခွင့်ကနေ ဖယ်ထုတ်မှုအမြင်ကကြည့်ရင် အခြေအနေပိုဆိုးစေမယ့်) လက်ရှိအာဏာပိုင်အဖွဲ့တွေရဲ့ အပြောင်းအလဲကို တားဆီးထားနိုင်မှု အင်အားနဲ့ပတ်သက်ပြီး လူထုအမြင်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျေနပ်နှစ်သိမ့်နေအောင် ချွေး သိပ်ပေးထားနိုင်မှုတွေ ရှိနေတာ သိသာနေပါတယ်။

အာဏာရှင်နိုင်ငံတစ်နိုင်ငံမှာ လူနည်းစုလူမျိုးတွေကို ဖယ်ထုတ်ထားမှုဟာ ပိုအားကောင်းလေလေ၊ အစိုးရဟာ ပုံမှန်အားဖြင့် အပြောင်းအ လဲတွေကို ဆန့်ကျင်ဖို့ ပိုတက်ကြွလေလေ ဖြစ်ပါတယ်။ လူမျိုးရေးအရ ဖယ်ထုတ်ထားမှုတွေရှိတဲ့ အစိုးရတွေကို ကြည့်ရင် ယေဘုယျကွဲလွဲ ပုံနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက အုပ်စုနှစ်စုပဲရှိတဲ့အထဲမှာ အနိုင်ရသူလူစုက အုပ်ချုပ်တဲ့ ပုံစံပါ။ ဒီပုံစံမှာတော့ နိုင်ငံတော်လူဦးရေရဲ့ တစ် ဝက် ဒါမှမဟုတ် တစ်ဝက်ထက်များတဲ့လူစုက ကျန်တဲ့ရှိရှိသမျှလူမျိုးစုတွေအပေါ် လွှမ်းခြုံထားမှုပါ။ နောက်ပုံစံတစ်ခုကတော့ လူနည်းစုအ သာစီးရနေတဲ့ အုပ်ချုပ်သူလူစုဖြစ်ပါတယ်။ အဲဒီပုံစံမှာတော့ အရင်ပုံစံထက် ပိုကျဉ်းမြောင်းသွားပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေး ကောက်ပွဲတွေအပြီးမှာ လူနည်းစုတစ်စု၊ ဒါမှမဟုတ်နှစ်စုလောက်က စုစည်းလိုက်ပြီး ကျန်တဲ့သူတွေကို အုပ်စိုးမှုပါပဲ။ ဒီပုံစံနှစ်ခုစလုံးမှာ ဆိုရင် အခြားသော အတိုက်အခံလူမျိုးစုတွေက အာဏာရလာနိုင်စေမယ့် အပြောင်းအလဲမှန်သမျှကို အုပ်စိုးသူတွေအဖို့ အတိုက်အခံ လုပ် သွားကြဖို့ တွန်းအား ကိုယ်စီ ရှိနေကြတာချည်းပါပဲ။

အုပ်စုနှစ်စုပဲရှိပြီး အနိုင်ရတဲ့လူစုက အာဏာပိုင်တယ်ဆိုတဲ့ ပုံစံမှာဆိုရင် အစိုးရတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခါးသီးတဲ့ အတွေ့ အကြုံတွေ ရှိဖူးကြတာများပါတယ်။ သူတို့ရဲ့ပြိုင်ဘက်လူမျိုးစုပါတီတွေက သူတို့အပေါ် အသာစီးရသွားမှုတွေကို ရင်ဆိုင်ရဖူးမှာပါ။ ဒါ ကြောင့်လည်း ဒါမျိုးပြန်ကြုံရမှာမျိုးကို ဆန္ဒအနည်းငယ်ပဲ ရှိတတ်ကြပါတယ်။ ဥပမာဆိုရင် တိုဂိုနဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေကို ကြည့်နိုင်ကြပါ တယ်။ နှစ်နိုင်ငံစလုံးမှာ မြောက်ပိုင်းသားအစိုးရတွေ ရှိကြပါတယ်။ (တိုဂိုမှာက ကဘာရိုင်တွေနဲ့ ကွန်ဂိုမှာက မာဘိုချီလူမျိုးတွေပါ။) ဒီနိုင်ငံစ လုံးမှာ စစ်တပ်အာဏာသိမ်းမှုက ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်လိုက်ရင်းကနေ အစိုးရတွေက အာဏာရလာကြတာချည်းပဲ ဖြစ်ပါတယ်။ အစိုးရနှစ်ရပ်စလုံးအနေနဲ့ သူတို့ရဲ့ တောင်းပိုင်းသား အ တိုက်အခံတွေအပေါ်မှာ ဒီမိုကရေစီနည်းကျ အာဏာခွဲဝေပေးဖို့ စိတ် ကူးမျိုး မရှိကြပါဘူး။ (တိုဂိုမှာ တောင်ပိုင်းသားတွေက အီဝီလူမျိုးတွေ ဖြစ်ပြီး၊ ကိုဂိုမှာတော့ တောင်ပိုင်းသားတွေက လာရီလူမျိုးတွေပါ။) လက်တွေ့မှာလည်း အစိုးရနှစ်ရပ်စလုံးအနေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် တွေကို ကဖျက်ယဖျက်လုပ်ဖို့ကိုပဲ ခြေလှမ်းပြင်ခဲ့ကြပါတယ်။

အခု Democratic Republic of the Congo ဆိုပြီးဖြစ်နေတဲ့ ဇိုင်ယာလို နိုင်ငံမျိုးမှာဆိုရင် လူနည်းစုအသာရမှုရှိခဲ့ပြီး အစိုးရတွေက ဒီမိုက ရေစီအသွင်ကူးပြောင်းမှုတွေကို တားဆီးဖို့အတွက် ပိုပြီးကြမ်းတမ်းလွန်းတဲ့ နည်းလမ်းတွေကို အသုံးချဖို့ စိတ်ကူးရှိနေတတ်ပါတယ်။ အ တော်များများက ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို ကဖျက်ယဖျက်တွေ အကြီးအကျယ်လုပ်တတ်ကြပါတယ်။ ကင်ညာမှာ ဆိုရင်လည်း ကာလန်ဂျင်လူမျိုးတွေ ဦးဆောင်နေတဲ့ လူနည်းစုအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ဖိအားကြောင့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲတစ်ခုကို ကျင်းပါပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တာဝန်ယူထားဆဲ သမ္မတ Daniel arap Moi ကတော့ အတိုက်အခံတွေ အပေါ် ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ လူမျိုးရေးခွဲခြားတာတွေကို ပေါင်းစပ်အသုံးပြုရင်း၊ သမ္မတရွေးကောက်ပွဲမှာရော၊ ပါလီမန်မှာ လူ များစုနေရာရဖို့မှာပါ မဲတဲ့ရဖို့အတွက် သူ့ကိုယ်ပိုင်လူမျိုးစုကိုရော၊ အခြားသေးငယ်တဲ့ လူနည်းစုလူမျိုးတွေရဲ့ မဲတွေကို အများအပြား ရယူခဲ့ ပါတယ်။ ရလဒ်အနေနဲ့ကတော့ နိုင်ငံရဲ့ အကြီးဆုံးလူမျိုးစု နှစ်စုဖြစ်တဲ့ ကီကူယူနဲ့ လူအိုလူမျိုးစုတွေကို ဘေးဖယ်ထားနိုင်ခဲ့ပါတယ်။ အဲဒီလို ပဲ ကင်မရွန်းရဲ့ သမ္မတ Paul Biya ဟာလည်း ဘီတီနဲ့ ဘူလူ လူမျိုးစုတွေရဲ့ အဓိကထောက်ခံမှုနဲ့ အစိုးရဖြစ်လာခဲ့ပေမယ့် ကျန်တဲ့လူမျိုးစု တွေရဲ့ ဆန့်ကျင်တာကို ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပချိန်မှာ လူမျိုးရေးအရ ခွဲခြားမှုတွေဖြစ်ပွားလာပြီး အဓိကပါတီက ရွေးကောက်ပွဲ ကို သပိတ်မှောက်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ပဲ Biya အနေနဲ့ သူ့ပါတီကဦးဆောင်တဲ့ ဥပဒေပြုညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို၊ သမ္မတရွေး ကောက်ပွဲမှာလည်း မဲအများစုကို ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဓိကအတိုက်အခံတွေအပေါ် ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ ပါတော့တယ်။ ဒီလိုနဲ့ပဲ ရွေးကောက်ပွဲလုပ်ခဲ့ပေမယ့် လူနည်းစုတွေကပဲ ဦးစီးနေတဲ့ အာဏာရှင်အစိုးရကပဲ ဆက်လက်အသာစီး ရခဲ့ရပါ တော့တယ်။ နောက်တစ်ခုက ဂါနာပါ။ ဂါနာမှာတော့ စစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ Jerry Rawlings က သမ္မတရာထူးကို ရခဲ့ပါတယ်။ သူ့ ကိုယ်ပိုင်လူမျိုးစုဖြစ်တဲ့ အီဝီတွေ ကြီးစိုးတဲ့ဒေသတွေမှာ ၉၃% အထိ မဲတွေရခဲ့ပေမယ့်၊ အတိုက်အခံလူမျိုးစုဖ်ြစတဲ့ အာရှန်တီတွေရဲ့ ဒေသ မှာတော့ မဲသုံးပုံတစ်ပုံတောင် မရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဂိုဏ်းကွဲမှုတွေ ဖြစ်လာရပြန်ပါတယ်။

ဒါပေမယ့် ဝမ်းသာစရာက အခုလို ကဖျက်ယဖျက် ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာတော့ အောင်ပွဲမခံနိုင်ပါဘူး။ ဘီနင်နဲ့ ဇန်ဘီယာတို့မှာဆို ရင် လူနည်းစုအစိုးရတွေက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ လူထုရဲ့တောင်းဆိုချက်ကို မငြင်းဆန်နိုင်ခဲ့သလို၊ တကယ်တမ်း ရွေးကောက်ပွဲကျင်းပရာမှာလည်း ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေဟာ ချွင်းချက်တွေပါ။ ဒီလောက်အချက်လောက်နဲ့တော့ လူမျိုးစုဒီမို ကရေစီ ထူထောင်ရေးပြဿနာရဲ့ သရုပ်သကန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ မရှိသေးပါဘူး။

လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုအများစုဟာ လူမျိုးရေးခွဲခြားမှုရှိနေတဲ့ အစိုးရတွေကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေ ဖြစ် နေတတ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှု မရချိန်မှာတော့ နောက်ပြန်ဆွဲမှုတွေ ဖြစ်လာစေပြီး၊ ဒီမိုကရေစီအလားအလာတွေကို အား ကောင်းလာစေမယ့်အစား၊ ပိုမိုဆုတ်ယုတ်အားနည်းသွားစေပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လာရင် သီရိလင်္ကာ၊ ဆူဒန်နဲ့၊ မြန်မာတို့ကို ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူမျိုးရေးနဲ့နွယ်တဲ့ တော်လှန်ပုန်ကန်မှုတွေဟာ အစိုးရအဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အပေါ် စိုးရိမ်နေစေဖို့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေပါတယ်။ တကယ်လို့ တော်လှန်ပုန်ကန်မှုတွေ အနိုင်ရတယ်ပဲ ထား ဦး၊ ဒါမှမဟုတ် အပြတ်အသတ် အနိုင်မရတောင် အစိုးရကို လိုက်လျောလာသည်အထိ ဖိအားပေးနိုင်သည်ပဲ ထားဦး၊ ရလဒ်တွေက ဒီမိုက ရေစီ လိုလားသူတွေအဖို့ စိတ်ပျက်စရာကောင်းနေတတ်ပါတယ်။ လိုက်ဘေးရီးယားနဲ့ ဆိုမာလီယာတို့မှာ လူမျိုးရေးနဲ့နွယ်တဲ့ တော်လှန်ပုန် ကန်မှုတွေက အောင်မြင်ခဲ့ပေမယ့် ရှေ့ဆက်ပြီး လူမျိုးရေးအရ အကြမ်းဖက်မှုတွေနဲ့ စစ်မက်တွေသာလျှင် ဆက်ဖြစ်လာစေခဲ့ပါတယ်။ ဇန် ဘာဘွေမှာတော့ မျိုးချစ်တပ်ဦးအဖွဲ့က အနိုင်ရခဲ့ပြီးတဲ့နောက်၊ လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့ပေမယ့်၊ ရှိုနာလူမျိုးတွေ ဦးဆောင်တဲ့ Robert Mugabe အစိုးရဟာ Joshua Nkomo ဦးဆောင်တဲ့ အတိုက်အခံ နဒီဘယ်လီလူမျိုးတွေအပေါ် စစ်မက်ပြုခဲ့ပြီး အဆုံးသတ်မှာ တော့ Nkomo တို့ဘက်က အရှုံးပေးခဲ့ရရင်း တစ်ပါတီအာဏာရှင်နိုင်ငံအဖြစ်ကို ကျရောက်သွားခဲ့ရပါတယ်။ အာဖဂန်ပြည်တွင်းစစ်မှာဆို ရင်လည်း၊ မြောက်ပိုင်းက တာဂျစ်တွေ၊ ဥဇဘက်တွေနဲ့ တောင်ပိုင်းက ပထန်တွေအကြား ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး၊ နှစ်ဘက်စလုံးက ဒီမိုက ရေစီအရေး လိုလားမှုတွေ မရှိကြပါဘူး။ တာဂျစ်ကစ္စတန်မှာလည်း ဒီလိုရလဒ်မျိုးပါပဲ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးတဲ့နောက် သိပ်မကြာ လိုက်ပဲ လူမျိုးရေးအရ ကွဲပြားနေကြတဲ့ အုပ်စုတွေအချင်းချင်း သွေးချောင်းစီသတ်ပွဲတွေကို ဖြစ်ပွားစေခဲ့ပါတယ်။ လက်နက်ကိုင် ပုန်ကန် တော်လှန်မှုတွေဟာ ဒီမိုကရက်တစ် အဖွဲ့အစည်းမူဘောင်တွေ တည်ထောင်မှုမှာ အားကောင်းတဲ့ အထောက်အပံ့တွေ မဟုတ်ပါဘူး။

တကယ့်ကို အခွင့်သာတဲ့ အခြေအနေတွေမှာတောင်မှပဲ၊ အာဏာရှင်တွေကို စစ်မြေပြင်မှာ အနိုင်ရလိုက်ခြင်းဟာ အနိုင်ရလိုက်တဲ့ ပုန်ကန် သူတွေအနေနဲ့ သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အောင်အောင်မြင်မြင် လုပ်နိုင်စေမယ်လို့ အာမခံ ချက်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ဒီလိုအနေအထားမျိုးကို အီသီယိုးပီးယားမှာ တွေ့နိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်လိုမှု၊ ဒီမိုက ရေစီကို လိုလားမှုတွေကို အဲဒီနေရာမှာ တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်သူ အုပ်စုကြီး သုံးခုအနက်က နှစ်ခုဖြစ်တဲ့ တီဂရာရန် တွေနဲ့ အိုရိုမိုတွေဟာ တတိယမြောက်လူမျိုးစုဖြစ်တဲ့ အီရစ်ထရီယံတွေကို သီးခြားနိုင်ငံခွဲထွက်ခွင့် ပေးမယ်လို့ သဘောတူခဲ့ပါတယ်။ ကျန်ခဲ့ တဲ့ အုပ်စုနှစ်စုကတော့ နိုင်ငံရဲ့ ခေါင်းဆောင်အသစ်အနေနဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုကို ထူထောင်ပြီး ကျန်တဲ့ လူနည်းစုလူမျိုးတွေအတွက် လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတော်အသင့် ပေးသွားနိုင်ဖို့ ရည်ရွယ်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အိုရိုမိုလူမျိုးစုခေါင်း ဆောင်တွေအနေနဲ့ အရင်ကပါတနာဖြစ်ဖူးတဲ့ တီဂရာရန်တွေသည် ၁၉၉၂ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲလာပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံထဲမှာ အကြီးဆုံးလူမျိုးစုဖြစ်တဲ့ အိုရိုမိုလူမျိုးတွေက နောက်ထပ် ပုန်ကန်မှုအသစ်ကို စလုပ် တော့တာပါပဲ။ အိုရိုမိုတွေ ညွှန့်ပေါင်းအဖွဲ့က ခွဲထွက်သွားခြင်းဟာ ကျန်တဲ့သူတွေကို ဘာမှကြိုတင် ညှိနှိုင်းမှုမရှိပဲ တစ်ဘက်သက်ဆန္ဒနဲ့ လုပ်သွားတာပါ။ ဒီလိုနဲ့ပဲ တီဂရာရန်တွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေက ပါလီမန်မှာ ၉၀% ကျော် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးဇာတ်ပေါင်း ချိန်မှာတော့ အီသီယိုးပီးယားမှာ အပြန့်ကျယ်တဲ့ လူမျိုးရေးတော်လှန်ပုန်ကန်မှုတွေကနေတဆင့် တီဂရာရန်လူမျိုးတွေ ကြီးစိုးထားတဲ့ လက်နက်ကိုင်တပ်တွေ ပေါ်ပေါက်လာပြီး နိုင်ငံသည်လည်းပဲ သေးငယ်တဲ့ လူနည်းစုကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ကျ ရောက်သွားခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါမျိုးရလဒ်မျိုးဟာ တော်လှန်ပုံကန်မှုတွေ မရှိပဲနဲ့လည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို မြင်ရပါဦးမယ်။

(ဆက်ပါဦးမယ်...) Giacomo

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...