Sunday, January 2, 2011
ကြေကွဲဖွယ် ဈာပနပွဲ
ဒီအကြောင်းအရာတွေက ပက်စ်စီတစ်ပုလင်းကို ပိုက်ဆံအစိတ်ရှိရင် သောက်လိုရခဲ့တဲ့ အချိန်တုန်းက ဖြစ်ခဲ့တာတွေ။ အဲဒီအချိန်တုန်းကဆိုရင် လမ်းပေါ်ထွက် ကြည့်လိုက်ရင် မီးစတန်းလန်းနဲ  အုန်းဆံကြိုးတွေကို ကွမ်းယာဆိုင်တွေမှာ တွေ့ရဦးမယ်။ ညနေဖက် TV ဖွင့်ကြည့်ရင်လည်း ရေခဲရေသောက်ချင်ရင် ဒီကိုလာ၊ အိမ်လိုချင်ရင်  ကြည်စိုး(I.C) ဆီသွားဆိုတဲ့ မတူးကြီးရဲ့အသံကို  ကြားရဦးမယ်။ 
သာမရိုးကျ ဝန်ထမ်းလင်မယားတစ်စုံ။ သူတို့နေကတော့ ဖဆပလထဲမှာ။ သူများတွေအိမ်ခန်းရဲ့ Master Bedroom ကို ပြန်ငှားပြီးတော့ နေနေကြတာ။ ကိုယ့်အိမ်ခန်းထဲကို ဝင်မယ်ဆိုရင် သူများတွေ ဧည့်ခန်းကြီးကို ဖြတ်လာပြီးတော့မှ ရောက်တယ်။ ဒီနေရာမှာပဲ ထမင်းချက်၊ ဒီနေရာမှာပဲစား၊ ဒီမှာပဲအိပ်၊ ဒီမှာပဲရေချိုး၊ ဒီမှာပဲအိမ်သာတက်၊ ဒီမှာပဲဘုရားရှိခိုး။ 
အဲဒီအိမ်က ရေချိုးခန်းက ရယ်ရတယ်။ တစ်ယောက်ယောက် ရေချိုးနေရင် ဘယ်သူမှ အိမ်သာမတတ်ရဲဘူး။ ရေချိုးခန်းနဲ အိမ်သာနဲက တစ်ဆက်ထဲရယ်။ ဧည့်သည်ဆောင်သည်လာရင် အရမ်းဒုက္ခရောက်တယ်။ ဒါပေမယ့်လည်း သူတို့ဟာနဲ သူတို့တော့ အဆင်ပြေလှတယ်လို့ မဟုတ်တောင် နေလိုတော့ဖြစ်နေသေးတယ်။ 
ဒီလိုနဲ့  သူတို့တွေထဲကို ကောင်မလေးတစ်ယောက် ထပ်ရောက်လာတယ်။ ကောင်မလေးကိုယ်ဝန်ကို သူတို့လိုချင်လို့ တမင်ပြင်ဆင်ပြီး ယူခဲ့တာမဟုတ်ဘူး။ ကောင်မလေးအမေ ပြောသလိုပြောရရင် စောက်ပလုပ်တုတ်ဖြစ်ပြီး ရသွားတာ။
အဲဒီနေ့က သူတို့လင်မယားနှစ်ယောက် ဈေးသွားကြတယ်။ လမ်းမှာ မိန်းမလုပ်တဲ့သူက မူးလဲပါလေရော။ ဗမာရပ်ကွက်တွေ ထုံးစံအတိုင်း တစ်ခုခုဖြစ်တယ်ဆိုရင် လူတွေက ဝိုင်းအုံလာကြရော။ အဲဒီအထဲကမှ မိန်းမခပ်ငယ်ငယ်တစ်ယောက်က ကောင်မလေးအမေကိုကြည့်ပြီး အစ်မမျက်နှာတွေ ဖြူနေတာပဲ ဒါသောက်လိုက်ဆိုပြီး အဲဒီတုန်းက ရပ်ကွက်ထဲက လူတွေက အညိုတောင့်ကြီးလို့ ခေါ်နေကြတဲ့ မိန်းမအားဆေးတစ်တောင့် ထုတ်တိုက်တယ်။ ဒါ တော်ရုံတန်ရုံစေတနာနဲ့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီဆေးက သူ့ခေတ်သူ အခါတုန်းက အရမ်းဈေးကြီးတဲ့ဆေး။
 ဒီလိုနဲ့ပဲ ဆိုက်ကားငှားပြီး ဆေးခန်းပြေးတော့ ဆရာဝန်က ကောင်မလေးအဖေကို ပြောတယ်။ ခင်ဗျားမိန်းမမှာ ကိုယ်ဝန်ရှိတာထင်တယ်။ ဆီးသွားစစ်လိုက်ပါဆိုတော့ နောက်တစ်နေ့လည်းကြရော သူတို့ယောက္ခမတွေရှိတဲ့ မဂိုလမ်းက အေးဆေးတိုက်မှာပဲ သွားစစ်ဖြစ်လိုက်တယ်။ တစ်ခုခုဆေးစစ်ရင် positive ဆိုရင် လန့်နေရတဲ့ခေတ်ကြီးမှာ result လည်းတွေ့ရော ကောင်မလေးအဖေက မျက်စိမျက်နှာပျက်သွားလို့  ဆေးခန်းက သူနာပြုဆရာမလေးကတောင် ဟာ…အစ်ကို ဒါ ဝမ်းသာရမယ့်ကိစ္စလေလို့ လှမ်းသတိပေးလိုက်ရသေးတယ်။ 
တစ်ခါ ကိုယ်ဝန်နည်းနည်းရင့်လာတော့ မိုးတွေအရမ်းရွာနေတဲ့နေ့ကြီး။ သူတို့ လင်မယားနှစ်ယောက် ရုံးကနေ ခြင်းတောင်းကိုယ်စီနဲ့  ပြန်လာကြတယ်။ လက်ထဲမှာလည်း ထီးတစ်ယောက်တစ်လက်နဲ့။ သူတို့ဆောင်းတဲ့ထီးက တရုတ်ကလာတဲ့ ခိုထီးအတုကို ဆောင်းထားတာ။ အတုနဲ အစစ်ဘာကွာလဲဆိုတော့ အစစ်ရဲ့လက်ကိုင်ကလေးထောင့်၊ နောက်ပြီးတော့နီညိုရောင်နဲ့  Dove ဆိုတဲ့စာတန်းနဲ့ ခိုပုံကလေးပါတယ်။ အတုရဲ့လက်ကိုင်ကကြတော့ မီးပုံးပျံပြောင်းပြန်ပုံ လုံးလုံးကြီးနဲ့အလယ်မှာ အနီရောင်လိုင်းတစ်လိုင်းပါတယ်။ 
အဲဒီလို လမ်းလျှောက်လာနေတုန်း လေပြင်းပြင်းတစ်ချက်တိုက်လိုက်တော့ လေတိုက်တဲ့နောက် ထီးကပါသွားသလို လမ်းကလည်း ရွှံ့တွေနဲ့ချောနေလို့  ဗိုက်ကြီးသည်က ချော်လဲပါလေရော။ ဘာမှသိပ် ကြီးကြီးကျယ်ကျယ် မဖြစ်သွားပေမယ့် ကောင်မလေးအမေရဲ့ တံတောင့်ဆစ်မှာ သေရာပါအမှတ်ကြီး ဖြစ်ကျန်ခဲ့တယ်။ အမာရွတ်ဆိုတာက ဟိုးအရင်တစ်ချိန်တုန်းက ပြင်းပြင်းထန်ထန် နာကျင်ခံစားခဲ့ရတယ်ဆိုတာရဲ့ အမှတ်အသားပဲ။ 
မိန်းမလုပ်တဲ့သူရဲ့ညီမက သူ့တုန်းကဝတ်ခဲ့တဲ့ ဗိုက်ဖုံးအကျ အဟောင်းတွေကို ပေးတယ်။ အိုဂျီနဲ့လည်း လိုက်အပ်ပေးတယ်။ အိုဂျီက သူ့ခေတ်သူ့အခါတုန်းက နာမည်ကြီးအိုဂျီပဲ။ ဒီလိုနဲ့ပဲ ကောင်မလေးကို မွေးတယ်။ GEC မှာတန်းစီပါ ဆိုတဲ့ခေတ် လင်မယားနှစ်ယောက် တစ်ယောက်ကို လက်တိုဂျင်တစ်ဘူးစီရတယ်။ အိမ်ထောင်သည် ဆန်ဆယ့်လေးပြည်နဲ့ နှစ်ယောက်စာ နှစ်ဆယ့်ရှစ်ပြည်ရတယ်။ ကောင်မလေးကိုမွေးတော့ သူ့အမေလုပ်သူက တော်တော်အသက်ကြီးနေပြီ။ သုံးဆယ့်ရှစ်နှစ်ကျော်နေပြီ။ အဲဒီတော့  နို့ကကောင်းကောင်း မထွက်တော့ဘူး။  နို့မထွက်တော့ ဝအောင်လည်း တိုက်လို့မရသလို ကလေးကလည်း အားစိုက်စို့ရလို့ သိပ်မစို့ချင်ဘူး။
နောက်ခွင့်ရက်ကလည်း လေးဆယ့်ငါးရက်ပဲရတာ။  ပြီးတာနဲ့  ရုံးဆက်တက်ရရော။ ဒီလိုနဲ့ သူ့အဓိက အဟာရက နို့ဘူးဖြစ်လာတယ်။ ကောင်မလေးက နို့ဘူးအရမ်းကြိုက်တယ်။ နို့ဘူးမှနို့ဘူးပဲ။ အလုပ်ကရတဲ့ လက်တိုဂျင်နှစ်ဘူးက မလောက်တော့ဘူး။ နွားနီကူလာရတယ်။ နောက်ပိုင်းကြတော့  နွားနီတောင်မှ ကောင်းကောင်းမလောက်ချင်တော့ဘူး။
အဲဒါနဲ့ပဲ ကောင်မလေးအဖွားရဲ့ ရွှေဉာဏ်တော်စူးရောက်ပြီးတော့ အကြံပေးချက်အရ နို့ဘူးဖျော်နည်း နိသဿသရည်းထဲက recipe ထဲမှာ သကြားနည်းနည်းဆိုတာက နေရာဝင်ယူလာတယ်။ ဒါတောင်မှ  လတစ်လရဲ့နှစ်ဆယ့်သုံး နားကပ်လာရင်  နွားနီတောင် နပ်မမှန်ချင်တော့ဘူး။
ဒီတော့လည်း နို့မှုန့်ဖိုး ပြတ်သောမခက်လော၊ ဤနည်းသိလျှင် မလွယ်လောပေါ့။အိမ်နားက အိမ်ဆိုင်လေးတွေမှာ ကလေးတွေ အပျင်းပြေစားဖို့ဆိုပြီးတော့ ထုတ်ထားတဲ့ တစ်ကျပ်တန်၊ နှစ်ကျပ်တန် နို့မှုန့်အထုတ်ကလေးတွေကို ရေနွေးထဲထည့်ဖျော်၊ ပူနေသေးလားလို့ လက်ဖမိုးပေါ် အစက်ချပြီးစမ်းကြည့် အေးပြီဆိုတာနဲ့ ကလေးပါးစပ်ထဲ ထိုးထည့်လိုက် အငိုတိတ်ကရောပဲ။ 
တစ်ခါကတော့ ရောင်းတဲ့သူကပဲ မှားပေးလိုက်တာလားမသိဘူး။ နို့မှုန့်ဆိုပြီးဝယ်လာလိုက်တာ ရေနွေးနဲ့ရောပြီး ဖျော်ကြည့်လိုက်ရော ပဲမှုန့်ဆန်မှုန့်တွေလိုမျိုး ပျစ်ခဲခဲကြီးဖြစ်သွားတယ်။ ဒါပေမယ့် ဘာပဲပြောပြော ညညတွေဆိုရင် ကလေးငိုသံရဲ့နောက်မှာ ကတောက်ကတောက်ဆိုတဲ့ အသံပါလိုက်လာနေကြ ဖြစ်နေပြီ။ သူတို့အိမ်ထဲကို ဝင်လိုက်ရင် ဝိုင်အိုလက်အနံ ကလေးက သင်းနေတတ်တယ်။ 
အခုအချိန်အထိ အဲဒီတုန်းက ဗူးခွံအဟောင်းလေးကို အရောင်တင်မှုန့်ထည့်တဲ့ဘူး လုပ်ထားလို့ ကြောင်အိမ်ထဲမှာ သွားကြည့်ရင်တောင် တွေ့ရဦးမှာ။ ကောင်မလေး နည်းနည်းကြီးလာတော့ ကုလားပဲမှုန့်ရယ်၊ ဆန်မှုန့်ရယ်ကို စက်မှာသွားကြိတ် ပြီးတော့ ရေနွေးနဲ့ ဖျော်ပြီးကျွေးတယ်။ ဘာကလေးအဟာရမှုန့်မှ မလိုဘူး။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးထဲဆိုတာက ဆောင်ပုဒ်လေ။ ဆောင်ပုဒ်တွေနဲ့ လက်တွေ့ကြ တကယ်တမ်း အလုပ်မဖြစ်ဘူး။
နောက်သိပ်မကြာဘူး ကောင်မလေးအမေ ရုံးစတတ်တော့ ကောင်မလေးကို အိမ်နားက ကလေးထိန်းတဲ့အိမ်မှာ သွားပို့ထားလိုက်ရတယ်။ ကလေးထိန်းခက တစ်လကိုလစာအပြင်  ရုံးကရတဲ့ ဆီငါးဆယ်သားနဲ  ရွှေဝါဆပ်ပြာနှစ်တောင့် အဆစ်ပေးရသေးတယ်။ 
ဒီလိုနဲ့ပဲ ခြောက်လခုနှစ်လောက်ရှိလာတော့ ကလေးထိန်းတဲ့အိမ်ကသူတွေက ဝိုင်းပြောကြတယ်။ သူများကလေးတွေ ခေါင်းထောင်တဲ့အရွယ်ရောက်နေပြီ ဒီကလေးမလေးက အခုအထိ ခေါင်းမထောင်သေးပါလား ဆိုပြီးတော့။ ဒါပေမယ့် သိပ်တော့စိတ်မပူမိဘူး ခုလောလောဆယ်မှာက ခေါင်းထောင်တာ မထောင်တာ ဆိုတာထက် အရေးကြီးတာတွေအများကြီးရှိတယ်။
သူတို့တွေ ထမင်းစားကြတော့ ဆန်က ရုံးကနေပေးတယ်။ ရုံးကရတဲ့ဆန်ကို ကောင်မလေးအဖေက ထုတ်ထားပြီးတော့ ယောက္ခမတွေအိမ်မှာ ခဏသွားထား၊ စနေတနင်္ဂနွေကျမှ အိမ်ပြန်သယ်တယ်။ သူတစ်ယောက်တည်း အဲ့ဒီဆန်နှစ်ဆယ့်ရှစ်ပြည်ကိုထမ်းပြီး ဘတ်စ်ကားနဲ့  အိမ်ကိုသယ်တယ်။ အိမ်ပြန်ရောက်ရင် သူ့မိန်းမက ပလတ်စတစ်ကြီးကိုခင်း စကောနှစ်ချပ်၊ စကာတစ်ချပ်ကိုချ၊ မျက်နှာမှာနင်ဂျာတွေလို အဝတ်နဲ့စီးပြီး ဆန်ပြာတော့တာပဲ။ 
အဲ့ဒီဧည့်မထဆန်ကို တစ်ခါတစ်လေ အဝါရောင်မြက်သီးလေးတွေနဲ  တူတူရော ပြီးတော့စားတယ်။ ထွက်လာတဲ့ဆန်ကွဲကိုတော့ လမ်းတကာလှည့်ပြီး ဆန်ကွဲဝယ်တဲ့သူတွေကို ပြန်ရောင်းတတ်တယ်။ အဲဒီဆန်ကွဲဝယ်တဲ့သူတွေက အရမ်းသနားဖို ကောင်းတယ်။ အိမ်ကထွက်လာတုန်းက ပေါ့ပေါ့ပါးပါးနဲ့  နောက်တော့တဖြည်းဖြည်း ဇက်ကျိုးမတတ်လေးတဲ့အိတ်ကြီးကို တစ်လမ်းဝင်တစ်လမ်းထွက် ရွက်ပြီးသွားရတယ်။ ဖွဲပြာရောင်းတဲ့သူတွေကတော့ ကောင်းတယ်ဆိုမလား။ ထွက်လာတုန်းကသာ တောင်းကြီးအကြီးကြီးနဲ့အပြည့်  တစ်နေကုန်လည်း ရောင်းလိုက်ရော တဖြည်းဖြည်းလျော့သွားရော။
တစ်ခါတစ်လေကြတော့လည်း သူတို အကြော်ဝယ်နေကြ အကြော်ဆိုင်မှာ ကိုယ်တိုင်သွားပြီး ဆန်ကွဲကို ပြန်ရောင်းတယ်။ သယ်ရတာတော့ ပင်ပန်းပေမယ့် ပိုက်ဆံနည်းနည်းပိုရတယ်။  သူတို့ဝယ်နေ ကြ အကြော်ဆိုင်လို့သာပြောရတယ် သူတို့ကအကြော်ကို ဝယ်တယ်၊ မဝယ်ဘူး ပြောဖို့ နည်းနည်းခက်တယ်။ 
သူတို့အကြော်ဝယ်တဲ့ပုံစံက အကြော်ကိုဝယ်တာ မဟုတ်ဘူး။ အကြော်ကြော်ရင်း ပဲ့ပဲ့ထွက်သွားတဲ့ မုန့်နှစ်ကလေးတွေကို ကြော်တဲ့သူက တူးသွားမှာစိုးလို  ဆယ်ပြီးပုံထားတာကို ပြန်ဝယ်တာ။ အဲဒီအကြော်အကြေလေးတွေနဲ့  ထမင်းကို အချဉ်ရည်နဲ လူးပြီးစားတယ်။ အရင် လင်မယားနှစ်ယောက်ထဲရှိတုန်းက ရုံးကဆန်ကို ပြန်ရောင်းပြီး ဆန်ကောင်းဆိုရုံဆန်မျိုး ဝယ်စားလေ့စားထရှိပေမယ့် အခုကြတော့  ရုံးထမင်းဘူးကလွဲလို  အိမ်မှာရုံးဆန်ပဲစားရတယ်။ သူတို့ကအဲဒါကို နန်းတော်ထဲက ပုစွန်တုပ်ကြီးလို့ခေါ်ကြတယ်။
ကောင်မလေးအမေမှာက ရင်ကျပ်တဲ့ရောဂါရှိတယ်။ တစ်ခါတစ်လေ အေးတဲ့ရာသီတွေဆိုရင် ဂက်စ်ဘူးလေး ထုတ်ထုတ်ပြီး ရှုရတတ်တယ်။ မျိုးရိုးလိုက်တာလား ဘာလားတော့မသိဘူး ကောင်မလေးမှာပါ အဲဒီရောဂါက ပါလာတယ်။ သူကလေးကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့  ရင်ကျပ်တတ်တယ်။ အဲဒီလိုမျိုးရင်ကျပ်လာရင် တခြားကလေးတွေဆို ခေါင်းထောင်ပြီး ဟပ်ထုတ်လိုက်ရလို  နည်းနည်းသက်သာ သယောင်ယောင်ရှိပေမယ့် သူ့အတွက်ကတော့ မလွယ်လှဘူး။
 အဲ့ဒီလို ဆရာဝန်တကာနဲ့  စုံအောင်ပြပြီးတော့ မသက်သာတာနဲ့ အဲဒီခေတ်အခါက နာမည်ကြီး ချော်တွင်းကုန်းက ကလေးအထူးကုဆရာဝန် တစ်ယောက်နဲ့ ပြောင်းပြကြည့်တော့ အဲဒီဆရာဝန်ပြောတာက ကောင်မလေးကို မွေးတုန်းက ညှပ်ဆွဲပြီးမွေးလိုက်တာ အာရုံကြောထိသွားပြီး ဒီတစ်သက် မစွမ်းမသန်ဘဝနဲ့ပဲ နေသွားရတော့မယ်ဆိုတာပဲ။ 
ဒီတော့ ကလေးမလေး အဖေနဲ့အမေက အင်္ဂလိပ်ဆေးနဲ့ကုလို မရရင် ဗမာဆေးနဲ့ကုမယ်ဆိုပြီး ဆေးဆရာပေါင်းများစွာနဲ့ဆေးကု၊ ဗေဒင်ဆရာပေါင်းများစွာနဲ  ယတြာတွေချေ၊ အရှေ့တိုင်းရော၊ အနောက်တိုင်းရော ဗိန္ဓောရိုးရာဆေးမှီးတိုပါမကျန် နည်းမျိုးစုံနဲ့ ကြိုးစားပြီးကုခဲ့ကြတယ်။ဟိုး…ကျောက်ပန်းတောင်းလို နေရာမျိုးတွေအထိတောင် ဘာရောဂါ ညာရောဂါ ကုတာကောင်းတယ်ဆိုလို့ သတင်းကြရင်တောင် ရောက်ခဲ့တယ်။
သူ့ကို ဆေးကုပေးနိုင်ဖို့ အတွက်လည်း ရှိတဲ့လက်ဝတ်လက်စားတွေကို အကုန်ရောင်းစရာရှိတာရောင်း ပေါင်စရာရှိတာပေါင်နဲ့ လုပ်လိုက်တာ အားလုံးကုန်တော့မယ်။ နောက်ဆုံးကျန်တဲ့ နားကပ်ကလေးတောင် အပေါင်ဆိုင်ပို့ထားလို့ နားပေါက်ဟောင်းလောင်းနဲ့ မနေတတ်တာနဲ့ အတုလေးတစ်ရံဝယ်ပန်ထားရတယ်။ အဲဒီနားကပ်အတုလေးကလည်း ရေချိုးရင်းနဲ့  အရောင်တွေ မှိန်မှိန်သွားတတ်လို့ ခဏခဏအသစ်ဝယ်ပြီး ပြောင်းတတ်နေရတယ်။ 
ကလေးဆေးရုံကို သုံးကြိမ်မြောက်တတ်တော့ သူ့ကိုချက်ချင်းပဲ အရေးပေါ်အခန်းထဲသွင်းပြီး ချွဲစုတ်စက်နဲ့  ချွဲတွေစုတ်ထုတ်နေရတယ်။ ကလေးသေးသေးလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပိုက်တွေတန်းလန်းနဲ့  ရှိနေတာ မြင်လို့တောင်မကောင်းဘူး။ အဲဒီနေ့က သူ့ကိုမွေးတဲ့နေ့ ဗုဒ္ဓဟူးနေကြီး။ သူ့အဖေက ဘုရားကို သူ့အတွက် ယတြာချေပေးဖို့  မနက်ထဲက ထွက်သွားတယ်။ ကလေးမလေးကို ဒီတစ်ခေါက် ဆေးရုံတင်တဲ့နေ့က သူ့အဖေက အလုပ်ကအပြန် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်းနဲ့  အမေလုပ်တဲ့သူကို လှမ်းပြောမိသေးတယ်။ ဒီနေ့ သူ့စိတ်တွေ အရမ်းလေးနေတယ်လို့။ 
အိမ်ရောက်ပြီး ကလေးထိန်းတဲ့အိမ်ကနေ သွားခေါ်တော့ ကောင်မလေးကိုကြည့်ပေးတဲ့ တူးတူးက ဆီးပြောတော့တာပဲ။ ကလေးမလေး နေမကောင်းဘူးလို့။ ဒီလိုနဲ့ပဲ ညကြတော့ ကောင်မလေးကို ဆေးရုံတင်လိုက်ကြရရော။ သူ့အဖေအပြင်သွားနေတုန်း ကလေးမလေးကို သူ့အမေက စောင့်ကြည့်နေတယ်။ တစ်စုံတစ်ယောက်လို့ ပြောလို့မရတောင် တစ်စုံတစ်ခုကလည်း စောင့်ကြည့်ကောင်းကြည့်နေမယ်။ သူ့အဖေပြန်လာတဲ့အထိ ကောင်မလေးက စောင့်မနေခဲ့ဘူး။  ခပ်လှမ်းလှမ်း တစ်နေရာကို ထွက်ခွာသွားနှင့်ပြီ။
အဲဒီတော့ သွားတဲ့သူကသွားနှင့်ပြီ။ ကျန်တဲ့သူတွေက ဘာဆက်လုပ်မလဲ။ အနည်းဆုံး ဈာပနပွဲတစ်ခုတော့ လုပ်ရတော့မယ်။ ဘယ်မလဲပိုက်ဆံ။ ရှင်သန်မှုမရှိတဲ့သူတစ်ယောက်အတွက် အလကားသက်သက် ငွေကုန်ကြေးကြခံမလား၊ ကိုယ်ချစ်တဲ့ မိသားစုဝင်တစ်ယောက်ရဲ့ နောက်ဆုံးခရီးကို ဂုဏ်သိက္ခာရှိရှိ နှုတ်ဆက်ကြမလား။ သိက္ခာဟာ တကယ်တမ်းကြတော့ ရိက္ခာကိုမယှဉ်နိုင်ခဲ့ဘူးလေ။
 ဒီတော့ ဘယ်လိုလုပ်မလဲ။ အနှီးလေးနဲ့ ပတ်လိုက်တယ်။ ဆေးရုံခတွေထဲက တစ်ချို့   ကိုရှင်းပေးလိုက်တယ်။ စရိတ်မျှပေးမို့လို့  သက်သာသယောင်ယောင်ရှိပေမယ့် ကုန်တာကတော့ ကုန်တာပဲလေ။ ကလေးမလေး အလောင်းကိုတော့ နောက်မှပဲပြန်လာရွေးမလိုလိုနဲ့  ဆေးရုံမှာ ဒီအတိုင်းပဲ ထားခဲ့လိုက်ရတယ်။ ကြွေးတင်ရင် ရှင်ဘုရင်ဆပ်မှာပေါ့။ဒါကဆိုရိုး လက်တွေ့ကျတော့..........။
 သူတို့လင်မယားနှစ်ယောက် ငိုပြီးမျက်ရည်တွေနဲ့  ပြန်လာခဲ့တယ်။ ဗုဒဿဓဘာသာထုံးစံအတိုင်း သပိတ်တွေ ဘာတွေသွပ်တယ်။ နောက်တော့ သူတို့အခန်းကျဉ်းလေးရဲ့နံရံမှာ စာတန်းတစ်ခုကို ကောင်မလေးအမေက ရေးထားတယ်။ “သမီးသေတာကို သတိရနေပါ”တဲ့။ ဒါပေမယ့် ဒါကလည်းပဲ ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျစီစဉ်ထားသော စာသားပုဒ်အစုအပေါင်းတစ်ခု မျှသာပဲ။ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေဆိုတာကတော့ ပိုထင်ရှားတယ်။ 
နောက်ဆုံးမှာတော့ ဩော်..... မစွမ်းမသန်ဘဝနဲ့ ကောင်မလေးတစ်ယောက် အရွယ်ရလာရင် သူတစ်ယောက် ဒုက္ခရောက်နေမှာ၊ သူ့အတွက်နဲ့ ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြရမှာနဲ့  ယှဉ်လိုက်ရင် အခုလိုသူ့စရိတ်သူစားသွားတာကပဲ ခပ်ကောင်းကောင်းရယ်လို ဖြေတွေးလေးတွေးလိုက် ကြတော့တာပါပဲ။
နာဖျားနေတဲ့ ရန်ကုန်ရဲ့ ချောင်ကျကျတစ်နေရာက သာမရိုးကျ ဝန်ထမ်းမိသားစုလေးရဲ့ ဗလာနတ္ထိဘဝထဲကို ဗုဒ္ဓဟူးကောင်မလေးတစ်ယောက် ဒုက္ခဝေဒနာတွေနဲ့ အမှတ်တမဲ့ ရောက်လာပြီး ခဏတာနားခို ထွက်ခွာသွားခဲ့ပေမယ့်လည်း အမှတ်တရတွေများစွာနဲ့ပဲ ကျန်ရစ်ခဲ့ကြတဲ့ ကြေကွဲဖွယ် ဈာပနပွဲလေးတစ်ခု တိုးတိတ်စွာနဲ့ ပြီးဆုံးခဲ့ရပါတော့တယ်။
"ဗုဒ္ဓဟူးကောင်မလေး"
မဖိတ်ခေါ်ပေမယ့်လည်း
ရှေးရေစက်ရယ်ကြောင့် ရောက်လို့လာ
ဆယ်ပေပတ်လည် ထောင့်ကျဉ်းထဲက
ရှုပ်ရှက်ခတ် ဗျာပါဒနဲ့
ရုန်းရင်းဆန်ခတ်ကြား
မရှိလို့သာ ဝန်ထမ်းရတယ်
ကိုယ်တာဆန် နှစ်ဆယ့်ရှစ်ပြည်စား
လူသားနှစ်ယောက်ရဲ့ကြား
ဗုဒ္ဓဟူးနံ ကောင်မလေး
သောက်ပလုပ်တုပ်နဲ့ ရောက်ရှိလို့လာ။
GEC တန်းဆီတဲ့ခေတ်မှာလ
ခွဲတမ်းရ လက်တိုဂျင်နှစ်ဘူးရယ်နဲ့
နို့သက်တဲ့ အမေ့နို့မဝနိုင်လွန်းတာမို့
တရုပ်ပြည်က နွားနီကိုကူရတယ်
သူ့မရဲ့အစ။
ခြောက်လသာ ကျော်လို့ရယ်လာ
တိုးတက်မှု ရိပ်အခြေက
သာမရိုးကျ ကလေးတစ်ယောက်လိုပ
ဇီရိုးသာ ထူးမခြားတော့တယ်
သူ့မရဲ့ ကြမ္မာ။
အရှေ့တိုင်း အနောက်တိုင်း
ဗိန္ဓော ရိုးရာ ဆေးမှီးတိုပါမကျန်
ယတြာပါမလစ် အကြံပေးသမျှ
ကျောက်ပတောင်းတောင်
ချောင်းပေါက်အောင် သွားကုသတယ်
သူမ ဝေဒနာ။
သူ့အရွယ် လူမမယ်နဲ့မမျှ
ဆိုးလိုက်တဲ့ ချွဲသလိပ်ရယ်
ခန္ဓာကိုယ် သေးသေးရယ်မှ
များလိုက်တဲ့ အပ်စိုက်ရာတွေ
နာကျင်တာ ပြန်ကာမပြောနိုင်ပေတော့
ကလယ်ကလယ် မျက်လုံးငယ်ငယ်နဲ့
မျက်ရေစို့ ဝဲကာကြည့်လိုက်တယ်
သူ့မိဘ မျက်နှာ။
ဘယ်ကြမ္မာ ဘယ်ဝဋ်ကျွေးရယ်ကြောင့်
လူ့ပြည်ရွာ ခဏတာလူလာဖြစ်ရတယ်
အချိန်တို တစ်ဘဝလေးတောင်မှ
ညီမလေးရယ်....... ဆိုးရလေခြင်း။
(ချမ်းဧအိမ်)
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ
20 comments :
  1. လွန်ခဲ့သောနှစ်များက ဝန်ထမ်းများရဲ့ တကယ့်ဘဝစစ်စစ်တွေကို ပေါ်လွင်အောင် ရေးနိုင်တာ သိပ်ကောင်းတာပဲ။
    ReplyDelete
  2. အင်း...
    ဟုတ်တယ်အကိုလင်း၊ ဒါမျိုးတွေက ဟိုတုံးကလည်း
    ဖြစ်တယ်၊ အခုလဲဖြစ်နေတာပဲလေ..။ ဟိုတုံးက လို့ ပြောပြီး
    အခု မရှိတော့ ဘူးလို့ တော့  မထင်နဲ့ လေ၊ အခုမှ ပိုဆိုး။
    အပစ်က ခေတ်ကိုပဲ ပုံချရမလား၊ အချစ်ကိုပဲ ပုံချရမလား၊
    ခေတ်ကြောင့် ရော မချစ်ရတော့ ဘူးလား..။
    ဒီပို့ (စ)လေးက တွေးစရာတွေ အများကြီးပါ။
    ReplyDelete
  3. သိပ်ကောင်းတဲ့ပို့ စ်လေးဘဲအစ်ကို ၀မ်းနည်းဖို့ တော်တော်ကောင်း
    ပါတယ် . . . ဒီလိုလူမသိသူမသိအဖြစ်မျိုးတွေအများကြီး
    ရှိခဲ့တယ် ခုလည်းရှိနေမှာအသေအချာပါဘဲဗျာ . . .
    အဲလိုဘ၀မျိုးတွေကို အနည်းနဲ့ အများ ( အုတ်တချပ် သဲတပွင့်
    လောက် ) ကူညီရတဲ့လူမျိုးဖြစ်ရမယ်ဆိုရင်ကျေနပ်မိမှာပါ
    လဲနေသူထူပေးဖို့ ကိုယ်ကတိုင်လည်း ခနော်နီခနော်နဲ့ လဲကျခါနီး
    လူမဖြစ်တော့လိုတာပေါ့ဗျာ ဒါမှလည်းအနည်းဆုံးအုတ်တချပ်
    သဲတစ်ပွင့်တော့ကူညီနိုင်မှာပါ . . . ဘာဘဲဖြစ်ဖြစ်ယုံကြည်
    ထားတယ်ဗျာ တချိန်ချိန်တော့ကူညီကိုကူညီနိုင်ရမယ်ဗျာ
    ReplyDelete
  4. အဲဒီလို မပြည့်စုံတဲ့ဘဝကို အရမ်းတွေးပူရင်း အပျိုကြီးစာရင်းဝင်လာခဲ့ပါပေါ့လား..။
    လူ့ဘဝဆိုတာ တင်းတိမ်ရောင့်ရဲနိုင်ဖို့လိုပေမယ့် မပြည့်စုံတဲ့ဘဝမျိုးကိုတော့ မတင်းတိမ်နိုင်ပေါင်..။
    ကိုယ်လိုချင်တဲ့ဘဝမျိုးရောက်အောင် ကျိုးစားဖို့ပဲလိုတယ်..၊ ဖြစ်လာတာ/မလာတာကတော့ ကံတရားနဲ့လည်းဆိုင်ပါတယ်၊ ကျိုးစားဖို့ကတော့ ကိုယ့်တာဝန်ပေါ့..။
    သားသမီးကို ပြည့်စုံအောင်မထားနိုင်တဲ့ တာဝန်မကျေတဲ့ မိဘမျိုးတော့ ဘယ်တော့မှအရောက်မခံဘူး..။
    ဆေးပညာတွေ တိုးတက်နေတဲ့ခေတ်မှာ “အဆင်သင့်မဖြစ်သေးပဲ မွေးလိုက်ရတယ်” ဆိုတဲ့ အကြောင်းပြချက်မျိုးပေးမယ့်အစား..“ဆင်ချင်လို့ရတဲ့ နည်းတွေ”နဲ့ ကာကွယ်သင့်တာပေါ့..။
    သိပ်ကောင်းတဲ့ ပို့စ်လေးတခုပါပဲ ကိုချမ်းလင်းနေရေ..။
    ReplyDelete
  5. ဖတ်ရတာ ရင်နဲ့ခံစားလိုက်ရတယ်..
    စိတ်မကောင်းဘူး
    လစာနည်း ၀န်ထမ်းတွေရဲ့ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်စေတယ်.။.
    ဒီလိုအဖြစ်တွေ အများကြီးရှိလိမ့်မယ်လို့လည်း သဘောပေါက်မိတယ်..
    စာရေးကောင်းတယ် ကိုချမ်းရေ
    အားပေးပါတယ်.. အများကြီးရေးပါဦးနော်
    ReplyDelete
  6. ဇာတ်လမ်း အစကနေ ဖတ်လိုက်တာ အဆုံးထိ တောက်လျှောက် မျှောပြီး ပါသွားတယ်။ ဖြစ်ရပ်မှန် တစ်ခုကို အပြင်မှာ မြင်နေရတဲ့အတိုင်း ရေးဖွဲ့အား ကောင်းလွန်းလှပါတယ်။
    ReplyDelete
  7. ၀တ္ထုတိုလေး လာဖတ်သွားပါတယ်။ သနားစရာ ကောင်းလိုက်တာ။ ဖတ်ပြီး စိတ်မကောင်းဘူး။ ကျွန်မတို့ မြန်မာပြည်ကြီး ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပါစေ။ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘ၀လေးတွေ အဖြစ်ဆိုးတွေမှ ကင်းဝေးကြပါစေ။
    ReplyDelete
  8. အကိုရေ..သိပ်ကောင်းတဲ့ပိုစ်ပါပဲ..။
    ReplyDelete
  9. အရမ်းကို ကောင်းတဲ့ စာပဲဗျာ။
    အရေးသွက်သွက်နဲ့ ခပ်တိုတို ဝါကျတွေနဲ့ ဖွဲ့စည်းထားလို့ ပိုပြီးတော့ ရုပ်ကြွလာစေတယ်။
    ကောင်းတယ်ဗျာ။
    ReplyDelete
  10. ဟင့်.....
    ခံစားရတယ်ဗျာ
    ဝမ်းနည်းစရာ
    ဟူးးး ဘဝတွေဘဝတွေ
    ReplyDelete
  11. ရေးတဲ့သူက ပေါ့ပေါ့ပါးပါးလေးလိုမျိုး ရေးထားတာကို ဖတ်လိုက်ရတဲ့သူက နင့်နင့်နဲနဲဖြစ်သွားတယ် အကိုရေ..
    တကယ့်ဘဝတွေက အခုထက် ပိုအခြေအနေဆိုးတာမျိုးတွေ တပုံတပင်.. :(
    ReplyDelete
  12. အခုခေတ်မိသားစုတွေရဲ့ဆင်းရဲကျပ်တည်းမှုကပိုဆိုး
    နေပြီထင်ပါတယ်။
    မြင်အောင်ရေးတတ်လိုက်တာ၊
    ကြေကွဲစွာခံစားသွားပါတယ်။
    ReplyDelete
  13. စိတ်မကောင်းစရာပဲ နော် ၀န်ထမ်းတွေက အခက်အခဲတွေ ပိုများသလိုပဲ . .
    ReplyDelete
  14. ထိမိတဲ့ စာသားတွေပါ....
    “အမာရွတ်ဆိုတာ..တချိန်တုန်းကပြင်းပြင်း
    ထန်ထန်နာကျင်..ခံစားခဲ့ရတယ်..ဆိုတာရဲ့
    အမှတ်အသားပဲ”
    ReplyDelete
  15. ရင်ထဲကို ထိမှန်စေတဲ့ စာသားလေးတွေပါ။ ဆောင်းပါးလေးကို ကဗျာပြန်ဖွဲ့ထားတာ အခါခါဖတ်နေမိရင်း ရင်ထဲမှာ သနားတဲ့စိတ်တွေ ယိုစီးကျလာပြီဗျာ။
    ReplyDelete
  16. ရင်နင့်အောင်မမွှေးတဲ့ ဘဝဖြစ်မှန်တွေကို
    ရင်နင့်အောင်ရေးနိုင်တဲ့ ကိုချမ်းလင်းရေ ။
    ဈာပန ပွဲတောင် မလုပ်ပေးနိုင်တဲ့ မိဘတွေ ဘယ်လောက်များများရှိနေအုံးမလည်း လို့ တောင် မတွေးရဲတော့ပါဘူး ..
    ခင်တဲ့
    မကိ
    ReplyDelete
  17. ဖြစ်၇ပ်မှန်လားအကို...
    ReplyDelete
  18. ဖတ်ရင်းနဲ့မောသွားတယ်အကို။
    အဲလိုအဖြစ်မျိုးတွေအခုထိတိုင်လဲအတော်များများ
    ကြုံနေရဆဲပါအကို။အားပေးလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။
    ReplyDelete
  19. အဲဒါ အမှန်တွေဘဲ.. တကယ်ဖြစ်ခဲ့ဘူးကြတယ်.. ချောမွေ့တဲ့ အရေးအသားကို ဖတ်ရတဲ့ အတွက်.. ကျေးဇူးတင်ပါတယ်.. စာကောင်းတွေ ဖတ်ချင်ပါတယ်..
    ReplyDelete
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။
Related Posts Plugin for WordPress, Blogger...