ရှေးအဓိပ္ပာယ်နှင့် ယနေ့အဓိပ္ပာယ် - သိပ္ပံမောင်ဝ
ကမ္ဘာပေါ်တွင်
လူအမျိုးမျိုးတို့ နေထိုင်ရာ တိုင်းပြည်အသီးသီးတို့တွင်
တိုင်းရေးပြည်ရေးသည် တစ်နေ့တခြား ပြောင်းလဲနေသကဲ့သို့ ဝေါဟာရ
အမျိုးမျိုးတို့၏ ကျက်စားရာဖြစ်သောတိုင်းပြည်ကြီး အတွင်း၌လည်း
စကားအပေါင်းတို့မှာ တစ်စတစ်စ ပြောင်းလဲလျက် ရှိနေကြလေသည်။
တိုင်းပြည်အတွင်းသို့ နိုင်ငံခြားမင်းများ ဝင်ရောက်အုပ်စိုး၍
မင်းပြောင်းမင်းလဲ များလေလေ၊ တိုင်းရေးပြည်ရေးရှုပ်ထွေးလေလေ ဖြစ်သကဲ့သို့
စကားတည်းဟူသော တိုင်းပြည်အတွင်းသို့ နိုင်ငံခြားစကားတို့ ဝင်ရောက်
ရောယှက်လေလေ၊ တိုင်းရင်းစကားတို့မှာ ရှုပ်ထွေးပြောင်းလဲလာလေလေ ဖြစ်လေသည်။
ယခုအခါ နိုင်ငံခြားစကားတို့ မြန်မာပြည်တွင် ပြန့်ပွားနေသဖြင့်
မြန်မာစကားမှာ လွန်စွာ ရှုပ်ထွေးလာကြောင်းကို အထင်အရှားတွေ့မြင်ရလေသည်။
'ဖားသားကြီးကတော့ ကောင်းပါရဲ့၊ မားသားကြီးက အလွန်ဆူတယ်' ဟူ၍လည်းကောင်း၊
'ယူကို အိုင် အပြောသားနဲ့၊ သည်မက်တားကို ဆက်နေသေးတာကိုး' ဟူ၍လည်းကောင်း
မြန်မာစကားတွင် အင်္ဂလိပ်စကားလုံးတို့ကို ညှပ်၍ ကာလသားတို့ ပြောဆိုလေ့
ရှိကြလေသည်။ ဤကား မြန်မာစကားနှင့် နိုင်ငံခြား စကားတို့ ရောယှက်နေပုံ
ပေတည်း။
နိုင်ငံခြားစကားတို့နှင့် ရောယှက်ခြင်း မဖြစ်စေကာမူ
ကာလရှည်လျားလာလျှင် စကားတို့မှာ ပြောင်းလဲလာရစမြဲ ဖြစ်လေသည်။
ဤသို့စကားပြောင်းလဲပုံမှာလည်း နှစ်မျိုး နှစ်စား ရှိလေသည်။
ပထမအမျိုးမှာ အဓိပ္ပာယ် တစ်မျိုးတည်းကိုပင် ရှေးအခါက တစ်ပုံ၊ ယခုကာလ
တစ်စား ခေါ်ဆိုသုံးစွဲခြင်း ဖြစ်လေသည်။ ဥပမာ - ရှေးက 'တစ်သက်လျာ' ဆိုသော
စကားကို ယခုကာလ 'တစ်ခဏ' ဟု ဆိုခြင်း၊ ရှေးက 'တံထွာ' ဆိုသော စကားကို ယခုကာလ
'ဓမ္မတာ' ဟု ဆိုခြင်း၊ ရှေးက 'လံပါး' ဆိုသော စကားကို ယခုကာလ 'ဖျဉ်းအိုး'
ဟု ဆိုခြင်းတို့ ဖြစ်လေသည်။ အထက်ဖော်ပြရာပါ စကားအစုံအစုံတို့တွင်
ရှေးအခေါ်နှင့် ကာလအခေါ် ကွဲပြားကြသော်လည်း အဓိပ္ပာယ် အသွားမှာ
မခြားမနားပင် ဖြစ်လေသည်။ ဒုတိယ ပြောင်းလဲပုံ အမျိုးမှာ စကားဝေါဟာရ
ခေါ်ဝေါ်ပုံ မကွဲပြားသော်လည်း အဓိပ္ပာယ်မှာ ရှေးအဓိပ္ပာယ်နှင့်
ကာလအဓိပ္ပာယ်တို့ များစွာ ကွဲပြားခြင်း ဖြစ်လေသည်။ ဥပမာ - ထောင်မှူး၊
ထောင်ကဲ ၊ စစ်ကဲ ၊ ပြည် ၊ ဇနပုဒ် အစရှိသော စကား အသီးသီးတို့မှာ ရှေးအခါက
အဓိပ္ပာယ်နှင့် ယခုကာလ အဓိပ္ပာယ် ကွဲပြားလျက် ရှိလေသည်။
အကျဉ်းချုပ်အားဖြင့် ဖော်ပြသည်ရှိသော် ပထမအမျိုးမှာ အဓိပ္ပာယ် မပြောင်းဘဲ
ဝေါဟာရပြောင်းသော စကားမျိုးဖြစ်၍၊ ဒုတိယ အမျိုးမှာကား ဝေါဟာရ
အခေါ်မပြောင်းဘဲ အဓိပ္ပာယ်ပြောင်းသော စကားမျိုး ဖြစ်လေသည်။
၎င်းနှစ်မျိုးတို့အနက် ပထမအမျိုးနှင့် ပတ်သက်၍ ရေးသားထားသော ပေါရာဏ
စာအုပ်များ ရှိပြီးဖြစ်သောကြောင့် ဤဆောင်းပါးတွင် ထုတ်ဆောင်ဖော်ပြရန်
မလို။ ဒုတိယ အမျိုးကိုသာလျှင် အနည်းငယ် အကျယ်ချဲ့၍ ရေးသားဖော်ပြရန်
ရှိလေသည်။
'ထောင်မှူး' ဆိုသော စကား၏ အဓိပ္ပာယ်မှာ လူတစ်ထောင်
အပေါ်တွင် အကြီးအကဲကို ဆိုလိုသည်။ရှေးအထက်ကျော်ကာရီ အခါက
မြန်မာမြို့တော်တွင် စောင့်ကြပ်ရသော တပ်သားတစ်ထောင်တို့ အပေါ်တွင်
အုပ်ချုပ်ရသူ အကြီးအကဲကို ထောင်မှူးဟု ခေါ်ဆိုဟန် ရှိ၏။ ၎င်းတို့မှာလည်း
မြို့တော် လေးမျက်နှာတွင် တပ်သားတစ်ထောင်စီ ရှိသဖြင့် ထောင်မှူးလေးယောက်
ရှိဟန် တူလေသည်။ အလွန်ရှေးကျသော အခါက ထောင်မှူးတို့မှာ ဘုရင်မင်းမြတ်
ယုံကြည်စိတ်ချရသော မင်းညီမင်းသားများသာ ဖြစ်လေသည်။
နောင်
သာလွန်မင်းတရားကြီးလက်လက် အမြင့်စားရှင်တရုတ် လုပ်ကြံရာတွင်
ထောင်မှူးမင်းသားတို့က သူပုန်များဘက်က ပါဝင်သောကြောင့် သူပုန်တို့ကို
အောင်မြင်သောအခါ မင်းတရားကြီးလည်း မင်းသားတို့ကို ထောင်မှူးထပ်၍
ခန့်တော့သည် မဟုတ်ချေ။ ဤအကြောင်းနှင့် ပတ်သက်၍ မှန်နန်းရာဇဝင် တတိယထုပ်
စာမျက်နှာ-၂၄၉ တွင် "ထောင်မှူး မင်းသား လေးယောက်တို့လည်း နန်းထက်တွင်ပင်
ဓားလှံ သေနတ် ထိ၍ ဦးပြတ်သည်နှင့် ခန္တာစဲချေသည်။ ထိုအခါမှစ၍
မင်းသားတို့ကို ထောင်မှူးမခန့်ပြီ" ဟူ၍ ပါရှိလေသည်။ ယခုကာလအခေါ်
ထောင်မှူးမှာ အကျဉ်းသားတို့ကို ထားရာဖြစ်သော အကျဉ်းထောင်ကို ကြည့်ရှု
အုပ်ချုပ်ရသူ အရာရှိကို ဆိုလိုသည်။ ရှေးအခေါ် ထောင်မှူးနှင့် ယခုအခေါ်
ထောင်မှူး နှစ်မျိုးတို့၏ အဓိပ္ပာယ် ကွဲပြားကြောင်း ထင်ရှားလှပေသည်။
ရှေးထောင်မှူးက ယခု ထောင်မှူးထက် ဂုဏ် ပိုမို၍ ရှိလေသည်။
'ထောင်ကဲ'
ဆိုသော စကားသည်လည်း အထက် ဖော်ပြရာပါ စကားကဲ့သို့ပင် ရှေးအဓိပ္ပာယ်နှင့်
ကာလအဓိပ္ပာယ် ကွဲပြားလှပေသည်။ လှေသင်းသားတစ်ထောင်ပေါ်တွင် အကြီးအကဲကို
'ထောင်ကဲ' ဟူ၍ ခေါ်ဆိုကြလေသည်။ ခေါ်ဆိုကြောင်းကား မန်လည်ဆရာတော်ဘုရား
ရေးသားအပ်သော မဃဒေဝ လင်္ကာသစ်တွင် "ဝဲယာသူရဲ၊ လက်နက်စွဲတို့၊ စီးမြဲခတ်လှေ၊
အထွေထွေတည့်၊ ဦးနေပဲ့နင်း၊ လှေသင်းထောင်ကဲ၊ အုပ်မြဲဘောင်ဝန်၊
မလွန်ရှေးတမ်း၊ လှေမှုထမ်းတို့" ဟူ၍ ပါရှိလေသည်။ ယခုကာလတွင် ဥစ္စာဓန
ကြွယ်ဝသော တရုတ်သူဌေးများကို ထောင်ကဲဟု ခေါ်ဆိုလေ့ ရှိသည်။ အထက်
ဖော်ပြရာပါ လင်္ကာတွင် ထောင်ကဲ ဆိုသော စကားကို ယခုကာလ အသုံးအနှုန်းအတိုင်း
အဓိပ္ပာယ်ပြန်ပါလျှင် မြန်မာမင်းတို့ လက်ထက်တော်အခါက လှေသင်းတွင်
အုပ်ချုပ်သူတို့မှာ တရုတ်တွေသာ ဖြစ်ကုန်ပေလိမ့်မည်။ အဘယ့်ကြောင့်
တရုတ်သူဌေးတို့ကို ထောင်ကဲဟု ခေါ်ကြောင်းကား ဆောင်းပါး ရှည်အံ့စိုး၍
မရေးသားပြီ။
'စစ်ကဲ' ဆိုသော စကားကိုလည်း စဉ်းစားဦးအံ့။
စစ်ကဲ ဟူသော စကား၏ မူလအဓိပ္ပာယ်မှာ မြန်မာစစ်တပ်တွင် အုပ်ချုပ်ရသော
အရာရှိကို ဆိုလိုဟန် တူလေသည်။ ထို့နောက်မှ တိုင်းပြည်ကိုအုပ်ချုပ်သူ
အရာရှိဟူသော အဓိပ္ပာယ်သို့ ပြောင်းရွှေ့သွားပြန်လေသည်။ ဤသို့
ပြောင်းရွှေ့သွားသည်မှာ မြန်မာမင်းတို့ လက်ထက်တော် အခါကပင် ဖြစ်လေသည်။
အကြောင်းမူကား ၁၂၃၆ ခု ပုဂံမြို့ စီရင်စု တလံဘို ရွာသူကြီး ငထိုက်ကို
ပေးစာတွင် "ပုဂံစီရင်စု တလံဘိုရွာမှာ ငထိုက် အရိုးအသား မြေမှန် မမှန်၊
ကျေးရွာလက် ဟုတ် မဟုတ်များကို ပုဂံမြို့အုပ် စစ်ကဲတို့ကို မေးရာ" ဟူ၍
ပါရှိသောကြောင့်ပေတည်း။ ယခုကာလ စစ်ကဲဟူသော အဓိပ္ပာယ်မှာ
နယ်ပိုင်ဝန်ထောက်သော် လည်းကောင်း၊ နယ်ပိုင်ဝန်ထောက်နှင့် တစ်တန်းတည်းသော
အစိုးရအမှုထမ်းကိုသော် လည်းကောင်း ဆိုလိုသည်။ ထို့ကြောင့် သတင်းစာများတွင်
"မောင်စိန်ဟန်၊ ဘီ-အေ နှင့် မောင်ဘကြွားတို့ကို မကွေး၊
မြင်းခြံနယ်များသို့ အသီးသီး စစ်ကဲအလုပ်ဖြင့် အစမ်း ခန့်လိုက်သည်" စသဖြင့်
တွေ့မြင် ဖတ်ရှုရလေသည်။ ဤကား စစ်ကဲဟူသော စကား၏ အဓိပ္ပာယ် ကွဲပြားပုံ ပေတည်း။
'ပြည်'
ဟူသော စကား၏ အဓိပ္ပာယ် ကွဲပြားပုံကား ကာသိတိုင်း ဗာရာဏသီပြည် စသဖြင့်
နိပါတ်တော်အလာ ဝတ္ထုစာအုပ်တွင် တွေ့မြင် ဖတ်ရှုရလေသည်။ ထိုဝတ္ထုတို့တွင်
ပါသော ပြည်၏ အဓိပ္ပာယ်မှာ ယခုကာလ မြို့တော်ဟူသော စကားနှင့် အဓိပ္ပာယ်
အတူတူပင် ဖြစ်လေသည်။ မြန်မာပြည် ရန်ကုန်မြို့တော် ဆိုသော စကားကို
ရှေးအဓိပ္ပာယ်ဖြင့် ကျနအောင်ခေါ်ဆိုလိုပါလျှင် မြန်မာတိုင်း ရန်ကုန်ပြည် ဟူ၍
ခေါ်ဆိုရပေမည်။
ယခုကာလ အခေါ်အဝေါ်မှာမူကား တိုင်းပြည်ဟူ၍
တိုင်းနှင့်ပြည်ကို ရောနှောပြီးလျှင် အဓိပ္ပာယ် တစ်မျိုးတည်းကဲ့သို့
ခေါ်ဆိုကြလေသည်။ တစ်ရံတစ်ခါလည်း မြန်မာပြည် ဟူ၍ ရှေးအခါက တိုင်း ဟူသော
အဓိပ္ပာယ်နှင့် တစ်စားတည်း ခေါ်ဆိုလေသည်။
'ဇနပုဒ်' ဆိုသော
စကားအကြောင်းကား ဤသို့တည်း။ ဦးကုလား မဟာရာဇဝင်တွင် "ထီးတစ်စင်းဆောင်းသော
မင်း၏ နိုင်ငံအတွင်းတွင် ဖြစ်သော ခရိုင် သည်ကား ဇနပုဒ် မည်၏" ဟု လာလေသည်။
ဤကိုထောက်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်
မြောက်ပိုင်းတို့တွင် တည်ရှိသော ကျိုင်းတုံစော်ဘွား၊ ညောင်ရွှေစော်ဘွား
အစရှိသည့် စော်ဘွားတစ်ဦးပိုင် နယ်ပယ်ကို ရှေးအလိုအားဖြင့် ဇနပုဒ် ဟူ၍
ခေါ်ဆိုရပေမည်။ ယခုအခါတွင် ၎င်း၏ အဓိပ္ပာယ်ပြောင်းလဲလာပြီ ဖြစ်သောကြောင့်
ဇနပုဒ်ဆိုလျှင် အလွန်သိမ်ငယ်သော တောရွာကလေး ဟူ၍သာ အဓိပ္ပာယ်
ကောက်ယူကြရလေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သော သူအား ယခုအခါတွင်
ဇနပုဒ်သား ဟူ၍ ဆိုလျှင် မခံချင်ဖြစ်လေသည်။ ရှေးအဓိပ္ပာယ် အတိုင်းသာ
ကောက်ယူပါလျှင် မခံချင်စရာအကြောင်း မရှိ၊ ဂုဏ်ပင် များစွာ ရောက်လေသည်။
အထက်ဖော်ပြရာပါ
စကားတို့ကား စကားတစ်လုံးလျှင် အဓိပ္ပာယ် ပြောင်းလဲလာသော
ပြယုဂ်အနည်းငယ်တို့ ဖြစ်လေသည်။ ဤနည်းအတိုင်း ပြောင်းလဲလာပြီး ဖြစ်သော
အခြား စကားတို့လည်း များစွာပင် ရှိလေသေးသည်။ ထို့ကြောင့် အဘိဓာန်စာအုပ်
ရိုက်နှိပ်သောအခါ စကားတစ်လုံး တစ်လုံး၏ ရှေးအဓိပ္ပာယ်နှင့် ယခုကာလ
အဓိပ္ပာယ်တို့ကိုပါ ရနိုင်သရွေ့ စုဆောင်း ထည့်သွင်းထားသင့်လှပေသည်။
သိပ္ပံမောင်ဝ
(သူရိယ သတင်းစာ။ ၁၁ ဇွန် ၁၉၂၇)