Monday, March 21, 2011

အွန်လိုင်းပေါ်မှ တိုက်ရိုက်နားဆင် ပထမဆုံးအကြိမ် ယူအေအီး စာပေဟောပြောပွဲ

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲလေးအတွက် ကျွန်တော်တို့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းလေးရဲ့ ပွဲစီစဉ်မှု အခြေအနေလေးကို သတင်းပေးရင်း ယူအေအီးရောက်မြန်မာများ အတွက် ထပ်မံအသိပေး နှိုးဆော်ပါရစေ။

စာပေဟောပြောပွဲမှာ အဖိုးတန်တဲ့ စာစကား၊ ပေစကားများကို ချီးမြှင့်ပေးမယ့် ဆရာချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်တို့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းအနေနဲ့လဲ ပထမဆုံးအကြိမ်စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို တာဝန်ခွဲဝေပြင်ဆင်ဆောင်ရွက်လျှက်ရှိပါတယ်။ 
 
ယနေ့နောက်ဆုံးအချိန်အထိ လက်မှတ်ရောင်းချမှု မှတ်တမ်းများအရ စာပေဟောပြောပွဲကို တက်ရောက်ဖို့ လက်မှတ်ဝယ်ယူထားသူအရေအတွက် ခုနစ်ရာကျော်ခန့် ရှိနေတာမို့ စည်ကားအောင်မြင်တဲ့ စာပေဟောပြောပွဲလေး တစ်ခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

မြို့(၇) မြို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ လက်မှတ်ဝယ်ယူဖို့ အလှမ်းဝေးတဲ့ အခြားမြို့များမှ စာချစ်သူမြန်မာ မိတ်ဆွေများအနေနဲ့ စာပေဟောပြောပွဲ ကျင်းပမယ့် Al Noor Training Centre မှာ ပွဲမစတင်ခင်  လက်မှတ်များကို ဝယ်ယူကာတက်ရောက်အားပေးနိုင်ပါတယ်။

ယူအေးအီးနိုင်ငံပြင်ပမှ မြန်မာစာပေချစ်မြတ်နိုးသူများ အနေနဲ့လဲ အဖြူရောင်သံစဉ် (http://www.apytz.net/main/index.php ) အွန်လိုင်းရေဒီယိုအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်မျှော် နားထောင်နိုင်ပါတယ်။ စာပေဟောပြောပွဲစတင်မယ့် အချိန်က ဒူဘိုင်းစံတော်ချိန် ညနေ ငါးနာရီခွဲ ဖြစ်တာမို့ စာချစ်သူများအားလုံး အဖြူရောင်သံစဉ်ကို စောင့်မျှော် နားဆင်နိုင်ကြပါတယ်။  ယူအေအီးနိုင်ငံရဲ့ စံတော်ချိန်ကတော့ (GMT/UTC +4 Hr) ဖြစ်ပါတယ်။

စာပေဟောပြောပွဲလာ မြန်မာများအနေနဲ့ ဆရာချစ်ဦးညိုရေးသားခဲ့တဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ စာအုပ်များနှင့် ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီ တို့ကို အားပေးဝယ်ယူခြင်းဖြင့် ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းရဲ့ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကုသိုလ်ပါဝင်နိုင်ကြပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲလေး ဖြစ်မြောက်ရေးအတွက် ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းနဲ့အတူ ခေတ္တယူအေအီးရောက် ဘလော့ဂါများဖြစ်တဲ့  ကိုပီတာ၊ ကိုချမ်းလင်းနေ၊ ကိုဟန်၊ ဇော် ၊ မယ်မဒီ၊ အမရာ နှင့် နှင်းနဲ့မာယာတို့မှ တဘက်တလမ်းမှအားဖြည့် ကူညီလျှက်ရှိပါတယ်။

ယူအေအီး စာပေဟောပြောပွဲလေးမှာ ခေတ္တ အဝေးရောက် မြန်မာများ ချစ်ခင်ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။

( မှတ်ချက် ။     ။ ကန္တာရဝဿ ဆိုတဲ့ အမည်ကို အနက်ဖွင့်ရမယ်ဆိုရင်တော့ ကန္တာရဆိုတာ ပူပြင်းခြောက်သွေတဲ့ဒေသ ဖြစ်ပြီး ဝဿဆိုတာကတော့ ဝဿန္တကဆင်းသက်လာတဲ့ ပါဠိစကား မိုးစက် မိုးပေါက်ပဲ ဖြစ်ပါတယ်။ ကန္တာရဝဿကို တိုက်ရိုက်အနက်ပြန်ရင်တော့ ကန္တာရဒေသမှာ ရွာသွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ စေတနာ၊မေတ္တာမိုးလို့ ပြောလို့ရပါတယ်။ ယူအေအီး ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းလေးဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူမှုရေး ကွက်လပ်လေးတွေကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနေတဲ့ အသင်းလေးတစ်သင်းလဲ ဖြစ်ပါတယ်။)

မနှင်း (ဝါ) နှင်းနဲ့ မာယာရဲ့ ပို့ စ်လေးကို စာပေဟောပြောပွဲအကြို၊နောက်ဆုံးသတင်းအဖြစ်တင်ပြပါတယ်။

5 comments :

  1. အင်း..
    ကောင်းတဲ့  အစီအစဉ်ပါပဲဗျာ...။

    ReplyDelete
  2. ကိုချမ်းလင်းနေနဲ့ ကန္တာရ၀ဿအဖွဲ့သားများအားလုံး မင်္ဂလာပါ၊ အဖြူရောင်သံစဉ်ကနေ စောင့်မျှော်နားစဉ်ပါ့မယ်ဆိုတဲ့အကြောင်း။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

    ReplyDelete
  3. ပွဲကောင်း တစ်ပွဲကို နားထောင်ရပေဦးမှာပေါ့.. ကိုချမ်းအားကိုးနဲ့ အမ်ပီသရီး ဖိုင်တွေ ရဦးမှာ မြင်ယောင်မိသေးရဲ့။

    ReplyDelete
  4. သမီးပျိုMarch 21, 2011 at 7:01 AM

    ကိုချမ်းရေ

    စာပေဟောပြောပွဲကိုလည်း မလာနိုင်၊ ပွဲကျင်းပနေချိန်မှာလည်း လေပေါ်ရောက်နေမှာမို့ တိုက်ရိုက်လည်း နားထောင်ခွင့် မရှိပါဘူး ။
    ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်နေ့ပြန်ကြည့်နိုင် နားထောင်လို့ရအောင်လို့ မှတ်တမ်းတင်ထားနိုင်ရင်တော့ သိပ်ကောင်းမှာပဲနော်။
    လူမရောက်ပေမယ့် စိတ်ကတော့ရောက်နေပါတယ်။ အားလုံးအဆင်ပြေ အောင်မြင်စွာနဲ့ပြီးမြောက်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။ အဲဒီနေ့ နေ့လယ်စာစားချိန်မှာလည်း ညီမအစား ဆရာတို့ကိုနှုတ်ဆက်ပေးပါဦးနော်
    သြော်...လာခွင့်မရတဲ့ဒုက္ခ မျက်ရည်စက်လက်နဲ့ပါလား အကိုရေ

    ReplyDelete
  5. အကိုရေ စာပေးစောပြောပွဲပြိးရင် ပြန်လည်မျှဝေပေးမှုကို စောင့်မျှော်နေပါတယ်လို့...
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...