Thursday, November 11, 2010

ကုန်းဘောင်နောက်ဆုံးသွေးစက်၏ ပုံရိပ်များ




မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ မြန်မာသွေး (ရိုးရိုးသွေးတောင်မဟုတ်ဘူး၊ ဗမာ့တော်ဝင်သွေး) တစ်ဝက်ပါတဲ့ သူမအလှဟာ ဘယ်လောက်လှပ ကျက်သရေရှိလိုက်သလဲဗျာ။
ဘိုကပြား အင်္ဂလိုဗားမားတစ်ယောက်ဖြစ်တဲ့ သူမဟာ လွန်ခဲ့သော သုံးဆယ်ငါးနှစ်ကျော်လောက်တုန်းက မြန့်မာသမိုင်းမှာ ဟိုးလေးတစ်ကျော် နာမည်ကျော်ကြားဖူးသူ တစ်ယောက်ပါ။ ကျွန်တော်တောင် ကျွန်တော့် အဖေပြောပြလို့ သူမနာမည်ကို ကြားခဲ့ဖူးတယ်ဆိုယုံ လောက်ပါပဲ။ သူမနာမည်ကြားခါစကဆို အတော်လေးလှတဲ့ နာမည်ပဲလို မှတ်ယူခဲ့ဖူးတယ်။ နာမည်လေးတင်လှတာမဟုတ်ပဲ သူမဓာတ်ပုံ မြင်တော့လဲ တခေတ်တခါက အတော့်ကို နာမည်ကြီးခဲ့တာပဲဆိုတာ နဖူးတွေ့ဒူးတွေ့ယုံသွားတော့တယ်ဗျာ။သူမ အမည်ကတော့ “ရတနာနတ်မယ်” ဆိုတာပါပဲ။

ရတနာနတ်မယ်သည် နိုင်ငံတော်သမ္မတကြီးဟောင်း ဦးနေဝင်း၏ တတိယ အိမ်ထောင်ဘက် ဖြစ်ခဲ့ပါသည်။ မြန်မာပြည်ရဲ့ First Lady တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ရတနာနတ်မယ်သည် သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် လင်းပင်ထိပ်တင်မလတ်၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော်တယောက် ဖြစ်သည်။


၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်က အသက် ၃၆ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ ၁၉၂၁ခု အောက်တိုဘာလမှာ လက်ထပ်ခဲ့ပါသည်။ သားလေး ၂ယောက် ရသည်။သူမကို အချို့က သစ်ခွစုဆောင်းသူလို့ ပြောခဲ့ကြပါတယ်။ သေချာတာကတော့ သူမဟာ မြန်မာပြည်မှာ အတော်ကြာကြာ နေထိုင်သွားခဲ့ပါတယ်။

လင်းပင်မင်းသားကြီး နှင့် ရေနံသာခင်ခင်ကြီးတို့နှစ်ဦးစလုံးက ချောမောခန့်ညားကြသလို သူတို့ရဲ့သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ်အသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။။ သူနဲ့ Mr Herbert Bellamy ကမွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဖိုးအဖွားရဲ့ အလှအပေတွေ စုပြီး မြန်မာသွေးနဲ့ အနောက်သွေးနှောတဲ့သူမို့လို့ အင်မတန်လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထဲ ကြီးပြင်လာခဲ့သူမို့ ရတနာနတ်မယ်ဟာ လူဂုဏ်တန်နဲ့ အင်္ဂလိပ်အသိုင်းအဝိုင်းထဲမှာ ထင်ရှားခဲ့ပါတယ်။

ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။

ယခုအခါမှာတော့ အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။

Ms June Rose Bellamy

ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။



Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်းညွန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမ္ဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။






လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။


နောက်ပြီး ရတနာနတ်မယ်ရဲ့ အကြောင်းတွေ ထပ်သိချင်ရင်တော့ ဒီနေရာလေးတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Griffith Review
ဝီကီမြန်မာ
ညီလင်းဆက်
Studio June Bellamy
LIFE Images (ရတနာနတ်မယ်၏ ငယ်ရွယ်စဉ်ပုံရိပ်များ)

8 comments :

  1. ဒီပို့စ်လေးအတွက် ကျေးဇူးနော် ကိုချမ်း
    ဖေ့ဘုတ်မှာသိမ်းထားချင်လို့တောင် ရှဲလိုက်မိသေးတယ်...


    မနှင်း

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ကိုချမ်းလင်းနေ။ခုမှဖတ်ဖြစ်လို့လည်းကိုယ့်ကိုကိုယ်အားမရဖြစ်မိတယ်။ဘာပဲဖြစ်ဖြစ်
    ထပ်ပြီးကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  3. ဖတ်သွားပါတယ်။ ကျေးဇူးနော်။ အားပေးလျက်။

    မမီး

    ReplyDelete
  4. မသိသေးတဲ့ ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်။

    ReplyDelete
  5. I heard that she wrote a book about her experience with the late dictator. If it is still available I want to read it. It will be part of the history.

    ReplyDelete
  6. အကိုရေ
    အလည်လာသွားတယ်...ရတနာနတ်မယ်အကြောင်းကို Fb မှာ ပြန်ရှယ်ဖို့ ယူသွားပါတယ်....

    ReplyDelete
  7. သူ့ထက်ပိုပြီးအနွယ်တော်ရင်းပြီး ပိုငယ်သူများ မြန်မာပြည်တွင်းမှာရှိနေကြောင်း ဖတ်ရပါသည်။ http://burmeseclassic.com/img/articles/A0216.gif တွင်ဖတ်ကြည့်ပါ။ (မင်းအောင်)

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...