ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၂၄နှစ်ပြည့်သွားခဲ့ပြီ။
ရွှေရတုပြည့်ဖို့ တနှစ်သာလိုပါတော့တယ်။ လူသားမျိုးဆက်အရပြောလျှင်
မျိုးဆက်တဆက်စာ(၂၅နှစ်)ခန့်ကြာခဲ့ပြီ။ အရေးအခင်းအချိန်က ငယ်ရွယ်သူ
ကလေးငယ်များပင် လူလတ်ပိုင်းအရွယ်ဝင်လာကြပြီ။ နောက်ပိုင်းမှမွေးသော
ကလေးတွေပင် လူလားမြောက် လာကြပြီ။ ဒီကလေးတွေလူငယ်တွေက
ရှစ်လေးလုံးအရေးအခင်းကို ကြားဘူးနားဝသာရှိကြမှာပါ။ တချို့ဆိုလျှင်
သိပင်မသိနိုင်ကြမှာ မဟုတ်ပါဘူး။ ဒီလောက်အချိန်တွေကြာခဲ့ပေမယ့်
ရှစ်လေးလုံးအရေးအခင်းကြီးက တောင်းဆိုခဲ့ကြတဲ့ လူထုရည်မှန်းချက်တွေ
လူထုလိုလားချက်တွေကတော့ မရသေးပါဘူး။ အဝေးကြီးမှာ အလှမ်းကွာနေဆဲပါ။
ရှစ်လေးလုံးအရေးအခင်းကြီးအတွင်းမှာ
မြန်မာပြည်တပြည်လုံးလိုလို လှည်းနေလှေအောင်း မြင်းဇောင်းပါ မကျန်အောင်
ပြည်သူတရပ်လုံး လမ်းမတွေပေါ်ထွက်ပြီး ဒီမိုကရေစီကိုလိုလားတဲ့
မိမိတို့စိတ်ဆန္ဒတွေကို တကမ္ဘာလုံးကသိအောင် ဟစ်ကြွေးပြီး
ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့ စစ်အာဏာရှင်တွေက
ပြည်သူလူထုလိုလားတောင်းတနေသော ဒီမိုကရေစီကိုမပေးဘဲ သေနပ်ကျည်ဆံတွေကိုသာ
ပေးခဲ့ကြတာပါ။ လမ်းပေါ်မှာ ဆန္ဒပြတောင်းဆိုနေသော လက်နက်မဲ့ ရဟန်းရှင်လူ
ပြည်သူအများ ကျောင်းသူကျောင်းသားများ ထောင်ချီပြီးသွေးမြေကျခဲ့ရပါတယ်။
ပြည်သူလူထု သွေးမြေကျခဲ့ရပေမဲ့ စစ်အာဏာရှင်တို့က ပြုတ်မသွားပါဘူး။ မဆလ ကနေ
န၀တ လို့နာမည်လေးပြောင်း လူပြောင်းပြီး စစ်အာဏာရှင်စနစ်ကို
ဆက်လက်ထိန်းသိမ်းခဲ့ကြ ပါတယ်။ စစ်အုပ်စုမျိုးဆက်တခုမှတခုသို့
အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းပေးခဲ့ကြတာပါ။ ဒါကြောင့်မို့လို့
စစ်အာဏာရှင်စနစ်ကတော့ ဒီနေ့အထိပန်းပန်ထားဆဲပါ။ စစ်ဗိုလ်ချူပ်တွေ
မျိုးဆက်တဆက်ပြီးတဆက် ပြောင်းပြီး လူထုကိုဖိနှိပ်နေဆဲ မတရား သွေးစုပ်နေဆဲ
တိုင်းပြည်ရဲ့အဖိုးတန်သယံဇာတတွေကိုထုတ်ရောင်းပြီး
အဆီစားလို့အသားကိုမျိုနေကြဆဲ ဥစ္စာဓနတွေ ထားစရာနေရာမရှိအောင် ကျိကျိတက်
ချမ်းသာ ကြွယ်ဝနေကြဆဲပါ။ တိုင်းပြည်ကတော့
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်သွားခဲ့သည်။ အလုပ်သမားများ
လယ်သမားများ ပြည်သူလူထုအများစုမှာတော့ ကုန်းကောက်စရာမရှိလောက်အောင်
ဆင်းရဲမွဲတေ သွားခဲ့ကြရပါတယ်။ အကြွေးတွေအထပ်ထပ်နဲ့
လည်ပင်းထိအောင်မြုပ်နေကြရပြီ။
စစ်အာဏာရှင်တွေထံမှ
ဒီမိုကရေစီအခွင့်အရေးတွေကို လမ်းပေါ်ထွက်ပြီး အေးအေးချမ်းချမ်း
ဆန္ဒပြတောင်းဆိုလို့ မရတော့ပါဘူး။ အကြမ်းမဖက် အနုနည်းနဲ့တောင်းဆိုစရာ
နည်းလမ်းမကျန်တော့ပါဘူး။ လက်နက်မဲ့ပြည်သူတွေကို စစ်အာဏာရှင်တွေက
မောင်းပြန်သေနပ်ကျည်ဆံတွေသာ ပေးခဲ့ကြလို့ ထောင်ပေါင်းများစွာသောပြည်သူတွေ
ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်တွေ ပေးလှူခဲ့ကြရပါပြီ။ စစ်အာဏာရှင်တွေထံမှ
ဒီမိုကရေစီကို တောင်းယူလို့တော့ မရတော့ပြီဆိုတာကို ပြည်သူတရပ်လုံး
သွေးနဲ့ရင်းပြီး နားလည်သဘောပေါက်သွားကြပါပြီ။ စစ်အာဏာရှင်တွေကို
အကြမ်းဖက်တော်လှန်မှရမည်။ လက်နက်ကိုင်တော်လှန်မှရမည်ဆိုတာကို
ရှစ်လေးလုံးအရေးတော်ပုံကြီးက မီးမောင်းထိုးပြလိုက်တာပါ။
ပြည်သူတွေလက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ စဉ်းစားကြရပြီ။ အဲဒီအချိန်က
အများစုမြင်တဲ့အမြင်က
ထိုင်းနယ်စပ်လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဆီရောက်အောင်သွားဖို့၊အနောက်နိုင်ငံတွေဆီက
လက်နက်ခဲယမ်း အထောက်အပံ့တွေရဖို့ဖြစ်ပါတယ်။ဒါက အဲဒီအချိန်က
တက်ကြွလှုပ်ရှားသူအများစုရဲ့အမြင်ဖြစ်ပါတယ်။ သေချာပေါက်ရမယ်လို့လည်း
အားလုံးလိုလိုက ယုံကြည်ထားခဲ့ကြတာပါ။ ဒီစိတ်ကူးတွေနဲ့အတူ ထောင်သောင်းချီတဲ့
တက်ကြွလှုပ်ရှားသူ လူငယ်လူရွယ်တွေ ထိုင်းနယ်စပ်သို့ ရောက်လာကြပါတော့တယ်။
ဒါပေမဲ့ သူတို့ဆန္ဒတွေ မျှော်လင့်ချက်တွေ မပြည့်ဝခဲ့ကြပါဘူး။
ထိုင်းနယ်စပ်ရောက်တော့ သူတို့တကယ် ကြုံတွေ့ရတာက
လက်နက်ကိုင်တော်လှန်ရေးကိုဆန့်ကျင်သော အကြမ်းဖက်တော်လှန်ရေးကိုလက်မခံသော
နိုင်ငံတကာ့အကူအညီဆိုတဲ့ နိုင်ငံရေးရာသီဥတုနဲ့
ရင်ဆိုင်တိုးမိကြတာပါ၊စစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး
လာခဲ့ကြတဲ့လူငယ်တွေ အကြမ်းမဖက် တရားရေအေး တိုက်ကြွေးတာကိုဘဲ
လက်ခံရရှိခဲ့ကြရပါတယ်။ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်
ကိုင်စွဲတဲ့အဖွဲ.အစည်းတွေ အင်အားစုတွေကို နိုင်ငံတကာ့အကူအညီက
ပေးကမ်းထောက်ပံ့မှုမပြုဘဲ လစ်လျူရှုထားတာကိုဘဲ ခံခဲ့ကြရပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကို စွန့်ပယ်သူတွေ၊ အကြမ်းမဖက်သဘောတရားကို
လက်ခံသူတွေသာ နိုင်ငံတကာ့အကူအညီရဲ့ စောင့်ရှောက်မှု မျက်နှာသာပေးမှု
နေရာပေးမှုတွေကို ခံစားစံစားခဲ့ကြရတာပါ။
လက်နက်ကိုင်တော်လှန်ရေးဆိုတာ
လက်ချည်းသက်သက်နဲ့ လုပ်လို့မရနိုင်ပါ။ဒီလောက်ထောင်ချီရှိတဲ့ တပ်ကြီးကို
လက်နက်ရိက္ခာ ထောက်ပံ့ဖို့ဆိုတာ ဘယ်နယ်စပ်လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းမှ
မတတ်နိုင်ပါ။ နိုင်ငံတကာ့အကူအညီကလည်း လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့
အဖွဲ့အစည်းတွေကို လစ်လျူရှုထားကြပါတယ်။ တဖြေးဖြေးနဲ့
လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းဝင်တွေ စိတ်ဓါတ်ကျကုန်ပြီး
တော်လှန်ရေးကို စွန့်ခွါသွားကြပါတော့တယ်။ဒါကလည်း ဒိုနာခေါ်တဲ့
အနောက်နိုင်ငံက အလှူရှင်တွေက ဖြစ်စေချင်နေတဲ့ ဆန္ဒပါ။ တဖက်ကလည်း
လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွါလာသူတွေကို ချမ်းသာကြွယ်ဝတဲ့
တတိယနိုင်ငံဆိုတာတွေကိုပို့ပေးခြင်းနဲ့
မက်လုံးတွေပေးထားပါတယ်။နောက်ဆုံးတော့ တချိန်ကထောင်ချီရှိခဲ့တဲ့
လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အခုဆို
ရာဂဏန်းတောင်မပြည့်ချင်တော့ပါဘူး။ဒီလိုဖြစ်လို့ တော်လှန်ရေးကို
စွန့်ခွါသွားသူတွေကို အပစ်တင်လို့မဖြစ်ပါဘူး။ ဒီလိုဖြစ်ရတာဟာ
အနောက်အုပ်စုနိုင်ငံကြီးတွေ ဒိုနာတွေရဲ့ အလိုဆန္ဒအရသာ ဖြစ်ခဲ့ကြရတာပါ၊
ဒီတော့
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကိုပြန်ကြည့်ရင် ရှစ်လေးလုံးအရေးအခင်းကြီးကနေ
တော်လှန်ရေးလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ထွက်လာခဲ့ကြတဲ့ တော်လှန်ရေးသမားတွေ
နိုင်ငံရေးသမားတွေ မိမိတို့ယုံကြည်တဲ့အတိုင်း လုပ်နိုင်ခဲ့ကြရဲ့လား။
မလုပ်နိုင်ခဲ့ပါဟုပင် ရိုးရိုးသားသားဖြေရမှာပါ၊မိမိတို့
ယုံကြည်ချက်တွေကိုမျက်ကွယ်ပြုပြီး အနောက်အုပ်စုနိုင်ငံကြီးတွေ၊ ဒိုနာတွေရဲ့
အလိုကျတာအသုံးတော်ခံခဲ့ကြရတာပါ။ သူတို့အလိုကျ ကျူံးသွင်းတာကို
ခံခဲ့ကြရတာပါ၊ သူတို့အစီအမံရဲ့ ဦးတည်ချက်ကတော့
လက်နက်ကိုင်တော်လှန်ရေးအောင်ပွဲနဲ့အတူ ဗမာပြည်နီမသွားရေးက အဓိကပါ၊
အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒီအစီအမံက စစ်အာဏာရှင်တွေကိုသာ
အကျိုးပြုခဲ့ပါတယ်။ သူတို့ကိုပဲ ပိုပြီးသက်ဆိုးရှည်အောင်
လုပ်ပေးလိုက်သလိုဖြစ်သွားရတာပါ၊
ပြည်တွင်းမှာဆိုရင်လည်း
အကြမ်းဖက်သဘောတရား ခေါင်းထောင်မလာနိုင်အောင် ဒေါ်စုကို
အကြမ်းမဖက်လှုပ်ရှားမှုအတွက် နိုဘယ်ဆုကြီးပေးပြီး ထိန်းထားခဲ့တာပါ၊
ဒီနေ့အချိန်မှာတော့ အန်အယ်ဒီနဲ့ ဒေါ်စုလည်း ၂၀၀၈အခြေခံဥပဒေကို
သစ္စာခံသွားခဲ့ပါပြီ၊ စစ်အာဏာရှင်တွေကိုလည်း တရုတ်ကြီးရင်ခွင်က
ခွါထွက်နိုင်ခဲ့လို့ အနောက်အုပ်စုနိုင်ငံကြီးတွေက ဖက်လှဲတကင်း
အားပေးထောက်ခံနေကြပါပြီ။ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဘယ်လူပုဂ္ဂိုလ်
ဘယ်အဖွဲ့အစည်းကိုမှ ပေးကမ်းထောက်ပံ့နေစရာ အကြောင်းမရှိတော့ပါ။
အနောက်အုပ်စုနိုင်ငံကြီးတွေ ဒိုနာတွေအားလုံး ပြည်တွင်းကစားကွက်ထဲကိုဘဲ
အာရုံစိုက်နေကြပါပြီ။ ဗမာပြည်မှာသူတို့အတွက် မက်လောက်စရာအကွက်အကွင်းတွေ
များလှပါတယ်။
ပြည်ပမှာ အထူးသဖြင့် နယ်စပ်မှာ ကျန်နေသေးတဲ့
မြန်မာ့နိုင်ငံရေးသမားဆိုသူတွေလည်း အခက်တွေ့နေကြရပါပြီ။ ဒိုနာတွေမရှိဘဲ
သူတို့မရပ်တည်နိုင်ပါ။ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့လည်း အားမရှိပါ။
ဒီတော့ဒိုနာတွေ လမ်းညွှန်ရာကိုဘဲ သူတို့သွားကြရတော့မှာပါ။
ဒိုနာတွေညွှန်နေတဲ့လမ်းကတော့ အားလုံး ပြည်တော်ပြန်ကြဖို့ပါ။
ရှစ်လေးလုံးအရေးတော်ပုံကစခဲ့တဲ့
ဗမာပြည်တော်လှန်ရေးကို နိုင်ငံတကာ့အကူအညီယူပြီး
အောင်မြင်အောင်လုပ်ဆောင်ရေးဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကတော့
အရေးရှုံးနိမ့်သွားခဲ့ပြီလို့ အကြမ်းဖျင်း ကောက်ချက်ဆွဲရတော့မှာပါ၊ ဒါပေမဲ့
ရှစ်လေးလုံးစိတ်ဓါတ်ကတော့ ဗမာပြည်ပြည်သူတွေရဲ့ ရင်ထဲမှာ
အရှိန်အဟုန်နဲ့တောက်လောင်နေဆဲပါ။ ဒီနေ့ဒီအချိန်ကစလို့ ဗမာပြည်နိုင်ငံရေးကို
ပုံစံအသစ် လမ်းကြောင်းအသစ်တွေထွင်ပြီး လျှောက်လှမ်းကြရအုံးမှာပါ၊
ပန်းတိုင်ကတော့ အလှမ်းကွာဝေးဆဲပါ။
မောင်ရိုးရှင်း
၈၊၈၊၁၂