Monday, January 23, 2012

??????

ဘော်ဘော်များခင်ဗျား......

အကူအညီတစ်ခုတောင်းချင်လို့ပါ။

မနေ့ညက ကျွန်တော့်တို့အိမ်နားက ဈေးထဲမှာ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆော့တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေ ရောင်းတဲ့သူတစ်ယောက်ကို တွေ့ပြီးတော့ ကျွန်တော့်မှာ အိုင်ဒီယာတစ်ခုရထားတယ်။ သိတယ်မှတ်လား။ ဂျုံနဲ့ကွာ ကြက်ဖရုပ်ကလေးတွေ၊ နင်ဂျာအရုပ်တွေလုပ်ပြီး အောက်တုတ်ကလေးနဲ့ထိုးပြီး လုပ်တာလေ။ အဲဒါကိုကြည့်ပြီး အိုင်ဒီယာရလို့ပါ။ ကျွန်တော်တို့ CNN ကနေကြည့်နေကြ အစီအစဉ်တစ်ခုရှိတယ်။ Life at the Edge ဆိုတာ။ သူတို့နေထိုင်လုပ်ကိုင်နေရတဲ့ ပရောဖက်ရှင်နယ်တွေက တဖြည်းဖြည်းလူသုံးနည်းလာပြီးတော့ သူတို့ဘဝက ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးဖြစ်လာတာမျိုးတွေကို ရိုက်ပြတဲ့အစီအစဉ်လေးပါ။ ကျွန်တော်က အဲဒီအရုပ်လုပ်တဲ့သူကို ကြည့်ပြီးအဲဒါမျိုးလေးလုပ်ချင်လာတယ်။ သူတို့ကျေးဇူးတွေ ကျွန်တော်တို့မှာအများကြီးရှိတယ်။ အဲဒီအရုပ်လေးတွေ ကျွန်တော်တို့အများကြီးဝယ်ဖူးတယ်။ အကော်ဒီယံကိုစက္ကူတွေကို ခေါက်ထားတဲ့ အစွန်းနှစ်ဖက်မှာတော့ ဂစ်တာပုံလေးနဲ့ ဟာလေးကော မှတ်မိကြလား။ ပန်းသီးတို့၊ ဘောလုံးတို့ လုပ်လို့ရတယ်ကွာ။ အဲဒါကိုဟိုခေါက်ဒီခေါက်၊ ဟိုလိမ်ဒီလိမ်လုပ်လိုက်ရင်။ အဲဒီလိုကစားစရာတွေ အများကြီးဝယ်ဖူးတယ်။ အခုအချိန်မှာအဲဒါမျိုးတွေကို ပြန်မတွေ့ရတော့ဘူး။ ဒီခေတ်ကလေးတွေလည်း လုံးဝမကစားကြတော့ဘူး။ အဲဒီလိုဟာမျိုးတွေနဲ့။ နောက်ရှိသေးတယ်။ အရင်တုန်းကရထားစီးရင် ခရီးဝေးတွေ ပြောပါတယ်၊ ရေအိုးလေးတွေ ရွက်လာပြီးတော့ ရေအလှူပါ၊ ရေအလှူပါဆိုပြီးတော့ ဘူတာတွေမှာ ရေလိုက်ရောင်းတဲ့သူတွေ၊ ပါးစပ်ကတော့ အလှူလို့ပြောတယ်ပေါ့၊ ခရီးသည်တွေက သဒ္ဒါကြေးလေးတော့ ပြန်ပေးရသေးတာပေါ့။ ဒီနေ့ခေတ်လို ရေသန့်ဘူးတွေ ဖောချင်းသောချင်းအချိန်မှာ သူတို့ဘာလုပ်နေကြမလဲ။ လူတွေက စီပိုး၊ ဘီပိုးတွေလည်း ကြောက်တတ်နေကြပြီ။ မြို့ပေါ်မှာ ရေခဲရေရောင်းတဲ့သူတွေတောင် ပျောက်ကုန်ကြပြီဆိုတော့။ နောက်ကျွန်တော်တို့ ငယ်ငယ်တုန်းက နို့ဈေးနားက ခြင်းယက်တဲ့သူတွေ။ ယိုးဒယားပလတ်စတ်ခြင်းတွေကို အပေါ်လက်ကိုင်ကိုင်းနားကနေ ပတ်ပတ်လည်ခြင်းတစ်လျှောက်လုံး ကြိမ်နဲ့ပြန်ပတ်ပေးတာ၊ အိမ်မှာတောင်တစ်လုံးရှိသေးတယ်။ အဲဒီတုန်းက ယိုးဒယားပစ္စည်းဆိုတာ အရမ်းရှားတော့ အဲဒီလိုရိုရိုသေသေကိုင်ခဲ့ကြရတယ်။ အခုအချိန်မှာ ပလတ်စတစ်ခြင်းကို ပြန်ပတ်ဖို့မပြောနဲ့၊ ထိုင်ခုံတွေမှာတောင် ကြိမ်နဲ့မယက်တော့ဘူး။ ပလတ်စတစ်တွေ ကြိုက်သလောက်ဝယ်လို့ရတဲ့အချိန်မှာ ဘယ်သူမှဂျပိုးအကိုက်မခံချင်တော့ဘူး။ အရင်တုန်းကဆို ကျောင်းဆရာမတွေ ကြိမ်ခြင်းလေးတွေ ကိုင်ကြသေးတယ်။ ကျွန်တော့်သူငယ်တန်းဆရာမ ဒေါ်လှမွန်လွင်ဆို ကြိမ်ခြင်းလေးနဲ့ အရမ်းကျက်သရေရှိတာ။ ဆရာမကအသားဖြူဖြူပုပုသေးသေးလေး။ အဲဒီကြိမ်ယက်တဲ့သူတွေ အခုဘာလုပ်နေကြမလဲ။ သူတို့တတွေကို ကျွန်တော်တို့ပစ်ပယ်ထားလိုက်သလိုဖြစ်နေပြီလား။ သူတို့ကရော တစ်သက်လုံးသူတို့လုပ်လာတဲ့ ဒီအလုပ်တွေနဲ့ မိသားစုကိုရှာဖွေကျွေးမွေးနိုင်ခဲ့တဲ့ အိမ်ထောင်ဦးစီးတွေနေရာကနေ ဖယ်ရှားခံနေကြရပြီလားဆိုတာကို ကျွန်တော်အရမ်းသိချင်လာတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း Life at the Edge လို အစီအစဉ်ကလေးတစ်ခုလုပ်ကြည့်ချင်တယ်။ သူတို့တတွေနဲ့ သွားတွေ့မယ်။ သူတို့ခေတ်ကောင်းစဉ်က ဘာတွေလုပ်ခဲ့ကြတယ်။ ဒီပညာတွေ ဘယ်လိုသင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့လုပ်ငန်းတွေ ဘယ်လိုကျဆင်းနေတယ်။ ဒီလုပ်ငန်းက လုံးဝရပ်တန့်ပစ်ရတော့မယ်ဆိုရင် ဘာဆက်လုပ်မယ်ဆိုတာတွေကို မေးကြည့်ချင်သေးတယ်။ ကျွန်တော့်ကို အကြံဥာဏ်တွေ ပေးကြပါဦး။ နောက်တစ်ခါသူတို့တွေ ဘယ်နားမှာရှိတယ်၊ သူတို့နဲ့တွေ့ဖို့ ဘယ်လိုစီစဉ်နိုင်တယ်ဆိုတာမျိုးတွေပေါ့။ ကျွန်တော်နောက်တွေ့ချင်သေးတဲ့သူတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ အရင်တုန်းက ရွှေတိဂုံဘုရားရောက်ရင် မေမေ့ကိုပူဆာတတ်တဲ့ ဖိုးဝရုပ်ကြီးတွေ၊ ဇီးကွက်ရုပ်ကြီးတွေကို စက္ကူတွေနဲ့လုပ်တဲ့သူတွေလေ။ သူတို့လို video documentary မလုပ်နိုင်တောင်မှ၊ စာအုပ်တစ်အုပ်လောက်တော့ လုပ်နိုင်ချင်တယ်။ နည်းနည်းလောက် အကြံပေးကြဦးဗျာ။

POE C
 
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

2 comments :

  1. မင်္ဂလာပါ...

    သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

    Myanmar Online Music: MyanmarOnlineMusic.Com

    အားလုံးကိုဖိတ်ခေါ်ပါတယ်..

    ကျေးဇူးပါ...

    ReplyDelete
  2. တချို့တလေ တော့ ပျောက်ကွယ်ကုန်တာအမှန်ဘဲ အကိုရေ

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...