Thursday, November 11, 2010

ကုန်းဘောင်နောက်ဆုံးသွေးစက်၏ ပုံရိပ်များ




မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ မြန်မာသွေး (ရိုးရိုးသွေးတောင်မဟုတ်ဘူး၊ ဗမာ့တော်ဝင်သွေး) တစ်ဝက်ပါတဲ့ သူမအလှဟာ ဘယ်လောက်လှပ ကျက်သရေရှိလိုက်သလဲဗျာ။
ဘိုကပြား အင်္ဂလိုဗားမားတစ်ယောက်ဖြစ်တဲ့ သူမဟာ လွန်ခဲ့သော သုံးဆယ်ငါးနှစ်ကျော်လောက်တုန်းက မြန့်မာသမိုင်းမှာ ဟိုးလေးတစ်ကျော် နာမည်ကျော်ကြားဖူးသူ တစ်ယောက်ပါ။ ကျွန်တော်တောင် ကျွန်တော့် အဖေပြောပြလို့ သူမနာမည်ကို ကြားခဲ့ဖူးတယ်ဆိုယုံ လောက်ပါပဲ။ သူမနာမည်ကြားခါစကဆို အတော်လေးလှတဲ့ နာမည်ပဲလို မှတ်ယူခဲ့ဖူးတယ်။ နာမည်လေးတင်လှတာမဟုတ်ပဲ သူမဓာတ်ပုံ မြင်တော့လဲ တခေတ်တခါက အတော့်ကို နာမည်ကြီးခဲ့တာပဲဆိုတာ နဖူးတွေ့ဒူးတွေ့ယုံသွားတော့တယ်ဗျာ။သူမ အမည်ကတော့ “ရတနာနတ်မယ်” ဆိုတာပါပဲ။

ရတနာနတ်မယ်သည် နိုင်ငံတော်သမ္မတကြီးဟောင်း ဦးနေဝင်း၏ တတိယ အိမ်ထောင်ဘက် ဖြစ်ခဲ့ပါသည်။ မြန်မာပြည်ရဲ့ First Lady တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ရတနာနတ်မယ်သည် သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် လင်းပင်ထိပ်တင်မလတ်၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော်တယောက် ဖြစ်သည်။


၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်က အသက် ၃၆ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ ၁၉၂၁ခု အောက်တိုဘာလမှာ လက်ထပ်ခဲ့ပါသည်။ သားလေး ၂ယောက် ရသည်။သူမကို အချို့က သစ်ခွစုဆောင်းသူလို့ ပြောခဲ့ကြပါတယ်။ သေချာတာကတော့ သူမဟာ မြန်မာပြည်မှာ အတော်ကြာကြာ နေထိုင်သွားခဲ့ပါတယ်။

လင်းပင်မင်းသားကြီး နှင့် ရေနံသာခင်ခင်ကြီးတို့နှစ်ဦးစလုံးက ချောမောခန့်ညားကြသလို သူတို့ရဲ့သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ်အသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။။ သူနဲ့ Mr Herbert Bellamy ကမွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဖိုးအဖွားရဲ့ အလှအပေတွေ စုပြီး မြန်မာသွေးနဲ့ အနောက်သွေးနှောတဲ့သူမို့လို့ အင်မတန်လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထဲ ကြီးပြင်လာခဲ့သူမို့ ရတနာနတ်မယ်ဟာ လူဂုဏ်တန်နဲ့ အင်္ဂလိပ်အသိုင်းအဝိုင်းထဲမှာ ထင်ရှားခဲ့ပါတယ်။

ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။

ယခုအခါမှာတော့ အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။

Ms June Rose Bellamy

ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။



Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်းညွန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမ္ဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။






လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။


နောက်ပြီး ရတနာနတ်မယ်ရဲ့ အကြောင်းတွေ ထပ်သိချင်ရင်တော့ ဒီနေရာလေးတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Griffith Review
ဝီကီမြန်မာ
ညီလင်းဆက်
Studio June Bellamy
LIFE Images (ရတနာနတ်မယ်၏ ငယ်ရွယ်စဉ်ပုံရိပ်များ)

Tuesday, November 2, 2010

ပြည်တွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး တိုက်ပွဲတွေ စတင်နေပြီ

တောင်ဒဂုံမှာ ကျောင်းသား လူငယ် ၁၀၀ ကျော် စတင် တိုက်ပွဲဝင်နေပါပြီ။ ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးတာခံခဲ့ရပြီး ရဲများက အုပ်စုလိုက်မဟုတ်ဘဲ လူခွဲပြီးသွားဖို့ ပြောပါတယ်..ဖမ်းတာဆီးတာတော့မလုပ်ခဲ့ပါလို့ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ်တစ်ဦးက ပြောဆိုပါတယ်။ 

အဲဒီနောက်မှာတော့ လူပြန်စုပြီး အုပ်စုလိုက် တောင်ဒဂုံအခု(၅၆)ရပ်ကွက်အထိ စာရွက်တွေ ဝေငှသွားကြတာ ဖြစ်ပါတယ်။ ဆန့်ကျင်ရေးစာရွက်များ ဝေငှသွားကြတဲ့ လူငယ်တွေ အားလုံးဟာ တီရှပ်တွေမှာ.. သခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ဆင်တူ ဝတ်စုံတွေနဲ့ မဲမပေးရေး လှုပ်ရှားမှု စာတမ်းပါတဲ့ တီရှပ်တွေကိုဝတ်ဆင်ထားကြပါတယ်။ အခုတောင်ဒဂုံမှာ စာရွက်တွေ ဆက်လက်ဝေငှသွားမယ်လို့ သိရှိရသလို ဒီနေ့မနက် စမ်းချောင်းမှာ မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်တွေတော့ တားဆီးခံရမှူတွေနဲ့ တော်တော် အခြေအနေဆိုးတယ်လို့ သိရှိရြ့ပီး နောက်ဆုံးရရှိတဲ့ သတင်းအရ စမ်းချောင်းမြို့နယ်မှာ မဲမပေးရေးလှုပ်ရှား စာရွက်စာတမ်းများ ဝေငှခွင့် မရခဲ့ကြောင်းနဲ့ လှုပ်ရှားမှု ပြုလုပ်နေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များထက် လုံခြုံရေး ရဲဝန်ထမ်းအင်အား ပိုမိုများပြားကြောင်း သိရှိရပါတယ်..။

မနေ့ ည က ပြည်မြို့ရှိ  လှုပ်ရှားသူများ က ရွေးကောက်ပွဲ ကိုဆန် ကျင်ထားတဲ့ ထားတဲ့ စတတ်ကာများကို တမြို့  လုံးနီးပါး လိုက်လံ ဖြန့် ဝေခဲ့ကြတယ်။ ကပ်ခဲ့ကြတယ်လို့  လည်း သတင်းရရှိသလို မနက်မိုးလင်းတဲ့အခါမှာတော့ ရဲ၊ မီးသတ်များက စတစ်ကားများကိုလိုက်လံ ခွာခဲ့ကြရတယ်လို့သိရပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ အတုအယောင် ရွေးကောက်ပွဲကို ဆန်ကျင်တဲ့လှုပ်ရှားမှုများ  တစတစ အားကောင်းလာတာကိုတွေ့   ရှိရတာတွေဟာ မြန်မာပြည်သူထုလူက စစ်အာဏာပိုင်တွေရဲ့ ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မြန်မာပြည်လူထုကို စစ်ကျွန်အောက်မှာ ထ၀ရသွတ်သွင်းမယ့် အစီစအစဉ်ကို လက်မခံကြတော့ တာမို့ သင်လည်း  နီးစပ်ရာမိတ်ဆွေတွေကို တိုက်တွန်းပြီး ရွေးကောက်ပွဲကို အမျိုးသားရေးတာဝန်တရပ် အနေနဲ့ ၀ိုင်းဝန်းဆန့်ကျင်ကြပါ။

Saturday, October 2, 2010

၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး ပြည်တွင်းလှုပ်ရှားမှု စတင်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (ဗလသ) နဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) တို့ ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ NO Campaign လှုပ်ရှားမှုကို မနေ့က လုပ်ခဲ့ကြတာပါ။ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံ၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တွေမှာ လှုပ်ရှားခဲ့တာဖြစ်ပြီး အဓိကအားဖြင့် လူစည်ကားရာ ဈေးတွေမှာ စာရွက်တွေကို ညဘက်မှာ လိုက်ကပ်ခဲ့ကြသလို တခြားနည်းလမ်းတွေနဲ့လည်း ဒီစာတွေကို ဖြန့်ကြဲခဲ့တဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က အခုလို ပြောပြပါတယ်။
“ကျနော်တို့ကတော့ ညဘက်တွေမှာ သွားပြီးတော့ NO ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ နောက်တခါ ၂၀၁၀ မှာ Cross (X) ဖြစ်တဲ့အတွက် စာရွက်တွေ အဲဒါတွေ နီးစပ်ရာတွေမှာ လိုက်ကပ်လိုက်တယ်။ လိုက်ကပ်ပြီး ဒီညပြီးတော့ နောက်နေ့ မနက်မိုးလင်းတော့မှ လူတွေက အပြင်ထွက်လာတယ်။ ဈေးဝယ်ထွက်မယ်၊ ရုံးသွားမယ်၊ ကျောင်းသွားမယ်။ အဲဒီအခါမှာ ဒီဟာတွေကို မြင်ရပါတယ်။ နောက်တခု ကျနော်တို့က မိုးပျံပူဖောင်းနဲ့ စာကြဲပါတယ်။ ဘတ်စ်ကားတွေ ခေါင်မိုးပေါ်မှာ တင်ထားတယ်။ ကားမောင်းထွက်သွားတဲ့အခါ စာရွက်တွေ လေထဲမှာ ပြန့်လွင့်ပြီး ကျလာတယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ ကျနော်တို့ လှုပ်ရှားပါတယ်။
“အဓိက မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ အဲဒီနေရာတွေက အဓိကပဲ။ ကျန်တဲ့နေရာတွေကတော့ လုပ်တယ်၊ ဒါပေမဲ့ နည်းပါတယ်။ အဓိကတော့ ဈေးတွေဗျ။ ဈေးတွေမှာ အဓိက လုပ်ရခြင်း အကြောင်းရင်းက ဈေးဆိုတာ မနက် ၅ နာရီခွဲ၊ ၆ နာရီဆို ဈေးထွက်လာပြီ။ ပြီးတော့ ဈေးဖြစ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လူစုံရောက်တယ်။ လူထုဆီကို တိုက်ရိုက်ရောက်မယ်လို့ ကျနော်တို့က ယူဆတယ်။ ဈေးတို့၊ ကားဂိတ်တို့ကို ဦးစားပေးပြီး လုပ်တယ်။”
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အခုအခါ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်လာနေပြီး မသင်္ကာတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကို ခေါ်ယူစစ်ဆေး မေးမြန်းတာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ကိုဇာနည်က ဆက်ပြောပြခဲ့ပါတယ်။
“အဲဒီဝန်းကျင်မှာရှိတဲ့ သူတို့ Activists လို့ ယူဆတဲ့လူတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီး အဲဒါမျိုး သူတို့အနေနဲ့ ဒီဟာတွေကို တရားခံ မတွေ့ဘူးဆိုရင်တော့ မသင်္ကာမှုနဲ့ ခင်ဗျားတို့ကိုပဲ ဖမ်းရမှာပဲ၊ ဘာညာ အစရှိတဲ့ ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို သူတို့အနေနဲ့ ကမန်းကတန်းဖြုတ်တယ်၊ လဲတယ်။ ပြီးတော့ သံသယရှိနိုင်တဲ့ လူတွေကို လိုက်ပြီး စစ်ဆေး မေးမြန်းကြတယ်။ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တယ်။ ဖမ်းတာမျိုးတော့ မရှိဘူး။”
ဒါ့အပြင် သူတို့ ဗကသ၊ ဗလသ၊ အကသ ကျောင်းသားအဖွဲ့တွေ အနေနဲ့ ဒီ NO Campaign လှုပ်ရှားမှုကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ မပြီးမချင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က ဆက်ပြောပြခဲ့ပါတယ်။
“ဒီဥစ္စာကတော့ ကျနော်တို့ကို အခြေအနေပေးရင် ပေးသလို ကျနော်တို့ လှုပ်ရှားနေကြမှာပဲလေ။ အရမ်းဖိနှိပ်လာရင်တော့လည်း ပြန်ဖျောက်မယ်၊ အခွင့်သာရင် ပြန်လှုပ်ရှားမယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မချင်း ကျနော်တို့ အနေနဲ့ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး လုပ်နေကြမှာပါပဲ။”
မနေ့က ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်တဲ့ NO Campaign လှုပ်ရှားမှုကို ဗကသ၊ ဗလသနဲ့ အကသ ကျောင်းသားအဖွဲ့ ၃ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ဗကသ ပြောခွင့်ရသူ ကိုဇာနည် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ခဲ့ပြီး ပြည်သူတွေ အနေနဲ့ မဲမပေးလိုရင် မဲမပေးဘဲ နေနိုင်တဲ့ အကြောင်းနဲ့ NLD ပါတီကိုမှ မဲပေးလိုသူတွေ အနေနဲ့လည်း မဲမပေးဘဲ နေကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောဆိုခဲ့ပါတယ်။

Monday, September 27, 2010

(၆)တိုက်မှာ လောက်ကိုက်တာ ခံဖူးသလားနှင့် အခြားထောင်ဝတ္ထုတိုများ

ထောင်.....တဲ့
နှောင်အိမ်မျှသာ မဟုတ်
လူ့ဂုဏ်ပုဒ်မှန်သမျှကို ချေနင်း
ခါးသည်းခြင်းပေါင်းစုံတို့ရဲ့ ဗဟိုချက်
ရက်စက်မှုပေါင်းစုံတို့ရဲ့ ရပ်ဝန်း
သွေးရိပ်စွန်းနေတဲ့ အမှောင်မြေ.....။
ဒါပေမဲ့...ဒီနေရာမှာပဲ
အာဇာနည်များစွာကို ဖွားသစ်
သံမဏိ စစ်မစစ် ပေတင်ခံ
မီးလျှံတွေတွင်းမှာ ဖြတ်ကျော်ရင်း
အလင်းချစ်သူတွေလဲ မွေးလာတယ်...။

Monday, September 20, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေ

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ ရှိသည်။

“နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်” “မဲရုံမသွားနဲ့ မဲမပေးနဲ့” အစရှိသည့် စာသားများ ပါရှိသော ဓာတ်ပုံ၊ ပို့စကတ်များကို လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ အဓိကထား ဖြန့်ဝေခဲ့ပြီး သံဃာတော်များကလည်း ကူညီဖြန့်ဝေပေးခဲ့သည်ဟု ဖြန့်ဝေသည့် လူငယ်အဖွဲ့က ပြောသည်။

“အဓိကကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့်၊ စစ်ကျွန်စနစ် ရှည်စေမယ့် ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ အချက်ကို သံဃာတော်တွေကနေတဆင့် သူတို့ ဆွမ်းခံကြွတဲ့ ပြည်သူတွေဆီကို ရောက်သွားဖို့၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရည်ရွယ်ပါတယ်”ဟု လူငယ်တဦးက ပြောဆိုသည်။

အဆိုပါ လူငယ်များအနေဖြင့် တခြားမြို့နယ်များသို့လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း၊ ဓာတ်ပုံ၊ ပိုစတာ များ ဆက်လက်ဖြန့်ဝေသွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ရသည့်ပြည်သူများကမူ မဲပေးရန် ဆန္ဒမရှိကြောင်းနှင့် မဖြစ်မနေ မဲပေးရမည် ဆိုပါကလည်း မည်သူ့ကို ပေးရမည်မှန်း မသိကြောင်း ပြောဆိုကြသည်။

ရန်ကုန်မြို့ခံတဦးက “အစကတော့ မဲသွားပေးရရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်တို့ဆီကို မနက်တိုင်းဆွမ်းခံကြွတဲ့ ကိုယ်တော်တွေဆီကနေ မဲမပေးဖို့ အခွင့်အရေးလည်း ရှိတယ်ဆိုတာ သိရတော့ သွားမပေးတော့ဘူးဗျာ။ ဒါပေမယ့် သူတို့က သူတို့ နိုင်အောင် လုပ်ထားပြီးသား နေမှာပါပဲ”ဟု ပြောသည်။

Tuesday, September 14, 2010

သခင်မ



ဆယ်နှစ်ကြိုး ကဝေအတတ်နဲ.....
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြူစားတတ်တဲ့......'ရွာသူ'ရေ

ရင်ခုန်သံတွေကိုပဲ 'ခေါစာပစ်'လိုက်တယ်.......
သခင်မ .......
ပျော်ပါ ......၊ ပါးပါ .......၊ စားပါ .......၊ သောက်ပါ ......

မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်ကိုလည်း အပြစ်က လွှတ်တော်မူပါ .....။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ .....။

'တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး'ဆိုတဲ့
ဟောဒီက ငပျင်း ......အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မူပါ ..........

မင်းခိုက်စိုးစံ

Thursday, September 9, 2010

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တရားမမျှတ

“ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီဥပဒေတွေဟာ အဖွဲ့ချုပ် အန်အယ်ဒီအတွက် အများကြီး စိန်ခေါ်မှုတွေ ပါတယ်။ ဒီစိန်ခေါ်မှုတွေ ပါတာကိုပဲ သူကျေနပ်တယ်။ ဒီလိုစိန်ခေါ်မှုတွေပါမှ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ကြရမှာပါပေါ့တဲ့”
“ဒီဥပဒေကို ဖတ်လိုက်လို့ရှိရင် တစုံတယောက်ကို ရည်ညွှန်းပြီးတော့ ရေးဆွဲတယ်၊ တစုံတယောက်ရဲ့ အကျိုးကို ဆန့်ကျင်ပြီးတော့ ရေးဆွဲတယ်လို့ ထင်မြင်စရာ ဖတ်တဲ့လူတိုင်း တွေ့ပါတယ်။ အဲဒီလို တွေ့မြင်စရာ ဖြစ်နေတာကိုက အင်မတန်ရှက်ဖို့ ကောင်းတယ်၊ ဥပဒေဆိုတာ လူတိုင်းအတွက် လူတိုင်းအတွက်ရေးရမှာ ပုဂ္ဂိုလ် တဦးတယောက်အတွက် ရေးတယ်ဆိုကတည်းကိုက မဖြစ်သင့်တာ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ပဲလို့ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်”
(NLD ဦးဉာဏ်ဝင်း မဇ္ဈိမသို့ ပြောကြားချက်)

တို့လို့တွဲလောင်း ဘဝများ










လိုင်းကားတွေပေါ်မှာ တို့လို့တွဲလောင်းနဲ့ လိုက်ပါသွားတဲ့ သူတွေကိုတွေ့တိုင်း ဒီလူတွေ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်လို့ ကျွန်တော် အမြဲတွေးမိတယ်..။ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ကို ရောက်နိုင်ပြီလို့ ယုံကြည်လို့ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုဆိုရင်... အဲဒီလိုလူတွေရဲ့ ဘဝပန်းတိုင်တွေ ဆိုတာကရော... အဲလိုပဲ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ ရောက်နိုင်ပြီလား...


စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာချည်းပဲ....

တွေးမယ်ဆိုရင်လည်း တွေးစရာချည်းပဲ...

ပြောမယ်ဆိုရင်လည်း ပြောစရာချည်းပဲ...

မေ့ပစ်မယ်ဆိုလည်း မေ့ပစ်စရာချည်းပဲ...


မနေ့ညက တာမွေအဝိုင်းကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို သွားဖြစ်တယ်...၊ စီးသွားဖြစ်တဲ့ လိုင်းကားက ဘီအမ်လေးပါ။ ကားက လူချောင်တယ်...၊ ခုံအလွတ်တွေချည်း တော်တော်များများရှိနေလို့ ကျွန်တော်လည်း ထိုင်ခုံရတယ်ပေါ့ဗျာ...။ ကျွန်တော့်ဘေးမှာလည်း အသက် (၂၇)နှစ်လောက်ရှိတဲ့ အစ်ကိုတစ်ယောက် ထိုင်တယ် ဗျ..။ ထမင်းချိုင့်နဲ့ ဘာနဲ့ဆိုတော့ အလုပ်ကနေ ပြန်လာတာဖြစ်မယ်။ ဒီလိုနဲ့ ကားခပေးကြတယ်၊ ကားခက နှစ်ရာ တဲ့...။ ကျွန်တော်ပေးလိုက်တယ်၊ ကျွန်တော့်ဘေးက အစ်ကိုကတော့ တစ်ရာတန်တစ်ရွက်ပဲ ထုတ်ပေးတယ်ဗျ။ ကားစပယ်ရာက "မရဘူး၊..နှစ်ရာ" လို့ ပြန်ပြောတယ်။ အဲဒီ အစ်ကိုက မပါတော့ဘူးလို့ ပြောလိုက်ပုံရတယ်...။ ကားစပယ်ရာက မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြန်ပြောလိုက်တယ်ဗျ...


"တစ်ရာဆို မတ်တပ်ထစီး...."


အဲဒီလိုပြောလိုက်ပေမယ့် ဟိုအစ်ကိုက မျက်နှာ တစ်ချက်ပျက်မသွားဘူး၊ အေးအေးဆေးဆေးပဲ မတ်တပ်ရပ် စီးရှာတယ်၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာနဲ့ သူ့ပုံစံအရ ကျွန်တော်က ထပြီး စိုက်ပေးလိုက်မယ်ဆိုရင်လည်း သူ့ကို စော်ကားရာရောက်မယ့် အခြေအနေမျိုး ဖြစ်နေ တယ်။ သူ့မျက်နှာမှာ သိမ်ငယ်မှု မရှိဘူး၊ ဘာပဲပြောပြော ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် အဲဒီအစ်ကိုရဲ့ ပုံစံကို သဘောကျလေးစားသွားတယ်။ နောက် တစ်ဆက်တည်း ဒါ ယောကျာ်းတစ်ယောက်ရဲ့ အတ္တနဲ့ မာန ပဲ...လို့လည်း တွေးလိုက်မိတယ်။


ဒါပေမယ့် ဒါ သိပ်တော့ သဘာဝမကျလှဘူး၊ ကားထဲမှာ ထိုင်ခုံအလွတ်တွေရှိနေပါရဲ့နဲ့ လူတစ်ယောက် မတ်တပ် ရပ်စီးနေရတယ်...။ ကားစပယ်ယာရဲ့ အတွေးအခေါ်နဲ့ လုပ်ပုံကပဲ ကျွန်တော် စဉ်းစားမရနိုင်လောက်အောင် လက်တွေ့ ကျနေတာလား၊ ဒီကနေ ဟိုကိုသွားမယ့်ခရီးမှာ...ကားပေါ် လူတစ်ယောက် ထိုင်နေလို့ ကားပိုလေး သွားမှာလား...။ ထိုင်စီးရင်လည်း ဒီခရီး၊ ထစီးရင်လည်း ဒီခရီး...အတူတူ။ ထိုင်ခုံအလွတ်တွေကို ဒီအတိုင်းထား ပြီး ငွေတရာမရှိလို့ ဆိုပြီး လူတစ်ယောက်ကို ညှဉ်းပန်းတာမျိုးလား....။


အဲဒီအဖြစ်လေးကိုကြည့်ပြီး ကျွန်တော် ဆက်တွေးမိတယ်...၊ ပိုက်ဆံတစ်ရာ မပေးနိုင်လို့ ထစီးနေတဲ့ အစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုရုန်းကန်နေရတဲ့ ခေတ်လူငယ်တွေကိုများ ကိုယ်စားပြုနေသလား...၊ ဘာဖြစ်လို့လဲ ဆိုတော့ ငွေအားကိုး၊ လူကပ်အားကိုးနဲ့ ဘလိုင်းကြီး ကျော်တက်ခံရတဲ့အပြင် တစ်ခါတစ်ခါ မတ်တပ်ရပ်စီးဖို့ပါ အမိန်ပေးခံရတာတွေ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်များများ ကြုံတွေ့ခဲ့ရပြီးပြီလဲ...


ဒါပေမယ့်လည်း... ကိုယ့် ရည်ရွယ်ရာပန်းတိုင်လေးတွေဆီ ရောက်ဖို့အတွက်တော့...လက်တစ်ဖက်ကိုင်စာရရင် လက်တစ်ဖက်စာနဲ့၊ ခြေတစ်ဖက်ရပ်စာရုံလေးရရင် ခြေတစ်ဖက်စာနဲ့ ဘဝကို တို့လို့တွဲလောင်း လိုက်ပါဖြတ်သန်း ရင်း ခရီးဆက်နေကြရဦးမှာပါပဲလေ....

Related Posts Plugin for WordPress, Blogger...