ကျွန်တော်က လူမည်းတွေကို မကြိုက်ဘူး... သူတို့ကိုနှိမ်တာ၊ 
အသားအရောင်ခွဲခြားတာ မဟုတ်ဘူး... မည်းမည်းကြီးကို မကြိုက်တာ... 
ကျွန်တော်နဲ့ အသားရောင်မတူတာကို မကြိုက်တာ... မည်းမလား၊ ဖြူမလားဆို 
ဖြူတဲ့ဘက်ကိုပဲ tendency ရှိတာ... ဒါပေမယ့် မင်းကအသားမည်းကြီး 
မင်းကငါထက်နိမ့်ကျတယ်... မင်းနဲ့ငါနဲ့ မခေါ်ဘူးလို့ ကျွန်တော်သဘောမထားဘူး...
 သူ့ကိုနိမ့်ကျတဲ့သူလို့ မမြင်ဘူး... အပြစ်သားတွေလို့ သဘောမထားဘူး... 
သူနဲ့လက်ဆွဲနှုတ်ဆက်နိုင်တယ်... ပုခုံးဖက်ပေါင်းသင်းနိုင်တယ်... 
အတူတူရယ်မောနိုင်တယ်... သူတို့ပုခုံးကိုမှီပြီး အားငယ်နေတဲ့အချိန်မှာ 
ငိုနိုင်တယ်... သူတို့အားငယ်နေတဲ့အချိန် လက်တွေကို ဆုတ်ကိုင်ပြီး 
အားပေးနိုင်တယ်... ဘောလုံးပွဲကြည့်ရင် အက်ရှ်လေယန်းတို့၊ အီဗရာတို့၊ 
ဝဲလ်ဘက်ခ်တို့ကို ကိုယ့်တူကိုယ့်သား ကိုယ့်ယောက်ဖတွေ ကန်နေတဲ့အတိုင်းကို 
အားပေးတယ်... သူတို့ကိုနိုင်စေချင်တယ်... ဒါပေမယ့် 
ကျွန်တော့်ကိုယ်နှိုက်ရော... ကျွန်တော့်သားသမီးတွေရော... အဲဒီလို 
မည်းမည်းကြီး ထွက်လာမှာလားဆိုရင်တော့ ကျွန်တော်မကြိုက်တာ အမှန်ပဲ... 
အဲဒီမည်းမည်းကြီး ဖြစ်နေတာကြီးကို မကြိုက်တာ... ကျန်တာအားလုံး OK ... 
ဒါပေမယ့် မည်းတာကြီးကနေ အတင်းကြီးဖြူအောင်လုပ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ 
လုပ်ရပ်ကိုလည်း သဘောမကျဘူး... ကိုယ်ကအစကတည်းက အမည်းပဲ... 
ဘာဖြစ်လဲမည်းမည်းပေါ့... ကျွန်တော်တို့ကိုလည်း အသားဝါတွေဆိုပြီး 
နှိမ်တာပဲ... ငါ့အသားကြီးက ဝါနေလို့ စိတ်ဆင်းရဲတယ်ရယ်မရှိ... သူတို့လို 
ဖြူဖတ်ဖြူလျောနဲ့ မှဲ့ခြောက်တွေ တသီကြီးနဲ့ အသားရောင်မျိုးတော့ 
မလိုချင်ပေါင်... အသားဝါလို့ မခေါ်ချင်မပြောချင်ဘူးဆိုလည်း နေပေါ့... 
တို့တတွေက လေညာက အနေသာကြီးပဲ...
အဲသလိုပဲ အစၥလမ္ဘာသာကို 
ကျွန်တော်မကြိုက်ဘူး... အဓိကက နားလည်ဖို့၊ ရင်းနှီးဖို့ ခက်ခဲတာ... 
ကျန်တာအားလုံး OK တယ်... ကျွန်တော်တို့ ကွန်ပျူတာသမားတွေ 
ပြောတဲ့စကားရှိတယ်... (A computer) seems to me to be an Old Testament god
 with a lot of rules and no mercy. တဲ့... အဲဒီဘာသာကို လေ့လာရတာ...၊ 
ဆိုလိုရင်းက ဘာဆိုတာကို နက်နက်နဲနဲ သိနိုင်ဖို့ ကြိုးစားရတာ 
အရမ်းခက်ခဲတယ်... အဓိကက စောစောက ပြောသလို၊ ကျွန်တော့်အနေနဲ့ 
မကြိုက်ဘူးဆိုတာက ဒီဘာသာက ကျွန်တော့်အတွက် လေ့လာဖို့ 
ခက်ခဲလွန်းနေတာကြောင့်... ကျွန်တော်က သာမန်ခရစ်ယာန်တွေထက် သမ္မာကျမ်းကို 
ပိုလေ့လာဖူးတယ်... Abrahamic religions  တွေက တစ်ခုကိုတစ်ခု မတူညီကြဘူးလို့
 ယူဆတဲ့ အမြင်အရကြည့်ရင်... ဂျူးဘာသာနဲ့ အစ္စလမ်ဟာ ကျွန်တော့်အတွက်တော့ a 
lot of rules and no mercy ပဲ... ခရစ်ယာန်ဘာသာက ရှင်းတယ်... Love ဆိုတဲ့ 
ချစ်ခြင်းမေတ္တာဟာ ဒုတိယဘုရားသခင်ပဲ၊ ချစ်ခြင်းမေတ္တာဟာ ဧမာနွေလပဲ... God 
with us ပဲ...
§   သင့်အမျိုးသားချင်းသည် 
သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ၊ အငြိုးမထားရ၊ 
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ 
ငါသည်ထာဝရဘုရားဖြစ်၏။(ဝတ်ပြုရာကျမ်း ၁၉း၁၈)
§ 
  သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ 
ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ 
ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ (ဝတ်ပြုရာကျမ်း ၁၉း၃၄)
§ 
  ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့၊ ရန်သူကိုမုန်းလော့ဟူသော ပညတ်စကားကို
 သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော 
သင်တို့အဘ၏သား ဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့၊ သင်တို့ကို
 ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့၊ သင်တို့ကို မုန်းသောသူတို့အား 
ကျေးဇူးပြုကြလော့၊ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ 
ဘုရားသခင်ကို ဆုတောင်းကြလော့။ (မဿဲ ၅း၄၃-၄၄)
§   မိဘကိုရိုသေစွာပြုလော့၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။ (မဿဲ ၁၉း၁၉)
§
   သင်၏ဘုရားသခင်(ဖြစ်သော) ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ 
ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ 
ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော 
ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟု
 ပြန်၍မိန့်တော်မူ၏။(ရှင်မာကု ၁၂း၃၀-၃၁)
§  ကျမ်းပြုဆရာကလည်း၊ 
အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ 
ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ 
ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ 
အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကိုလည်း 
ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ 
ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။ 
ထိုသို့ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည် သိမြင်လျှင်၊ 
သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့် မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် 
အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။(ရှင်မာကု ၁၂း၃၂-၃၄)
§ 
 အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ 
သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။ အကြောင်းမူကား၊ 
သူ့မယားကိုမပြစ်မှားနှင့် လူ့အသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ 
မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် 
မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ 
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တစ်ခု၌ 
အပါအဝင်ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာရှိသောသူသည် 
ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့်၊ 
ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။(ရောမ ၁၃း၈-၁၀)
§ 
 အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော 
ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။(ဂလာတိ
 ၅း၁၄)
§  ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု 
ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ 
ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။(ယာကုပ် ၂း၈)
ဒီလောက်ဆိုရင်
 ကျွန်တော် ဘယ်လောက်အထိ အဲဒီဘာသာကို ထဲထဲဝင်ဝင် လေ့လာခဲ့တယ်ဆိုတာ 
တွေ့မယ်... နောက်တစ်ခါ ခရစ်ယာန်ဘာသာမှာ ချစ်ခြင်းမေတ္တာသည် အသက်သွေးကြောပဲ။ 
ဗုဒ္ဓဝါဒမှာ အရဟတ္တဖိုလ်နဲ့ မဂ္ဂင်ရှစ်ပါးဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုသလို၊ 
ခရစ်ယာန်ဘာသာမှာ ယုံကြည်မှုနဲ့ ချစ်ခြင်းတရားဟာ အခရာအကျဆုံးဆိုတာ ဒီအပေါ်က 
ကျမ်းကိုးတွေမှာ မြင်နိုင်တယ်... အပြစ်ရှိသောသူတို့ကို ကယ်တင်ရန်အလို့ငှာ 
ဤလောကသို့ ကြွလာတော်မူသည်ဆိုတဲ့ ကျမ်းစကားက ယုံကြည်ခြင်းနဲ့ 
ချစ်ခြင်းမေတ္တာသာ ရှိမယ်ဆိုရင် အပြစ်သားတွေဟာ သေခြင်းကလွတ်မြောက်ပြီး 
ချီမြှောက်ခြင်း၊ ရွေးချယ်ခံရခြင်းကို ခံရနိုင်တယ်ဆိုတဲ့ သက်သေကို 
သခင်ယေရှုက သက်သေပြသွားတယ်။ ငါ့လိုပဲ ဘုရားသခင်ကို ယုံကြည်၊ 
လူသားအချင်းချင်း ချစ်ခြင်းမေတ္တာထားမယ်ဆိုရင် ငါ့လိုပဲ သေခြင်းက 
တဖန်ပြန်နိုးထနိုင်တယ်ဆိုတာကို သက်သေပြခဲ့တာ။ အဲဒါကြောင့်လည်း သခင်ယေရှုကို
 နောက်ဆုံးအာဒံလို့ ခေါ်ကြတာ။ အာဒံကဆင်းသက်လာတဲ့ အပြစ်သားတွေဟာ 
ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာသာရှိမယ်ဆိုရင် သေခြင်းက 
တဖန်ပြန်နိုးထနိုင်တယ်ဆိုတဲ့ နည်းလမ်းကို သခင်ယေရှုမတိုင်ခင်အထိ 
မသိခဲ့ကြဘူး၊ မမြင်ဖူးခဲ့ကြဘူး။ ဒါကိုတွန်းလှန်ပြီး 
ကောင်းကင်နိုင်ငံရှိတယ်၊ တဖန်ပြန်နိုးထနိုင်တယ်၊ ဒီအတွက် ဘုရားသခင်အပေါ် 
ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို ကျင့်သုံးရမယ်ဆိုတာကို 
လက်တွေ့သက်သေပြခဲ့တဲ့ သခင်ယေရှုကို နောက်ဆုံးအာဒံလို့ ခေါ်ကြတာပဲ။ 
ဒါကျွန်တော်နားလည်ထားတဲ့ ခရစ်ယာန်ဘာသာ။ ကျွန်တော့်လက်ခံမှု မှားတယ်လို့ 
ဘယ်တရားဟောဆရာကမှ ငြင်းလို့မရဘူး။
ဟိန္ဒူဘာသာဆိုရင်လည်း 
ဒီနေ့ခေတ် ဟိန္ဒူတွေ ကိုးကွယ်နေကြတာက တကယ့်မူရင်း ဟိန္ဒူဘာသာ အစစ်မဟုတ်ဘူး၊ 
ဘာနဲ့သွားတူလဲဆိုတော့ ပိဋကတ်တွေကို ကျွန်တော်တို့ အဋ္ဌကထာ၊ 
ဋီကာပြန်ဖွင့်သလိုပဲ၊ ဝေဒခေတ်မှာ မူရင်းဟိန္ဒူဘာသာကို အဖွင့်ကျမ်းတွေ 
အရမ်းရေးကြတယ်။ အဲဒီထဲမှာ ဂိုဏ်းဆရာတစ်ချို့က ဖန်ဆင်းရှင်ဝါဒကို 
တီထွင်လိုက်ကြတာ။ တကယ့်မူရင်း ဝေဒခေတ်မတိုင်ခင်၊ ဟိန္ဒူဘာသာမှာ 
ဖန်ဆင်းရှင်အယူဝါဒမရှိဘူး။ ဖန်ဆင်းရှင်အယူဝါဒရှိလာတဲ့အတွက်၊ ဂိုဏ်းဆရာတွေက 
ပူဇော်မှုကျမ်းတွေလည်း ရေးလာရတယ်။ ပူဇော်မှုကို ဦးစီးဆောင်ရွက်ရတဲ့၊ 
ယဇ်ပုရောဟိတ်တို့၊ ပုဏ္ဏားမျိုးနွယ်တို့ ဘာတို့လည်းရှိလာတယ်။ ဒါကနေ 
စားပေါက်ချောင်လာတယ်။ စားပေါက်ချောင်လာတော့ သူကသာဖန်ဆင်းရှင်ကို 
ပိုချဉ်းကပ်နိုင်တယ်၊ ငါ့ရဲ့ပူဇော်မှုနည်းလမ်းကသာ ဖန်ဆင်းရှင်အလိုတော်နဲ့ 
ကိုက်ညီတယ်ဆိုတာမျိုး ဖြစ်လာတယ်။ နောက်ဆုံးတော့ သူများထက်ထူး 
နဖူးဟိုဒင်းပေါက်အောင် ငါကအသာဆုံးပဲ၊ ဘာလို့လဲဆိုတော့ 
ငါကဖန်ဆင်းရှင်ဝင်စားတာဆိုတဲ့ reincarnation သမားတွေ၊ ဘာဘာတွေ၊ ပေါ်လာတာ။ 
ဝေဒခေတ်မတိုင်ခင် ဟိန္ဒူဘာသာမှာ အာကာသဓါတ်၊ ဇီဝဝိညာဉ်ဓါတ်ကြီးပဲရှိတယ်။ 
ဒီဓါတ်ကိုပဲ ဗုဒ္ဓဝါဒက အတ္တလို့ ခေါ်တာ။ ဒီအတ္တက အများလည်းဖြစ်တယ်၊ 
အများသည်လည်းပဲ အတ္တဖြစ်တယ်။ အတ္တသည် singular လည်းဖြစ်တယ်၊ plural 
လည်းဖြစ်တယ်။ အရာအားလုံးဟာ အတ္တဖြစ်တယ်၊ အတ္တဟာ အရာအားလုံးဖြစ်တယ်။ 
ဒီအတ္တကိုပဲ ဝေဒခေတ်ဆရာတွေက ဗြဟ္မာကြီးလို့ အကောင်အထည်ပေးလိုက်ကြတာ။ 
အဲဒီခေတ်မတိုင်ခင်က အတ္တသည် အကောင်အထည်မရှိဘူး၊ သူသည်ဓါတ်သဘောဆိုတဲ့ 
အဆင့်ပဲရှိတယ်။ ဝေဒခေတ်မှာ အကောင်အထည်ရှိလာတယ်။ ဒီဗြဟ္မာကြီးကနေ လူသားတွေ၊ 
သတ္တဝါတွေ ဆင်းသက်လာကြတယ်။ လူသားတွေ၊ သတ္တဝါတွေသည် ဒီဗြဟ္မာကြီးရဲ့ 
ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တယ်။ အတ္တရဲ့စင်ကြယ်မှုပေါ်မူတည်ပြီး၊ ဥပမာ 
ဗြဟ္မာရဲ့ခေါင်းပိုင်းက ဆင်းသက်လာတာဆိုရင် ဗြဟ္မဏမျိုး၊ ပုဏ္ဏားမျိုး၊ 
ဗြဟ္မာရဲ့ ရင်ဘက်က ဆင်းသက်လာတာဆိုရင် မင်းမျိုး၊ 
ဗြဟ္မာရဲ့လက်ကနေဆင်းသက်လာတာဆို မင်းမှုထမ်းမျိုး၊ စစ်သည်တော်မျိုး။ 
ဗြဟ္မာရဲ့ဝမ်းဗိုက်က ဆင်းသက်လာတာဆိုရင် ကုန်သည်မျိုး။ ခြေထောက်၊ ပေါင်၊ 
ဒူးတို့ကဆင်းသက်ရင် ကျေးမျိုး၊ ကျွန်မျိုးဆိုတာမျိုးတွေ ဖြစ်လာတယ်။ 
ပုဏ္ဏားမျိုး၊ ဗြဟ္မဏမျိုးတွေသာ ဒီဝေဒကျမ်းတွေကို ထိခွင့်ကိုင်ခွင့်ရှိတယ်။ 
ကျန်တဲ့သူတွေဖတ်ရင်၊ ထိရင် မြေမျိုမယ်၊ သေချင်းဆိုးနဲ့သေမယ်ဆိုတာတွေကို 
ဒီဝေဒဆရာတွေက ဇာတ်လမ်းဆင်လာတာ။
အဲဒီဖန်ဆင်းရှင်ဝါဒကိုသာ 
ဖယ်လိုက်ရင် ဟိန္ဒူဝါဒက အင်မတန်ကို လေ့လာလို့ ကောင်းတဲ့ဝါဒ ဖြစ်လာတယ်။ 
ယုတ္တိလည်းကျလာတယ်။ သူ့မှာက ဒါဝင်ရဲ့ evolution လို သီအိုရီမျိုးရှိတယ်။ 
ဥပမာ လောဘ၊ ဒေါသ၊ မောဟတွေ များလာရင် အတ္တဟာ ညစ်ညူးသွားတယ်။ 
ဒီညစ်ညူးနေတဲ့အတ္တကို အခြေခံလိုက်ရင် ဖြစ်လာတဲ့ အတ္တဘောရုပ်ကောင်ဟာ 
နိမ့်ကျတဲ့ဘဝ၊ အခြေအနေကို သက်ဆင်းသွားစေတယ်ဆိုတဲ့ အိုင်ဒီရောလော်ဂျီမျိုး 
သူတို့မှာရှိတယ်။ ဗုဒ္ဓဝါဒနဲ့ ကွာသွားတာက ဗုဒ္ဓဝါဒမှာက အတ္တဆိုတာမရှိဘူး၊ 
လောဘ၊ ဒေါသ၊ မောဟတွေရဲ့ သတ္တိကြောင့်သာ ဒီလိုဖြစ်ရတယ်လို့ ဆိုတယ်။ 
သူတို့ကတော့ အတ္တဟာရှိတယ်၊ ရှိတဲ့အတ္တဟာ အမြဲတစေတည်မြဲနေတယ်၊ 
ကိုယ်နဲ့တစ်ပါတည်း အမြဲတစေကပ်တွယ်နေတယ်၊ ဒါဟာအသက်ဇီဝဓါတ်ဖြစ်တယ်ဆိုတဲ့ 
အယူဝါဒနဲ့ စဉ်းစားတယ်။ ဗုဒ္ဓအယူက ဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကြောင့် 
ပူတာမဟုတ်ဘူး၊ ဖယောင်တိုင်မီး၊ မီးခြစ်ဆံမီးမှာရှိတဲ့ မီးမှာရှိတဲ့ 
ပူတဲ့သတ္တိကြောင့်ပူတာ။ ဖယောင်တိုင်မီး၊ မီးခြစ်ဆံမီးကြောင့် ပူရတာပါဆိုရင် 
အဲဒီဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကို ယူလာလိုက်၊ ပြီးရင်အဲဒီမီးနဲ့ 
အပ်ကလေးတစ်ချောင်းကို အပူပေးလိုက်၊ အပ်ကတော်တော်လေး ပူလာပြီဆိုရင် 
အဲဒီဖယောင်းတိုင်မီး၊ မီးခြစ်ဆံမီးကို ငြိမ်းလိုက်၊ 
အပ်ကပူသေးလားစမ်းကြည့်လိုက်။ ပူနေသေးတယ်မှတ်လား၊ ဒါဆိုရင် 
ဖယောင်းတိုင်မီးကြောင့်၊ မီးခြစ်ဆံမီးကြောင့် ပူတယ်လို့ ပြောလို့မရတော့ဘူး၊
 ဘာလို့လဲဆိုတော့ စောစောကမှ ငြှိမ်းလိုက်ပြီလေ။ ဆိုတော့ကာ ဗုဒ္ဓဝါဒမှာက 
လောဘကြောင့်၊ ဒေါသကြောင့်၊ မောဟကြောင့် ညစ်နွမ်းခြင်းဖြစ်တာမဟုတ်ဘူး၊ 
သူတို့မှာရှိတဲ့ အကုသိုလ်ဆိုတဲ့ သဘောသွားကြောင့်သာ မီးဆီကအပူက 
အပ်ကိုအပူစီးကူးသလို၊ စီးကူးသွားရင်း အကုသိုလ်ရဲ့အကျိုးပေးကို ခံစားရတာ။ 
လောဘ၊ ဒေါသ၊ မောဟဆိုတာ စိတ်ကိုအခြေခံပြီး ဖြစ်ရတာမျိုးပဲ။ 
စိတ်ဟာတစ်စက္ကန့်လောက်အတွင်းမှာတင် ကုဋေပေါင်းများစွာ ဖြစ်ရတယ်၊ ပျက်ရတယ်။ 
သူကအင်္ကျီပေါ်စွန်းသွားတဲ့ ဆီချေးတွေလိုမျိုး၊ အတ္တအပေါ်မှာ 
အမြဲတမ်းကပ်ညိသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူလည်းဖြစ်ပြီးပျက်ရတာပဲ။ 
နောက်ဗုဒ္ဓဝါဒအရ အင်္ကျီလိုမျိုး အညစ်အကြေးကို အမြဲတစေသိုမှီး လက်ခံပေးထားတဲ့ 
အတ္တရယ်လို့ မရှိဘူး။ သဘောသွားလေးတွေက သူ့ဟာနဲ့သူ ကျန်ကျန်ခဲ့ရင် 
အကျိုးပေးတွေကို ဖြစ်စေတာပဲရှိတယ်။
ဒါပေမယ့်ဒီဝါဒကို 
ဖန်ဆင်းရှင်ဝါဒထက် ကျွန်တော်က ပိုပြီးနက်နက်နဲနဲ လေ့လာဖြစ်တာက ဒီဝါဒမှာ 
ဆိုလိုရင်းအနက်အဓိပ္ပာယ်ကို နားလည်မိသွားလို့ပဲ။ အယူဝါဒတစ်ခုအနေနဲ့ တကယ်လည်း
 သဘောကျပါတယ်။ ဘာလဲဆိုတော့ လူဟာပြဋ္ဌာန်းခံမဟုတ်ဘူး။ မိမိကိုယ်မိမိ 
ပြဋ္ဌာန်းတာပဲဖြစ်တယ်။ ဘယ်ဘုရားကမှ လူရဲ့ဖြစ်တည်မှုကို ဥုံဖွဆိုပြီး 
ပြောင်းပစ်လို့ မရဘူး။ အတ္တဆိုတာချည်း ရှိတယ်ပဲဆိုဦးတော့၊ အဲဒီအတ္တကြီးသည်၊ 
ဒီအတိုင်းနေနေတာ မဟုတ်ဘူး၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖုံးလွှမ်းသွားဖို့ 
အမြဲကြိုးစားနေတာ။ ဆိုတော့ကာ ကိုယ်က မကောင်းတဲ့အတွေး၊ မကောင်းတဲ့အကြံ၊ 
မကောင်းတဲ့အပြော၊ မကောင်းတဲ့အလုပ်တွေ လုပ်မယ်ဆိုရင် 
လူဟာဆင်းရဲနိမ့်ပါးသွားမယ်။ ဒါကိုကုစားဖို့ remedy တွေလည်းရှိတယ်။ 
သမထအားထုတ်တာ၊ သီလစောင့်တာဆိုတာဟာ ဗုဒ္ဓဝါဒက နောက်ပိုင်းယူသုံးတဲ့ 
အကျင့်တွေပဲ။ ဒါတွေက ဗုဒ္ဓခေတ်မတိုင်ခင် နှစ်သိန်းပေါင်းများစွာကတည်းက 
ရှိခဲ့တယ်ဆိုတာကို ဗုဒ္ဓကျမ်းစာတွေမှာ အတိအလင်းပြောထားတယ်။ တစ်ခုပဲ 
ဝိပဿနာအကျင့်၊ မဂ္ဂင်ရှစ်ပါးအကျင့်ဆိုတာကသာ ဗုဒ္ဓလက်ထက်မှပေါ်လာတာ။ 
သာမန်စိတ်တည်ငြိမ်အောင် သမထအားထုတ်တာ၊ လောဘ၊ ဒေါသ၊ မောဟတွေ 
ကိုယ်မှာဖြစ်မလာအောင် သမထနည်းနဲ့ ခါထုတ်ပစ်တာ၊ 
စိတ်ကိုနေရာတစ်နေရာမှာထားပြီး ဒီလောဘ၊ ဒေါသ၊ မောဟတွေ စိတ်သန္ဓာန်မှာ 
နေရာမရအောင် လုပ်ယူတာ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ မကျိုးပေါက်ရအောင် 
သီလနဲ့ထိန်းသိမ်းတာတွေက ဗုဒ္ဓမတိုင်ခင်ကတည်းက ရှိတဲ့ ဒီဟိန္ဒူ remedy 
နည်းတွေပဲ။ ဒီ remedy တွေနဲ့သာ စနစ်တကျကုစားရင် အတ္တဟာ ဖြူစင်လာပြီး 
မြင့်မြတ်တဲ့ အနေအထားကို ရနိုင်တယ်လို့ အဲဒီရှေးရိုးဟိန္ဒူဘာသာမှာ 
ညွှန်းထားတယ်။ ဒါကဂျူးတို့၊ ခရစ်ယာန်တို့၊ အစ္စလမ်တို့ထက် သာတာပဲ။ 
ကောင်းတာလုပ်ရင်၊ ကောင်းကျိုးဖြစ်မယ်၊ ဆိုးတာလုပ်ရင်၊ ဆိုးကျိုးဖြစ်မယ်။ 
ဒီကြောင်းကျိုးဆက်စပ်မှုကို ဘယ်ဘုရားကမှ ဥုံဖွဆိုပြီး ပြောင်းလို့မရဘူး။ 
ဒါကြောင့်ကံကံ၏အကျိုးဆိုတာ ဗုဒ္ဓကစတီထွင်တာ မဟုတ်ဘူး၊ ဟိန္ဒူဝါဒမှာ 
ပဲလှော်ကြားဆားညှပ်နေတဲ့ အတ္တဆိုတာကို ဖယ်ထုတ်လိုက်ပြီး၊ ဗုဒ္ဓက အနတ္တဆိုတဲ့ 
မမြဲတဲ့သဘောကို ပြပေးလိုက်တာပဲ။ ဒါကဗုဒ္ဓကို ဗောဓိလို့ခေါ်တဲ့ 
အဆုံးစွန်သောဥာဏ်ကို ရသွားစေတာ။
နောက်ပိုင်းဇင်ဗုဒ္ဓဘာသာတို့၊
 ဘာတို့မှာလည်း ဒီလိုမျိုးအတ္တကို ဖြူစင်အောင် ကျင့်ကြံခြင်းဆိုတာတွေ 
ရှိလာတယ်။ ဒါပေမယ့် ပြဿနာက ဗုဒ္ဓဝါဒမှာ အတ္တဆိုတာ ရှိမနေတာပဲ။ နှမြောဖို့ 
အင်မတန်ကောင်းတာက၊ ဒီလောက်ကောင်းတဲ့၊ စနစ်ကျတဲ့၊ ယုတ္တိတန်တဲ့၊ ရှေးကျတဲ့ 
အတွေးအခေါ်က ဝေဒခေတ်မှာ စားပေါက်ချောင်တဲ့ ဖန်ဆင်းရှင်တို့၊ ပူဇော်တာတို့ 
သွတ်သွင်းခံလိုက်ရတဲ့အချက်ပဲ။ ပြောချင်တာက ကျွန်တော်က 
ဘာသာတရားတော်တော်များများကို အပေါ်ယံမဟုတ်ပဲ၊ အတွင်းကျကျ လေ့လာနိုင်ဖို့ 
ကြိုးပမ်းခဲ့တဲ့သူ။ အနိမ့်ဆုံးတော့ အဲဒီလို ကြိုးပမ်းခဲ့တဲ့သူလို့ 
အတိတ်ကြိယာနဲ့ ပြောရမယ်။ အခုအချိန်မှာ စားဝတ်နေရေးအတွက်ရော၊ 
ခေတ်ကာလရဲ့တောင်းဆိုမှုအရရော တခြားအကြောင်းအရာတွေကို ဦးစားပေး 
လေ့လာနေရတယ်။ ဒါပေမယ့်လည်း ကြိုကြားကြိုကြားတော့ ဘာသာရေးစာပေတွေ၊ 
လေ့လာချက်တွေကို ဖတ်ရှုတာ၊ လေ့လာတာ၊ သင်ကြားတာ၊ မေးမြန်းတာ၊ ဆွေးနွေးတာ၊ 
တင်ပြတာ၊ ဘာသာပြန်တာတွေ လုပ်နေမိတုန်းပဲ။
ဆိုတော့ကာ... 
အပေါ်မှာ ပြောခဲ့သလို အစ္စလမ်ကိုတော့ ကျွန်တော်ဘယ်လိုမှ အတွင်းသဘောကို 
ဆုတ်ကိုင်မိသည်အထိ မလေ့လာနိုင်ဖြစ်နေတယ်။ ဂျူးဘာသာရောပဲ။ သူတို့က ဘာလဲ၊ 
ဆုတောင်းတာတွေ၊ ကျင့်ကြံတာတွေက အရေးကြီးသလား (ဘာလို့မေးသလဲဆိုတော့ ရှရီအတ်၊
 တွရီကတ်၊ ဟကီကတ်၊ မာ့အ်ရေဖွတ် ဆိုပြီးတော့ အကျင့်တရားဆိုင်ရာတွေ ရှိနေတယ်။
 ဒါပေမယ့် အဲဒီထဲမှာ Pray ပေါ့နော်၊ တစ်နေ့ငါးကြိမ် ဆုတောင်းတာ၊ 
ဂုဏ်တော်တွေရွတ်တာ၊ ဘုရားဖူးထွက်တာတွေက၊ သောကြာနေ့ ဗလီသွားတာ၊ 
တစ်နှစ်ကိုတစ်လ ဥပုသ်စောင့်တာ၊ ဆိုပြီး ဘာသာရေးနဲ့ဆိုင်တာကတစ်ပိုင်း၊ 
အခွန်ဆောင်တာ၊ ကိုယ်လက်ဆေးကြောသန့်စင်တာ၊ အဝတ်အစားကို လုံလုံခြုံခြုံ 
သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဝတ်တာ၊ အစားအသောက်ကို ဆင်ခြင်တာဆိုပြီး 
နီတိနဲ့ဆိုင်တဲ့ အပိုင်းကတစ်ပိုင်း၊ လူ့အသက်မသတ်(တိရစ္ဆာန်မပါ)၊ မခိုးတာ၊ 
သူများသားမယား မပြစ်မှားတာ၊ မူးယစ်ဆေးဝါးရှောင်တာဆိုတဲ့ 
ရှောင်ကျဉ်ခြင်းနဲ့ဆိုင်တာတစ်ပိုင်း၊ ဆရာမိဘဆွေမျိုးကို ထောက်ပံ့တာ၊ 
ဗလီကျောင်းကန်ဆောက်လှူတာဆိုပြီး ဒါနမှုနဲ့ဆိုင်တာတစ်ပိုင်း၊ သည်းခံတာ၊ 
အလွန်အကျူးမကျင့်သုံးတာဆိုပြီး ကိုယ်ကျင့်တရားနဲ့ဆိုင်တာတစ်ပိုင်းဆိုပြီး 
ရှရီအတ်မှာတင် အကြောင်းအရာအားဖြင့် ၁၈မျိုး၊ ကဏ္ဍအားဖြင့် 
ငါးမျိုးတောင်ရှိတယ်) ဆိုတော့ကာ ဒီကျင့်ကြံတာတွေက အရေးကြီးသလား၊ 
အလ္လာအရှင်မြတ်နဲ့ တမာန်တော်ကို ယုံကြည်မှုက ပိုအရေးကြီးလား။ ယုံကြည်မှုက 
အရေးကြီးတယ်ဆိုရင် အလ္လာအရှင်မြတ်ကို ယုံကြည်မှုကို ထိပါးလာရင် 
အကျင့်တရားကို ချိုးဖောက်ပြီး လူသတ်လို့ရတယ်ဆိုတာလား။ ဒါမှမဟုတ် 
အကျင့်ကပိုအရေးကြီးတယ်၊ ယုံကြည်တာက ငါယုံနေဖို့ပဲလိုတာ၊ တစ်ဘက်လူက 
အလ္လာအရှင်မြတ်ကို ဘယ်လောက်ပဲ ထိပါးပါစေ၊ ငါ့အကျင့်ကို ချိုးဖောက်ပြီး 
လူသတ်တာမျိုး မလုပ်ဖူးဆိုပြီး အကျင့်တရားကို ဦးစားပေးမှာလား။ 
တစ်ခါဗလီကြီးဆောက်မယ်၊ ပိုက်ဆံလှူပါဆိုပြီး အကြောင်းပေါ်လာတယ်၊ တစ်ဘက်ကမှာ 
အခွန်ဆောင်ဖို့လောက်ပဲ ပိုက်ဆံရှိတယ်။ ဒီတော့ကာ နီတိပိုင်းကို လိုက်နာပြီး 
ငါအဖမ်းမခံရအောင် အခွန်ဆောင်လိုက်မယ်၊ ဗလီဆောက်တာကတော့ သဗ္ဗေသတ္တာပဲလို့ 
လုပ်မှာလား၊ ဟာမဖြစ်သေးပါဘူး၊ ဒါမျိုးက ကြုံရခဲတယ်၊ တစ်ကျပ်တစ်ပြားဖြစ်ဖြစ်
 ရအောင်လှူလိုက်မယ်၊ အခွန်ကတော့ နောက်မှဖြစ်သလိုပဲ ဖြေရှင်းတာပေါ့လို့ 
ဒါနမှုကို ဦးစားပေးမှာလား။ ရှင်းလင်းမှုမရှိဘူး။ အဓိကကတော့ 
ခရစ်ယာန်တွေမှာဆို ရှင်းတယ်၊ ယုံကြည်မှုပဲ၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာက 
အားလုံးကို ကုစားနိုင်တယ်။ ဒီမှာက ဘယ်ဟာက အားသာတာလဲ။ ယုံကြည်မှုလား၊ 
အကျင့်တရားလား၊ ဒါနမှု၊ သီလမှုလား ရှင်းရှင်းလင်းလင်း မရှိဘူးလို့ 
ခံစားရတယ်။
နောက်တစ်ခုရှိတာက မွတ်ဆလင်အသိုင်းအဝိုင်းက 
တသီးတသန့် သိပ်ဆန်လွန်းတာကြောင့်လည်းပါတယ်။ ဒါကြောင့်လည်း ဒီဘာသာကို 
ကျွန်တော်သိပ်မကြိုက်ဘူး။ ပြောချင်တာက ထမင်းစားမယ်ဗျာ၊ ကျွန်တော်တို့က 
ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ 
ဆိုင်တစ်ဆိုင်တည်း စားလို့ရတယ်၊ ကြိုက်တဲ့ဆိုင် ဝင်စားနိုင်တယ်။ 
သတ်သတ်လွတ်စားတဲ့ ဟိန္ဒူဆိုလည်း သူ့ဟာသူ သတ်သတ်လွတ်ဟင်းတစ်ပွဲ မှာစားမယ်၊ 
ကျန်တဲ့ကျွန်တော်တို့က ကြိုက်တာစားပဲ။ ခရစ်ယာန်ဆိုလည်း သူကျေးဇူးတော်ကို 
ချီးမွမ်းတဲ့အချိန်မှာ ခဏစောင့်ပေးလိုက်၊ ပြီးရင်စားတော့ပဲ။ 
သိပ်ဇယားမရှုပ်ဘူး။ မွတ်ဆလင်တစ်ယောက် ပါလာရင် မရတော့ဘူး၊ ကျွန်တော်တို့ပါ 
မွတ်ဆလင်ဆိုင် လိုက်စားရတော့တယ်၊ သူ့အတွက် ထည့်စဉ်းစားရတာက အလုပ်တစ်ခု။ 
အိမ်သာတက်ဖို့တို့၊ တခြားထွေလီကာလီတွေကရှိသေးတယ်။ Inter-marriage 
တွေဘာတွေဆိုတာ ပြောမနေနဲ့တော့၊ ခရစ်ယာန်ကောင်မလေးတစ်ယောက်ကို ကျွန်တော်က 
ကြိုက်လို့ယူမိတယ်ဆိုရင် ပြဿနာသိပ်မရှိ၊ church-marriage ကို 
လုပ်ချင်သပဆိုရင် ဘုရားကျောင်း လိုက်သွားပေးလိုက်၊ ကံကောင်းရင် 
လူရှေ့သူရှေ့တောင် တရားဝင်အာဘွားပေးလို့ရဦးမယ်။ အိမ်ပြန်ရောက်လို့ သူက 
Sunday School သွားရင်၊ ကိုယ်ကဥပုသ်နေ့ဥပုသ်စောင့်ပဲ။ သူကတောင်ပြောဦးမယ်၊ 
ငါတစ်ညတော့ လွတ်လပ်ရေးရတာပေါ့လို့... ခိခိ... ဟို နေကာဖတ်ပြီးမှတို့၊ 
မဟာရ်ရွှေတင်မှတို့၊ အရေပြားလှီးပြီးမှတို့ဆိုတဲ့ ထွေလီကာလီတွေ မရှိဘူး။ 
ဒါတွေက ဘာသာချင်းနီးစပ်ဖို့၊ အင်မတန်အနှောင့်အယှက်ဖြစ်စေတာတွေ။ ကြားဖူးသမျှ
 မွတ်ဆလင်တွေထဲမှာ ဆီရာလီယွန်က မွတ်ဆလင်တွေဟာ လိုက်လျောညီထွေအရှိဆုံးပဲတဲ့။
 အဲဒီလို နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ ခရစ်ယာန်တွေနဲ့ 
Inter-marriage တွေရှိတယ်၊ အပြန်အလှန်လေးစားမှု၊ ကူးလူးဆက်ဆံမှုတွေ 
ထူထောင်နိုင်တယ်တဲ့။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုလုပ်နိုင်ရင် 
အကောင်းဆုံးပေါ့။ ဒါပေမယ့် ပြောခဲ့တဲ့ ထွေလီကာလီတွေတော့ တစ်ဖက်ကို 
နည်းနည်းစီ အလျော့ပေးကြရမယ်ပေါ့လေ။ ငါတို့က မြင့်မြတ်တဲ့ မွတ်ဆလင်တွေ၊ 
ငါတို့အလ္လာအရှင်ကသာ အမြင့်မြတ်ဆုံး၊ ဘုရားတစ်ဆူတည်းကို 
ကိုးကွယ်တာချင်းအတူတူတောင်၊ တမာန်တော် အီစာထက်၊ ငါတို့တမာန်တော်မိုဟာမက်ကသာ
 ပိုအဆင့်မြင့်တယ်၊ နောက်ဆုံးတမာန်တော်၊ (တမာန်တော်အီစာက နောက်ဆုံးတမာန်ကို
 ဖူးမျှော်ချင်တဲ့စိတ် ပြင်းထန်လွန်းအားကြီးလို့ တမာန်တော်အရှင်ကို 
ကောင်းကင်ဘုံဆီ ခဏခဏအသွားအပြန်လုပ်ရအောင် အလ္လာအရှင်မြတ်ကို 
နာမတ်ဇ်တစ်နေ့အကြိမ်ငါးဆယ်ပေးခိုင်းတာ၊ တမာန်တော်အီစာကတောင်မှ 
ငါတို့တမာန်တော်ကို တွေ့ချင်လွန်းလို့ ကောင်းကင်ဘုံသွားတဲ့ 
လမ်းမှာစောင့်နေရတာ)ဆိုတာမျိုး၊ အမှတ်ယူတဲ့ ပုံစံနဲ့ 
လေကြီးလေကျယ်လုပ်နေရင်၊ မင်းတို့က အရေပြားတန်းလန်းနဲ့၊ ဝက်သားစားတဲ့ 
အနိမ့်စားလူတန်းစားတွေ၊ ကေရာမတ်နေ့ရောက်လို့ အလ္လာအရှင်ဆီမှာ 
ပြောကိုပြောရမယ့်၊ ဂျန္နတ်သုခဘုံရဲ့ official language ဖြစ်တဲ့ အာရဗီကို 
နားမလည်တဲ့ ငတုံးတွေလို့ ခွဲခြားဆက်ဆံမယ်ဆိုရင်တော့ ရလဒ်က ဘယ်လိုမှ 
အဆင်မပြေတာ အမှန်ပဲ။
နောက်တစ်ခုက လေ့လာနိုင်တဲ့ ကျမ်း၊ 
စာပေတွေ၊ ရှားပါးတာ၊ ဘာသာစကား အခက်အခဲရှိတာ။ ဘယ်လောက်ပဲ အင်္ဂလိပ်လို၊ ဗမာလို
 ဘာသာပြန် ရှိတယ်ပြောပြော၊ အာရဗီလိုမှ နည်းနည်းလေးမသိရင် ဒါကိုလေ့လာလို့ကို
 မရတာ။ နောက်တစ်ခါ တစ်ခုခုဆို ဘယ်ဟာက အမွှန်းတွေလဲ၊ ဘာဟာက စာကိုယ်ရဲ့ 
ဆိုလိုရင်းလဲဆိုတာ မသဲကွဲတာ။ ကျွန်တော်ကိုယ်နှိုက်က လေ့လာမှု အားနည်းတာလည်း
 ပါပါတယ်။ ဒါကိုဝန်ခံပါတယ်။ သူ့ဟာနဲ့သူ ရှင်းလင်းချက်တွေတော့ ရှိမှာပေါ့။ 
ဒါပေမယ့် ခရစ်ယာန်ဘာသာမှာလောက် ကျွန်တော်တို့နဲ့ မနီးစပ်နိုင်တာတွေ၊ 
လက်လှမ်းမမှီနိုင်တာတွေက ဒီဘာသာကို လေ့လာဖို့ တကယ့်ကို အခက်အခဲပဲ။ 
များသောအားဖြင့် ကြည့်လိုက်ရင် ဘာသာတရားရဲ့ ပင်မရည်ရွယ်ရင်းက ပျောက်နေတယ်။ 
ဟိုနားတစ်ပိုဒ်မှာက အလ္လာအရှင်မြတ်သည်သာ အမြင့်မြတ်ဆုံး၊ 
ဂုဏ်အရှိဆုံးဆိုတာကို ချီးမွမ်းခန်းဖွင့်ပြီး ဒါကိုယုံကြည်ဖို့ ထပ်တလဲလဲ 
တိုက်တွန်းနေသလောက်၊ ဒီနားတစ်ပိုဒ်လည်းရောက်ရော၊ စစ်မှန်တဲ့ မွတ်ဆလင်ဆိုတာ 
တစ်နေ့ငါးကြိမ်ရှိခိုးမှ၊ ဟိုအကျင့်ကိုကျင့်မှ၊ ဟိုလိုနေထိုင်မှ၊ 
ဒီလိုလိုက်နာမှဆိုတာ ဖြစ်သွားပြန်ရော။ ယုံတယ်လေ၊ အလ္လာကိုလည်းယုံတယ်၊ 
တမာန်တော်လည်းယုံတယ်၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် 
ငါးကြိမ်မရှိခိုးနိုင်ရင် မွတ်ဆလင်စစ်စစ် မဟုတ်တော့သလိုပဲ။ 
ဒါနော်...တကယ့်ဒေါင်ဒေါင်မြည် မွတ်ဆလင်ဘာသာဝင် ပါမောက္ခကြီးတွေကရေးပြီး 
တကယ့်ကို သြဇာတိက္ကမရှိတဲ့ တက္ကသိုလ်ကြီးတွေကထုတ်တဲ့ အစ္စလမ်လက်စွဲကျမ်းတွေကို
 ဖတ်ပြီးတော့မှ ပြောနေတာ။ ကြည့်ရတာ မွတ်ဆလင်တွေ ကိုယ်နှိုက်ကိုယ်က 
ဒါနဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အမြင်မတူနိုင် ဖြစ်နေကြသလိုပဲ။ အဓိက 
သူတို့စာအုပ်တွေဖတ်ရင် အလ္လာနဲ့တမာန်တော်က ဘယ်လောက်မြင့်မြတ်တယ်ဆိုတာကို 
တခမ်းတနား ချီးမွမ်းမယ်၊ ပြီးရင်ကိုရမ်ကို ချီးမွမ်းမယ်။ ဥပဒေအကြောင်း၊ 
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝကို 
ဘယ်လိုလမ်းညွှန်ပေးနေကြောင်း၊ ဘယ်လိုကောင်းကြောင်း ညွှန်းမယ်၊ 
မွတ်ဆလင်ဖြစ်ချင်ရင် ဘာတွေကို လိုက်နာရမယ်၊ ဘာတွေကို ရှောင်ရမယ်ဆိုပြီး 
ပြောမယ်။ များသောအားဖြင့်က ဒါပဲ။
ဒါဆိုမွတ်ဆလင်ဖြစ်ရခြင်းရဲ့ အနှစ်သာရဟာဘာလဲ။
§   ဗုဒ္ဓဝါဒမှာ ဝိမုတ္တိရသသည် ဗုဒ္ဓဝါဒီရဲ့ အနှစ်သာရပဲ။ နောက်ဆုံးပန်းတိုင်ပဲ။
§
   ဟိန္ဒူဝါဒမှာ ဇီဝဝိညဉ်ရဲ့ သန့်ရှင်းစင်ကြယ်မှုသည် အနှစ်သာရပဲ။ 
ဝေဒမတိုင်ခင် ကံကံ၏အကျိုး ပုံစံနဲ့ သမထတွေ၊ သီလတွေ လုပ်ပြီး သန့်ရှင်းမလား၊
 ဝေဒခေတ်ပုံစံ ပူဇော်မှုတွေ၊ ဆုတောင်းမှုတွေနဲ့ သွားမလား၊ 
ဘယ်နည်းနဲ့ပဲသွားသွား နောက်ဆုံးမှာ ဒါကအဓိကပဲ။
§   ခရစ်ယာန်မှာက 
ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို အရင်းတည်ပြီး သေခြင်းက 
တဖန်နိုးထနိုင်ဖို့၊ ချီမြှောက်ခြင်း၊ ရွေးချယ်ခံရခြင်း၊ ကယ်တင်ခြင်းကို 
ခံရဖို့။ ဒါကအနှစ်သာရပဲ။
အစ္စလမ်တို့၊ ဂျူးတို့မှာ 
ဘာကအနှစ်သာရလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ ယုံကြည်မှုလား၊ အကျင့်တရားလား၊ 
ဂုဏ်တော်တွေရွတ်၊ နဖူးမှာအမာရွတ်ဖြစ်အောင် ရှိခိုးတာလား၊ အရေပြားလှီးတာလား၊
 ဝက်သားမစားတာလား၊ ဘာကအနှစ်သာရလဲ။
အဲဒီလိုအနှစ်သာရကို 
မဆုတ်ကိုင်မိလို့၊ အစ္စလမ်ဘာသာနဲ့ ဂျူးဘာသာတွေကို ကျွန်တော်မကြိုက်ပါဘူး။ 
ဒါပေမယ့် အဲဒီလို မကြိုက်တာသာ မကြိုက်တာ အစ္စလမ်ဘာသာဝင်တွေ၊ 
ဂျူးဘာသာဝင်တွေကို ကျွန်တော်မနှိမ်ဘူး(နှိမ်လို့လည်းမရဘူး၊ နှိမ်စရာလည်း 
အကြောင်းမရှိဘူး)၊ ကျွန်တော်တို့ထက် နိမ့်ကျသူလို့ မသတ်မှတ်ဘူး၊ 
(သတ်မှတ်လို့လည်း မရဘူး၊ သတ်မှတ်စရာလည်း အကြောင်းမရှိဘူး) သူတို့နဲ့ 
ကျွန်တော်နဲ့ကြားမှာ ခင်မင်မှု၊ ရင်းနှီးမှုရှိတယ် (ကျွန်တော့်မှာ 
မွတ်ဆလင်သူငယ်ချင်းတွေ အများကြီးပဲ) သူတို့နဲ့လက်ဆွဲနှုတ်ဆက်နိုင်တယ်၊ 
ကိုယ့်ထမင်းဘူးထဲ ဝက်သားဟင်းထည့်လာတဲ့နေ့ စားဦးမလားလို့ 
သွားပြီးစောက်ခွက်မပြောင်ဘူး၊ အပြန်အလှန်ရင်းနှီးမှု၊ လေးစားမှု၊ 
ယုံကြည်မှု တည်ဆောက်နိုင်တယ်၊ ပုခုံးဖက်ပေါင်းသင်းနိုင်တယ်၊ 
အတူတူရယ်မောနိုင်တယ်၊ အားငယ်တဲ့အချိန် ရင်သွားဖွင့်နိုင်တယ်၊ 
သူတို့ရင်ဖွင့်လာရင် နားထောင်ပေးနိုင်တယ် (ကျွန်တော့်မှာ ကိုအာကာဆိုတဲ့ 
မွတ်ဆလင် သူငယ်ချင်းအစ်ကိုကြီးရှိတယ်၊ သူ့ကောင်မလေးက မလေးရှားမှာ 
ကျောင်းတက်နေတာ၊ အွန်လိုင်းကနေ ကြိုက်ကြတာ၊ လူချင်းတစ်ခါမှ 
အပြင်မှာမတွေ့ဖူးဘူး၊ သူ့ကောင်မလေးအကြောင်း ကျွန်တော်တို့ကို ပြောပြတာ၊ 
ငိုပြတာ၊ အလွမ်းသည်တာတွေကို နားကမီးခိုးထွက်အောင် နားထောင်ပေးရဖူးတယ်။)
ဆိုတော့ကာ၊
 မွတ်ဆလင်မိတ်ဆွေတော်များအနေနဲ့၊ ကျွန်တော့်အားနည်းချက်တွေကို 
ဖြည့်ဆည်းပေးနိုင်မယ်၊ ကျွန်တော်နားမလည်တာတွေ၊ မရှင်းလင်းတာတွေကို 
ရှင်းပြပေးနိုင်မယ်ဆိုရင် ကျွန်တော်က ဝမ်းပန်းတသာနဲ့ကို 
အကူအညီတောင်းခံပါတယ်။ ခင်ဗျားတို့လည်း ခြေခင်းလက်ခင်းသာတဲ့အချိန်၊ 
ကျွန်တော်လည်း စားဝတ်နေရေးတွေနဲ့ ပိနေပြီး ရုန်းကန်နေရတဲ့အချိန်မျိုး 
မဟုတ်ဘူးဆိုရင် လက်ဖက်ရည်တိုက်၊ အိမ်ခေါ်ထမင်းကျွေးပြီးတော့ကို ရှင်းပြတာတွေ
 နားထောင်ချင်ပါသေးတယ်။
ဘာလို့ဒီစာကို ရေးသလဲဆိုတော့ 
ကျွန်တော်သည်၊ အစ္စလမ်ဘာသာနဲ့ ဂျူးဘာသာကို သဘောမကျပါဘူး၊ ဒါကကျွန်တော် 
ကြက်ဟင်းခါးသီးဟင်းကို မကြိုက်သလိုပါပဲ၊ ကြိုက်တဲ့သူများအဖို့ 
နတ်သုဒ္ဓါနဲ့တောင် လဲချင်မှလဲမှာပါ။ ဒါပေမယ့် ကျွန်တော်က မကြိုက်ပါဘူး။ 
ဒီလိုပဲ၊ အသားမည်းတဲ့သူတွေကို ကျွန်တော်မကြိုက်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် 
အသားမမည်းချင်ပါဘူး၊ ကြိုက်တဲ့သူများအဖို့၊ 
ဥမ္မာဒန္တီရှုံးကောင်းရှုံးနေပါမယ်။ ဒါပေမယ့် ကတ္တရာပုံးမှောက်တဲ့ 
အသားအရောင်နဲ့ မိန်းမကိုတော့ မယူချင်တာ အမှန်ပါ။ Gay တွေကို 
ကျွန်တော်မကြိုက်ပါဘူး၊ တတ်နိုင်သလောက် အားမပေးပါဘူး။ ဒါပေမယ့် Gay 
အခွင့်အရေးကာကွယ်တာ၊ LGBT အခွင့်အရေး လှုပ်ရှားတာတွေကို တတ်နိုင်သမျှ 
ထောက်ခံပါတယ်။ ကြားရတာ နည်းနည်းနားရှုပ်ကောင်းရှုပ်နေမယ်။ မင်းဟာက 
မကြိုက်ဘူးလည်း ပြောသေးတယ်၊ အားမပေးဘူးလည်း ပြောသေးတယ်၊ ထောက်ခံတယ်လည်း 
ပြောသေးတယ်ဆိုတာကို။ ဒါနဲ့ပတ်သက်လို့ သီးသန့်ပြောပါမယ်။ အဓိကကတော့ Gay ၁၀၀ 
မှာ ၈၀ လောက်သည် ကိုယ့် sexual orientation ကို နားမလည်လို့ Gay နေကြတာပါ။ 
လူတွေရဲ့ sexual orientation က tendency အပြောင်းအလဲတွေ အများကြီးရှိပါတယ်။
 ၂၀ လောက်ပဲ ဘယ်လိုမှ ပြောင်းမရတဲ့ အနေအထားပါ။ ဒီတော့ကာ Gay 
မဖြစ်သင့်တဲ့သူကို မဖြစ်အောင် တားပါတယ်။ တစ်ခါလောက် 
ယောက်ျားချင်းချစ်မိတာနဲ့ ငါတော့ Gay သွားပါပြီလို့ သတ်မှတ်လို့ မရပါဘူး။ 
Gay ဖြစ်ရတာ အင်မတန်ပင်ပန်းပါတယ်။ အဲဒါကြောင့် မဖြစ်သင့်တဲ့သူကို 
မဖြစ်အောင်တားတာပါ။ ဘယ်လိုမှ တားမရရင်တော့ သူ့ကိုပတ်ဝန်းကျင်ကလူတွေက 
အနိမ့်စားလူတန်းစားလို့ မသတ်မှတ်ရလေအောင်၊ သူရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ 
ရရလေအောင် ကျွန်တော်က ထောက်ခံနေတယ်လို့ ဒီလိုပဲအကြမ်းဖျဉ်းသိထားပေးပါ။ ဒါက 
အကျယ်တဝံ့ကို ပြောရမယ့်ကိစ္စပါ။
အဓိကပြောချင်တာက တိုင်းပြည်မှာ ဒီနေ့ဒီအချိန်မှာ ကိုးကွယ်မှု 
မတူသူတွေကြား အဖုအထစ်တွေက တင်းမာလာနေတာတွေ တွေ့နေရတယ်၊ ဒါတွေရဲ့ 
အန္တရာယ်တွေကိုလည်း မြင်နေမိတယ်၊ ရှေ့ဖြစ်လာနိုင်တာတွေလည်း 
ကြိုမြင်ထားတာကြောင့် အချင်းချင်းကြားမှာ အမုန်းမပွားရလေအောင် 
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားကြဖို့ ပြောချင်တာ၊ အဓိကပါပဲ။ 
ကျွန်တော်သည် အစ္စလမ်ဘာသာ၊ ဂျူးဘာသာတွေကို မနှစ်သက်ပါဘူး။ ဒါပေမယ့် 
ဒီဘာသာဝင်တွေကို မနှိမ်ဘူး၊ အောက်ကျနောက်ကျရှိတဲ့၊ ငါတို့လောက် 
မမြင့်မြတ်တဲ့ လူတွေလို့ ကျွန်တော်မယူဆဘူး။ သူတို့နဲ့ ယနေ့တိုင် ကျွန်တော် 
ခင်မင်စဲ၊ ရင်းနှီးစဲပါပဲ။ ကျွန်တော်ဒီဘာသာတွေကို မကြိုက်ရခြင်းအကြောင်းက 
အထက်ကပြောခဲ့သလို၊ ဒီဘာသာရဲ့အနှစ်သာရက ဘာဆိုတာကို နက်နက်ရှိုင်းရှိုင်း 
နားလည်မနေနိုင်တာနဲ့၊ ဒီလိုနားလည်ဖို့ ကြိုးစားရာမှာ မလိုလားအပ်တဲ့ 
အတားအဆီးတွေ ရှိနေတာ၊ နောက်တစ်ခါ အစ္စလမ်ဘာသာမှာ အများနဲ့လိုက်လျောညီထွေ 
မဖြစ်ပဲ၊ သူတို့ဖာသာ တစ်မူကွဲထွက်နေတာ၊ တစ်ခုခုဆိုရင် အော်... 
ဒါဘာသာရေးကြောင့်ပဲလေဆိုပြီး... အလျော့ပေး လိုက်လျောဆက်ဆံနေရတာတွေကြောင့် 
တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုတွေမှာ အတားအဆီးဖြစ်နေရတာတွေကို 
မကြိုက်တာပါ။ ကျန်တာတော့ သူတို့နဲ့ကျွန်တော့်ကြားမှာ OK ပဲ။ ဘာပြဿနာမှ 
မရှိဘူး။ ဆိုတော့ကာ ရှေ့မှာဒီအတားအဆီးလေးတွေကို ဖယ်ရှားလိုက်ပြီး 
တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံခွင့်ရမယ်၊ ဥပမာကျွန်တော်နဲ့
 ကျွန်တော့် ခရစ်ယာန်သူငယ်ချင်းတွေ ထမင်းဆိုင်တစ်ဆိုင်တည်း 
ဆိုင်ရွေးနေစရာမလိုဘူး အတူတူစားကြတာ၊ ဟိန္ဒူဘုရားကျောင်းကို ဟိန္ဒူဘာသာဝင် 
သူငယ်ချင်းနဲ့ အဖော်လိုက်သွားရင်း သူဘုရားရှိခိုးနေတုန်း၊ ကျွန်တော်က 
ဘုရားကျောင်းထဲက ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ဝင်ကန်တော့ဖြစ်တာ၊ 
ဒီလိုမျိုးလေးတွေကို ကျွန်တော်တို့ရဲ့ အစ္စလမ်သူငယ်ချင်းတွေနဲ့ လုပ်လို့ရရင်
 သိပ်ကောင်းမှာပါပဲ။ ပြောချင်တာက ဝက်သားလိုက်စားရမယ်၊ လည်လှီးသားမဟုတ်လည်း 
စားရမယ်မဟုတ်ဘူး၊ သူအဲဒါတွေ မစားလည်း၊ ဘဲဥကြော်၊ ကြက်ဥကြော်လောက် 
ကျွန်တော်တို့နဲ့ ဝိုင်းစားတာ၊ သတ်သတ်လွတ်ဟင်းစားတာလောက် 
လုပ်နိုင်ရင်ရပါတယ်။ ကျွန်တော်တို့လည်း အဲဒီလောက် လိုက်မတွက်ကပ်ပါဘူး။
ကျွန်တော်တို့
 သူငယ်ချင်းတွေထဲမှာ အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ 
အထက်တန်းကျောင်းသားဘဝ ၂၀၀၃ လောက်ကတည်းက ရင်းနှီးလာတာ ဒီနေ့အထိပါပဲ။ 
နာမည်အရင်းတောင် မခေါ်တာကြာလို့ မမှတ်မိတော့ဘူး။ 
ဖြူဖွေး(ဒါမှမဟုတ်)အားကလေးပဲ ခေါ်နေဖြစ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ 
မွေးနေ့တွေဘာတွေမှာ ဘုရားသွားရင် အမြဲတမ်းလိုက်တယ်၊ သူ့ဖာသာသူ မရှိခိုးတာ 
မရှိခိုးတာပဲ။ လိုက်တာက အမြဲတမ်းလိုက်တယ်။ ဘယ်လောက် တကန်တကဖြစ်နေပါစေ၊ 
သူပါကိုပါတယ်။ မရောက်ရောက်အောင် လာပေးတယ်။ ကျွန်တော်တို့လုပ်တဲ့ အလှူ၊ 
မင်္ဂလာဆောင်တိုင်း သူ့ကိုဖိတ်တယ်၊ သူကလည်း ဖိတ်လို့ကတော့ ရောက်အောင်လာတာပဲ။ 
မင်္ဂလာဆောင်ဆို ထိုက်ထိုက်တန်တန် လက်ဖွဲ့သွားတာပဲ။ သူကကျွန်တော်မကြိုက်တဲ့ 
အစ္စလမ်ဘာသာကို ကိုးကွယ်နေသူပါ။ ဒါပေမယ့် သူ့ကိုးကွယ်မှုကို 
ကျွန်တော်မထိခိုက်ဘူး၊ မစော်ကားဘူး၊ တစ်ခါသူ့ဘက်ကလည်း အတင်းကာရော 
အယူသီးတာတွေမရှိပဲ လိုက်လျောညီထွေနေတတ်သူမို့၊ ဆယ်စုနှစ်တစ်စုကျော်အောင် 
ကျွန်တော်တို့ကြားမှာ သံယောဇဉ်က ခိုင်မြဲပါတယ်။ ဒီလောက်ဆိုရင် 
ကျွန်တော့်မိတ်ဆွေ ဗုဒ္ဓဘာသာတွေရော၊ အစ္စလမ်ဘာသာဝင်တွေရော၊ 
အခြားဘာသာဝင်တွေရော ဘာတွေလုပ်ရမယ်၊ ဘာတွေပြုပြင်သင့်တယ်၊ 
လူ့ပတ်ဝန်းကျင်အသိုက်အဝန်းမှာ အားလုံးငြိမ်းချမ်းစွာ 
အတူယှဉ်တွဲနေထိုင်နိုင်အောင် ဘာတွေကိုလိုက်နာရမယ်ဆိုတာ တွေးတောနေမိပြီလို့ 
ထင်ပါတယ်။ ဒါကစပ်မိစပ်ရာလေးတွေကို ပြောနေတာပါ။ ထွေလီကာလီတွေမို့ 
အချက်အလက်တွေ၊ အကိုးအကားတွေမှာ အားနည်းနိုင်ပါတယ်။ 
အမှားအယွင်းတွေပါနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရင်းမှာတော့ အားလုံးကို 
ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ ဆောင်ရွက်တာမို့ အားလုံးက အပြစ်မယူပဲ 
နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဆက်ပြီးတော့လည်း 
ဒီစပ်မိစပ်ရာစီးရီးမှာ ကိုင်ရတွယ်ရခက်ခဲတဲ့ အကြောင်းအရာတွေကို 
ပေါ့ပေါ့ပါးပါး တို့ထိသွားပါမယ်။
ဒီနေ့တော့ ခင်ဗျားတို့လည်း 
ဖတ်ရတာ၊ တွေးရတာ မျက်စိညောင်း၊ ဦးနှောက်ညောင်းလောက်ပြီလို့ ထင်ပါတယ်။ 
ကျွန်တော်လည်း မျက်စိရော၊ လက်ရော၊ ဦးနှောက်ပါ ညောင်းသွားပါပြီ။
(
Giacomo)