
ချင်းမိုင်။ ။ နအဖ အခြေခံဥပဒေ (မူကြမ်း) အပေါ် ဆန္ဒသဘောထား ရယူရန် မဇ္ဈိမက အွန်လိုင်း စစ်တမ်းတရပ် ကောက်ယူရာတွင် မဲပေးသူ ၈ဝ ရာခိုင်နှုန်းကျော်က ကန့်ကွက်မဲ ထည့်ဝင်ခဲ့ကြသည်။
မဇ္ဈိမသတင်းဌာန မြန်မာ ဝဘ်ဆိုဒ် စာမျက်နှာပေါ်တွင် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ယနေ့ နေ့လယ်ပိုင်းအထိ စစ်တမ်းတရပ် ကောက်ယူလာရာ ဆန္ဒပြုသူပေါင်း ၆ဝ၂၈ ဦးအနက် နအဖ ဥပဒေမူကြမ်းကို ကန့်ကွက်သူ ၅ဝ၃၄ ဦး (၈၃ ဒဿမ ၆ ရာခိုင်နှုန်း) ရှိပြီး ထောက်ခံသူ ၅၈၄ ဦး (၉ ဒဿမ ၇ ရာခိုင်နှုန်း) သာ ရှိသည်။ သဘောထားမပေးသူ ၄ဝ၃ ဦး (၆ ဒဿမ ၇ ရာခိုင်နှုန်း) ရှိသည်။
ကွန်ပြူတာ တခုတည်းကိုသာအသုံးပြုလျှင် ဆန္ဒပြသူသည် တနေ့လျှင် တခါသာ ဆန္ဒပြုခွင့်ရှိသည့် အွန်လိုင်း စစ်တမ်းကို ဖြေဆိုခဲ့သူ အများစုမှာ ပြည်ပတွင် နေထိုင်သူများ ဖြစ်သည်။

“သင့် သဘောထားအမြင်” ဟူသည့် ကဏ္ဍ၌
(၁) အခြေခံဥပဒေ မူကြမ်းကို ထောက်ခံ၊ ကန့်ကွက်၊ သဘောထား မပေးခြင်း၊
(၂) မူကြမ်းကို ကောင်းစွာ နားလည်၊ အနည်းငယ် နားလည်၊ လုံးဝ နားမလည်ခြင်း နှင့်
(၃) မူကြမ်းနှင့် ပတ်သက်၍ သိချင်၊ စိတ်မဝင်စား
စသည့် အချက်များတွင် ဝဘ်ဆိုဒ် တက်ကြည့်သူများက မိမိ နှစ်သက်ရာကို မဲပေးခြင်းဖြင့် စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်တမ်းအရ အခြေခံ မူကြမ်းနှင့် ပတ်သက်၍ ကောင်းစွာ နားလည်သူ နည်းပါးနေဆဲ ဖြစ်ပြီး ထက်ဝက်ခန့်က လုံးဝ နားမလည်ပါဟု ဆိုသည်။
ကောင်းစွာ နားလည်သူ ၁၁၁၄ ဦး (၂၇ ဒဿမ ၉ ရာခိုင်နှုန်း)၊ အနည်းငယ် နားလည်သူ ၉၂၈ ဦး (၂၃ ဒဿမ ၂ ရာခိုင်နှုန်း) နှင့် လုံးဝ နားမလည်သူ ၁၉၅၅ ဦး (၄၈ ဒဿမ ၉ ရာခိုင်နှုန်း) ရှိသည်။
ထူးခြားသည်ကတော့ အခြေခံဥပဒေ မူကြမ်းနှင့် ပတ်သက်၍ သိလိုသူနှင့် စိတ်မဝင်စားသူ အချိုးအစား တူညီနီးပါး ဖြစ်နေသည်။
အခြေခံ မူကြမ်းနှင့် ပတ်သက်၍ သိချင်သူ ၁၆၈၇ ဦး (၄၁ ဒဿမ ၃ ရာခိုင်နှုန်း)၊ စိတ်မဝင်စားသူ ၂၃၉၇ ဦး (၅၈ ဒဿမ ၇ ရာခိုင်နှုန်း) ရှိသည်ဟု ဆန္ဒသဘောထား ပေးခဲ့ကြသည်။
မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်ကို ဖတ်ရှုသူများအနက် စင်္ကာပူ၊ အမေရိကန်၊ ထိုင်း၊ မလေးရှား တို့က အစဉ်လိုက် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ တက်ရောက်ဖတ်ရှုသူ အရေအတွက်က ပဉ္စမလိုက်သည်။
အွန်လိုင်းစစ်တမ်းနှင့် တယ်လီဖုန်းဖြင့် ပြုလုပ်သော မြန်မာပြည်တွင်းရှိ လူများထံမှ ဆန္ဒကောက်ယူမှုသည် ကွာခြားမှုများ ရှိသည်။ အစောပိုင်းက ကောက်ခံခဲ့သော တယ်လီဖုန်းမှတဆင့် ပြည်တွင်း ဆန္ဒပြုသူများက ထောက်ခံရမလား၊ ကန့်ကွက်ရမလား မဆုံးဖြတ်နိုင်သေးဘဲ ရှိနေသည်။
ထို့အပြင် မဇ္ဈိမပြည်တွင်း သတင်းထောက်များက ပြုလုပ်သော လူတွေ့မေးမြန်းမှုများကလည်း အများစုမှာ မဲထည့်ခွင့် ရှိသူများ မဆုံးဖြတ်နိုင်သေးဘဲ ရှိနေကြောင်း ဖော်ပြကြသည်။

No comments :
Post a Comment
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။