Saturday, September 22, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၃.၀၉.၂၀၀၇)


ရွှေတိံဘုရား အရှေ့မုဒ် ကြားတောရလမ်းက ထွက်လာစဉ်

ကျွန်တော် ဖုန်းဆက်ကြည့်တယ်။ ``သံဃာတော်တွေ ရွှေတိံဂုံ ဘုရားပေါ်တက်သွားပြီ လိုက်ခဲ့တော့´´ သူငယ်ချင်း တစ်ယောက်က ပြောတာနဲ့ ကျွန်တော ရွှေတိ ဂုံဘုရားဆီကို အပြေးလာခဲ့တယ်။

အချိန်က နေ့လည်တစ်နာရီ ခွဲတော့မယ်။ ကျွန်တော်ကားကို တောင်ဘက်မုဒ်ကို မောင်းခိုင်းရလား အရှေ့မုဒ်ကို မောင်းခိုင်းရမလား မဝေခွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာတော်တွေက ဘယ်မုဒ်က ဆင်းမယ်ဆိုတာ ဘယ်သူမှ ကြိုသိဘူးလေ။ အဲဒီတော့ ရွှေတိဂုံအရှေ့မုဒ်ကို အရင်သွားကြည့်မယ် မရှိမှ တောင်ဘက်မုဒ်ကနေ ပြန်တက်မယ်လို့ စဉ်းစားပြီး အရှေ့မုဒ်ကို ထွက်ခဲ့တယ်။

ကိုယ့်မင်းကိုယ့်ချင်း လမ်းကနေ ကြားတောရလမ်းကို ချိုးကွေ့လိုက်တော့ . . .. ၊ တွေ့ပါပြီ။ သံဃာတော်တွေ သာသနာ့ အလံကိုလွင့်ထူပြီး အရှေ့မုဒ်က ကြားတောရလမ်း အတိုင်းဆင်းလာကြတယ်။ အဲဒီအချိန်မှာ နေ့လည်တစ်နာရီ ခွဲနေပြီ။ ကျွန်တော်လဲ ကားကိုလမ်းဘေးမှာ ရပ်ခိုင်းလိုက်ပြီး ကင်မရာကိုဆွဲကာ ပြေးဆင်းခဲ့တယ်။ သံဃာတော်တွေရဲ့ အရှေ့မှာ ဓာတ်ပုံရိုက်နေကြတဲ့ မီဒီယာတွေကိုလဲ တွေ့ရတယ်။ ကျွန်တော်လဲ အပြေးအလွား သွားပြီ ဓာတ်ပုံရိုက်လိုက်တယ်။

ခါတိုင်းနေ့နဲ့ မတူပဲ ပိုပြီး ထူးခြားတာက ဒို့အရေး ဒို့အရေးလို့ အော်ကြတယ်။ အရင်နေ့က လုံးဝ မအော်ကြဘူး။ ဒို့အရေး ဒို့အရေး အော်ပြီး တောင်းဆိုမှုတွေ ပါလာပြီဆိုတော့ ဆန္ဒပြတဲ့ အဆင့်ကို ရာနှုန်းပြည့် ရောက်သွားပြီဆိုတာကိုလဲ သိလိုက်ရတယ်။ အဲဒီမှာ ပြည်သူတွေနဲ့ သံဃာတွေ တောင်းဆိုတာကတော့

အောင်ဆောင်စုကြည် လွတ်မြောက်ရေး
တွေ့ဆုံ ဆွေးနွေးရေး
ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွပ်မြောက်ရေး
ဒို့အရေး အရေးတော်ပုံ အောင်ရမည်

ဆိုတဲ့ကြွေးကြော်သံတွေနဲ့ တခဲနက်ဟစ်ကြွေး ချီတက်လာခဲ့ကြတယ်။

အဲလိုချီတက်ရာမှာလဲ စည်းကမ်းရှိရှိ စနစ်တကျ ဖြစ်စေဖို့ အရှေ့ဆုံးက ဆရာတော်တွေက မိုက်ခွက်နဲ့ သတိပေးနေတာကိုလည်း ကြားရတယ်။ ကိုယ့်မင်းကိုယ့်ချင်းလမ်း မကြီးပေါ် ဗဟန်းသုံးလမ်း ထိပ်နားအရောက်မှာ မီဒီယာထဲမှာ နာမည်ပျက်နေသူ မြတ်ခိုင်ကို တွေ့လိုက်ရတယ်။ မြတ်ခိုင်က ဓာတ်ပုံတစ်ပုံ နှစ်ပုံကို လမ်းမကြီးအလည် စည်းမျဉ်းပေါ်ကနေရိုက်ပြီး နောက်တော့ ဘယ်ပျေက်သွားလဲ မသိဘူး။

သံဃာတော်တွေ အတန်းအရှေ့မှာ ဗီဒီယိုရိုက်တဲ့လူ ဓာတ်ပုံရိုက်တဲ့လူတွေ စုံနေတာပဲ။ ထူးခြားတာက အဲဒီဓာတ်ပုံရိုက်တဲ့ လူတွေဟာ လက်ထဲမှာ မီနီဓာတ်ပုံ ကင်မရာရော ဗီဒီယို ကင်မရာကိုရောပါ တွဲကိုင်ထားကြတာကို တွေ့ရတယ်။ ဓာတ်ပုံရိုက်သူ အားလုံးဟာ မီဒီယာ အသိုင်းဝိုင်းက လူတွေချဉ်းပဲ မဟုတ်ပဲ အပြင်လူတွေပါ ပါဝင်နေတာကိုတွေ့ရတယ်။ အဲဒီထဲမှာ အစိုးရဘက်သား တွေလဲ ဖြစ်နိုင်သလို ပြည့်သူဘက်သားတွေလဲ ဖြစ်နိုင်ပါတယ်။


ဦးထောင်ဘို အ၀ိုင်းခေါ် ပတ္တမြားအ၀ိုင်းခေါ် ဗဟန်းအ၀ိုင်းကို ရောက်ရှိ ချီတက်လာစဉ်

ဦးထောင်ဘို အ၀ိုင်းကိုရောက်တော့ နေ့လည် နှစ်နာရီ ထိုးခါနီးနေပြီ။ သံဃာတော်တွေကတော့ ဆူးလေဘုရားကို ဦးတည်ပြီး သွားနေကြတယ်။ ဆန္ဒပြသံဃာတွေကြောင့် လမ်းပိတ်သွားပါတယ်။ ဒါပေမယ့် တစ်ဘက်ယာဉ်ကြောကတော့ မပိတ်ပါဘူး။ သံဃာတော်တွေ လမ်းလျှောက်နေတဲ့ ယာဉ်ကြောမှာလဲ ယာဘက်ဆုံး လိုင်းလေးကနေ ကားတစ်စီးစာ သွားလို့ရပါတယ်။

ကျောက်တိုင်မှတ်တိုင် နားကိုရောက်တော့ နေ့လည် နှစ်နာရီ ကျော်ကျော်ရှိပါပြီ။ မိုးကလဲ အဲဒီအချိန်မှာ ဖွဲဖွဲဖွဲ စရွာပါတယ်။ ကျွန်တော့ကင်မရာကို မိုးမစိုအောင် ကျွတ်ကျွတ်အိပ်နဲ့ ထုပ်လိုက်တယ်။ အဲဒီအချိန်မှာ ဆူဆူအသံကြားတော့ ကျွန်တော်ကြည့်လိုက်တယ်။ ဆန့်ကျင်ဘက် ယာဉ်ကြောက လိုင်းကားပေါ်မှာ သံဃာတော်တစ်ပါး။ ဘတ်စကားပြူတင်းပေါက်က ခေါင်းပြူထွက်ပြီ လက်တစ်ဘက် ဆလံသတဲ့ပုံလုပ်ပြီ လျှကိုထုတ်ပြထားတယ်။ သူ့ပုံစံက စပ်ဖြီးစပ်ဖြီးနဲ့ လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေကို သရော်နေသလိုပဲ။

အဲဒီမှာ အချို့သောလူတွေနဲ့ သဃာတွေက ခဲနဲ့ပစ်ဖို့ ဒါမှမဟုတ် ရိုက်ဖို့ ပြေးသွားကြတယ်။ တစ်ဖွဲ့လုံးလည်းကြွက်ဆူ ကြွက်ဆူဖြစ်သွားတယ်။ ဒါပေမယ့် အားလုံးက တားနိုင်လိုက်ပါတယ်။ အခုအချိန်မှာ အားလုံး စိတ်ရှည်ဖို့ သီးခံဖို့ ပြောပြီး ဆက်လျှောက် လာခဲ့ကြတယ်။ အဲဒီအချိန်မှာ မိုးက စတင်တင်ရွာသွန်းပါပြီ။ ဒါပေမယ့် ဘယ်သူမှ ထီမဆောင်းကြပါဘူး။ ဆောင်းတဲ့လူရှိရင်လည်း အချင်းချင်း မဆောင်းကြဖို့ တိုက်တွန်းကြတယ်။

ဒဂုံတစ် အရှေ့ကိုရောက်တော့ ဂုံးတံတားပေါ်မှာ နိုင်ငံခြား သတင်းထောက် နှစ်ယောက်သုံးယောက် ဓာတ်ပုံရိုက် နေတာကိုတွေ့ရတယ်။ သံဃာတော်တွေက ဆင်းခိုင်းလိုက်တော့ အဲဒီဓာတ်ပုံရိုက်နေတဲ့ လူတွေအောကိုပြန် ဆင်းသွားကြတယ်။ လမ်းဘေးဝဲယာမှာတေ့ လူအုပ်ကြီးကနေ လက်ခုပ်တွေတီးပြီး ကြိုတာ လက်ဝှေ့ယမ်းပြတာ တွေကတော့ ထွေထွေထူးထူး ပြောပြနေဖို့ မလိုတော့ဘူလို့ ထင်ပါတယ်။

အလံပြဘုရားလမ်းက ပတ်ရှိုင်ရယ် ဟိုတယ်အရှေ့ ရောက်တော့ ကျွန်တော့ကို ကားတစ်စီးက လာကြိုနေတယ်။ အဲဒီအချိန်ထိ မိုးတွေက သည်းသည်းမဲမဲ ရွာနေတုန်းပဲ။ ကျွန်တော်လဲ လာကြိုတဲ့ ကားပေါ်ကိုတက်လိုက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဆူးလေဘုရားကနေ ကြိုစောင့်နေမယ်ပေါ့။

ဆူးလေဘုရား ရောက်တော့ နည်းတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ သူတို့က ရွှေတိံဂုံ ဘုရားကနေ ဆင်းလာမဲ့ သံဃာတော်တွေကို စောင့်ကြိုနေကြတာ။ ကားကို မဟာမန္ဒုလ ပန်းခြံနားလေးမှာ ရပ်ခိုင်းပြီး ကျွန်တော်ဆင်းလာခဲ့တယ်။ အဲဒီအချိန်မှာ ကမ်းနားလမ်းဘက်က ပရိတ်ရွတ်သံတွေ ကြားနေရတယ်။ ကျွန်တော်ပဲ နားကြားမှားတာလား ဒါမှမဟုတ် ရွှေတိံဘက်က ဆင်းလာတဲ့ ကိုယ်တော်တွေရဲ့ ရွတ်ဖတ်သံတွေက အသံပြန်လာတာလား ကျွန်တော်လဲ မဝေခွဲတတ်ဘူး။
ကမ်းနားလမ်းဘက်က လာတဲ့အဖွဲ့

အဲလိုနဲ့ ကျွန်တော် လမ်းဖြတ်ကူးပြီး ဆူးလေဘုရား ပလက်ဖောင်းပေါ် ရောက်လာခဲ့တယ်။ တွေ့ပါပြီ။ ကမ်းနားလမ်းဘက်ကနေ ဆူးလေဘုရားကို ချီတက်လာတဲ့ သံဃာတော် အုပ်စုကြီးတစ်ခု။ အဲတော့မှ ကျွန်တော် သဘောပေါက်လိုက်တယ် စောစောက ကြားနေရတဲ့ ပရိတ်ရွတ်သံတွေက ဒီကိုယ်တော်တွေဆီက လာတဲ့ အသံတွေ။ ရွေတိံဂုံဘက်က ကိုယ်တော်တွေက ရောက်မလာသေးဘူး။

ကမ်းနားလမ်း ဘက်က လာတဲ့ ကိုယ်တော်တွေက မြို့တော်ခမ်းမဘက် အခြမ်းကနေ ပတ်ပြီး မြောက်ဘက်မုဒ်ကနေ တစ်ဆင့် ဆူးလေဘုရားပေါ် တက်သွားကြတယ်။ ကိုယ်တော်တွေ ဆူးလေဘုရားပေါ်ကို တက်လို့ မဆုံးခင်မှာပဲ ဟိုဘက်က ကိုယ်တော်တွေက ဆူးလေဘုရား ဆီကို ရောက်လာကြတယ်။ သံဃာနှစ်ဖွဲ့ဟာ ဆူးလေမှာ ဆုံကြတာပေါ့။ ဒါပေမယ့် ရွေတိံကနေ ကြွလာတဲ့ ကိုယ်တော်တွေက ဆူးလေဘုရားကို မတက်တော့ဘူး ကုလားဗလီ ဘက်ကနေ ဆူးလေကို ပတ်ပြီး ဗန္ဒုလလမ်းအတိုင်း ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ ဟိုဘက်လိုက်ရမလို ဒီဘက်လိုက်ရမလို ဖြစ်သွားတယ်။ ဗန္ဒုလလမ်းအတိုင်း သွားတဲ့ ကိုယ်တော်တွေက ဗိုလ်တစ်ထောင်ကို သွားမှာပဲလို့ ကျွန်တော် တွက်လိုက်မိတယ်။ အဲဒါကြောင့် ကမ်းနားလမ်းအတိုင်း လျှောက်ပြီး ဗိုလ်တစ်ထောင် ဘုရားကို ကြိုရောက်အောင် သွားထားနှင့်လိုက်တယ်။

ကျွန်တော်တောင် သိမ်ဖြူလမ်းမှာပဲ ရှိသေးတယ် သံဃာတော်တွေ ဗိုတ်တစ်ထောင်ဘုရားလမ်းကနေ ဘုရားထဲကို ၀င်သွားနေကြတာကို တွေ့လိုက်တယ်။ အဲဒါကြောင့် ကျွန်တော်လဲ ဗိုလ်တစ်ထောင် ဘုရားရှိရာကို ခြေကုန်သုတ်ပြီး ပြေးလာခဲ့တယ်။

ကျွန်တော် ဗိုတ်တစ်ထောင် ဘုရားရောက်တော့ သံဃာတော်တွေက ဗိုလ်တစ်ထောင်ဘုရား ပေါ်ကို သွားကြပြီး လက်ဝဲရစ် ဘုရားကို ပတ်နေကြတယ်။ ကျွန်တော်လည်း ဖိနပ်ကို ဘုရား အ၀မှာ ချွတ်ပြီး ဘုရားပေါ်ကို ပြေးတက်သွားတယ်။ ဘုရားပေါ်ရောက်တော့ ကြည့်လိုက်မှာ သံဃာတော် အရေအတွက်က တော်တော် နည်းနေတာကို သတိထားမိလိုက်တယ်။ ပြီးတော့ ရွှေတိံဂုံဘုရားမှာတုန်းက သီလရှင် တွေပါတယ်။ အခုအဖွဲ့မှာ သီလရှင်တွေကို မတွေ့ရဘူး။ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို စိတ်ထဲက အလိုလို သိလိုက်တယ်။

နောက်ပိုင်းမှ သိလိုက်ရတာက အခု ကျွန်တော်တွေ့နေရတာက တတိယမြောက်အဖွဲ့ ဖြစ်နေတယ်။ေ၇ွတိံဂုံက စထွက်တဲ့ အဖွဲ့ သိမ်ဖြူလမ်းအတိုင်း ယုဇပလာဇာ ဘက်ကိုတက်သွားတာတဲ့။

အဲဒီနောက်မှာ သံဃာတော်တွေဟာ ဘုရားအတွင်းမှာ ရွတ်ဖတ် မေတ္တာပို့ကြပြီး ဗိုလ်တစ်ထောင် ဘုရာလမ်းအတိုင်း ပြန်ထွက်သွားတယ်။ ကျွန်တော်လဲ ဆက်မလိုက်နိုင်တော့ဘူး။ ခြေထောက်တွေလည်း နာနေပြီ။ တစ်ညလုံး မအိပ်ရသေးတော့ လူကလည်းနှုံးနေပြီ ဒါကြောင့် အိမ်ပြန်လာခဲ့တယ်။ အိမ်ကိုလည်း လမ်းလျေက်မပြန်နိုင်တော့ဘူး။ ဘတ်စကားစီး မလို့ကြည့်တော့ ပိုက်ဆံ တစ်ပြားမှ ပါမလာဘူး။ လမ်းလျောက်ဖို့ကြတော့ လူကနှုံးနေပြီး ကားပေါ်ရောက်မှ ကြည့်ရှင်းမယ်ဆိုပြီး ဘတ်စကားပေါ်ကိုတက်ခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံ တစ်ပြားမှမပါဘူး

စက်တင်ဘာလ ၂၃ ရက်၊

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...