Wednesday, January 6, 2010

မြန်မာ့ လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော် ဦးဥတ္တမ


မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်၌ ကျွန်သဘောက်အဖြစ် ကျရောက်နေခိုက်တွင် မြန်မာပြည်သားထဲမှ ရှေးဦးစွာ ရဲရဲဝံ့ဝံ့ အမြော်အမြင်ကြီးကြီးဖြင့် နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန်တရာကျေးဇူးကြီးမားသူ လွတ်လပ်ရေးမီးရှူး တန်းဆောင်အစစ်ဖြစ်ပေသည်။ လွတ် လပ်မှုကင်းမဲ့သော အမှောင်တိုက်ထဲက တိုင်းပြည်ကို အလင်းဆောင်ဆောင်ကာ လမ်းပြခဲ့သူဖြစ်သောကြောင့် ယနေ့မျက်မှောက် ကာလတိုင် အမှန်တရားဘက်က တိုက်ပွဲဝင်သူများအတွက် အာဇာနည်သူရဲကောင်း ဖြစ်တည်လျှက် ရှိနေပါသည်၊ ဆရာတော် ဦးဥတ္တမကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ တို့မှ မွေးဖွားခဲ့သည်။ သက်တော် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာာမဏေဝတ်ပေးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့အမည်ကို ရရှိခဲ့ သည်။ နက်နဲသော ပိဋ္ဋကတ်စာပေများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင်ရှိခိုက် အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့် ဗုဒ¨ဘာသာ စာပေဆိုင်ရာ ဧည့် ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွားလေသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို အနိုင်ရလိုက်သည်ကို တွေ့ရပြီး အာရှတိုက်သား ဂျပန်ကို အထင်ကြီးသွားခဲ့သည်။ ထိုသို့ ဂျပန်စစ်နိုင်သည်ကို နိုင်ငံရေးမျက်စိဖြင့် ကြည့်တတ်သော ဆရာတော် ဦးဥတ္တမသည် မြန်မာအမျိုးသားလုံးအား နိုင်ငံရေးမျက်စိ ဖွင့်ပေးရန် ဆန္ဒပြင်းပြနေခဲ့သည်။ ထိုအချိန်က အာရှသားတို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်ဟု ဆရာတော်ဦးဥတ္တမက ယုံကြည်သည်နှင့်အညီ ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရန်ကုန်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဂျပန်တွင် ၂ နှစ်ကြာ ပညာသင်ကြားခဲ့ပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခဲ့ပြီး တရုတ်ပြည်သို့ သူနှင့်အတူ လိုက်ခဲ့ရန်ပင့်ခဲ့၍ တရုတ်ပြည်သို့ လေ့လာရေးသွားခဲ့သည်။ ထိုအချိန်ကတည်းက ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိရှိ သတိပြုနိုင်ခဲ့သည်။ ၁၉ဝ၆ မေလတွင် ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပေးကူညီခဲ့သည်။ ထိုစဉ်အခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးဇောင်းပေဖော်ပြသော သတင်းစာကြီး ဖြစ်ခဲ့သည်။ “ဒီတိုင်းပြည် သူတစ်ပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာ သာကလည်း ကျွန်ဘာသာ၊ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော် များ ကျောင်းတွင် ကျိန်းအိပ်မနေပဲ သံဃာ့သမဂ္ဂများဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” ဟု နှိုး ဆော် ဟောကြားခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ အမြင်ကျယ်ပြန့်မှုနှင့် ညဏ်ကြီးမှုကြောင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ၁၉၁၂ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၂၁)ရက် နေ့စွဲပါ စာတစ်စောင်တွင် “ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ၆ နှစ်စေ့၍ “္စမငာမေပှခ့သသူ (မူလတန်းစာသင်ကျောင်း) မှာ သင်လျှင် ထိုလူကလေး၊ မိန်းကလေးတို့သည် ညကို ၁ဝ နာရီ အိပ်၍ မနက် ၅ နာရီကို အိပ်ယာထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေ ပြု၍ထားသည်။ ဦးဇင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်၊ အနေ၊ အစား၊ အသောက် အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်း မူလဖြစ်ဟန်ရှိကြောင်း” မြန်မာလူမျိုးတို့ကို ကမÇာ့အမြင်ကျယ်စေရန် မီးမောင်းထိုးပြခဲ့သည်။ ဦးဥတ္တမသည် သူ၏ ဂျပန်ပြည်အကြောင်း စာအုပ်တွင် “ငါတို့နိုင်ငံ၊ ငါတို့ မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင် တော်ဘုရား၏ သာသနာတော်သည်လည်း ကြီးပွားကျော်ဇော၍ ကမÇာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာလိမ့်မည်ဟု အထင်ရှိ၍၊ ဂျပန်လူမျိုးတို့၏ လုံးလ၊ ဝိရိယ၊ စည်းကမ်း၊ နည်းလမ်း၊ ထုံးစံ ဘာသာအယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉ဝ၇ ခုနှစ်တွင် ဂျပန်ကျွန်းကြီးသို့ သွားကြောင်း” ဖော်ပြထားသည်။ ဆရာတော်ဦးဥတ္တမ၏ ကမÇာ့အမြင်ကျယ်မှုသည် ဗုဒ္ဓွသာသနာ ထွန်းပြောင်ရေးကိုသာမက မြန်မာအမျိုးသားလုံးအတွက် နိုင်ငံရေး အသိဉာဏ်နိုးကြားမှုကိုပါ ဖြစ်စေခဲ့သည်။ ၂ဝဝ၇နှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုကို ဦးဆောင်ရာတွင် ပါဝင်ခဲ့ပြီး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော အရှင်ဣဿရိယက “ဆရာတော်ဦးဥတ္တမ၏ မြန်မာ တစ်မျိုးသားလုံးအပေါ်ထားတဲ့ မေတ္တာ၊ စေတနာနှင့် စွမ်းဆောင်ရည်ဟာ အလွန်လေးစားလောက်ပါတယ်။ နယ်ချဲ့ လက် အောက် က မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့ထိတ်လန့်နေချိန်မှာ ဆရာတော်ဟာ နိုင်ငံတကာ လှည့်လည်ပြီး သူရရှိလာတဲ့ အသိ တရား တွေကို လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုခဲ့သူ ဖြစ်တယ်။ ဒါကြောင့် မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး အသိ တရား နိုးကြားလာခဲ့ကြတာ” ဟုမိန့်ဆိုသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ထိုသို့ မြန်မာပြည်သူများ မကျေမနပ်ဖြစ်နေကြသော်လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နေချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ထံ စာတစ်စောင် ရေးပို့လိုက်သည်။ ထိုစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်သွား” ( ဃမေိသခု ,ွနအ သကအ ) ဟူ၍ ဖြစ်သည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခဲ့ရာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်ခြဲ့ ကရသည်။ ဆရာတော် ဦးဥတ္တမ သတင်းသုံးခဲ့သော ဂျပန်နိုင်ငံ နဂိုယာမြို့ရှိ အိမ်ကို သွားရောက်လည်ပတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဆရာတော်ဖြစ်သော အရှင်သောပါက “ဦးဇင်းအနေနဲ့ အမှတ်တမဲ့ ရောက်ခဲ့တာပါ။ ဒါပေမဲ့ ဒီပြတိုက်အိမ်ကြီးကို တွေ့လိုက်ရတဲ့ အခိုက်မှာ၊ ဘုရင်ခံကရက်ဒေါက် ထွက်သွား (ဃမေိသခွုနအ သကအ) ဆိုတဲ့ မောင်းထုတ်လိုက်တဲ့အသံကြီးကို ပြန်ကြားယောင်မိတယ်။ ဒီတစ်မျိုးသားလုံး ကြောက်ရွံ့နေရတဲ့ ဘုရင်ခံချုပ်ကို မောင်းထုတ်ရဲတဲ့ ဆရာတော်ရဲ့ ရဲရင့်ပြတ်သားလှတဲ့ မိန့်ကြားသံဟာ မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့မှုကြောင့် ငုပ်လျှိုးနေတဲ့စိတ်ကို နိုးထစေ ခဲ့သည်။ အကြောက်တရားဆိုတဲ့ အမှောင်ထုကြားမှာ မကြောက်တရားဆိုတဲ့ အလင်းရောင်ကို ဆောင်ကြဉ်းနိုင်ခဲ့တယ်” ဟု မိန့်ပါသည်။ ဤစာကြောင့် မြန်မာလူမျိုးများအတွင်းတွင် မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓါတ်ကို တပ်လှန်နှိုးဆော် ပေးလိုက်သလို ဖြစ်သွားသလို ဇာတိသွေး၊ ဇာတိမာန်လည်း တတ်ကြွလာသည်။ ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးတရွာတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင် တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်တွင် ဖမ်းခဲ့သည်။ ဆရတ်ာသည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပေး ခံရသောသူဖြစ် သည်။ ထိုသို့မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ကာ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်တာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေး ဟာ ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားကို ဟောပါတော့ သည်။ ဤသို့ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတောကို အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်သည် ဟုဆိုကာ ရန်ကုန်တွင် ဖမ်းဆီးခဲ့သည်။ ဆရာတော်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပေး ခံခဲ့ရ ရှာသည်။ ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဦးစိုးသိမ်းက “ပရိသတ်များမြင်ရဲ့လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်သွားရော့လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းဟာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ ယနေ့ ယခု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။ ဆရာတော်ဦးဣဿရိယက “ဆရာတော် ဦးဥတ္တမဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကို သူရရှိထားတဲ့ လောကအမြင်၊ ခေတ်အ မြင်နဲ့ပေါင်းစပ်ပြီး နိုင်ငံသားအားလုံး၏ အကျိုးကိုရှေးရှုပြီး လမ်းညွှန်ဖော်ဆောင်နိုင်ခဲ့တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အမြင်ကျယ်ရမယ်။ တာဝန်ယူရဲရမယ်။ ခေတ်ကာလကို လွှမ်းခြုံမြင်ရမယ်၊ ကျဉ်းမြောင်းတဲ့ အစွဲတွေကိုဖယ်ပြီး လက်အောက် ငယ် သားအပေါ် အမြင်တွေကျယ်စေဖို့၊ အသိတရားတွေ ကြွယ်စေဖို့ လုပ်နိုင်ရမယ်။ ယခုဆို သာသနာဟာ စစ်အာဏာစက် အောက် ရောက်နေပြီ။ ဒါကြောင့် ဗုဒ္ဓြွရဲ့ဓမ္မစက်အောက် ပြန်ရောက်ဖို့ ဦးဥတ္တမလို ရဲဝံ့ပြီး အမြင်ကျယ်တဲ့ သံဃာတော်တွေ အများကြီး လိုအပ်တယ်”လို့  မိန်းကြားပါတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားများကို အစွမ်းကုန်ထုတ်သုံးခဲ့သော ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေသည်။ ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကိုလည်း “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပေးခဲ့သည်။ အလားတူ စစ်တွေမြို့တွင်လည်း ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပေးခဲ့ပါသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်ကား ကိုလိုနီလက်အောက်ရှိ လွှတ်တော်က “ဦးဥတ္တမနေ့”ဟု သတ်မှတ် ကာ ဂုဏ်ပြုခဲ့ကြသော်လည်း လွတ်လပ်ပြီးနောက် မြန်မာအာဏာရှင်များ လက်ထက်တွင် ဆရာတော်၏ ကျေးဇူးတရားကို အသိ အမှတ်မပြုဘဲ မျက်ကွယ်ပြုထားခြင်းပင်ဖြစ်ပေသည်။ အာဏာရှင်များနည်းတူ ဆရာတော်ချခဲ့သော မျိုးစေ့မှ ဖူးပွင့်လာကြသည့် နိုင်ငံရေးအဝိုင်းအဝန်းတွင်လည်း ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရမှန်း ဂုဏ်ပြုရမှန်းမသိသူ များနေသည်ကို မယုံကြည် နိုင်ဖွယ် တွေ့မြင်နေရသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ အဓမ္မမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ပြီး အမျိုး ဘာသာ၊ သာသနာ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ကျေးဇူးရှင် အာဇာနည်ဆရာတော် ဦးဥတ္တမအား နောင်လာနောင်သားအားလုံး အမြဲတစေ သတိရ အားကျဂုဏ်ယူတတ်စေရန် အတွက်လည်းကောင်း။ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် လူ့အခွင့်အရေးအတွက် အနစ်နာခံပြီး နိုင်ငံရေး အသိအမြင် နိုးကြား လာအောင် ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း။ ဆရာတော်၏ ကျေးဇူးကိုသိတတ်သူများ ကြည်ညိုသူများက စက်တင်ဘာလ (၉)ရက်နေ့ကိုရောက်တိုင်း ပြည်တွင်းပြည်ပတွင် ကျင်းပကြသည်။ အလင်းဆက်

Wednesday, December 30, 2009

ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်



ဟောင်းနွမ်းသွားတဲ့ ရက်စွဲလေးတွေထဲမှာ နတ်သမီးလေးတစ်ပါး ကြယ်ကြွေတွေနဲ့အတူ လောကမျက်နှာပြင်ပေါ်ကို ကြွေလွင့်သက်ဆင်းလာတယ်။ အနက်ရောင် မိုးသားဇာဝတ်ရုံအောက်မှာ ကြီးစိုးချယ်လှယ် ခံနေရတဲ့ ကမ္ဘာကြီးအတွက်တော့ တဒင်္ဂလေးအတွင်းမှာ ကြယ်ကြွေအလင်းရောင် မှုန်ပြပြလေး ဖြာထွက်သွားတာတောင် ရုတ်တရက် အငိုက်မဲ့ လွတ်လပ်သွားသလိုပါပဲ။ လက်ခနဲဖြာလို့။

✰✰✰✰✰

ကျွန်တော့်ဘဝထဲမှာ စွဲလန်းတမ်းတ အမိဆုံးကတော့ ကျွန်တော်မေမေနဲ့ နေခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ အတိတ်တွေ လွင့်ထွက်မသွားခင်အထိတော့ ထိုအချိန်လေးတွေကို နှမြောရမှန်းကို မသိခဲ့ဖူး။ဘဝကို လွယ်လွယ်ဖြတ်သန်းနိုင်အောင် ပေါင်းကူးထိုးပေးခဲ့တဲ့ မေမေ့ကျေးဇူးတွေဟာ ကျွန်တော်အတွက်တော့ ထိုအချိန်က အမှတ်တမဲ့တွေပါပဲ။ အချိန်တိုင်း မေမေရဲ့တွေးပူမှုတွေအောက် ကြီးပြင်းလာရတဲ့ ကျွန်တော့်အတွက်တော့ ငြီးငွေ့မှုတွေ ပြည့်နှက်နေလျှက်ပေါ့။အမေ့ရဲ့ဆန္ဒ တသားထဲကျအောင် နေရမှုကို ခါးသီးနေမိတဲ့ ကျွန်တော်ပေါ့။ ကန့်လန့်တိုက်ခြင်းများစွာနဲ့ အကျွမ်းတဝင် နေခဲ့မိတယ်လေ။ အမေ့ရင်ခွင်ထဲ စိတ်ခပ်တိုတိုနဲ့ ကိုယ်လွတ်မြောက်ရာ ဖွေရှာလိုနေတဲ့ အမေ့ပက်ကြားအက်ကလေး တစ်ခုပေါ့။

အမေကတော့ အပြုံးမပျက်ပါဘူး။အမေရဲ့ အရိပ်စစ်တွေ အေးမြတယ်ဆိုတာ အနေနီးနေတော့လဲ သာမာန်ရောင်းကုန်တစ်ခုလိုပဲ ဈေးနှုန်းမကြီးပါဘူး။ဈေးနှုန်းလဲ မသိပါဘူး။အမေ့ရဲ့ဖြူစင်မှုကြားထဲ ကိုယ့်အတ္တနဲ့ ကိုယ် စွန်းထင်းညစ်ပေရင်းကနေ လူဖြစ်ရက်နဲ့ လူလားမမြောက်ပဲ လုံးလည်ချာလည်ရိုက်လို့ ဗျာများနေတယ်လေ။ ပုခက်လွှဲတဲ့ အမေရဲ့လက်တွေကနေ ထုဆစ်လိုက်တဲ့ အမေ့လက်ရာက ကမ္ဘာကြီးကိုတော့ မကိုင်လှုပ်နိုင်ပေမယ့် နေရာတစ်ထောင့်ကနေ အစွမ်းကုန် ပွင့်အာနေပြီအမေ။

အမေက ချောတယ်။အမေမှာ နှစ်လိုဖွယ် သွားတက်တစ်စုံရှိတယ်။ ကျွန်တော်အမွေမရတဲ့ ပါးချိုင့်လေးလဲရှိတယ်။အဖေနဲ့တူတဲ့ ကျွန်တော်ကို ဘာလိုများအမေရယ်၊ အမေလို အသားဖြူအောင် မမွေးတာလဲလို့လဲ မကြာခဏ အပြစ်တင်မိတယ်။ ကျွန်တော်ဂုဏ်ယူမိတာကတော့ အမေရဲ့ နူးညံ့ပျော့ဆင်းပြီး ပိတုန်းရောင် ဆံနွယ်ရှည်ရှည်တွေလေ။ ဆံပင်လျှော်ပြီးတိုင်း ခြေဖျားအထိ ဖျာဆင်းကြနေလိုက်တာ အမေဖဝါးနုနုတွေပေါ်ကို သက်ဆင်းနေလေရဲ့။အမေက နူးညံသိမ်မွေ့ပေမယ့် အားမာန်ပြည့်တဲ့ အရောင်လက်နေတဲ့ မျက်ဝန်းနက်နက်တစ်စုံကိုလဲ ပိုင်ဆိုင်တယ်။

အမေက ရိုးသားတယ်။သူက ပီကာဆိုကို မသိဘူး။ဒါပေမယ့် အိမ်ကို ဘယ်လိုလှအောင် ဖွဲ့တည်ရမယ်ဆိုတာသိတယ်။ အမေ လေးဖြူရဲ့ ကန္တာရလမင်းကိုလဲ မသိဘူး။သူသိတာ မနက်မနက်ဖွင့်နေကြ တောင်တန်းသာသနာပြု ဆရာတော် ပရိတ်ခွေ။အမေက ဂီတကိုမသိဘူး။ ဒါပေမယ့် ကျွန်တော်အတွက်တော့ ဆိုနီကက်ဆက်လေး ဝယ်ပေးတယ်။ သီချင်းနားထောင်ဖို့တဲ့။အမေက ကဗျာတွေ၊ ကာရံတွေ မသိဘူး။ ကျွန်တော့်ကဗျာတွေ ဖတ်ပြီးတိုင်း ငတ်ချင်နေတဲ့အကောင်တဲ့။ သူသိတာ ကျွန်တော်ပညာရှိကြီး ဖြစ်ရေးကိုး။ အမေက ကမ္ဘာ့ဈေးကွက် ဆိုတာမသိဘူး။ သူသိတာ မနက်ဖြန် ကုန်ဈေးနှုန်းမတက်ဖို့ပဲ။ အမေက ဟမ်ဘာဂါတွေ၊ ပီဇာတွေ မလုပ်တတ်ဘူး။အမေ့လက်ရာ ချည်ရည်ဟင်း တခွက်ကတော့ ကျွန်တော့်အတွက် နတ်သုဒ္ဒါပဲ။

အမေက သဘောကောင်းတယ်။အမေ့ကို ကျောင်းမှာ လောကတ်သန်ကျကွဲတယ်ဆိုပြီး မုန့်ဖိုးလိမ်တောင်ဖူးတယ်။ အမေက ဟက်ဟက်ပက်ပက်ကို ရီပြီး မုန့်ဖိုးတွေ ကုန်သွားပြီလား ဆိုပြီး ပိုက်ဆံထုတ်ပေးတယ်။သားက လောကတ်သန်ကြီးကိုများ ဘယ်လိုချခွဲလိုက်တာများလဲသားရယ်တဲ့။ကျွန်တော် မုန်ဖိုးရဖို့သာ သိတာ အမေက ဘီအီးဒီဆရာမ ဆိုတာ ကျွန်တော်မေ့သွားတယ်။အဘွားက ပြောတယ်။နင့်ကိုယ်ဝန်နဲ့ ကျောင်းအုပ်ဆရာမအဖြစ်နဲ့ ပူတာအိုကို ရွှေ့ရမှာ သူ့ကလေးလေး ဗိုက်ထဲမှာ ရှိနေတာ ဝေးလံခေါင်ဖျားတဲ့နေရာမှာ မွေးရင် ဒုက္ခရောက်မယ်ဆိုပြီး အလုပ်က ထွက်လိုက်တယ်တဲ့။ ကျွန်တော် မှတ်မိတဲ့ အရွယ်ထဲက မေမေက အိမ်မှာနေပြီး ကျွန်တော်တို့ ညီအကို နှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်ပြန်မပေးနိုင်တဲ့ အရာအားလုံး အမေက ကျွန်တော်အတွက် စွန့်လွှတ်ခဲ့လေရဲ့။

အမေက မိုးငွေ့တွေဝေနေတဲ့ စက်တင်ဘာထဲမှာ ကျွန်တော်ကို ထားခဲ့တယ်။ထိုနေ့က အမြဲမက်တဲ့အိမ်မက်ရှည် တစ်ခုပါပဲ။အခုထိတောင် အေးခဲစွာ အမှတ်ရမိနေတုန်းပဲ။ အဲဒီနေ့က ကျွန်တော်ကျောင်းမှာ ကိုးတန်း အတန်းတင် မြန်မာစာဖြေရတဲ့နေ့။ မိုးလေးတဖွဲဖွဲနဲ့ ကျောင်းသားတွေ အကြိုက် အေးအေးလူလူ စာမေးပွဲဖြေကြရတယ်။ ဖြေပြီးလို့ ကျောင်းကဆင်းတော့ ကျောင်းအုပ်ကြီး ရုံးခန်းက ကျွန်တော်ကို လာခေါ်တယ်။ ရုံးခန်းထဲမှာ အဖေရယ်၊ အမေ့မောင် ဦးလေးရယ် စောင့်နေကြတယ်။သူတို့မျက်နှာတွေက အပြင်မှာ ရွာနေတဲ့မိုးတိမ်တွေလို ပြိုဆင်းညိုမှောင်နေတယ်။အဖေကတော့ ကျွန်တော့်လက်ကို ခပ်တင်းတင်းကိုင်ရင်း သား စာမေးပွဲဖြေနိုင်လား။ ကြိုးစားနော်။ သူအသံတွေက တိမ်ဝင်လာတယ်။အဖေနဲ့ အိမ်ပြန်တော့ ကျွန်တော်တို့နေတဲ့ အိမ်ကိုမဟုတ်ဘူး။အမေ့အမေ အဖွားအိမ်ကို။

ကျွန်တော် အဖွားအိမ်ရှေ့လဲရောက်ရော ဆီမြင်ရတာက အနက်ရောင်ဘုတ်ကြီးပေါ်က အဖြူရောင်စာသားတွေ။အပေါ်ဆုံးက အမေ့နာမည်နဲ့ အသက်လေ။ကျွန်တော်မျက်စိတွေ ဘာမှမမြင်စွမ်းနိုင်တော့ဘူး။ မျက်ရည်တွေက ပိတ်ကားတားဆီးလိုက်ပြီလေ။ဒါဆိုရင် အမေက ကျွန်တော်ဆီက ထွက်သွားပြီပေါ့။ချန်ရစ်သူနဲ့ ကျန်ရစ်လေသူ ကြားမှာ သေခြင်းတရားကြီးက သွင်သွင်ကြီး စီးခြားနေပြီလေ။လွတ်ကျသွားတဲ့ အသံက အခုမှ ပဲတင်ရိုက်နေတယ်။ဆရာဦးသုခတို့လို အမေဆိုပြီး တမ်းတမ်းတတ ရွတ်ဆိုရင်း အမေကဗျာတွေ ဖွဲ့ဆိုရတော့မယ်လေ။ငါသေရင်မငိုရဘူးနော် အမေရဲ့မှာတမ်းထဲကနေ မျက်ရည်တွေ သွင်သွင်စီးထွက်ခွင့်ပြုပါအမေ။ သားငိုချင်နေတယ်။တုန်ရီတဲ့ လက်တွေနဲ့ အမေကိုဖွဲ့ဆိုတဲ့ ကဗျာတွေ စပ်ဆိုခွင့်ပြုပါအမေ။

မဆုံးခင် ခြောက်လလောက်ကတည်းက အမေက ကျွန်တော်တို့နဲ့ မနေတော့ဘူး။ အဖေဆီခွင့်တောင်းပြီး အဖွားဆီပြန်နေတယ်။နောက်ပြီး အရင်ထဲက တရားထိုင်နေတဲ့ အမေ အဲနောက်ပိုင်း ပိုပြီး စိတ်လာတယ်။အကြာကြီး ထိုင်နေတယ်။ တရားဓမ္မသံတွေကြားထဲမှာပဲ အမေပျော်မွေ့တော့တယ်။ အသိတရားနဲ့ သူ့သားတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားခဲ့တယ်။သူဖြေနေတဲ့ အဘိဓမ္မာ ပထမပိုင်းကိုလဲ ဝေဒနာတိုက်ပွဲတွေကြားကနေ ခဲရာခဲဆစ် အောင်မြင်အောင် တိုက်သွားနိုင်ခဲ့တယ်။ သားယုံကြည်ပါတယ်အမေ အမေ ကောင်းရာဘုံဘဝရောက်နေတယ်ဆိုတာကို။

အမေက ကျွန်တော့်ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်တစင်းပါ။ ကြွေသာကျသွားပေမယ့်လဲ အလင်းရောင်တန်းအဖြစ်နဲ့ ဆက်လက်လင်းနေဆဲပါလေ။


✽✽✽✽✽✽✽✽✽✽✽✽

ဝသုန်တည်တဲ့သစ္စာ

အမေ.....
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။

ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။

ဒီပိုစ်လေးနဲ့ပဲ ၂၀၀၉ ခုနှစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။လာမည့် ၂၀၁၀ မှာ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေဗျာ။

ဓာတ်ပုံကို အမေဘလောခ့်မှ ကူးယူဖော်ပြပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။

Friday, December 25, 2009

2009 ကို ဖြတ်သန်းခြင်း

2009 ဖြတ်သန်းခဲ့တာ ဘယ်လိုသိနိုင်သလဲ............

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်နေမိမယ်။

၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။

၃။ မိသားစု သုံးယောက်ထဲတင် ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ ခုရှိနေမယ်။

၎။ ခုံချင်းကပ်ရက် အလုပ်လုပ်နေသူကို ပြောစရာရှိနေရင်တောင် အီးမေးလ်ပို့တယ်။

၅။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ဝယ်လာတဲ့ ပစ္စည်းလာသယ်ဖို့ မိုဘိုင်းနဲ့ လှမ်းခေါ်မယ်။

၆။ တီဗီက ကြော်ငြာတွေက ဝက်ဆိုဒ်လိပ်စာနဲ့ အွန်လိုင်းကပဲ ဈေးဝယ်နေလိမ့်မယ်။

၇။ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ Face Book လို Virtual World တွေမှာပဲ လက်ခံတွေမယ်။


၈။ သင့်ရဲ့ လွန်ခဲ့သော ၁၀နှစ်၊ အနှစ် ၂၀ လောက်က သင်နဲ့ အတူမရှိခဲ့ဘူးတဲ့ ဟန်ဖုန်း အိမ်က အထွက်မှာ ပါမလာတာနဲ့ပဲ သင်ဟာ ထိတ်လှန့်သွားပြီး နောက်ပြန်လှည့် အမြန်ယူတော့တာပဲ။

၁၀။ အိပ်ယာကထတာနဲ့ ဘာမှ မစားနိုင်သေးပဲ အွန်လိုင်းတက်မယ်။

၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။

၁၂။ ဒါကို ဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။

၁၃။ နောက်ပြီး သင်ဒီမက်ဆေ့ခ်ျကို ဘယ်သူတွေကို Forward လုပ်ရမလဲ စဉ်းစားနေပြီ။

၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ကိုး မပါတာတောင် မသိလိုက်ဘူး။

၁၅။ အမယ်.....နံပါတ်ကိုး တကယ်မပါဘူးလားဆိုပြီး အပေါ်က စာကြောင်းကို ပြန်ဖတ်နေတယ်။

.........................အဲဒါကြောင့် ပြောပါတယ်။ သင် ၂၀၀၉ ထဲရောက်ခဲ့တယ်လို့။


ဘယ်ကနေ ဘယ်လို လူတစ်ယောက် ပိုလာတာလဲနော်????



ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, December 22, 2009

ကျဆုံးခြင်း

ငါ့ခြေလှမ်းတို့ သွက်လက်နေတယ်။ငါချစ်နေတဲ့ သူ့ဆီကို စားစရာအချို့နဲ့အတူ အပြေးလှမ်းလာခဲ့တယ်။တို့နှစ်ဦး ရင်ခုန်မှုတွေ ဖလှယ်ရင်း ညနေစာအတူ စားဖို့လေ။



မထင်မှတ်တဲ့ မြင်ကွင်းတွေကြောင့် ရင်ထဲက သာယာကြည်နူးမှုလေးတွေ လွင့်စင် ပျောက်ကွယ်သွားတယ်။ငါချစ်နေတဲ့သူက အခြားသူရင်ငွေ့မှာ သာယာကြည်နူး နေလေရဲ့။ငါဒီမြင်ကွင်းကို ဘယ်လိုရင်ဆိုင်ရမှာလဲ၊ မြင်ရက်နိုင်မှာလဲ။ ရင်ထဲဆိုနစ်လာတဲ့ ငါ့ဝေဒနာ ဘယ်သူများသိနိုင်မှာပါလဲ။ဒီကမ္ဘာမှာ ငါရှင်သန်လျှက်နဲ့ပင် ကျဆုံးခဲ့ရပြီ။



တစိုက်မတ်မတ် ကြည်နူးမှုတွေနဲ့ ဆိုက်ရောက်လာတဲ့ ငါ့ကို တခြားသူရင်ခွင်ထဲက မင်းပုံရိပ်တွေနဲ့ စီချင်းထိုးလိုက်တာများ သေကောင်ပေါင်းလဲ မတတ်ပဲ။ ငါ့နယ်ရုပ်ကလေး မင်းက ဧကရာဇ်မင်းမှ ချစ်လို့ ဘုရင်မအဖြစ်နဲ့ ငါ့ကို စားသွားပြီကို။ အချစ်ကစားပွဲမှာ ငါ့နှလုံးသားတွေ အတုံးအရုံး ကျရှုံးခဲ့တာ မြေကြီးပေါ်ရပ်တည်နေတဲ့ ခြေလှမ်းတို့ ယိမ်းယိုင်ပြိုလဲ သွားမလားပဲ။



ကိုယ်ချစ်သူ တခြားရင်ခွင်မှာ နစ်ဝင်နေတဲ့ အမြင်အောက်က ငါလှည့်ထွက်လာမိတယ်။ ငါ့ကိုယ်ငါရှင်သန်လိုစိတ်လဲမရှိတော့ဘူးလေ။ဘာများထူးဦးမှာလဲ။ဟိုင်းဝေးလမ်းမကြီးပေါ် ငါ့ခြေလှမ်းတို့ ဦးတည် ပြေးလွှား။အားလုံးထားခဲ့ပစ်လိုက်ခဲ့ပြီ အချစ်လေး။သေချာတာ သိပ်ချစ်လို့၊ မခံနိုင်အောင် ရူးသွတ်လို့၊ လိုချင်တာ ရှုံးနိမ့်လို့ ငါအဝေးဆုံးကိုပြေး ......ပြေးသွားမိပြီ။



မျက်စိတွေမှိတ် မေ့ပျောက်ဖို့ ကြိုးစားလဲ ထင်လာခဲ့ မင်းတို့ပုံရိပ်တွေငါ့မျက်ဝန်းတွေထဲမှာ မိတ္တူပွားသလို ပွားများကုန်ပြီ။ဖျောက်ဖျက်နိုင်စွမ်းမဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ အတိတ်ပုံရိပ်တွေ မှေးမှိန်ပျောက်ကွယ်ဖို့ နည်းလမ်းတစ်ခုကတော့...............

ငါ့ခေါင်းကို ငုံ၊ ခြေအစုံမြှောက် အရှိန်အဟုန်ဖြင့် တလကြမ်း ဖြတ်သန်းမောင်းနှင် နေကြတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ကားတွေကြား အတင်းတိုးဝင် ဖြတ်ကူးခဲ့ပြီပေါ့။
မျက်စိကိုမှိတ် နောင်ဆက်ကူးမည့် ဘဝအသစ်ကိုတွေးရင်း ငါ့ထံသို့ ဦးတည်လာနေသော ကားတန်းဆီးသို ဦးလှည့်လိုက်မိတော့သည်။

✽✽✽✽✽✽






ဒီကားလေးကို ကြည့်ရင်း ခွေးလေးတစ်ကောင်ရဲ့ အဖြစ်ကလေးက သနားဖွယ်၊ ပြုံးရယ်ဖွယ် ရိုက်ကူးထားတဲ့ Bridgestone ကားဘီးကြော်ငြာလေးတစ်ခုပါ။ဒီအတိုင်း ဗီဒီယိုဖိုင်ကြီးပဲ တင်လိုက်တာထက် ခွေးကလေးရဲ့ နေရာဝင်ပြီး ခံစားကြည့်ရင်း စာဖွဲ့လိုက်တာပါ။မူရင်းဗီဒီယိုက www.kewego.com ကရတာပါ။

နောက်ထပ် Bridgestone ကြော်ငြာလေးတွေပါ။စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတွေရဲ့ idea ကို ချီးကျူးမိပါတယ်ဗျာ။ဒီကားလေးတွေ ကြည့်ရင်း အားလုံးပဲ ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။






ဆက်လက်ကြိုးစားပါဦးမည်။

Saturday, December 19, 2009

အတိုတကာ့ အတိုဆုံးမေတ္တာစာ


လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။

“လူလေး၊ အခု မင်းဘာလုပ်သလဲ”

“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”

“လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”

အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။

✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽

တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။

လူဂလေး
အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊
ခလေးလည်း ၄ရောက်ရပီ၊
အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး

ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။

ပန်းချီဝသုန်ရဲ့ ၀တ္တုတို
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)


"အစားထိုးမရသော မြန်မာ ပန်းချီကျော် ဝသုန် ကောင်းရာသုဂတိ လားပါစေ ………"

A Sketch of WaThone 1



A Sketch of WaThone 2



သူ့ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုအားအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ အောက်တိုဘာလ (၃) နေ့တွင် ဆုချီးမြှင့်ခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ ကြည်ဖြူသျှင် ဒုတိယအကြိမ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သော A Sketch of Wathone သည် ပန်းချီ ဝသုန်၏ အနုပညာ၊ သူ့ဘဝ နှင့် မိသားစု အကြောင်းကို ရိုက်ကူးခဲ့သော ဆရာဝသုန့် အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည်။


"A Sketch of Wathone" profiles Wathone, one of Myanmar's best known painters, as he shares his thoughts on life, art and family. The film is Kyi Phyu Shin's second documentary completed through the Yangon Film School. "A Sketch of Wathone" made its U.S. debut at All Roads in Los Angeles and Washington and will also be screened in Santa Fe.

ကျွန်တော်က ဆရာဝသုန်ရဲ့ဝတ္ထုတိုလေးကို သဘောကျလို့ ဝေမျှတာပါ။သူ့အကြောင်း အသေးစိတ်ကို အနုပညာသက်သေဘလောခ်မှာ လေ့လာနိုင်ပါသည်။

Tuesday, December 8, 2009

နေဝင်ချိန် ဇရာအို၏စိတ်ကူး


အချစ်
စတင်ပေါက်ဖွားရာမှသည် ခိုင်မာသော သစ္စာဖြင့် ယှက်နွယ်ရင်း တွဲလက်တွေခိုင်မြဲဖို့ဆိုတာ အလွန်တရာမှ ခက်ခဲပါသည်။အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ စိတ်သဘောထား ကွဲလွဲသွားကြတဲ့ အတွဲတွေ ကမ္ဘာမြေမှာ ထုနဲ့ထေး။ ကွယ်ဝှက်နေတဲ့ သံယောဇဉ်အမျှင်ကြောင့် ရတုအဆက်ဆက် ဖြတ်သန်းလာခဲ့ကြတဲ့ နေဝင်ခါနီး ဇရာအိုမောင်နှံတွေကလည်း သိန်းနဲ့သန်း။အိုမင်းမှုရဲ့ နောက်ဆက်တွဲရလာဒ်က ဇရာအိုရဲ့ သူငယ်ပြန်စိတ်ကူးလေးတွေပါ။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ဒီဇင်ဘာ ဆောင်းတွင်းရက်စွဲ အချို့မှာပေါ့။ နှင်းမှုန်တွေ ပြေးကပ်လာတဲ့ ပြတင်းပေါက်မှ အပြင်သို့ ငေးရင်း သိုးဆောင်းဘိုးဘိုးတစ်ယောက် မနက်ဖြန် မင်္ဂလာသက် နှစ်ငါးဆယ် ရွှေရတုကို တွေးရင်း ပျော်နေမိသည်။ထိုလာမည့်နေ့သည် သူအတွက် ပျော်စရာလဲ ကောင်းနိုင်သည်။ရင်ခုန်စရာလဲ ဖြစ်နိုင်သည်။ကြည်နူးစရာလဲ ဖြစ်တန်ချေရှိသည်။ စိတ်ပျက်ညီးငွေ့ဖွယ် မရှိမှာတော့ အမှန်ပေ။

နှစ်တို့၏ သဘောသည် တရွေ့ရွေ့ကုန်ဆုံး လွင့်ပါးလာသလို သိုးဆောင်းဘိုးဘိုး၏
အသက်လဲ တစ်ဖြေးဖြေး ယိုင်နဲ့လာသည်။အသက် ခုနှစ်ဆယ်တန်း သိုးဆောင်းဘိုးဘိုးအတွက် အရာရာသည် အားအင်ချည့်နဲ့လာသည်။သို့ပေမယ်
မနက်ဖြန်ကား ဘိုးဘိုးအတွက် ငယ်မူပြန် အောက်မေ့ဖွယ်ရာ ငယ်ဘဝအရိပ်တွေ
ထင်ဟပ်စေလာနိုင်သည်။

သားသမီးတွေ အတောင်စုံ၍ သီးခြားခွဲထွက်ကာ နေရစ်ခဲ့သူ သူ့အတွက် ထိုအချင်းအရာသည် နှမြောစရာ နတ္ထိ။ လွမ်းဆွတ်မှု ဗလာအတိပေမယ့် ရွှေရတုကို
သိုးဆောင်းဘွားဘွားနှင့် ပျော်ရွှင်စွာ မဖြတ်သန်းရမှာကိုတော့ စိုးရိမ်မိသည်။
ကျန်ရစ်ခဲ့ကြသော သက်ငယ်အနမ်းများနုနုရွရွ မေတ္တာစကားများမဟောင်းနွမ်းသော အကြင်နာများပျိုမြစ်တဲ့ ဂရုဏာများကို စမြုံပြန်နေသည်။

သိုးဆောင်းဘိုးဘိုးက အရင်နှစ်ဟောင်းက ကျင်းပခဲ့သော မင်္ဂလာရက်တွေနဲ့မတူသော အသွင်ဆန်းမည့် ရွှေရတုကို နေဝင်တော့မည့် ဇရာအို သူတို့မောင်နှံအတွက် အလွမ်းတွေကျန်ရစ်အောင် ဖြတ်သန်းချင်မိသည်။ သူတို့နှစ်ဦးရဲ့ ရည်းစားဦးကာလ ရင်ခုန်ခဲ့ရာ ပန်းခြံထဲမှ ခုံတန်းလေးမှာ ဖြတ်သန်းချင်မိသည်။

ဒီနှစ်ဆောင်းသည် ခါတိုင်းဆောင်းများနှင့် ကွဲလွဲစွာ နှင်းထူထပ်မှုမရှိခြင်းက သူ့အတွက် ဘုရားသခင်ပေးသော ရွှေရတုလက်ဆောင် ဖြစ်လေသည်။ ဒီရွှေရတုကိုလဲ ပုံမှန်သားသမီးတွေကို လှမ်းဖိတ်နေကြ။သူတို့တွေကပဲ သိုးဆောင်းဘိုးဘွား မောင်နှံအတွက် နှစ်စဉ် မင်္ဂလာနှစ်ပတ်လည်ပွဲများ ဖန်တီးကာလက်ဆောင်ပေးနေကြ ဖြစ်သော်လည်း ထိုအစဉ်အလာကို သိုးဆောင်းဘိုးဘိုး ညီးငွေ့လာသည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

" အချစ်ရေ၊ မနက်ဖြန် မင်းနဲ့တို့ ငယ်ငယ်က တွေ့နေကြ ခုံတန်းလေးမှာ တွေ့ရင်း တို့ရွှေရတုကို အမှတ်တရ ဖြတ်သန်းရအောင်ကွာ။အဲဒီမှာ နေခင်းတွေ့ပြီး ညမှ ညစာစားပွဲ လုပ်ကြတာပေါ့။ငါလဲ ငယ်ငယ်ကလို အဝတ်သစ်တွေဝတ်ပြီး စောင့်နေမယ်။ မင်းလဲ ငယ်ငယ်ကလို ပြင်ဆင်ပြီး လာခဲ့လေ။"

"ဒါဆို ကျမက ရှင်နဲ့စတွေခါစ ၁၆နှစ်သမီးတုန်းကလို ပြင်လာရမှာပေါ့။ဟုတ်လား။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ရွေရတုနေ့ရောက်တော့ သိုးဆောင်းဘိုးဘိုးက သူစီစဉ်ထားတဲ့ အတိုင်း ၁၆နှစ်သားတုန်းကလို ရှိုးစမိုးနှင့် ပြင်ဆင်ပြီး သက္ကလတ်အနွေးထည်ကြီးခြုံကာ
ပန်းခြံထဲသို့ နေ့လည်လောက်မှာ ထွက်လာခဲ့တယ်။ဘွားဘွားကတော့ မိန်းမသဘာဝ
ငယ်ငယ်ကလို ပြင်ဆင်နေရဦးမှာဆိုတော့ နောက်မှ လိုက်လာလိမ့်မည်။ပန်းခြံထဲက ခုံတန်းလေးမှာ ထိုင်ရင်း ရည်းစားဦးဘဝ စတွေ့ခဲ့ကြစဉ်က ပေးနေကြ ပန်းစည်းလေးကို လက်ထဲကိုင်ကာ စိတ်ရှည်စွာ ဘွားဘွားကို မျှော်နေမိသည်။

ဤနေရာလေးမှာပဲ သူတို့ အကြင်နာတွေ ဝေမျှခဲ့သည်။ဘဝမှာ လက်တွဲပြီး အရာရာကို ရင်ဆိုင်ဖို့ သန္ဓိဌာန်တွေချခဲ့ကြသည်။သူတို့ဘဝရဲ့ တစိတ်တဒေသ ဒီနေရာလေးကို ပြန်လည်ရောက်လာပြန်တော့ ကုန်လွန်သွားတဲ့ အိမ်မက်တွေ ရှင်သန်လာသလိုပင် ခံစားရသည်။နေ့အလင်းရောင်တို့ ကုန်ဆုံးစပြုလာသော်လဲ သိုးဆောင်းဘွားဘွား မရောက်လာခဲ့ပေ။ရွှေရတုကာလလည်း တဖြေးဖြေး ကုန်ဆုံးလာခါနီး၍ သိုးဆောင်းဘိုးဘိုးလဲ သို့လောသို့လော အတွေးများဖြင့် အိမ်သို့ပြန်လာခဲ့သည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

သိုးဆောင်းဘိုးဘိုး အိမ်ရှေ့အရောက်တွင် အိမ်အဝမှာ ငယ်စဉ် ၁၆နှစ်သမီးတုန်းကလို ပြင်ဆင်ထိုင်စောင့်နေသည့် ဘွားဘွားကိုတွေ့တော့

"မင်း ဘာလို့ ချိန်းထားတဲ့နေရာကို ရောက်မလာတာလဲ။"

ဘွားဘွားက နှုတ်ခမ်းနီရဲရဲများ ဆိုးထားသော နှုတ်ခမ်းစူစူဖြင့် ငယ်တုန်းကလို
ချွဲနွဲ့ပြောလိုက်သည်။

"မေမေဆူမှာ စိုးလို့ပါ ကိုကို။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

✍ ဖတ်ခဲ့ဘူးတဲ့ အင်္ဂလိပ်ဟာသလေးကို အခြေပြုရင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကျွန်တော့် ဘိုးဘိုးနဲ့ ဘွားဘွားတို့ရဲ့ မဖြတ်သန်းနိုင်ခဲ့ရတဲ့ သူတို့ရဲ့ ရွှေရတုလေးကို အမှတ်ရစွာဖြင့် ရေးချယ်သီကုံးလိုက်ပါတယ်။လွမ်းဆွေးမှုတို့ကို ပြုံးပျော်ရယ်မောခြင်းဖြင့် အဆုံးသတ်နိုင်ကြပါစေ။

ဆက်လက်ကြိုးစားပါဦးမည်။

Sunday, December 6, 2009

အိမ်


အိမ် - ဓီရာမိုရ်

အိမ်( ဓီရာမိုရ် )

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေတော် ထပ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေမှာ ဖြူစင်စွာ အကြင်နာများဝေ....
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်..
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေ ရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ....

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်...
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဏာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်.....

တစ္တေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့ အိမ် ငါတို့ အိမ်
ရဲရင့်လိုက် ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

................... ♪♬♩♫ ...................

ငါတို့အိမ် - ဓီရာမိုရ်
တေးရေး - အရိုး

ငါတို့အိမ်(ဓီရာမိုရ်)

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံဟာ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမ္မာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

♫ အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …တို့ အိမ်က မခွဲကြေး …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့
ကောင်းချီးသြဘာပေးစိတ်မဆင်းရဲဘူးဟေ့ တို့အိမ်
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ …
လူဟာဘယ်လောက်ထိ အသက်ရှင်လဲ
ဘယ်လောက်အများဆုံး ရနိုင်လဲ အခုရထားတဲ့ လောကစည်းစိမ်တွေ
ဘယ်လောက် ကြာကြာ မြဲမလဲ

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခံမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

................... ♪♬♩♫ ...................

ကျွန်တော် ဒီသီချင်းလေးတွေ နားထောင်ပြီး အရမ်းကို အိမ်ကိုလွမ်းသွားတယ်ဗျာ။ သီချင်းစာသားလေးတွေပါ နားဆင်ရင်း ဖတ်လို့ရအောင်ထည့်ပေးထားပါတယ်။ အိမ်သီချင်းတွေ နားဆင်ကြသူအပေါင်း သာယာကြည်နူးဖွယ် အိမ်လေးတွေနဲ့ တွေ့နိုင်ပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။


Friday, December 4, 2009

♎ Adjustment ♎

Related Posts Plugin for WordPress, Blogger...