Friday, December 19, 2008

ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ

မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။

မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ ပါ ပုံများအရ ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက ရှေ့ဆုံးတန်းတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ ထိုင်ခုံများနှင့် ကွဲပြားသော ထိုင်ခုံကြီးများပေါ် အခန့်သား ထိုင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

၎င်းမိသားစု ထိုင်နေသောပုံမှာ ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးနေစဉ် (သို့မဟုတ်) မိန့်ခွန်း ပြောကြားနေစဉ် ရိုက်ထားသော ပုံဖြစ်ပြီး အလယ်ခုံရှည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ၏ တဘက် တချက်၌ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မြေးဖြစ်သူ နေရွှေသွေးအောင်တို့ အသီးသီး ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတပ်ရင်း၏ အလေးပြုမှု ခံယူနေပုံပြီးလျှင် ၎င်း မိသားစု ဓာတ်ပုံက အပေါ်ဆုံးတွင်ဖြစ်သည်။ အောက်တွင်မှ စစ်အစိုးရ၏ တတိယခေါင်းဆောင် နေရာတွင် ရှိသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦးတို့၏ ပုံများကို တွေ့ရသည်။

ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီ မောင်အေးကမူ ၎င်းအခမ်းအနားသို့ တက်ရောက် ခြင်းမရှိကြောင်း သတင်းစာက ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ၎င်း၏ မိသားစုကို လူထုရှေ့သို့ ထုတ်ပြခြင်းမှာ ယခုတကြိမ်က ပထမဆုံး မဟုတ်ဘဲ ယခင်နှစ်များကလည်း ဗိုလ်သင်တန်းဆင်းပွဲတိုင်းတွင် ၎င်း၏မိသားစုတို့ အုပ်စုလိုက် တက်ရောက် လေ့ရှိပြီး မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကို ငယ်စဉ်ကတည်းက သွားလေရာ ခေါ်သွားလေ့ရှိ ကြောင်းတွေ့ရသည်။

စစ်အစိုးရ၏ ပွဲလမ်းသဘင်များတွင် ၎င်း၏ မိသားစုဝင်များကို မြင်တွေ့ရသည်မှာ မဆန်းလှသော်လည်း စစ်တပ်၏ အရေးကြီးလှသော ယခုကဲ့သို့ အခမ်းအနား၌ ဇနီး၊ သမီးများနှင့် မြေးကို စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် နေရာချထားသည်မှာ ပဒေသရာဇ်ခေတ် ဘုရင်များ မင်းခမ်းမင်းနား အပြည့်အစုံနှင့် ပွဲတက်သည်ကို မြင်ရသည်နှင့် တူနေသည်။ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော ဗိုလ်ချုပ်ကြီးများကို ယခုကဲ့သို့ မမြင်ရဘူးပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပဒေသရာဇ်စနစ်ကို အားကျသူ၊ ဘုရင်းမင်းတြားကြီးကဲ့သို့ ၎င်း၏ လက်အောက် ငယ်သားများက ဆက်ဆံသည်ကို နှစ်သက်သူအဖြစ် သတင်းကြီးသည်။

မြန်မာစစ်တပ်အရေး လေ့လာသူတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဆက်ခံလိမ့်မည်ဟု ဆိုကြသော်လည်း ယခု စစ်အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်ကို ကြည့်ကာ “ဟုတ်ပါ့မလား” ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။

မြန်မာနိုင်ငံတွင် အုပ်စိုးဗိုလ်ကျခဲ့သော စစ်အာဏာရှင် အဆက်ဆက်ကို ကြည့်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ မိသားစုကို ရှေ့တန်းတင်၍ ထုတ်ဖော် ပြသခဲ့သူတို့ မရှိခဲ့ပေ။ သက်ဆိုးအရှည်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းပင်လျှင် ၎င်း၏မိသားစုကို သတင်းစာမျက်နှာထက် ယခုလောက် ဖော်ပြခြင်း မရှိခဲ့။

“ဗိုလ်ချုပ်မှူးကြီးက သန်းရွှေမင်းဆက်ကို ထူထောင်ဖို့ စဉ်းစားနေတာ” ဟု ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း ပြောသည်။ သခင်ချန်ထွန်းပြောသည့်အတိုင်းကလည်း ဖြစ်နိုင်စရာ ရှိသည်။

သတင်းဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို သူ၏ မြေးဖြစ်သူကပင် ဆက်ခံမည်လားဟု ထင်စရာရှိနေ၏။

စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမရှိတော့လျှင် စစ်တပ်အတွင်း၌ လှိုက်စား နေသော အတွင်းကြိတ်ပြဿနာများ ပေါ်ထွက်လာကာ ဗိုလ်ချုပ်ကြီးများ အချင်းချင်း အပြိုင်အဆိုင် နေရာလုကြရင်း အကွဲအပြဲများ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများထဲတွင်တော့ မင်းတြားကြီးက ပုဂံရွှေမြို့တော်ကြီးကိုလှည့်လည်ကာ ဘုရားများဖူးရင်း အလှူပြုနေသည်ကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့်မြင်တွေ့ရသည်။ ယမန်နှစ်ကလည်း ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီး ယခုခရီးစဉ်အတိုင်းပင် တိုင်းခန်းလှည့်လှည်ခဲ့၏။

မကြာသေးမီကလည်း သတင်းစာများတွင် ဗိုလ်ချုပ်ကြီးမောင်အေး ဂေါက်သီးရိုက်နေပုံကို မျက်နှာဖုံး၌ ပုံကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးက တိုင်းရေးပြည်ရာ ကိစ္စများ၊ ဘာသာရေး အလှူအတန်းကိစ္စများဖြင့် အလုပ်များနေစဉ် ဒုတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးမောင်အေးက အပျော်အပါးကိစ္စများဖြင့် ရှုပ်နေသည်ကို ဖော်ပြချင်သည်လားမသိ။

ထို့ကြောင့် မင်းတြားကြီးအနေနှင့် ၎င်းနတ်ရွာမစံမီ အရိုက်အရာလွှဲပေးရမည့်သူကို မတွေ့သေးခြင်း ဖြစ်နိုင်သည်။ ရာဇဝင်ထဲမှ ဘုရင် မင်းမြတ်များလို သားတော်၊ မြေးတော်များကို လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိသည်လားတော့ မဆိုနိုင်ပေ။ ၎င်းနှင့် အနီးစပ်ဆုံးသူများပင် ၎င်း၏ စိတ်တွင်း မည်သို့ ကြံစည်နေ သည်ကို မသိရှိရဟု ကြားဖူး၏။

မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ မြန်မာပြည်၌ ခေတ်အဆက်ဆက် ကြုံကြရဖူးသော အတွေ့အကြုံ၊ အဖြစ် အပျက်များကို ထောက်ရှုစဉ်းစားပါက တဗိုလ်ကျလျှင် ၎င်းတဗိုလ်၏ မိသားစုဝင် အသိုင်းအဝန်းအားလုံး အနိစ္စသဘောဖြင့် ကိစ္စချောမြဲ ဖြစ်သည်။

ရာဇပလ္လင်ပေါ်သို့ ပုခုံးထမ်းတင်၍ ရရိုးထုံးစံမရှိပါချေ။


 အေးချမ်းမြေ့

အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။

Tuesday, October 7, 2008

အနာဂတ်မှာပြောမယ့်ကျုပ်တို့သမိုင်း

ဆရာတော်ဘုရားပြောသလိုပဲ
နိုင်ငံလည်း ... အထက်ကပြာပုံ
အောက်ကအမှိုက်ပုံဖြစ်နေပြီ။

သန်းရွှေကဘုရင်ရူး ရူးတယ်
မောင်အေးကအမြဲတမ်းမူးတယ်...
အရူးနဲ့အမူးဖျက်ဆီးလို့
စိတ်ဓါတ်တွေလည်းပျက်စီးကုန်ပြီ။

ပေါင်မုန့်မရှိရင်ကိတ်မုန့်စားလို့ပြောတဲ့
မေရီအင်တွိုင်းနက် ကတောင်
တိုင်းသူပြည်သားတွေကို
စားစေချင်တဲ့စေတနာရှိသေးတယ်...
ကျုပ်တို့မိဖုရားကြီးကြိုင်ကြိုင်ကို
အဲဒီလိုသွားပြောကြည့်
'ငတ်ကြပလေ့စေ' လို့ပြောမှာ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ
ဗိုလ်ချုပ်ကြီးမိသားစုဝင်တွေနဲ့
သူတို့ရဲ့ပါတနာတွေ
ဝေစုခွဲယူတဲ့စနစ်ကိုပြောတာ။

အဆင့်မရှိတဲ့ခပ်ညံ့ညံ့ပီအိတ်ခ်ျဒီတွေကို
ကျောင်းအုပ်တွေပါမောက္ခတွေခန့်ပြီး
ကျောင်းသားတွေကိုစိတ်ဓါတ်ကင်ဆာဖြစ်စေတဲ့
ပညာရေးစနစ်လည်းရှိတယ်။

လက်ညောင်းခံပြီးလက်ညှိုးထိုးမနေနဲ့
ဘယ်သူတွေတရားခံလဲဆိုတာ
တစ်ကမ္ဘာလုံးကသိတယ်။

ကိုအငဲရဲ့ သီချင်းထဲကလို
အချိန်တိုင်းလူ့သမိုင်းများရေးမှာပဲ...
ကျုပ်တို့ခေတ်သမိုင်းမှ
ရာဇ၀င်ရိုင်းရတော့မှာလား?
အနာဂတ်မှာရေးမယ့်ကျုပ်တို့သမိုင်းကို
ဘယ်လိုအက္ခရာတွေတင်စေချင်လဲ?

ကဲ... ရဲဘော်တို့
ပြောတာ ဖောတာလေးတွေ နဲနဲလျှော့
စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို
တကယ့်လက်တွေ့ဘ၀ထဲကနေ
ရဲရင့်စွာတိုက်ပွဲဝင်ကြပါစို့။ ။

နွေဆူးအလင်္ကာ

Monday, September 29, 2008

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်

One Year Anniversary of Saffron Revolution (VOA Burmese)



A year ago, Burmese monks stood up against the military regime, but peacefully and with compassion the country's political conflicts should be resolved. The regime responded violently.

Saturday, June 21, 2008

Monks Protest Outside UNHCR (VOA Burmese)



The Burmese Buddhist monks protested outside the UNHCR office in Mae Sot, Thailand; and questioned their concern for safety and protection from the United Nations. They are those monks participated in the Saffron Revolution in September 2007 and fled to Thailand for fear of persecution.

Thursday, May 29, 2008

ကယ်ဆယ်ရေးပစ္စည်း မဝေသည့် ရယကဥက္ကဠ အရိုက်ခံရ

ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်အတွင်း ရယက ဥက္ကဋ္ဌတဦးကို ရပ်ကွက်သားများက ၀ိုင်း၍ ရိုက်နှက်ခဲ့ ကြောင်းသိရသည်။

ယမန်နေ့ည (၇) နာရီခန့်က အဆိုပါ ဥက္ကဋ္ဌ နေအိမ်အတွင်း ၀င်၍ ရပ်ကွက်မှ လူငယ် (၃၀) ခန့်က ဥက္ကဋ္ဌနှင့် ၎င်း၏ မိသားစုများကို ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက်၏ မျက်မြင်သက်သေတဦးက ပြောသည်။

အကြောင်းမှာ နာဂစ်မုန်တိုင်းဒဏ်သင့် အိမ်များအတွက် ရပ်ကွက်အလိုက် ချပေးသော သွပ်၊ သံ အပါအ၀င် ထောက်ပံ့ရေး ပစ္စည်းများကို အိမ်ပေါ်တွင် မိမိတို့ ပစ္စည်းအဖြစ် ထားရှိကာ မျှဝေမပေး သည့်အတွက် ဖြစ်ကြောင်းသိရသည်။

“ရပ်ကွက်မှာ သွပ်တွေကို မဲဖောက်တယ်။ အမှန်ဆိုရင် ပျက်စီးတဲ့ အိမ်တိုင်းအတွက် ဒီထောက်ပံ့ ရေးပစ္စည်းတွေကို ပေးရမှာပဲ။ ခုတော့ မောင်ပိုင်စီးတယ်။ ဒါကြောင့် မကျေမနပ်ဖြစ်နေတာကြာပြီ” ဟု အဆိုပါ ရပ်ကွက်သားတဦးက ပြောသည်။

“ကျနော်တို့ ရပ်ကွက်မှာချည်း မဟုတ်ဘူး။ ဒီလိုမျိုး လုပ်တာတွေက ရပ်ကွက်တိုင်းမှာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုဖြစ်ပျက်ခဲ့သော ရပ်ကွက်မှာ သုဝဏ္ဏမြို့အပိုင်၊ (၂) ရပ်ကွက်ဖြစ်ပြီး ဥက္ကဋ္ဌ အမည်မှာ ဦးတင်ထွဋ် ဖြစ်ကြောင်း၊ ၎င်းသည် ယခုအခါ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသ နေရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းသိရသည်။

Wednesday, May 28, 2008

မြို့ပေါ်ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီးနိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များကို နယ်သို့သွားခွင့်မပြု

စစ်အစိုးရအာဏာပိုင်များက လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည်ပြည်သူများ အခက်အခဲ ကြုံနေရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ယမန်နေ့က ပိတ်လိုက် ပြီးနောက် ငပုတောမြို့နယ်၊ ပျဉ်ခရိုင်ချောင်းဝသို့ သွားရောက်မည့် ဖိလစ်ပိုင်နိုင်ငံမှ ကယ်ဆယ် ရေးဆရာဝန်များအဖွဲ့ကို အာဏာပိုင်များက ခွင့်မပြုကြောင်း ပုသိမ်မြို့မှ ဆရာဝန်တဦးက ယနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပုသိမ်မှာ ရောက်နေတဲ့ ဖီလစ်ပိုင်ကယ်ဆယ်ရေးဆေးအဖွဲ့ဆိုရင် (၂၇) ရက်နေ့ကတည်းက ရောက်နေတာ၊ မနေ့က နေ့လည်(၁၂)နာရီလောက်မှာ ဘာဖြစ်လာလဲဆိုတော့ ဧရာဝတီတိုင်းရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းက သွားလို့မရဘူးလို့ပြောလိုက်တယ်၊ သူတို့လည်း ပုသိမ်ကနေ လှည့်ပြန်ရမယ်ဆိုတော့ အားလုံးစိတ်ညစ်သွားကြတယ်” ဟု ပြောသည်။

အဆိုပါ ဖိလစ်ပိုင်အဖွဲ့တွင် ဆရာဝန်နှင့် အင်ဂျင်နီယာများ (၃၀)ဦးခန့် ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်း၊ ဆေးဝါးများ ကုန်ကားနှစ်စီးဖြင့် တင်ဆောင်လာကာ ပုသိမ်မြို့မှာပင် ရပ်ထားရသည်ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။

ယခုလာရောက်သည့် ဖိလစ်ပိုင်မှ အဖွဲ့သည် နိုင်ငံတကာတွင် ဒုက္ခသည်များအား ကယ်ဆယ် သည့်လုပ်ငန်း အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများဖြစ်သည့်အတွက် ခရီးသွားလာခွင့်မရသည့် အတွက် ဒုက္ခသည်များအတွက် ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟုဆိုသည်။

ပုသိမ်မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်း (၄) ခုမှ ဒုက္ခသည်များကို အာဏာပိုင်များက နေရပ်သို့ ပြန်ရန်နှင်ထုတ်ကာ ပိတ်လိုက်သည့်အတွက် ဒုက္ခသည် (၃,၀၀၀) ကျော်ခန့်သည် ဘုန်းကြီးကျောင်းများတွင် ကပ်နေရပြီး အခက်အခဲများ ကြုံနေရသည်။

ပုသိမ်မြို့ပေါ်မှ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “မြို့ပေါ်က စခန်းတွေအားလုံးမှာ ကျနော်တို့ လေဘေးကယ်ဆယ်ရေး ဆေးခန်းတွေဖွင့်ထားတာရှိတယ်၊ ကျနော်တို့သွားတော့ ပိတ်လိုက်ပြီ ဆရာဆိုပြီး ပြန်ခိုင်းတာ၊ သူတို့ပြောတာက အမိန့်အတိုင်းဘဲ ပိတ်ဆိုပိတ်လိုက်ရတာ လို့ပြောတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။

ငပုတောမြို့နယ်တွင် ဆေးခန်းများသွားရောက်ဖွင့်ထားကာ လေဘေးသင့်ပြည်သူများကို အခမဲ့ ဆေးဝါးကုသ အကူညီပေးနေသည့်အဖွဲ့မှ ဆရာဝန်တဦး၏ ပြောဆိုချက်အရ (၁၅၀,၀၀၀) ခန့်ရှိ သည့် လေဘေးဒုက္ခသည်များမှာ အာဏာပိုင်များလုပ်ဆောင်သည် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်းနှင့် ပုဂ္ဂလိကအလှူရှင်များအား ကန့်သတ်ထားမှုများကြောင့် တနေ့ထက်တနေ့ ပိုမိုဒုက္ခရောက်နေရသည်ဟု ဆိုသည်။

Friday, May 9, 2008

လောင်စာဆီဈေးများ စံချိန်တင် မိုးပေါ်ထောင်တက်ပြီ

မုန်တိုင်းမိပြီးနောက် လောင်စာဆီဈေးများ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ရာ ဓာတ်ဆီ တဂါလံလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် စံချိန်တင်သွားသည်။
စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ အားလုံးကို ပိတ်ထားပြီး အနည်းဆုံး နောက်ထပ် ၂ ရက် အရောင်း ရပ်ထားဦးမည့် အခြေအနေဖြစ်ရာ မှောင်ခိုဈေးကွက်တွင် ယခင်က ဓာတ်ဆီတဂါလံလျှင် ၆၀၀၀ ကျပ်မှ ယခု ၇၀၀၀ ကျပ်၊ ဒီဇယ်တဂါလံလျှင် ၆၅၀၀ ကျပ်မှ ယခု ၇၈၀၀ ကျပ်သို့ တဟုန်ထိုး တက်သွားခြင်း ဖြစ်သည်။
သဘာဝ ဓာတ်ငွေ့ရည် အရောင်းဆိုင်များလည်း ပိတ်ထားဆဲ ဖြစ်သည်။
ပြည်တွင်း အထွက်နှုန်း နည်းနည်းပါးမှုနှင့် နိုင်ငံခြား ငွေရှားပါးမှုတို့က မြန်မာနိင်ငံတွင် ၁၉၈၀ ကတည်းက စက်သုံးစီကို ခွဲတမ်းနှင့် ရောင်းချပေးနေခဲ့ရသည်။ ကားတစီးလျှင် တလလျှင် ဂါလံ ၆၀ အထိသာ ၀ယ်ယူခွင့် ရှိသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လက အာဏာပိုင်များက ကြိုတင် ကြေညာခြင်း မရှိဘဲ လောင်စာဆီ ဈေးများ မြှင့်တင်လိုက်ရာ လူအများ ဒေါသထွက်ပြီး ရွှေဝါရောင် တော်လှန်ရေးဟု သမိုင်းတွင် လူထုလှုပ်ရှားမှု ဖြစ်ပေါ်အောင် မီးထိုးပေးခဲ့သည်။
စနေနေ့က တနာရီလျှင် ၁၉၂ မိုင်နှုန်းဖြင့် တိုက်ခိုက်သော နာဂစ်မုန်တိုင်းသည် ရန်ကုန်မြို့ကို တိုက်ခတ်ရာ ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့သည်။ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွင့်ပြသ သွားရာတွင် ရန်ကုန်မြစ်ထဲမှ သင်္ဘောများ၏ ပျက်စီးမှု၊ သစ်ပင်များနှင့် ဓာတ်တိုင်များ လဲပြိုမှုများ ပါရှိသည်။
ဧရာဝတီတိုင်းအတွင်း လူ ၂၃၉ ယောက် သေဆုံးရာ ဟိုင်းကြီးကျွန်း တခုတည်းတွင် ၅၃ ယောက် သေဆုံးသည်ဟု မြန်မာ့ရုပ်မြင်က ကြေညာသွားသည်။ ရန်ကုန်တွင် လူ ၄ ဦး သေဆုံးသည်ဟု ဆိုသည်။
အစိုးရပိုင် ရန်ကုန် ဆေးရုံကြီးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ပြောခွင့်မရှိဟု ဆိုကာ” ဖြေဆိုရန် ငြင်းဆန်လိုက်သည်။ မျက်မြင်သက်သေများ အဆိုအရ ဆေးရုံကြီး၏ အမိုးအကာများ ပျက်စီးမှုများ ရှိနေခဲ့သည်။ ဆေးရုံထဲမှ လူနာအချို့ ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။
ပြတ်တောက်မည်ကို စိုးရိမ်၍ ဈေးကို အပြေးအလွှား သွားရောက် ၀ယ်ယူနေရာ စားသောက်ကုန်များ တက်သွားသလို ချက်ပြုတ်သည့် သဘာဝ ဓာတ်ငွေ့လောင်စာနှင့် မီးသွေးတို့ ဈေးတက်သွားသည်။
၂၅ လီတာပါ ဂတ်စ်အိုးတအိုးလျှင် ၂၅ ရာခိုင်နှုန်းတက်သွားပြီး ၂၀၀၀၀ ကျပ်မှ၂၅၀၀၀ ကျပ် ဖြစ်နေသည်။
၁၀ ပိဿာပါ မီးသွေးတအိတ်လျှင် ၂၅ ရာခိုင်နှုန်း တက်သွားပြိး ၇၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဖြစ်နေသည်။
ဘတ်စ်ကားလမ်းကြောင်းများ ပိတ်ဆို့နေသလို လောင်စာဆီ အခက်အခဲကြောင့် ဘတ်စ်ကားခ ပုံမှန် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ တောင်းနေသည်။ ကုန်တင် ထရပ်ကားအချို့က ခရီးသည်တဦးလျှင် ၁၀၀၀ ကျပ် ကောက်ခံ၍ လိုင်းကား ပြေးဆွဲလျှက် ရှိသည်။
“တက္ကစီကတော့ မပြောနဲ့၊ ဈေးတောင်းတာက ကြောက်စရာ ကောင်းတယ်၊ ဒို့တော့ လမ်းပဲ လျှောက်တော့တယ်” ဟု အမျိုးသမီးတဦးက ပြောသည်။ ကံကောင်း ထောက်မစွာဖြင့် သူမ၏ တယ်လီဖုံးမှာ မပြတ်မတောက်ဘဲ ရှိနေသည်။
အစိုးရရုံးများ၊ ဈေးရုံကြီးများ ပျက်စီးမှုများ ရှိနေရာ မျက်မြင်တဦး အဆိုအရ ဗဟန်းမြို့နယ် ပြည်ထဲရေး ၀န်ကြီးဌာနရုံးကတော့ အပျက်အစီးများသလို ယုဇနပလာဇာလည်း ခေါင်မိုးပွင့်သွားသည်ဟု ဆိုသည်။
မုန်တိုင်းက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကော စစ်အစိုးရ၏ ထောက်လှမ်းရေးများကိုပါ အလွတ်မပေးပေ။
ဗဟန်းမြို့နယ်ရှိ ဒီချုပ်၏ ရုံးချုပ်ရှိ ဆိုင်းဘုတ်လည်း ပျက်စီးသွားခဲ့သလို စစ်ထောက်လှမ်းရေးများ၊ ရဲထောက်လှမ်းရေးများက ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို စောင့်ကြည့်ရာဖြစ်သော ပါတီရုံးချုပ်ရှေ့ လဘက်ရည်ဆိုင်လည်း လုံးဝ ပျက်စီးသွားတော့သည်။
နောက်ဆုံးရရှိသော သတင်းအရ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆင်းရန် မန္တလေးမှ အဲပုဂံ လေယာဉ်တစီး ပျံတက်သွားသည်။ လေဆိပ် ပြန်ဖွင့်နိုင်ဖွယ် ရှိသည်။ ပြည်ပမှ ရန်ကုန်သို့လာမည့် လေယာဉ်ခရီးစဉ်များ မနက်ဖြန်မနက်သို့ ပြောင်းရွှေ့လိုက်သည်။

Wednesday, May 7, 2008

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့နဲ့ မြန်မာပြည်အနှံ့မှာ လျှပ်စစ်မီးနဲ့ဆက်သွယ်ရေး ပြတ်တောက်သွား

နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊


နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့တွင်းမှ အပျက်အစီးများကို တွေ့မြင်ရပုံ။
နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊
ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီးဖြစ်ပေါ်လာခဲ့ပြီး အချင်းဝက် မိုင် ၁၅၀ ရှိတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ တချိန်မှာတနာရီ မိုင် ၁၂၀ နှုန်းအထိ ပြင်းထန်ခဲ့ပါတယ်။ မုန်တိုင်းကြီးရဲ့ ဒဏ်ကြောင့် သစ်ပင်တွေလဲကျ၊ အဆောက်အဦး ခေါင်မိုးတွေ လွင့်လန်ပြီး လျှပ်စစ် ဓါတ်အားလည်း ပြတ်တောက်သွားပါတယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေလည်း နာရီအတန်ကြာ ရပ်ဆိုင်းသွားခဲ့ ပါတယ်။ ကွန်ပျူတာ အင်တာနက်လိုင်းလည်း အစိုးရဌာနတွေမှာတောင် သုံးလို့မရပဲ ဖြစ်သွားခဲ့ ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ရေလျှံနေတဲ့အတွက် ဘတ်စကားနဲ့ ရထားတွေ အသွားအလာ ရပ်ဆိုင်း သွားပြီး၊ လေယာဉ်တွေကိုလည်း ရန်ကုန်လေဆိပ်ကို အဆင်းမခံပဲ မန္တလေးလေဆိပ်ကို ပို့နေပါတယ်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံ့မိုးရွာပြီး ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေ၀သ ဌာနက ဆိုပါတယ်။ အခုလောလောဆယ် တိုင်းနဲ့ပြည်နယ် ၅ ခုကို သဘာဝ ဘေးဒဏ်ခံဒေသတွေ အဖြစ်သတ်မှတ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။
မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးပမာဏ အတော်ကိုကြီးမားဖွယ်ရှိပြီး လျှပ်စစ်ဓါတ်အား၊ ဆက်သွယ်ရေးနဲ့ အပျက်အစီးတွေကို ပြန်လည်ပြင်ဆင်ဖို့ ရက်အတော်အတန် ကြန့်ကြာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မုန်တိုင်းကြောင့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို စစ်အစိုးရက ရွှေ့ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားသိရပါတယ်။

Sunday, May 4, 2008

ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်

နိုင်ငံခြားက၀င်လာတဲ့လေယာဉ်တွေ ရန်ကုန်မှာ မဆင်းနိုင်လို့ မန္တလေးကို ပြောင်းလဲ ပျံသန်း စေရတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ မင်္ဂလာဒုံ လေဆိပ်က ပျံသန်းမယ့် ခရီးစဉ်တွေ အားလုံးကိုလည်း ပယ်ဖျက်လိုက်ပါပြီ။ ရန်ကုန်မြို့သာမက မြန်မာပြည်ရဲ့ တခြားမြို့များကိုလည်းပဲ တယ်လီဖုန်း အဆက်အသွယ်များ ဆက်သွယ်လို့ မရနိုင်ဘဲ ရန်ကုန်မြို့တွင်းမှာလည်း အင်တာနက်များ ပြတ်တောက်သွားကြောင်း သတင်းရရှိပါတယ်။
050308Cyclone2
ရန်ကုန်မြို့တွင်း ဆိုင်ကလုံးမုန်တိုင်း ကြောင့် ပျက်ဆီးနေပုံ (ဓာတ်ပုံ – အေပီ)
ရန်ကုန်မြို့မှာ ဒီနေ့မနက် ၁ နာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကြီး တိုက်ခတ်သွားလို့ လျှပ်စစ်မီးများ ပြတ်တောက်၊ မြို့တွင်း ရေကြီးပြီး ဘတ်စ်ကားနဲ့ ရထားများလည်း မထွက်နိုင်ဘဲ ရေဒီယိုနဲ့ ရုပ်သံလွှင့် အစီအစဉ်များလည်းပဲ ပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်ကလာတဲ့ အေပီသတင်းထဲမှာတော့ ဒေသစံတော်ချိန် မနက် ၅ နာရီက တိုက်ခတ်သွားတဲ့ ဒီလေပြင်းမုန်တိုင်းကြောင့် အသေအပျောက်တွေ အများကြီး ရှိနိုင်တယ်၊ အပျက်အဆီးလည်း ကြီးမားနိုင်တယ်လို့ မိုးလေ၀သဌာနက အမည်မဖော်လိုသူတစ်ဦးကို ကိုးကားဖော်ပြပါတယ်။
မုန်တိုင်းမကျခင် ရာသီဥတု ဆိုးရွားနေလို့ ရန်ကုန်မြစ်တွင်းမှာ သောကြာနေ့ညက သမန်တစ်စင်း မှောက်လို့ အမျိုးသမီး ၃ ယောက် သေဆုံးသွားကြောင်း ဆိပ်ကမ်းအလုပ်သမားများက ပြောကြားကြပြီး သက်ဆိုင်ရာက အရေးယူမှာစိုးလို့ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ အသေးစိတ် မပြောပြပါဘူး။ စနေနေ့ မနက်ပိုင်းမှာ မြန်မာ့အသံရဲ့အသံလွှင့်ချက်များ ပြတ်တောက်သွားတဲ့အပြင် အစိုးရရဲ့ ၀ဒ်ဆိုက်များ ကိုလည်းပဲ ကြည့်လို့မရဘူးလို့ အေအက်ဖ်ပီက ဆိုပါတယ်။
နောက်ပိုင်းမှာ ရန်ကုန်မြို့အပါအ၀င် ရန်ကုန်မြို့အပါအ၀င် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ လေပြင်းမုန်တိုင်း ကျရောက်နေကြောင်း ရုပ်သံလွှင့်က ကြေညာလာတယ်လို့ သတင်းများ ၀င် လာပါတယ်။ အဆက်အသွယ် ပြတ်တောက်လို့ အပျက်အဆီး ဘယ်လောက် ရှိတယ်ဆိုတာကို အခုလောလောဆယ် မသိနိုင်သေးဘူးလို့ အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ်က ကြေညာပါတယ်။
မြန်မာ့ရုပ်သံလွှင့်ရဲ့ ကြေညာချက်အရ မုန်တိုင်းဒဏ်ခံရတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။
မုန်တိုင်းဟာ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဖက်ကို ရွေ့လျားပြီးတော့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံဖက်ကို ၀င်ရောက်သွားပြီလို့ ဆိုပါတယ်။
ရန်ကုန်တမြို့လုံးနီးပါး လုံးဝ ပျက်ဆီးသွားပြီးတော့ ဧရာဝတီတိုင်းမှာ အပျက်အဆီး အသေအပျောက်များ ရှိနိုင်ကြောင်း ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငသိုင်းချောင်း စတဲ့မြို့နယ်များ ပါဝင်ကြောင်း ဆင်ဝှါ သတင်းအေဂျင်စီက ဖော်ပြပါတယ်။
Related Posts Plugin for WordPress, Blogger...