Friday, July 31, 2009

To Verse

သို့ ..... လင်္ကာ

ပြာယာခတ် ငါ့ကမ္ဘာမှာ
ဘာတွေမှ မရပ်တည်နိုင်တာ
ကြာရှည်မှ သိခဲ့ရပြီ......လင်္ကာ။


ရာစုနှစ်တခုစာ
နင်နဲ့ ငါရဲ့ခြားနားခြင်းဟာ
ရုပ်ကြွင်းသစ်အဘိဓာန်အတွက်
မှော်ဝင်ခြင်း ရှိနေခဲ့တဲ့
လက်ဝဲဝါဒ တစ်ခုကြောင့်ပါ.....လင်္ကာ။

မုသားမဲ့ သစ္စာအတွက်
ကျိန်ဆိုမှုကတော့
သုခ ဒုက္ခ
ဗျာပါဒတွေကြောင့်
ဖက်တွယ်လို့မနေ
ရွတ်ဆိုမှုကင်း
ဝေးလွှင့်လို့ နေခဲ့ရခြင်းပါ.......လင်္ကာ။

ရင်ဘတ်စစ်စစ်တွေနဲ့ သွန်းလုပ်
ကြိမ်ထောင်မက
ရယ်သွမ်းသွေးဖူးပေမယ့်
အလှထက် ဘဝက
စစ်အောင်လို့ သွားပြီလေ....လင်္ကာ။

ဝါသနာတွေ ကျဆုံး
လူလုံးတော့ မလှပေမယ့်
ကဗျာဆရာတွေရဲ့ ရင်တွင်း
ပျို့ဆင်းကာထွက်လာတဲ့
ကာရံသစ်တွေနဲ့ မင်းကို
ချဉ်ချင်းတက် မက်မောဖူးခဲ့ပါရဲ့။

ခရာလင်း

Thursday, July 30, 2009

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း



အချိန်သည် ငြိမ်မနေ။ အစဉ်အမြဲ ဖြစ်ပေါ် ပျောက်ကွယ် ပြောင်းလဲနေသည်။ ဤဖြစ်စဉ်ကြောင့် ၂၀၀၉ ခုနှစ်သည် မကြာမီ ကုန်ဆုံး သွားတော့မည် ဖြစ်သလို ၂၀၁၀ ခုနှစ်သည်လည်း တဖြည်းဖြည်းနှင့် နီးကပ်လာနေပြီ။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ န အ ဖ စစ်အစိုးရကလည်း လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆိုင်းပြင်းနေသည်။ ဤရွေးကောက်ပွဲအပေါ် အမြင်သဘောထား အမျိုးမျိုး၊ အသံအမျိုးမျိုး ထွက်ပေါ် ကြားယောင်နေ ရသည်မှာ မြန်မာနိုင်ငံသားများ အသိပင်။
န အ ဖ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထွက်ပေါ်လာနေသည့် အမြင်သဘာထားများကို ခြုံငုံသုံးသပ်လျှင် အဓိက အင်အားစု နှစ်ခုကို တွေ့ရသည်။ ပထမ အင်အားစုမှာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများဖြစ်ပြီး အခြား ဒုတိယ အင်အားစုတွင် အရွေးမခံ ရှောင်ကြဉ်လိုကြသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများပင် ဖြစ်သည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများမှာ ပေးလာသည့် အခြေအနေအပေါ် အသုံးချပြီး လက်ရှိ စစ်အာဏာရှင် စနစ်မှသည် ဒီမိုကရေစီစနစ်သို့ တဖြည်းဖြည်း တဆင့်ပြီးတဆင့် ပြုပြင် ပြောင်းလဲသွား မည်ဟု ကြွေးကြော်နေသည့် အုပ်စုများ ဖြစ်သည်။ ဒီကြွေးကြော်သံနှင့် မတူကွဲပြားသည့် အခြားအုပ်စု တခုမှာ န အ ဖ စစ်အစိုးရ၏ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၎င်းတို့ တောင်းဆိုချက်အပေါ် တစုံတရာ မပြောင်းလဲပေးဘဲ ၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်း တိုက်ခတ်စဉ် နိုင်ငံသားပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့ရသည့်ကာလနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေစဉ် ကူညီကယ်ဆယ်ရန် လျစ်လျှူရှုခဲ့သည့်အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ထောက်ခံရန် ဆန္ဒခံယူပွဲ အတင်းအကြပ် ပြုလုပ်ခဲ့ခြင်းနှင့် လက်ရှိ န အ ဖ စစ်အစိုးရ အကောင်အထည်ဖေါ်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် အပေါ် မနှစ်သက်သည့် အုပ်စုများ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
မည်သို့ဆိုစေ ဖြစ်ရှိနေသည့် အခြေအနေအပေါ် လေ့လာသုံးသပ်ပြီး  ပေးဆပ်မှုဖြင့် အကောင်အထည် ဖေါ်ဆောင်မှ သာလျှင် နိုင်ငံနှင့် ပြည်သူတို့အတွက် အကျိုးရှိစေမည် ဖြစ်သည်။ သို့ဖြစ်၍ လက်ရှိ န အ ဖ စစ်အစိုးရမှ ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လေ့လာသုံးသပ်ရန် လိုလာသည်။
န အ ဖ အမျိုးသားညီလာခံမှ ရေးဆွဲ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) ပြည်ထောင်စုအခြေခံ ပုဒ်မ ၆ (စ) တွင် “အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်ပါဝင်နိုင်ရေး ဆိုသည့်အချက်” ကို ကြည့်ခြင်းအားဖြင့် စစ်တပ်သည် နိုင်ငံ၏ ကာကွယ်ရေး တာဝန်များသာမက ကျန်သည့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကိစ္စရပ်များကိုပါ ချုပ်ကိုင်သွားမည့် အနေအထားဖြစ်သည်။
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ကို လေ့လာရတွင် ပြည်နယ် ခုနှစ်ခု၊ ဒေသခုနှစ်ခုနှင့် ပြည်ထောင်စု ဒေသကြီးဟူ၍ ရှိသည်။ ပြည်နယ်တွင် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများ၏ အမည်နာမများကို ဖေါ်ပြထား သဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြုသည်ဟု အသွင်သဏ္ဍာန်အားဖြင့် ဆိုနိုင်သည်။ သို့သော် ဗမာပြည်နယ် ဟူ၍ ဖေါ်ပြထားခြင်း မရှိပေ။ ဤဒီမှာ ဗမာတိုင်းရင်းသားကို ကိုယ်စားပြုမည့် နယ်မြေဒေသ အတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ကောင်းပါပြီး ဗမာပြည်နယ် ရှင်းရှင်းလင်းလင်း (သို့) မဖေါ်ပြထားသဖြင့် ဒေသ ၇ ခုအား ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည် ဆိုပါစို့။ ဖွဲ့စည်းပုံအရ ဒေသကြီး ၇ ခုကို ဗမာတိုင်းရင်းသားအား ကိုယ်စားပြုသည်ဆိုလျှင် မျှတမှု ရှိနိုင်ပါမည်လား ဟူ၍ စဉ်းစားစရာ ဖြစ်လာသည်။ (အဘယ်ကြောင့်ဆိုသော် ဗမာတိုင်းရင်းသား များအတွက် ၇ ပုံ၊ ဗမာမဟုတ်သော တိုင်းရင်းသားများအတွက် ၁ ပုံ  ဖြစ်နေသည်။) မျှတမှု မရှိလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် န အ ဖ ကြွေးကြော်နေသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လို တည်ဆောက်နိုင်မည်နည်း။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်စုမပြိုကွဲရေးကို အမှန်တကယ် လိုလားသော် ဗမာ ပြည်နယ်လည်း ရှိသင့်သည်။
တနည်းအားဖြင့် ဒေသကြီးများကို ဗမာတိုင်းရင်းသားများအား ကိုယ်စားပြုသည်ဟုလည်း ဆိုရန်ခက်နေပြန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင် ခြင်းကြောင့် ဖြစ်ပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ပိုမို ထင်ရှားစေသည့် အချက်တခုမှာ ဒေသကြီး ၇ ခုအပြင် ပြည်ထောင်စုနယ်မြေ ဟူ၍ ရှိနေပြန်သည်။ ဒါ့အပြင် အပိုဒ် ၅၀ (ခ) တွင်ဖေါ်ပြထားချက်အရ “ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ စီမံခခွဲရေးနှင့် စီးပွားရေးတို့တွင် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာလျှင် ပြည်ထောင်စု နယ်မြေ သတ်မှတ်ရမည် ဖြစ်သည့်အပြင် သမ္မတ ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိမည် ဖြစ်သည်။” ဤအချက်ကို ကြည့်လျှင်  ပြည်နယ်နှင့် ဒေသကြီးများသည် အချိန်မရွေး ပြည်ထောင်စုနယ်မြေ သတ်မှတ် ခံရနိုင်ဖွယ်ရှိပြီး သမ္မတ ၏ အုပ်ချုပ်ရေးအောက် အချိန်မရွေး ရောက်ရှိသွားနိုင်မည့် အနေအထား ဖြစ်နေသည်။
ဖွဲ့စည်းပုံ၏ ပုဒ်မ ၅၀ (ခ) အရ ဆိုရင် ပြည်နယ်နှင့် ဒေသကြီးများတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ လုံးဝမရှိတော့ဘဲ ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ အခြေခံအခွင့်အရေး (Fundamental Rights) ဖြစ်သည့် စာပေသင်ကြားခွင့်၊ ယဉ်ကျေးမှု မြှင့်တင်ခွင့် အခွင့်အရေး မရှိသည်မှာ အထင်အရှား ဖေါ်ပြနေပြန် ပါသည်။
ဖွဲ့စည်းပုံ၏ အခန်း (၁၀) နိုင်ငံရေးပါတီများ ကို ပြန်ကြည့်လျှင် ပုဒ်မ ၁၀၆ (က) လွတ်လပ်စွာ စည်းရုံးခွင့်နှင့် (ခ) ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်းတို့ကို ဖေါ်ပြထားသည်။ သို့သော် ပုဒ်မ ၄၀၇ (ခ) သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ် အားပေးအားမြှောက်ပြီး ပြည်ထောင်စုကို ဆန့်ကျင်လျှင် မည်သည့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းမဆို အကြမ်းဖက်ဥပဒေ သတ်မှတ်ပြီး မတရားအသင်း ကြေငြာနိုင်သည်။
ထို့အပြင် ပုဒ်မ ၄၀၇ (ဂ) အရ နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်းများထံမှ ငွေ (သို့) အခြား အထောက်အပံ့များ လက်ခံရယူခြင်းနှင့် (ဃ) ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေး လှုပ်ရှားမှုလုပ်ပါက မတရား အသင်းမှ ကြေငြာနိုင်သည်။ ပုဒ်မ ၄၀၇ ကို လေ့လာပြီးနောက် ပုဒ်မ (၄၀၆) မှ ဖေါ်ပြထားသည့် လွတ်လပ်စွာ စည်းရုံးခွင့်နှင့် ရွေးကောက်ပွဲ ပါဝင်နိုင်ခွင့်တို့သည် အဓိပ္ပါယ် မရှိတော့ပေ။
၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာပြီးနောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် Process အတွင်း လက်ရှိ န အ ဖ အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသားများ၏  နိုင်ငံရေးပါတီတို့၏ ဆက်ဆံရေးကိုလည်း အနည်းငယ် လေ့လာကြည့်ကြပါစို့။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် ကျော်လွှား၍ မရနိုင်သော အရေးကြီးသည့် ကဏ္ဍတခုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဗမာမဟုတ်သော တိုင်းရင်းသားတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ တပေါင်းတစည်း လွတ်လပ်ရေးရရန် ပင်လုံစာချုပ်ကို ဗမာတိုင်းရင်းသားများနှင့် ချုပ်ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ပင်လုံစာချုပ်သာမချုပ် ဆိုနိုင်ခဲ့လျှင် မြန်မာနိုင်ငံသည် ယခုကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ချင်မှ ဖြစ်နိုင်ပါသည်။  မဖြစ်နိုင်တာက ပိုများသည်။ အကြောင်းမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးရာတွင် တောင်တန်းနှင့် မြေပြန့် ဒေသကို  ခွဲထားလိုသည်။  မြေပြန့်ဒေသအား မဖြစ်မနေ လွတ်လပ်ရေး ပေးရသော်လည်း တောင်တန်းဒေကို ၎င်းတို့ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထိန်းထားလိုသည်။ ပင်လုံစာချုပ် ချုပ်ဆိုခြင်းသည် ဗမာမဟုတ်သော တိုင်းရင်းသား တို့၏ ပြည်ထောင်စုကို စုစည်းလိုခြင်း၏ ပထမ သာဓက ဖြစ်သည်။
ဒုတိယအချက်မှာ ဗမာမဟုတ်သော တိုင်းရင်းသားတို့သည် ၎င်းတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်အား တော်လှန်ခဲ့ရသည်မှာ အမှန်ပင်။ သို့သော် စစ်အစိုးရမှ ငြိမ်းချမ်းရေး ကမ်းလှမ်းရာတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေရာမှ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ မပြိုကွဲရေးတို့ အတွက် နိုင်ငံရေး အခက်အခဲများကို ငြိမ်းချမ်းသောနည်းဖြင့် သုံးပွင့်ဆိုင် ဆွေးနွေးရေးကို အစဉ်တစိုက် တောင်းဆိုခဲ့သည်။ သုံးပွဲဆိုင် ဆွေးနွေးရေး လုပ်ငန်းစဉ်ကို ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ကုလ သမဂ္ဂမှလည်း ထောက်ခံခဲ့ည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အဖြစ် ယခုကဲ့သို့ ရပ်တည်နိုင်ရန် ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ ပူးပေါင်းလိုသည့် ဆန္ဒကို ကျော်လွှား၍ မရသလို ဗမာတိုင်းရင်းသားတို့ စွန့်စားမှုကိုလည်း ချန်လှပ်ထား၍ မရပေ။ အကြောင်းမှာ ဗမာတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ် နန်းရင်းဝန် မစ္စတာ အက်တလီနှင့်  လွတ်လပ်ရေး တောင်းဆိုဆွေးနွေးရာတွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် အခက်အခဲအမျိုးမျိုးနှင့် ဆောင်ရွက်ခဲ့ရသည်။ အလားတူ မျက်မှောက်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့နိုင်ငံအရေးကို ဖြေရှင်းရာတွင် ဗမာမဟုတ်သော တိုင်းရင်းရင်းသားတို့အရေး ထည့်သွင်းစဉ်းစားရမည့်အပြင် မယ်သရောထာ သဘောတူစာချုပ်ကို ထောက်ခံခဲ့သည်။
သို့သော် လက်ရှိစစ်အစိုးရကား ဤကဲ့သို့မဟုတ်ပါ။ အပစ်ရပ် တိုင်းရင်းသား အခြေစိုက်ရာ ဒေသများကို စစ်တပ်တိုးချဲ့၊ လူ့အခွင့်အရေး ချိုးဖေါက်ကာ တိုင်းရင်းသား အမျိုးသားမီးများအား အဓမ္မ ပြုကျင့်မှု အမျိုးမျိုး ပြုလုပ်ခဲ့သည်အထိ ရှိခဲ့သည်။
ဒါ့အပြင် ရွေးကောက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို ၎င်းတို့ ကွပ်ကဲမှုအောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးနေသည်။ အပစ်ရပ် အဖွဲ့အစည်းများလည်း တပ်များကို စစ်အစိုးရ အုပ်ချုပ်မှုအောက် ဖြစ်သွားလျှင် ၎င်းတို့အခွင့်အရေးအတွက် အာမခံချက်မရှိဟု စိုးရိမ်၍ န အ ဖ ၏ ကမ်းလှန်းချက်ကို လက်မခံလိုကြ။ စိုးရိမ်စရာ ဖြစ်လောက်ပေသည်။ အဘယ်ကြောင့်ဆိုသည် န အ ဖ အစိုးရသည်  မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကိုပင် လုပ်ကြံသတ်ဖြတ်ရန် ၀န်မလေး။ သံဃာတော်များအား နှိမ်နင်းညှဉ်းပန်းရာတွင် ဘေးငရဲမကြောက်၊ နောက်ဆုံး သွေးသောက်ရဲဘော်ဖြစ်သည့် ဗိုလ်ခင်ညွန့်ကိုတောင် ဖမ်းဆီးထောင်ချ လိုက်သေးသည်။ ဤဒီမှာ အပစ်အခတ်ရပ် ဗမာမဟုတ်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် န အ ဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစိတ်တပိုင်း ဖြစ်သည်။
ရွေးကောက်ပွဲ ဖြစ်စဉ်ကို တနိုင်ငံလုံး အတိုင်းအတာနှင့် ဖေါ်ပြရမယ်ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၏ အခြေခံ သဘောတရားသည် နိုင်ငံရေး ပါတီအားလုံး၏ လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် စသည့်မူများနှင့် လုပ်ဆောင်ရမည် ဖြစ်သည်။ လက်ရှိအနေအထားတွင်  ရှမ်းတိုင်းရင်းသာ ခေါင်းဆောင်များ ဖြစ်ကြသည့် ခွန်ထွန်းဦးနှင့် စိုင်းဆေထင်၊ မွန်တိုင်းရင်းသားများမှ နိုင်ယက္ခနှင့် နိုင်ဆီဂကူ၊ ဒီမိုကရေစီ သူရဲခေါင်းအဖြစ် အသိအမှတ်ပြုခံရသူ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိနေသည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် အမှုထွင်ပြီး ထောင်သွင်း အကျဉ်းချရန် ကြံစည်နေသည်။ ဤအချက်ကို ကြည့်လျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ဆန့်ကျင်နေသည်မှာ အထင်အရှားပင် မဟုတ်ပါလော။
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်သည် ဒီမိုကရေစီ၏ အခြေခံသဘောတရား ဖြစ်သည်။ ဒီအချက်အား ထင်သာမြင်သာရန် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ဗုဒ္ဒဘာဘာကို ကြည်ညို လေးစားသည့် စစ်ခေါင်းဆောင်များမှ ရက်စက်စွာ သတ်ဖြတ် ထောင်းသွင်း အကျဉ်းချခဲ့သည့် ဖြစ်စဉ်သည် ဒီမိုကရေစီ ဦးတည်နေသည့် လမ်းကြောင်း ဟုတ်သည်၊ မဟုတ်သည်ကို ပြည်သူလူအား အထင်အရှားပြခဲ့ပြီ ဖြစ်သည်။
ယခု ဖွဲ့စည်းပုံကို သုံးသပ်ရင် တိုင်းရင်းသား စည်းလုံးညီရေးကို ဦးတည်နေသည့် လမ်းကြောင်းမမြင်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စဉ်လည်းမဟုတ်၊ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည့် လမ်းကြောင်းနှင့်လည်း သွေဖီနေသည်ကို အထင်အရှား ပြနေပြီဖြစ်၍ ဤရွေးကောက်ပွဲကို ပါဝင်သင့်သည် မသင့်သည်ကို မိမိကိုယ်တိုင် ဝေဖန်သုံးသပ် မှန်ကန်သည့် ဦးတည်ချက်အပေါ် အကောင်အထည် ဖေါ်မှသာလျှင် တိုင်းပြည်နှင့်လူမျိုးချစ်ရာ ရောက်ပေသည်။   
ညီညီချမ်း


Tuesday, July 28, 2009

ငယ်ဘဝမှ မှတ်မိသောကဗျာများ



ကဗျာဆိုတာ စကားတတ်စကလေးအရွယ်များ၊စာသင်ခါစ ကလေးအရွယ်များအတွက် အကောင်းဆုံးသော သင်ကြားမှုတစ်ခုဖြစ်ပါသည်။ကဗျာသည် ကလေးငယ်များအဖို့ ဆိုလွယ်၊တတ်လွယ်၊ရွတ်လွယ်သောကြောင့် သင်ကြားရ၊ရွတ်ဆိုရသော ကလေးများအဖို့လည်း ပျော်ရွှင်စွာရွတ်ဆိုရသော ကစားနည်းတမျိုးလည်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ငယ်စဉ်ကလေးများ ဆော့ကစားရာတွင်လည်း ကစားမှုအတော်များများသည် ကဗျာဆန်ဆန်ရွတ်ဆိုကစားရသော ကစားနည်းများပေသည်။ကလေးများချော့မြှုရာတွင်လည်း ကဗျာကဲ့သို့သီချင်းရွတ်ဆိုမှုများသည် နားထောင်ရသောကလေးများအဖို့ သာယာနာပျော်ဖွယ်ဖြစ်စေသည်။ကျွန်တော်မှတ်မိသလောက်-

လူကလေးရဲ့ အိပ်ချိန်တန်
ဗျိုင်းရှေ့ကပြန်
လူကလေးရဲ့ အိပ်ချင်ဘူး
ဗျိုင်းရှေ့ကမြူး။

ညီမလေးရေ ထပါတော့
ရောင်နီလာမှပေါ့။
မောင်လေးရေ ထပါတော့
ရောင်နီလာမှပေါ့။
တကြော့နှစ်ကြော့တေးကိုသီ
ငှက်ကြားနှုတ်ပလီ။

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အရောင်ပြတယ်
ဖိုးရွှေနတ်သား။

ကဲ့သိုသော သားချော့တေးလေးများဆိုလျှင် ငယ်စဉ်ကလေးဘဝအရွယ်က အမေဆိုပြခဲ့ဖူးသော ကဗျာလေးများပေတည်း။အမေဆိုပြသော သားချော့တေးကလေးများ နားထောင်ရင်း နှစ်ချိုက်စွာ အိပ်စက်ခဲ့ရသော တထောင့်တညရဲ့ ညများကို အခုနေများ တစ်ခါပြန်ကာလေ ရချင်မိပါသည်။

ရွှေစွန်ညို ဘာလိုလို့ဝဲပါတယ်။
မထွေးလိုလို့ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ
ပါပါလျှက်သားနောက်ကထား။
မထွေးအသားခါး လှတယ်။
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရ နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေ နွေမှာခမ်း။
ပင်လယ်ရေနဲ့ ဆေးပါမယ်။
ပင်လယ်ရေ ဘယ်မှာခမ်း။
မထွေးအမိဖမ်း။
(မှားနေရင်ခွင့်လွှတ်နော်။သူများတွေဆော့တာ ကြားရသမျှ၊မှတ်မိသမျှရေးတာ။)

ဘီးဘီး ဘာဘီးလဲ။
ရွှေဘီး။
ရွှေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ငွေဘီး။
ငွေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ကြေးဘီး။
ကြေးစော်နံ ပြန်လိုက်ဦး။
(နောက်ပိုင်းတွေ မမှတ်မိတော့ပါ။)
ဒီလို ကဗျာလေးတွေကို ကလေးများအပြန်အလှန် ရွတ်ဆိုကြရင်း အုပ်စုလိုက် ကစားကြတာကို တွေးရင်းငယ်စဉ်တောင်ကျေး ပျော်ပါးကစားခဲ့ကြ ပုံများကိုလည်း လွမ်းမိပါသေးတယ်။ရန်ဖြစ်ကြ ပြန်ချစ်ကြရင်းနဲ့ပဲ သူငယ်ချင်းတွေ တစ်ဦးနဲတစ်ဦး မာနကင်း အာဂတကင်း၊ တစ်ဦးပေါ်တစ်ဦး ဘာစိတ်မျှမရှိကြပဲ ပကတိ ရိုးသားသော ကလေးငယ်ဘဝပေတည်း။

စာသင်ချိန်ရောက်လို့ ကျောင်းစနေတော့လည်း ကဗျာဆိုတာ သင်ပုန်းကြီးစလှန်တာနဲ့ သင်ရတော့တာပါပဲဗျာ။

ညအခါ လသာသာ
ကစားမလား နားမလား။
က..ကလေးငယ် ချစ်စဖွယ်
ခ...ခရေကုန်း မလေးပြုံး။
ဂငယ်... ဂဏန်းသင်ပြုံးရွှင်ရွှင်။
င.... ငချိတ်ပေါင်းစားလို့ကောင်း။
စ............
ဆ.........
အ အမေတို့တိုင်းပြေ ငါတို့ချစ်တဲ့မြေ။

ရဲသားကြီးကိုလှဖေ
လူဆိုးဖမ်းဖို့ တာဝန်ကြေ။
မလှမွန် သူနာပြု
စေတနာနဲ့ သူပြုစု။

ကဲ့သို့သော ကဗျာလေးများကို ကျောင်းခန်းထဲမှသူငယ်ချင်းများနှင့်အတူတကွရွတ်ဖတ်ခဲ့ကြရသော စာအံသံများသည် ယခုထိတိုင်ကျွန်တော်နားထဲတွင်စွဲမြဲစွာကြားနေရပါသေးသည်။ ထိုကဗျာလေးများအထဲမှ ကျွန်တော်အကြိုက်ဆုံး ကဗျာလေးကတော့ -

ပန်းကလေးများ ပွင့်တော့မည်။
ဖူးတံဝင်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
ဒီကဗျာလေးကတော့ ကျွန်တော့်ရင်ထဲ အခုထိတောင် ဆိုလို့ကောင်းနေဆဲပါဗျာ။

နောက် အတန်းတွေကြီးလာပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း မြန်မာစာ သင်ရိုးညွန်းတမ်းစာအုပ်ထဲမှာ "ကဗျာ" ကတော့မပါမဖြစ် အရေးပါသူလေ။ကဗျာဆိုတာကတော့ ကျောင်းသားဘဝမှာ ရွတ်ဆိုလို့ကောင်းရင် စိတ်ထဲစွဲကျန်ရောပဲလေ။ စာသင်ကျောင်းသားဘဝကတော့ သင်ခဲ့ရတဲ့ ကဗျာတွေကအများကြီးပါပဲ။တချို့ကဗျာတွေကိုတော့ အခုထိမှတ်မိတယ်။တချို့ကဗျာတွေကတော့ မေ့ပြီဗျာ။ကြီးတော့ စာတွေဘာတွေ ပြန်ဖတ်တဲ့အခါ တချို့ကဗျာလေးတွေကိုတွေ့မှ ဒီကဗျာလေးကတော့ ငါငယ်ငယ်က သင်ခဲ့ဖူးပါရဲ့ ဆိုပြီးပြန်မှတ်မိတာ။ငယ်ငယ်က သင်ခဲ့ရသောကဗျာရေးတဲ့ ကဗျာစာဆိုတွေထဲမှာတော့ လူဦးမင်း နှင့် ဖိုးသူတော်ဦးမင်းတိုနှစ်ဦးကိုတော့ အတော်ကိုကြိုက်မိပါရဲ့ဗျာ။ သူတို့နှစ်ဦးက တစ်ဦးက စာခံတဲ့ကဗျာကို တစ်ဦးက မရမကကဗျာဖွဲ့ပြီး စာအုပ်တော်မူကြတဲ့ တစ်ခေတ်ထဲပေါ်ခဲ့တဲ့ ကဗျာကဝိနှစ်ဆူပေကိုး။သူတို့ရေးတဲ့ကဗျာတွေထဲက ဒီကွမ်းအကြောင်းစပ်တဲ့ ကဗျာလေးကိုတော့ မှတ်မိသေးသဗျ။လူဦးမင်းစာခံတဲကဗျာမှာ-

တံတာဦးက ကွမ်းနုဝါ
ငမျာကဆေး.....။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ထွေး။

ဒီလို နန်းတော်တွင်းမှ ဘုရင်စားကာထွေးသည့် ကွမ်းအရောင်ကို ကြည့်ရင်းစပ်တဲ့ လူဦးမင်းရဲ့ ကဗျာကို ဖိုးသူတော်ဦးမင်းက တောဓလေ့ ရွာသူရွာသား သူဆင်းရဲများစားသော ကွမ်းအရောင်ဖြင့် ပြန်လည်ချေပကာ စာအုပ်ပုံကတော့ -

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး......။
သန်းခေါက်လှိုင်လှိုင်နှင့်၊
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။

စကားပြောတတ်ခါစအရွယ်မှစ၍ စာသင်သားကျောင်းသားဘဝ၊ အတန်းတွေကြီးလာသည့်အထိ ကျွန်တော်တိုရဲ့ ပတ်ဝန်းကျင်တွင်လည်းကောင်း၊သင်ကြားခဲ့ရသော ကျောင်းစာများတွင်လည်းကောင်း ကဗျာသည် အတော်အတန်ပင် ထိတွေ့ခဲ့ရသည့် ကစားမှုအနေဖြင့်ရော၊ ပညာဗဟုသုတများအနေဖြင့်ရောပေးသောစာပေဖြစ်ပေသည်။
လူကြီးတွေဆိုသလိုပေါ့ ဂါထာပေး တေးဖြစ်တဲ့၊ ကဗျာပေးရင်ကော တေးဖြစ်မှာပဲလေ။ ကဗျာဆိုတာကတော့ တေးသီချင်းအစပဲပေါ့ဗျာ။ တေးတောင် သီဆိုမှုကောင်းလျှင် နားထောင်ကောင်းသလို ကဗျာဆိုတာလည်း အသံနေ အသံထားနဲ့ရွတ်ဆိုတတ်လျှင် အတော်ပင်နားဝင်ချိုမြလှပေသည်။ရွတ်ကောင်းဆိုကောင်းသော အထက်ပါ ကဗျာလေးများသည် ကျွန်တော်အဖိုတော့ ငယ်စဉ်တောင်ကျေးကလေးဘဝမှ အရွယ်ရောက်သည်တိုင် မမေ့နိုင်သည့် ကဗျာလေးများဖြစ်ပေသည်။တချို့ကဗျာလေးများမှာအမှားပါရင်လဲခွင့်လွှတ်ပြီးဖတ်ပေးကြပါခင်ဗျား။ဒီအကြောင်းတက်ခ်ထားတဲ့မနှင်းကိုရောစိတ်ကျေနပ်မည်လို့ထင်ပါတယ်။လာအကြောင်းကြားလို့ ကျေးဇူးပါဗျာ။ပထမဆုံးဈေးဦးပေါက်သော ကြောင့်လည်းကောင်း၊ ကဗျာတွေဖတ်ရတာ သဘောကျတဲ့သူအဖြစ်ကြောင့်လည်းကောင်း၊ စိတ်ပါစွာရေးသားနိုင်တာဖြစ်ပါတယ်။







Friday, July 24, 2009

Mother

video

"အမေ"

အိပ်မရတဲ့ညတိုင်းမှာ
ချော့သိပ်တဲ့အမေရဲ့အသံတွေ
ကြားယောင်ဆဲပါ။

မှားရင်ရိုက်တဲ့
အမေရဲ့လက်တွေ
အခုတော့ မရှိဘူး
အဝေးဆုံးရဲ့ အဝေးမှာ
ဘဝတွေခြား။

သတိရတိုင်း
အမေ့ကိုတမ်းတရင်း
အမေ့ရဲ့ ကျမ်းစာအုပ်ကို
နေ့တိုင်းဖတ်လို့။

ပြန်ဆုံချင်ပါပြီ
ခွဲခဲ့ရတဲ့နေရက်များ
လွမ်းရတဲ့နေရက်များ
ရှည်ကြာလွန်းနေပြီ။

ပြန်ဆုံရန်အချိန်များ
ကြွေလဲမရ
ဝေလဲမရ
စက္ကန့်တိုင်းမှာ
ဘယ်လိုမှမေ့မရ။

အမေရေ...
သတိရတိုင်း
အမေရေ....
အမှတ်ရတိုင်း
ကျွန်တော်လေ
တစ်ယောက်ထဲ
အထီးကျန်လွန်းနေပြီ။

Thursday, July 23, 2009

သီချင်းသံထဲက ငိုသံများ


Free Clipart

“အရှေ့ကိုလျှောက်ပါလို့တူနယ်တန်နယ့်၊တူနယ်တန်နယ့်၊ အနောက်ကိုတဲ့မျှော်လိုက်ရင်တူနယ်တူနယ်ဗျောင်၊
ဘာကိုမြင်ဘာကိုမြင်၊မြင်သာမြင်မကြင်ရလေးဘူး၊တောကြိုက်ကမြူး၊ ဟူးရေး……..ဗျောင်”


ဒီသီချင်းကိုကြားရင်ဖြင့်ဒီအရပ်ကသူတွေကတော့ ဘယ်သူဆိုတာလဲဆိုတာသိနေကြပေပြီ။မနက်ဆိုလည်းဒီအသံ၊ညဆိုလည်း ဒီအသံဘယ်လိုမှပင်မပြောင်းလဲနိုင်သောဒီအသံရှင်ကား
ဤရွာ၏ တစ်ဦးတည်းသောအဆိုရှင်စိန်မြတည်း။ကလေးများအခေါ်“အရူးကြီးစိန်မြ” ပင်ဖြစ်ပေ၏။စိန်မြဆိုလျှင်ဒီတရွာလုံးကလေးမှအစခွေးအဆုံးအကုန်သိ၏။ တနေကုန်တနေခမ်းရွာရိုးကိုးဘောင်လျှောက်သွားရင်းပါးစပ်မှလဲ အထက်ပါသီချင်းကိုကိုယ်ဆိုင်းကိုယ်ဗျောဖြင့်ပါးစပ်ဆိုင်းတီးရင်း အရပ်တကာလှည့်ဖျော်ဖြေနေတဲ့သူပေါ့။သူ့ခမျာဤရွာတွင်မိသားစုဝင်မရှိ၊ နေစရာနေရာအတည်အကျမနေပဲစိတ်ရူးပေါက်ရာလမ်းလျှောက်ကာရွာထဲ တလမ်းဝင်တလမ်းထွက်ဖျော်ဖြေနေတဲ့သူပေါ့။

စိန်မြကရူးသာရူးတာအရူးပါးဗျ။ရွာမှာဘုန်းကြီးကျောင်းအလှုရှိတယ်ဆိုရင် ဘယ်သူအလှုဖြစ်ဖြစ်စိန်မြကရှေဆုံးက။သူပါးစပ်ဆိုင်းကိုပိတ်ပြီးအလှုရှင်တွေ မြို့တက်ငှားလာတဲ့ဆိုင်းဝိုင်းရှေ့ထိုင်ရင်းနားထောင်ရတာအမော။အရှေဆုံးမှာ နေရာမရရင်ဘယ်တော့မှမထိုင်။ဘယ်သူထိုင်နေပလေ့စေဂရုမစိုက်။ ကလေးတွေနှင့်အပြိုင်နေရာလုတဲ့စိန်မြတည်း။တခါတလေနေရာမရမှာဆိုးရင် တနေကုန်ဆိုင်းရှေ့လာအိပ်နေတတ်သောအရူးပါးစိန်မြလေ။ ကလေးတွေကလည်းစိန်မြဟေ့ဆိုရင်အကုန်နေရာပေး၏။တညလုံးမိုးလင်းပေါက် အငြိမ့်ကြည့်၏။လူရွှင်တော်များရီစရာပျက်လုံးပျက်ရင်ဖြင့်သူနားလည်တာ မလည်တာအပထားတဝါးဝါးနဲ့သူအသံဝါကြီးနှင့်ရီနေတော့ပေ၏။စိန်မြမှာ အကျင့်ကောင်းတခုတော့ရှိတယ်။သူဘဝကသာဘာမှနားမလည်တဲ့အရူး။ ရွာကအလှုကိုတော့ဘယ်တော့မှပျက်အောင်တော့မဖျက်တတ်ပေ။တခါတရံ သူစိတ်ကောင်းရှိနေရင်ဖြင့်ထမင်းဟင်းဝိုင်းချက်ရာ၌ပင်ဝင်ကူသေး၏။ စိတ်လိုလျှင်ထင်းများပင်ဝိုင်းခွဲပေး၏။ပါးစပ်ဆိုင်းတီးပေးလျှင်ထ၍ကပြီး ထမင်းဟင်းချက်သူများကိုဖျော်ဖြေပေးလေ၏။ဒါကြောင့်မို့လဲရွာသူရွာသားများက စိန်မြရူးသာရူးတယ်ထူးတဲ့အရူးလို့ပြောစမတ်ပြုကြလေ၏။

စိန်မြကရွာထဲတွင်အလှုမရှိရင်လည်းသူ့ကိုဘယ်သူကထမင်းခေါ်ကျွေးကျွေး အလကားမစား။သူ့ပါးစပ်ဆိုင်းကလေးဖြင့်ထမင်းကျွေးသူအကြိုက် သီချင်းလေးများဖြင့်ဖျော်ဖြေပြီးကာမှထမင်းစာ၏။ဘယ်သူမှမကျွေးရင်လည်း ရွာရှိဘုန်းကြီးကျောင်းသွားပြီးကပ္ပိယကြီးသာလှထံသွားပြီး ဆွမ်းဟင်းအကျန်များတောင်းစား၏။စားပြီးရင်လည်းတံမြက်စည်းလေးယူကာ ကျောင်းဝင်းကျောင်းပြင်သူတတ်နိုင်သမျှလှည်းကျင်းပေးသွားတတ်သေး၏။ စိတ်ကောင်းဝင်နေရင်လဲသူများစွန်ကြဲထားသောအဝတ်ဟောင်းလေးများကို သေသေသပ်သပ်ဝတ်လေ၏။စိန်မြကရူးသာရူးပေမယ့်တခြားရူးသူတွေလို ထမင်းသိုးဟင်းသိုးဘယ်တော့မှမစားပေ။ဆရာတော်ဦးဝါယမဆုံးမလျှင်လဲ လိုက်မလုပ်ရင်သာရှိသည်အသေအချာတော့နားထောင်၏။ယဉ်ယဉ်လေးရူးသူ တမျိုးပေါ့။

အရူးဆိုတော့အမြဲတော့မကောင်းနိုင်ပေဘူး။အဲသူစိတ်ရူးဖောက်လာရင် ဘယ်အိမ်ကမှထမင်းမစား၊ဘာသီချင်းမှလဲမဆိုရွာပြင်ကကွင်းပြင်ထဲသွားပြီး တစ်ကိုယ်ထဲအော်လိုက်၊ငိုလိုက်၊ရီလိုက်ဖြင့်ရွာကပေးကမ်းထားတဲ့အဝတ်လဲ ကိုယ်မှာမကပ်ဗလာနတ္ထိဖြင့်ဟိုဟိုဒီဒီလျှောက်ပြေးနေလေ၏။ဒီလိုအချိန်ဆို တရွာလုံးစိန်မြသီချင်းသံမကြားရတော့ပေ။ဒီလိုသီချင်းသံမကြားရရင် ရွာသူရွာသားများကစိန်မြအရူးဖောက်နေပြီ။သုံးလေးရက်လောက် သူဘာထမင်းဟင်းမှမစားတော့ကြောင်းအားလုံးကသိနေပြီ။ဒီအခြေအနေမျိုးဆို စိန်မြကိုဘယ်သူခေါ်ခေါ်မရ။ဘယ်လိုပင်ထမင်းသွားကျွေးလည်းမစားတော့ချေ။ ဒါပေမယ့်စိန်မြကတခြားနေရာတော့မသွား။ဒီကွင်းပြင်ထဲမှာပဲတစ်ယောက်ထဲ လျှောက်အော်နေတတ်တာ။အဲဒီလိုစိန်မြစိတ်ရူးပေါက်လို့ဘယ်သူမှတားမရတယ်
ဆိုပေမယ့်ရွာကျောင်းဆရာတော်ဦးဝါယမကိုတော့စိန်မြမလွန်ဆန်နိုင်။အခုလဲ ရွာသားများလျှောက်ထားမှုကြောင့်ဆရာတော်ကိုယ်တိုင်စိန်မြအရူးပေါက်ရာ ကွင်းထဲကြွသွားပြီး

“ဟဲ့ စိန်မြ၊ စိတ်ငြိမ်ငြိမ်ထားစမ်း၊တယ် ငါတောင်မြွေးနဲ ရိုက်လိုက်ရရင် နင်နာသွားမယ်၊ ကဲ.. တိတ်တိတ်”

ဒီလိုဆရာတော်အသံ၊ဆရာတော်တောင်မြွေးမြင်ရင်ဖြင့်အရူးစိန်မြခမြာ ထိတ်ထိတ်ပြာပြာပင်မအော်ဝင့်ပဲဆိတ်ဆိတ်သာသာဖြင့်ဆရာတော်ခြေတော်ရင်း ဝပ်တွားရပေတော့၏။ဆရာတော်နောက်ကပါလာတဲ့ကပ္ပိယကြီးသာလှကလဲ အသင့်ယူလာတဲ့အဝတ်အစားတွေနဲ့အရူးစိန်မြကိုယ်ကို အရှက်လုံအောင်ဖုံးပေးရင်းဆရာတော်နောက်ကနေစိန်မြကိုတွဲခေါ်ရင်း ကျောင်းတော်ကိုပြန်လာခဲ့ရပေ၏။

ဒီလိုအရူးစိန်မြကိုဆရာတော်တစ်ပါးထဲသာနိုင်ရခြင်းအကြောင်းအရင်းရှိပေ၏။ ဘယ်လိုအကြောင်းလဲဆိုတော့ကာဒီစိန်မြရဲ့ဖြစ်ကြောင်းကုန်စင်ကိုသိသူကလဲ ဒီရွာမှာဆရာတော်အပြင်ဘယ်သူမှမရှိပေ။ဆရာတော်အပြောအရစိန်မြရဲ့ဘဝက အရင်တုန်းကဒီလိုအရူးတစ်ယောက်မဟုတ်ပေ။ဆရာတော်ရဟန်းအစ စာသင်သားဘဝနဲ့တခြားရွာမှာသီတင်းသုံးနေစဉ်အရူးစိန်မြရဲ့ဘဝဖြစ်စဉ်ကို
သိခဲ့ရပေ၏။ဆရာတော်ဒီရွာရောက်လာတော့လည်းခိုကိုးရာမဲ့သူရူးဘဝနဲ့စားရမဲ့ သောက်ရမဲ့ဖြစ်နေတာကိုမကြည့်ရက်တာနဲ့ပဲဆရာတော်ကိုယ်တော်တိုင် အရူးစိန်မြကိုဒီရွာအရောက်ခေါ်လာခဲ့တဲ့သူပေကိုး။သူဒီလိုဖြစ်လာရတာကလည်း သူပြုခဲ့တဲ့အကုသိုလ်၏အကျိုးကြောင့်နောင်ဘဝပင်မကူးပဲယခုဘဝမှာပင် လက်ငင်းအကျိုးပေးခြင်းကြောင့်ပေတည်း။
……………………………………………………………………..……………………………………………………………………………

အချိန်ကတော့ဒုတိယကမ္ဘာစစ်မီးတောက်လောင်ပြီးစကပေါ့။ကိုစိန်မြ၊မမယ်လှ ဆိုလျှင်ဒီနယ်တကြောတွင်မသိသူမရှိပေ။ဒီနယ်မှလူအတော်ခပ်များများကလည်း ကိုစိန်မြတို့၏လယ်တွင်သူရင်းငှားလုပ်ကြရသူများဖြစ်ကြသလို၊ကြွေးမြီမကင်းသူများဖြစ်ကြ၏။ ကိုစိန်မြတို့မျိုးရိုးစဉ်ဆက်ဤနယ်တွင်သြဇာကြီးမားကြသူများဖြစ်၏။ကိုစိန်မြက မိဘဘိုးဘွားထံမှလယ်တွေ၊ကိုင်းတွေအများကြီးအမွေရထားသူဖြစ်၏။ သူ့အပြင်လည်းမည်သူမျှအမွေဆက်ခံမည့်သူလည်းမရှိ၊ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမဆိုတာလည်းမရှိတစ်ဦးတည်းသောသားမို့ လူပျိုဘဝကတည်းကဆိုးချင်တိုင်းဆိုး၊ပွေချင်တိုင်းပွေစိတ်ရှိတိုင်းထင်တိုင်းကြဲနေလေ၏။

မမယ်လှဆိုရင်လည်းတစ်ဦးတည်းသောသမီး၊ငွေကြေးဆိုရင်လည်း ကိုစိန်မြတို့လောက်မချမ်းသာပေမယ့်အသင့်အတင့်ကြွယ်ဝ၏။ ဖခင်ရှိစဉ်ကတည်းကစက်ရှင်သူဌေးသမီးမို့ဝတ်နိုင်စားနိုင်၏။အခုတော့ဖခင်လွန်၍ အမိအိုကြီးနဲသာနေရပေ၏။သူ့မှာလည်းဖခင်လက်ပွားအမွေရထားသူမို့မောက်မာ၏။ မာန်ကြွ၏။အသုံးအဖြုန်းလဲကြီး၏။ကိုစိန်မြနှင့်မမယ်လှကချစ်လို့ယူထားချင်း မဟုတ်ပေ။ကိုစိန်မြ၏မိဘနှစ်ပါးကသူတို့သားကိုအခြားမိန်းကလေးများနှင့် သဘောမတူပဲဆွေနီးမျိုးစပ်တော်သောမမယ်လှနှင့်အိမ်ထောင်ချထားပေးရန် စီစဉ်ကြလေ၏။ချမ်းသာသောနှစ်ဘက်မိဘဂုဏ်ရှိန်ကြောင့်ကိုစိန်မြတို့ မင်္ဂလာဆောင်ဟာသူတို့ဒေသမှာဖြင့်ပြောစမှတ်ဖြစ်ဖွယ်အလှုအနေဖြင့် ခြိမ့်ခြိမ့်သဲစည်ကားလှပေ၏။

ထိုစည်းကားသောအလှု၏အခြားဘက်တွင်ကားထိုမင်္ဂလာဆောင်ဆိုင်းဝိုင်းသံ နှင့်အပြိုင်ငိုပွဲဆင်နေရသူတစ်ဦးရှိလေ၏။ထိုသူကားသူဌေးသားကိုစိန်မြ အပြောမှာနှစ်မြောခဲ့ရတဲ့သူရင်းဌားလေး“ငွေရုံ”ပါပဲ။ငွေရုံတို့ဘဝအခြေမလှ ဆင်းရဲတာမို့သူဌေးသားကိုစိန်မြရဲ့အပေးအကမ်း၊အယက်အရောမှာစုံစုံမြောရင်း ဘဝပေးယုံစားခဲ့ရတဲ့မိငွေရုံတစ်ယောက်အခုတော့ငိုချင်းတွေနဲ့သာဖြေရင်း အပိုဆုတစ်ခုနဲ့သာနေခဲ့ရတော့ပေမည်။ကိုစိန်မြ၏မိဘတွေကလည်း သူသားမင်္ဂလာမဆောင်မှီမနှောင့်ယှက်ရန်ချော့တခါ၊ခြောက်တလှည့် လာရောက်ထားတာကြောင့်လည်းကောင်း၊သူတို့သားလိမ္မာလေး ကိုစိန်မြကလည်း“နင့်ဗိုက်ထဲကကလေးကငါ့ကလေးမဖြစ်နိုင်ဘူး၊သူများနဲ့ရတဲ့ကလေး ငါတာဝန်မယူနိုင်ဘူး”ဟူသောဘူးတစ်လုံးဆောင်ကာခါးခါးသီးသီး ငြင်းခဲ့တာကြောင့်လည်းကောင်းမငွေရုံလေးခမြာဘယ်သွားတိုင်ရ၊ ဘယ်သူ့အားကိုးမရနဲ့ ကြံရာမရဘာလုပ်ရမှန်းမသိသောသောကပင်လယ်ဝေရင်း မိမိ၏အဖတ်ဆယ်မရတဲ့ဘဝကိုကိုစိန်မြရဲ့မင်္ဂလာလက်ဖွဲ့အဖြစ်ပေးဆပ်ရင်း ရွာအပြင်မြစ်ထဲမှာပဲအဆုံးစီရင်သွားခဲ့ပါတယ်။

တရွာလုံးကတော့တကြော်ကြော်တပျော်ပျော်ဖြင့်ရွာကျက်သရေကိုစိန်မြရဲ့ မင်္ဂလာဆောင်ကိုဆင်နွဲနေကြတာမို့ကိုစိန်မြကြီးရဲ့စော်ကားမှုကြောင့် ဘဝနွမ်းကြွေသွားရှာတဲ့သနားစရာငွေရုံလေးရဲ့ဖြစ်အင်ကိုဘယ်သူမှပင် မသိရှိလိုက်ကြပဲငွေရုံဘဝဤမျှနှင့်ပင်ပြည်ဖုံးကားချလိုက်ရပေပြီ။
…………………………………………………………………………………………………………………………………………………

စိန်မြမှာလဲမယ်လှနှင့်မိဘအလိုကျသာယူခဲ့ရသော်လည်းမိမိဘဝကိုအလိုမကျ မတင်းတိမ်နိုင်ပဲအရက်ကလေးတမြမြနဲ့ဘဝကျင်ဖော်လုပ်နေလေရဲ့။ဒါအပြင် ယခင်ကဆိုးစမိုက်စရှိတဲ့စိန်မြတစ်ယောက်ကျေးဇူးရှင်မိဘနှစ်ပါးနှင့်ယောက္ခမတို့ ကွယ်လွန်ပြီးနောက်အကွပ်မရှိတဲ့ကြမ်းပရမ်းပတာဆိုသလိုလုပ်ချင်တာလုပ်၊ ပွေချင်ရာပွေ၊ဆိုးချင်တိုင်းဆိုးနေတော့လေပြီ။အရက်သောက်တာအပြင် ကြက်ကလေးကလဲတိုက်၊ဖဲကလေးကလဲရိုက်၊တခါတလေအခွင့်ရလျှင်ရသလို အပျော်မယားလေးတွေပါဖက်လာပြီလေ။သူဇနီးမယ်လှကလည်းမရွှင်သာ မကြင်နာလင်လုပ်နေရသူမို့စိန်မြဘာလုပ်လုပ်ဝင်မပြော။တားဆီးဖို့ဆိုတာ ဝေလာဝေးပေါ့။စိန်မြကလည်းရှိသမျှတိုးတက်အောင်ကြံဆောင်ဖို့မဆိုထားနှင့် ရသမျှဈေးနဲ့ရောင်းပြီးထိုင်ဖြုန်းတည်းနေခဲ့လေရာမိဘလက်ငုတ်လက်ရင်းတို့သည် တစတစနှင့်အတော်ပင်ကုန်ဆုံးလာခဲ့ချေပြီ။

စိန်မြကအကျင့်သာဆိုးတာနဂိုစိတ်ရင်းကသဘောကောင်းပြီးအပေးအကမ်းကလဲ ရက်ရောဆိုတော့ဒီလိုပျက်စီးနေရတာလဲသူအနားကမြှောက်ပင့်ချူစားနေသူတွေ ကြောင့်ပါပဲ။ဘဝဆိုတာဘာမှန်းမသိတဲ့စိန်မြရဲ့ဘဝထဲနောက်ထပ်ရောက်လာသူကတော့ သူ၏တစ်ဦးတည်းသောသား“အတာ”ဖြစ်၏။လက်ထပ်တာနှစ်အတော်ကြီးကြာပြီးမှ စိန်မြဘဝထဲအတာကလေးရောက်လာခြင်းကာစိန်မြအဖို့ကောင်းခြင်းပေလော၊ ဆိုးခြင်းပေလောမည်သူမျှမသိနိုင်ပေ။အတာလေးမွေးပြီးတော့စိန်မြစိတ်ထဲ အတော်ပင်ပျော်သွားလေ၏။မိမိဘယ်လောက်ပင်ဆိုးပါစေ“သား”တည်းဟူသော အသိကြောင့်ဘဝအမှောင်လေးထဲမှာအလင်းရောင်လေးဖြာဆင်းလာပေ၏။ သိုပေမယ့်စိန်မြအသိကားအတော်ပင်နောက်ကျခဲ့လေပြီ။နှစ်အတန်ကြာ သုံးဖြုန်းခဲ့တဲ့ဒဏ်ကြောင့်သူနေသောယခုအိမ်မှလွဲရင်ဗလာနတ္ထိ ဘာဆိုဘာမှပင်မရှိတော့ပေ။မယ်လှခမြာမှာလဲသားအတာလေးကိုမွေးမွေးပြီးခြင်း မီးတွင်းထဲမှာဆုံးရှာလေပြီ။ဒါကြောင့်စိန်မြကသူဘဝထဲမှာသူအတွက် တွယ်တာစရာနောက်ဆုံးမျိုးဆက်မို့သူသားလေးရဲ့အမည်ကို“အတာ”လို့ နာမည်ပေးခဲ့ရတာပေါ့။

စိန်မြကအတာကိုတော့အတော်ချစ်၏။အရင်ကမိုက်ခဲ့ပေခဲ့တဲ့စိန်မြတစ်ယောက် မကောင်းမှုအရာအားလုံးကိုစွန့်ကာသားလေးအတာအတွက်သူဘဝထဲမှာ တခါဘူးမျှမလုပ်ဘူးသောအလုပ်လုပ်ခြင်းကိုစတင်ခဲ့ပေသည်။နောက်ဆုံးလက်ကျန် အမွေဖြစ်သောလက်ရှိနေနေတဲ့အိမ်ကြီးကိုရောင်းပြီးတဲသာသာအိမ်လေးပေါ် ပြောင်းပြီးနေ၏။ရသမျှငွေနဲ့စပါးဝယ်၊ပဲဝယ်ကုန်သယ်အလုပ်စတင်လုပ်ခဲ့ပေသည်။ တခါဘူးမျှလက်ကြောတင်းအောင်အလုပ်မလုပ်ဖူးသောစိန်မြတစ်ယောက် အခုမှစ၍အလုပ်လုပ်သောကြောင့်ပထမအကြိမ်အရှုံးပေါ်လေသည်။နောက်ပိုင်းတော့ သူသားအတာကပင်အကျိုးပေးသလားမသိအတော်အတန်ပင် အမြတ်အစွန်းရခဲ့ပေသည်။ငွေစရွှေစလေးများရွှင်လာတော့ယခင်ပေါင်းဖော်သည့် ရောင်းရင်းများကစိန်မြထံကပ်လာပြန်၏။ဇနီးမယ်လှမရှိတော့ နောက်ထပ်တအိုးတအိမ်ထူရန်တိုက်တွန်းကြလေ၏။စိန်မြကသူသားလေးကို ဘယ်မိထွေးလက်ထဲမှမထည့်လိုတဲ့အတွက်နောက်ထပ်မိန်းမယူရန်ကို ငြင်းဆိုလေ၏။

အတာလေးအရွယ်ရောက်လာတော့ရွာဦးကျောင်းဆရာတော်ထံခွင့်ပန်ပြီး အတာလေးကိုရှင်ပြုရန်စီစဉ်လေ၏။သူဘဝအတွက်ချွေးနဲစာဖြင့်လှုသည့်အလှုမို့ စိန်မြတစ်ယောက်အားကြိုးမာန်တက်နှင့်အတာ့ရှင်ပြုကိုချိမ့်ချိမ့်သဲသဲကျင်းပရန် ရည်ရွယ်လိုက်ပေ၏။ရှင်လောင်းလှည်ရာမှာလဲသားမောင်ရှင်လောင်းစီးရန် အရပ်ထဲရှိမြင်းပိုင်ရှင်လှသောင်းဆီမှကောင်းပေ့လှပေ့ဆိုသောမြင်းတစ်ကောင်ငှားလေ၏။အလှုပွဲနှင့် ရှင်လောင်းလှည့်လည်ရာတွင်ဖျော်ဖြေဖို့အတွက်လည်းမြို့မှ နာမည်ကြီးဇာတ်အဖွဲ့ကိုရရန်သူကိုယ်တိုင်ပင်မြို့တက်ငှားလေ၏။
…………………………………………………………………………………………………………………………..

“အရှေကိုလျောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ရင်၊ တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားကိုမြင်”

အစရှိတဲ့ဗျောသံနှင့်အတူမောင်ရင်လောင်းအတာဟာမြင်းကြီးပေါ်မှာ အခန့်သားစီးပြီးရွာတန်းတလျှောက်လှည့်လည်လာနေတဲ့ လူတန်းရှည်ကြီးကိုကြည့်ရင်းမောင်ရင်လောင်းရှင်စိန်မြခမြာဝမ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့မြူးပျော်လို့ပေါ့။တစ်ဦးတည်းသောသားတော်မောင်အတာရဲ့ ရှင်ပြုပွဲအလှုဟာဆိုရင်စိန်မြအဖို့တော့မဟာအလှုပွဲတော်ကြီးဆိုရင်လဲ မမှားနိုင်ဘူးပေါ့။

ဒီလိုပျော်ရွှင်နေကြသောရှင်လောင်းလှည့်လည်ပွဲကြီးထဲ အတာလေးစီးလာတဲ့မြင်းကြီးကဘယ်ကဘယ်လိုဖောက်သွားလဲမသိ ငြိမ်ငြိမ်လေးသွားနေရာကနေရုတ်တရက်ဗြုန်းကနဲဆိုဂမူးရူးထိုးပြေးပါလေရော။ အနားကလူတွေကလဲရုတ်ကနဲမြင်းပြေးသွားတာကြောင့်အလန်တကြားဖြစ်ပြီး ဘာလုပ်လိုဘာကိုင်ရတော့မှန်းမသိတော့ပဲတောင်ပြေးမြောက်ပြေးနဲ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါ၏။ရှင်လောင်းအဖေစိန်မြခမြာလည်း“လုပ်ကြပါဦးဗျို့၊ အတာမြင်းပေါ်ပါသွားပြီ၊လိုက်ကြပါဟ”ဟုတစာစာအော်ဟစ်ပြီး မြင်းကြီးပြေးတဲ့နောက်ကိုဝရုန်းသုန်းကားလိုက်သွားပါတော့တယ်။ ရွာသားတွေကလဲရုတ်တရက်ငေးကြောင်နေရာကနေမြင်းကိုဖမ်းဖို့ စိန်မြနောက်ကနေပြေးလိုက်သွားကြပါတယ်။

မြင်းပေါ်ကအတာလေးမှာလဲငယ်ကလဲငယ်၊ပထမဆုံးအကြိမ် မြင်းစီးဘူးတာဆိုတော့တလကြမ်းပြေးနေတဲ့မြင်းကြီးရဲ့ကြောပေါ်ပါသွားရင်းနဲ့ ရွာအပြင်လဲကြရောမြင်းပေါ်ကနေတလိမ့်ကောက်ကွေးနဲ့ ပြုတ်ကြသွားပါတယ်။အရှိန်နဲ့သွားနေတဲ့မြင်းပေါ်ကကျတာဆိုတော့ မောင်ရှင်လောင်းအတာလေးမှာရှင်အဖြစ်တောင်မရောက်နိုင်တော့ပဲ မြင်းပေါ်ကခေါင်းစိုက်ကျတဲ့ဒဏ်ကြောင့်ကျတဲ့နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပါတော့တယ်။စိန်မြခမြာလည်းသားအတာလေးအလောင်းကို ရင်ဝယ်ပိုက်ငိုကြွေးရင်းဖြေဆည်ခြင်းကင်းဝေးရာကနေအခြေမလှတဲ့ သွက်ချာခြင်းဘဝရောက်သွားပါတော့တယ်။
ဒီလိုနဲ့ဘဝမှာတစ်ယောက်ထဲအထီးကျန်နေခဲ့ရတဲ့စိန်မြတစ်ယောက်တနေ့နေ့မှာ သူသားလေးပြန်ရောက်လာနိုး၊ရှင်ပြုရနိုးနဲ့သီချင်းတွေအော်ဆိုရင်း ရုးသွားပေတော့၏။စိန်မြမှာနဂိုထဲမှလူချစ်လူခင်ကလည်းနဲပါး အခုလိုအရူးတပိုင်းဘဝရောက်ရပြန်တော့နဂိုအခံနဲ့ဘယ်သူမှ ကျွေးချင်ပေးချင်စိတ်မရှိကြတော့ပဲဘေးမဲ့သာပေးထားလိုက်ကြပါတယ်။ဒီရွာကို စာသင်သားအဖြစ်နဲ့ရောက်ရှိနေတဲ့အသျှင်ဝါယမကလည်းအဖြစ်ဆိုးလှတဲ့ စိန်မြဖြစ်စဉ်ကိုမကြည်ရက်နိုင်တာနဲ့ပဲဒီနယ်မြေနဲဝေးလျှင်သူ၏ကြမ္မာကြွေးတွေ ပြေစေနိုင်စေရန်အလို့ဌာမိမိရွာအပြန်အရုးစိန်မြကိုခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်တမ်းအတာစီးတဲ့မြင်းပြေးသွားရတဲ့အဖြစ်အပျက်က မြင်းပိုင်ရှင်လှသောင်းကသေသွားသူသူ့နှမဝမ်းကွဲငွေရုံရဲ့အဖြစ်ဆိုးအတွက် စိန်မြကိုလက်စားချေရန်အတာစီးတဲ့သူမြင်းကိုဘယ်သူမှမမြင်အောင်အနားကနေ မြွေရုပ်ကလေးလှမ်းပြလိုက်တော့မြွေကြောက်တဲ့သူရဲ့မြင်းက ကဆုန်စိုင်းပြေးသွားရတာပါ။ဒီအကြောင်းကိုဘယ်သူမှမသိလိုက်ကြပဲမြင်းက သူဘာသာစိတ်ရူးပေါက်ပြေးသွားတာလို့ပဲအများကထင်ကြေးပေးကြပါတယ်။စိန်သောင်း၏ ဘဝကြမ္မာကြွေးကြောင့်ပေလော၊သူငွေရုံအပေါ်ပြုခဲ့ဖူးတဲ့ အကုသိုလ်ကြောင့်ပေလော၊သူချမ်းသာစဉ်ကကမ်းကုန်အောင် မိုက်မဲမှုတွေကြောင့်ပေလော၊လှသောင်း၏ကလဲ့စားကြောင့်ပေလောထိုထိုသော အကြောင်းအရာတွေကပင်စုပေါင်း၍စိန်မြဘဝရူးသွပ်ခြင်းဖြင့်နိဂုံးချုပ်ရပေတော့မည်။

Free Clipart





Wednesday, July 15, 2009

Truth On Earth


ဝသုန်တည်တဲ့သစ္စာ

အမေ.....
နားရှိတဲ့နေရာကနေ ဒီအသံတွေ ကြားပါစေ။


ဝေးခဲ့တဲ့ရက်လက်ချိုးရေတွက်ကြည့်ရင်လေ တစ်ဆယ့်လေးနှစ်၊
လနဲ့ကြည့် တစ်ရာခြောက်ဆယ့်ရှစ်လ၊
ရက်နဲ့ဆို ငါးထောင်တစ်ရာ့တစ်ဆယ်ပါအမေ။
သက္ကရာဇ်တွေသာခြစားသွားပေမယ့်
အမေ့သားကတော့ မာကြောတဲ့ကျောက်သားတွေလိုပေါ့
ဒီဝသုန်ပေါ် မားမားရပ်လို့ ငေးနေတယ်အမေ။
အမေပေးခဲ့တဲ့ ဂမ္ဘီရအတတ်တွေနဲ့ပဲ
မှော်ဆန်တဲ့ဘဝတွေကို မျက်လှည့်ပြနေရတာပေါ့။
ဂမူးရှူးထိုးအသားကျနေတာ အခုတော့
လေနှင်ရာလွှင့်လို့မျောခဲ့ ကြိုးမဲ့တဲ့စွန်ဖြစ်နေပြီလေ။
အမေ့ရင်ငွေလှုံရင်း ကိုယ်သင်းနံလေးကိုပြန်ရှိုက်ချင်တဲ့
စိတ်ခမ်းကောင်လေ အခွံမဲ့နောင်တတွေနဲ့
အတိတ်တံဆွေးခွက်ထဲ ပလက်မျောနေလိုက်တာများ ဆုံချည်ဆန်ချည်ပေါ့။
အဖန်တရာမက ရင်နာလှတဲ့ လောကဒဏ်ဟာ
ဇာခြင်ထောင်ချသလို ရင်ခွင်ထဲ သွတ်သွင်းဖို့ ချော့မြူနေတယ်။
မြွေတစ်ကောင်လို အမြဲတမ်းခွေနေတဲ့ငါ
မှောက်လိုမှောက် လှန်လိုလှန် ကျင့်ရဖန်များတော့
သွေးသားတွေတောင် အရောင်ပြောင်းနေပြီလေ။
ဇာတာမှာ အကျိုးပေးကောင်းပေမယ့်
ရာဇဝင်မှာ အလောင်းလှဖို့တောင် အတော်ကြိုးစားရဦးမယ် အမေ။
အချင်းတွေများခဲ့ပေမယ့် အခုတော့
ထပ်တရာပလာတာလို ကျောခြင်းကပ်လို့သွားတာ
အမေ့ရဲ့ ရင်ခွင်မဲ့သားနှစ်ကောင်ပါအမေ။
အမိမဲ့သားရေဝေးငါးလို့ အားမငယ်တော့ပါလို့
ကိုယ့်ဘာသာအားတွေပေးနေတဲ့ ကိုယ့်ငါးချဉ်လိုချဉ်တဲ့အကောင်ပါအမေ။
ဘဝစာမျက်နှာတွေပေါ် သုညတွေကုဋေစီနေဖို့
တစ်ဆိုတဲ့အစအက္ခရာရှာရင်း မောပန်းလို့နေပေမယ့်
ဟန်ဆောင်လို့ ပြုံးရယ်နိုင်အောင် ကြိုးစားနေဆဲပါအမေ။
လောကကြီးဆိုတာ လုံးဝန်းနေတဲ့ သံသရာဆိုပေမယ့်
ဒေါင်ကျကျပြားကျကျ နေနိုင်အောင်တော့ခင်းကျင်းရမှာပဲလေ။
ငါ့စေတနာငါမရှိမှသိဆိုတဲ့ မေ့ဝမ်းတွင်းစကား
နံရံတွေကြားကလွှင်စင်လာတဲ့ ပဲ့တင်သံလိုအခုထိတောင်နာကြားဆဲပါ။
ပြုံး၍လည်းကန်တော့ခံတော်မူပါအမေ။
ရယ်၍လည်းကန်တော့်ခံတော်မူပါအမေ။
ဆိုးမိုက်တဲ့အမေ့ရဲ့သားဆန္ဒကို အခွင့်ရေးလေးပေးတောင့်တခွင့်ပြုပါ။
အုတ်ချင်းတူပေမယ့် ဘုရားတည်သောအုတ်လို့
မြင့်မြတ်တဲ့အမိဂုဏ်အင်ဟာ မိန်းမသားတွေကြားရေပန်းစားဆဲပါအမေ။
စကြာဝဠာကကောင်းချီးပေးတယ့် အမေ့အဘိဓမ္မာဟာ
ရှစ်သောင်းလေးထောင်အကျယ်ဆောင်လို့ ဖတ်မကုန်နိုင်ပါပဲလေ။
မှန်ကန်သောတရားတွေသာ တည်မြဲနေမယ်ဆို
ဖြူစင်တဲ့အမေ့မေတ္တာ ဘယ်လောက်ကောင်းကြောင်း
သားဥဒါန်းချီရွတ်ဆိုပြနေမယ် အမေ။
ငါသည်ဤသို့ အမေ့၏ဂုဏ်၊အမေ့မေတ္တာ၊အမေ့စေတနာ
ပြန်မှန်းမျှော်ရင်း အဖန်ငါးရာငါးကမ္ဘာဝယ်
ပြန်ကာတလဲတွေ့ချင်သေးတယ်
အမေ့အတွက်သားသစ္စာလေ
ကမ္ဘာမြေပံသု သိလာထုလဲ သက်သေအထူးရှိဆဲပါ။



Friday, July 10, 2009

Define

***ဖွင့်ဆိုချက်***

ချိုသောအဆင်းရှိဧ။်
ရသတဏှာကိုစား၏ ။
ရာဂဘဝင်ကို ဖန်စေ၏ ။
ရှိုက်မက်သော အတွေ့ဖြစ်စေ၏ ။
အသိဥာဏ်ကို မှိုင်တွေ၏ ။
လုံးစုံဘဝကို ချုပ်စေ၏ ။
ထိုသို့ ဖြစ်ကုန်သော်
(၀ါ) ဖြစ်လာလတ္တံသော်
ဘောဇနကျမ်း အလိုအရ
" အချစ် " ဖြစ်၏..........။

Monday, July 6, 2009

Past

*.*.*တစ်ရံတစ်ခါဆီက*.*.*

“ဘာ”.......

ကိုယ်နားကိုယ်မယုံနိုင်အောင်ဖြစ်သွားတယ်။ “အောင်ခိုင်ဆုံးပြီ” “ဟုတ်မှဟုတ်ရဲ့လား။ ငါအိမ်မက်မက်နေတာလား။
အိပ်ချင်မူးတူးနဲ့ တဘက်မှအသံကိုကြားနေရတယ်။ ဝေလီဝေလင်းအချိန်ရဲ့ မှောင်ပြပြအလင်းရောင်အချို့ ခန်းဆီးစနောက်ကွယ်ကနေ ထိုးဖောက်ပြီး ငါ့ခေါင်းရင်းမှာ ဖြာဆင်းနေတယ်။ ဟုတ်ပါတယ်။ ဒါအိမ်မက်မဟုတ်ပါဘူး။


စင်ကာပူမှသော်ကြီးက မနက်စောစောဖုန်းဆက်ခေါ်ပြီး ဒီ သတင်းကိုပြောတာ။ အောင်ခိုင်ဆုံးပြီတဲ့။ ဦးနှောက်အမြှေးရောင်ပြီး ဆေးရုံမှာဆုံးတာ။ ညက ၃ နာရီလောက်ကမှ အလုပ်ကပြန် ရောက်လာတာ သိပ်တောင်မအိပ်ရသေးဘူး။

ပုံမှန်ဒီအချိန်ဆို နိုးတာတောင်မဟုတ်သေး။ မနက်စာဆိုတာကြာပြီမေ့ပေါ့။ အခုတော့ အောင်ခိုင်သတင်းကြားပြီး ပြန်လဲအိပ်မရတော့ဘူး။ စိတ်တွေဝေဝေဝါးဝါးဖြစ်သွားတယ်။ မသဲမကွဲနဲ့ ဒီကောင့်မျက်နှာကို တရေးရေး ပြန်မြင်လာတယ်။

ညာဘက်စောင်း ပြန်မှေးကြည့်တယ်။ မရဘူး။ ဘယ်ဘက်စောင်းလဲမရဘူး။ ရင်ထဲမှာလဲ ဆွေးသလိုလိုနဲ့ ခံစားရတာ။

ဟာကွာ………..။ ဘယ်လိုဖြစ်တာပါလိမ့်။ ဒီကောင်ကွာ ငယ်ငယ်ရွယ်ရွယ်နဲ့။ ဘာဖြစ်မှန်းမသိဘူး။ ကုတင်ပေါ်ကနေလှဲပြီး ဒီ ကောင်အကြောင်းတွေပဲ စဉ်းစားနေမိတယ်။



အောင်ခိုင်ရေ……

အသဲပန်းကဖီး မထိုင်တော့ဘူးလား….

စိုးလွင်လွင်ရဲ့ မောင့်မျက်ရည်ဝိုင်းမဆိုတော့ဘူးလား….

ကိုငှက်ရဲ့သီချင်းတွေလဲ နားမထောင်တော့ဘူးလား….

ရှမ်းလေးကွမ်းယာကတောင်မေးနေပြီ…..

တောင်ကြီးမှာ ငါးမုန့်ကြော်နဲ့မြည်းစဉ်ကပေါ့….

Grand Royal တွေတောင် ဈေးလျော့တော့မယ်……

အင်းလျားကန်က ဗူးသီးကြော်ဆိုင်တွေရော….

မန်ယူ ဒီနှစ်ဒုတိယပဲရတယ်ကွာ….

Royal က ခွေတွေပြန်မအပ်လို့တဲ့….

ရှမ်းမကတော့ဘူးလား…..

၁၉လမ်းက မင်းမပါလို့တဲ့…..

ငါစပ်တဲ့ ကဗျာတွေဖတ်ဦးလေကွာ….

ရည်စားဟောင်းတွေ လင်ယူကုန်ပြီ….

မိုက်ကယ်ဂျက်ဆင်တောင်သေပြီ….

အသည်းကွဲတိုင်း အရက်သောက်ရအောင်…

အရက်သောက်ပြီး အသည်းတွေကွဲရအောင်…

မူးပြီးတိုင်း မင်းရွတ်နေကြ မောင်စိန်ဝင်း(ပုတီးကုန်း)

ကဗျာလေးကတောင်မင်းကိုလွမ်းနေတယ်

YTUက ဘော်ဒါဟောင်းအတွက် ငိုနေပြီ....

ဆေးလိပ်တွေလျော့သောက်နေပြီဆို….

မင်းအခန်းရော ပွနေတုန်းပဲလား….

သံမဏိတွေအရည်ပျော်နေပြီလေ….

ကာရာအိုကေသွားဆိုကြမယ်လေ….

ရန်ကုန်မှာပဲပျော်တယ်ဆို….

ဘော်ဒါတွေအားလုံး “စလုံး” ထွက်မယ်….

ငါကတော့အင်းစိန်တက်မယ်တဲ့……

မင်းရုံးခုံလေးတွေက ပျင်းနေပြီတဲ့ကွ…..

မင်းရော….

ငါရော….

ဟိုကောင်တွေရော….

သြော် တစ်နေ့တော့လဲ………

..................................................။
(ကွယ်လွန်သွားသော အင်းစိန် သံမဏိစက်ရုံမှ A.E အရာရှိ သူငယ်ချင်း အောင်ကိုနိုင် (ခ) အောင်ခိုင်အတွက် အမှတ်တရ။)

Snake Defanged

#### မြွေဆွယ်ကျိုးခြင်း ####

ဝိ၀ါဒတွေ ကွဲပြားနေတဲ့
သင်္ခါရလောက၀ယ်
လောဘသက္ကာရ မထားပဲ
အတ္တကို ကန့်လန့်ကာချ
မာနကို ခ၀ါချနှင့်
တစ်ဘ၀စာ လျှော်လိုက်တော့မယ်။

အတ္တလူးနှင့် မာနရူး
ဒင်းတို့နှစ်ဦးကို
ယှဉ်ပြိုင်ကာ
သဂြုင်္ိဟ်လိုက်ရင်ဖြင့်
ဤဘဒ္ဒကမ္ဘာဝယ်
ဝါဒပြိုင် မနေတော့ပါဟု
ဝန်ခံကာ အားမာန်လျော့တော့မယ်
ငါ့..... ရှင်လူသား။

Sunday, July 5, 2009

Idler Habit


<<<<< ငပျင်းအကျင့် >>>>>>

ကြိုးစားရင်
ဒိုးပြားတောင် လှိမ့်လို့ရမယ်
မပျက်ရယ်ချင်ပါဘူး
ငါ့ အသက်တွေ ခြစားကုန်ပြီ။
အားမငယ်ပါနဲ့
ဆိုမယ်သာဆိုရတယ်
လက်တွေကြတော့
ဓာတ်ပြားသီချင်းလို မှိုတက်ကုန်ပြီ။
သံမှိုနှက်သလို
စွဲမြဲနေတဲ့ဘ၀တွေကို
ဘာလို့များ
သံချေးချွတ်သလို ချွတ်ချင်တာတုန်း။
ပတ်ဝန်းကျင် သရော်လည်း
စိတ်နေဘုံဖျား
လူနေချုံကြားမှာပါ။
အ၀ိစိကတောင်ပြောတယ်
လက်မှတ်ကုန်နေလို့..................တဲ့။

Saturday, July 4, 2009

Beyond Desire

*.*.* ဆန္ဒတစ်စုံရဲ့နောက်ကွယ် *.*.*

ငါလေ.......
ပူလောင်တယ် ဆိုမှ
ဒီမှာပဲ ပျော်နေပြီ။
အယူတိမ်းနေရာမှာ
ငွေတွေရသတဲ့လား။

ပဒေသာပင် ဘယ်မှာသီးလဲ
မိုးခေါင်ဒေသ ရပ်ဝန်းမှာလား။
မနေချင်ပေမယ့်
ဇာတ်ဆရာအလိုကျ

ကပြရတယ်
ဘာထူးမှာတုန်း။
မထူးပါဘူးရယ်နဲ့
နေသာနေခဲ့ရတယ်
ငါ့အသက်တွေကြီးရော။
ပြန်ချင်ပေမယ့်
မပြန်နိုင်သေးပါ
ရွှေဟင်္သာ
နားခိုက်နှင့်ကြုံ။

မေတ္တာထားလို့
ခရီးဦးကြိုပြုတယ်
ဘယ်အရပ်ကတုန်း။

ဘာညာတွေမတမ်းတပါဘူး။သားလေ
နုံချာတဲ့အမေ့ရဲ့ မြေမှ
ရွှေတိဂုံကို တ၀ကြီးဖူးချင်တယ်ဗျာ...............။

စွန့် ဦးတီထွင်သူများ- ၂

တလောက ကိုရန်အောင်ရဲ့စက်ဘီးစီးခြင်းအက်ဆေးလေးကိုဖတ်ရတော့အတော့်ကို သဘောကျတယ်ဗျ။နောက်ပြီး အခုလောလောဆယ် ကျွန်တော်လဲ ကျွန်တော်ရဲ့စွန့်ဦးတည်ထွင်သူများဆိုတဲ့ ခေါင်းစဉ်အတွက် စက်ဘီးအကြောင်း လေ့လာနေတော့ တိုက်ဆိုင်သွားပြီး သူ့အက်ဆေးလေးကို နောက်တစ်ခေါက်တောင် ထပ်သွားဖတ်ဖြစ်သေးတယ်။ ဟုတ်တယ်ဗျာ့.....ငယ်ငယ်က (၂တန်း၊၃တန်းအရွယ်ကပေါ့) သူများတွေ စက်ဘီးစီးတာမြင်ရင် ကျွန်တော်လဲအရမ်းစီးချင်တာ။ကျွန်တော်ကအဲဒီတုန်းက၂၅လမ်းအောက်လမ်း မှာနေတာပါ။ ၂၅လမ်းအောက်ဘက်ဆိုတာ အခုအချိန်အထိစက်ဘီးတွေ ရောင်းတဲ့လမ်းပေါ့။ကျွန်တော်တို့အိမ်လဲ (သူများကိုငှားထားတာ)စက်ဘီးအရောင်းဆိုင်ပါ။နေခင်းဘက်(ကျွန်တော်ကျောင်းမသွားတဲ့ရက်တွေ) ဆိုရင် အိမ်ရှေ့စက်ဘီးရောင်းတဲ့နေရာလေးဟာ ကျွန်တော့်ကစားကွင်းပေါ့။ အလုပ်သမားအစ်ကိုကြီးတွေကလဲ စက်ဘီးတွေဆင်တဲ့သူကဆင်၊ ရောင်းတဲ့သူကရောင်းနဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက ကျွန်တော်စက်ဘီး ပတ်စီးချင်တယ်လို့ပူဆာတိုင်း ကျွန်တော့်ကိုတင်ပြီးစက်ဘီးတပတ်စီးပြရတယ်။ကျွန်တော်ဆိုတဲ့ကောင်ကလဲ အရွယ်သာငယ်တာ(အဲဒီတုန်းကအရွယ်ကို အခုပြန်တွေးပြီးပြောတာ) စက်ဘီးဆိုရင် ကိုယ်တိုင်နင်းရမှ။အတင်းကို စက်ဘီးရဲ့ဘားတန်းအောက်ကိုအတင်းဝင်(ယောကျာ်းစီးမောင်ဗမာစက်ဘီးပါ) ခြေနင်းပေါ်တက်၊ အတင်းနင်းတော့တာပဲ၊ ကလေးအရွယ်ဆိုတော့ ဒေါက်ထောက်ထားမှန်းလဲမသိ၊ နင်းနေရပြီဆို ပြီးရော နောက်တော့မှ ငါနင်းနေတာ ဘာကြောင့်မရွေ့တာလဲ။ဟိုဒီလျောက်ကြည့်တော့မှ ဒေါက်ထောက်ထားတာ တွေ့ပြီး ထောက်ထားတဲ့ဒေါက်ကို မနိုင့်တနိုင်ဖြုတ်တော့တာပဲ။စက်ဘီးကိုမနိုင်ပဲဒေါက်ကိုဖြုတ်တာ စက်ဘီးကကိုယ်ပေါ်မှောက်ကျပြီး လည်နေတဲ့နောက်ဘီးထဲ ကျွန်တော့်ညာဘက်လက်ဝင် သွားရောဗျ။



(ကောင်းတယ်။ ဒီလောက်ကမြင်းတဲ့မျောက်ဘာဖြစ်သွားလဲ သိချင်တယ်မဟုတ်လား။)ကျွန်တော်ကံကောင်းတယ်ဆိုရမလားပဲ။စက်ဘီးခြေနင်းကနေ ကျွန်တော့်ရဲ့ကလေးအားနဲ့နင်းတော့စက်ဘီးနောက်ဘီးကအရမ်းမလည်ပဲ ကျွန်တော့်လက်ဝင်သွားတာနဲ့ ဘရိတ်အုတ်သလိုဖြစ်သွားပြီးကျွန်တော့်ရဲ့ ညာဘက်လက်မလေးကိုပဲ ဟက်တက်ကွဲပြီး တသက်တာအမှတ်တရဒဏ်ရာ ပေးသွားပါတယ်။အခုဒီစာကိုရေးနေစဉ်အထိ ကျွန်တော့်လက်မက ဒဏ်ရာကိုကြည့်ပြီး ငယ်စဉ်ကစက်ဘီးအလွန်စီးချင်သောငယ်ဘ၀လေးကိုပြန်သတိရမိပါသေးတယ်။ဒါတင်ပဲလား။ နောက်ရှိပါသေးတယ်။ မြို့ထဲမှာနေတော့ မြို့ထဲမှာ ကားကရှုပ်၊လူကရှုပ်နဲ့ဆိုပြီး အမေက စက်ဘီးဝယ်မပေးပါဘူး။အဲဒီအချိန်ကBMXဘီးတွေ အရမ်းခေတ်စားနေတာ။ကလေးတကာက BMXမှ BMXအရမ်းခေတ်စားတဲ့အချိန်ကိုဗျ။ နောက်ကျွန်တော် ၅တန်းမှာ ကမာရွတ်ကိုပြောင်းရတော့ အိမ်နီးနားချင်းကလေးတွေ(နောင်ကျွန်တော်ရဲ့ အခင်ဆုံးကျောင်းနေဘက်တွေ) စက်ဘီးကိုယ်ဆီနဲ့ နွေရာသီကျောင်းပိတ်ရက်ဆိုရင် တခြားမြို့နယ်ကသူငယ်ချင်းတွေသွားခေါ် ပြီးတော့ ကျွန်တော်တို့ အိမ်နားက အင်းယားကန်ဘောင်ဘက်သွားပြီးအကြော်သွားစားကြတယ်။ဟဲဟဲ....အကြော်ပဲစားတာပါ။ အဲဒီတုန်းကဘာစိတ်မှရှိသေးဘူး။သိပ်မတွေးနေကြနဲဦးနော်။အားလုံးမှာ စက်ဘီးကိုယ်စီနဲ့ ကျွန်တော်ကလွဲရင်ပေါ့။ကျွန်တော်ကတော့ အိမ်ဘေးက သူငယ်ချင်းသော်ကြီးကောင်းမှုနဲ့ သူစက်ဘီးအပို (သူအစ်ကိုတွေရဲ့ဘီးပါ)ကိုစီးရတာပါ။အိမ်ကို စက်ဘီးဝယ်ပေးဖို့ပြောတိုင်း အမေကနင်တို့တွေကို စက်ဘီးဝယ်ပေးလိုက်ရင်း မြင်းဇောင်းကမြင်းကို ကြိုးဖြေပေးသလို ဖြစ်နေမှာပေါ့။နင်တို့က လမ်းထဲတင်စီးမှာမဟုတ်ဘူး။အင်းစိန်လမ်းမပေါ်တက် ကားတိုက်ရင် ငါပဲရင်ကြိုးရမှာပေါ့ဆိုပြီး ဘယ်တော့မှ မ၀ယ်ပေးဘူး။ကျွန်တော်လဲ အမေကိုပြောဖန်များတော့ ဒီစကားကိုနားယဉ်လာပြီ။ကဲ မ၀ယ်ပေးလဲနေကွာဆိုပြီး စက်ဘီးဝယ်ဖို့ရူးတာကို ရပ်လိုက်တယ်။ ကျွန်တော်တို့ကလဲ စက်ဘီးအမြဲစီးတာ မဟုတ်ဘူးလေ တခါတရံမှဆိုတော့။တကယ်ပါအမေက သူသာသေသွားတယ် စက်ဘီးဘယ်တော့မှ မ၀ယ်ပေးသွားဘူး။ ဒါပေမယ့် အခုအသက်အရွယ်တွေရ၊ ကလေးတွေ ဘာတွေရလာတော့မှ ဟိုတုန်းကအမေ ဘာကြောင့်စက်ဘီးမ၀ယ်ပေးရလဲဆိုတာ နားလည်သဘောပေါက်လာတော့တယ်။မိခင်စိတ်ဆိုတာ သားသမီးတွေအတွက်တော့ ကိုယ်ကိုတိုင် မိဘနေရာရောက်မှ သိလာတော့တယ်ဗျာ။ ကျွန်တော်တို့တွေ ၁၀တန်းအောင်ပြီး တက္ကသိုလ်တွေတက်ဖို့စောင့်နေတုန်းအထိ ဒီလိုပဲ စက်ဘီးတွေစီးပြီး တစ်ယောက်အိမ် တစ်ယောက်လျှောက်လည်ခဲ့ကြတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့အခုစီးနေကြတဲ့ စက်ဘီးလေးတွေကကနဦး အစကဆိုရင် တာရာတို့ ကျွတ်တို့တောင်မပါသေးဘူး။ သူတို့ကို ဘယ်လိုစီးကြလဲဆိုရင် နွားလှည်းကဘီးတွေလိုပေါ့ အားလုံးက သစ်သားတွေနဲ့ပါ။စက်ဘီးဆိုတာကို Wikiတွေထဲမှာ အခုလိုဖွင့်ဆိုထားတာကတော့ တန်းများနှင့်တွဲ၍ ရှေ့နောက်နှစ်ဘက်တန်းလျှက်ရှိသော ဘီးနှစ်ဘီးကိုလူ့စွမ်းအား(ခြေထောက်)ဖြင့်နင်းရသောအပေါ့စားယာဉ်တစ်မျိုးဟုတွေ့ရှိရပါတယ်။ပထမဆုံးတီထွင်တဲ့ စက်ဘီးကို (တကယ်ဆိုရင် စက်ဘီးလို့ပြောရခက်ပါတယ်)။ ၁၈၁၇ခုနှစ်မှာ ဂျာမနီလူမျိုး Baron Von Drais ဆိုတဲ့လူကတီထွင်ခဲ့တာပါ။သူစတီထွင်တဲ့ စက်ဘီးဟာ အစကကျွန်တော်ပြောသလို ခြေနင်းမပါ။တာယာမပါ။အားလုံးသစ်သားကိုယ်ထည်ချည်းပဲ။စီးချင်ရင်လူကပထမလမ်းလျောက်ရင်းတွန်းပေးရပါတယ်။နဲနဲလေးအရှိန်ရလာမှ လူကအပေါ်ကနေ တက်ထိုင်ပြီးလိုက်သွားရပါတယ်။(ကျွန်တော့်စိတ်ထင် သူတို့စီးပုံက အခုခေတ်ကလေးတွေ စကူတာတို့၊ စကိတ်တို့ စီးသလိုပဲထင်ပါတယ်။)အဲ့ဒီအချိန်ရဲ့အတိုင်းအတာမှတ်တမ်းများအရ အဲ့ဒီစက်ဘီးဟာ တစ်နာရီကို၁၅ကီလိုမီတာနှုန်းပဲပြေးပါတယ်။ ဒီဘီးလေးတွေကို အပြေးယာဉ် (Running Machine)လို့ခေါ်ကြတယ်။ဒီလိုဘီးမျိုးတွေကို ၁၈၃၀အထိ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပါတယ်။၁၈၃၉ခုနှစ်မှာ စကော့တလန်နိုင်ငံသား ပန်းပဲဆရာကြီး Krikpatrick Macmillan ဆိုသူက ခြေနင်းပါပြီး ပထမဆုံး လူတွေဟာ ခြေထောက်ကို မြေကြီးမှာထိစရာမလိုပဲခြေနင်းရုံနဲ့စီးလို့ရတဲ့စက်ဘီးမျိုးကိုတီထွင်ပြန်ပါတယ်။ သူစတင်တီထွင်ခဲ့စဉ်ကစက်ဘီးက တဘက်ပုံပါအတိုင်းဖြစ်တဲ့ Pedal Driven Bicycle (ခြေနင်းစက်ဘီး)လေးပါ။ဂရင်းနစ်စာအုတ်မှာစက်ဘီးကို သူကစတီထွင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။သူမွေးရပ်မြေ စကော့တလန်နိုင်ငံ Coathillမှာ ၁၉၄၆ခု စက်တင်ဘာလ(ဒုတိယကမ္ဘာစစ်ကြောင့် ၈နှစ်နောက်ကျရတာပါ)မှာ သူ့ရဲ့တီထွင်မှု နှစ်တစ်ရာကို ကျင်းပခဲ့ပါတယ်။

၁၈၆၀ခုနှစ်အစောပိုင်းမှာတော့ ပြင်သစ်လူမျိုးပန်းပဲဆရာသားအဖPierre နှင့် Ernest Michaux တို့ဟာ လူနှစ်ယောက်စီးလို့ရသော နောက်တွဲစက်ဘီးမျိုးကို တီထွင်ခဲ့ပါတယ်။သူတိုရဲ့စက်ဘီးမျိုးဟာ အရှေ့ဘီးဟာ အနောက်ဘီးထက်ကြီးတဲ့အမျိုးအစားပါ။

တကယ်တမ်းစီးကြည့်တော့ သူတို့စက်ဘီးတွေဟာ ကုန်းအဆင်းတွေမှာ ခက်ခက်ခဲခဲတွေ့ရပါတယ်။ အဲဒီတော့ သူတို့သားအဖဟာ စက်ဘီးလက်ကိုင်နဲ့ ခြေနင်းကို စက်ဘီးအရှေ့ဘီးနဲ့ တွဲပြီးတပ်ဖို့ အကြံရလာပါတယ်။

၁၈၆၉မှာ ဗြိတိန်မှ Reynoldကလည်း နှစ်ထပ်စမုတ်တံ(Double-spoke)နှင့်စက်ဘီးမျိုးကိုထွင်ပြန်ပါတယ်။ သူ့ဘီးကိုယ်ထည်ကို ပေါ့ပါးတဲ့သံတန်းမျိုးနဲ့တည်ဆောက်ပြီးဘီးကိုလည်း ရာဘာတန်းကို (အထဲမှာ ကျွတ်မပါသေးပါဘူး။) သစ်သားခွေပေါ်မှာ သံရိုက်ပြီးတာရာခွေ သံကိုယ်ထည်စက်ဘီးမျိုးပါ။သူနောက်မှာလည်း တီထွင်သူအမျိုးမျိုးက စက်ဘီးပုံစံအမျိုးမျိုးကို သူနည်းသူဟန်တွေနဲ့ တီထွင်ကြပြန်ပါတယ်။
၁၈၇၉ခုနှစ်မှာအင်္ဂလိပ်လူမျိုးHarryJohnLawsonဆိုသူက နောက်ဘီးနှင့်တွဲလျှက်နင်းရသောချိန်းတပ်ဘီးအမျိုးအစား တီထွင်ခဲ့ပြန်ပါတယ်။ သူတီထွင်တဲ့ ချိန်းတက်ဘီးဟာ အခုခေတ်စီးနေသောဘီးလိုမျိုး ခြေနင်းကို ရှေ့ဘီးနှင့် နောက်ဘီးကြားမှာထားပြီး နင်းတဲ့ပုံစံပါ။

၁၈၈၅မှာ အင်္ဂလိပ်လူမျိုး John Kemp Starleyက ရှေ့ဘီး နောက်ဘီးအညီ(အခုခေတ်စီးသလို) စက်ဘီးနောက်တမျိုးကို တီထွင်လာပါတယ်။ သူဘီးဟာ ယခင်ဘီးများကို ကျော်တက်သွားပြီး ယခုကျွန်တော်တို့စီးနေသောဘီးတွေရဲ ကနဦးမူလအစ ဖြစ်လာပါတယ်။စက်ဘီးထိုင်ခုံ၊ ခြေနင်းဝင်ရိုး(အလယ်ဘားတန်း)၊ လက်ကိုင်တန်းတွေဟာဟန်ချက်ညီအောင်အတော့်ကိုထိန်းမတ် လာနိုင်ပါတယ်။

အခုခေတ် ကျွန်တော်တို့စီးသော စက်ဘီးမျိုးအထိရောက်အောင်

တီထွင်သူများဟာ ခေတ်အဆက်ဆက်သူတို့နည်းသူတို့ဟန်ဖြင့်တီထွင်ကြံဆဖန်တီးခဲ့ကြပါတယ်။

Thursday, July 2, 2009

Ash

------ ပြာ --------

ပေါ့ပေါ့လေးပါပဲ
ကိုမျိုးကျော့သီချင်းတော့မဟုတ်
လေတိုက်တိုင်းလဲ လွှင့်လို့သွားတာ........ပြာ။
အဖေဗိုလ်ချုပ် အမေမိုးကုတ်
ကြွယ်ဝတာတော့အံ့မခမ်းပဲ
မာနထောင်လွှား တခွဲသားနဲ့
သေဆုံးတော့လဲ ဖြစ်လို့သွားတာ........ပြာ။
ဗလာနတ္ထိ မျိုးဆွေမရှိ
ငတ်မွတ်လွန်းလို့ တောင်းစားရတဲ့
အမောင်ဖုန်းစား သွားရတာလဲ.........ပြာ။
တန်းစားမခွဲ မွေးပြီးတာနဲ့
သုခ ဒုက္ခ အထွေထွေလည်း ရင်ဆိုင်ရမယ်။
ချစ်ခြင်း မုန်းခြင်း အဖျာဖျာလည်း တွေ့ဆုံရမယ်။
ပျော်ကြ ငိုကြ ဘ၀ဇာတ်လည်း ကကြရမယ်။
တွေ့ဆုံ ကြုံကွဲ တခဏလည်း ဖြစ်ကြရမယ်။
နောက်ဆုံးမှာတော့ အားလုံးတို့ရဲ့
ဆုံမှတ်တွေက.................ပြာ။

Buddha Bar

****ဗုဒ္ဓဘား****

ခေတ်မှီတယ်တဲ့
ဘာလဲ.........
ကိုးကွယ်မှုက
ယမကာဆိုင်လေ....။
ငြိမ်းချမ်းတယ်တဲ့
ဘုရားရှင်မျက်နှာတော်
ဖျော်ဖြေမှုလား.....။
ဝါဒတွေ မတူပေမယ့်
ဒါကိုတော့
ချမ်းသာပေးပါ....။
ကိုယ်လုပ်ချင်တိုင်း
ဖြစ်တယ်ဆိုရင်
ကန့်တော့ဗျာ
မနှိုင်းကောင်းနှိုင်းကောင်း
ကိုယ့်အမေကို ပြန်ယူကြပါလား။

ကျွန်တော်ကဗျာရိုင်းသွားရင်ခွင့်လွှတ်ပါဗျာ။ဒီအကြောင်းရေးချင်တာကြာပြီ။ကဗျာလေးပဲရေးပြီးမှတ်စုထဲသိမ်းထားရတာ။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဒီနာမည်စကြားတော့က အစပ်အဟပ်မတဲ့သလို ဖြစ်နေတာ။ကိုယ်ယုံကြည်တဲ့ အလေးအမြတ်ထားတဲ့ဘုရားရှင်ရဲ့နာမည်ကို ဘုရားတားမြစ်တော်မူတဲ့ ယမကာနဲ့ တွဲဖက်တွေ့ရတော့ ရင်ထဲကသိကအောင့်ဖြစ်တယ်ဗျာ။စတွေ့တာကရန်ကုန်ကတည်းကလွန်ခဲ့တဲ့၈နှစ်ဝန်းကျင်ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က လန်ဒန်မြူးဇစ်ခွေရောင်းတဲ့ဆိုင်မှာအဲဒီတုန်းကEnyaခွေဝယ်ဖို့သွားတာ။ဟိုဒီရှောက်မွှေရင်းနဲ့BuddhaBarChillout ဆိုတဲ့နာမည်နဲ့ခွေသုံးလေးခွေသွားတွေ့ရတယ်။နောက်တော့ဒူဘိုင်းရောက်ပြီးမှဗုဒ္ဓဘားဆိုတာ
အရက်ဆိုင်နာမည်ဆိုတာသိရတယ်။ဗုဒ္ဓဘားစတင်ထူထောင်သူကတော့RaymondVisanဆိုတဲ့ပြင်သစ်နိုင်ငံသားပါ။
၁၉၉၆ခုနှစ်လောက်မှာစတင်ပြီးဗုဒ္ဓဘားကိုဖွင့်ခဲ့တယ်။အခုဆိုရင်ဗုဒ္ဓဘားဆိုတဲ့နာမည်နဲ့ကမ္ဘာအ၀ှမ်းမှာဖွင့်နေကြပါပြီ။
ဒီနေရာတွေက ကျွန်တော်သိသလောက်ပြောရရင်-

- Boissy-d'Anglas street, France
- Beriut, Lebanon
- Dubai, U.A.E
- Cairo
- Kiev, Ukraine
- Sao Paolo, Brazil
- London
- Prague, Czeh Republic
- Monaco
- Washington, U.S.A
- Dublin, Republic of Ireland
- Jakata, Indonesia တို့မှာပါ။
သူတို့က ဒီဘားတွေကို တကယ်ဗုဒ္ဓဘာသာနိုင်ငံတွေမှာတော့ မဖွင့်ရဲသေးဘူး (အထင်ပြောတာပါ။ နောင်ဆိုရင်တော့မသိဘူး)။ဒီနာမည်နဲ့  ဘားတင်မကတော့ပါဘူး စားသောက်ဆိုင်၊အနှိပ်ခန်း (spa)၊ ဟိုတယ်၊ Chill outသီချင်းခွေများ စတာတွေပါ စီးပွားဖြစ်လုပ်နေကြပါတယ်။ အခုဆို အင်ဒိုနီးရှားဗုဒ္ဓဘာသာများက သူတို့ ဆီက ဗုဒ္ဓဘားကို နာမည်ပြောင်းဖို့ တိုက်တွန်းနှိုးဆော်နေတာအောင်မြင်နေပါပြီ။ သူတို့တွေကကိုယ့်စီးပွားအတွက် သူတပါးဘာသာရဲ့နာမည်ကို ခုတုန်းလုပ်နေတာ ကောင်းကြသေးရဲ့လားဗျာ။ အရက်ရောင်းပါ ဗုဒ္ဓနာမည်နဲ့ ဗုဒ္ဓရုပ်ထု(ဆင်းထုတော်)တွေကိုအလှဆင် အပန်းဖြေဖို့ မသုံးစေချင်ဘူးဗျာ။ ကမ္ဘာ့ဗုဒ္ဓအသင်းကြီးရေ....ဒီအတိုင်းကြည့်နေကြတော့မှာလား။
ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ပါစေသော်..............။

စွန့် ဦးတီထွင်သူများ

ဒီခေါင်းစဉ်ဘာကြောင့်ပေးရလဲဆိုတော့အခုပြောမယ့်အကြောင်းအရာတွေက မိတ်ဆွေတို့သိပြီသား ဖြစ်ချင်ဖြစ်နေမယ် ကမ္ဘာမှာပထမဆုံးသော တီထွင်သူတွေရဲ့အကြောင်းပါ။သူတိုတွေဘာတွေကိုတီထွင်ကြလဲ၊ ဘယ်လိုအခက်အခဲတွေတွေ့ရလဲဆိုတာတွေပါ။တစ်ချိုအကြောင်းအရာတွေ မှားခဲ့ရင်ခွင့်လွှတ်ပြီးအမှားပြင်ပေးကြပါ။

အင်း..................ဘာအကြောင်းကစပြောရမလဲ...?????? ဟာ....ကွာမထူးပါဘူး။ ငါအခုကိုင်ပြီးစာရေးနေတဲ့ ဘောပင်အကြောင်းပဲ ရွှီးရင်ကောင်းမယ်။(စာရေးရင် ဘောပင်နဲ့အရင်ရေးချရတာ မဟုတ်ရင်စာရိုက်နေရင်းကိုပြောချင်တာတွေပြောက်ကုန်ရောသိတယ်မှတ်လားလိပ်ကတောင်ဆရာခေါ်ရတယ်..
အေဖိုးတစ်မျက်နှာနှစ်ရက်)။ရွှီးတယ်ဆိုလို့ပေါက်ကရမထင်ပါနဲ့။ နယ်နယ်ရရမဟုတ်ပါဘူး အလယ်ကမလှပါ။အမှုမဲ့မှတ်မဲ့ဟိုချောင်းဒီချောင်း(စာအုပ်နဲ့wikiဆိုက်ပါ။သမီးရည်းစားအတွဲချောင်းတာမဟုတ်ဘူး။ဝါသနာမပါဘူး။ ဟဲဟဲ..ခင်ဗျားတို့အနော့်ကိုမယုံဘူးမှတ်လား)။ကဲကဲပြောနေတာာကြာပါတယ်.........ကဲရွာစားရေ...
မင်းသမီးထုတ်ရအောင်ဟေ့။ဟာ..စာသားတွေဇာတ်ထဲရောက်ကုန်ပြီ။ကဲကဲအပျော်တွေအပျက်တွေ ဘေးချတကယ်ချော်တဲ့ စာသားတွေရေးရအောင်ဗျာ။
ကျွန်တော်တို့အခုရေးနေတဲ့ဘောပင်ကိုစဦးတီထွင်သူက ၁၈၈၈ခုနှစ်မှာ အမေရိကန်လူမျိုး
သားရေနယ်သမားJohnJ.Loudက ပထမဆုံးသောဘောနှင့်ရေးသောBallPointPen (အရင်က ဖောင်တိန်တွေနဲ့ စာရေးကြတာပါ) ကိုတီထွင်ခဲ့ပါတယ်။ အဲဒီတုန်းကသူဟာတီထွင်ရုံသာတီထွင်ခဲ့ပြီး လူတကာသုံးဖို့စီးပွားဖြစ် မထုတ်လုပ်နိုင်သေးပါဘူး။ သူဘာဖြစ်လို့မထုတ်လုပ်နိုင်သေးတာလဲ ဆိုတော့သူတီထွင်ခဲ့တဲ့ဘောပင်က အဓိကမှင်ပြဿနာပါ။ အပူရှိန်ကြောင့် အရည်ပျော်နေတဲ့မှင်ကို ကြာရှည်စွာ မထိန်းသိမ်းနိုင်သေးလို့ပါ။ ဒုတိယအဆင့်အနေနဲ့Loudရဲ့ တီထွင်မှုနှစ်၅၀အကြာမှာ ဘောပင်ကိုစီးပွားဖြစ် ထုတ်လုပ်နိုင်အောင် ကြိုးစားကြသူများကတော့ ဟန်ဂေရီနိုင်ငံသားညီအစ်ကိုLadislas (Lazlo ဆိုတဲ့နာမည်နဲ့ ဂင်းနစ်စာအုပ်မှာဖော်ပြထားပါတယ်) နှင့်Georg Biroတို့နှစ်ဦးဟာ ၁၉၃၈မှာ ဈေးအသက်သာဆုံး ဘောပင်ကိုပထမဆုံး ထုတ်လုပ် ခဲ့ပါတယ်။ အကြီးဖြစ်တဲ့ LadislasBiroဟာ အရမ်းတော်ပြီး သူ့အစွမ်းအစတွေကို လဲယုံပါတယ်။ ဒါကြောင့် သူဟာ သူ့ညီဓာတုဗေဒပညာရှင် Georg အကူအညီနှင့် မှင်ကိုဘောပင်ထဲမှာ ကြာရှည်စွာ ထိန်းသိမ်းနိုင်မည့်နည်းကို ရှာဖွေခဲပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတို့ရဲဒဏ်ကြောင့် သူတို့ညီအစ်ကိုဟာ ဥရောပကနေ အာဂျင်တီးနားနိုင်ငံကိုထွက်လာပြီး သူတို့တီထွင်ထားတဲ့ ဘောပင်ကို ထုတ်လုပ်ဖို့ကြံကြပါတယ်။ ကံဆိုးစွာနဲ့ သူတို့ထုတ်လုပ်တဲ့ဘောပင်တွေရဲ့ မှင်တွေဟာ မခြောက်သွားပေမယ့်လဲ ကမ္ဘာဆွဲအားကြောင့် လက်ထဲမှာကြာရှည်စွာ တည့်တည့်မတ်မတ် မကိုင်ထားနိုင်ပဲ မှင်တွေဟာ ဘောစိမှတဆင့် ယိုစီးကျလာတာကိုတွေ့ရပါတယ်။ တခါတရံမှင်တွေဟာစာရွက်ပေါ်ကို ပစ်ခဲစွာထွက်ကျလာပါတယ်။ ဒီပြဿနာကို ဖြေရှင်းသူကတော့ အမေရိကန်နိုင်ငံသား အရောင်းစာရေးလေး Milton Reynoldဟာ Biroညီအစ်ကိုရဲ့ ပြဿနာကိုတွေ့ရှိပြီး မှင်များကို ယိုစီးမကျလာစေအောင်ဖန်တီးပြီး ၁၉၄၅ခုမေလတွင် Reynold International Pen Companyကို တည်ထောင်ပြီး ကမ္ဘာ့အအောင်မြင်ဆုံး Reynoldဘောပင်များကို ထုတ်လုပ်ခဲ့ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ ဘောပင်တွေဟာ ခေတ်အဆက်ဆက် ပညာရှိ အဖုံဖုံတို့တီထွင်ကြံစထုတ်လုပ်မှုကြောင့် အခုဆိုရင် အကောင်းတကာ့ အကောင်းဆုံး ရေးသားနိုင်ကြပါပြီ။

Wednesday, July 1, 2009

ကိုငှက်အမှတ်တရ - ၁


***အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ***

ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၂


***ချောင်းကြည့်ပေါက်များ***
သူ့အလို …
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁) “စကားလုံးများ”ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည် “အစစ်အမှန်”ဖြစ်တယ် … တဲ့။
(၂) “ခြေထောက်တွေ”ဟာ “လမ်း”ဖြစ်ပြီး
“ငါ”သည် “ခရီးဆုံး” ဖြစ်တယ် … တဲ့။
(?) ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကျမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ … တဲ့။

အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ ငါကဖြင့် … တဲ့။

အင်း …
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ …
… … … ။ ။
သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၃

*** မနှင်းဖြူ ***

“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၅

*** အမေ***

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၎

***အသက်သည် အိမ်မက်***

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၆

*** မြ***
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ

Related Posts Plugin for WordPress, Blogger...