Monday, September 24, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၅.၀၉.၂၀၀၇)

ဓာတ်ပုံ မူပိုင်ခွင့်များနှင့် ပတ်သက်၍

ယခုအခါတွင် ဘလော့ဂ် အတော်တော်များများတွင် သံဃာတော်များရဲ့လှုပ်ရှားမှု မှတ်တမ်များကို တွေ့မြင်ရပြီး နိုင်ငံတကာက မြန်မာ့နိုင်ရေး လေ့လာသူများအတွက် များစွာ အကျိုးရှိလှသလို မီဒီယာရေစီးကြောင်းအရလည်း လွန်စွာမှ သွက်လက်မြန်ဆန်လှပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ အားသာချက်တွေပါ။

ကျွန်တော် ပြောချင်တာကတော့ အဲလို မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေ အတွက် အကျိုးရှိတဲ့ ပုံတွေဟာ တကယ်တော့ လွယ်လွယ်နဲ့ ရခဲ့ကြတာမဟုတ်ပါဘူး။ အဲဒီပုံတစ်ပုံရဖို့ ဓာတ်ပုံရိုက်သူဟာ သက်ဆိုင်ရာက ငါ့ကိုချောင်းကုတ်သွားမလား သံဃာတော်တွေကပဲ ကင်မရာကိုယူပြီး ပေါက်ချိုးလေမလား ထောက်လှမ်းရေးအဖွဲ့က လို့ထင်ပြီး ဘေးပတ်ဝန်းကျင်က ပရိတ်သတ်တွေက ၀ိုင်းသမကြလေမလား ဆိုတဲ့ အတွေးတွေ အန္ဒရာယ်တွေကြားကနေ အချိန် ငွေအား အကုန်ခံပြီး ရိုက်ကူးခဲ့ကြရတာပါ။ အဲဒီအတွက် ပထဆုံး အချိန်ကုန်ပါတယ်၊ ဒုတိယ အလုပ်ပျက်ပါတယ်။ ဒါပေမယ့် ရိုက်ကူးသူတွေမှာ အချိန်ကုန်တယ် အလုပ်ပျက်တယ်လို့တောင် မထင်မိပါဘူး။ သို့သော် အချိန်တွေ ငွေတွေ လုပ်အားတွေနဲ့ အခန့်မသင့်ရင် ထောင်ကျနိုင်တဲ့ အခြေအနေတွေကို ရင်းနှီးပြီး ရိုက်ကူးခဲ့ကြရတာပါ။

အဲလို အရင်းနှီးပေါင်းများစွာနဲ့ ရိုက်ကူးခဲ့ရပြီးမှ ကိုယ်ရိုက်ခဲ့တဲ့ ပုံတွေက နေရာတကာမှာ ပလူပျံနေအောင် ပေါပေါများများ တွေ့ရပါတယ်။ အဲလို ဓာတ်ပုံတွေ တင်ထားတဲ့ ဘလော့ဂ်တွေ မီဒီယာတွေမှာလဲ ရွှန်းရွှန်းဝေတဲ့ ချီးကျူးဂုဏ်ပြုသံ အားပေးသံတွေလည်း ညံနေပါတော့တယ်။

အဲဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ ပြောစရာရှိတာက တချို့သော ဘလော့ဂ်တွေဟာ ကိုယ်တိုင်ပဲ ရိုက်ကူးခဲ့သလို ဘာလိုလိုနဲ့ မူရင်းပုံနဲ့ မတူအောင် ဖြတ်တောက်ပြီး တင်ကြပါတယ်။ ဘယ်လိုပဲ ဖြတ်ဖြတ် ဘယ်လိုပဲ ကတ်လုပ်လုပ် မူရင်းပုံပိုင်ရှင်ကတော့ ပုံရဲ့ရှုဒေါင့် ကိုကြည့်ရုံနဲ့ ကိုယ့်ပုံ ဟုတ်မဟုတ်ဆိုတာ သိပါတယ်။

အဲဒီမှာ ပုံရိုက်သူတွေခံစားရတာက ကိုယ်ကတော့ ထောင်နဲ့ရင်းပြီး ပိုက်ဆံတစ်ပြားမှ မရပဲ အများသူငှာကြည့်ပါစေတော့ ဆိုတဲ့ စေတနာနဲ့ ဖြနှ်ု့ဝေပေးတဲ့ပုံကို တခြားလူက သူရိုက်သလို ဘာလိုလိုနဲ့ ခပ်တည်တည်ကြီး ကောက်တင်ထားတဲ့ အခါမှတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကတော့ ဓာတ်ပုံသမား တစ်ယောက်ရဲ့ခံစား ချက်ကိုပြောပြတာပါ။

ဒါကြောင့် ကျွန်တော့်ဘလော့ဂ်မှာ ဖော်ပြထားတဲ့ ပုံတွေကိုတော့ သုံးပါ။ ဒီဘလော့ဂ်လင့်က ရတယ်ဆိုတာကိုလဲ မပေးချင်နေပါ။ သို့သော် အဲဒီပုံကို ကိုယ်တိုင်ရိုက်ကူးခဲ့တာ မဟုတ်ဘူး ကိုယ်ပိုင်တာ မဟုတ်ဘူးဆိုတာ ကိုတော့ သိသာထင်ရှားအောင် ဖော်ပြပေးပါလို့ တောင်းဆိုချင် ပါတယ်။

ကျေးဇူးတင်ပါတယ်။

Sunday, September 23, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၄.၀၉.၂၀၀၇)


ရွှေတိံဂုံဘုရားသို့ သံဃာများ စတင်ချီတက်စဉ်

ကြေးသွန်းဘုရားကြီးကို ရောက်တော့ နံနက်ဆယ်နာရီ ထိုးနေပြီ။ ကြေးသွန်း ဘုရား အ၀င်မှာ ထမင်းထုပ်တွေ ရေသန့်ဘူးတွေကို အထုပ်လိုက် အထုပ်လိုက် တွေ့ရတယ်။ ကျွန်တော် ဖိနပ်ကို အ၀င်ဝမှာ အပ်ပြီး ဘုရားထဲ ၀င်လာတော့ ဦးမောင်(ကျော်သူ) ပုတီးစိပ်နေတာကို တွေ့ရတယ်။ ပတ်ဝန်းကျင် ကြည့်လိုက်တော့ လူကတော့ ခပ်ကျဲကျဲပဲ။ နေကလည်း တော်တော်ကို ပူတယ်။ သုံးလေးရက်ဆက်တိုက် မိုးတောထဲမှာ ချဉ်းပဲနေလာလို့လား မသိဘူး ဒီနေ့မနက်မှာ ပုံမှန်ပူတဲ့ နေရောင်ကို ကြာကြမခံနိုင်ဘူး။ ဒီနေအတိုင်းသာ ဆိုရင် သံဃာတော်တွေ ဘယ်လို လုပ်ကြမလဲလို့ တွေးလိုက်မိတယ်။
ဦးမောင်(ခ) ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ပုတီးစိပ်နေစဉ်

ကျွန်တော့်ကို အမျိုးသမီး တစ်ယောက်က ဖဲပြားလေတစ်ခု လာပေးတယ်။ အဲဒီဖဲပြားလေးက လိမ္မော်ရောင်ရှိပြီ အောက်ဘက်ကို ထောင့်ခွက်ပုံ ဖြစ်နေအောင် ကတ်ကြေးနဲ့ ကိုက်ထားတယ်။ သူများတွေကို ကြည့်လိုက်တော့လည်း အဲလို ဖဲပြားလေးတွေကို ရင်ဘတ်မှာ ထိုးထားကြတယ်။ အဲဒါကြောင့် ကျွန်တော်လဲ လူစိမ်းအမျိုးသမီး လာပေးတဲ့ ဖဲပြားလေးကို ရင်ဘတ်မှာ ထိုးထားလိုက်တယ်။

အဲဒီမှာ နာမည်ကြီးကဗျာ ဆရာတစ်ယောက်တော့ ပျားပန်းခတ် အလုပ်ရှုပ်နေတယ်။ ဦးမောင်ကတော့ ပုတီးစိပ်နေတုန်းပဲ။ နောက်တော့ လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ သိပ်မကြာဘူး ဇာဂနာတို့ ဖိုးဖြူတို့ ရောက်လာတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာ ဦးမောင်က ပုတီး စိပ်ပြီးနေပြီ။

နောက်တော့ ဦးမောင်တို့ အုပ်စုက ခေါင်းဆောင်သူတွေ စုံတဲ့ အခါမှာ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ပြင်တယ်။ ဆွမ်းကပ်တဲ့ နေရာမှာတော့ သံဃာတော်တွေက ကြားတောရလမ်းကနေ ကြေးသွန်းဘုရားကြီး ထဲကို သင်္ကန်းသပ္ပယ်ပြီး ၀င်လာတဲ့ အခါမှာ လူတွေက ထမင်းထုပ်နဲ့ ရေဘူးကို ကပ်ကြတာဖြစ်တယ်။ အဲဒီလို ဆွမ်းကပ်ဖို့ အတွက် လူတွေက ဘုရားဝင်ပေါက်ရဲ့ လမ်းဘေးဝဲယာမှာ နေရာယူကြတယ်။ လူတိုင်းကိုယ်စီရဲ့ လက်ထဲမှာ ရေဘူးတစ်ဘူးစီနဲ့ ထမင်းထုပ် တစ်ထုပ်စီကို ထည့်ပေးထားတယ်။ ဘယ်သူမဆို သံဃာတော်တွေကို ဆွမ်းကပ် နိုင်အောင်လို့လေ။

သံဃာတော်များကိုဆွမ်းကပ်စဉ်
အဲဒီလို ကပ်လှုလိုက်တဲ့ ဆွမ်းတွေကို သံဃာတော်တွေဟာ ဘုရားထဲမှ အဆင်ပြေသလို ဘုန်းပေးရတယ်။ ကိုယ်တော် အများစုကတော့ အခင်းထိုင်စရာ ရှိပေမယ့် အချို့သော ကိုယ်တော်တွေကတော့ သံမံတလင်းမှာ ထိုင်ပြီး ဆွမ်းဘုန်းပေးရတယ်။ တကယ်တော့ သံဃာတော်တွေ အများစုဟာ သန်တုန်းမြန်တုန်း အရွယ်ဖြစ်တာကြောင့် လူလိုဆိုရင်တော့ စားကောင်းတဲ့ အရွယ်တွေပါ။ အဲလို သန်မာတဲ့ အရွယ်မှာ ဆွမ်းထုပ်လေးတစ်ထုပ်ဟာ တစ်နေ့လုံးစာ အဆာခံနိုင်တဲ့ ပမာဏ ရှိမှာတော့မဟုတ်ပါဘူး။ သို့ပေမယ့် တစ်ပါးကို တစ်ထုပ်ကျနဲ့ ရေတစ်ဘူးသာ ဘုန်းပေးခဲ့ရပါတယ်။
ဆွမ်းဘုန်းပေးနေသော သံဃာတော်အချို့

အဲဒီထဲကမှာ ခေါင်းဆောင်ဆရာတော် ၁၅ ပါးကိုတော့ ရှင်ဥပဂုတ် ကျောင်းဆောင်မှာ ဆွမ်းကပ်ခဲ့ပါတယ်။ အဲလို ဆွမ်းကပ်ရာမှာလည်း ဦးမောင်တို့ ဦးဇာဂနာတို့ ကိုယ်တိုင်သွားကပ်ကြပါတယ်။

အမျိုးသားရေးဦးဝင်းနိုင်၊ ဇာဂနာ

အပြင်ကို ထွက်လိုက်တော့ အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံခြား သတင်းဌာန တစ်ခု အင်တာဗျူးလုပ်နေတာကိုတွေ့ရပါတယ်။ နောက်တော့ သိပ်မကြာလိုက်ဘူး ဆွမ်းစားပြီးတဲ့ သံဃာတော်တွေ အပြင်ကိုထွက်လာကြတယ်။ နောက်တော့ တန်းစီကြတယ်။ တန်းစီနေတုန်းမှာ ခေါင်းဆောင် ဆရာတော်တွေက စည်းကမ်း ချက်တွေကို ကြေငြာပါတယ်။ စည်းကမ်းချက် တွေအရ လိုက်ပါသူ မည်သူ့ကိုမျှ စာရွက်စာတန်း ကိုင်ဆောင်ခွင့် မပေးပါဘူး။ အကြမ်းဖက်ခွင့် မပေးပါဘူး။ အားလုံး စည်းကမ်းရှိရှိ လမ်းလျှောက် ကြဖို့ ဖြစ်ပါတယ်။ တန်းစီပြီး သွားတော့ ဘုရားပေါ်တက် သွားကြတယ်။ ဘုရားပေါ် တက်တဲ့ အချိန်မှာ နေ့လည် ၁၁ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဘုရားပေါ် လိုက်မတက်တော့ဘူး ပြန်လာခဲ့တယ်။

ကျွန်တော်ကြားမိ လိုက်သလောက် သံဃာတော်တွေဟာ ရွှေတိံဘုရား အရှေ့မုဒ်ကနေတက်ပြီး မြေက်ဘက်မုဒ်ကဆင်းမယ် ပြီးတော့ မြေနီကုန်း အဲဒီက တစ်ဆင့် လှည်းတန်း အဲဒီကတစ်ဆင့် ရှစ်မိုင် ပြီးတော့ ကမ္ဘာအေး ဘုရား ကမ္ဘာအေး ဘုရားမှာ တော်တော်ကြာကြာ နားပြီး ဆူးလေကို ဆက်လက်ချီတက်ကြ မယ်လို့ ဆိုပါတယ်။

ညနေ သုံးနာရီလောက်မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တယ် ဆူးလေကို သံဃာတော်တွေ ရောက်လာပြီတဲ့။ အဲဒီ အချိန်မှာ မိုးက ရွာနေပြီ။ အဲဒါနဲ့ ကျွန်တော်လဲ ဆူးလေဘုရားကို အသည်းအသန် သွားခဲ့တယ်။ မြို့တော် ခန်းမရှေ့ရောက်တော့ သံဃာအုပ်လိုက်ကြီးဟာ မြို့တော်ခန်းမနဲ့ မဟာဗန္ဒုလ ပန်းခြံကြား မှာ ထိုင်နေကြတယ်။ ဘေးနားက လူပရိတ်သတ် အချို့ကလည်း သံဃာတော်တွေလိုပဲ ဆောင့်ဆောင့် ထိုင်ပြီး လက်အုပ်ချီထားကြတယ်။ ကျွန်တော် သေချာကြည့်လိုက်တော့ အခု အဖွဲ့ သတ်သတ်တစ်ဖွဲ့ ဖြစ်နေတယ်။ မနက်က ဦးမောင်တို့ ဆွမ်းကပ်လိုက်တဲ့ အဖွဲ့ မဟုတ်ဘူး။

ဒါပေမယ့် အခုဖွဲ့က သံဃာတော်ဦးရေက ပိုများမယ်လို့ ထင်မိတယ်။ ပြီးတော့ နောက်ဆုံးမှာ သီလရှင်တွေလည်း ပါလာတယ်။ အဲဒီမှာ ကျွန်တော့် စိတ်ထဲမှာ ဘ၀င်မကျတာ တစ်ခုက သံဃာတော်တွေ ဘေးနားက ခြံရံလိုက်ပါလာတဲ့ လူထဲတစ်ချို့ဟာ အရက်တွေ သောက်ထားကြတယ်။ တကယ်ဆိုရင် အဲဒါ မဖြစ်သင့်ပါဘူး။ တချို့က အနံ့တွေ ထောင်းထနေတယ်။ တချို့က မျက်လုံးကြီးတွေ နီလို့ရဲလို့။

အခုကျွန်တော် တွေ့နေရတဲ့ အဖွဲ့ကတော့ေ၇ွှတိံဂုံကနေ ချီတက်ခဲ့တာလို့သိရတယ်။ ဒီအဖွဲ့က နောက်ကျလို့ ဦးမောင်တို့ ဆွမ်းကပ်တဲ့ အဖွဲ့ကို မမှီလိုက်တာတဲ့။ စုံစမ်းကြည့်တော့ ဗိုလ်တစ်ထောင်ကို သွားမယ်တဲ့။ အဲဒါကြောင့် ကျွန်တော်မလိုက်တော့ဘူး ကမ္ဘာအေး ဘုရားက ဆင်းလာမည့် အဖွဲ့ကိုပဲ ဆူးလေကနေ စောင့်တော့မယ်ဆိုပြီး နေထားရစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖွဲ့ ဆူးလေမှာ တရားဟောဖို့ အစီစဉ်တွေပါ ပါတယ်လို့ ကြားထားလို့လေ။

နောက်တစ်နာရီ လောက်ကြတော့ အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ အဖွဲ့ကလည်း ရွှေတိံက စထွက်တာပဲတဲ့။ အဲဒီ အဖွဲ့လည်း ဆုဆောင် မေတ္တာပို့ပြီး ဗန္ဒလလမ်းအတိုင်း ဆက်ထွက်သွားတယ်။ ကျွန်တော်လည်း ဆူးလေမှာပဲ ဆက်စောင့်နေတယ် လိုက်မသွားဖြစ်လိုက်ဘူး။

စောင့်ရင်းရင်နဲ့ ညနေ ခြောက်နာရီ ထိုးသွားတယ်။ ကမ္ဘာအေးဘုရားကို တက်သွားတဲ့ အဖွဲ့က ရောက်မလာဘူး။ မိုးလဲချုပ်ပြီး လာနိုင်ဖွယ်ရာလည်း မမြင်တာကြောင့် ကျွန်တော် အိမ်ကိုပြန်ခဲ့လိုက်တယ်။

နောက်မှ သိလိုက်ရတာက အဲဒီအဖွဲ့ (ဦးမောင်တို့ဆွမ်းကပ်သောအဖွဲ့)က ကမ္ဘာအေး ဘုရားရောက်တော့ ညနေ ငါးနာရီ ထိုးခါနီးပြီ ဖြစ်တာကြာင့် အဲဒီမှာပဲ အဆုံးသတ်လိုက်တယ်လို့ သိရတယ်။

စက်တင်ဘာလ ၂၄ ရက်

Saturday, September 22, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၃.၀၉.၂၀၀၇)


ရွှေတိံဘုရား အရှေ့မုဒ် ကြားတောရလမ်းက ထွက်လာစဉ်

ကျွန်တော် ဖုန်းဆက်ကြည့်တယ်။ ``သံဃာတော်တွေ ရွှေတိံဂုံ ဘုရားပေါ်တက်သွားပြီ လိုက်ခဲ့တော့´´ သူငယ်ချင်း တစ်ယောက်က ပြောတာနဲ့ ကျွန်တော ရွှေတိ ဂုံဘုရားဆီကို အပြေးလာခဲ့တယ်။

အချိန်က နေ့လည်တစ်နာရီ ခွဲတော့မယ်။ ကျွန်တော်ကားကို တောင်ဘက်မုဒ်ကို မောင်းခိုင်းရလား အရှေ့မုဒ်ကို မောင်းခိုင်းရမလား မဝေခွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာတော်တွေက ဘယ်မုဒ်က ဆင်းမယ်ဆိုတာ ဘယ်သူမှ ကြိုသိဘူးလေ။ အဲဒီတော့ ရွှေတိဂုံအရှေ့မုဒ်ကို အရင်သွားကြည့်မယ် မရှိမှ တောင်ဘက်မုဒ်ကနေ ပြန်တက်မယ်လို့ စဉ်းစားပြီး အရှေ့မုဒ်ကို ထွက်ခဲ့တယ်။

ကိုယ့်မင်းကိုယ့်ချင်း လမ်းကနေ ကြားတောရလမ်းကို ချိုးကွေ့လိုက်တော့ . . .. ၊ တွေ့ပါပြီ။ သံဃာတော်တွေ သာသနာ့ အလံကိုလွင့်ထူပြီး အရှေ့မုဒ်က ကြားတောရလမ်း အတိုင်းဆင်းလာကြတယ်။ အဲဒီအချိန်မှာ နေ့လည်တစ်နာရီ ခွဲနေပြီ။ ကျွန်တော်လဲ ကားကိုလမ်းဘေးမှာ ရပ်ခိုင်းလိုက်ပြီး ကင်မရာကိုဆွဲကာ ပြေးဆင်းခဲ့တယ်။ သံဃာတော်တွေရဲ့ အရှေ့မှာ ဓာတ်ပုံရိုက်နေကြတဲ့ မီဒီယာတွေကိုလဲ တွေ့ရတယ်။ ကျွန်တော်လဲ အပြေးအလွား သွားပြီ ဓာတ်ပုံရိုက်လိုက်တယ်။

ခါတိုင်းနေ့နဲ့ မတူပဲ ပိုပြီး ထူးခြားတာက ဒို့အရေး ဒို့အရေးလို့ အော်ကြတယ်။ အရင်နေ့က လုံးဝ မအော်ကြဘူး။ ဒို့အရေး ဒို့အရေး အော်ပြီး တောင်းဆိုမှုတွေ ပါလာပြီဆိုတော့ ဆန္ဒပြတဲ့ အဆင့်ကို ရာနှုန်းပြည့် ရောက်သွားပြီဆိုတာကိုလဲ သိလိုက်ရတယ်။ အဲဒီမှာ ပြည်သူတွေနဲ့ သံဃာတွေ တောင်းဆိုတာကတော့

အောင်ဆောင်စုကြည် လွတ်မြောက်ရေး
တွေ့ဆုံ ဆွေးနွေးရေး
ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွပ်မြောက်ရေး
ဒို့အရေး အရေးတော်ပုံ အောင်ရမည်

ဆိုတဲ့ကြွေးကြော်သံတွေနဲ့ တခဲနက်ဟစ်ကြွေး ချီတက်လာခဲ့ကြတယ်။

အဲလိုချီတက်ရာမှာလဲ စည်းကမ်းရှိရှိ စနစ်တကျ ဖြစ်စေဖို့ အရှေ့ဆုံးက ဆရာတော်တွေက မိုက်ခွက်နဲ့ သတိပေးနေတာကိုလည်း ကြားရတယ်။ ကိုယ့်မင်းကိုယ့်ချင်းလမ်း မကြီးပေါ် ဗဟန်းသုံးလမ်း ထိပ်နားအရောက်မှာ မီဒီယာထဲမှာ နာမည်ပျက်နေသူ မြတ်ခိုင်ကို တွေ့လိုက်ရတယ်။ မြတ်ခိုင်က ဓာတ်ပုံတစ်ပုံ နှစ်ပုံကို လမ်းမကြီးအလည် စည်းမျဉ်းပေါ်ကနေရိုက်ပြီး နောက်တော့ ဘယ်ပျေက်သွားလဲ မသိဘူး။

သံဃာတော်တွေ အတန်းအရှေ့မှာ ဗီဒီယိုရိုက်တဲ့လူ ဓာတ်ပုံရိုက်တဲ့လူတွေ စုံနေတာပဲ။ ထူးခြားတာက အဲဒီဓာတ်ပုံရိုက်တဲ့ လူတွေဟာ လက်ထဲမှာ မီနီဓာတ်ပုံ ကင်မရာရော ဗီဒီယို ကင်မရာကိုရောပါ တွဲကိုင်ထားကြတာကို တွေ့ရတယ်။ ဓာတ်ပုံရိုက်သူ အားလုံးဟာ မီဒီယာ အသိုင်းဝိုင်းက လူတွေချဉ်းပဲ မဟုတ်ပဲ အပြင်လူတွေပါ ပါဝင်နေတာကိုတွေ့ရတယ်။ အဲဒီထဲမှာ အစိုးရဘက်သား တွေလဲ ဖြစ်နိုင်သလို ပြည့်သူဘက်သားတွေလဲ ဖြစ်နိုင်ပါတယ်။


ဦးထောင်ဘို အ၀ိုင်းခေါ် ပတ္တမြားအ၀ိုင်းခေါ် ဗဟန်းအ၀ိုင်းကို ရောက်ရှိ ချီတက်လာစဉ်

ဦးထောင်ဘို အ၀ိုင်းကိုရောက်တော့ နေ့လည် နှစ်နာရီ ထိုးခါနီးနေပြီ။ သံဃာတော်တွေကတော့ ဆူးလေဘုရားကို ဦးတည်ပြီး သွားနေကြတယ်။ ဆန္ဒပြသံဃာတွေကြောင့် လမ်းပိတ်သွားပါတယ်။ ဒါပေမယ့် တစ်ဘက်ယာဉ်ကြောကတော့ မပိတ်ပါဘူး။ သံဃာတော်တွေ လမ်းလျှောက်နေတဲ့ ယာဉ်ကြောမှာလဲ ယာဘက်ဆုံး လိုင်းလေးကနေ ကားတစ်စီးစာ သွားလို့ရပါတယ်။

ကျောက်တိုင်မှတ်တိုင် နားကိုရောက်တော့ နေ့လည် နှစ်နာရီ ကျော်ကျော်ရှိပါပြီ။ မိုးကလဲ အဲဒီအချိန်မှာ ဖွဲဖွဲဖွဲ စရွာပါတယ်။ ကျွန်တော့ကင်မရာကို မိုးမစိုအောင် ကျွတ်ကျွတ်အိပ်နဲ့ ထုပ်လိုက်တယ်။ အဲဒီအချိန်မှာ ဆူဆူအသံကြားတော့ ကျွန်တော်ကြည့်လိုက်တယ်။ ဆန့်ကျင်ဘက် ယာဉ်ကြောက လိုင်းကားပေါ်မှာ သံဃာတော်တစ်ပါး။ ဘတ်စကားပြူတင်းပေါက်က ခေါင်းပြူထွက်ပြီ လက်တစ်ဘက် ဆလံသတဲ့ပုံလုပ်ပြီ လျှကိုထုတ်ပြထားတယ်။ သူ့ပုံစံက စပ်ဖြီးစပ်ဖြီးနဲ့ လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေကို သရော်နေသလိုပဲ။

အဲဒီမှာ အချို့သောလူတွေနဲ့ သဃာတွေက ခဲနဲ့ပစ်ဖို့ ဒါမှမဟုတ် ရိုက်ဖို့ ပြေးသွားကြတယ်။ တစ်ဖွဲ့လုံးလည်းကြွက်ဆူ ကြွက်ဆူဖြစ်သွားတယ်။ ဒါပေမယ့် အားလုံးက တားနိုင်လိုက်ပါတယ်။ အခုအချိန်မှာ အားလုံး စိတ်ရှည်ဖို့ သီးခံဖို့ ပြောပြီး ဆက်လျှောက် လာခဲ့ကြတယ်။ အဲဒီအချိန်မှာ မိုးက စတင်တင်ရွာသွန်းပါပြီ။ ဒါပေမယ့် ဘယ်သူမှ ထီမဆောင်းကြပါဘူး။ ဆောင်းတဲ့လူရှိရင်လည်း အချင်းချင်း မဆောင်းကြဖို့ တိုက်တွန်းကြတယ်။

ဒဂုံတစ် အရှေ့ကိုရောက်တော့ ဂုံးတံတားပေါ်မှာ နိုင်ငံခြား သတင်းထောက် နှစ်ယောက်သုံးယောက် ဓာတ်ပုံရိုက် နေတာကိုတွေ့ရတယ်။ သံဃာတော်တွေက ဆင်းခိုင်းလိုက်တော့ အဲဒီဓာတ်ပုံရိုက်နေတဲ့ လူတွေအောကိုပြန် ဆင်းသွားကြတယ်။ လမ်းဘေးဝဲယာမှာတေ့ လူအုပ်ကြီးကနေ လက်ခုပ်တွေတီးပြီး ကြိုတာ လက်ဝှေ့ယမ်းပြတာ တွေကတော့ ထွေထွေထူးထူး ပြောပြနေဖို့ မလိုတော့ဘူလို့ ထင်ပါတယ်။

အလံပြဘုရားလမ်းက ပတ်ရှိုင်ရယ် ဟိုတယ်အရှေ့ ရောက်တော့ ကျွန်တော့ကို ကားတစ်စီးက လာကြိုနေတယ်။ အဲဒီအချိန်ထိ မိုးတွေက သည်းသည်းမဲမဲ ရွာနေတုန်းပဲ။ ကျွန်တော်လဲ လာကြိုတဲ့ ကားပေါ်ကိုတက်လိုက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဆူးလေဘုရားကနေ ကြိုစောင့်နေမယ်ပေါ့။

ဆူးလေဘုရား ရောက်တော့ နည်းတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ သူတို့က ရွှေတိံဂုံ ဘုရားကနေ ဆင်းလာမဲ့ သံဃာတော်တွေကို စောင့်ကြိုနေကြတာ။ ကားကို မဟာမန္ဒုလ ပန်းခြံနားလေးမှာ ရပ်ခိုင်းပြီး ကျွန်တော်ဆင်းလာခဲ့တယ်။ အဲဒီအချိန်မှာ ကမ်းနားလမ်းဘက်က ပရိတ်ရွတ်သံတွေ ကြားနေရတယ်။ ကျွန်တော်ပဲ နားကြားမှားတာလား ဒါမှမဟုတ် ရွှေတိံဘက်က ဆင်းလာတဲ့ ကိုယ်တော်တွေရဲ့ ရွတ်ဖတ်သံတွေက အသံပြန်လာတာလား ကျွန်တော်လဲ မဝေခွဲတတ်ဘူး။
ကမ်းနားလမ်းဘက်က လာတဲ့အဖွဲ့

အဲလိုနဲ့ ကျွန်တော် လမ်းဖြတ်ကူးပြီး ဆူးလေဘုရား ပလက်ဖောင်းပေါ် ရောက်လာခဲ့တယ်။ တွေ့ပါပြီ။ ကမ်းနားလမ်းဘက်ကနေ ဆူးလေဘုရားကို ချီတက်လာတဲ့ သံဃာတော် အုပ်စုကြီးတစ်ခု။ အဲတော့မှ ကျွန်တော် သဘောပေါက်လိုက်တယ် စောစောက ကြားနေရတဲ့ ပရိတ်ရွတ်သံတွေက ဒီကိုယ်တော်တွေဆီက လာတဲ့ အသံတွေ။ ရွေတိံဂုံဘက်က ကိုယ်တော်တွေက ရောက်မလာသေးဘူး။

ကမ်းနားလမ်း ဘက်က လာတဲ့ ကိုယ်တော်တွေက မြို့တော်ခမ်းမဘက် အခြမ်းကနေ ပတ်ပြီး မြောက်ဘက်မုဒ်ကနေ တစ်ဆင့် ဆူးလေဘုရားပေါ် တက်သွားကြတယ်။ ကိုယ်တော်တွေ ဆူးလေဘုရားပေါ်ကို တက်လို့ မဆုံးခင်မှာပဲ ဟိုဘက်က ကိုယ်တော်တွေက ဆူးလေဘုရား ဆီကို ရောက်လာကြတယ်။ သံဃာနှစ်ဖွဲ့ဟာ ဆူးလေမှာ ဆုံကြတာပေါ့။ ဒါပေမယ့် ရွေတိံကနေ ကြွလာတဲ့ ကိုယ်တော်တွေက ဆူးလေဘုရားကို မတက်တော့ဘူး ကုလားဗလီ ဘက်ကနေ ဆူးလေကို ပတ်ပြီး ဗန္ဒုလလမ်းအတိုင်း ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ ဟိုဘက်လိုက်ရမလို ဒီဘက်လိုက်ရမလို ဖြစ်သွားတယ်။ ဗန္ဒုလလမ်းအတိုင်း သွားတဲ့ ကိုယ်တော်တွေက ဗိုလ်တစ်ထောင်ကို သွားမှာပဲလို့ ကျွန်တော် တွက်လိုက်မိတယ်။ အဲဒါကြောင့် ကမ်းနားလမ်းအတိုင်း လျှောက်ပြီး ဗိုလ်တစ်ထောင် ဘုရားကို ကြိုရောက်အောင် သွားထားနှင့်လိုက်တယ်။

ကျွန်တော်တောင် သိမ်ဖြူလမ်းမှာပဲ ရှိသေးတယ် သံဃာတော်တွေ ဗိုတ်တစ်ထောင်ဘုရားလမ်းကနေ ဘုရားထဲကို ၀င်သွားနေကြတာကို တွေ့လိုက်တယ်။ အဲဒါကြောင့် ကျွန်တော်လဲ ဗိုလ်တစ်ထောင် ဘုရားရှိရာကို ခြေကုန်သုတ်ပြီး ပြေးလာခဲ့တယ်။

ကျွန်တော် ဗိုတ်တစ်ထောင် ဘုရားရောက်တော့ သံဃာတော်တွေက ဗိုလ်တစ်ထောင်ဘုရား ပေါ်ကို သွားကြပြီး လက်ဝဲရစ် ဘုရားကို ပတ်နေကြတယ်။ ကျွန်တော်လည်း ဖိနပ်ကို ဘုရား အ၀မှာ ချွတ်ပြီး ဘုရားပေါ်ကို ပြေးတက်သွားတယ်။ ဘုရားပေါ်ရောက်တော့ ကြည့်လိုက်မှာ သံဃာတော် အရေအတွက်က တော်တော် နည်းနေတာကို သတိထားမိလိုက်တယ်။ ပြီးတော့ ရွှေတိံဂုံဘုရားမှာတုန်းက သီလရှင် တွေပါတယ်။ အခုအဖွဲ့မှာ သီလရှင်တွေကို မတွေ့ရဘူး။ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို စိတ်ထဲက အလိုလို သိလိုက်တယ်။

နောက်ပိုင်းမှ သိလိုက်ရတာက အခု ကျွန်တော်တွေ့နေရတာက တတိယမြောက်အဖွဲ့ ဖြစ်နေတယ်။ေ၇ွတိံဂုံက စထွက်တဲ့ အဖွဲ့ သိမ်ဖြူလမ်းအတိုင်း ယုဇပလာဇာ ဘက်ကိုတက်သွားတာတဲ့။

အဲဒီနောက်မှာ သံဃာတော်တွေဟာ ဘုရားအတွင်းမှာ ရွတ်ဖတ် မေတ္တာပို့ကြပြီး ဗိုလ်တစ်ထောင် ဘုရာလမ်းအတိုင်း ပြန်ထွက်သွားတယ်။ ကျွန်တော်လဲ ဆက်မလိုက်နိုင်တော့ဘူး။ ခြေထောက်တွေလည်း နာနေပြီ။ တစ်ညလုံး မအိပ်ရသေးတော့ လူကလည်းနှုံးနေပြီ ဒါကြောင့် အိမ်ပြန်လာခဲ့တယ်။ အိမ်ကိုလည်း လမ်းလျေက်မပြန်နိုင်တော့ဘူး။ ဘတ်စကားစီး မလို့ကြည့်တော့ ပိုက်ဆံ တစ်ပြားမှ ပါမလာဘူး။ လမ်းလျောက်ဖို့ကြတော့ လူကနှုံးနေပြီး ကားပေါ်ရောက်မှ ကြည့်ရှင်းမယ်ဆိုပြီး ဘတ်စကားပေါ်ကိုတက်ခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံ တစ်ပြားမှမပါဘူး

စက်တင်ဘာလ ၂၃ ရက်၊

Thursday, September 20, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၁.၀၉.၂၀၀၇)

မိုးထဲ ရေထဲ အားမာန်အပြည့်ဖြင့် တော်လှန်ရေးများ.....။ သာသနာ့အာဇာနည်များအား လေးစားဦးညွှတ်လျက်.....





Related Posts Plugin for WordPress, Blogger...