Thursday, October 18, 2007

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို အခိုင်အမာ သက်သေပြနေသည့် ကြေကွဲဖွယ်ရာ ဇာတ်လမ်းတပုဒ်ကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ ဘလော့ခ်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။
ဤကိစ္စမှာ မင်းမဲ့စရိုက်ကဲ့သို့ ပြောင်ပြောင်တင်းတင်းဖြင့်  လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်၍ မြန်မာနှင့် ထိုင်းအစိုးရများသာမက နှစ်နိုင်ငံစလုံးမှ ပြည်သူများ၊  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့တွင် တာဝန်ရှိနေပါသည်။  အားလုံးက အလေးအနက်ထား၍ ပူးပေါင်းဖြေရှင်းလျှင် နောက်နောင် မဖြစ်ပေါ်အောင် တားဆီးနိုင်ပါမည်။
လူ့အခွင့်အရေးများကို လေးစားကြောင်း၊ မတရားမှုများကို စက်ဆုပ်ရွံရှာကြောင်း ပြသသည့်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီကြပါရန် နှိုးဆော်လိုက်ပါသည်။
————

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီးရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက်သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ်ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။
သူမကို ဖမ်းမိရာလယ်ကွင်းထဲမှာပင် အဓမပြုကျင့်ခဲ့ကြပြီးနောက် သူတို့ဂိုဏ်းတည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။ သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။
သူမကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တိုက်ခန်းတွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံထားရကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်းသောကြောင့်
ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစုမှာ မွန်နှင့် မြန်မာမလေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေးထားကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ နင်တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြားခဲ့သော်လည်း မည်သည့်အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်းကားပြီး စက်ရုံပိုင်ရှင် သူဌေးများသည် ကိုယ်ပိုင် ငါးဖမ်းစက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင်လေ့ရှိကြသည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများတွင် လှေသားများ ပိုမို အလုပ်လုပ်ချင်စေရန် ပျော်ပါးရန် အပြီးရောင်းစား ပေးလေ့ရှိပြီး ထိုလှေသားများကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင်တော့သော ထိုမိန်းကလေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန်သော အကြမ်းဖက် လူကုန်ကူးမှုတွင် ထိုင်းရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထားကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည်တို့ကို ဆက်တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။
လူဆိုးများ ထွက်မပြေးနိုင်ရန် ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထားနေ စဉ် ဘီဘီစီ သတင်းဌာနမှ သတင်းကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းကလေးများ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့်အတွက်ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများကြောင့် ဇူလိုင် ၁၃ရက် ထိ ထိုမာဖီးယားဂိုဏ်းကို သူစီးနိုး ငါစီးနိုးနှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံ ရဲတစ်ဦး၏ နေအိမ်ဟောင်းအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အပြောင်သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက်မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည်ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံးပြီး အတင်းဖမ်းဆီးမှုကို ထူးခြားတိုက်ဆိုင်စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေးကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူ စောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထိုမာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင်များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယား ဂိုဏ်းသားများကိုလည်း ရှာမတွေ့တော့ပေ။
ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။
လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော်ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲသည်လို မသိချင်ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအားပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများမှ၎င်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှ၎င်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆိုပေးကြပါရန် ပန်ကြားအပ်ပါသည်။
ရည်ညွှန်းချက် ။
http://burmesemigrantwatch.blogspot.com/2007/10/blog-post_1880.html
အီးမေးလ်ဖြင့် ဤသတင်းပေးပို့သူ တဦးအား ကျေးဇူးတင်ရှိပါသည်။
အောက်တွင် Pavena Foundation  အကြောင်းကို ဆက်လက်ဖော်ပြထားပါသည်။

Link: http://www.humantrafficking.org/organizations/247

Pavena Foundation for Children and Women

Address

Pavena Foundation for Children and Women
1047 – 51 Pon Luang Complex
Soi AmpornPhan 12, Moo 7
Phaholythin Road, Klong Tanon, BangKhen
Bangkok 10220
Thailand

Contact Information

If calling from Thailand:
Tel: 972 5489 90
If calling from overseas:
Tel: +66 972 5489 90

Website

Email

Activities

Pavena Foundation for Children and Women - founded by Mrs. Pavena Hongsakul, Bangkok Member of Parliament - is a non-profit organization that was established to help children and women who are in need of help.
Objectives:
  • To help children and women who have been abused by providing a suitable physical and mental rehabilitation program for victims
  • To help children and women who are poor, unfortunate OR homeless, to be able to live normal lives
  • To help to promote and develop new income opportunities for victims through skills training
  • To promote Thai cultural activities throughout the world

Monday, October 15, 2007

အမေစုပြောတဲ့ ဒီမိုကရေစီဆိုတာ...


 If you can suffer, you can gain. What is valuable can not be obtained without effort. Don't depend on assistance (without strings attached) from here to there. (Daw Aung San Suu Kyi, 1991 Nobel Peace Prize Laureate)

"Democracy belongs to the nation as a whole and its not up to one individual/ one commision to make it happen... Whatever injustices there may be, we have to stand up against them in whatever way we can... We need to come together as a nation... united in harmony"

Wednesday, October 10, 2007

ဒဂုန်တာရာ သို့မဟုတ် မြန်မာ့သမိုင်း၏ ကြေးမုံတချပ်



စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကို စကားလုံး တလုံးတည်းနှင့် ဖော်ကျူးမည် ဆိုလျှင် “သက်ရှိသမိုင်း” သို့မဟုတ် “ကဗျာ တပုဒ်” ဟု တင်စားသင့်သည်။ သူ့ကို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး လှုပ်ရှားမှုများထဲတွင် ပါဝင်သူ တဦးအဖြစ် အများက သတ်မှတ်ထားသည်။
 
စာရေးဆရာ၊ သတင်းစာဆရာကြီးတဦးဖြစ်သည့် ဦးဝင်းတင်ကတော့ ဆရာကြီးကို “စာပေတံခွန်” “အတွေးအခေါ် တံခွန်” ဟု တင်စား၏။

၂၀၀၉ မေလ ၁၀ ရက်နေ့တွင် သူ့အသက် ၉၀ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ သူနှင့် ခေတ်ပြိုင် စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးလှုပ်ရှားသူများစွာ သူ့ထက်စော၍ လောကကြီးမှ ထွက်ခွာသွားနှင့်ကြပြီ ဖြစ်သော် လည်း သူကတော့ သမိုင်း၏ ပြယုဂ်အဖြစ်၊ သမိုင်းဝင်လူသားတဦး အဖြစ် အောင်ပန်းမြို့တွင် ယခုတိုင် သက်ရှိ ထင်ရှား ရှိနေဆဲပင်။

ဆရာကြီးသည် စာပေသစ် လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ရုံသာမက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် သူ့ခေတ်ပြိုင်လှုပ်ရှားမှု များထဲတွင် လူထုနှင့် အတူ နက်ရှိုင်းစွာ ပါဝင်ခဲ့သူ ဖြစ်သည်။

၁၃ နှစ်အရွယ်ကတည်းက ကဗျာကို မြတ်နိုးခဲ့ပြီး ၁၇ နှစ်သားအရွယ် ကတည်းက ဒီမိုကရေစီနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် ၁၉၃၈ - ၃၉ ခုနှစ်မှသည် ယနေ့တိုင် ခေတ်အဆက်ဆက် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဆရာကြီးသည် နိုင်ငံရေးပါတီများတွင်ပါဝင်ကာ နိုင်ငံရေးသမားအဖြစ် ခံယူလှုပ်ရှားသူတော့ မဟုတ်ခဲ့။ နိုင်ငံရေးသမားတော့ မဖြစ်လိုဟု သူ အမြဲပြောလေ့ရှိသည်။

သူ့ခံယူချက်နှင့် ပတ်သက်၍ ဆရာကြီးက “ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာ ရှိ။ နိုင်ငံရေး လှုပ်ရှားတယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ” ဟု ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် မေးမြန်း ရာတွင် ဖြေကြားခဲ့သည်။ ထိုစကားမှာ သူပြောနေကျ စကားလည်းဖြစ်၍ ၂၀၀၇ ခုနှစ်က ၈၈ နှစ်ပြည့်ခဲ့စဉ် မွေးနေ့ နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာပြည်သူများကို ပြောခဲ့သေးသည်။ ထိုစဉ်က “ရန်သူမရှိအောင် ပြောတာမဟုတ် ဘူး .. ရန်သူလိုသဘောမထားတာ” ဟု အဓိပ္ပာယ်ကိုပင် ဖွင့်ဆိုခဲ့သေးသည်။

အို .. ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း .. နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် .. သရက်ရွက်တို့
ပြိုးပြက်နီနီ .. ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား .. တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ်။

ဘယ့်နဲ့လဲ မေ
လူထဲသူထဲ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ .. ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် .. ပြောစမ်းပါ့။

အဆိုပါကဗျာလေးက ၁၉၄၇ ခုနှစ်တွင် ဆရာကြီး ရေးဖွဲ့ခဲ့သည့် “တဟီတီ သွားရအောင်” ဆိုသည့် ကဗျာ ဖြစ်သည်။ သူ့တွင် ထိုကဗျာထဲကလို လက်တွဲဖော် “မေ” တော့မရှိ။ တကိုယ်တည်း လူပျိုကြီးအဖြစ် ဘဝ ခရီးကို လျှောက်လှမ်းခဲ့သူဖြစ်သည်။

လူအပေါင်းနှင့် ဝေးရာတွင် အေးအေးလူလူ သူနေသည်။ ဆရာကြီးက လူများနှင့် ဖယ်ခွာ၍ နေလိုခြင်းကို “မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း” ဆိုသည့် ကဗျာလေးထဲ၌ ..

ငါတမူကား
ဘယ်သူကမျှ .. အမိန့်မချ
မိမိဆန္ဒဖြင့် .. မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် … ဟု ရေးဖွဲ့ခဲ့သည်။

ဆရာကြီးက ငြိမ်းချမ်းမှုကို မြတ်နိုးလိုလားသူ ဖြစ်ရုံမက အနုပညာ အလှအပကိုလည်း ခြယ်မှုန်းသူ၊ ဖန်တီးသူ မြတ်နိုးခုံမင်သူ ဖြစ်နေပြန်သည်။ သူက အနုပညာရှင်တဦး ဖြစ်သည်နှင့်အညီ သူမြတ်နိုးသော လွတ်လပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှားခဲ့သည်။ သူ့အနုပညာ ဖန်တီးမှုဖြင့် လူသားတို့ကို ပေးဆပ်ခဲ့ပြီး ပေးဆပ်နေဆဲ ဖြစ်သည်။

ဆရာကြီးသည် “သမိုင်းဆိုသည်မှာ အဆုံးမရှိ” ဟူသော ခံယူချက်ရှိသူ ပီပီ “အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိနိုင်။ ပစ္စုပ္ပန် မရှိဘဲ အနာဂတ် ရောက်ရှိမလာပေ။ ယင်းသို့ ဆက်စပ်မှုရှိသည်။ အတိတ်ကို ကောင်းစွာ မသိလျှင် ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်ရန် ခက်ပေမည်။ ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်မှသာလျှင် အနာဂတ်သည် ပေါက်ဖွားလာ နိုင်သည်။ ယင်းသို့ဖြင့် သမိုင်းသည် ဆက်စပ်နေသည်။ သမိုင်းသည် မဆုံး” ဟု ရေးဖွဲ့သည်။

ခေတ်တခေတ်ရှိ လူသားတို့သည် မိမိတို့တာဝန်ကျေပွန်ပြီး ထူထောင်မှသာလျှင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး ခေတ်ကို ရမည်ဟု ရည်ညွှန်းချင်ပုံရသည်။ ဆရာကြီးက “မျိုးဆက်တခေတ်နှင့်တခေတ် ဆက်စပ်နေသည်။ ယင်းကို သမိုင်းခေတ် အတွေ့အကြုံများဖြင့် သိရှိနိုင်သည်။ ကျနော်သည် သမိုင်းခေတ်တို့၏ မျိုးဆက်ခေတ် များကိုဖြတ်သမ်းလာရင်း မျိုးဆက်တခေတ်နှင့် တခေတ် ကျေးဇူးပြုမှုကို ထိတွေ့ခံစားရသည်” ဟူ၍ မျိုးဆက်တို့၏ အရေးပါမှု၊ ဆက်စပ်နေမှုကို ခြယ်မှုန်းပြနိုင်ခဲ့သည်။

သူ၏ “ကြယ်ရိပ်ပန်းနု” ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွင် သူ့အကြောင်းကို သူပြန်ရေးသောအခါ “သူသည် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ .. ၁၃၀၀ ပြည့်အရေးတော်ပုံကို ဖြတ်သန်းသွားသည်။ ဘဝဆိုသည်က မဖြတ်သန်း ချင်လည်းမရ” ဟူ၍ တွေ့ရသည်။

သူ နိုင်ငံရေးသမားတဦး မဟုတ်ကြောင်းကို “မြိုင်” ဝတ္ထုအမှာတွင် ထပ်ဆိုထားပြန်သည်။ “သူသည် နိုင်ငံရေးသမား ဘဝကို မရွေးချယ်ခဲ့။ သူရွေးချယ်သည့်အတိုင်း စာပေဘဝ၊ အနုပညာဘဝကိုသာ ဆုပ်မိ သွားခဲ့သည်” ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကိုသာ သေသည်ထိ ဆုပ်ကိုင်သွားမည့်ဟန် ရှိသည့် ဆရာကြီးက “ငြိမ်းချမ်းရေးနည်းနဲ့လည်း တော်လှန်ရေးကို လုပ်လို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဂီတသမားဘဝကိုတော့ သူက “နွေလယ်အိပ်မက်နှယ် အိပ်မက်မက်ခဲ့ဖူးသည်” ဟု ဆိုသည်။ ဂီတကို မြတ်နိုး လွန်းသူတဦးဖြစ်သည် ဆရာကြီး ဒဂုံတာရာသည် ကဗျာကိုလည်း ချစ်အားကြီးလွန်းပြန်သည်။ ထို့ကြောင့် ဆရာကြီးသည် ဂီတ အနုပညာသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ အယ်ဒီတာ၊ အနုပညာဆိုင်ရာ အတွေးအခေါ် ပညာရှင်၊ အလှဗေဒ ပညာရှင် ဖြစ်လာခဲ့သည်။

ဆရာကြီးသည် အနုပညာကိစ္စ အရပ်ရပ်ကိုတွေးလည်း တွေးသူ၊ နက်ရှိုင်းစွာတွေးတော ဆန်းစစ်သူ၊ တွေးသမျှကိုရေးသူ၊ တင်ပြသူဖြစ်သည်။ ထို့ပြင် စာပေအရေးအသား၊ စာပေဖွံ့ဖြိုးမှု အဆင့်ဆင့်၊ စာပေ ပုံသဏ္ဍန် ကူးပြောင်းမှု အဆင့်ဆင့် စသည်တို့ကို စိစစ်ပိုင်းခြားသည့် ပညာကို “စာပေသိပ္ပံ” ဟု အမည်တပ်ခဲ့သူ ဖြစ်သည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာတွင် သူ၏ “တာရာ” မဂ္ဂဇင်း စတင်မွေးဖွားခဲ့သည်။ မူရင်းအမည် ဦးဌေးမြိုင်မှ “တာရာ” အမည် တွင်ခဲ့သည်။ တာရာ မဂ္ဂဇင်း အမှတ် (၁) တွင်ပင် “စာပေသစ်” ဆိုသည့် အသုံးအနှုန်းကို စတင် သုံးစွဲ လိုက်သည်။

ဆရာကြီး၏ “တာရာ” သည် လူထု၏ တော်လှန်ရေးအခန်းကဏ္ဍကို မှောင်ချဖုံးကွယ်ကာ နယ်ချဲ့အရင်းရှင်ကို အားပေးထောက်ပံ့ခဲ့သော စာပေဟောင်းကို အာခံယှဉ်နိုင်ခဲ့သည်။ ဆရာ၏ စာပေသစ်မှာ ဒီမိုကရေစီ သို့ ဦးတည်နေခဲ့သည်။

စာပေသစ်အယူအဆနှင့်ပတ်သက်၍ သူက “စာပေသစ်သည် လူထု၏ တော်လှန်ရေး အခန်းကိုဖော်ထုတ်ကာ လူထု၏ ဘဝကို ပြသသည်။ စာပေသစ်သည် လက်ရှိ လူမှု စနစ်ကို မကျေနပ်ဘဲ ရှေ့သို့ချီသည်။ တိုးတက်သည်” ဟု ဆိုသည်။

“စာပေသည် လူမှုဆက်ဆံရေး ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ပြည်သူ၏ လှုပ်ရှားမှုများကို ဖော်ထုတ် ပြသရမည်။ ပြည်သူ၏ စိတ်ကူးတွင် ကပ်ငြိစွဲလမ်းအောင် အနုပညာဖြင့် လှုံ့ဆော်နိုင်ရမည် ဟူသော စာပေသစ် တာဝန်ကို ထမ်းကြအံ့” ဟု ဆော်သြပြန်သေးသည်။

ဆရာကြီးက စာပေကိုသာ လေ့လာညွှန်းဆိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မဟုတ်။ သူနှင့် ခေတ်ပြိုင် ရုပ်ပုံလွှာများကို လှလှပပ သေသေသပ်သပ် ခြယ်သ မှတ်တမ်းတင်နိုင်သူ ဖြစ်သည်။ လူကို လေ့လာခြင်း ဟူသော ခေါင်းစဉ်ဖြင့် ၁၉၄၆ မှ ၁၉၅၅ အတွင်း တာရာ၊ ရှုမဝ၊ ဂန္ထဝင် ဂျာနယ်တို့တွင် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာများ ရေးခြစ်ခဲ့ သည်။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သိန်းဖေမြင့် စသူတို့ကို တကွက်စီ ပုံဖော်ခြယ်မှုန်းခဲ့သည်။

မြန်မာစာပေတွင် “ရုပ်ပုံလွှာ” “ဖျတ်ခနဲ ရုပ်ပုံလွှာ” “လူကိုလေ့လာခြင်း” ဟူသော ဝေါဟာရများကို ဆရာကြီး ဒဂုန်တာရာက စတင်တီထွင်ခဲ့သည်ဟု ဆရာဇော်ဂျီက “ဖျတ်ခနဲ ရုပ်ပုံလွှာ” စာအုပ်အမှာစာတွင် ရေးသားခဲ့ သည်။ သို့ဖြစ်၍ ၁၉၅၅ ခုနှစ်တွင်ထုတ်ဝေဖြန့်ချိခဲ့သော ထိုစာအုပ်တွင် ဆရာဇော်ဂျီက “မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ရုပ်ပုံများကို ကလောင်သွားဖြင့် စာပန်းချီခြယ်မှုန်းရင်း အမျိုးသားရေး တာဝန်ကို အားပေးထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စာအုပ်အမှာစာတွင် -

“အကယ်၍ ဤစာအုပ်သည် အမျိုးသား ညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏ စေတနာကို သစ်ဆန်းလာအောင် လှုံ့ဆော်ပေးမည် ဆိုပါက သူ၏ နိုင်ငံရေး ရည်ရွယ်ချက်သည် တစိတ်တဒေသ ဖြည့်မည်ဟု ကျေနပ်ရပေမည်” ဟုရေးထား၏။

စာရေးဆရာအသင်း ဥက္ကဌ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယနေ့ထိ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေး စာများကို ရေးဖွဲ့နေဆဲဖြစ်သည်။ ဆရာကြီးသည် ယနေ့တိုင် စန္ဒရားကိုလည်း တီးခတ်ဆဲဖြစ်သည်။

စာပေ၏ တန်ဖိုး၊ လေးနက်မှု၊ ထိရောက်မှုကို သိနားလည်သူ ဖြစ်သည်နှင့်အညီ “စာပေဆိုသည်မှာ စက္ကူဖြူ ထက်တွင် အနက်ထင်၊ ကမ္ပည်းထိုးသည်ဖြစ်ရာ နှစ်ကာလ ကြာလေ ပျောက်မသွားဘဲ နှောင်းလူတို့က အကဲဖြတ်နိုင်လေ ဖြစ်သည်” ဟု သတိပေးထားလေသည်။

ထို့ကြောင့်လည်း ဆရာကြီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် စာရေးဆရာ မောင်သာမညက “မြန်မာစာပေအတွက် ခမ်းနားကြီးကျယ်လွန်းသည့် ထောက်တိုင်ကြီးတခု” ဟု တင်စားခြင်းဖြစ်မည် ထင်သည်။

ပိုလန်နိုင်ငံ ဝါဆောမြို့၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ “Request to the White Pigeon” (ချိုးဖြူသို့ ပန်ကြားချက်) ကဗျာ တပုဒ်ကို တင်သွင်းပေးပို့ခဲ့သေးသည်။ ပြည်တွင်း ငြိမ်းချမ်း ညီညွတ်ရေးအတွက် လည်း “ကြာပန်းရေစင်” ဝတ္ထုဖြင့် တာဝန်ကျေခဲ့သည်။

“ဆရာက ပုဂ္ဂိုလ်ရေးကိုတင် မကြည့်ဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ဦးစားပေးခဲ့တယ်။ ဒါကြောင့် ကျနော် ထောင်က စထွက်တဲ့နေ့က ပြောတဲ့စကားဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး စကားနဲ့ သဘောတူတူပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။

လတ်တလော ဗမာပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ၊ ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပြဿနာများကို ဆရာကြီးက စိုးရိမ်ပြီး သူ့ခေတ်တလျှောက် သူဖြတ်သန်း လုပ်ဆောင်ခဲ့သည့် နည်းအတိုင်း အကြမ်းမဖက်ရေးဖြင့် အဖြေရှာရန် အခါအားလျော်စွာ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။

လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍မူ ဆရာက “မှားတယ်မှန်တယ် ဆိုတာ ကျနော်တို့က ပြောဖို့ ခက်တယ်၊ သမိုင်းလမ်းကြောင်းမှာ မှားတယ် မှန်တယ်ဆိုတာကို နောက်လူတွေက ပြောပါလိမ့်မယ်” ဟု သူ့ သဘောထားကို ပြောပြသည်။

ထိုသို့ သူ့သဘောထားအမြင်များ၊ စိုးရိမ်စိတ်များကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသောကြောင့် စစ်အစိုးရ အာဏာပိုင်များက ဆရာကြီးကို စောင့်ကြည့်ခြင်း၊ သူ့ စာပေများကို ပိတ်ပင်ခြင်း၊ စိစစ်ဖြတ်တောက် ခြင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာမီဒီယာများနှင့် မဆက်သွယ်နိုင်အောင် တင်းကျပ်ပိတ်ပင် ကန့်သတ် ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံရေးလောကတွင် လက်ဝဲညီညွတ်ရေး ပျက်ပြားကာ အချင်းချင်း ကွဲပြဲ နေသည့် ကာလ၌ ဆရာကြီး၏ အရေးအသားကို စိတ်ကူးယဉ်စာပေသစ်၊ သရုပ်ပျက် စာပေသစ်ဟု ရေးကြသည်။

ဆရာကတော့ “စိတ်ကူးယဉ်စာပေဝါဒ (Romanticisms) ဆိုသည်မှာ တကယ့်ကို လူ့သဘာဝကနေ ကင်းကွာခြင်းမျိုး မဟုတ်ဘဲ ဘဝ၏ အလင်းနှင့် အမှောင် နှစ်ဘက်ရှိသည့်အနက် အလင်းဘက်ကို ကြည့်ခြင်း၊ ဘဝ၏ အလှနှင့် အကျည်းတန်နှစ်ဘက် ရှိသည့်အနက် အလှဘက်ကိုကြည့်ခြင်း သဘောသာ ဖြစ်သည်။ ယင်းသို့ ကျနော်နားလည်သည်။ စိတ်ကူးယဉ် အမြင်ဖြစ်သဖြင့် စိတ်ကူးယဉ် စာပေသစ်ဟု ဆိုလိုသည်” ဟု ဖွင့်ဆိုပြ ထားသည်။

သူ့ကို ဝေဖန်လာသည့် စာပေဝေဖန်ရေးသမား အားလုံးကိုလည်း ဒီမိုကရေစီဝါဒကို နှစ်သက်မြတ်နိုးသူပီပီ ပွင့်လင်းစွာ လမ်းဖောက်ပေးထားသည်။

“သမိုင်းဟူသည်မှာ မေ့ချန် ဖျောက်ဖျက်၍ ရသည်မဟုတ်ပေ။ ဝေဖန်ရေးသည် တိုင်းပြည်အတွက် အကျိုးရှိသော လုပ်ငန်းဖြစ်သည်။ ဝေဖန်ရေးရှိမှ တိုးတက်မည်ဟု ယုံကြည်မိသည်။ စာပေဝေဖန်ရေးသည် စာပေလောက အတွက် အကျိုးရှိသည်” ဟူ၍လည်း ဝေဖန်ရေးအလှကို ရှာဖွေပေးခဲ့သူဖြစ်သည်။

ဦးဝင်းတင်ကတော့ သူတို့လူငယ်ဘဝ ကတည်းကစပြီး ဆရာကြီးဒဂုန်တာရာ၏ စာပေနှင့် အတွေးအခေါ်များ သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း ဧရာဝတီမဂ္ဂဇင်းကို တယ်လီဖုန်းနှင့် ပြောကြားခဲ့သည်။

“ကျနော်သည် ဝတ္ထု၊ ကဗျာ စသော ရသစာပေတို့ကို ရေးရာတွင် မိမိ ခံစားမှုကို အသေးစိတ် ရေးခြယ်ချင်သည်။ ကျနော်သည် အရောင်၊ ရနံ့၊ အသံ၊ အထိအတွေ့ စသည်တို့ကို အသေးစိတ်ဖွဲ့နွဲ့တတ်သည်။ မျက်မြင် အာရုံ ရုပ်များကို ဖော်ပြရာတွင် အသေးစိတ်ပေါ်လွင်အောင် ဖွဲ့နွဲ့တတ်သည်။ ယင်းကိုရည်ရွယ်၍ ကျနော့်အဖွဲ့အနွဲ့ လွန်ကဲသည်ဟု မိတ်ဆွေတို့က ဝေဖန်ခဲ့ကြသည်။ ယင်းသို့ဝေဖန်သည်မှာ လွန်ခဲ့သော အနှစ် ၃၀ ကျော် ကတည်းက ဖြစ်သည်” ဟု ဆရာကြီးက သူ့အနုပညာသဘောထားကို ဖော်ပြရင်း ဝေဖန်ရေးကို ကြိုဆိုခဲ့၏။

အသက် ၈၄ နှစ်ရှိပြီဖြစ်သော သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကလည်း ဆရာကြီး ဒဂုန်တာရာ၏ “မေ” ဝတ္ထုကို တက္ကသိုလ် ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ကြောင်း အမှတ်တရ ပြောပြသည်။

“အဲဒီကတည်းက ဆရာကြီးက သိပ်အောင်မြင်ကျော်ကြားခဲ့တာ။ ကျနော်ဆို အဲဒီဝတ္ထုကို ၃၊ ၄ ခါ လောက် ဖတ်ခဲ့တာ” ဟု သခင်ချန်ထွန်းက ဆိုသည်။

ဆရာဦးဝင်းတင်က ဆရာကြီး ဒဂုန်တာရာကိုပေးခဲ့ဖူးသည့် Philosophy of revolution စာအုပ်ကို ဆရာကြီးက “နာဆာရဲ့ အိပ်မပျော်သော ညများ” အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ “အဲဒီစာအုပ်ဟာ မတရား အာဏာသိမ်းတဲ့ အာဏာရှင်တယောက် ခံစားရတဲ့ စိတ်ဝေဒနာကို ပြချင်တာပဲ” ဟု ဦးဝင်းတင်က သူပေးခဲ့သည့် စာအုပ်နှင့် ပတ်သက်၍ အမှတ်တရ ပြောပြသည်။

ဆရာကြီးကတော့ ယခုထိတိုင် ဂုဏ်ပကာသနများကို မမက်မောဘဲ စာပေချစ်မြတ်နိုးသူ၊ ငြိမ်းချမ်းရေး၏ ပြယုဂ် အဖြစ် အေးငြိမ်းစွာ နေထိုင်ဆဲဖြစ်သည်။ ဆရာကြီး၏ အထူးခြားဆုံး ဂုဏ်ပုဒ်မှာ ရာထူး၊ ဂုဏ် ဆုတံဆိပ်များကို မမက်မောသူ၊ အခွင့်အရေးမယူသူအဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆရာ မောင် သာမညက သုံးသပ်သည်။ ဆရာကြီးသည် နိုင်ငံတော်ကပေးအပ်သည့် ဆုတံဆိပ်ပေါင်းများစွာကို ငြင်းပယ် ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ငြိမ်းချမ်းရေးဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားသော ဆရာကြီး ဒဂုန်တာရာက သူ၏ အသက် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်စကားအဖြစ်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ပြောကြားခဲ့သည်။

“အခုထိကော ရှေးတုန်းကကော ယုံကြည်တာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးရှိမှ ဖြစ်မယ်။ ညီညွတ်ရေးရမှ ငြိမ်းချမ်းရေးရမယ်” ဟူ၏။

ဆရာကြီးပြောသော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ … ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုသော စကားလုံး များကတော့ ယနေ့ စစ်မက်ထူပြောကာ ရန်လိုမုန်းထားမှုများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် ပဲ့တင်ထပ် မြည်ဟီးလျှက် ရှိနေပါသည်။


အလင်းဆက်
Related Posts Plugin for WordPress, Blogger...