Thursday, May 31, 2012

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်



ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအတွင်း ယနေ ၃၁.၀၅.၂၀၁၁ နေ့ ယခုည ၇း၀၀ လာက်မှ စပြီး တိုက်ပွဲဖြစ်နေပြီ။ယခုဒီပို့စ်ရေးနေချိန်မှာ လက်နက်ကြီးသံများ ကြားနေရဆဲဟု သတင်းရရှိရပါတယ်။
အမျိုးဖြစ်တဲ့ ဖားကန့်က ဦးလေးဆီဖုန်းဆက်ရင်းနဲ့က လက်နက်ကြီးပစ်သံများတောင် ကြားနေရပါတယ်။
လက်တစ်လောမှာလဲ ဖားကန့်မှာ ရေတွေကြီးနေပြီး ရွာသားတွေကလည်း ကြောက်လို့ ဘယ်ထွက်ပြေးရမှန်းမသိ ဖြစ်နေကြပါတယ်။

စစ်မီးကလဲ တောက် ၊မိုးလေးကလဲ တစ်ဖျောက်ဖျောက် ၊ လူတွေကလဲ တအားကြောက် ၊ မှော်ထဲမှာ စစ်ပွဲတွေက မှိုလိုပေါက် ၊ ဒီတစ်ခေါက်မှ ဒုက္ခမရောက် ၊ ငါး ပါးမှောက်ပြီ သေချာပေါက်ဗျို့ ။ 

မနေ့ကလည်း အဲဗားဝင်းနားကုမ္မဏီက ရေမဆေးကောင်လေးတစ်ယောက်ကို ကုမ္မဏီမြေဇာပုံမှာ ရေမဆေးကျောက်ရှာလို့ ဆိုပြီး ဝိုင်းဆော်လိုက်တာ သေသွားတယ်။(ရေမဆေး ဆိုတာ အစိုးရကျောက်စိမ်းရှာဖွေရေးကုမ္ပဏီတွေက စွန့်ပစ်လို့ ကျောက်စိမ်းဝင်းအပြင်က မြေစာပုံမှာ သက်စွန့်ဆံဖျား ကျောက်စိမ်းအကြွင်းအကျန်လေးတွေများ ရလေမလားဆိုပြီး လိုက်လံရှာဖွေတဲ့ ကလေးလေးတွေပါ။ )
သက်စွန့်ဆံဖျား ရေမဆေးသမားများဘဝ

ဒီစစ်ပွဲမျိုး ဖားကန့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ နှစ်ရက်ရှိနေပါပြီ။ သိန်းစိန်အစိုးရက အပြစ်အခတ်ရပ်စဲရေးလို့သာ ပါးစပ်ကပြောနေပေမယ့် အမှန်တကယ်တမ်း နောက်ကွယ်မှာ စစ်တပ်က ကချင်ကို တိုက်နေဆဲဖြစ်ပါတယ်။ အခုဆိုရင် အစိုးရစစ်တပ်က ကချင်ရွာတွေထဲဝင်ရောက်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် စားရေးနေရေး အတော်ကို ဒုက္ခရောက်ကြရပါတယ်။ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို သူပုန်ဆိုပြီး သမုတ်ကာ ကချင်တိုင်းရင်းသားတွေကို ကချင်ရွာတွေမှာ မနေနိုင်အောင် တိုက်ထုတ်နေတဲ့ လုပ်ရပ်ကား တကယ့်ကို ရုပ်ဆိုးအကြည်းတန်စေပါတယ်။
 
ကျွန်တော် ဒီရွာကလေးကို ပြီးခဲ့တဲ့ ဇွန်လ၂၀၁၁ ခုကရောက်ဖူးခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့ အဲဒီအချိန်ကတည်းက ဒီဖားကန့်နယ်တစ်ဝှက်မှာ အခြေအနေမကောင်းပါဘူး။ ရိုးသားပွင့်လင်းတဲ့ နယ်ခံကချင်တိုင်းရင်းသားကလေးတွေကို သူတို့ရွာထဲမှာသူတို့ နေတာတောင် ဧည့်စာရင်းတိုင်ကြားခွင့်ကမရှိ။ ဘာကိုမှကို လုပ်ကိုင်စားသောက်ခွင့်ကိုမရဖြစ်နေကြရပါတယ်။ ကချင်မြေမှာ ကချင်လူမျိုးတွေကို ကချင်ရယ်လို့တောင် အသံထွက် မခေါ်နိုင်တဲ့အဖြစ် ရောက်နေပြီး တကယ်ကို လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါတယ်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ


၉နှစ်ပြည့်သွားသော ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု

ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ။

East Asia 2012 - A Conversation with Daw Aung San Suu Kyi

Sunday, May 27, 2012

၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ




၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် မဆုမိုင်၏ စွမ်းဆောင်ချက်များ မှတ်တမ်းရုပ်ရှင်




၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ ဦးကျော်သူ စကားပြောကြားစဉ် 





မြန်မာနိုင်ငံအတွင်း မိမိကိုယ်ကျိုးကို မတွက်၊ မိမိတို့ရဲ့ အန္တရာယ်များကို မစဉ်းစားပဲ လူသားတို့၏အကျိုးကို လူမှုရေးစိတ်ဓာတ် အပြည့်အဝဖြင့် မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းစွမ်းဆောင်နေကြတဲ့ လူမှုရေးစွမ်းဆောင်ရှင်များ၏ စွမ်းဆောင်ချက်များကို မြင်ရ၊ တွေ့ရ၊ ကြားသိရပြီး ကြက်သီးမွှေးညှင်းများပင် ထမိအောင်ကို ဝမ်းသာကြည်နူး ပီတိများဖြင့် ဂုဏ်ယူလေးစား အားကျမိရပါတယ်ခင်ဗျာ။

ပြည်သူဂုဏ်ရည်အဖွဲ့မှလည်း ထိုသို့  မြန်မာပြည်တွင်းရှိ အနှောင့်အယှက်အမျိုမျိုးကြားမှနေ လူသားဆန်စွာ လူအများအကျိုးကို ဆောင်ရွက်နေကြတဲ့ လူမှုရေးစွမ်းဆောင်ရှင်များကို ဖော်ထုတ်ကာ ဆုများချီးမြှင့်ခြင်းဖြင့် အားပေးဂုဏ်ယူပြုနေမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

ဆုပေးပွဲ အသေးစိတ်ကို ပြည်သူ့ဂုဏ်ရည် မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်ခင်ဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Peoples Vision (New York) စာစောင် May-June 2012

ပြည်သူ့အမြင် (နယူးယောက်) စာစောင် မေ-ဇွန် ၂၀၁၂ 

Saturday, May 26, 2012

ကျော်သူ့အရေခွံထဲမှ ကျော်သူ



တချိန်က..လဲ ကျော်သူ 
ယခု...လဲ ကျော်သူ
သူ့ရဲ့ အရေခွံတွေ လဲလိုက်တာတောင်မှ
သူ့နာမည်က ပြည်သူတွေကြား ရေပန်းစားလေရဲ့။

သူ့ရဲ့ စီးဆင်းမှုက ရေအသွင်လိုပါပဲ
ဘယ်နေရာကပဲပိတ်ပိတ်
စီးမြဲစီးဆဲ.....။
ဘယ်လောက်ပင် ဖြတ်တောက်
ပြတ်တောက်သွားတယ်လို့ မရှိဘူး
စီးမြဲစီးဆဲ.....။
ဘယ်တံတိုင်းတွေပဲကာထား ကာထား
ရပ်တန့်မသွားဘူး
စီးမြဲစီးဆဲ....။

သူ့လုပ်ရပ်တွေက
အလင်းရောင်လိုပဲ
ကိုယ်တိုင်တောက်ပနေဖို့ထက်
အလင်းမျှဝေဖို့သာ ကြိုးစားနေတယ်။

အတ္တ မာန ခဝါချလို့
အတိတ်မှာ ဖြစ်ခဲ့တဲ့ ငါလဲမရှိတော့ဘူး
အနာဂတ်မှာ ဖြစ်မဲ့ ငါလဲ မသိချင်ဘူး
ပစ္စုပ္ပန်တည့်တည့်က ငါ.....
ဘာတွေကို တပါးသူ...အတွက် လုပ်ပေးရမလဲ
ဘာတွေကို တပါးသူ...အတွက် ကူရမလဲ
ဒါတွေကိုပဲ သူခေါင်းထဲမှာ အစီအစဉ်အလိုက်
ဝါးမျိုချရင်းနဲ့ပဲ
အတ္တမဲ့ ပရဟိတတွေကိုပဲ
အစိမ်းလိုက် ဝါးမြိုနေလေရဲ့။

သေခါနီးလေ ဝေဒနာတွေပေါ်မှပဲ
သူ့နာမည်ခေါ် ကူညီဖို့တောင်းခံနေသူတွေက အများကြီး။
ကျော်သူ..ကျော်သူနဲ့ သူ့နာမည်က
တချိန်က ရုပ်ရှင်မင်းသား
ယခုတော့ သုဘရာဇာတဖြစ်လဲ
သူ့လုပ်ရပ်က မြင့်မြတ်နေတော့လဲ
အာဏာထောင်လွှား ဖောက်ပြားနေကြသူတွေတောင်
အချိန်တန်.... ယမမင်းဆီမရောက်သေးမှီ
သူဆီကိုတော့ အလုပ်အပ်ကြရစမြဲပဲလေ။

ချမ်းဧအိမ်

လျှပ်စစ်မီးအတွက်....ဆုတောင်းမှု

နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေကတဲ့ ဦးကျော်သူနှင့် မရွှေဇီးကွက် တို့ဇနီးမောင်နှံနှင့်အတူ နယူးယောက်မှ မြန်မာမိသားစုများမှ မြန်မာနိုင်ငံရှိ မြန်မာပြည်နိုင်ငံသားများနှင့်ထပ်တူ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးများ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ မိမိတို့၏ ရင်ထဲမှ ဆန္ဒများကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။





Kyaw Thu's First Breakout -- Artistic Expressions from the Heart

"ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ"


၂ဝဝ၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည်မှာ ငြိမ်းချမ်းစွာလမ်းလျှောက်မေတ္တာ
ပို့ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရဟန်းတော်တွေကို ဆွမ်း၊ ရေချမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ အဲဒီ ၂ဝဝ၇ စက်တင်ဘာလက စပြီး အမေရိကန်အလည်အပါတ်ရောက်လာတဲ့ထိတိုင်အောင် ကျနော့်(ကိုကျော်သူ) အနုပညာလုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်အမေရိကန်ကို အလည်ရောက်ခိုက်မှာ ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ်။

(ကျော်သူ)

(ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ)


ပြခန်းဝင်ပေါက်ဝရှိ ဦးကျော်သူ၏ ဘဝအစိတ်အပိုင်းနှင့် သူ၏အနုပညာလုပ်ဆောင်မှု ပုံရိပ်များ
အနှိုင်းမဲ့

လောကဓံ
အဖြူထည်မိခင်မွေးဖွားခြင်း ၁၉ဇွန်
သဘာဝရဲ့ ဂါရဝ

အိုးဘားမား
အမေ့မွေးနေ့အမှတ်တရပန်းချီက ပြခန်းထဲမှာ ဝံကြွားထယ်ဝါလှပေါ့
ငြိမ်းချမ်းမှုအတွက် အငေးတစ်ချို့
မချောအိသိမ်းမှ အစီအစဉ်ကြေငြာနေခြင်း
ဦးကျော်သူမှ သူ၏ပန်းချီးကားများအကြောင်းနှင့် သူ့ခံစားချက်ရင်ဖွင့်သံ





သစ္စာဖောက် ၈၈ - ၁


September သာသနာ
လွတ်ငြိမ်းခွင့်




ပြခန်းအခင်းအကျင်းများ










ပန်းချီကားဓာတ်ပုံများကို ပြန်လည် ဖော်ပြခွင့်ပြုသော ဦးကျော်သူအား အထူးကျေးဇူးတင်ရှိပါသည်။ ဦးကျော်သူ၏ အနုပညာများနှင့် လူမှုရေးအကျိုးဆောင်မှုများ ဆက်လက်ရှင်သန်နိုင်ပါစေ....။


ချမ်းလင်းနေ

Monday, May 14, 2012

ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ




ဒီမိုကရေစီနိုင်ငံတော် တခုရဲ့ အခြေခံ အုတ်မြစ်ဟာ လွတ်လပ်တဲ့သတင်းမီဒီယာ တည်ရှိတဲ့အပေါ်မှာ ရာခိုင်နှုန်း အတော် များများ အခြေပြုတယ်လို့ ဆိုပါတယ်။ ဒီအဆိုကို တင်ပြသူကတော့ World Editors Forum ကမ္ဘာ့အယ်ဒီတာများ အဖွဲ့ က ဥက္ကဋ္ဌဖြစ်သူ အဲရစ်ဘီရေးဂျား ဖြစ်ပါတယ်။ သတင်းမီဒီယာ မလွတ်လပ်သမျှ နိုင်ငံတခုအတွင်း ဒီမိုကရေစီအုတ်မြစ် ဟာ ခိုင်ခံ့ဖို့ ခက်ခဲကြောင်း သူကထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မက္ကဆီကို နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တချို့ကို တင်ပြလိုပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေ ရှိပါတယ်။ သမတဟာ ပြည်သူတွေရဲ့ မဲနဲ့သာ သမတ ဖြစ်ခွင့် ရှိပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ရှိတယ်ဆိုပေမယ့် မက္ကဆီကိုနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ဖောက်ကားမှု ကနေတဆင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေ များပြားလွန်းတာကြောင့် လုံခြုံမှုကင်းမဲ့တဲ့ နိုင်ငံတနိုင် ငံလို့ ဆိုနိုင်ပါတယ်။ မနှစ်တုန်းကဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရောင်းဝယ်တဲ့ ကိစ္စများကနေ အကြမ်းဖက် လူ သတ်မှုတွေ ဖြစ်ခဲ့တာမှာ လူပေါင်းနှစ်သောင်းကျော် လမ်းပေါ်မှာ ပစ်သစ်ခံခဲ့ရပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေ ကြောင့် သေဆုံးရသူတွေထဲမှာ သာမန် ပြည်သူတွေအပြင် သတင်းစာနယ်ဇင်းသမားများလည်း ပါဝင်နေတာကို တွေ့ရပါ တယ်။
မက္ကဆီကိုမှာ သတင်းမီဒီယာသမားတွေ ဘာကြောင့် အကြမ်းဖက်ခံရတာလဲ ဆိုတာကို ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ ဂိုဏ်းတွေအကြား လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို အများပြည်သူတွေသိအောင် ဖော်ထုတ်တင်ပြ ရေးသားတာကြောင့် အငြိုးနဲ့ အသတ် ခံရတယ်လို့ ဆိုနိုင်ပါတယ်။ မက္ကဆီကို သတင်းသမားတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း အသတ်ခံရခြင်းတွေ ရှိနေပေမယ့် မက္ကဆီကို သတင်းမီဒီယာ သမားများကတော့ ဆက်ပြီး ရဲရဲဝင့်ဝင့်နဲ့ သူတို့ပြည်သူတွေကို အမှန်အတိုင်းတင် ပြနေဆဲပါ။ ပြီးခဲ့တဲ့ နှစ်တနှစ်ထဲမှာဘဲ မက္ကဆီကို နိုင်ငံမှာ သတင်းသမား ၆၄ ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလို သတင်း သမားတွေ အသတ်ခံခဲ့ရခြင်းရဲ့ လက်သယ်များကတော့ အာဏာကို အလွဲသုံးစား ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေနဲ့ မာဖီး ယား လူဆိုးဂိုဏ်းတွေပဲ ဖြစ်ပါတယ်။
တခါ အာဖရိကတိုက်က အီရစ်ထရီးယားလို့ခေါ်တဲ့ နိုင်ငံမှာလည်း သတင်းသမားများကို အစိုးရအာဏာပိုင်တွေက လက် လွတ်စပါယ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတယ်လို့ သိရပါတယ်။ အီရစ်ထရီးယားနိုင်ငံဟာ အီသီယိုပီးယားနိုင်ငံနဲ့ ကပ် လျှက် တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က လွတ်လပ်သော ရွှေကလောင်ရှင်ဆုကိုရရှိခဲ့တဲ့ သတင်းသမား ဒါဝတ်အိုက်ဇက် ဟာ အီရစ်ထရီးယား နိုင်ငံသားဖြစ်သလို ဆွီဒင်နိုင်ငံသားလည်း ဖြစ်ပါတယ်။ သူဟာ အီရစ်ထရီးယားနိုင်ငံရဲ့ ပထမဆုံးလို့ ဆိုရမယ့် လွတ်လပ်တဲ့သတင်းစာကို တည်ထောင်ခဲ့သူများထဲက တဦးလည်း ဖြစ်ပါတယ်။ ဒါဝတ်အိုက်ဇက်ဟာ အီရစ် ထရီးယား အာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ဒါဝတ် အိုက်ဇက် ဟာ ထောင်အတွင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ အများသူငါ ရဲ့ ထင်မြင်ယူဆချက်ကတော့ အာဏာပိုင်တွေက သူ့ကို သတ်ဖြတ်ပြီး အလောင်းကိုဖျောက်ဖျက်ပစ်လိုက်တယ်လို့ ခန့် မှန်းကြပါတယ်။ တရုတ်နိုင်ငံမှာတော့ လူမှုကွန်ယက် မီဒီယာလုပ်ငန်းတွေ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ အစိုးရရဲ့ ဆင် ဆာဖြတ်တောက်မှု နဲ့ ဝက်ဘ်ဆိုက်များကို ကန့်သတ်ပိတ်ပင်ခြင်းဟာ တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ ပါကစ္စတန် နိုင်ငံမှာလည်း သတင်းသမားများဟာ ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်ရပ်တွေကို သတင်းသမားတွေ ဘာကြောင့် ရင်ဆိုင်နေရတာလဲ။ အာဏာပိုင်တွေက သူတို့ရဲ့ မှားယွင်းမှု၊ ဖောက် ပြန်မှု၊ အလွဲသုံးစား လုပ်မှုတွေကို ပြည်သူတွေအကြား မပြန့်နှံ့စေခြင်တာကြောင့် သတင်းသမားများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ နောက်ဆုံး သတ်ဖြတ်တဲ့အထိ ပြုမူလာကြတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ သက်တန်းနုနယ်သေးတဲ့ တိုင်းပြည်တွေဖြစ်တဲ့ အရှေ့ဥရောပ နိုင်ငံတချို့နဲ့ အာဖရိကတိုက်က နိုင်ငံအချို့မှာ သတင်းသမားများနဲ့ ထုတ်ဝေသူတွေကိုယ်တိုင် သတင်းစာတွေ၊ စာစောင်တွေ၊ မဂ္ဂဇင်းတွေကို ပုံမနှိပ်ခင်မှာ ကိုယ့်ဟာကို ပြန်ပြီးဆင်ဆာ လုပ်ကြရပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ အစိုးရအာဏာပိုင်တွေနဲ့ ပတ်သက်နေတဲ့ စီးပွား ရေးလုပ်ငန်းတွေ အကျိုးစီးပွားတွေကို ပြောင်ကျကျ ဝေဖန်ရေးသားလို့ မရတဲ့အတွက် ကိုယ့်ဟာကို ကြိုပြီး အန္တရာယ်ကို ရှောင်ရသလိုမျိုး လုပ်ရတဲ့အတွက် ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာကော သတင်းမီဒီယာလောကဟာ ဘယ်လောက် လွတ်လပ်လာပြီလဲဆိုတာ စူးစမ်းဖို့ လိုလာပါ တယ်။ မြန်မာပြည်မှာလည်း အခုအထိ စာစောင်တွေ ဂျာနယ်တွေဟာ ကိုယ့်ဟာကို ဆင်ဆာလုပ်နေရသေးတဲ့ အခြေအ နေကို ဖြတ်သန်းနေရဆဲပါ။ အစိုးရက သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဥပဒေတရပ် ထုတ်ပြန်ဖို့ ကြိုးပမ်းနေပါတယ်။ သ တင်းမီဒီယာအတွက် ဥပဒေသတ်သတ်ထုတ်ဖို့ လိုမလိုဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။
မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်ကစလို့ လက်ရှိတည်ရှိနေဆဲ ဥပဒေများဟာ အတော်လေး လုံလောက်နေတာမို့ မီဒီယာ ဥပဒေ ဆိုတာမျိုးကို သီးခြားထပ်မံ ပြဋ္ဌာန်းဖို့ မလိုအပ်ဘူးလို့ ကျွမ်းကျင်သူများနဲ့ ရှေ့မီနောက်မီ ဝါရင့် စာနယ်ဇင်းသမား များက ဆိုထားပါတယ်။ မီဒီယာက အမှားတင်ပြမိရင် ကျူးလွန်မိရင်၊ သူတပါးကို နစ်နာအောင် ဖော်ပြမိရင် တည်ဆဲ ဥပ ဒေတွေနဲ့ တရားစွဲနိုင်ပါတယ်။ မီဒီယာဥပဒေဆိုတာ သတ်သတ်မလိုပါဘူးလို့ ထပ်ပြောပါရစေ။
မကြာသေးခင် ဒီလ မေလဆန်းတုန်းက ရန်ကုန်မြို့မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စ်ကိုတို့ ပူးပေါင်းပြီး သတင်း မီ ဒီယာနဲ့ ပတ်သက်တဲ့ အစည်းအဝေးကြီးတခု ကျင်းပခဲ့ပါတယ်။ အခြေအနေသစ်အတွင်းက စိန်ခေါ်မှုအသစ်များလို့ ခေါင်း စဉ်ပေးထားတဲ့ အစည်းအဝေးကြီး ဖြစ်ပါတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီးက သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာ မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြခွင့် ရှိရမယ်လို့ ပြောကြားပါတယ်။ အဲသလိုပြောတော့ ဝမ်းသာရတော့လားပေါ့လေ။ သို့သော်လည်း မိန့်ခွန်းရဲ့ အပိတ်မှာတော့ ရေးတာတော့ရေး ဒါပေမယ့် တိုင်းပြည်စည်းလုံး ညီညွှတ်ရေးနဲ့ အမျိုးသား အ ကျိုးစီးပွားကိုတော့ မထိခိုက်စေရဘူးလို့ ဆိုပြန်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုကို ဖွင့်ပေးသယောင်ယောင်နဲ့ ပြန် ကန့်သတ်ထားတဲ့ သဘောမျိုး သက်ရောက်နေတာ မြင်ရပါတယ်။
အရင်အစိုးရလက်ထက်က ပြောပြောနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်ကို မျက်စေ့ ထဲ ပြန်တောင်မြင်လာမိတယ်။ ပြိုကွဲအောင်လုပ်တဲ့သူ အရေးယူမယ်ဆိုတဲ့ သဘောပါပဲ။ Freedom of expression လွတ်လပ်စွာအမြင်တွေကိုဖော်ထုတ်ခွင့်ဆိုတဲ့ အယူအဆဟာ ရာစုနှစ်ပေါင်းများစွာကထဲက အသိအမှတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။ လွတ်လပ်စွာအမြင်တွေကို ဖော်ထုတ်ခွင့်ဆိုတာ လွတ်လပ်စွာ ဝေဖန်ခွင့် ဆိုတဲ့ သဘောနဲ့ အတူတူပါပဲ။ လွတ်လပ်စွာ ဝေဖန်ခွင့်ကို တင်ပြခဲ့လို့၊ ဝေဖန်ခွင့်ကို အယူအဆကို မြှင့်တင်ခဲ့လို့ ဂရိ အတွေးအခေါ်ပညာရှင်တဦးဖြစ်တဲ့ ဆိုကရေးတီးကို အာဏာပိုင်တွေက ၃၉၉ ဘီစီမှာ အဆိပ်သောက်ပြီး ကိုယ့်ဟာကို စီရင်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ဝဝ နီးပါးက ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခုပါ။ ဆိုကရေးတီးရဲ့ ခွဲခြမ်းစိတ်ဖြာအမြင်နဲ့ ဝေဖန်မှုတွေ ဟာ အေသင်မြို့တော်က လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပျက်ပြားစေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲခဲ့တာလည်း ဖြစ် ပါတယ်။
၁၉ ရာစုတုန်းက မန္တလေးနေပြည်တော်မှာ ရတနာပုံသတင်းစာ တည်ထောင်တော့မယ်ဆိုတော့ မင်းတုန်းမင်းကြီးက သ တင်းစာသမားတွေကို လွတ်လပ်ခွင့်ပေးပါတယ်။ ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းရင် မိဖုရားကိုရေး၊ မင်း သား မင်းသမီးတွေ မကောင်းတာလုပ်ရင်လည်းရေး၊ နန်းတော်ထဲကို တံခါးမရှိ ဓားမရှိဝင်စေ ထွက်စေဆိုပြီး မိန့်ကြားခဲ့ဖူး ပါတယ်။ ဆိုလိုတာကတော့ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်တပါး လက်ထက်မှာတောင် ဆင်ဆာဖြတ်တာတောက် တာ မရှိခဲ့ဘူးဆိုတာ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အခုနေပြည်တော်က အစိုးရက ဒီမိုကရေစီထွန်းကားအောင် ဆောင် ရွက်မယ်လို့ ပြောထားပါတယ်။ တဆက်ထဲမှာလဲ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးဖို့ကိစ္စကို ဘာကြောင့် နှောင့်နှေးနေရ တာလဲ။
ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ ပြောနေတဲ့ ၂၁ ရာစုခေတ် မြန်မာအစိုးရဟာ ၁၉ ရာစုက မြန်မာ ပဒေသရာဇ်ဘုရင် တပါး လောက်တောင်မှ လွတ်လပ်တဲ့ သတင်းမီဒီယာကို လက်ကမ်းကြိုဆိုဖို့ အခုအထိတောင် အဆင်သင့် မဖြစ်သေးဖူးလား လို့ မေးလိုပါတယ်။ ရဲရင့်သော မြန်နိုင်ငံသား သတင်းမီယာသမားများ ပိုမိုများပြား ပေါ်ပေါက်လာပါစေဗျာ။
ဇော်မင်း
၁၃ ရက်၊ မေလ၊ ၂ဝ၁၂ ခုနှစ်

Thursday, May 10, 2012

အမေရိကန်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ချင်း ရုပ်သိမ်းသင့်

ရှေးအဓိပ္ပာယ်နှင့် ယနေ့အဓိပ္ပာယ်


ရှေးအဓိပ္ပာယ်နှင့် ယနေ့အဓိပ္ပာယ် - သိပ္ပံမောင်ဝ

ကမ္ဘာပေါ်တွင် လူအမျိုးမျိုးတို့ နေထိုင်ရာ တိုင်းပြည်အသီးသီးတို့တွင် တိုင်းရေးပြည်ရေးသည် တစ်နေ့တခြား ပြောင်းလဲနေသကဲ့သို့ ဝေါဟာရ အမျိုးမျိုးတို့၏ ကျက်စားရာဖြစ်သောတိုင်းပြည်ကြီး အတွင်း၌လည်း စကားအပေါင်းတို့မှာ တစ်စတစ်စ  ပြောင်းလဲလျက် ရှိနေကြလေသည်။ တိုင်းပြည်အတွင်းသို့  နိုင်ငံခြားမင်းများ ဝင်ရောက်အုပ်စိုး၍ မင်းပြောင်းမင်းလဲ များလေလေ၊ တိုင်းရေးပြည်ရေးရှုပ်ထွေးလေလေ ဖြစ်သကဲ့သို့  စကားတည်းဟူသော တိုင်းပြည်အတွင်းသို့ နိုင်ငံခြားစကားတို့ ဝင်ရောက် ရောယှက်လေလေ၊ တိုင်းရင်းစကားတို့မှာ ရှုပ်ထွေးပြောင်းလဲလာလေလေ ဖြစ်လေသည်။ ယခုအခါ နိုင်ငံခြားစကားတို့ မြန်မာပြည်တွင် ပြန့်ပွားနေသဖြင့်  မြန်မာစကားမှာ လွန်စွာ ရှုပ်ထွေးလာကြောင်းကို အထင်အရှားတွေ့မြင်ရလေသည်။ 'ဖားသားကြီးကတော့ ကောင်းပါရဲ့၊ မားသားကြီးက အလွန်ဆူတယ်' ဟူ၍လည်းကောင်း၊  'ယူကို အိုင် အပြောသားနဲ့၊ သည်မက်တားကို  ဆက်နေသေးတာကိုး' ဟူ၍လည်းကောင်း မြန်မာစကားတွင်  အင်္ဂလိပ်စကားလုံးတို့ကို ညှပ်၍ ကာလသားတို့ ပြောဆိုလေ့ ရှိကြလေသည်။ ဤကား မြန်မာစကားနှင့် နိုင်ငံခြား စကားတို့ ရောယှက်နေပုံ ပေတည်း။

နိုင်ငံခြားစကားတို့နှင့် ရောယှက်ခြင်း မဖြစ်စေကာမူ ကာလရှည်လျားလာလျှင် စကားတို့မှာ ပြောင်းလဲလာရစမြဲ  ဖြစ်လေသည်။ ဤသို့စကားပြောင်းလဲပုံမှာလည်း  နှစ်မျိုး နှစ်စား  ရှိလေသည်။  ပထမအမျိုးမှာ အဓိပ္ပာယ်  တစ်မျိုးတည်းကိုပင် ရှေးအခါက  တစ်ပုံ၊ ယခုကာလ တစ်စား  ခေါ်ဆိုသုံးစွဲခြင်း ဖြစ်လေသည်။ ဥပမာ - ရှေးက 'တစ်သက်လျာ'  ဆိုသော စကားကို ယခုကာလ 'တစ်ခဏ' ဟု ဆိုခြင်း၊ ရှေးက 'တံထွာ' ဆိုသော စကားကို ယခုကာလ 'ဓမ္မတာ' ဟု ဆိုခြင်း၊ ရှေးက 'လံပါး' ဆိုသော စကားကို  ယခုကာလ 'ဖျဉ်းအိုး' ဟု  ဆိုခြင်းတို့ ဖြစ်လေသည်။ အထက်ဖော်ပြရာပါ စကားအစုံအစုံတို့တွင်  ရှေးအခေါ်နှင့် ကာလအခေါ်  ကွဲပြားကြသော်လည်း အဓိပ္ပာယ်  အသွားမှာ  မခြားမနားပင် ဖြစ်လေသည်။ ဒုတိယ ပြောင်းလဲပုံ အမျိုးမှာ စကားဝေါဟာရ ခေါ်ဝေါ်ပုံ မကွဲပြားသော်လည်း အဓိပ္ပာယ်မှာ ရှေးအဓိပ္ပာယ်နှင့် ကာလအဓိပ္ပာယ်တို့ များစွာ ကွဲပြားခြင်း ဖြစ်လေသည်။ ဥပမာ - ထောင်မှူး၊ ထောင်ကဲ ၊ စစ်ကဲ ၊ ပြည် ၊ ဇနပုဒ် အစရှိသော စကား အသီးသီးတို့မှာ ရှေးအခါက အဓိပ္ပာယ်နှင့် ယခုကာလ  အဓိပ္ပာယ် ကွဲပြားလျက် ရှိလေသည်။  အကျဉ်းချုပ်အားဖြင့်  ဖော်ပြသည်ရှိသော်  ပထမအမျိုးမှာ အဓိပ္ပာယ် မပြောင်းဘဲ ဝေါဟာရပြောင်းသော စကားမျိုးဖြစ်၍၊ ဒုတိယ အမျိုးမှာကား ဝေါဟာရ  အခေါ်မပြောင်းဘဲ  အဓိပ္ပာယ်ပြောင်းသော  စကားမျိုး  ဖြစ်လေသည်။ ၎င်းနှစ်မျိုးတို့အနက် ပထမအမျိုးနှင့်  ပတ်သက်၍  ရေးသားထားသော ပေါရာဏ စာအုပ်များ ရှိပြီးဖြစ်သောကြောင့် ဤဆောင်းပါးတွင် ထုတ်ဆောင်ဖော်ပြရန်  မလို။ ဒုတိယ  အမျိုးကိုသာလျှင် အနည်းငယ် အကျယ်ချဲ့၍ ရေးသားဖော်ပြရန် ရှိလေသည်။

'ထောင်မှူး' ဆိုသော စကား၏ အဓိပ္ပာယ်မှာ လူတစ်ထောင် အပေါ်တွင် အကြီးအကဲကို ဆိုလိုသည်။ရှေးအထက်ကျော်ကာရီ အခါက မြန်မာမြို့တော်တွင် စောင့်ကြပ်ရသော  တပ်သားတစ်ထောင်တို့ အပေါ်တွင် အုပ်ချုပ်ရသူ အကြီးအကဲကို ထောင်မှူးဟု  ခေါ်ဆိုဟန် ရှိ၏။ ၎င်းတို့မှာလည်း မြို့တော်  လေးမျက်နှာတွင် တပ်သားတစ်ထောင်စီ  ရှိသဖြင့် ထောင်မှူးလေးယောက် ရှိဟန်  တူလေသည်။ အလွန်ရှေးကျသော အခါက ထောင်မှူးတို့မှာ ဘုရင်မင်းမြတ် ယုံကြည်စိတ်ချရသော  မင်းညီမင်းသားများသာ ဖြစ်လေသည်။

နောင် သာလွန်မင်းတရားကြီးလက်လက် အမြင့်စားရှင်တရုတ်  လုပ်ကြံရာတွင် ထောင်မှူးမင်းသားတို့က သူပုန်များဘက်က ပါဝင်သောကြောင့် သူပုန်တို့ကို အောင်မြင်သောအခါ မင်းတရားကြီးလည်း မင်းသားတို့ကို ထောင်မှူးထပ်၍ ခန့်တော့သည် မဟုတ်ချေ။ ဤအကြောင်းနှင့် ပတ်သက်၍  မှန်နန်းရာဇဝင်  တတိယထုပ် စာမျက်နှာ-၂၄၉ တွင် "ထောင်မှူး  မင်းသား လေးယောက်တို့လည်း နန်းထက်တွင်ပင် ဓားလှံ သေနတ် ထိ၍  ဦးပြတ်သည်နှင့် ခန္တာစဲချေသည်။ ထိုအခါမှစ၍ မင်းသားတို့ကို ထောင်မှူးမခန့်ပြီ" ဟူ၍ ပါရှိလေသည်။  ယခုကာလအခေါ် ထောင်မှူးမှာ အကျဉ်းသားတို့ကို ထားရာဖြစ်သော အကျဉ်းထောင်ကို ကြည့်ရှု အုပ်ချုပ်ရသူ အရာရှိကို ဆိုလိုသည်။  ရှေးအခေါ် ထောင်မှူးနှင့် ယခုအခေါ် ထောင်မှူး  နှစ်မျိုးတို့၏ အဓိပ္ပာယ် ကွဲပြားကြောင်း ထင်ရှားလှပေသည်။ ရှေးထောင်မှူးက ယခု ထောင်မှူးထက် ဂုဏ် ပိုမို၍ ရှိလေသည်။

'ထောင်ကဲ' ဆိုသော စကားသည်လည်း  အထက်  ဖော်ပြရာပါ စကားကဲ့သို့ပင် ရှေးအဓိပ္ပာယ်နှင့် ကာလအဓိပ္ပာယ် ကွဲပြားလှပေသည်။ လှေသင်းသားတစ်ထောင်ပေါ်တွင် အကြီးအကဲကို 'ထောင်ကဲ'  ဟူ၍ ခေါ်ဆိုကြလေသည်။ ခေါ်ဆိုကြောင်းကား  မန်လည်ဆရာတော်ဘုရား ရေးသားအပ်သော  မဃဒေဝ လင်္ကာသစ်တွင် "ဝဲယာသူရဲ၊ လက်နက်စွဲတို့၊ စီးမြဲခတ်လှေ၊ အထွေထွေတည့်၊ ဦးနေပဲ့နင်း၊ လှေသင်းထောင်ကဲ၊ အုပ်မြဲဘောင်ဝန်၊ မလွန်ရှေးတမ်း၊ လှေမှုထမ်းတို့" ဟူ၍ ပါရှိလေသည်။  ယခုကာလတွင် ဥစ္စာဓန ကြွယ်ဝသော  တရုတ်သူဌေးများကို ထောင်ကဲဟု ခေါ်ဆိုလေ့  ရှိသည်။ အထက် ဖော်ပြရာပါ လင်္ကာတွင် ထောင်ကဲ ဆိုသော စကားကို ယခုကာလ အသုံးအနှုန်းအတိုင်း အဓိပ္ပာယ်ပြန်ပါလျှင် မြန်မာမင်းတို့ လက်ထက်တော်အခါက လှေသင်းတွင် အုပ်ချုပ်သူတို့မှာ တရုတ်တွေသာ ဖြစ်ကုန်ပေလိမ့်မည်။ အဘယ့်ကြောင့် တရုတ်သူဌေးတို့ကို ထောင်ကဲဟု ခေါ်ကြောင်းကား  ဆောင်းပါး ရှည်အံ့စိုး၍ မရေးသားပြီ။

'စစ်ကဲ' ဆိုသော စကားကိုလည်း စဉ်းစားဦးအံ့။ စစ်ကဲ ဟူသော စကား၏ မူလအဓိပ္ပာယ်မှာ မြန်မာစစ်တပ်တွင် အုပ်ချုပ်ရသော အရာရှိကို ဆိုလိုဟန် တူလေသည်။  ထို့နောက်မှ တိုင်းပြည်ကိုအုပ်ချုပ်သူ အရာရှိဟူသော  အဓိပ္ပာယ်သို့ ပြောင်းရွှေ့သွားပြန်လေသည်။ ဤသို့ ပြောင်းရွှေ့သွားသည်မှာ မြန်မာမင်းတို့  လက်ထက်တော် အခါကပင် ဖြစ်လေသည်။ အကြောင်းမူကား ၁၂၃၆ ခု  ပုဂံမြို့ စီရင်စု  တလံဘို ရွာသူကြီး ငထိုက်ကို ပေးစာတွင် "ပုဂံစီရင်စု တလံဘိုရွာမှာ ငထိုက် အရိုးအသား မြေမှန် မမှန်၊ ကျေးရွာလက် ဟုတ် မဟုတ်များကို ပုဂံမြို့အုပ် စစ်ကဲတို့ကို မေးရာ" ဟူ၍ ပါရှိသောကြောင့်ပေတည်း။ ယခုကာလ စစ်ကဲဟူသော အဓိပ္ပာယ်မှာ နယ်ပိုင်ဝန်ထောက်သော် လည်းကောင်း၊ နယ်ပိုင်ဝန်ထောက်နှင့် တစ်တန်းတည်းသော အစိုးရအမှုထမ်းကိုသော် လည်းကောင်း ဆိုလိုသည်။ ထို့ကြောင့် သတင်းစာများတွင် "မောင်စိန်ဟန်၊ ဘီ-အေ နှင့်  မောင်ဘကြွားတို့ကို မကွေး၊  မြင်းခြံနယ်များသို့ အသီးသီး စစ်ကဲအလုပ်ဖြင့် အစမ်း ခန့်လိုက်သည်" စသဖြင့် တွေ့မြင် ဖတ်ရှုရလေသည်။ ဤကား စစ်ကဲဟူသော စကား၏ အဓိပ္ပာယ် ကွဲပြားပုံ ပေတည်း။

'ပြည်' ဟူသော စကား၏ အဓိပ္ပာယ် ကွဲပြားပုံကား ကာသိတိုင်း ဗာရာဏသီပြည် စသဖြင့်  နိပါတ်တော်အလာ ဝတ္ထုစာအုပ်တွင် တွေ့မြင် ဖတ်ရှုရလေသည်။ ထိုဝတ္ထုတို့တွင် ပါသော ပြည်၏ အဓိပ္ပာယ်မှာ ယခုကာလ မြို့တော်ဟူသော စကားနှင့် အဓိပ္ပာယ် အတူတူပင် ဖြစ်လေသည်။ မြန်မာပြည် ရန်ကုန်မြို့တော် ဆိုသော စကားကို ရှေးအဓိပ္ပာယ်ဖြင့် ကျနအောင်ခေါ်ဆိုလိုပါလျှင် မြန်မာတိုင်း ရန်ကုန်ပြည်  ဟူ၍ ခေါ်ဆိုရပေမည်။

ယခုကာလ အခေါ်အဝေါ်မှာမူကား တိုင်းပြည်ဟူ၍ တိုင်းနှင့်ပြည်ကို ရောနှောပြီးလျှင် အဓိပ္ပာယ် တစ်မျိုးတည်းကဲ့သို့ ခေါ်ဆိုကြလေသည်။ တစ်ရံတစ်ခါလည်း မြန်မာပြည် ဟူ၍ ရှေးအခါက တိုင်း ဟူသော အဓိပ္ပာယ်နှင့် တစ်စားတည်း ခေါ်ဆိုလေသည်။

'ဇနပုဒ်' ဆိုသော စကားအကြောင်းကား ဤသို့တည်း။ ဦးကုလား မဟာရာဇဝင်တွင် "ထီးတစ်စင်းဆောင်းသော မင်း၏ နိုင်ငံအတွင်းတွင် ဖြစ်သော ခရိုင် သည်ကား ဇနပုဒ် မည်၏" ဟု လာလေသည်။  ဤကိုထောက်၍  ရှမ်းပြည်နယ် တောင်ပိုင်း၊  ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တည်ရှိသော ကျိုင်းတုံစော်ဘွား၊ ညောင်ရွှေစော်ဘွား အစရှိသည့် စော်ဘွားတစ်ဦးပိုင် နယ်ပယ်ကို ရှေးအလိုအားဖြင့် ဇနပုဒ် ဟူ၍ ခေါ်ဆိုရပေမည်။ ယခုအခါတွင်  ၎င်း၏ အဓိပ္ပာယ်ပြောင်းလဲလာပြီ ဖြစ်သောကြောင့် ဇနပုဒ်ဆိုလျှင် အလွန်သိမ်ငယ်သော တောရွာကလေး ဟူ၍သာ အဓိပ္ပာယ် ကောက်ယူကြရလေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သော သူအား ယခုအခါတွင် ဇနပုဒ်သား ဟူ၍ ဆိုလျှင် မခံချင်ဖြစ်လေသည်။ ရှေးအဓိပ္ပာယ် အတိုင်းသာ ကောက်ယူပါလျှင် မခံချင်စရာအကြောင်း မရှိ၊ ဂုဏ်ပင် များစွာ ရောက်လေသည်။

အထက်ဖော်ပြရာပါ စကားတို့ကား စကားတစ်လုံးလျှင်  အဓိပ္ပာယ်  ပြောင်းလဲလာသော ပြယုဂ်အနည်းငယ်တို့ ဖြစ်လေသည်။  ဤနည်းအတိုင်း ပြောင်းလဲလာပြီး ဖြစ်သော အခြား စကားတို့လည်း များစွာပင် ရှိလေသေးသည်။ ထို့ကြောင့် အဘိဓာန်စာအုပ် ရိုက်နှိပ်သောအခါ  စကားတစ်လုံး တစ်လုံး၏  ရှေးအဓိပ္ပာယ်နှင့် ယခုကာလ အဓိပ္ပာယ်တို့ကိုပါ ရနိုင်သရွေ့ စုဆောင်း ထည့်သွင်းထားသင့်လှပေသည်။

သိပ္ပံမောင်ဝ
(သူရိယ သတင်းစာ။ ၁၁ ဇွန် ၁၉၂၇)
Related Posts Plugin for WordPress, Blogger...