Sunday, March 6, 2011

ကကြီးခခွေးအိုင်တီ ( IT for Kids)

စာမရေးတာ အတော်လေး ကြာသွားပါပြီ။ ကျန်းမာရေး သိပ်မကောင်းဘူး။ အာရုံကြောတွေ သိသိသာသာ အားနည်းနေတယ်။ ဒါပေမယ့် စာရေးတဲ့သူ တစ်ယောက်အနေနဲ့ စာမရေးဖြစ်တာက စိတ်ကို ပိုပင်ပန်းစေတယ်။ " စာရေးချင်တယ်၊ ရေးစရာအကြောင်းအရာတွေ ပုံနေတယ်" ဆိုပြီး အလုပ်ကြွေးတွေ ပိနေတဲ့သူ တစ်ယောက်လိုမျိုး ခံစားရတဲ့ ခံစားချက်က တော်တော်ဆိုးတယ်။ ကိုယ့်ကို ဘယ်သူကမှလည်း အတင်းအကျပ် ရေးရမယ်ဆိုပြီး ခိုင်းနေတာမျိုးလည်း မဟုတ်။ ရေးလက်စ ဝတ္ထုတိုတွေက ပုံနေတယ်။ ဘာသာပြန်နေတာ နှစ်အုပ်၊ သုံးအုပ်ရှိတယ်။

ကလေးတွေအတွက်လည်း ပုံပြသိပ္ပံစွယ်စုံကျမ်းလေး တစ်တွဲလည်း လုပ်ချင်တယ်။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ "သုတရတနာသိုက်" လိုမျိုးပေါ့။ လူကြီးတွေအတွက်လည်း နောက်ဆုံးပေါ်ကမ္ဘာမှာ စိတ်ဝင်စားနေကြတဲ့ ရာသီဥတုပြောင်းလဲမှုတို့၊ ကမ္ဘာ့စီးပွားပျက်ကပ်အကြောင်းတို့လို့ Topic တွေကို အခြေခံအကျဆုံး Level နဲ့ ရှင်းပြထားတဲ့ စာအုပ်မျိုးလေးတွေလည်း ရေးချင်တယ်။ 

ဒါမှကမ္ဘာကြီး ပူနွေးလာတာ ငါတို့နဲ့မဆိုင်လောက်ပါဘူး။ ငါတို့လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူးဆိုတဲ့အတွေးတွေ၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုတာက သူဌေးလှေနစ်တာပါ၊ ငါတို့လို အရမ်း isolated ဖြစ်တဲ့နိုင်ငံမျိုးကိုတော့ ထိခိုက်လိမ့်မယ် မထင်ပါဘူးဆိုတဲ့ အတွေးအခေါ်မှားတွေကို လူထုကြားကနေ ဖျောက်ဖျက်ပစ်နိုင်မယ်ထင်လို့ပါ။ စာအရမ်းဖတ်တဲ့ သူတစ်ယောက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့။ ထားပါတော့။ ကိုယ့်ဘဝနဲ့ ကိုယ်ရှိပါစေတော့။

ဒီနေ့တော့ ဇက်ကြောတွေ အရမ်းထိုးနေတယ်။ ညာဖက်က ဦးလွဲသလိုမျိုးကြီး နာနေတယ်။ မျက်စိတွေလည်း ကိုက်လို့။ ဘယ်လောက်ပဲအိပ်အိပ် လူကအိပ်ရေးမဝတဲ့ပုံဖြစ်ပြီး မောင်သက်ပန်းက သန်းတဝေဝေ ဆိုတာမျိုးဖြစ်နေတယ်။ မျက်စိလည်း စမ်းရဦးမယ်။ ကွန်ပျူတာကြည့်ရင် Screen ရဲ့အလယ်ကောင်တည့်တည့်က စာတွေဆိုကြည့်လို့ကောင်းတယ်၊ ဘေးဖက်ကိုရောက်သွားတာနဲ့ တဖြေးဖြေးဝါးလာရော။ ရှိစေတော့။

အဲဒီတော့ ဒီနေ့တော့ စာဟုတ်တိပတ်တိ မရေးနိုင်မယ့်အတူတူ၊ ပူနွေးခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်ပါသဖြင့် အိမ်မှာအားယားနေတော့မယ့် မှင်စာလေးများကို သင်တန်းအသီးသီးသို့ပို့မယ့် မိဘတွေအတွက် ကလေးငယ်တွေအတွက် ကွန်ပျူတာသင်ကြားခြင်း အကြောင်းလေး ရေးချင်ပါတယ်။

အခုအချိန်မှာ ကျွန်တော်က ပျမ်းမျှလူတော်တော် များများထက် ကွန်ပျူတာကို ပိုသုံးနိုင်တယ်။ ကွန်ပျူတာအကြောင်းကို ပိုနားလည်တယ်။ ဒါပေမယ့် အခွင့်အရေးများရှိမယ်ဆိုရင် ကျွန်တော့်အသက်ကို ကျွန်တော် ကွန်ပျူတာလောကထဲ စပြီးတော့ ထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကို ပြန်ငယ်သွားချင်တယ်။ အဲဒါမှ ဟိုးအစကနေ ပြန်ပြီးတော့ လေ့လာလို့ရမှာ။ (ကိုဌက် ဆိုခဲ့သလို ငါတည်ဆောက်ခဲ့ရသမျှ ပြန်ပြီးဖြိုချ၊ ငါသင်ကြားခဲ့ရသမျှ မေ့ဖို့ကြိုးစား ဆိုသလိုပေါ့။ ဒါမှ အသစ်က ပြန်စနိုင်မှာလေ။ )

ကျွန်တော်တို့ ကွန်ပျူတာစသုံးတော့ အင်တာနက်ဆိုတာကြီးက ပေါ်ကာစပဲရှိသေးတယ်။ ၁နာရီကို ၁၅၀၀ပေးပြီး သုံးခဲ့ရတာ။ ဆိုင်တွေကလည်း အရမ်းရှားတယ်။ တစ်ခါတစ်လေများ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့သူနှစ်ယောက် ပေါင်းပြီးတော့ စက်တစ်လုံးထဲကို သုံးခဲ့ရတာတွေဖြစ်ဖူးတယ်။ ပိုက်ဆံကြတော့လည်း တစ်ယောက်ဆီက ၁၅၀၀ပဲယူတာပဲ။ Demand က အရမ်းများပြီး ဆိုင်ကနည်းနေတာ။ ဒါပေမယ့် အဲဒီခေတ်က ကွန်နက်ရှင်က ဒီနေ့ခေတ်ထက် အများကြီးသာတယ်လို့ ပြောလို့ရတယ်။ အွန်လိုင်းပေါ်မှာ ခင်မင်တဲ့သူ အချင်းအချင်းလည်း အရမ်းခင်ကြတယ်။ ဒီနေ့ခေတ်လို မဟုတ်ဘူး။ အခုက အဖွဲ့တွေမျိုးစုံဖွဲ့ နာမည်တွေမှည့်ပြီး နေနေကြတာ။ အကုန်ဆရာကြီးတွေချည်းပဲ။ ဟိုတုန်းကတော့ သူလည်းလူသစ်၊ ငါလည်းလူသစ်ပဲ။

ဘယ်သူမှဘယ်ဟာက ဘာဆိုတာကို တိတိပပ သိတဲ့သူသိပ်မရှိဘူး။ အဲဒီအကြောင်းတွေကို ကျွန်တော်ပြောပြတာထက်စာရင် တကယ်လုပ်ခဲ့တဲ့ ကိုညီလင်းဆက်တို့ကိုမေးကြည့်။ သူတို့ပိုသိတယ်။ သူတို့က ပလန်းနက်ခေတ်ကတည်းက တကယ့်ဆရာ့ဆရာကြီးတွေ။ ဇော်ဂျီဆိုတာက သူတို့လုပ်ပေးလို့ ယူနီကုတ်နာမည်ခံလို့ရနေတာ။ CD တွေ ရောင်းတဲ့ဆိုင်ဆိုတာက ရှာမှရှား။ နှစ်ဆိုင်လား သုံးဆိုင်လားမသိဘူး။ အင်တာနက် ဆိုင်တစ်ဆိုင်ရဲ့ကြေငြာမှာဆို P4 စက်တွေသုံးနိုင်တာလောက်ကို တခမ်းတနား ထည့်ကြေငြာထားတာ ဖတ်ခဲ့ရဖူးတယ်။ အခုအချိန်မှာတော့ ကိုယ်တွေကိုယ်နှိုက်က CPU ဆို Core ၂ခုလောက်ဆိုရင်တောင် သိပ်မကြိုက်တော့ဘူး။

ပြောချင်တာက ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အိုင်တီခရီးက အခုခေတ် လူငယ်တွေထက်စာရင် ပိုကြမ်းတမ်းတယ်။ အကြောင်းအရာတစ်ခုခု သိချင်ရင် ဘယ်ကဘယ်လို စရမှန်းမသိဘူး။ သုံးရတဲ့ကွန်ပျူတာတွေကလည်း အဲဒီအချိန်က Laptop အသစ်ကျပ်ချွတ်ဆိုတာ ရွှေလိုရှားတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မလွယ်ဘူး။ အဟောင်းတွေပဲများတယ်။ ဘယ်သူ့မှလည်း မေးလို့စမ်းလို့မရဘူး။ ဘာလို့လည်းဆိုတော့ အားလုံးက မြေစမ်းခရမ်းပျိုးနေတဲ့ အဆင့်ပဲရှိသေးတယ်။ "တစ်ခုခုဆို ငါတို့ဝိုင်းလုပ်ကြမယ်။ အဖြေတစ်ခုထွက်တဲ့အထိ.... "ဆိုတာမျိုးပဲ။ (အရမ်းချစ်ဖို့ကောင်းတဲ့ မြန်မာတွေရဲ့ ကနဦးအစ စုပေါင်းလုပ်ဆောင်တတ်တဲ့စိတ်ပေါ့ဗျာ။ အောင်မြင်သွားမှသာ သူကြောင့် ငါ့ကြောင့် ဖြစ်လာကြတာ။)

တစ်ယောက်ယောက်က နိုင်နိုင်နင်းနင်းနဲ့ ရှင်းပြနိုင်တာမျိုးမရှိဘူး။ အဲဒီလိုဆိုတော့ ကျွန်တော်သာ အသက်တွေ ပြန်ငယ်ရမယ်ဆိုရင် အဲဒီလွန်ခဲ့တဲ့ရှစ်နှစ်က စမ်းတဝါးဝါးတွေကို ဖယ်ပြီးတော့ အခုခေတ်လို အရာရာ အသင့်နီးပါးဖြစ်နေချိန်မှာ အစကနေပြန်ပြီး ရှစ်နှစ်စာဇောက်ချ လုပ်လိုက်ချင်တာတွေရှိတယ်။ အခုဆို Facebook လိုဟာမျိုးတစ်ခုကို ကျွန်တော်ကိုယ်တိုင်တစ်ယောက်တည်းနဲ့ Code တွေ ရေးပြီး တည်ဆောက်နိုင်တယ်။ သူတို့အခုသုံးနေတဲ့ PHP ဆိုတာကို ကျွန်တော်လည်း လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက လေ့လာခဲ့တာပဲ။ ဒါဆို ဘာလို့မလုပ်လဲ.....????

ပြဿနာက ကိုယ့်ကိုကိုယ်ဖော်မသူတော် သိပ်လုပ်ချင်နေကြတဲ့ User တွေရဲ့ Profile တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ဒီလောက်များတဲ့ မတစ်ထောင်သား ဟက်ကာတွေရဲ့ကြားမှာ ထိန်းသိမ်းထားဖို့ဆိုတာက တကယ့်စိမ်ခေါ်မှုပဲ။ Application ဆိုတာက Framework တွေ၊ Smarty လိုမျိုး Template manager တွေ jQueryလိုမျိုးတွေ YahooUI လိုမျိုးတွေ သုံးပြီးရေးရင် အခုရေးအခုပြီးတယ်။ စောစောကပြောတဲ့ လုံခြုံရေးတို့၊ တစ်နေ့တစ်နေ့ကို သန်းနဲ့ချီတဲ့ User တွေက ဆက်သွယ်တာကို လက်ခံနိုင်ဖို့ လုံလောက်တဲ့ bandwith တို့၊ traffic management တို့ဆိုတာတွေက တကယ့်စိမ်ခေါ်မှု။ ဒီလိုမျိုး နည်းပညာတွေကို ကျွမ်းကျင်လာခြင်းရဲ့ တခြားတစ်ဖက်မှာ ကျွန်တော်တို့ ပေးဆက်လိုက် ရတာတွေလည်း တစ်ပုံတစ်ပင်ပဲ။ အဓိကကတော့ "မျက်ကန်းတောတိုး စမ်းတဝါးဝါး"တွေပဲ။

ပြန်စဉ်းစားမယ်ဆိုရင် တွေးမိတာတစ်ခုက ငါတို့ဆင်ကန်းတောတိုးသမားတွေတောင် စမ်းတဝါးဝါးနဲ့ လုပ်ရင်းကိုင်ရင်းကနေ ဒီနေ့ ဒီလိုမျိုးအနေအထားတစ်ခု ရလာကြရင်။ ငါတို့က သေချာဂိုက်လိုင်းချပေးလိုက်တဲ့သူတွေ၊ ငါတို့လို စမ်းတဝါးဝါးမဟုတ်ပဲနဲ့ ဘာပြီးရင်ဘာ၊ ဘယ်အဆင့်ကို အရင်လုပ်၊ အဲဒါပြီးမှ ဘာကိုလေ့လာလို့ တစ်ယောက်ယောက်က ဂိုက်လိုင်းချပေးတဲ့အတိုင်း Step by Step လျှောက်လာတဲ့သူတွေ၊ Block by block တည်ဆောက်လာခဲ့တဲ့သူတွေဆိုရင် ဒီရှစ်နှစ်အတွင်းမှာ ဘယ်အဆင့်အထိရောက်သွားမလဲ။ အဲဒါကို သွားတွေးမိတယ်။ ကျွန်တော်တို့ စမ်းတဝါးဝါးလုပ်ခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်ကလေးတစ်ခု ပြောပြမယ်။ ရယ်စရာပါ။ ရယ်ယုံပဲရယ်ပါ။

ကျွန်တော် Web Developing လိုင်းကို စလိုက်တော့၊ Web Developing နဲ့ပတ်သက်လို့ ဗမာလိုရေးထားတဲ့ စာအုပ်စာတမ်းဆိုတာ တစ်ခုမှမရှိဘူး။ အဲဒီလိုပဲ မီးကျိုးမောင်းပျက် English လေးနဲ့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်ပဲ။ တစ်နေ့တော့ ဘာသွားတွေ့လည်းဆိုတော့ Web Developing မှာ အရမ်းအရေးကြီးတဲ့ JavaScript အကြောင်းသွားတွေ့တယ်။ အဲဒါနဲ့ ဒီကောင်မိုက်တယ်၊ ငါတတ်ထားရင်ကောင်းမှာပဲဆိုပြီးတော့ CD ဆိုင်ကိုသွားတယ်။ မှတ်မှတ်ရရ National CD ဆိုင်။

အဲ့ဒါနဲ့ ကိုယ်က အဲဒီအချိန်မှာ VB6 ကို လေ့လာနေတဲ့အချိန်။ နောက်တစ်ခါ JavaScript ဆိုတာ Java ကနေလာတဲ့ ဟာပဲဖြစ်မယ်။ ဘာလို့လဲဆိုတော့ VB မှာက VBScript ဆိုတာလည်း ရှိသေးတာကိုး။ အဲဒါနဲ့ JavaScript အတွက် Compiler CD တစ်ချပ်ပေးပါဆိုပြီး တောင်းလိုက်ကော။ ဘယ်နှယ့်ရှိစ... ကိုယ့်လူတို့။ IT သမားတွေဆိုရင်တော့ ဒီနေရာမှာတင် ရင်ဘတ်နောက်ကကျောဖြစ်နေလောက်ပြီ။ ဟုတ်ကဲ့ ဇာတ်လမ်းက အဲဒီနေရာမှာတင် ဆုံးမသွားဘူးခင်ဗျ။ CD ရောင်းတဲ့ဆိုင်က အစ်မကြီးတစ်ယောက်က ကျွန်တော့်ကို CD တစ်ချပ်ထုတ်ပေးလိုက်လို့ ၅၀၀နဲ့ ဝယ်လာခဲ့ရပါသေးတယ်။

အဲဒီအချိန်က HTML ဆိုတာတောင် ဘာမှန်းမသိသေးဘူး။ မောင်စည်သူတို့ အလှမ်းကျယ် အလယ်လတ်တာပေါ့ဗျာ။ အခုအချိန်အထိ ဘာရယ်စရာပါလို့ ငါတို့က ရယ်ရမှာလည်းလို့ ဇဝေဇဝါဖြစ်နေသူများအတွက် နည်းနည်းလောက်ရှင်းပြချင်ပါတယ်။

Programming language တွေမှာ စက်ကနားလည်တဲ့ ဘာသာစကားကို တိုက်ရိုက်ထုတ်ပြီးတော့ တိုက်ရိုက် run ယူလို့ရတဲ့ C တို့ C++ တို့လိုမျိုး Language တွေရှိတယ်။ သူတို့ကို Compiled Language တွေလို့ခေါ်တယ်။ နောက်တစ်ခါ Intermediate language လို့ခေါ်တဲ့ သက်ဆိုင်ရာ Runtime လိုအပ်တဲ့ language တွေလည်းရှိတယ်။ ဥပမာ Java ဆိုရင် သူ့ရဲ့ dot Java file ကို dot class ဖိုင်အဖြစ် compile လုပ်ပေးရတယ်။ အဲဒီ class ဖိုင်မှာ ဘာတွေပါသလဲဆိုတော့ Java byte code တွေပါတယ်။ dot java file ကိုတော့ programming တတ်တဲ့သူက ဖတ်ရင်နားလည်တယ်။ လူနားလည်တဲ့အဆင့်ပေါ့။

Java byte code တွေကိုတော့ လူကနားမလည်တော့ဘူး။ လူကနားမလည်ဘူးဆိုလို့ စက်ကကော နားလည်သလား ဆိုတော့လည်း စက်ကလည်း နားမလည်ဘူး။ စက်နားလည်အောင်ပြန်ပြောတဲ့ Runtime ဆိုတာ လိုလာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စက်တွေမှာ Java Runtime ဆိုတာလိုလာတာ။ ဒါဆို ဘာလို့အဲဒါကြီးက ပါလာရတာလဲလို့မေးရင် (သေချာပြောမယ် တရားသေမမှတ်ပါနဲ့ ကွန်ပျူတာလောကမှ ဘယ်တော့မှ လှေနားဓါးထစ်မမှတ်ပါနဲ့ ) အသိသာ အထင်ရှားဆုံးအကြောင်းက Portable ဖြစ်သွားတယ်။

စက်တစ်လုံးမှာ ရေးထားပြီး Java byte code အဖြစ်အသွင်ပြောင်းလိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့စက်မှာ သူ့သက်ဆိုင်ရာ Java Runtime နဲ့ပြန် run သီအိုရီအရ (ကျွန်တော်ပြောတယ်နော် သီအိုရီအရလို့ လက်တွေ့မှာ တကယ်မဖြစ်တာတွေရှိတယ်) run လို့ရရမယ်။ ဥပမာ- ကျွန်တော်က Windows စက်ပေါ်မှာ ရေးထားတဲ့ code တွေကို Java byte code အဖြစ်ပြောင်းလိုက်တယ်။ အဲဒါဆိုရင် Mac OS ပေါ်က Java Runtime က လိုအပ်သလို adjust လုပ်ပေးပြီးတော့ အဲဒီcode ကို Mac ပေါ်မှာ run လို့ရအောင်လုပ်ပေးလိုက်တယ်။ ဆိုလိုတာက OS ကို လိုက်ပြီးတော့ သူ့ OS နဲ့ဆီလျောတဲ့ Runtime ကိုပြောင်းပေးလိုက်ရုံနဲ့ Code တွေကို ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ run လို့ရသွားတယ်။

နောက်တစ်ခါ ဘာသာစကားအမျိုးမျိုးပြောင်းလို့ရတယ်။ ဥပမာ dot net တွေကို ကြည့်၊ VB.net နဲ့ပဲရေးရေး Visual C++ နဲ့ပဲရေးရေး၊ C# နဲ့ပဲရေးရေး ရေးသမျှ code အားလုံးဟာ နောက်ဆုံးမှာ intermediate language အဖြစ်အသွင်ပြောင်းသွားတယ်။ အဲဒီလိုအသွင်ပြောင်းပြီးသွားရင် ဘာ language နဲ့ပဲရေးခဲ့ရေးခဲ့ နောက်ဆုံးမှာ .net Framework ရှိတဲ့ စက်အားလုံးမှာ run လို့ရသွားတယ်။ ပြောချင်တာက VB နဲ့ပဲရေးရေး၊ C# နဲ့ပဲရေးရေး OS က ဘာ language ဆိုတာကို ဂရုစိုက်စရာမလိုပဲနဲ့ Language တစ်ခုထဲက ထုတ်လုပ်လိုက်တဲ့ Code အမျိုးအစားတစ်မျိုးထဲအနေနဲ့ နားလည်သွားတယ်။

နောက်ဆုံးတစ်ခုက Scripting language ဆိုတာရှိတယ်။ သူကကြတော့ လုံးဝ Compile လုပ်စရာမလိုဘူး။ Source ဖိုင်ကနေ တိုက်ရိုက် run ယူတယ်။ ပြုပြင်ဖို့အရမ်းလွယ်တယ်၊ မကောင်းဘူးလား။ မကောင်းဘူး။ ဘာလို့လည်းဆိုတော့ Program ကို run ရင်အဆင့်တွေအရမ်းများတယ်။ program တစ်ပုဒ်ကို run ချင်ရင် အရင်ဆုံး intermediate ကိုရောက်အောင် လုပ်ရသေးတယ်။ portable ဖြစ်အောင်လို့။ ပြီးမှ mechine level ဖြစ်အောင်လို့ တစ်ခါပြန် compile လုပ်ရသေးတယ်။

အဲဒါကြောင့်မို့လို့ C လိုမျိုး တိုက်ရိုက် compile လုပ်ပြီးမှ run ရတဲ့ Language မျိုးနဲ့ယှဉ်လိုက်ရင် သိသိသာသာနှေးသွားတယ်။ နောက်တစ်ခါ Memory management တွေ လုံးဝမပါတော့ဘူး။ ပြီးတော့ Source code ကနေ တိုက်ရိုက် run ယူတာဖြစ်တဲ့အတွက် commercial application တွေမှာ အသုံးနည်းတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ scripting တွေက ပိုပြီးအသုံးများလာတယ်။ ဘာဖြစ်လို့လို့ထင်လဲ။ CPU တွေ အရမ်းမြန်လာလို့။

စောစောကပြောတဲ့ intermediate ပြောင်း၊ ပြီးမှပြန် run ဆိုတဲ့ Process တွေကို လုပ်တဲ့နေရာမှာ CPU တွေက အရမ်းမြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့အတွက် Compiled တွေနဲ့ ယှဉ်ရင် သိပ်မကွာတော့ဘူး။ နောက်...ရေးရတာ သင်ယူရတာပိုမြန်တယ်။ ဟိုကောင်တွေက အရမ်းခက်တယ်။ Scripting ကျတော့ လွယ်လွယ်ကူကူနဲ့နားလည်နိုင်တယ်။ အဲဒီတော့ ပြောရရင် ကျွန်တော်သင်ချင်ခဲ့တဲ့ JavaScript သည် Compiler လုံးဝမလိုတဲ့ Scripting Language တစ်ခု ဖြစ်ပါတယ်။ Mozilla Firefox လိုမျိုး Web Browser ရှိရင်ကိုပဲ အလုပ်ဖြစ်ပါတယ်။ JavaScript သည် Java ဆိုတဲ့ Programming Language နဲ့ ဘာဆိုဘာမှမဆိုင်ပါဘူး။ (Programming Language သင်ကြားလိုသူများ ဥုံခံပြီး သုံးကြိမ်ရွတ်ပါ။)

အဲဒါကို ကျွန်တော်ချစ်သော CD ဆိုင်ကမမက စေတနာဗရဗွနဲ့ အိတ်ထဲကအသပြာငါးရာကြွအောင်လို့ CD တစ်ချပ်မစလိုက်တာပါ။ ကဲ...အဲဒါဆို ဘာလို့ရယ်စရာကောင်းတယ်ဆိုတာ သိပြီမှတ်လား။ စောစောက ပြောခဲ့တဲ့ Programming Language စစ်စစ်သုံးမျိုးအပြင်၊ Programming Language မဟုတ်ပေမယ့်လို့ Programming Language လိုမျိုးအသုံးချနေတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း MarkUp Language တွေရှိသေးတယ်။ JavaScript ကလည်း အဲဒီဖားတစ်ပိုင်းငါးတစ်ပိုင်းတွေထဲမှာပါတယ်။ သူလည်း Programming Language အစစ်ကြီးတော့ မဟုတ်ဘူး။ ထားတော့။ ပြောချင်တာက HTML တောင်မသိသေးတဲ့ကောင်က JavaScript တွေ ဘာတွေနဲ့ ကြီးကြီးကျယ်ကျယ်သွားလုပ်လို့ ခံလာရတဲ့အကြောင်းပါ။

အဲဒီလိုမျိုး ခံရတာတွေများလာတော့မှ ဒီနေ့အခြေအနေကို ရောက်လာတာပါ။ အဲဒီတော့ ကွန်ပျူတာလောကမှာ မသိတဲ့အကြောင်းအရာဆိုတာ ရှားတယ်။ ဟိုနားလည်း နည်းနည်းသိ၊ ဒီနားလည်း မဆိုစလောက်ပေါ့။ ဒါပေမယ့်လက်တွေ့မှာ လုပ်ငန်းခွင်ဝင်ရင် တစ်ခုခုကို ဇောက်ချလုပ်ထားဖို့လိုတယ်။ အလုပ်ထဲမှာ ကိုယ်တာဝန်ယူရတဲ့ အစိတ်အပိုင်းအားလုံးကို စလုံးရေစကနေ စပြီးကို သိနေဖို့လိုတယ်။ အဲဒီအခါကြတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းတွေက သုံးမရတော့ဘူး။ လုံးဝအဖိုးမတန်တာတော့ မဟုတ်ဘူး။ သိထားရင်တော့ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် ကိုယ်နဲ့ဆိုင်တာကိုတော့ လက်တစ်ဆုံး နှိုက်မိနေဖို့လိုတယ်။

အဲဒီတော့ ကလေးတွေကို စာသင်တော့မယ်ဆိုရင် သူတို့ကို စမ်းတဝါးဝါးဖြစ်နေရမယ့် အဖြစ်မျိုး၊ စောစောကကျွန်တော့်လို့ အဆင့်တွေကျော်ကုန်တာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ကတော့ ထားတော့ ဟိုးတုန်းက နည်းပညာမဖွင့်ဖြိုးသေးတာရော၊ မသိလို့ မတတ်လို့ မေးချင်ရင်တောင် ဘယ်သူ့ကို မေးလို့မေးရမှန်း မသိတဲ့အခြေအနေမျိုးမှာဆိုတော့။ အခုကလေးတွေက ကျွန်တော်ရဲ့ အတွေ့အကြုံတွေကိုယူပြီး ကျွန်တော်တို့အမှားတွေကို သူတို့ဆီကို ဆက်မမှားဖို့ကောင်းပြီ။ အဲဒါနဲ့ ဒီနေ့.... ဒီဆောင်းပါးကို ရေးပါတယ်။

ကျွန်တော်ရဲရဲကြီး အာမခံနိုင်တာရှိတယ်။ ကျွန်တော်တို့အမှားတွေလိုမျိုးသာ မမှားကြရင် ဒီနေ့ခေတ်ကလေးတွေက ကျွန်တော်ရောက်နေတဲ့အဆင့်မျိုးကို ကျွန်တော်ရှစ်နှစ်လောက် အပင်ပန်းခံခဲ့ရတဲ့ခရီးကို သုံးနှစ်လောက်နဲ့ ရောက်သွားနိုင်တယ်။ မိဘတွေကိုပြောချင်တာက သားသမီးကို ကိုယ်ဖြစ်စေချင်သလို အတင်းအကျပ်ပုံစံမျိုး မဟုတ်ပဲနဲ့ သူတို့ကို တဖြေးဖြေးပုံသွင်းယူတဲ့ပုံစံမျိုး၊ ကိုယ်ဖြစ်ချင်တာနဲ့ သူတို့ဖြစ်ချင်တာနှစ်ခု ယှဉ်လာရင် သူတို့လေးတွေ ပိုစိတ်ဝင်စားမယ့် အနေအထားမျိုးကို ဦးစားပေးတတ်စေဖို့ကို တိုက်တွန်းချင်တယ်။

ဒီဆောင်းပါအတွက် ရွေးချယ်ထားတဲ့ အသက်အပိုင်းအခြားက အသက်ဆယ့်သုံးနှစ်ကနေ ဆယ့်ခုနှစ်နှစ်အထိပေါ့။ ဒီအသက်အပိုင်းအခြားဟာ ကွန်ပျူတာသင်ဖို့ အကောင်းဆုံးအရွယ်ပဲ။ ဆယ့်သုံးနဲ့နီးလေလေ သင်ဖို့ကောင်းလေလေ၊ ဆယ့်ခုနှစ်နဲ့နီးလာလေလေ သင်ဖို့ခက်လာလေလေပဲ။ ဒါက... ယေဘုယျပြောတာပါ။ ကောင်းပြီ။ အဲဒီတော့ ဘယ်လိုသင်မလဲ။

ကွန်ပျူတာကို လူတွေက လေးမျိုးလေးစား ခွဲပြီးသုံးတယ်။ ကျွန်တော်တို့ Application တွေ ရေးရင်လည်း အဲဒီလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ အကျုံးဝင်အောင်ရေးတယ်။ ကလေးတွေကိုသင်တော့လည်း ဒီလေးမျိုးကိုပဲ သင်ရမယ်။ ဘာတွေလည်းဆိုတော့.....

ပထမတစ်ခုက ပညာရှင်လို သဘောထားပြီး သုံးတယ်။ Dictionary တွေ၊ စွယ်စုံကျမ်းတွေ စသဖြင့်ပေါ့။ နောက်တစ်ခုက လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီးသုံးတယ်။ Word Processing တွေ၊ Photoshop လိုမျိုးတွေပေါ့။ နောက်တစ်ခါ သူငယ်ချင်းလို သဘောထားပြီးသုံးတယ်။ MediaPlayer တွေ၊ Game တွေပေါ့။ နောက်ဆုံးတစ်ခု ကိုယ့်ရဲ့ကိုယ်ပွားလိုသဘောထားပြီးသုံးတယ်။ ဥပမာ Java လိုမျိုးတွေ၊ Visual Studio လိုမျိုးတွေ၊ DBMS တွေ စတဲ့ programming နဲ့ ဆိုင်တာတွေပေါ့။

ဥပမာ ကိုယ်က အလိုလို Shut Down လုပ်လို့ရတဲ့ program လေး ရေးထားတယ်ပေါ့။ ဘယ်အချိန်ဆိုရင် Shut Down လုပ်ပေးပါဆိုပြီး။ အဲဒါဆိုရင် program က ကိုယ့်ကိုယ်စား Shut Down ချပေးသွားတယ်။ DBMS တွေလည်း အတူတူပဲ ကိုယ်ကတစ်ခုခု မှတ်သားထားစရာရှိတယ်ဆိုရင် DBMS က စနစ်တကျနဲ့ စာရင်းသွင်း မှတ်သားထားပေးမယ်။ အဲဒီလိုမျိုးပေါ့။ ဗမာပြည်မှာတော့ ဖုန်းလိုသုံးနေတာလည်း ရှိတာပဲ။ ရှိပါစေတော့။ အဲဒီတော့ ကလေးတွေကို ဒီလေးမျိုးစလုံးနဲ့ထိတွေ့နေအောင်လုပ်ပေးရမယ်။

ပထမဦးဆုံး မလုပ်မဖြစ်လုပ်ရမယ့် အချက်က အိမ်မှာ computer ဝယ်ရမှာပဲ။ ကွန်ပျူတာ အိမ်မှာ အပိုင်မရှိပဲနဲ့ ကွန်ပျူတာမသင်ပါနဲ့။ ကွန်ပျူတာ အိမ်မှာရှိမယ်ဆိုရင် ဘယ်ကွန်ပျူတာသင်တန်းမှ သွားစရာမလိုပဲနဲ့ ကွန်ပျူတာ သင်လို့ရပါတယ်။ ခင်ဗျားမှန်းကြည့်စမ်း။ ကျွန်တော့်မှာ ကွန်ပျူတာသင်တန်းတွေက ပေးလိုက်တဲ့လက်မှတ်တွေ ဘယ်နှယ့်ခုရှိမယ်ထင်လဲ။ တစ်ခုမှမရှိဘူး။ ဟိုးအသက် ဆယ်နှစ်သားလောက်က CE font တွေထွင်တဲ့ CE computer ကပေးတဲ့ နွေရာသီ ကွန်ပျူတာသင်တန်း လက်မှတ်ကလေးကို ထည့်တွက်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် တကယ့်လောက်လောက်လားလား ကွန်ပျူတာသင်တန်းဆင်းလက်မှတ်ရယ်လို့ တစ်ခုမှမရှိဘူး။

စောစောက ပြောခဲ့တဲ့လက်မှတ်က ပထမဦးဆုံးနဲ့ နောက်ဆုံးရခဲ့တဲ့လက်မှတ်ပဲ။ အမေ့ကျေးဇူး ဒီနေရာ ဆပ်မကုန်ဘူး။ ကွန်ပျူတာအစုတ်ကလေး တစ်လုံး ဝယ်ပေးတယ်။ ဘာမှလုပ်လို့မရဘူး။ HDD က စုစုပေါင်းမှ 4GB ပဲပါတယ်။ Windows XP တင်လိုက်ရုံနဲ့ 1.5GB ကကုန်သွားပြီ။ အဲဒါနဲ့ ဟို software တင်လိုက်၊ ဒီ software တင်လိုက်။ နောက်တော့ format ရိုက် Windows ပြန်တင်လိုက်နဲ့။ အခုဆို Windows XP ကို မျက်စိမှိတ်ပြီး တင်လို့ရတယ်။ အဲဒီလိုနဲ့စခဲ့တာ။

သင်တန်းအခုတစ်ရာလောက် တက်ထားတဲ့သူတွေတောင်မှ မသိတဲ့ Windows သုံးပုံသုံးနည်းတွေကို အဲဒီ computer နဲ့ ဟိုကလိဒီကလိရင်းနဲ့ သိသွားတာ။ အဲဒီလိုပြောလို့ သင်တန်းမလိုဘူး ပြောချင်တာမဟုတ်ဘူး။ ကွန်ပျူတာအပိုင်တစ်ခု မရှိမဖြစ်လိုတယ် ဆိုတာပြောချင်တာ။ သင်တန်းဆိုတာကတော့ ဘယ်အကုန်သင်နိုင်မလဲ။ ကိုယ့်ဟာကိုယ် ရှာဖွေရတာတွေ အများကြီးပေါ့။

ဥပမာဗျာ အင်တာနက် သုံးနည်းသင်တန်းမှာ တစ်ခုခုသိချင်ရင် Google မှာရှာရတယ်ဆိုတာလောက်တော့ ပြောမှာပေါ့။ ဒါပေမယ့် result တွေ ပိုတိကျဖို့ ဗိုလီယမ်တွေ ဘယ်လိုသုံးရတယ် ဆိုတာတော့ ဘယ်သင်ပေးနိုင်မလဲ။ အိမ်မှာ ကွန်ပျူတာအပိုင်မရှိရင်တော့ သင်တန်းသွားတက်လည်း သင်ပြီးသားတွေက ပြန်မေ့သွားမှာပဲ။ မထူးပါဘူး။ ကွန်ပျူတာဆိုတာက အမြဲမပြတ်ထိတွေ့ပေးနေဖို့လိုတယ်။

ဒုတိယတစ်ခုက ကလေးတွေကို စနစ်တကျ Mouse နဲ့ Keybord သုံးတတ်အောင် သင်ဖို့လိုတယ်။ အခုခေတ်ကလေးတွေက ဒါတွေမသုံးတတ်စရာမရှိပါဘူးလို့ ထင်မယ်။ အဲ့ဒါမှားတယ်။ မသုံးတတ်ကျဘူး။ ကွန်ပျူတာသုံးတဲ့သူ တစ်ရာမှာကိုးဆယ်က Keybord နဲ့ Mouse ကို မှန်အောင်၊ မှန်နေရင်းလည်း မြန်အောင် မသုံးတတ်သေးဘူး။ အဲဒီအတွက် Mouse ကို ကျကျနနသုံးတတ်အောင် သင်ရမယ်။ Typing တွေ မှန်အောင်သင်ပေးရမယ်။

တစ်ခါတုန်းကပေါ့ဗျာ ဇာတ်လမ်းလေးတွေရှိတယ်ပေါ့။ UCSY က ကျောင်းဆင်းကြီးတစ်ယောက်ပါ။ ဗမာလိုမရိုက်တတ်ဘူး။ အခုအချိန်အထိ ဗမာလိုရိုက်ဖို့ ခက်နေတုန်းပဲ။ အဲဒါကြောင့်ပြောတာ Typing ကို ဗမာ၊ အင်္ဂလိပ်မှန်မှန်နဲ့ မြန်မြန်ရိုက်နိုင်ဖို့ ကြိုးစားပြီးသင်သင့်တယ်။ ပထမတော့ မှန်ဖို့ပေါ့။ နောက်တော့ တဖြေးဖြေးမြန်လာမယ်။ Typing အမြန်ရိုက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြမယ်။ ကြိုပြောထားမယ် ကိုယ့်ဟာကို ချိန်ပြီးလုပ်။ တစ်ခုခုဆိုတာဝန်မယူ။

Typing အမြန်ဆုံးရိုက်နိုင်စေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ရည်းစားထားခြင်းဖြစ်ပါသည်။ ဆက်မမေးနဲ့တော့ ဘာကိုမှဆက်မမေးနဲ့တော့။ မောင်စည်သူတို့ A4 သုံးမျက်နှာလောက်ကို ဘာလို့နာရီဝက်အတွင်း အပြီးရိုက်နိုင်သလဲဆိုတာက အဲဒါ အဖြေပဲ။ ဒါကလူကြီးတွေအတွက် ပြောတာ။ ၁၈နှစ် မပြည့်သေးတဲ့ကလေးတွေနဲ့ မဆိုင်ဘူး။ ပဲကြီးလှော်ဝင်မနှိုက်ကြနဲ့ ကလေးတွေ။ နောက်တစ်ခုက Short Cut တွေကိုလည်း လေ့လာထားသင့်တယ်။

တတိယက Hardware ကို ပိုင်ပိုင်နိုင်နိုင်သိဖို့လိုတယ်။ ကျွန်တော်တို့ဗမာတွေမှာ မကောင်းတဲ့အကျင့်ရှိတယ်။ လူသုံးကုန်ပစ္စည်းတွေကို ကိုးကွယ်တာ။ TV တို့ဘာတို့ကို မှန်ပုံးကြီးတွေ၊ မှန်ဗီဒိုကြီးတွေထဲ ထည့်ထားကြတဲ့ခေတ်ကို မှတ်မိလား။ ပစ္စည်းပျက်မှာကို အရမ်းစိုးရိမ်တယ်။ ကလေးတွေကို ဟိုဟာမကိုင်နဲ့ ပျက်မယ်၊ ဒီဟာမကိုင်နဲ့ပျက်မယ်။ ပျက်သွားရင်အသစ်ဝယ်ဖို့က လွယ်တာမဟုတ်ဘူး စသဖြင့်ခြိမ်းခြောက်တတ်တယ်။

အဲဒါ...... မှားတယ်။ သူတို့ကို ပျက်မယ်မကိုင်နဲ့လို့ ပြောမယ့်အစား၊ ဒီဟာကို ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ အဲဒီလိုဖြစ်သွားရင် သူ့ရဲ့အကျိုးဆက်က ဘာဆိုတာကို ကလေးနားလည်သည်အထိ ရှင်းပြရမယ်။ ပြောသာပြောရတယ် ကိုယ့်မှင်စာတွေအကြောင်းလည်း ကိုယ်သိတယ်။ တော်ကြာ ခင်သန်းမြင့်ရေ...ကလေးတွေကို သကြားလုံးကျွေးလိုက်ပါ ဆိုတာမျိုး လုပ်နေရဦးမယ်။

အဲဒီတော့ ပြောချင်တာက သူတို့သာ ကွန်ပျူတာမှာပါတဲ့ အစိတ်အပိုင်းတွေအကြောင်း သိထားမယ်ဆိုရင် ဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုသိပြီး မသုံးနဲ့ ပျက်တတ်ဆိုတဲ့အတွေးအစား၊ ကွန်ပျူတာဆိုတာ သုံးရတယ်။ သုံးတယ်ဆိုရင် ပျက်မှာပဲ၊ ပျက်ရင် ဘယ်လိုလုပ်မယ်။ အပျက်သက်သာအောင် ဘယ်လိုသတိထားမယ်။ ဆောင်ရန်ရှောင်ရန်တွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အတွေးဝင်သွားမယ်။

နောက်တစ်ခုက ကွန်ပျူတာဆိုတာက hardware ချည်းသက်သက်မဟုတ်ဘူး။ software ပါပါတယ်။ အဲဒီတော့ ပြုပြင်ထိန်းသိမ်းတဲ့အခါမှာလည်း hardware ချည်းတင်လုပ်ရတာမဟုတ်ဘူး software ပိုင်းကိုပါ ကိုင်ရတယ်။ Defrag လုပ်တာမျိုးပေါ့။ ဗိုင်းရစ်သတ်တာမျိုးပေါ့။ အဲဒါတွေကိုလည်း ဘာလို့လုပ်ဖို့လိုအပ်တယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သူတို့ကိုယ်တိုင်သိသွားမယ်။ အဲဒီတော့ ကွန်ပျူတာသုံးရမှာကို ကြောက်မနေတော့ဘူး။

ကျွန်တော်အရင်က သင်တန်းပေးတုန်းကဆို ကလေးတွေကို သင်တန်းစစချင်း Mouse ကို တစ်ဖက်က ကိုင်ခိုင်းတယ်၊ တစ်ဖက်က Keybord ကို ကိုင်ခိုင်းပြီးတော့ ဟဲ့နွားလို့ အော်ခိုင်းတယ်။ ကလေးတွေကို ပျော်စေချင်တာရယ်၊ သူတို့နဲ့ ကွန်ပျုတာကို ရင်းနှီးမှု လုပ်ချင်တာရယ်။ နောက်ပြီးတော့ စက်တွေကို ရဲရဲတင်းတင်း ကိုင်စေချင်တာရယ်ကြောင့်မို့လို့။

အဲဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဆရာကိုဇော်လင်း(youth) ရေးတဲ့ A+ ဆိုတဲ့စာအုပ်နဲ့ beyond A+ ဆိုတဲ့စာအုပ် နှစ်အုပ်ကို ပေးဖတ်လိုက်တာပဲ။ ကျွန်တော်တောင် အဲဒီစာအုပ်ကို ဝတ္ထုဖတ်သလိုမျိုးကို တခုတ်တရ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့တယ်။ အခုအချိန်အထိလည်း ဖတ်တုန်းပဲ။ တွေ့တဲ့သူတိုင်းကိုလည်း ညွှန်းတယ်။ အရေးအသားလည်း ပြေပစ်တယ်။ ဆရာကိုဇော်လင်းခင်ဗျား ကြေငြာခလက်ဖက်ရည်တိုက်ပါ။ စတာပါ။

နောက်တစ်ခုကတော့ သင်တန်းတစ်ခုခု တက်စေတာပါ။ သင်တန်းက တကယ်သင်တဲ့ သင်တန်းဖြစ်ဖို့တော့ လိုတယ်ပေါ့။ တကယ်သင်တဲ့သင်တန်း ဘယ်ဟာလည်းသိချင်ရင် အခုခင်ဗျားတို့ ခေါင်းထဲမှာ တွေးမိတဲ့ နာမည်ကြီး သင်တန်းကြီးများရဲ့နာမည်ကို ဖြုတ်လိုက်ရင် စာရင်းကတော်တော်သန့်သွားမယ်။

စတုတ္ထအချက်က အခုစာဖတ်သူ လူကြီးမင်းက လူကြီးမင်းရဲ့ကလေးကို သင်စေချင်တဲ့ application များကို ခေါင်းထဲက မောင်းထုတ်လိုက်ပါ။ ဥပမာဆိုကြပါဆို့။ ငါ့သားလေးတော့ စာစီစာရိုက်တတ်စေချင်တယ်။ pagemaker သင်ပေးထားရင်ကောင်းမှာပဲလို့ တွေးတယ်ပေါ့။ အခု Adobe က Pagemaker ကို version 7 ထဲက ဆက်မထုတ်တော့တာ လူကြီးမင်း သတိထားမိပါသလား။ အဲဒါဆိုရင် လူကြီးမင်းကလေးက အရွယ်လည်းရောက်ရော၊ သူသင်ထားတဲ့ pagemaker က သူ့အတွက် အသုံးမဝင်ဖြစ်သွားပါပြီ။ ဒီလိုပါပဲ Microsoft office တွေလည်း အတူတူပဲ။

အဲဒီတော့ ဘယ်ဟာကို သင်ရမလဲမေးရင် Wordpad ကိုသင်ပါ။ Copy နဲ့ Paste လုပ်တာတွေ၊ select မှတ်တာတွေ၊ ဖိုင် save လုပ်တာတွေ စသဖြင့် Application တွေရဲ့ အခြေခံအသုံးတွေနဲ့ command တွေ တော်တော်များများကို Wordpad နဲ့သင်လို့ရပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲသင်တယ်။ style တွေ၊ template တွေနဲ့ ကလေးတွေကို ခေါင်းခြောက်မသွားစေချင်လို့။ သူတို့သိဖို့က အဓိကလိုအပ်တဲ့ Application ရဲ့ အသုံးတွေကိုပဲ ပြည့်စုံအောင် သင်ပေးလိုက်တယ်။ Toolbar တွေ၊ menu bar တွေကိုနဲ့ အဲဒါတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုပဲ သိအောင်သင်ပေးလိုက်တယ်။ အဲဒါကိုနားလည်ရင် Application အားလုံးနည်းပါကိုနားလည်နိုင်သွားပါပြီ။ ဒါက application နဲ့ပတ်သတ်လို့ပါ။

နောက်တစ်ခုက OS နဲ့ပတ်သက်လို့။ File တွေ၊ Directory တွေ(Windows မှာတော့ Folder တွေလို့ခေါ်တယ်)၊ shortcut တွေ၊ စသဖြင့်ပေါ့။ ဒါတွေကို ကျွမ်းကျင်ပါစေ။ နောက်တစ်ခါ Directory တွေရဲ့ သိမ်းဆည်းပုံတွေ၊ ဥပမာ Windows folder ဆိုရင် System နဲ့ဆိုင်သမျှ ဖိုင်တွေသိမ်းတယ်။ Program files ဆိုရင် application တွေရဲ့ ဖိုင်တွေသိမ်းတယ်။ user ဆိုရင်တော့ user တွေနဲ့ဆိုင်တဲ့ဟာတွေ သိမ်းတယ်ပေါ့။

ရီဂျစ်စတီကို နားလည်ပါစေ။ ရီဂျစ်စတီဟာ ပြောပြရရင် အများကြီးပဲ။ ဒါပေမယ့် သူတို့ကိုတော့ ရီဂျစ်စတီက သုံးတတ်ရင် အသုံးဝင်သလောက်၊ မသုံးတတ်ရင် အန္တရာယ်ဖြစ်နိုင်တယ် ဆိုတာလောက်တော့ ရှင်းပြထားသင့်တယ်။ နောက်တစ်ခါ ဖိုင်အမျိုးအစားတွေ၊ temp ဖိုင်တို့၊ junk ဖိုင်တို့တွေ၊ memory dump တွေ၊ BSD တွေ၊ ဒါတွေကို သူတို့ကို သိစေရမယ်။ BSD ဘာကြောင့်ပေါ်လာသလဲ။ ပေါ်လာရင်ဘာလုပ်ရမလဲ။

ကျွန်တော့်အတွေ့အကြုံအရ Blue Screen of Death သည် Memory card တွေရဲ့ error ကြောင့် အဓိကပေါ်လာတတ်တယ်။ ဒါမျိုးလေးတွေသိရမယ်။ အပေါ်က Hardware ကို ကျွမ်းကျင်ရမယ်ဆိုတာမှာလည်း ဒါတွေပါလာမှာပဲ။ Bios ကပေးတဲ့ တီတီဆိုတဲ့ အသံမျိုးတွေပေါ့။

နောက်တစ်ခုက Programming ဆိုရင်လည်း VB၊ Java၊ Python၊ Ruby၊ PHP စသဖြင့် မသင်စေချင်ဘူး။ အဲဒီလို Language တွေအစား ပရိုစီဂျာရယ်ဆိုတာဘာလဲ၊ Object oriented ဆိုတာဘာလဲ။ အခုကျွန်တော့်တို့ နေ့စဉ်လောကမှ ဆယ်လီစိတ်စနစ်သုံးတယ်။ ကွန်ပျူတာမှာရှစ်လီစိတ်သုံးတယ်။ ဘာလို့သုံးတာလဲ။ ရှစ်လီစိတ်ဆိုတာဘာလဲ။ ဗိုလီယမ်လော့ဂျစ်တွေ စသဖြင့်စသဖြင့်ပေါ့ အဲဒါမျိုးတွေကို နားလည်ပါစေ။

ကျွန်တော့်ကတော့ အဲဒီလိုအခြေခံတွေအတွက် Python ကိုသုံးပါတယ်။ Python ကို သုံးတယ်ဆိုတဲ့နေရာမှာ String တွေ၊ ဗရယ်ဗဲတွေက ဘာတွေဆိုတာမျိုး။ ဖန်ရှင်နဲ့ ရိုးရိုးဗရယ်ဗဲ ဘာကွာသလဲဆိုတာမျိုး(ဥပမာ print နဲ့ echo ဘာကွာသလဲ)တွေကို သင်တာမဟုတ်ပါဘူး။ စောစောက ပြောခဲ့တဲ့အခြေခံအချက်တွေကိုပဲ သင်တာပါ။ ပရိုဂရမ်မင်းကို မသင်ပဲနဲ့ ပရိုဂရမ်းမင်းရဲ့သဘောတရားတွေကို သင်ပါတယ်။ နည်းနည်းလေးအရှိန်ရလာမှ C ကို ပြောင်းပေးပါတယ်။

စတုတ္ထအချက်မှာ အရေးအကြီးဆုံးအချက်က application ကို မသင်ပါနဲ့ application ရဲ့ နောက်ကွယ်က အကြောင်းတွေကို သင်ပါ။ ဒါမှ သီအိုရီကိုသိပြီး လက်တွေ့မှာ ကြိုက်တဲ့ application လာ၊ ကြိုက်တဲ့ Programming language လာ။ အလွယ်တကူ လေ့လာနိုင်ပါတယ်။ လူတစ်ယောက်ရှိတယ်။ အသက်က ၂၀ကျော်ရုံပဲ။ Programming Language ၁၁မျိုးလောက်တတ်တယ်။ ဘယ်လိုသင်ခဲ့တယ်ထင်သလဲ။ အပေါ်ကနည်းနဲ့ပဲ သင်တာပါ။ နောက်ကွယ်က သီအိုရီနဲ့ ဒီ Language တွေကို ဖွဲ့စည်းထားတဲ့ ရှစ်လီစိတ်တို့၊ ASCII ကုဒ်တို့၊ ဗိုလီယမ်တို့ကိုသိရင် ဘယ်လို language မဆိုအလွယ်လေးပဲ။

ပဉ္စမအချက်ကတော့ အပေါ်မှာပြောခဲ့တဲ့ ကွန်ပျူတာအသုံးပြုပုံလေးမျိုးကို မျှတအောင်လုပ်ပေးပါ။ ကွန်ပျူတာကို ဆရာကြီးပဲ ငါတို့သိချင်တာ အားလုံးသိခွင့်ရနိုင်တဲ့ပစ္စည်းကြီးလို့ တရားသေကြီးလည်း စွဲမသွားစေပါနဲ့။ ဂိမ်းချည်းပဲ တစ်ချိန်လုံးဆော့နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ သူတို့ရဲ့အသက်ကငယ်သေးလို့ စောစောက အသုံးပြုပုံလေးမျိုးထဲက တစ်မျိုးမျိုးမှာ အားသာနေတာမျိုး ရှိနေနိုင်ပါတယ်။ အဲဒါကို ပြင်ပေးပါ။

ဥပမာ ကျွန်တော်ဆို Programming ဖက်မှာ အရမ်းအားသာသွားတယ်။ Programming မှ Programming ပဲ။  အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့ ကိုယ့်အသက်နဲ့ ကိုယ့်ဥာဏ်ရည်နဲ့ မတန်တဲ့အရာတွေကို ဇွတ်တရွတ်လေ့လာဖြစ်သွားတယ်။ စောစောက JavaScript လိုမျိုးပေါ့။ အဲဒီတော့ ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ အဲဒီအချိန်ကတော့ သိတော့သိသွားတယ်။ ဒါပေမယ့် စေ့စေငှငှမသိဘူး ဖြစ်သွားတယ်။ နောက်ပိုင်းမှာ အများကြီး ပြန်လေ့လာယူရတယ်။ ပိုလည်းခက်ခဲသွားတယ်။

အဲဒီတော့ တစ်ခုခုဆို သူ့ဟာနဲ့သူ သူ့အဆင့်နဲ့သူ သွားတာအကောင်းဆုံးပဲ။ ကိုယ့်အတွက် ပညာရှင်တစ်ယောက်လိုလည်း အသုံးပြုပါ။ ကိုယ့်အလုပ်တွေကို  မြန်ဆန်အောင် ဆောင်ရွက်ပေးမယ့် လုပ်ဖော်ကိုင်ဖက်လိုလည်း သဘောထားပါ။ ကိုယ့်အတွက် ဖျော်ဖြေရေးဖြစ်စေမယ့် အရာတစ်ခုလို့လည်း မြင်ပါ။ ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိုင်ဒီယာတွေကို ပုံဖော်နိုင်တဲ့ အရာတစ်ခုအဖြစ်လည်း မြင်ကြည့်တတ်ပါစေ။

နောက်ဆုံးတစ်ခုကို ပြောပါမယ်။ ပျော်ပါစေ စိတ်မပျက်ပါနဲ့ လူတိုင်း ဒီလိုပါပဲ ဇွဲရှိပါ။ အမြဲတမ်း ကျွန်တော့်ဆီမှာ စာသင်တဲ့သူတွေကို ပြောဖူးတဲ့ ကိုယ်တွေ့လေးကို ပြောချင်ပါတယ်။ ကျွန်တော် Java ကို စသင်တော့ စာအုပ်တစ်အုပ်ဝယ်ဖတ်တယ်။ Java 2 in 21 Days ဆိုတာ။ အဲဒီအထဲမှာ Lession ဖိုင်တွေပါတယ်။ CD နဲ့လာတယ်။ အဲဒီ CD ထဲက ပထမဦးဆုံးပရိုဂရမ်ဖြစ်တဲ့ Hello World program လေးကို run ကြည့်တယ်။ ရသွားတယ်။

Hello World program ဆိုတာ Programming Language အသစ်တစ်ခုကို စသင်ရင် Old School နည်းစနစ်အရ ပထမဦးဆုံးစပြီးသင်ရတဲ့ Program ပဲ။ beginner level Programming စာအုပ်တော်တော်များများကို ဖတ်ကြည့်ရင် Hello World နဲ့စတာများတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစနစ်ကို မကြိုက်ဖူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ကျွန်တော်ကိုယ်တိုင် သူများတွေ ပြန်သင်ပေးတော့လည်း ဒီနည်းပဲသုံးရတယ်။ programming language တစ်ခုရဲ့ ခက်ခဲနက်နဲမှုကို တိုင်းချင်ရင်လည်း ဒီ program နဲ့ပဲတိုင်းရတယ်။ အတိအကျတော့မမှန်ဘူးပေါ့။ ဒါပေမယ့်လည်း အလွယ်ဆုံးက ဒါပဲရှိတာကိုး။ နောက်ပြီးတော့ programming language တစ်ခုရဲ့ နမူနာကို ပြချင်ရင်လည်းသူနဲ့ပဲပြပေးတယ်။ ထားတော့။

အဲဒါနဲ့ ကျွန်တော်လည်း စာအုပ်ကိုဖတ်ပြီးတော့ notepad ထဲမှာ ကိုယ့်ဟာကိုယ် သူ့စာအုပ်မှာရေးထားတဲ့အတိုင်း ပြန်ကူးပြီး ရိုက်တယ်။ Program ကို run တယ်။ မရဘူး။ error ချည်းပဲတတ်လာနေတယ်။ တစ်နေကုန် အဲဒီတစ်ခုထဲပဲ လုပ်တယ်။ ပြန်ဖျက်ပြန်ရိုက်နဲ့။ သူ့CD ကဟာကို run တော့ရတယ်။ ကိုယ့်ဟာကိုယ် ပြန်ရိုက်တော့မရဘူး။ အဲဒီမှာ programmer ရဲ့ ဥာဉ်ပေါ်လာတယ်။ စစဉ်းစားတယ်။ သူ့ဟာကို run တော့ရတယ်။ အဲဒါဆိုရင် အမှားက တိုက်ပိုပဲ။ စာလုံးပေါင်းအမှားပဲ ဖြစ်ရတော့မယ်။ ဘယ်စာလုံးပေါင်းမှားနေလဲ။ program က အလွတ်နီးပါးရနေပြီ ရိုက်ရလွန်းလို့။

အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့ system.println ဆိုတာသွားတွေ့တယ်။ typewritter font မှာ စာလုံးအကြီး I နဲ့ စာလုံးအသေး l နဲ့က တော်တော်ဆင်တယ်။ ကျွန်တော်က တစ်ချိန်လုံး အိုင်အန် ဆိုပြီးတော့ရိုက်နေတာ။ system ထဲကို input လုပ်ရမယ်ထင်ပြီးတော့။ အမှန်က လိုင်းအသစ်တစ်ခုပြပေးပါဆိုပြီးတော့ system.println ဆိုပြီး Line ရဲ့အတိုကောက် အယ်လ်အန်ဆိုပြီး ရေးရမှာ အဲဒီတော့မှ အမှားကို ရှာတွေ့ပြီး ပြင် run လိုက်တော့မှ ဘာမှမဟုတ်ဘူးဗျာ command prompt မှာ Hello World ဆိုပြီး စာလုံးလေးပေါ်လာတယ်။

ပျော်လိုက်တာဗျာ။ ဒီနေ့အထိမမေ့ဘူး အဲဒီ....အပျော်ကို။ အဲဒီအပျော်ကပဲ ရှစ်နှစ်လုံးလုံး ပိုက်ဆံတစ်ပြားမှ မရတာတောင်မှ ပရိုဂရမ်းမင်းကို ချစ်ခင်ဆဲပဲဖြစ်နေအောင် တွန်းအားပေးထားတာ။ ဆရာတစ်ယောက်ယောက်က ပြင်ပေးတာမျိုးမဟုတ်ဘူး။ တကယ့်ပရိုဂရမ်မာစစ်တွေလိုမျိုး ယုတ...္တိကိုစဉ်းစားတယ်။ ပြီးတော့ အမှားရှာတယ်။ ပြင်တယ်။ အဲဒီအဆင့်ဟာ ပရိုဂရမ်မာတစ်ယောက်မှာ မရှိမဖြစ်အရည်အချင်းပဲ။ တစ်နေ့ကုန်ပင်ပန်းရတာ တကယ်တန်တယ်။

program run သွားတာက အပျော်မဟုတ်ဘူး။ မ run run အောင်လုပ်လို့ရတယ်။ အဲဒီအမှားကို ဇွဲရှိရှိနဲ့ ယုတ္တိကျကျ စဉ်းစားပြီး တွေ့အောင်ရှာတာ ပညာပဲ။ အဲဒါကြောင့်မို့လို့ ဒီနောက်ဆုံးအချက်ရဲ့ အရေးအကြီးဆုံး point က၊ ဇွဲရှိပါ၊ စိတ်မပျက်ပါနဲ့။ နောက်ဆုံး အောင်မြင်သွားတဲ့အချိန်မှာ ကိုယ်တိုင်ကြိုးစားပြီး ကျော်လွှားခဲ့တဲ့ အခက်အခဲအတွက် ဂုဏ်ယူတတ်ပါစေဆိုတာပါ။

ပရိုဂရမ်မာဘဝမှာ အမှားတွေက ကမ္ဘာပေါ်မှာရှိရှိသမျှလူတွေရဲ့ ပျမ်းမျှအမှားတွေထက် ဘယ်တော့မဆိုပိုတယ်။ ပရိုဂရမ်မာတွေဟာ အမှားတွေကို အလုပ်တတ်ဆုံးသူတွေပဲ။ ပရိုဂရမ်းမင်းသမားတစ်ယောက်ရဲ့ ပထမဦးဆုံး ၆လလောက်က အဲဒီလိုအမှားတွေနဲ့ (အထူးသဖြင့်တော့ စာလုံးပေါင်းတွေပေါ့ Compiler တွေက ကျောင်းက ဂရမ်မာဆရာလိုပဲ အမှားနည်းနည်းလေးမှ သည်းမခံဘူး) နပန်းလုံးနေရတာပဲ။ နောက်တော့တဖြည်းဖြည်းနဲ့ ပရိုဂရမ်တစ်ပိုဒ်ကို မြင်လိုက်ရင် complier မလိုဘူး စိတ်တွက်နဲ့တင် အဖြေထွက်အောင်တွက်တတ်သွားမယ်။

အဲဒီလိုဖြစ်ဖို့က သုံးနှစ်လောက်အချိန်ယူတယ်။ တကယ့် ပရိုဖြစ်ဖို့က အနှစ်နှစ်ဆယ်လောက်အချိန်ယူတယ်။ အဲဒီတော့မှပဲ ပရိုအဆင့်ပရိုဂရမ်မာဖြစ်နိုင်တာ။ အဲဒါကြောင့် စိတ်ရှည်ပါ။ မိဘတွေအနေနဲ့ရော ကလေးတွေအနေနဲ့ပါ စိတ်ရှည်ဖို့လိုတယ်။ မက်အန်ဒါဆင်းလိုလူမျိုး( internet explorer ရဲ့ ဖခင်ကြီးပါ) ဆိုရင် သုံးရက်လောက်မအိပ်တမ်း ကုဒ်တွေထိုင်ရေးတတ်တဲ့သူလို့ကြားဖူးပါတယ်။

IT ပညာရှင်တွေ လျှောက်ခဲ့တဲ့ ခရီးကြမ်းကြီးက အရှည်ကြီးပါ။ ကျွန်တော်တို့က သူတို့တွေဖြစ်ပြီးတော့မှ မြင်ရလို့ အားကျရတာပါ။ တကယ်ဆိုသူတို့ရဲ့ ဇွဲလုံ့လက မသေးပါဘူး။ ကဲ...မိဘတွေအနေနဲ့က ကိုယ့်သားသမီးကို IT ပညာရှင်တွေဖြစ်စေချင်တယ်၊ ဒါမှမဟုတ် IT ကို အသုံးချပြီး သူတို့လေးတွေရဲ့ ဘဝကို အောင်မြင်စေချင်တယ်ဆိုရင် အချိန်ပေးရမယ်၊ စိတ်ရှည်ရမယ်၊ ကိုယ်ဖြစ်စေချင်သလို လုပ်လို့မရဘူး၊ တဖြေးဖြေးချင်း တိုးတက်မှုတွေဖြစ်လာအောင် လုပ်ယူရမယ်၊ သင်တန်းတွေ၊ ကျောင်းတွေကိုချည်းပဲ အားကိုးနေလို့မရဘူးဆိုတဲ့ အခက်အခဲတွေကို ကျော်လွှားရမယ်ဆိုတာကို သဘောပေါက်ပြီနဲ့တူပါတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တန်ပါတယ်။ Hello World လို့ မြင်လိုက်ရတဲ့အချိန်မှာ ရတဲ့အပျော်တစ်ခုနဲ့တင်တန်ပါတယ်။

Source: Poe C
23 February 2011 at 11:22

ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ညီ Poe C ရဲ့ဆောင်းပါးလေးပါ။ IT For Kids လို့သာ ခေါင်းစဉ်ပေးထားပေမယ့် ကွန်ပျုတာကို စိတ်ဝင်စားသူတွေအတွက် သင့်တော်မည့် ဆောင်းပါးတစ်ပုဒ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာကို ချစ်သူထက်တောင် ပိုမိုချစ်မြတ်နိုးလွန်းလို့ မအိပ်မစား နေ့စဉ်နဲ့အမျှ ကွန်ပျူတာရှေ့ထိုင်ပြီး ပရိုဂရမ်တွေနဲ့ ဖက်တွယ်နဗန်းလုံးနေကြတာပါ။ အကျိုးအမြတ်ကြောင့်မဟုတ်ပဲ ရလာဒ်ကိုသာ မက်မောဖက်တွယ်နေတာပါ။ လိုချင်တတ်ချင်တဲ့ စိတ်တစ်ခုထဲမွေးမြူရင်း မြန်မာအိုင်တီလောကကြီးပေါ်မှာ အကျိုးပြု အိုင်တီသားကောင်လေးတွေ ဖြစ်ကြပါစေလို့......

8 comments :

  1. ကကြီး၊ခခွေး အိုင်တီ ဆိုပေမယ့် ကျွန်တော် မသိတာတွေ အများကြီးပဲခင်ဗျ။ အခုလို ရှင်းပြတာ ကျေးဇူးပါခင်ဗျ။ ဒီလို ပိုစ်လေးတွေ မျှော်လင့်လျှက်

    ReplyDelete
  2. လာဖတ်သွားပါတယ် ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  3. ဆောင်းပါးလေးကအရမ်းကောင်းတယ် ကိုချမ်းရေ...
    မသိတာတွေကအများကြီးပဲ
    နိုင်သလောက်တော့ကြိုးစားကြည့်ရမှာပဲ
    ကိုချမ်းလဲကျမ်းမာရေးဂရုစိုက်နော်.....
    ခင်မင်လျှက်......

    ReplyDelete
  4. ကိုချမ်းအဖြစ်နဲ့ ဦးဇင်းအဖြစ်က တူနေပါလားနော်၊ မျက်ကြောတွေကိုက်တယ်ဗျ၊ ကိုချမ်းဆောင်းပါးကို ဖတ်ပြီးတော့ ဟိုး...တုန်းက ဆိုင်ကို ကျသင့်ငွေ နှစ်ရာပေးပြီး Gmail လုပ်ခိုင်းခဲ့ဖူးတာလေးကို ပြန်သတိရမိတယ်၊ ကိုချမ်း ခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတာ ကျေးဇူးတင်တယ်နော်၊ ရွှင်လန်းချမ်းမြေ့ပါစေဗျာ...

    ReplyDelete
  5. အကိုရေ...ဖတ်သွားတယ်နော်
    မသိသေးတာလေးတွေအများကြိးသိရတဲ့အတွက်ကျေးဇူးပါ။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)March 7, 2011 at 2:19 PM

    ကွန်ပျူတာသမားတွေ သိထားသင့်တဲ့အချက်တွေပါဘဲ
    ဖော်ပြပေးတာ ကျေးဇူးကိုချမ်းရေ
    သင်တန်းတက်ပြီး အိမ်မှာစက်မရှိလို့ သင်သမျှအကုန်မေ့ပြီး
    သင်တန်းကိုထပ်ခါထပ်ခါ လုပ်ကျွေးနေတဲ့သူတွေ သူငယ်ချင်းတွေထဲမှာလည်း ရှိပါ့။

    ReplyDelete
  7. မသိသေးတာလေးတွေကို သိအောင်ဒီဆောင်းပါးလေးက ဖော်ပြပေးတဲ့အတွက် ဆောင်းပါးရှင်ကို ကျေးဇူးအထူးတင်ပါတယ်...နောက်လည်းဒီလိုဆောင်းပါးမျိုးတွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်....

    ReplyDelete
  8. ဒီဆောင်းပါးလေးရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်......
    ဗဟုသုတအများကြီးရလိုက်ပါတယ်..
    နောက်နောင်လည်း...ရေးပေးပါအုံး အစ်ကိုရေ...
    အားပေးနေပါတယ်...

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...