Tuesday, December 8, 2009

နေဝင်ချိန် ဇရာအို၏စိတ်ကူး


အချစ်
စတင်ပေါက်ဖွားရာမှသည် ခိုင်မာသော သစ္စာဖြင့် ယှက်နွယ်ရင်း တွဲလက်တွေခိုင်မြဲဖို့ဆိုတာ အလွန်တရာမှ ခက်ခဲပါသည်။အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ စိတ်သဘောထား ကွဲလွဲသွားကြတဲ့ အတွဲတွေ ကမ္ဘာမြေမှာ ထုနဲ့ထေး။ ကွယ်ဝှက်နေတဲ့ သံယောဇဉ်အမျှင်ကြောင့် ရတုအဆက်ဆက် ဖြတ်သန်းလာခဲ့ကြတဲ့ နေဝင်ခါနီး ဇရာအိုမောင်နှံတွေကလည်း သိန်းနဲ့သန်း။အိုမင်းမှုရဲ့ နောက်ဆက်တွဲရလာဒ်က ဇရာအိုရဲ့ သူငယ်ပြန်စိတ်ကူးလေးတွေပါ။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ဒီဇင်ဘာ ဆောင်းတွင်းရက်စွဲ အချို့မှာပေါ့။ နှင်းမှုန်တွေ ပြေးကပ်လာတဲ့ ပြတင်းပေါက်မှ အပြင်သို့ ငေးရင်း သိုးဆောင်းဘိုးဘိုးတစ်ယောက် မနက်ဖြန် မင်္ဂလာသက် နှစ်ငါးဆယ် ရွှေရတုကို တွေးရင်း ပျော်နေမိသည်။ထိုလာမည့်နေ့သည် သူအတွက် ပျော်စရာလဲ ကောင်းနိုင်သည်။ရင်ခုန်စရာလဲ ဖြစ်နိုင်သည်။ကြည်နူးစရာလဲ ဖြစ်တန်ချေရှိသည်။ စိတ်ပျက်ညီးငွေ့ဖွယ် မရှိမှာတော့ အမှန်ပေ။

နှစ်တို့၏ သဘောသည် တရွေ့ရွေ့ကုန်ဆုံး လွင့်ပါးလာသလို သိုးဆောင်းဘိုးဘိုး၏
အသက်လဲ တစ်ဖြေးဖြေး ယိုင်နဲ့လာသည်။အသက် ခုနှစ်ဆယ်တန်း သိုးဆောင်းဘိုးဘိုးအတွက် အရာရာသည် အားအင်ချည့်နဲ့လာသည်။သို့ပေမယ်
မနက်ဖြန်ကား ဘိုးဘိုးအတွက် ငယ်မူပြန် အောက်မေ့ဖွယ်ရာ ငယ်ဘဝအရိပ်တွေ
ထင်ဟပ်စေလာနိုင်သည်။

သားသမီးတွေ အတောင်စုံ၍ သီးခြားခွဲထွက်ကာ နေရစ်ခဲ့သူ သူ့အတွက် ထိုအချင်းအရာသည် နှမြောစရာ နတ္ထိ။ လွမ်းဆွတ်မှု ဗလာအတိပေမယ့် ရွှေရတုကို
သိုးဆောင်းဘွားဘွားနှင့် ပျော်ရွှင်စွာ မဖြတ်သန်းရမှာကိုတော့ စိုးရိမ်မိသည်။
ကျန်ရစ်ခဲ့ကြသော သက်ငယ်အနမ်းများနုနုရွရွ မေတ္တာစကားများမဟောင်းနွမ်းသော အကြင်နာများပျိုမြစ်တဲ့ ဂရုဏာများကို စမြုံပြန်နေသည်။

သိုးဆောင်းဘိုးဘိုးက အရင်နှစ်ဟောင်းက ကျင်းပခဲ့သော မင်္ဂလာရက်တွေနဲ့မတူသော အသွင်ဆန်းမည့် ရွှေရတုကို နေဝင်တော့မည့် ဇရာအို သူတို့မောင်နှံအတွက် အလွမ်းတွေကျန်ရစ်အောင် ဖြတ်သန်းချင်မိသည်။ သူတို့နှစ်ဦးရဲ့ ရည်းစားဦးကာလ ရင်ခုန်ခဲ့ရာ ပန်းခြံထဲမှ ခုံတန်းလေးမှာ ဖြတ်သန်းချင်မိသည်။

ဒီနှစ်ဆောင်းသည် ခါတိုင်းဆောင်းများနှင့် ကွဲလွဲစွာ နှင်းထူထပ်မှုမရှိခြင်းက သူ့အတွက် ဘုရားသခင်ပေးသော ရွှေရတုလက်ဆောင် ဖြစ်လေသည်။ ဒီရွှေရတုကိုလဲ ပုံမှန်သားသမီးတွေကို လှမ်းဖိတ်နေကြ။သူတို့တွေကပဲ သိုးဆောင်းဘိုးဘွား မောင်နှံအတွက် နှစ်စဉ် မင်္ဂလာနှစ်ပတ်လည်ပွဲများ ဖန်တီးကာလက်ဆောင်ပေးနေကြ ဖြစ်သော်လည်း ထိုအစဉ်အလာကို သိုးဆောင်းဘိုးဘိုး ညီးငွေ့လာသည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

" အချစ်ရေ၊ မနက်ဖြန် မင်းနဲ့တို့ ငယ်ငယ်က တွေ့နေကြ ခုံတန်းလေးမှာ တွေ့ရင်း တို့ရွှေရတုကို အမှတ်တရ ဖြတ်သန်းရအောင်ကွာ။အဲဒီမှာ နေခင်းတွေ့ပြီး ညမှ ညစာစားပွဲ လုပ်ကြတာပေါ့။ငါလဲ ငယ်ငယ်ကလို အဝတ်သစ်တွေဝတ်ပြီး စောင့်နေမယ်။ မင်းလဲ ငယ်ငယ်ကလို ပြင်ဆင်ပြီး လာခဲ့လေ။"

"ဒါဆို ကျမက ရှင်နဲ့စတွေခါစ ၁၆နှစ်သမီးတုန်းကလို ပြင်လာရမှာပေါ့။ဟုတ်လား။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

ရွေရတုနေ့ရောက်တော့ သိုးဆောင်းဘိုးဘိုးက သူစီစဉ်ထားတဲ့ အတိုင်း ၁၆နှစ်သားတုန်းကလို ရှိုးစမိုးနှင့် ပြင်ဆင်ပြီး သက္ကလတ်အနွေးထည်ကြီးခြုံကာ
ပန်းခြံထဲသို့ နေ့လည်လောက်မှာ ထွက်လာခဲ့တယ်။ဘွားဘွားကတော့ မိန်းမသဘာဝ
ငယ်ငယ်ကလို ပြင်ဆင်နေရဦးမှာဆိုတော့ နောက်မှ လိုက်လာလိမ့်မည်။ပန်းခြံထဲက ခုံတန်းလေးမှာ ထိုင်ရင်း ရည်းစားဦးဘဝ စတွေ့ခဲ့ကြစဉ်က ပေးနေကြ ပန်းစည်းလေးကို လက်ထဲကိုင်ကာ စိတ်ရှည်စွာ ဘွားဘွားကို မျှော်နေမိသည်။

ဤနေရာလေးမှာပဲ သူတို့ အကြင်နာတွေ ဝေမျှခဲ့သည်။ဘဝမှာ လက်တွဲပြီး အရာရာကို ရင်ဆိုင်ဖို့ သန္ဓိဌာန်တွေချခဲ့ကြသည်။သူတို့ဘဝရဲ့ တစိတ်တဒေသ ဒီနေရာလေးကို ပြန်လည်ရောက်လာပြန်တော့ ကုန်လွန်သွားတဲ့ အိမ်မက်တွေ ရှင်သန်လာသလိုပင် ခံစားရသည်။နေ့အလင်းရောင်တို့ ကုန်ဆုံးစပြုလာသော်လဲ သိုးဆောင်းဘွားဘွား မရောက်လာခဲ့ပေ။ရွှေရတုကာလလည်း တဖြေးဖြေး ကုန်ဆုံးလာခါနီး၍ သိုးဆောင်းဘိုးဘိုးလဲ သို့လောသို့လော အတွေးများဖြင့် အိမ်သို့ပြန်လာခဲ့သည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

သိုးဆောင်းဘိုးဘိုး အိမ်ရှေ့အရောက်တွင် အိမ်အဝမှာ ငယ်စဉ် ၁၆နှစ်သမီးတုန်းကလို ပြင်ဆင်ထိုင်စောင့်နေသည့် ဘွားဘွားကိုတွေ့တော့

"မင်း ဘာလို့ ချိန်းထားတဲ့နေရာကို ရောက်မလာတာလဲ။"

ဘွားဘွားက နှုတ်ခမ်းနီရဲရဲများ ဆိုးထားသော နှုတ်ခမ်းစူစူဖြင့် ငယ်တုန်းကလို
ချွဲနွဲ့ပြောလိုက်သည်။

"မေမေဆူမှာ စိုးလို့ပါ ကိုကို။"

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

✍ ဖတ်ခဲ့ဘူးတဲ့ အင်္ဂလိပ်ဟာသလေးကို အခြေပြုရင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကျွန်တော့် ဘိုးဘိုးနဲ့ ဘွားဘွားတို့ရဲ့ မဖြတ်သန်းနိုင်ခဲ့ရတဲ့ သူတို့ရဲ့ ရွှေရတုလေးကို အမှတ်ရစွာဖြင့် ရေးချယ်သီကုံးလိုက်ပါတယ်။လွမ်းဆွေးမှုတို့ကို ပြုံးပျော်ရယ်မောခြင်းဖြင့် အဆုံးသတ်နိုင်ကြပါစေ။

ဆက်လက်ကြိုးစားပါဦးမည်။

19 comments :

  1. တစ်သက်တာ ခိုင်မြဲတဲ့ ချစ်ခြင်းတရားများကို လေးစားပါတယ်...

    ReplyDelete
  2. နှေင်းနေဖြစ်ခဲ့လည်း အကြောင်းတွေ သစ်တဲ့ မခွဲ..
    မြဲခိုင်တဲ့ သစ္စာ တွေ ရင်မှာဝေလို့
    ကြင်နာလေကြတဲ့ အပင်အိုများရဲ့ ပွင့်လန်းခြင်း ပန်းအလှတွေ အကြောင်းကို ခံစားသွားပါတယ်
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  3. အဖွဲ့နွဲ့လေးတွေကောင်းတယ်အစ်ကိုရာ
    ဘိုးဘိုးအိမ်အပြင်မှာ တချက်စိတ်ပူသွားတယ်
    တော်သေးတာပေါ့ ဘွားဘွားက“မေမေဆူမှစိုးလို့ပါ”ဆို
    မှ ပြုံးမိတယ်ဗျား)

    ReplyDelete
  4. ကိုချမ်းရေ...
    ကြည်နူးစရာလေးကို ခံစားမိလိုက်တယ်...။
    ဖွားဖွားက မေမေဆူမှာစိုးလို့ ဆိုပြီးပြောလိုက်တဲ့နေရာလေးမှာ ကျွန်တော်လည်း ကိုဘကြိုင်လိုပဲ ပြုံးမိတယ်...။
    ဖတ်ရတာ ကောင်းတယ်...။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  5. မေမေ ဆူမှာ ဆိုလို့တဲ့လား ဘွားဘွားရယ်း) ဟီး

    ReplyDelete
  6. ပြန်ဖေါ်ပြပေးတဲ့ အကြံအစည် ကောင်းတယ်။ စိတ်ပျိုကိုယ်နု ဖြစ်လိမ့်မယ်။ အသက်ကြီးတဲ့ အချိန်မှာ အတူတူနေတဲ့ အဖိုးကြီး အဖွားကြီး စုံတွဲတွေက ခွဲနေသူတွေထက် ပိုပြီး ကျန်းမာကြတယ်လို့ သုတေသနတခုမှာ ဖတ်ဖူးတယ်။

    ReplyDelete
  7. ကိုချမ်း ဟိုမှာပြောနေတယ်။ မေမေဆူလိမ်.မယ်တဲ.။ :)

    ReplyDelete
  8. အင်းလေ..ဆုံးအောင် မဖတ်ပဲ အဘွားများ တခုခုဖြစ်သလားဆိုပြီး တွေးလိုက်တာ :) မေမေ ဆူမှာစိုးလို့နဲ့တွေ့သွားတယ်။ ကောင်းတယ် ကိုချမ်းရေ

    ReplyDelete
  9. နောက်ဆုံးတကြောင်းထဲနဲ့ နှစ်သက်စဖွယ် ပြုံးရယ်ရအောင် လုပ်သွားနိင်တယ်..။

    သဘောကျမိတာ အမှန်ပဲ

    ReplyDelete
  10. သိုးဆောင်းဘိုးဘိုးကြီးချမ်းရေ

    မေမေဆူမှာစိုးလို့ ဘလော့မလည်တာ ကြာပီ..

    ခုမှ လာပြုံးသွားတယ်...

    မနှင်း

    ReplyDelete
  11. ကိုချမ်းရေ ...
    ဖွားဖွားကြီး မရောက်လာလို့ ဘိုးဘိုးကြီး အတွက် စိတ်ပူသွားတာ တော်သေးတာပေါ့ ... “မေမေ ဆူမှာ စိုးလို့ ” ဆိုလို့ ....

    ReplyDelete
  12. ကိုချမ်း

    အဆုံးသတ်လေးမှာ ပြုံးရုံတင်မဟုတ်ဘူး...
    အသံထွက်ပါရီလိုက်မိတာ...
    ကြည်နူးစရာလေးနော် ... အစ်ကို

    ReplyDelete
  13. အဆုံးသတ်မှာ တစ်ချက်ပြုံးလိုက်မိပေမဲ့  တစ်ချိန်
    ထဲမှာ စိတ်မကောင်းဖြစ်သွားရတယ်အစ်ကိုရာ
    အတိတ်က အရိပ်လှလှလေးတွေကို ချစ်သူတိုင်းတန်
    ဖိုးကြီးကြီး ထားနိုင်ကြပါစေဗျာ . . .

    ReplyDelete
  14. ကြည်နူးစွာနဲ့ပြုံးမိပါတယ်ကိုချမ်းရေ။

    ReplyDelete
  15.ုပြုံးမလို့လုပ်ပြီးမှ အဆုံးသတ်ရေးထားတဲ့စာဖတ်ပြီး စိတ်မကောင်းဖြစ်သွားရတယ်...

    ReplyDelete
  16. နောက်ဆုံးတစ်ကြောင်းတည်းနဲ့ပြုံးအောင် လုပ်နိုင်ပေမယ့် အောက်က စာကြောင့်မပြုံးဖြစ်တော့ပါ လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြသည်ပဲဖြစ်သည်

    ReplyDelete
  17. ကြည်နူးလွမ်းဆွတ်ဖွယ်လေးနော်....

    ReplyDelete
  18. သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။

    update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
    တေလေများ

    ReplyDelete
  19. သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
    သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့
    တင်ပြဟန်ကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့
    http://taylaydoeyethmatthan.ning.com/
    မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့
    မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrence
    လုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်
    နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence
    ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
    ဗဟုသုတနှင့်ရသ
    ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက
်နားလည်စေချင်ပါသည်။


    update ဖြစ်သောpostများကိုလည်း
    taylaymin@gmail.com
    သို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည
်ခင်ဗျာ။
    တေလေများ

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...